Chapter 14
သက်ဆုံးတိုင်
အပိုင်း (၁၄)
မနက်ဖြန်တွင် ပထမနှစ်ဝက်ဖြေရတော့မည်ဖြစ်ရာ ရှင်းသန့် အနည်းငယ်စိတ်လှုပ်ရှားနေ၏။ တစ်နေ့တစ်ဘာသာဖြေရမည်ဖြစ်၍ စာကြည့်ချိန်လုံလုံလောက်လောက်ရသော်လည်း တစ်ခုခုလွဲချော်သွားလျှင်ဆိုသည့်အတွေးလေးက သူ့ခေါင်းထဲ တဝဲလည်လည်။
ည ၉ နာရီခွဲပြီဖြစ်ပြီး ရေနွေးကြမ်းကုန်သွား၍ အညောင်းအညာပြေထဖြည့်ရန်ရည်ရွယ်ကာ ရှင်းသန့်စာကြည့်စားပွဲမှထရပ်လိုက်ရင်း ပြတင်းဝမှတစ်ဆင့် မျက်စောင်းထိုးအိမ်ရှေ့မှ အုတ်ခုံလေးသို့ မရည်ရွယ်ပါဘဲ လှမ်းကြည့်မိသည်။ အရိပ်တစ်ခုမြင်လိုက်ရခိုက်တွင် ရှင်းသန့် မျက်မှောင်ကြုတ်ကာဖြင့် သေသေချာချာပင် ခါးလေးကိုင်းလို့ကြည့်မိခိုက် သူ့ပြတင်းဝရှိရာအရပ်ဆီသို့မျက်နှာမူကာ ထိုင်နေသူကြောင့် မျက်ခုံးပင့်ခနဲဖြစ်သွားမိသည်။
ထိုအုတ်ခုံလေးမှာ ထိုင်နေသူကား ကိုကြီးမင်းခန့်မှလွဲ မည်သူမှမဖြစ်နိုင်ဟု ရှင်းသန့်တွေးမိပြီးနောက် အလိုလိုတွန့်ချိုးသွားချင်သည့်နှုတ်ခမ်းများအား ရှင်းသန့်အလျင်အမြန်ပင်ပြန်စေ့ထားလိုက်၏။ ညကောင်းကင်မှာ ကြယ်များတောက်ပနေသော်လည်း မင်းခန့် ဘာကြောင့်များ သည်ညဂီတာမတီးသလဲဆိုသည့်အတွေးလေးက ရှင်းသန့်ခေါင်းထဲဝင်လာသည်။ တွေးရင်းပင်ငေးမောနေမိစဉ် ဖျတ်ခနဲခေါင်းလေးမော့လာကာ ပြတင်းဝဆီကြည့်လာသူကြောင့် ရှင်းသန့် နောက်သို့ ဆတ်ခနဲဆုတ်လိုက်မိသည်။
သူခိုးလူမိသလိုခံစားချက်မျိုးဖြင့် ထိတ်လန့်စရာမရှိသော်လည်း၊ ပုန်းလျှိုးကွယ်လျှိုးလုပ်နေစရာမလိုသော်လည်း ရှင်းသန့်ရင်တုန်စွာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း စာအုပ်စင်ကိုမှီထားရ၏။
“ဟူး….”
အမည်မဖော်ပြနိုင်သည့်ရင်တုန်မှုအား သက်ပြင်းကလေးချကာဖြေလျှော့ပြီးနောက် ရေနွေးကြမ်းယူရန် အပူခံခွက်ကလေးကိုင်၍ ရှင်းသန့်အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
” သားသား ဘာလို့တောင့်တောင့်ကြီးဖြစ်နေတာတုန်း…”
” ဗျာ ”
သူစာကျက်နေသည့်အတွက် အိမ်အောက်တွင်စောင့်ပေးနေသူ မြသွေးအမေးတွင် မီးဖိုချောင်သို့လှမ်းနေသည့်ရှင်းသန့်ခြေလှမ်းတွေ တန့်ခနဲရပ်လို့သွား၏။
” စိတ်လေးနည်းနည်းလျှော့မှပေါ့ သားသားရယ်။ ဒီလောက်စာလုပ်ထားတာ မနက်ဖြန်ဖြေနိုင်မှာပါ ။ ရေနွေးလာထည့်တာမလား လာ လာ မမထည့်ပေးမယ်။ ”
မည်သို့အဖြေပေးရမှန်းမသိစဉ် အစ်မဖြစ်သူမှ စားမေးပွဲအတွက်စိတ်လှုပ်ရှားလွန်း၍ တောင့်တောင့်ကြီးဖြစ်နေခြင်းဟုမှတ်ယူကာ နှစ်သိမ့်လာမှသာ ရှင်းသန့်သက်ပြင်းခိုးချ၏။ အမည်မဖော်နိုင်သည့်ရင်တုန်မှုမှာ သူ့ဘာသာထိုင်နေသည့်သူအားခိုးကြည့်မိပြီး လူမိသွား၍ စိတ်မလုံခြင်းကြောင့်ဖြစ်မှန်းသိသော်လည်း ဘာကြောင့်စိတ်မလုံရခြင်းအား ရှင်းသန့် နားမလည်သလို အဖြေလည်းရှာမရပေ။
” ကဲ ရော့.. အရမ်းနောက်မကျစေနဲ့ ၁၀ နာရီခွဲရင် မမတစ်ခေါက်လာကြည့်မယ် ဟုတ်ပြီလား ။ ”
” ဟုတ်ကဲ့ ”
သူ့ခေါင်းကလေးအား နှစ်သိမ့်သည့်ဟန်ပုတ်ပေးလာရင်း ကမ်းပေးလာသည့်အပူခံခွက်ကလေးကိုလှမ်းယူပြီး ရှင်းသန့်ဖြေလိုက်၏။ ထို့နောက် မိမိအိပ်ခန်းထဲသို့ ပြန်လှည့်ထွက်လာခဲ့လိုက်သည်။
မိမိအခန်းထဲသို့ပြန်ရောက်ချိန်တွင် ရှင်းသန့် တံခါးဝ၌ ခဏတာရပ်မိနေပြီးမှ ပြတင်းဝနားရှိ စာကြည့်စားပွဲရှိရာသို့ ခေါင်းငုံ့လျှက် ဖြည်းဖြည်းချင်းလျှောက်သွား၏။ စာအုပ်ကလေးကိုသာ တစိုက်မတ်မတ်စိုက်ကြည့်နေမိပြီး ပြတင်းဝကိုခိုးကြည့်ရန် ရှင်းသန့် အတော်လေးအားယူလိုက်ရသည်။ ပြတင်းပေါက်လိုက်ကာထချသလိုနှင့် အုတ်ခုံလေးသို့ မသိမသာလှမ်းကြည့်မိသည့်အခါ လူမရှိတော့သည်ကိုမြင်မှသာ ရှင်းသန့် သက်ပြင်းကလေးချလိုက်ပြီး စိတ်ချလက်ချနှင့် စာဆက်ကြည့်တော့၏။
~~~~~
” ဒုက္ခပဲ။ ဒီနေ့မှ ကားရှားနေလိုက်တာ…”
လက်ပတ်နာရီကလေးကိုကြည့်ရင်း ရှင်းသန့်က စိုးရိမ်စွာရေရွတ်သည်။ စာမေးပွဲရက်ဖြစ်၍ ကားလိုက်တင်ပေးသည့် ဒေါ်ခင်မေမှာလည်း ကြံရာမရဖြစ်နေ၏။ ဆိုင်ကယ်,ကယ်ရီငှားပေးရအောင်လည်း ရှင်းသန့်က ဆိုင်ကယ်မှောက်ထားဖူး၍ ဆိုင်ကယ်မစီးရဲပေ။
တီ တီ
ရှင်းလင်းနေသည့်ကားလမ်းမကြီး၏တစ်ဖက် သူတို့လမ်းထဲမှထွက်လာသည့်ကားတစ်စီးအား ရှင်းသန့်မြင်ဖူးသလိုရှိ၏။
” ဟော… မြကြည်တို့အိမ်က ကားပါလား။ အတော်ပဲ လမ်းကြုံရင် သားသားလိုက်သွားလိုက်။ ”
ရှင်းသန့် စိတ်ထဲတွင် ဟင်ခနဲရေရွတ်လိုက်မိရင်း ဝမ်းသာအားရဆိုလာသည့်ဒေါ်ခင်မေအား တအံ့တဩလှည့်ကြည့်သည်။ သူစိမ်းတစ်ယောက်၏ကားနှင့် သူလမ်းကြုံမလိုက်ချင်ပေ။
” အန်တီမေ ရှင်းသန့်ကားမရသေးလို့လား။ ”
သူတို့ရှေ့တည့်တည့်တွင်ကားရပ်လာပြီးနောက် ကားမှန်ချရင်းမေးလာသည့်အခါ ဒေါ်ခင်မေ၏မျက်နှာမှာပြုံးရွှင်သွားသလောက် ရှင်းသန့်၏မျက်နှာမှာ ခပ်စူစူလေးဖြစ်လို့နေသည်။
“ဟုတ်တယ် သားမင်းခန့် ။ မင်းခန့် ဘယ်သွားမလို့လဲ ။ လမ်းကြုံလို့ အဆင်ပြေရင် သားသားကိုခေါ်သွားပေးပါလား။ ”
” ရတယ် အန်တီမေ။ ကျွန်တော် ထောက်ကြန့်သွားမလို့။ လာ တက်လေ ရှင်းသန့် ။ ”
မင်းခန့်မှ သူ့အားတည့်တည့်ကြည့်၍ ခပ်ပြုံးပြုံးဆိုလာသည့်အခါ ရှင်းသန့်မှာ ညကအဖြစ်အပျက်များအား ပြန်လည်မြင်ယောင်လာတော့သည်။
တောင့်တောင့်ကြီးရပ်နေသေးသည့်သူ့အား ဒေါ်ခင်မေကလက်ဆွဲ၍…
” လာလာ သားသား… တော်ကြာ ဒီ့ထက်နောက်ကျရင် သားစိုးရိမ်ပြီး ရင်တုန်နေမယ်။ ဘာမှမဖြစ်ဘူး။ စိတ်မလှုပ်ရှားနဲ့ အချိန်မီသေးတယ် ဟုတ်ပြီလား ။ ”
ပါးစပ်မှလည်းတရစပ်ပြော၍မှာရင်း ဒေါ်ခင်မေက ကိုယ်တိုင်ကားတံခါးဖွင့်ပေးကာ ရှင်းသန့်ကို ကားထဲတွန်းထည့်၏။ ယောင်တောင်တောင်လေးနှင့် ကားထဲရောက်သွားသည့်ရှင်းသန့်မှာ မင်းခန့်ကို ဟီးခနဲရယ်ပြလိုက်ရင်း အမေမှာသမျှကို ခေါင်းတဆတ်ဆတ်သာညိတ်နေတော့သည်။ ထို့နောက် ဘုရားလမ်းဈေးကားမှတ်တိုင်လေးမှ မင်းခန့်မောင်းသည့်ကားလေးဟာ မောင်းထွက်ခဲ့တော့၏။
” မီသေးတယ်မလား ရှင်းသန့်။ ”
“ဟုတ်ကဲ့ အခန်းထဲဝင်ဖို့ နာရီဝက်လောက်လိုပါသေးတယ်။ ”
မင်းခန့်ဆိုင်ကယ်မောင်းသည်အား မကြာခဏမြင်ဖူးနေသော်လည်း ကားမောင်းသည်အားသိပ်မမြင်ဖူးသည့်အပြင် ဤကဲ့သို့ကိုယ်တိုင်လိုက်စီးရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ရှင်းသန့်မှာ ခိုးခိုးကြည့်မိနေသည်။ နဂိုကြည့်ကောင်းသည့်မင်းခန့်က ကားကိုအာရုံတစိုက်မောင်းနေပုံမှာလည်း ရှင်းသန့်မျက်လုံးထဲတွင် မိမိုက်နေသေး၏။
” သကြားလုံးစားမလား…”
ကားမောင်းရင်းမှ လှမ်းပေးလာသည့်အသဲပုံသကြားလုံးလေးအား ရှင်းသန့်လှမ်းယူလိုက်ရင်း…
” ဟုတ်ကဲ့။ ကျေးဇူးဗျ။ ”
သကြားလုံးစားလိုက်ရမှ နေသာထိုင်သာရှိသွားသလိုခံစားရသည့်ရှင်းသန့်က ဟူးခနဲသက်ပြင်းမှုတ်ထုတ်သည်အားကြည့်၍ မင်းခန့်ကပြုံးသည်။
” ညနေ ဘယ်အချိန်လွှတ်မှာလဲ ”
” နှစ်နာရီခွဲဗျ ”
” ကိုကြီး ထောက်ကြန့်က ပြန်လာရင် အဲဒီအချိန်လောက်ပဲဖြစ်မှာ။ ဝင်ကြိုပေးရမလား။ ”
ရှင်းသန့်က သကြားလုံးကိုဝါးစားရင်း ပြူးကြောင်ကြောင်လေးကြည့်၍…
” ရပါတယ်ဗျ။ အဲဒီအချိန်ကားလည်းပေါမှာပါ…”
” အင်း… ဒါပေမဲ့ ကားကျပ်မယ်ထင်တယ်။ တော်ကြာ ရှင်းသန့်စောင့်နေရရင် အချိန်ပုပ်တာပေါ့။ ရှင်းသန့်နားချိန်နဲ့စာကျက်ချိန်ရှိသေးတယ်လေ။ ”
ရှင်းသန့်အား ဘယ်လိုပုံစံနှင့်နားချရမည်ကို နားလည်ထားသည့်မင်းခန့်က အခွင့်အရေးကို ကောင်းကောင်းအသုံးချတတ်ပေသည်။ ယခုအချိန်အထိ သူ့အား တစ်ခါတစ်ရံ သိပ်မရင်းနှီးသူတစ်ယောက်လိုဆက်ဆံသေးသည့်ရှင်းသန့်နှင့် သူပို၍နီးစပ်ချင်မိ၏။
ရှင်းသန့်က တခဏလောက်တွေေဝေနေပြီးမှ…
” ဒါဆို ကိုကြီးမင်းခန့် တစ်ဖက်ကမ်းမှာပဲ စောင့်နေလိုက်လေ။ ကျွန်တော် ကားလမ်းကူးခဲ့လိုက်မယ်။ တော်ကြာ မမြင်မှာစိုးလို့ဗျ။ ”
” ဟုတ်ပြီ ရှင်းသန့်။ ကိုကြီး စောင့်နေလိုက်မယ်။ ”
ကျောင်းနားသို့ရောက်သည့်အခါ ကားလေးက နှေးသွား၏။ လမ်းဘေးလူရှင်းသည့်နေရာသို့ထိုးရပ်လိုက်ပြီးနောက် မင်းခန့်က အချိုရည်ဘူးလေးတစ်ဘူးထုတ်ပေးသည်။
” ဖြေနိုင်ပါစေ ရှင်းသန့်။ ရင်တုန်တာပြေသွားအောင် ဒါလေးသောက်လိုက်။ ”
” ကျေးဇူးပါဗျ။ ”
အလျင်လိုနေပုံရသည့်ရှင်းသန့်က ထွေထွေထူးထူးဆိုမနေတော့ဘဲ မင်းခန့်ပေးသည့်အချိုရည်ဘူးလေးအား လက်နှစ်ဖက်နှင့်တရိုတသေယူကာ ကားပေါ်မှဆင်း၍ ကျောင်းရှေ့သို့ ခပ်သုတ်သုတ်ကလေးလျှောက်သွားတော့သည်။
” ကားမရလို့လားရှင်းသန့်…”
ကျောင်းရှေ့သို့ရောက်ရောက်ချင်း ကျောင်းသားကတ် အသည်းအသန်ထုတ်ဆွဲသည့်ရှင်းသန့်အား စိုးရိမ်စွာစောင့်နေသည့်လွှမ်းနောင်က ဆီးကြိုကာမေးသည်။
” အေး … ဒီနေ့မှ ကားကလည်းတစ်စီးမှကိုမလာတာကွာ… ငါရင်တုန်တာသေတော့မလိုပဲ။ ”
” စိတ်အေးအေးထား… မီသေးတာပဲဟာ လာ လာဝင်ရအောင် ”
လွှမ်းနောင်က ရှင်းသန့်ကျောလေးအား ဖွဖွပုတ်ပေးကာ ကျောင်းထဲသို့နှစ်ယောက်သား ခပ်သုတ်သုတ်ကလေးဝင်သွားတော့၏။
” မော်နီတာတို့ အခန်းရှေ့မှာ စောင့်နေမယ်တဲ့ ”
” ဟုတ်လား …ထူးထူးဆန်းဆန်း ”
ယခင်က အတန်းခေါင်းဆောင်မိုးမင်းမောင်၊ ကောင်းမြတ်တို့နှင့် အရမ်းမခင်မင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးမင်းမောင်တို့နှစ်ယောက်မှ သူတို့အပေါ်ဖော်ဖော်ရွေရွေရှိလာသည်။ အတင်းဝင်ရောနေသည်လည်းမဟုတ်ဘဲ စာအကြောင်း၊ ကျောင်းလုပ်ငန်းတွေအကြောင်းဆွေးနွေးရင်း ပိုမိုခင်မင်လာခဲ့သည်ဖြစ်၍ ရှင်းသန့် ထွေထွေထူးထူးတော့ တွေးမနေတော့ပေ။ စာတော်သည့်သူ၊ စာကြိုးစားသည့်သူများနှင့်တွဲ၍ သူ့တွင်အကျိုးယုတ်စရာမရှိသလို မိုးမင်းမောင်တို့သူငယ်ချင်းနှစ်ယောက်မှာ သဘောမနောကောင်းသည်ဖြစ်၍ သူနှင့်လွှမ်းနောင်ကလည်း ခင်မင်နေရခြင်းဖြစ်၏။
ရှင်းသန့် ကျောင်းထဲသို့အဆင်ပြေပြေဝင်သွားသည်အား ကိုယ်တိုင်စောင့်ကြည့်ပြီးမှ မင်းခန့် ထိုနေရာမှကားမောင်းထွက်ခဲ့ကာ ထောက်ကြန့်သို့ဦးတည်လိုက်သည်။ ထောက်ကြန့်အပြန်တွင် ရှင်းသန့်အတွက် ဘာစားစရာဝယ်ရမလဲဟူသည့်အတွေးဖြင့် မင်းခန့်မျက်နှာက ပြုံးရိပ်ရိပ်။ စိတ်တို့က ကြည်နူးရိပ်သမ်းကာဖြင့် ရင်တွင်းမှာ တလှပ်လှပ်ရှိလှတော့သည်။
~~~~~
” အရှင်းတို့က မိုက်နေတာ။ နေ့တိုင်း ကားအကြိုအပို့လေးနဲ့ ”
စာမေးပွဲနောက်ဆုံးနေ့ဖြစ်၍ ရွှင်မြူးနေသည့်လွှမ်းနောင်က ကျောင်းတံခါးဝမရောက်သေးခင် လမ်းတစ်ဖက်တွင်စောင့်နေသည့်မင်းခန့်အား လှမ်းကြည့်ကာဆို၏။
” ဟေ့ကောင် နောက်စရာမဟုတ်ဘူး။ ”
” မနောက်ပါဘူးကွ အတည်ပြောတာလေ။ မုန့်လိုက်စားပါကွာ…ကောင်းမြတ်က ဝယ်ကျွေးမလို့တဲ့ နော်… မော်နီတာ ”
ရှင်းသန့်ပခုံးအားဖက်လို့ဆိုရင်းပင် လွှမ်းနောင်က မိုးမင်းမောင်အား စစ်ကူလှမ်းတောင်းသေး၏။ ကောင်းမြတ်က ရယ်ကာဖြင့်…
” ဟုတ်တယ် ရှင်းသန့် ။ တစ်ခါတလေလေး သူငယ်ချင်းတွေနဲ့ မုန့်အတူလိုက်စားပါလားကွာ”
“မရဘူးကွ ။ မေမေ့ကို ပြီးတာနဲ့ပြန်လာမယ်ပြောထားတာ။ မင်းတို့ကြိုပြောရင်တော့ ငါမေမေ့ကိုကြိုခွင့်တောင်းထားတာပေါ့ကွာ။ ”
” မင်းကလည်း…”
လွှမ်းနောင်က အမေစကား တစ်သဝေမသိမ်းနားထောင်သူရှင်းသန့်အားပစ်မှီလိုက်ကာ သက်ပြင်းကလေးနှင့်ရေရွတ်၏။သို့သော် သွက်သွက်လက်လက်ရှိလှသည့်လွှမ်းနောင်မှာ ကားလမ်းကူးဖို့စောင့်နေရင်း တစ်ဖက်လမ်းမှမင်းခန့်အားကြည့်ကာ အကြံတစ်ခုပေါ်လာပုံရသည်။ တဖြည်းဖြည်းပြုံးလာကာဖြင့် ကားလမ်းကူး၍ရလျှင်ရချင်း မင်းခန့်၏ကားနားသို့ ရှင်းသန့်ကို ဆတ်ခနဲဆွဲခေါ်သွား၏။
” မော်နီတာ ခဏလေးစောင့်ဦး ”
မိုးမင်းမောင်ပခုံးကိုဖက်ခနဲရိုက်လို့ဆိုကာဖြင့် လွှမ်းနောင်က ရှင်းသန့်လက်ကိုဆွဲကာ မင်းခန့်ရှေ့သို့ခေါ်သွား၏။
” ဒီကကိုကြီး ရှင်းသန့်က ကျွန်တော်တို့နဲ့မုန့်လိုက်စားချင်လို့တဲ့ဗျ။ အဲဒါသူ့အိမ်ကိုဖုန်းဆက်ပေးပါ့လားဗျာ။ ကိုကြီးပါအတူတူလိုက်ပေးပါလား။ ”
“ဟေ့ကောင် ငနောင် မင်း…”
ကြိုတင်သတိပေးခြင်းမရှိပါဘဲ ပြောချလိုက်သည့်လွှမ်းနောင်ကြောင့် ရှင်းသန့် ထိတ်လန့်တကြားအော်မိသော်လည်း နှုတ်ခမ်းကို လက်ညှိုးနှင့်အပိတ်ခံလိုက်ရသည်။
“ရှူး… တိတ်တိတ်နေ။ မင်းရင်ထဲမှာဘာရှိလဲ ငါသိတယ်။ ”
ရှင်းသန့်ရင်ဘတ်လေးကို လက်ညှိုးလေးနှင့်ထိလိုက်ရင်း သရုပ်ဆောင်မင်းသားလေးသံနှင့်ဆိုလာသည့်လွှမ်းနောင်။ မင်းခန့်မှာ သူချစ်ရသည့်ကလေးနှင့်သူငယ်ချင်းဖြစ်သူအားကြည့်၍ သဝန်တိုနေသည်အား မနည်းထိန်းချုပ်ထားရ၏။
“ပေါက်ကရ ခွေးကောင်…”
လွှမ်းနောင်လက်အားဖြတ်ရိုက်ပစ်လိုက်ရင်း ရှင်းသန့်မှာ မင်းခန့်ကိုအားနာ၍ငိုရမလိုလို၊ ရယ်စရာကောင်းနေသည့်လွှမ်းနောင်၏အပြုအမူနှင့်လေသံများအား ရယ်ရမလိုလိုနှင့် မင်းခန့်အား မရဲတရဲမော့ကြည့်၏။
” ရှင်းသန့် လိုက်ချင်တယ်ဆိုရင် ကိုကြီးလှမ်းပြောပေးမယ်လေ။ စောင့်နေပေးဆိုလည်းရပါတယ်။ ဆူမှာကြောက်ရင် ကိုကြီးကြည့်ပြောပေးပါ့မယ်။ ”
သူ့အားတစ်မျိုးထင်သွားမည်အား စိုးရိမ်ခဲ့သော်လည်း နားလည်စွာ ခပ်ပြုံးပြုံးပင် ဆိုလာသည့်မင်းခန့်အား ရှင်းသန့်ငေးခနဲဖြစ်သွား၏။
” ကိုကြီးဖုန်းဆက်ပေးရမလား… ”
” ဟုတ်ကဲ့ဗျ ”
ရှင်းသန့် ဆန္ဒအားအတင်းမဖုံးကွယ်တော့ပေ။ အရှေ့မှကာကွယ်ပေးမည့်သူရှိသည့်အခါ တစ်ခါလောက် သူငယ်ချင်းတွေနှင့်ပျော်ချင်မိ၏။ မင်းခန့်က ရှင်းသန့်အား စိတ်လိုလက်ရပြုံးပြရင်း…
” ခဏစောင့်နော်…”
ဖုန်းထုတ်ကာ ခပ်လှမ်းလှမ်းသို့သွားဆက်သည့်မင်းခန့်ကျောပြင်အား ရှင်းသန့်ငေးမော၍ ရင်တုန်စွာစောင့်စားနေမိသည်။ စာမေးပွဲပထမဆုံးနေ့တွင် ကားလမ်းကြုံလိုက်စီးသည်မှစ၍ သားဖြစ်သူစာမေးပွဲအချိန်နောက်ကျမည်ကိုစိုးရိမ်သည့်ဒေါ်ခင်မေဟာ မင်းခန့်အား အဆင်ပြေပါက နေ့စဉ်လမ်းကြုံခေါ်တင်သွားပေးရန်တောင်းဆိုခဲ့သည်။ သို့သော် မင်းခန့်က လမ်းမကြုံပါဘဲ တမင်လိုက်ပို့၊ လိုက်ကြိုနေမှန်း ရှင်းသန့်တစ်ယောက်သာသိသည်ဖြစ်ရာ ရှင်းသန့်က အားနာရ၏။ ယခုမုန့်လိုက်စားမည့်ကိစ္စတွင်လည်း မင်းခန့်အား ခုတုံးလုပ်သလိုဖြစ်သွား၍ ရှင်းသန့်မှာ ပို၍ပင်အားနာရတော့သည်။
” ရတယ်တဲ့ ရှင်းသန့်။ အရမ်းတော့ မကြာစေနဲ့တဲ့ ”
” ရေး !!! ”
လွှမ်းနောင်က ထခုန်ကာအော်သည်။ ရှင်းသန့်က ထအော်ချင်သည့်ဟန် နှုတ်ခမ်းကလေးဟသွားပြီးမှထိန်းလိုက်ရင်း သက်ပြင်ကလေးချ၏။
” ကျေးဇူးပါ ကိုကြီး ”
ခပ်တိုးတိုးလေးဆိုသည့်အခါ မင်းခန့်အူထဲအသည်းထဲမှ ကလိကလိဖြစ်ရပြန်သည်။
” မဟုတ်တာ။ ကိုကြီး လိုက်ပို့ပေးမယ်လေ။ ဘယ်ကိုသွားမှာလဲ။ ”
“ဟာ တကယ်ကြီးလား။ မိုက်လိုက်တာ။ ဘုရားကြီးလမ်းထဲက လှမေတ္တာဆိုင်ကိုမောင်းပေး ကိုကြီး။ မော်နီတာ ကောင်းမြတ် …လာ…လာ ရှင်းသန့်ရဲ့ကိုကြီးကလိုက်ပို့မယ်တဲ့။ ”
မြူးကြွစွာ တရစပ်ဆိုသွားသည့်လွှမ်းနောင်၏စကားကြောင့် မင်းခန့်နှင့်ရှင်းသန့်မှာ လွှမ်းနောင်အား တစ်ပြိုင်တည်းကြည့်မိကြ၏။ မင်းခန့်မှာ သူ့သူငယ်ချင်းအား စူပုတ်ပုတ်လေးကြည့်နေသည့်ရှင်းသန့်ကိုကြည့်၍ ခပ်ပြုံးပြုံး။ သို့သော် ဘုမသိဘမသိပြောဆိုပြီးသည့်လွှမ်းနောင်မှာ ကားတံခါးဖွင့်ဖို့သာ တပြင်ပြင်လုပ်နေတော့သည်။ ထို့နောက် ရှင်းသန့်က ကားရှေ့ခန်းမှာထိုင်ပြီး လွှမ်းနောင်၊ မိုးမင်းမောင်နှင့် ကောင်းမြတ်တို့က ကားနောက်ခန်းတွင်ထိုင်၍ ဘုရားကြီးလမ်းထဲသို့ မင်းခန့်ကားမောင်းထွက်ခဲ့တော့၏။
လှမေတ္တာဆိုင်သို့ရောက်သည့်အခါ နားလည်မှုရှိသူမင်းခန့်က ဝိုင်းတစ်ဝိုင်းသက်သက်ထိုင်ကာ ရှင်းသန့်တို့သူငယ်ချင်းလေးယောက်က ဝိုင်းတစ်ဝိုင်းသက်သက်ထိုင်သည်။
” ကိုကြီး ဝယ်ကျွေးမယ်လေ။ မင်းတို့ စားချင်တာမှာစားကြ ”
“ဟာ ကိုကြီးက မဟုတ်….”
“ဟာ တကယ်လား ။ ကျေးဇူးပါ ရှင်းသန့်ရဲ့ကိုကြီးဟီးဟီး
ရှင်းသန့်စကားမဆုံးခင်ဆိုလိုက်သည့်လွှမ်းနောင်ကြောင့် ရှင်းသန့်တားခွင့်မရလိုက်တော့ပေ။ သဘောကောင်းလွန်းသူမင်းခန့်မှာ ပြုံးရိပ်ရိပ်ဖြင့် ရှင်းသန့်အားခေါင်းညိတ်ပြ၏။ အားမနာပါနှင့်ဆိုသည့်သဘောမှန်း ရှင်းသန့်သိသော်လည်း မိသားစုမှလွဲ အမှီအခိုကင်းကင်းရှင်းရှင်းနေခဲ့သူဖြစ်လေရာ အနည်းငယ်တော့အားနာမိသည်ပင်။
” ဟေ့ကောင် လွှမ်းနောင် မင်း ရှင်းသန့်ရဲ့ကိုကြီးဆိုတာက ဘာသဘောလဲကွ ”
ကောင်းမြတ်က မင်းခန့်အားမသိမသာနောက်လှည့်ကြည့်၍ လေးယောက်ကြားရုံခပ်တိုးတိုးမေး၏။
မိုးမင်းမောင်က ပြုံးစိစိလုပ်ကာ ရှင်းသန့်က မျက်မှောင်ကြုတ်၍ ဟင်ခနဲဖြစ်သွားသည်။ တရားခံလွှမ်းနောင်မှာ သူ့စကားသူပြန်စဉ်းစားရင်း ကြောင်တောင်တောင်လုပ်လို့နေသည်။
” မင်းစကားပြောတာကြည့်ပြော ငနောင် ။ ရှင်းသန့် ရဲ့ကိုကြီးဆိုတာကြီးကကွာ…”
” မင်းတိတ်တိတ်နေ ရှင်းသန့်…”
လွှမ်းနောင်၏အဖြေကိုစောင့်စားနေသူ ကောင်းမြတ်က ရှင်းသန့်ပါးစပ်ကိုလှမ်းပိတ်၏။
ရှင်းသန့်က ကောင်းမြတ်လက်ကိုဖက်ခနဲရိုက်ချကာ နှုတ်ခမ်းကိုတစ်ရှူးနှင့်သုတ်သည်။
” ကြီးကျယ်ပြန်ပြီ ငါ့လက်ဆေးထားတယ်ကွ ”
ကောင်းမြတ်က ပြန်ချေသော်လည်း ရှင်းသန့်ကဘာမှမဆိုဘဲ လျှာထုတ်ပြောင်ပြ၏။
” ဟေ့ကောင် လွှမ်းနောင် မင်းစဉ်းစားလို့ပြီးပြီလား ”
ကောင်းမြတ်က ကြောင်တောင်တောင်လေးဖြစ်ကာ မျက်မှောက်ကြုတ်စဉ်းစားနေသည့်လွှမ်းနောင်အား သတိပေးသည့်အခါ ခေါင်းခါပြသည်။
မိုးမင်းမောင်က ပြုံးရိပ်ရိပ်ဖြင့်…
” ကဲ ကဲ မှာကြတာပေါ့။ လွှမ်းနောင် မင်း ကရင်မုန့်ဟင်းခါးစားမှာမလား ငါးဖယ် ၃ ခုနဲ့။ ”
” အေး ဟုတ်တယ်။ ”
မိုးမင်းမောင်အဖြေကို ခပ်တိုတိုသာပြန်ဖြေပြီး လွှမ်းနောင်က စဉ်းစားမြဲစဉ်းစား၏။
” မိုးမင်းမောင် မင်းက ဘက်လိုက်လှချည်လား။ ငါ့လည်းမေးလေ ”
သူငယ်ချင်းအရင်းကြီးဖြစ်သူကောင်းမြတ်က စနောက်ကာဆိုသည့်အခါ မိုးမင်းမောင်က ရှင်းသန့်နှင့်လွှမ်းနောင်အား တစ်ချက်ခိုးကြည့်၏။ ရှင်းသန့်မှာ စိတ်နှင့်လူမကပ်သလိုဖြစ်နေကာ မင်းခန့်အားခိုးခိုးကြည့်နေပြီး လွှမ်းနောင်ကတော့ ‘ ရှင်းသန့်ရဲ့ကိုကြီး ‘ ဟူသော နာမ်စားအား နက်နက်နဲနဲစဉ်းစားနေသေးပုံရသည်။
” မင်းစားမှာငါသိသားပဲ။ ရခိုင်မုန့်ဖက်သုပ်မလား ငါးဖယ်၃ခုနဲ့။ ”
ကောင်းမြတ်ကကျေနပ်သွားသလိုရှိ၏။
“ရှင်းသန့်ကရော ကရင်မုန့်ဟင်းခါးပဲမလား။ ငါးဖယ်နဲ့ပဲ။ ”
” အင်း ဟုတ်တယ်။ ”
“ဒါဆို ငါသွားမှာလိုက်မယ်။ တုတ်ထိုးနှစ်ပွဲနဲ့ သံပုရာတစ်ခွက် ဇီးတစ်ခွက်မှာလိုက်မယ်။ ”
“အေး အေး ”
မိုးမင်းမောင်က သူတို့ဝိုင်းမှထသွားကာ မင်းခန့်စားပွဲသို့သွား၏။
” အစ်ကို ကျွန်တော်ဘာမှာပေးရမလဲဗျ။ ”
” ဪ… ရတယ် ညီလေး။ အစ်ကိုကြည့်နေတုန်းမို့ အစ်ကို့ဘာသာမှာလိုက်မယ်လေ။ ”
” ဟုတ်ကဲ့ ။ ဒါဆို ကျွန်တော်မှာလိုက်တော့မယ်ဗျ။ ”
” အင်း ညီလေး ”
သူ့ရှေ့မှထသွားသည့် ကျောင်းသားလေးကိုကြည့်၍ မင်းခန့်ပြုံးမိ၏။ လူမှုရေးနားလည်ပြီး ရည်မွန်သည့်ကျောင်းသားလေးပင်။
~~~~~
မိုးမင်းမောင် မုန့်သွားမှာနေစဉ် ရှင်းသန့်နှင့်လွှမ်းနောင်ကြား စစ်အေးတိုက်ပွဲဖြစ်လို့နေ၏။
” မင်း နောက်တစ်ခါ ကိုကြီးကို ရှင်းသန့်ရဲ့ကိုကြီးလို့ခေါ်ရင် မင်းကိုချမယ်။ ”
ခပ်တိုးတိုးလေးကြိတ်ပြောလိုက်သည်အား လွှမ်းနောင်က ရယ်၏။
” ငါက ဘာသဘောနဲ့မှပြောတာမဟုတ်ပါဘူးကွာ။ ပါးစပ်ကသူ့ဘာသာထွက်သွားတာပါ။ မင်းကိုကြီးနာမည်ကဘယ်သူ…”
“ဟေ့ကောင်….”
ပြောနေဆိုနေရင်းကြားမှ ‘ မင်းကိုကြီး ‘ ဟူသည့်စကားထွက်လာ၍ ရှင်းသန့်ကသတိပေးသည့်အခါ လွှမ်းနောင်က ဟီးခနဲရယ်ပြ၏။
” နာမည်က မင်းခန့်လေ ”
” နှစ်လုံးတည်းလား…”
” မသိဘူးလေ။ အကုန်လုံးက သားမင်းခန့်၊ မင်းခန့်ပဲခေါ်နေကြတာဆိုတော့… မင်းခန့်ပဲနေမှာပေါ့ ”
ရှင်းသန့်က စားပွဲထိုးလာချပေးသွားသည့် ပဲပင်ပေါက်စိမ်းပန်းကန်ထဲမှ ပဲပင်ပေါက်ကောက်စားကာ တွေးဆဆဆို၏။
” မင်းဟာကလည်း မသေမချာနဲ့ ”
ကောင်းမြတ်က ဝင်ထောက်သည့်အခါ လွှမ်းနောင်ကလည်းထောက်ခံ၏။ထိုစဉ် မိုးမင်းမောင်ပြန်ရောက်လာပြီး လက်ထဲတွင်ထုတ်ထိုးနှစ်ပန်းကန်ပါလာသည်။
” ထုတ်ထိုးအရင်စား…”
” ငါ့လည်းပေးလေ မိုးမင်းမောင်ရဲ့ ”
ရှင်းသန့်နှင့်လွှမ်းနောင်ဘက်သို့ သိသိသာသာချပေးလိုက်သည့်မိုးမင်မောင်ကျောပြင်အား ဘုန်းခနဲထုကာ ကောင်းမြတ်ကဆိုသည်။ နာသွားသည့်ကျောပြင်အားကျစ်စုတ်သပ်လို့ပွတ်ရင်း ကောင်းမြတ်ရှေ့သို့ တုတ်ထိုးတစ်ပန်းကန်တိုးပေး၏။
” ရှင်းသန့် မင်း ဟိုအစ်ကိုကို တစ်ချက်သွားကြည့်ဦးလေ…”
“ဟင်…ဘာကြည့်ရမှာလဲ ”
“ဟာ ….”
ထို ‘ဟာ ‘ ဆိုသည့်အသံမှာ ရှင်းသန့်မှလွဲ၍ ကျန်သည့်သုံးယောက်ဆီမှ တစ်ပြိုင်တည်းထွက်လာကြသည့်အသံဖြစ်သည်။ ကောင်းမြတ်မှာ သဘောတကျရယ်ပြီး လွှမ်းနောင်က ရှင်းသန့်အား တအံ့တဩကြည့်နေရှာ၏။ မိုးမင်းမောင်မှာ နှုတ်ခမ်းတွန့်ရုံသာပြုံး၍ နားထင်နားလေးအားကုတ်နေလေသည်။
” အဲဒီအစ်ကိုက မင်းကိုစာမေးပွဲရက်တွေမှာ ကားတစ်စီးလုံးကြီးနဲ့အပို့အကြိုလုပ်ပေးပြီး ငါတို့နဲ့အခုလိုမုန့်လိုက်စားလို့ရအောင် မင်းအိမ်ကို ပြောပေးထားတာလေ။ သူ့မှာတစ်ယောက်တည်းထိုင်နေရတာ စကားလေးနည်းနည်းပါးပါးသွားပြောလိုက်ပါဦးကွ။ မုန့်ရပြီဆို ငါလှမ်းခေါ်လိုက်မယ်။ ”
လေးယောက်ထဲတွင် ရည်မွန်ပျူငှာသည်ဟုအထင်ရဆုံးဖြစ်သည့်မိုးမင်းမောင်က ရှင်းသန့်ကို လေသံအေးအေးနှင့်ရှင်းပြ၏။ထိုအခါမှသာ ရှင်းသန့်က ဪဟုဆိုကာ သူတို့ဝိုင်းနှင့်ခပ်လှမ်းလှမ်းစားပွဲတွင်ထိုင်နေသည့်မင်းခန့်အားလှမ်းကြည့်သည်။ စားပွဲထိုးလေးအား မုန့်မှာနေသည့်မင်းခန့်က သူကြည့်နေသည်ကိုမြင်လျှင်မြင်ချင်း ပြုံးပြသည့်အခါ ရှင်းသန့် အထိတ်တလန့်နှင့်အကြည့်လွှဲပစ်၏။
” ငါ သွားလိုက်ဦးမယ်။ ”
သက်ပြင်းကလေးခိုးချရင်း ရှင်းသန့်ထသွားသည့်နောက် ” သူက ငါ့ထက်တောင်ဆိုးနေသေး” ဟု လွှမ်းနောင်က ပွစိပွစိဆိုရင်းကျန်ခဲ့တော့သည်။
၈၊၉၊၂၀၂၃ ။သောကြာ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို