Chapter 12
သက်ဆုံးတိုင်
အပိုင်း (၁၂)
မင်းခန့်ပိုင်တို့ မနေ့က စာမေးပွဲပြီးလေပြီ။ သည်အတောအတွင်း စာကိုအာရုံစိုက်နေရ၍ တွေ့ရခဲခဲ့သည့်မျက်နှာကလေးအားတွေ့ချင်လှသည်ဖြစ်ရာ ရှင်းသန့်ကျူရှင်မှပြန်လာမည့်အချိန်အား အိမ်ရှေ့အုတ်ခုံတွင်ထိုင်ကာ အသင့်စောင့်လို့နေသည်။
မင်းခန့်မှာ ရင်ခုန်တတ်စလူပျိုပေါက်လေးလို ခံစားနေရ၏။ ရင်တလှပ်လှပ် တဒိတ်ဒိတ်ပင်။
အေးစက်စက်နိုင်ကာ ငြိမ်သက်လှသည့် ကောင်ကလေးတစ်ယောက်ကိုချစ်မိ၍ အချင်းချင်းမတွေ့,တွေ့လေအောင် သူဖန်တီးခဲ့ရပေါင်းမနည်း။ နေ့စဉ် ကျူရှင်အသွားအပြန်နှင့် ကျောင်းသွားကျောင်းပြန်ချိန်မှအစ ဈေးဆိုင်တွင် မည်သည့်အချိန်ထိုင်တတ်သည်မှအဆုံး သူအသေးစိတ်လေ့လာခဲ့ရသည်။ နောက်ဆုံးတွင် သူ့ကြိုးစားအားထုတ်မှုတွေ အရာရောက်လာခဲ့လေပြီ။ အပြုံးခပ်ရေးရေးဖြင့် ရှင်းသန့်နှုတ်ခမ်းဖျားမှ သူ့အား ‘ ကိုကြီးမင်းခန့်’ ဟု အေးမြသည့်အသံနှင့် ခေါ်လာခဲ့ပြီ။ လူချင်းတွေ့လျှင် အေးချမ်းသည့်အပြုံးကလေး ပြုံးပြတတ်လာခဲ့ပြီ။ တိုးတက်သည်ဟု မဆိုနိုင်လှသည့် သည်ဆက်ဆံရေးလေးကိုပင် မင်းခန့်မှာ တန်ဖိုးထား ကျေနပ်ရသည်။
ရှင်းသန့် ကျူရှင်မှပြန်လာမည့်လမ်းဘက်သို့ မင်းခန့်မှာ တမျှော်မျှော်။
” ဟင်…”
မျှော်နေသူလေးအား ခပ်ဝေးဝေးမှာ မြင်နေရပြီဖြစ်သော်လည်း တစ်ဉီးတည်းမဟုတ်၍ မင်းခန့် မျက်မှောင်ကြုတ်သွား၏။ ဆတ်ခနဲ မတ်တတ်ထရပ်မိပြီးကာမှ ဣန္ဒြေထိန်းသည့်အနေဖြင့် တစ်ယောက်တည်း ချောင်းဟန့်ကာ ပုံမှန်လိုပင် ပြန်ထိုင်ရသည်။ တကူးတကစောင့်နေသည်ဟု မထင်ရလေအောင် ဆွဲယူလာသည့်စာအုပ်ကလေးအား ဟိုလှန်သည်လှန်လုပ်နေလိုက်သေး၏။
တဖြည်းဖြည်းနှင့် သူတို့အိမ်ရှေ့သို့ရောက်တော့မည့်ရှင်းသန့်မှာ ဘေးနားမှသူငယ်ချင်းဖြစ်ပုံရသူနှင့် ရယ်ရယ်မောမောစကားပြောရင်းလျှောက်လာနေသည်ကို မြင်ရသည့်အခါ မင်းခန့်မှာ မထိန်းမသိမ်းနိုင်ပင် ပြုံးစိစိဖြစ်နေတော့သည်။ သူထိုင်နေသည့် အုတ်ခုံလေးဆီရောက်တော့မည်ဖြစ်၍ မင်းခန့်မှာ အသင့်အနေအထားပြင်လိုက်ပြီး…
” ရှင်းသန့်… ကျူရှင်ကပြန်လာပြီလား…”
“ဪ…ကိုကြီးမင်းခန့်။ ဟုတ်ကဲ့ဗျ။ ”
ရှင်းသန့် ခြေစုံရပ်၍ နှုတ်ဆက်သည့်အခါ မင်းခန့်က ရှင်းသန့်ဘေးမှ ကြောင်တောင်တောင်နှင့်လိုက်ရပ်သည့်လွှမ်းနောင်အား မချိပြုံး,ပြုံးပြပြီးနောက်…
” ရှင်းသန့်တို့ ပထမနှစ်ဝက်စာမေးပွဲနီးနေပြီနော်…”
“ဟုတ်တယ်။ ကိုကြီးရော စာမေးပွဲဖြေနိုင်လားဗျ။ ”
သတိတရပင်မေးလာသည့်အခါ မင်းခန့်ရင်ထဲလှပ်ခနဲဖြစ်သွားရင်း နှုတ်ခမ်းထောင့်တို့က မခိုင်းစေပါဘဲနှင့် တွန့်ချိုးသွားတော့၏။
” အင်း…ဖြေနိုင်တယ် ရှင်းသန့်။ ကျေးဇူးပါဗျာ။ ”
” ဒါဆို သွားလိုက်ဦးမယ်ဗျ။ ”
“အင်း…ရှင်းသန့်။ ”
နှုတ်ခမ်းတွန့်ရုံ ပြုံးပြနှုတ်ဆက်သွားသည့် ရှင်းသန့်ကျောပြင်ကိုငေးကျန်ခဲ့ရင်း မင်းခန့်မှာ စာမေးပွဲဖြေစဉ်က ကုန်ဆုံးသွားခဲ့သည့်အားအင်တွေ အပြည့်အဝပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။
အချစ်သည် အားဆေးတစ်မျိုးကဲ့သို့ စွမ်းအားရှိပေသည်။ စင်စစ်မှာ အာဆေးထက်ပင် ပို၍ထိရောက်သည့်စွမ်းအင်များရှိနေတတ်၏။
~~~~~~
မင်းခန့်တစ်ယောက် သက်ပြင်းတချချဖြင့် အိမ်ထဲဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်ကာဗျာများလို့နေသည်။ မြင်ချင်လှသည့်မျက်နှာလေးအား မော်ဖူးဖို့ရာ ရှင်းသန့်တို့ဈေးဆိုင်ကိုသွားချင်သော်လည်း မင်းခန့်မှာ အကြောင်းကိစ္စမရှိဖြစ်နေ၏။
သို့ရာတွင် တွေးတောကြံဆနည်းလမ်းရဆိုသလို
အကြံတစ်ခုတွေးမိ၍ မီးဖိုချောင်ထဲ ခပ်သွက်သွက်ကလေးဝင်သွားတော့သည်။ မီးဖိုချောင်ထဲရောက်သည်နှင့် ဟိုဟိုသည်သည်လျှောက်လှန်လှောနေသည့်မင်းခန့်အား ဒေါ်မြကြည်က ဧည့်ခန်းမှနေ၍ လှမ်းကြည့်လို့နေသည်။
” မေမေ သားတို့တစ်ခုခုဝယ်စရာများမရှိဘူးလားဗျ…”
“ဘယ်လို…”
မင်းခန့်၏ အစအဆုံးမရှိသည့်မေးခွန်းအား ဒေါ်မြကြည် နားမလည်နိုင်စွာတုံ့ပြန်မေးရင်း ထိုင်ရာမှထလာ၏။
” ဪ…သားတို့မှာ လက်ဖက်ခြောက်ကုန်နေတယ်မလား မေမေ။ ”
မင်းခန့်ပိုင် လက်ဖက်ခြောက်ဘူးကိုဖွင့်လျက်သားကိုင်ထားရင်း မျက်နှာကဝင်းလက်လို့နေ၏။ဒေါ်မြကြည်မှာ တွေးဆဆလုပ်ကာဖြင့်..
“အေး ဟုတ်တယ်။ မင်းအဖေ လှမ်းမှာထားတာတော့ သန်ဘက်ခါရမယ်တဲ့။ အဲဒါကြောင့် မေမေလည်းထပ်မဝယ်သေးတာ။ ဟုတ်သားပဲ…ညနေအတွက် လက်ဖက်ခြောက်မရှိသေးဘူးပဲ။ အစ်မခင်မေတို့ဆိုင်မှာ သွားဝယ်ဦးမှပဲ…”
ပြောရင်းနှင့်ဒေါ်ခင်မေလှည့်အထွက်တွင် မင်းခန့် လက်ဖက်ခြောက်ဘူးကို အမြန်ပြန်ဖုံးကာ နေရာတကျထားပြီးနောက် ဒေါ်ခင်မေ့လက်ကို အမြန်ပြေးဆွဲလို့တားထားကာ…
“နေ နေ…မေမေ သားသွားဝယ်လိုက်မယ်။ အေးဆေးဆေးဆေး တီဗွီသာကြည့်နေ ။ သားသွားဝယ်လိုက်မယ်။ တခြားမှာစရာရောရှိသေးလား…”
မင်းခန့်၏အသည်းအသန်နိုင်သည့်အပြုအမူတွေေကြောင့် ဒေါ်မြကြည်က အကြောင်းသိနေသလို တစ်ချက်ပြုံး၏။
” အမယ်လေး…သွား သွား ။သွားတော်မူပါရှင်။ မှာတော်မူစရာလည်းမရှိပါဘူးရှင့်။ ”
“မှန်လှပါ မယ်တော်ဘုရား…”
အမေဖြစ်သူ၏နောက်ပြောင်ပြောဆိုမှုအား အလိုက်သင့်ကလေးပြန်လည်နောက်ပြောင်ကာဖြင့် မင်းခန့် အိမ်ထဲမှ မြန်မြန်လေးထွက်သွားတော့၏။
ဆိုင်သို့ရောက်သည့်အခါ ဆိုင်ထိုင်နေသည့်မြသွေးခြယ်နှင့်အတူ မုန့်စားနေကြသည့် ရှင်းသန့်နှင့် ရှင်းသန့်သူငယ်ချင်းကောင်လေးအား မင်းခန့်တွေ့လိုက်ရသည်။ တွေ့ရခဲသည့်ရှင်းသန့်၏အပြုံးမျက်နှာနှင့်အတူ တက်ကြွသည့်အသွင်အပြင်လေးအား မြင်လိုက်ရသည်ဖြစ်ရာ မင်းခန့်စိတ်ထဲကြည်နူးရသလို အနည်းငယ်တော့ မနာလိုဖြစ်သွား၏။ အမြဲတမ်းတစ်ကိုယ်တည်းနေတတ်သည့်ရှင်းသန့်မှာ သူငယ်ချင်းမရှိဘူးလားဟု မင်းခန့်တွေးဆနေသည်မှာကြာခဲ့ပြီဖြစ်ရာ ယခုလိုမြင်လိုက်ရ၍ ရှင်းသန့်အတွက်စိတ်အေးသည့်ခံစားချက်နှင့်အတူ ရှင်းသန့်အားသက်သောင့်သက်သာရှိစေသည့် ရှင်းသန့်သူငယ်ချင်းအား မနာလိုသည့်စိတ်၊ ကျေးဇူးတင်သည့်စိတ်တို့က ရောယှက်လို့နေသည်။
” ဪ…ကိုကြီးမင်းခန့် စားပါဦး…”
သူ့အား ရှင်းသန့်မှ တကူးတကမေးလာသည်ဖြစ်ရာ မင်းခန့်ခန္ဓာကိုယ်တောင့်တင်းသွားရင်း..
“အာ..အင်း… စား စားပါ ရှင်းသန့်။ ဘာတွေစားနေတာလဲ ။ ”
“ကရင်မုန့်ဟင်းခါး ကိုကြီး…စုပေါင်းရုံး ဆေးရုံလမ်းထဲကလေ အရမ်းစားကောင်းတာ။ ကျွန်တော်တို့မှာတစ်ပွဲရှိသေးတယ်။ စားပါလား။ ”
အစားအသောက်ကြိုက်သူရှင်းသန့်မှာ အားကြိုးမာန်တက်ရှင်းပြရင်းပင် စာဖို့အတင်းခေါ်ကာနေ၏။
” ရပါတယ်ဗျာ။ ကိုကြီး စောနကမှ မုန့်စားထားသေးလို့။ ”
“ဪ…ဟုတ်ကဲ့ဗျ။”
“မြသွေး ငါ့ကို ပလောင်လေးလက်ဖက်ခြောက်တစ်ထုပ်လောက်။ ”
“ဟုတ်ကဲ့ အစ်ကိုမင်းခန့်ရှင့်။ ”
မြသွေးက ပြုံးစိစိနှင့် စနောက်သည့်အခါ မင်းခန့်မှာ ဟိုမုန့်ကိုင်လိုက်၊ သည်မုန့်ကိုင်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေတော့၏။
စိတ်ထဲတွင် ‘ ရှင်းသန့်က ငါ့ကိုမုန့်ကျွေးတယ်။ တကူးတကကိုခေါ်ကျွေးတာ။ စားပါဦးတဲ့ ။ စားပါလားတဲ့။ အရမ်းကို အားတက်သရော ခေါ်ကျွေးတာ ဟီးဟီး ‘ ဟု ဆိုရင်း သွားကိုလည်းကြိတ်ထားသေးသည်။ ရှင်းသန့်ဘက်မှ သူ့အား ဤမျှလောက် အရေးတယူဆက်ဆံခြင်းမှာ ပထမဆုံးဖြစ်၍ မင်းခန့်မှာ ပီတိဖြာလွန်းလို့နေ၏။
” ရပြီ အစ်ကိုမင်းခန့်ရှင့်။ ဘာယူဦးမလဲ။ အသည်းပုံသကြားလုံးလေး ယူဦးမလား။ ”
“မြသွေးရာ အဲဒီလိုကြီးမခေါ်စမ်းပါနဲ့။ သကြားလုံးလည်းမယူဘူး။ ”
ရှင်းသန့်ရှိနေသည်ဖြစ်၍ မြသွေး၏စနောက်မှုအား မင်းခန့်မျက်နှာပူလို့လာသည်။
” ရော့ ပိုက်ဆံ ။ သွားတော့မယ်။ ရှင်းသန့် သွားပြီနော်။ ”
” ဟုတ်ကဲ့ ကိုကြီး ”
မင်းခန့်မှာ မြသွေးလက်ထဲ လက်ဖက်ခြောက်ဖိုးထိုးထည့်ရင်း ရှင်းသန့်ကိုလည်း အရေးတယူနှုတ်ဆက်ပြီးမှ အိမ်သို့ မပြန်ချင့်ပြန်ချင်နှင့် ပြန်သွားတော့၏။
မင်းခန့် လက်ဖက်ခြောက်ထုပ်ကိုဖောက်၍ ဘူးထဲသို့ လက်ဖက်ခြောက်များထည့်နေစဉ် ဒေါ်မြကြည်က အနားသို့ရောက်လာသည်။
” သား… သွားတိုက်ဆေးလည်းကုန်နေတယ်။ သွားဝယ်ပေးပါဦး။ မေမေ မေ့နေတာ ။ ”
ပိုက်ဆံလေးချပေးရင်းဆိုလို့ လှည့်ထွက်သွားသည့်ဒေါ်မြကြည်၏ကျောပြင်အား လိုက်ငေးကြည့်ရင်း မင်းခန့်မှာ ရယ်ချင်ချင်ဖြစ်လာသည်။ မေမေကတော့ မလွယ်လိုက်တာဟုတွေးရင်း မင်းခန့် လက်ဖက်ခြောက်ထည့်ပြီးသည့်နောက် အမေချပေးသွားသည့်ပိုက်ဆံအား ကောက်ယူကာ ရှင်းသန့်တို့ဆိုင်သို့ တစ်ဖန်ထွက်သွားပြန်၏။
” ဟော… ဒီတစ်ခေါက်ရော ဘာဝယ်မလို့လဲရှင့် ”
မြသွေးက ဆီးကြိုကာစနောက်သော်လည်း မင်းခန့်၏အကြည့်နှင့်အာရုံမှာ ပဲနို့ဘူးသောက်နေသည့်ရှင်းသန့်ဆီသို့သာ ပထမဆုံးရောက်သည်။ ပဲနို့ဘူးသောက်ကာ သူငယ်ချင်းနှင့်စကားပြောနေရင်းမှ သူ့ကိုမြင်၍ ပိုက်ကလေးကိုက်ထားလျက်ပင် ရယ်ပြလာသည့်ရှင်းသန့်ကြောင့် မင်းခန့် ပြန်ရယ်ပြလိုက်ရင်း ရင်မောလို့သွားသည်။ ရှင်းသန့်နှင့်ပိုရင်းနှီးလေ ကလေးသဖွယ်ဖြူစင်လွန်းသူအား အရောင်းဆိုးမိသလိုဖြစ်မှာစိုးရိမ်လေဖြစ်နေရာ မင်းခန့်မှာ ချစ်ခြင်းမေတ္တာစည်းတစ်ခုကိုမကျော်နိုင်ဖြစ်နေ၏။ရှင်းသန့်အတွက် အိမ်ရှေ့အိမ်က အလွန်ရင်းနှီးသည့်ကိုကြီးအဖြစ်မှ သူ့ကိုချစ်နှစ်သက်နေသည့်ကိုကြီးအဖြစ်သို့ စည်းမကျော်နိုင်ဘဲ ဘောင်အတွင်းမှာပင် မင်းခန့်ရှိနေရသည်။ ရင်းနှီးသည့်အစ်ကိုဟူသည့်ဘောင်အတွင်းမှာပင် မင်းခန့်ရှိနေရပြီ။
” လာ စာသွားလုပ်မယ်။ ”
” ဟာ မင်းကလည်း ငါမင်းဆီကိုလာတာ စာလုပ်ဖို့မဟုတ်ဘူးလေကွာ ရှင်းသန့်။ ”
” လာစမ်းပါ… စာမေးပွဲကဖြင့် ဖင်ထဲဝင်နေပြီ။ ”
သူငယ်ချင်းဖြစ်သူကို ပွစိပွစိပြောလို့ အိမ်ထဲသို့ဆွဲခေါ်သွားသည့်ရှင်းသန့်အား ပြုံးရိပ်ရိပ်လေးကြည့်နေရင်း မင်းခန့်မှာ ရယ်ရအခက်၊ ငိုရအခက်။ သူကသာတစ်ယောက်တည်း ကြည်နူးလိုက်၊ ကြေကွဲလိုက်ဖြစ်နေရသော်လည်း သူချစ်ရသည့်ဆယ်ကျော်သက်ကောင်လေးမှာဖြင့် စာနှင့်မုန့်အပြင်မသိသည့်ကလေးတစ်ယောက်ဖြစ်နေသည်။ ခက်သည်။ ခက်လှသည်။ မင်းခန့်ပိုင်ဆိုသည့်သူကတော့ ချစ်မေတ္တာများကို ရင်ထဲမှာအတန်ကြာသိမ်းထားရဦးမည်ထင်ပါသည်။
~~~~~
အသည်းကွဲသလို၊ မကွဲသလိုခံစားချက်ကြီးကြောင့် မင်းခန့်တစ်ယောက် ခြံထဲမှာဂီတာတစ်လက်နှင့် စိတ်လွင့်လို့နေသည်။ ဦးခန့်ရှိန်က သူ့သားတော်မောင် ငြိမ်သက်နေ၍ မိန်းမဖြစ်သူကို မေးငေါ့မေးသော် ဒေါ်မြကြည်မှာ နေပါစေဟူသောသဘောဖြင့် ခေါင်းခါရင်းပြုံးပြ၏။
ဂီတာကို ပိုင်နိုင်ကျွမ်းကျင်စွာတီးခတ်တတ်သူမှာ အခုတော့ဖြင့် တတင်တင်တတောင်တောင်သာမြည်သည်အထိ စိတ်လွင့်လို့နေသည်။
” ဖူး…….”
သက်ပြင်းမောများမှုတ်ထုတ်လိုက်ရင်း မင်းခန့် စိတ်တွေကိုစုစည်းလိုက်၏။ လူတစ်ယောက်ကို သဘောတကျချစ်နှစ်သက်မိ၍ သည်လောက်အထိ သူ့စိတ်တွေယိမ်းယိုင်ပြိုလဲရခြင်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ ချစ်ရသူအား ဤမျှလောက်ထည့်စဉ်းစားပေးတတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ထည့်စဉ်းစားပေးလွန်း၍ ရင်မောရသည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်ပေသည်။
မင်းခန့်မှာ လမ်းခုလတ်တွင် ရပ်နေရ၏။ ချစ်စိတ်ကိုမြိုသိပ်ထားဟူသည့်ဘောင်ထဲတွင်နေ,နေရကာ ဖွင့်မပြောလေနှင့်ဟူသောစည်း၏နောက်တွင် မတ်တတ်ရပ်လို့နေရ၏။
သူ့စိတ်၊ သူ့အတွေး၊ သူ့အကြည့်၊ သူ့အာရုံ၊ သူ့အချစ်၊ သူ့မေတ္တာများအား အပိုင်သိမ်းထားသည့်ကလေးငယ်တစ်ယောက်ကို အပိုင်ရချင်စိတ်များအား တစ်ခဏတာဘေးဖယ်လိုက်သည့်အခါ သူ၏လက်ချောင်းများက ဂီတာကြိုးများအပေါ် အလိုအလျောက်ပြေးလွှားလို့သွားကာ သံစဉ်တချို့ထွက်ပေါ်လာခဲ့သည်။
နှုတ်ခမ်းတွန့်ချိုးရုံသာ ခပ်ရေးရေးပြုံးလိုက်ရင်း မင်းခန့် သံစဉ်ခေါ်ရာနောက်သို့ လိုက်သွားလိုက်၏။ သူ့အချစ်၊ သူ့မေတ္တာတွေကို တစ်နည်းတစ်ဖုံနှင့်တော့ ဖွင့်ဟဖို့လိုနေလေပြီ။ ထိုတစ်နည်းတစ်ဖုံဟာ သီချင်းတစ်ပုဒ်သာဖြစ်ပါလိမ့်မည်။
” ကြယ်ပန်းလေးတွေ ပျိုးခဲ့ ×× အို မင်းလေးပန်ဖို့အတွက် ××× ရှိသမျှအချိန်တွေရယ် မင်းအရိပ်များနဲ့ လွင့်ပျောက်သွားဆဲ ××× မင်းတစ်ယောက်သာ ငါ့ရဲ့ ××× ညဉ့်နက်တဲ့အိပ်မက် ××× အချစ်ရဲ့ခေါ်ဆောင်ရာ တစိုက်မတ်မတ်နဲ့ မျောလွင့်ရင်းငါ×× ကမ္ဘာမြေပေါ် နေပျော်ခဲ့ ××× အရာရာငါ ကျေနပ်တယ် ×× ဘဝတစ်ခုကို ပုံဖော်ဖို့အတွက် ×× မင်းရှိမှ ပြည့်စုံနိုင်မယ် ××× အသိစိတ်တွေထဲ ရေး ရေး ××× အိပ်မက်တွေတိုင်းမှာ မင်းပဲ ×× ရွှေမှုန်တွေကြဲ ဖန်သားနန်းတော်လေးထဲ ××× ဝင်လာတဲ့ မင်းခြေလှမ်းတွေ ပန်းပွင့်တယ် ××× အချစ်ကြောင့်ပါပဲ ရေး ××× ထွက်သက် ဝင်သက်တွေတိုင်းလည်း ××× အတူမဆုံပေမဲ့ အတူရှိကြသလိုပဲ ×× အို အိပ်မက်ကလေးလို ပျောက်ကွယ်မှာကို စိုးတယ် ××× အချစ်ကြောင့်ပါပဲ ××× ”
အချစ်ကြောင့်ပင် ရောင့်ရဲတတ်ရသည်။ စောင့်ဆိုင်းတတ်ရပြီ။ မျှော်လင့်တတ်ရပြီ။ မြိုသိပ်တတ်ရပြီ။ ဦးစားပေးတွေးတတ်လေပြီ။
ချစ်တတ်သူတို့၏နှလုံးသားတွင် ချစ်ခြင်းမေတ္တာကြောင့်ပင် အရာရာသည်ဖြစ်မြောက်နိုင်စွမ်းရှိပေသည်။
၁၀၊၇၊၂၀၂၂၃။ တနင်္လာ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို