Chapter 13
သက်ဆုံးတိုင်
အပိုင်း (၁၃)
“ဟူး…”
မည်းမှောင်နေသည့်ကောင်းကင်ကြီးကြောင့် ရှင်းသန့် လမ်းလျှောက်ရင်း သက်ပြင်းတချချ။ နောက်အပတ်တွင်ဖြေရမည့်ပထမနှစ်ဝက်စာမေးပွဲကြောင့် ရှင်းသန့် အခုတလော မိုးကိုပိုလို့သဘောကျမနေပေ။ စာမေးပွဲဖြေရန်အတွက် ဘာသာရပ်တိုင်းမှာ ရှင်းသန့်အဆင်သင့်ဖြစ်နေသော်လည်း ထွန်းပေါက်ချင်လွန်းသည့်ကျောင်းသားပီပီ စိုးရိမ်စိတ်ကလေးအနည်းငယ်တော့ရှိနေသေးသည်။ ရှင်းသန့်၏ဒီနှစ်ရည်မှန်းချက်မှာ ပထမနှစ်ဝက်စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ရုံတင်မကဘဲ ထူးချွန်ဝင်ဖြေနိုင်ပြီး ထူးချွန်ဆုရယူနိုင်ရန်ဖြစ်၏။
” ရှင်းသန့် ”
မနက်ခင်းလမ်းထိပ်ဈေးနားသို့ရောက်ခါနီးတွင် ရင်းနှီးနေသည့်ခေါ်သံတစ်ခုကြောင့် ရှင်းသန့်ခြေလှမ်းတွေတန့်ခနဲရပ်သွားရင်း အနောက်သို့လှည့်ကြည့်သည်။ ထင်သည့်အတိုင်းပင် ဈေးခြင်းလေးဆွဲရင်းသူ့ဆီပြေးလာသူက မင်းခန့်ဖြစ်နေသည့်အခါ ရှင်းသန့် ပြုံးရိပ်ရိပ်နှင့်ရပ်စောင့်နေလိုက်၏။
” ကိုကြီး ရှင်းသန့်ကိုမမီတော့ဘူးထင်နေတာ…”
“ဗျာ …”
အနားရောက်သည်နှင့် အမောတကောပြောလာသည့် မင်းခန့်စကားမှာ ရှင်းသန့်က ကြောင်ခနဲ။
” အင်း….. ကိုကြီးပြောချင်တာက။ကိုကြီး အိမ်ကထွက်တော့ ရှင်းသန့်ကိုမြင်လိုက်ရလို့လေ နောက်ကလိုက်လာတာ မမီတော့ဘူးထင်လို့…”
” ဪ…”
မင်းခန့်၏ အသည်းအသန်နိုင်စွာ ချက်ကျလက်ကျရှင်းပြမှုအား ရှင်းသန့်က ယုံကြည်စွာပင်လက်ခံ၏။
ဈေးထဲ နှစ်ယောက်သားယှဉ်လျှောက်နေရင်း မင်းခန့်မှ…
” ရွှေကျီ ဝယ်ဦးမှာလား…”
” ဒီနေ့မဝယ်တော့ဘူးဗျ။ စာမေးပွဲဖြေခါနီးမို့ ရင်ပြည့်တာတွေဘာတွေဖြစ်မှာစိုးလို့လေ…”
” ဪ… ဒါဆို ကားလမ်းသေချာကူးဦးနော် ”
” ဟုတ်ကဲ့ ဒါဆို သွားတော့မယ် ကိုကြီးမင်းခန့်…”
“အင်း…”
မင်းခန့်မှာ လမ်းတစ်ဖက်ကမ်းမှာကျန်နေခဲ့ရင်း ရှင်းသန့်ကို လှမ်းငေးနေဆဲ။ ချက်ချင်းဆိုသလိုကားရသွားသည့်ရှင်းသန့် သူ့မြင်ကွင်းမှ ပျောက်သွားမှသာ မင်းခန့် ပြန်လှည့်ခဲ့လိုက်သည်။ ပန်းသည်ရှေ့မှ ပန်းပေါင်းစုံကိုမြင်သည့်အခါ ငေးစိုက်ကြည့်နေမိရင်း မင်းခန့် နှင်းဆီဖြူလေးအား ထိလိုက်မိ၏။ သူချစ်ရသူလေးနှင့်လိုက်ဖက်သည့်နှင်းဆီဖြူတွေ။ လှလိုက်တာအရမ်း။ မင်းခန့်ပြုံးမိသည်မှာ နှုတ်ခမ်းထောင့်တွေတွန့်ချိုးလို့။
” ကျွန်တော့်ကို နှင်းဆီဖြူတွေအကုန်ပေးပါဗျ ”
အမေမမှာလိုက်ပေမဲ့ ထိုနေ့က နှင်းဆီဖြူတွေကို သူမက်မက်မောမောဝယ်ခဲ့မိပါသည်။
~~~~
” မေမေ သားကို ပန်းအိုးလေးတစ်အိုးလောက် ”
ပန်းကန်ဆေးနေသည့်ဒေါ်မြကြည်က ဈေးမှပြန်လာလာချင်း ပန်းအိုးတောင်းနေသည့်သားဖြစ်သူအား ထူးဆန်းသလိုလှည့်ကြည့်၏။ ဘယ်ဘက်လက်ထဲမှ နှင်းဆီဖြူတစ်ပွေ့တစ်ပိုက်အား မြင်လိုက်ရသည့်အခါ ဒေါ်မြကြည် ပိုလို့အံ့ဩသွားရင်း သားဖြစ်သူကို မျက်မှောင်ကြုတ်ကြည့်ကာအကဲခတ်သည်။
” မေမေ ပန်းမှာမိလို့လား ”
” မမှာပါဘူး။ အရမ်းလှလို့ ဝယ်လာတာ။ သားအခန်းထဲမှာ ထားမလို့လေ။ ”
” ဪ ”
မလုပ်စဖူးတွေလုပ်နေသော်လည်း ဒေါ်မြကြည်က မေးမြန်းခြင်းတစ်စုံတစ်ရာမရှိဘဲ ဖန်ပန်းအိုးတစ်အိုးထုတ်ပေး၏။ မင်းခန့် နှင်းဆီဖြူများအား အသေအချာပင်ကိုင်တွယ်ဆေးကြောပြီးနောက် ပန်းအိုးတွင်သေချာပြင်ဆင်လို့ထိုးစိုက်နေသည်ကိုမြင်သည့်အခါ ဒေါ်မြကြည်မှာ ခပ်ပြုံးပြုံးပင် မသိမသာကြည့်လို့နေသည်။ သားတော်မောင်မျက်နှာကလေး ဝင်းပကြည်လင်နေလေတော့လည်း အမေဖြစ်သည့်သူက စိတ်ချမ်းသာရသည်ပင်။ ပန်းအိုးအား အသေအချာကိုင်၍ အခန်းထဲယူသွားသည့်မင်းခန့်ကျောပြင်အား လှမ်းကြည့်ရင်း ဒေါ်မြကြည် သက်ပြင်းတစ်ချက်တော့ချလိုက်မိသည်။ ရှေ့ဆက်လျှောက်ရမည့်လမ်းဟာ မည်မျှအထိခက်ခဲကြမ်းတမ်းမည်လဲ သူမသိ။
~~~~~
ရှင်းသန့်နှင့်တူသည့်နှင်းဆီဖြူတွေအား တမေ့တမောထိုင်ကြည့်နေမိကာ သည်နေ့မင်းခန့်ပိုင်တို့အလုပ်ရနေသည်။ မိုးတွင်းဖြစ်သည်ကြောင့် ပန်းတွေအချိန်ကြာကြာခံမည်ကိုသိထားသော်လည်း နှင်းဆီဖြူတွေနွမ်းမှာကိုစိုးထိတ်သလို သူ့ကြောင့်ရှင်းသန့်ဘဝအချိုးအကွေ့တွေ ခက်ခဲပင်ပန်းမှာကို စိုးရွံ့မိနေသည့် သူ၏စိတ်။
ဖွင့်ပြောရနိုးနိုး၊ ကွယ်ဝှက်ထားရနိုးနိုးဖြင့် ကလေးစိတ်သာရှိသေးသည့်ရှင်းသန့်ကိုထည့်တွေးပေးသည့်စိတ်က အလေးသာနေသည့်အခါ မင်းခန့်ဘာကိုမှလုပ်နိုင်စွမ်းမရှိတော့ပေ။အရာအားလုံး၊ ကိစ္စအားလုံးထက်ခက်ခဲသည့် ဒီအခြေအနေအား မင်းခန့် ဘယ်ပုံဘယ်နည်းနှင့်ဖြေရှင်းရမလဲမသိ။ သူ့အချစ်တွေကို ဘယ်အချိန်အထိ၊ ဘယ်အတိုင်းအတာအထိ ကွယ်ဝှက်ထားနိုင်မလဲ မင်းခန့်မသိပေ။
” ကိုကြီး မင်းကို ချစ်လိုက်တာ ရှင်းသန့်…”
မြိုသိပ်နိုင်စွမ်းကင်းမဲ့စွာ မင်းခန့်နှုတ်မှ ပထမဆုံးအကြိမ်ဖွင့်ဟခြင်းဟာ နှင်းဆီဖြူတွေထံသို့ဖြစ်နေခဲ့သည်။
~~~~~
မင်းခန့် ကျောင်းမသွားရသည့်မနက်ခင်းတွေဟာ သိပ်ခက်ခဲပင်ပန်းလှသည်။ ရှင်းသန့်နှင့်တွေ့ဆုံနိုင်အောင် လုပ်ယူထားခဲ့သမျှဟာ သူ ကျောင်းပိတ်သွားချိန်မှာ ပြိုပျက်ကုန်၏။ အကြောင်းမှာ ဒေါ်မြကြည်က သူ့အားဈေးဝယ်ခိုင်းတတ်သော်လည်း နေ့တိုင်းမဟုတ်၍ဖြစ်သည်။ အိမ်ရှင်မကောင်းဖြစ်သည့်အလျောက် မင်းခန့်ကနေတိုင်းဈေးဝယ်ပေးပါ့မည်ဆိုလျှင်တောင် အပြည့်အဝစိတ်တိုင်းမကျလှ။ မင်းခန့်မှာ ကျောင်းစောစောသွားမည့်အကြောင်းပြချက်နှင့်လည်း ရှင်းသန့်ကျူရှင်သွားမည့်အချိန်၊ ကျောင်းသွားမည့်အချိန်အိမ်မှထွက်မရဖြစ်နေတော့သည်။
သို့သော် ကြံဖန်တတ်သည့်မင်းခန့်ဖြစ်နေရာ နေ့စဉ်မဟုတ်သော်လည်း လက်ဖက်ရည်ဆိုင်သွားမည်ဟုဆို၍ ရှင်းသန့်အိမ်မှထွက်ချိန်နှင့်တမင်တိုက်အောင် အိမ်မှထွက်သည်။ စာမေးပွဲနီးနေ၍ စာဖိကျက်နေသည်ဖြစ်ရာ အနည်းငယ်ချောင်ကျသွားသည့်ရှင်းသန့်မျက်နှာကလေးအား ဘေးမှယှဉ်လျှောက်၍ တမေ့တမောငေး၏။
” နောက်တစ်ပတ်စာမေးပွဲမလား ရှင်းသန့် ”
” ဟုတ်ကဲ့ဗျ…”
” မနက်ပိုင်းဖြေရမှာလား။”
“မဟုတ်ဘူး။ နေ့လယ်ပိုင်းတဲ့ဗျ ။ ”
“ဪ… ရှင်းသန့်ကဖြေနိုင်မှာပါ ။ ”
သူ့ကို အပြုံးလေးတစ်ပွင့်နှင့် မော့ကြည့်လာသည့်ရှင်းသန့်အား မင်းခန့် ငေးခနဲဖြစ်လို့သွားသည်။
ကြာလေ မေတ္တာတွေပိုမိလေ။ ရင်ထဲမှာ အချစ်တွေပြည့်ကျပ်ရလေ ဖြစ်နေလေပြီ။
” ကိုကြီးက ဘယ်သွားမလို့လဲဗျ ”
” လက်ဖက်ရည်ဆိုင်လေ…”
” ဪ… စုပေါင်းရုံးကဆိုင်လားဗျ ”
“ဟုတ်တယ် ရှင်းသန့် ”
“အဝေးကြီးကို ညောင်းမှာပေါ့ ကိုကြီးရဲ့ ”
ကလေးစိတ်ကလေးဖြင့် စိတ်ပူသည့်လေသံဖြင့်ဆိုလာသည့်ရှင်းသန့်ကြောင့် မင်းခန့်ရင်ထဲကြည်နူးမှုလေပြေကလေးဖြတ်ပြေးသွား၏။ ရှင်းသန့်ပြောသည်မှာမှန်သော်လည်း ရည်ရွယ်ချက်အစစ်မှာ လက်ဖက်ရည်ဆိုင်သို့သွားရန်မဟုတ်ဘဲ ရှင်းသန့်နှင့်အတူ လမ်းယှဉ်လျှောက်ရန်ဖြစ်၍ မင်းခန့်မှာ လက်ဖက်ရည်ဆိုင်သို့ ခြေထောက်အညောင်းခံ၍ အသွားအပြန်လမ်းလျှောက်ခြင်းပင်။ သို့သော် မင်းခန့်က ရည်ရွယ်ချက်အစစ်နှင့် စိတ်ရင်းမှန်ကိုကွယ်ဝှက်ရင်းဖြင့်…
” အင်း… လေ့ကျင့်ခန်းလို့ သတ်မှတ်တာပေါ့ ရှင်းသန့်ရယ် ”
“ကျွန်တော်တော့ မလျှောက်နိုင်ဘူး။ မောတယ်ဗျ။
”
သွက်သွက်ကလေးဆိုလာမှုမှာ မင်းခန့်ရင်တွေတလှပ်လှပ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ရယ်မိရင်း နှစ်ဦးသားကြား ပို၍ရင်းနှီးလာသလိုလို။ ရှင်းသန့်မှ သူ့အား အလွန်ရင်းနှီးနေသူလို စကားစမြည်ပြောလျှင် မင်းခန့်မှာ ဘာဆိုဘာမှထပ်၍မလိုအပ်တော့သလိုခံစားရ၏။
” ရှင်းသန့် ကားသေချာကြည့်ကူးနော် ”
” ဟုတ်ကဲ့ပါ။ ”
ကားလမ်းကူးကာထွက်ခွာသွားသည့်ကျောပြင်လေးအားငေးရင်း မင်းခန့်ရင်မှာ ကြည်နူးမှုတို့ပြည့်သိပ်လာသည်။ ချစ်ရသူလေးနှင့်အနီးတစ်ဝိုက်တွင်ရှိရသည့်အခိုက်အတန့်တိုင်းဟာ မင်းခန့်အတွက် ပြီးပြည့်စုံသည့်အချိန်များပင်ဖြစ်သည်။
မည်သည့်အရာကိုမှလောဘမတက်မိတော့သည့်အခိုက်အတန့်၊ မည်သည့်အရာကိုမှ မတောင့်တတော့သည့်အခိုက်အတန့်ပင်။
” ကျွန်တော့်ကို နှင်းဆီဖြူတစ်စည်းပေးပါဗျ။ ပြန်လာမှယူမယ်နော်။ ”
ဝယ်နေကျပန်းသည်အဒေါ်ကြီးအား မင်းခန့်တရိုတသေပင် နှင်းဆီဖြူဖိုးကမ်းပေးလိုက်ပြီး နှုတ်ဆက်လို့ထွက်လာခဲ့လိုက်သည်။
နှင်းဆီဖြူသည် ဖြူစင်သောချစ်ခြင်းတရားဟူသည့်အဓိပ္ပာယ်ကိုဆောင်လေရာ နှင်းဆီဖြူနှင့်တူသည့် ရှင်းသန့်ပိုင်ဆိုသောကောင်လေးအား နှင်းဆီဖြူလိုအချစ်မျိုးဖြင့် သူချစ်မြတ်နိုးမိခဲ့ပါ၏။
~~~~~
” မြသွေး စီးကရက်တစ်လိပ် ”
“အေး ”
နေ့ခင်းနေ့လယ်ပျင်းလှသည်ရှိရာ မင်းခန့် ဈေးဆိုင်သို့ထွက်ခဲ့ပြီး စီးကရက်ဝယ်သောက်၏။ ဆိုင်မှ မီးခြစ်နှင့်ပင် ချက်ချင်းမီးညှိတာ မြသွေးနှင့်ဆန့်ကျင်ရာဘက်သို့ လှည့်သောက်နေစဉ် မင်းခန့် လမ်းမှလာနေသည့် ဆိုင်ကယ်တစ်စီးကို လှမ်းမြင်သည်။
” မြသွေး… နင့်ကောင်လေး လာတယ် ”
“ဟေ …”
မြသွေးက မင်းခန့်ပေးသည့်ပိုက်ဆံကို အကြွေပြန်အမ်းနေရင်းမှ ကြောင်အအဖြင့် မမြင်ရသော်လည်း ဆိုင်အတွင်းမှလှမ်းကြည့်သည်။
” နေပါဦး… ”
မြသွေးက ရုတ်တရက်သတိရသွားပြီး မင်းခန့်ကို အကဲခတ်သည့်မျက်လုံးဖြင့်ကြည့်သည်။ ရှင်းသန့်နှင့်မြသွေးအား မောင်နှမအရင်းတွေဟု သိသာထင်ရှားစေသည့်အချက်မှာ တစ်ဖက်သားအပေါ် ထိုကဲ့သို့ အကဲခတ်စူးစမ်းသည့်အကြည့်လည်းပါသည်။ လူကိုမယုံသလိုဖြင့် ဘာလဲဆိုသည့်အကြည့်တွေ။
” သန့်ဇော်က ငါ့ကောင်လေးမှန်း နင်ဘယ်လိုသိလဲ ”
” ဪ…အဲဒါက…”
သန့်ဇော်စီးလာသည့်ဆိုင်ကယ်က ဆိုင်ရှေ့သို့ထိုးရပ်လာပြီး သန့်ဇော်ကပါ မင်းခန့်ကို ပေစောင်းစောင်းကြည့်လာသည်ဖြစ်ရာ မင်းခန့်မှာ မျက်လုံးလေးကလယ်ကလယ်ဖြင့် တွေ့ကရာသကြားလုံးဘူးအားကောက်ယူ၏။
” ဟဲ့ ငါမေးတာဖြေလေ ”
” တစ်ခါ ရှင်းသန့်နဲ့လမ်းမှာစကားပြောတော့ ရင်းနှီးလားမေးကြည့်ရာကနေ သိတာပါ ”
မင်းခန့်က သကြားငါးလုံးထုတ်ယူလိုက်ပြီး သန့်ဇော်ဘက်သို့ကြည့်ကာ ပြုံးပြလိုက်၏။ မြသွေးကို လာကြောင်နေသည်ဟုထင်မှတ်ကာ သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည့်သန့်ဇော်အား သူနားလည်ပါသည်။
” နင် တိတ်တိတ်နေနော် ။ ”
” ငါသိပါတယ် သကြားလုံးဖိုးပါယူလိုက်။ ”
မင်းခန့်က ခပ်ပြုံးပြုံးဖြင့်ဆိုရင်း မြသွေးဆီမှ ငွေအကြွေများကို လှမ်းယူလိုက်သည်။
” အန်တီမေတို့မရှိဘူးမလား။ ငါ ခဏစောင့်ပေးရဦးမလား ။ ”
” ရပါတယ် သွား သွား ”
” အတင်းနှင်လွှတ်နေပြီ ”
မင်းခန့်က စနောက်ခဲ့ပြီး ဆိုင်ထဲမှထွက်ခဲ့လိုက်သည်။
” ဘာလာလုပ်တာလဲ ”
” သင်္ဘောသီးထောင်းလာပို့တာ ။ သူနဲ့ရင်းနှီးလား။ ”
” နင်သဝန်တိုနေတာလား။ ”
” မဟုတ်ဘူး။ ရှင်းသန့်အနားမှာ ခဏခဏတွေ့လို့။ ”
ခပ်တိုးတိုးဆိုနေကြခြင်းဖြစ်သော်လည်း မင်းခန့်ကြားဖြစ်အောင်ကြားသေးသည်ပင်။
” ဪ… ရှင်းသန့်ကိုစိတ်ပူတာလား။ ငါ့ကိုသဝန်မတိုဘဲ သားသားကိုစိတ်ပူရအောင် ရှင်းသန့်က နင့်ညီမို့လို့လားဟဲ့ ”
” ခြယ့်မောင်က ကိုယ့်ညီပဲပေါ့ကွာ ။ ခြယ်ကို့ကျ ဘာသဝန်တိုစရာရှိလဲ ။ ခြယ့်ကိုယုံကြည်တာပဲဟာ ။ သူ့ကြည့်ရတာလည်း ခြယ့်ကိုသဘောကျနေတဲ့ပုံမဟုတ်ဘူးလေ။ ”
တစ်ချက်ပြုံးမိရင်း ပေါ့ပေါ့ပါးပါးပင်စကားစမြည်ပြောနေသည့် အချစ်ငှက်နှစ်ကောင်နှင့်ဝေးရာသို့ မင်းခန့်ခပ်သွက်သွက်ပင်လျှောက်ထွက်လာလိုက်သည်။
ရှင်းသန့်တို့အိမ်နှင့်ရင်းနှီးလာသည်မှာ အချိန်တစ်ခုကြာပြီဖြစ်သော်လည်း မြသွေး၏ချစ်သူကောင်လေးသန့်ဇော်မှာ သူ့အားသူစိမ်းတစ်ယောက်ကဲ့သို့ထင်နေသေးပုံရ၏။ ရှင်းသန့်မှာ သန့်ဇော်နှင့်ဆိုလျှင် ခင်မင်ရင်းနှီးစွာဆက်ဆံသလောက် သူ့မှာတော့ ရင်းနှီးမှုရရန် တစ်ဖက်သတ်ဆန်ဆန်ကြိုးစားလုပ်ယူခဲ့ရသည်ဖြစ်ရာ အနည်းငယ်တော့ဝမ်းနည်းမိသည်။ သန့်ဇော်ကိုမနာလိုဖြစ်မိ၏။
အတွေးနက်နက်နှင့် လျှောက်လာရင်း အိမ်ကိုကျော်သွားမှ သတိထားမိ၍ မင်းခန့် ကြောင်တောင်တောင်နှင့်ပင် ပြန်လှည့်လျှောက်လာရသေးသည်။ အချစ်ကလေးကို အရင်လို နေ့စဉ်အချိန်မှန်မမြင်ရလေတော့ မင်းခန့် လေလွင့်နေသလိုလိုပင်။
၁၁၊၈၊၂၃။ သောကြာ
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို