Chapter 2
သက်ဆုံးတိုင်
အပိုင်း (၂)
“ဟိုဟာ… နို့ဆီနှစ်ထုပ်၊ ဖယောင်းတိုင်၂၄တိုင် တစ်ထုပ်၊ ပြီးတော့…ခြင်ဆေးခွေတစ်ဘူး။ ”
“ဟုတ်ကဲ့ ခဏလေးနော်။ ”
သနပ်ခါးဖွေးဖွေးနှင့်ချစ်စရာကောင်းနေသည့် ရှင်းသန့်က ပုံစံလေးနှင့်ကွာခြားစွာ အသံလေးကတော့ ခပ်ပြတ်ပြတ်ခပ်ရှင်းရှင်းပင်။ သူပြောလိုက်သည်များကို တစ်ခုပြီးတစ်ခုရှာယူနေသည့်ကလေးအား မင်းခန့်မှာ မလွတ်စတမ်းကြည့်ရင်း ခပ်ပြုံးပြုံး။
” ဒီမှာရပါပြီဗျ…”
ပလတ်စတစ်အိတ်ကလေးထဲ ပစ္စည်းများထည့်ပြီး ပေးလာသည့်အခါ မင်းခန့်ပိုက်ဆံပေးလိုက်သည်။ရှင်းသန့်မှာ သူလုပ်စရာရှိသည်များကိုသာ လုပ်နေလျက်ရှိပြီး မင်းခန့်မျက်နှာကို တစ်စက်ကလေးမှပင်မကြည့်ပေ။
“ဒီမှာ အကြွေအမ်းတာပါ …”
“ဟုတ်ကဲ့ပါဗျ …”
ရွှင်မြူးမြူးလေးဆိုသည့်မင်းခန့်အား ရှင်းသန့်က တစ်ချက်သာမော့ကြည့်ပြီး ပိုက်ဆံတွေကိုစီနေ၏။ မင်းခန့်မှာ ကြောင်တောင်တောင်ဖြင့်ပင်ပြန်လာရသော်လည်း အနောက်သို့လှည့်ကြည့်လှည့်ကြည့်လုပ်မိသေးသည်။
ခန္ဓာကိုယ်ပြည့်ပြည့်၊ ပါးဖောင်းဖောင်းလေးတွေနှင့် ချစ်စရာကောင်းသည့် ရှင်းသန့်က အေးစက်စက်နိုင်သလိုရှိသော်လည်း မင်းခန့်မျက်လုံးထဲတွင်တော့ အသည်းယားစရာကောင်းလှသည်ပင်။
~~~~~
“မင်းခန့်… ဒီအိုးလေး မေမေ့ကိုလာမပေးပါဦး ”
မင်းခန့် ပန်းပင်တစ်အိုးပင် နေရာချလို့မပြီးသေးခင် အမေဖြစ်သူဒေါ်မြကြည်က လှမ်းအော်ကာခေါ်ပြန်တော့ အမြန်ပြေးရပြန်သည်။ ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့် အေးအေးဆေးဆေးနားမည်ကြံသော်လည်း မင်းခန့်မှာ အမေ့အကြိုက်ဆောင်လို့ ခြံထဲမှပန်းပင်တွေအား နေရာချပေးနေရ၏။ သူ့အတွက်ထည့်တွေးကာ သည်နေရာသို့ ပြောင်းလာသည်မှာ မကြာသေးသည့်အတွက် ပန်းပင်စိုက်ပျိုးရတာဝါသနာပါသူအမေစိတ်ကြိုက် ပန်းအိုးများကို နေရာချပေးရတော့သည်။
သည်ခြံနှင့်အိမ်သည် ဒေါ်မြကြည်အမွေရထားသည့်ခြံဖြစ်ကာ ယခင်က ယောက်ျားဖြစ်သူနောက်လိုက်၍ အဝေးမှာပြောင်းနေခဲ့သော်လည်း အခုတော့ သားဖြစ်သူရှေ့ရေးအတွက်၊ အလုပ်အကိုင်အတွက်တွေးတောကာ သည်နေရာသို့ပြန်ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ဒေါ်မြကြည်၏မိဘများမှာ သူတို့လက်ထက်ကတည်းက အသင့်အတင့်ချမ်းသာကြသည်ဖြစ်ရာ ထိုခေတ်ကတည်းက ခြံဝင်းနှင့်အိမ်ကြီးအိမ်ကောင်းတိုက်အိမ်နှင့် နေနိုင်၏။ အခု ဒေါ်မြကြည်တို့ ပြန်ပြောင်း၍လာနေမည်ဆိုသည့်အခါ အိမ်ကိုအနည်းငယ်သာပြုပြင်လိုက်ရသည်။ ခြံဝင်းကကျယ်လှကာ အရိပ်လည်းရသည်။ အိမ်ရှေ့တွင် ကားတစ်စီးရပ်စာ မြေကွက်လပ်ရှိသေးကာ အိမ်ခေါင်းရင်းတွင်လည်းကက္ကိုပင်ရိပ်ကြီးကြောင့် အရိပ်ရကာအေးသည်။ အိမ်အနောက်ဘက်တွင်လည်း မြေနေရာရှိသေးကာ သစ်ပင်ရိပ်များနှင့် ပို၍ပင်အေးချမ်းသေးသည်။
” ဒါတွေကို ဟိုနားရွှေ့ရင် လှမလား…”
“လှပါတယ်။ မေမေက မတူတာတွေစုထားချင်တာမလား…”
“ဟုတ်တယ်။ ”
“ဒါဆို ဒီဂမုန်းပင်ကို ဟိုရွက်လှပင်တွေေရှေ့သွားထားလိုက်ရင် လှမှာ ”
” ဒါဆို ရွှေ့ပေးပါဦး…ဖြည်းဖြည်းမနော်။ သားခါးနာမယ် ”
“ဟုတ်ကဲ့…အီး…”
မင်းခန့်မှာ အားသန်သော်လည်း တစ်မနက်လုံး ပန်းအိုးများကို ဟိုရွှေ့သည်ရွှေ့လုပ်နေရသည်ဖြစ်ရာ အားကုန်လုနီးနီးဖြစ်နေတော့သည်။
” လှသွားပြီ…”
မင်းခန့် သဘောကျစွာပင်ဆိုရင်း ဒေါ်မြကြည်ကိုလှမ်းကြည့်သည့်အခါ သဘောတကျနှင့်ပင် ပြုံးလို့နေ၏။ အမေဖြစ်သူသဘောကျနေလေတော့ မင်းခန့်အမောပြေရသည်ပင်။
” ရပြီရပြီ…သားမောနေပြီ။ နောက်နေ့မှထပ်ရွှေ့ကြတာပေါ့…”
မင်းခန့်မှာ စိတ်ထဲမှ ‘ ဗျာ’ ခနဲဖြစ်သွားသော်လည်း အပြင်သို့ထုတ်မပြောလိုက်ပေ။ အမေစိတ်ချမ်းသာနေသရွေ့ သူကျေနပ်သည်။
” မေမေ သားအအေးသွားဝယ်လိုက်ဦးမယ်။ ”
“ဟဲ့ကောင်လေး… အိမ်မှာအအေးရှိတာကို…”
” အိမ်ကဟာမသောက်ချင်ဘူး…သားလိမ္မော်သောက်ချင်လို့…”
” အမလေး ဖြစ်ရမယ်…”
ဒေါ်မြကြည်မှာ ဆိုရင်ပင်း အိမ်ထဲသို့ဝင်သွား၏။ မင်းခန့် အိမ်ရှေ့ဘုံပိုင်မှလက်ဆေးလိုက်ကာ ပုဆိုးတိုတိုနှင့်ပင် မျက်စောင်းထိုးဈေးဆိုင်သို့ထွက်ခဲ့လိုက်သည်။
ဈေးဆိုင်သို့ရောက်သည့်အခါ စာဖတ်နေသည့်ရှင်းသန့်ကို တွေ့ရ၏။ ဘယ်အချိန်တွေ့တွေ့ စာအုပ်နှင့်မျက်နှာမခွာသည့်ရှင်းသန့်ပင်။
” အအေးတစ်ဘူးလောက်…လိမ္မော်…”
“ဟုတ်ကဲ့…”
ခပ်တိုတိုပင်ဆိုရင်း ရေခဲသေတ္တာထဲမှ အအေးဘူးသွားယူနေသည့်ရှင်းသန့်။မင်းခန့် အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံထုတ်ကာ ရှင်းသန့်ကိုကမ်းပေးလိုက်သည်။
မိုးအုံ့နေသော်လည်း တစ်မနက်လုံးပန်းအိုးများ ရွှေ့ထားရသည့်မင်းခန့်မှာ မောမောနှင့် အအေးဘူးကိုချက်ချင်းပင်ဖွင့်သောက်ရန်လုပ်၏။
” မောနေတာကို ချက်ချင်းမသောက်နဲ့ဗျ…ဒုက္ခရောက်လိမ့်မယ်။ ဒီမှာပြန်အမ်းတာပါ…”
ခပ်အေးအေးပင်ဆိုလာသည့်ရှင်းသန့်စကားကြောင့် မင်းခန့်အအေးမသောက်တော့ဘဲ အဖုံးပြန်ဖုံးလိုက်ကာ ပိုသည့်ပိုက်ဆံကို ခပ်ပြုံးပြုံးပင်ယူလိုက်သည်။
” ကျေးဇူးပါ ရှင်းသန့် ”
ရှင်းသန့်က ကျေးဇူးတင်စရာဘာရှိလို့လဲဟူသောအကြည့်ဖြင့် ခပ်တွေတွေလေးကြည့်လာသော်လည်း မင်းခန့်စိတ်လိုလက်ရပြုံးပြပြီးသာ လှည့်ထွက်လာခဲ့လိုက်သည်။ ပုံစံက အေးစက်စက်နှင့် ရှင်းသန့်က တစ်ဖက်လူအားဂရုစိုက်တတ်သည့်အကျင့်လေးရှိသည်ပင်။
~~~~~
” ဆွမ်းတော်ဗျို့…”
ခပ်လှမ်းလှမ်းမှကြားနေရပြီဖြစ်သည့် အသံကျယ်ကျယ်ကြောင့် မင်းခန့် ဆွမ်းပန်းကန်နှင့်ဆွမ်းဟင်းပန်းကန်ကိုယူကာ ခြံအပြင်သို့ထွက်ခဲ့လိုက်၏။ သည်နေ့ ကျောင်းပိတ်ရက်ဖြစ်ရာ မင်းခန့် ဆွမ်းလောင်းတာဝန်ကျသည်။
“ဟင်…”
တရွေ့ရွေ့နှင့် ကြွလာပြီဖြစ်သည့် ရွာဦးကျောင်းမှ ဆရာတော်နှစ်ပါး၊ ကိုရင်တစ်ပါးနှင့်အတူ အနောက်မှပါလာသည့် ငါးဆင့်ချိုင့်ဆွဲ ဘုန်းကြီးကျောင်းသားလေးကိုမြင်ချိန် မင်းခန့် မျက်ဝန်းအိမ်တို့ ပြူးကျယ်သွားရ၏။
ရှပ်အင်္ကျီလက်တိုနှင့် ပုဆိုးတိုတို ဝတ်ထားကာ ခြေပြောင်နှင့် ဦးဇင်း၊ ကိုရင်တို့နောက်မှ ခပ်မှန်မှန်လမ်းလျှောက်လာသူက ရှင်းသန့်။
မင်းခန့်က ဦးဇင်းနှစ်ပါးနှင့် ကိုရင်တစ်ပါး၏ သပိတ်ထဲသို့ ဆွမ်းထမင်းလောင်းပြီးနောက် ရှင်းသန့်ဖွင့်ပေးလာသည့် ဆွမ်းချိုင့်ထဲသို့ ဆွမ်းဟင်းလောင်းထည့်ပေးနေချိန် မျက်လွှာချထားလျက်ရှိသည့်ရှင်းသန့်အား ခိုးခိုးကြည့်ရှာသည်။
ဆွမ်းခံကြွသည့် ဦးဇင်းတို့နှင့်အတူ ရှင်းသန့်ပါ ခပ်လှမ်းလှမ်းရောက်သွားချိန်အထိ မင်းခန့်မှာ ခပ်မှန်မှန်လမ်းလျှောက်နေသည့် ကျောပြင်လေးအား
ငေးမောကာကြည့်ရင်းကျန်ခဲ့တော့၏။
ရှင်းသန့်က သူ့အတွက် အာရုံရှိစရာတစ်ခုကိုဖြစ်နေတော့သည်ပင်။
~~~~~
” အန်တီမြရေ… အန်တီမြ… ”
“လာပြီဗျို့…”
မြသွေးခြယ် ဟင်းချိုင့်လေးကိုင်ကာဖြင့် ခြံရှေ့မှအော်ခေါ်သည့်အခါ မင်းခန့်က အပြေးလေးထွက်လာ၏။ ပုဆိုးတိုတိုဝတ်ထားသည့်မင်းခန့်ဟာ အိမ်ထဲမှပစ္စည်းများကို ဟိုသယ်သည်ပို့၊ဟိုရွှေ့သည်စီလုပ်နေရသည်ပင်။
” ဘာကိစ္စလဲ မြသွေး…”
မင်းခန့်က တံခါးဖွင့်ပေးရင်း မေးသည်။
ရွယ်တူတွေဖြစ်ကြပြီး ရင်းနှီးလွယ်သည့်နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်စကားဆိုသည်က ပေါ့ပါးစွာ။
” မေမေလေ အန်တီမြက ပဲကုလားဟင်းကြိုက်တယ်။ သွားပို့ပေးဆိုလို့…ရော့…”
မြသွေးက မင်းခန့်လက်ထဲ ချိုင့်ထိုးထည့်ပေးကာဆိုသည်။
“ဟုတ်လား။ ကျေးဇူး ကျေးဇူး။ အိမ်ထဲဝင်ဦးလေ။ ”
“ရတယ် မဝင်တော့ဘူး။ ဒီချိုင့်လည်း အေးဆေးမှသာပြန်ပေး ကိစ္စမရှိဘူး။ ”
“အေးအေး ဒါဆိုလည်းပြီးရော။ ”
” ဒါဆို ပြန်ပြီ ။ အန်တီ့ကိုလည်းပြောလိုက်ပါဦးဆိုင်စောင့်မဲ့သူမရှိလို့ မဝင်တော့ဘူးလို့။ ”
“အေးပါ။ အန်တီခင်မေကိုလည်းပြောပေး ငါကကျေးဇူးတင်ပါတယ်လို့နော်…”
“အေးအေး သွားပြီ ”
မြသွေးထွက်သွားသည်နှင့် မင်းခန့် ခြံတံခါးကိုပြန်ပိတ်လိုက်ကာ ဟင်းရည်ချိုင့်လေးဆွဲလို့ အိမ်ထဲအမြန်ပြေးဝင်ခဲ့လိုက်တော့၏။ ဟင်းရည်အနံ့လေးကြောင့် ဗိုက်ပင်ဆာလာရသလိုပင်။
” မေမေ အန်တီခင်မေပို့ခိုင်းလို့ မြသွေးလာပို့တာတဲ့ ပဲကုလားဟင်းရည် ဟီးဟီး ထမင်းတော့စားလို့ကောင်းပြီ ”
“ဟုတ်လား။ အစ်မခင်မေတို့ကတော့ သတိတရပို့ပေးတာ ကျေးဇူးတင်လိုက်တာ။ ကျန်းမာ ချမ်းသာပါစေ။ သားဗိုက်ဆာနေရင် ခြေလက်သွားဆေးလိုက်တော့လေ။ မေမေ ထမင်းခူးထားလိုက်မယ်။ ”
“ဟုတ်ကဲ့ ”
ဒေါ်မြကြည်မှ စကားစလာလေတော့ မင်းခန့်တစ်ယောက် မီးဖိုချောင်ထဲမှ ပျော်ပျော်ကြီးထွက်သွားကာ ခြေလက်သွားဆေးတော့သည်။ ကျောင်းနှစ်ရက်ပိတ်၍ နားမည်ကြံသော်လည်း မင်းခန့် နှစ်ရက်လုံး အိမ်အလုပ်နှင့်နပန်းလုံးလိုက်ရတော့၏။
~~~~~
” သား မြသွေးကို ဘယ်လိုမြင်လဲ ”
” ဘယ်လိုမှမမြင်ဘူး မေမေ ”
ဆိုဖာပေါ်လှဲနေရင်း တီဗီလိုင်း တစ်လိုင်းပြီးတစ်လိုင်းပြောင်းနေသည့်မင်းခန့်က အာရုံမရသလိုသာဖြေသည်။
” သားရဲ့အရင်ရည်းစားတွေထက်စာရင် မြသွေးကပိုသာမလားလို့ပါ…”
” မပြောတတ်ဘူး။ မြသွေးက နည်းနည်းတော့ပိုထက်မယ်ထင်တာပဲ။ သားအရင်ကထားခဲ့တဲ့ကောင်မလေးတွေကျ ပိုပြီးမိန်းကလေးဆန်တာပေါ့။ ”
“သားက ဘယ်လိုပုံစံကိုသဘောကျတာတုန်း…”
သားအမိနှစ်ယောက်၏စကားဝိုင်းကို အဖေဖြစ်သူက ဘာမှဝင်မပြောဘဲ နားသာထောင်နေသည်။ သူတို့ပြောနေသည့်အကြောင်းအရာများကို သူလည်းနားမလည်ပေ။
” ဘယ်လိုပုံစံရယ်မဟုတ်ပါဘူး။ အရင်ကောင်မလေးတွေနဲ့ပြတ်တာကလည်း သူနဲ့ကိုယ်ဘယ်လိုပြောရမလဲ မကိုက်လို့ပေါ့။ ပြောရရင် အရမ်းကြီးလည်းမချစ်လို့ထင်ပါတယ်။ အခုနေပြန်စဉ်းစားရင် သဘောကျတာ၊ ချစ်တာကိုပြန်ဖော်လို့တောင်မရတော့ဘူး ။ သူတို့ကိုစော်ကားတာ၊ မလေးစားတာတော့မဟုတ်ဘူး သူတို့နဲ့သားနဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းသဘောမကျခဲ့လို့ ခဏလေးနဲ့ပြတ်တာဖြစ်မှာပေါ့…”
“အဲ့ဒါကြောင့် မြသွေးကိုဘယ်လိုမြင်လဲလို့ ”
“ဘယ်လိုမှ မမြင်ဘူး။ တကယ်ပြောတာ…”
အမေက မြသွေးအကြောင်းချည်းစွတ်ပြောနေချိန် မင်းခန့်မျက်လုံးထဲ သနပ်ခါးတွေေဖွေးနေအောင်လိမ်းထားသည့် မှင်သေသေမျက်နှာနှင့်ဟိုကလေးအား မြင်လာ၏။ မင်းခန့်မှာ လှဲနေရာမှ ငေါက်ခနဲထထိုင်ကာ ခေါင်းတခါခါလုပ်လိုက်သေးသည်။
” မေမေ သားသွားအိပ်တော့မယ် ”
“ဟေ…”
အမေဖြစ်သူ ဒေါ်မြကြည်၏စကားသံကိုတောင် မကြားရှာတော့ဘဲ မင်းခန့်က သူ့အခန်းထဲသို့ အပြေးလေးဝင်သွားတော့၏။ ဒေါ်မြကြည်၏စိတ်ထဲတွင်တော့ သူအတင်းမေးနေ၍ သူ့သားရှက်ရှက်နှင့် စိတ်ကောက်သွားသလားဟု တွေးနေတော့သည်။
~~~~~
အမေကိုသွားအိပ်တော့မယ်ဟုသာ ပြောခဲ့သော်လည်း မင်းခန့်အိပ်မရပေ။ အိပ်ရာပေါ်မှာ ဟိုဘက်လှိမ့်၊ သည်ဘက်လှိမ့်နှင့် အိပ်မပျော်ရသည့်အကြောင်းအရင်းအား စဉ်းစားရင်း နာရီကိုအကြည့်ရောက်မိလေတော့ ကိုးနာရီသာရှိသေးသည်။ မင်းခန့် အိပ်မပျော်သည်မှာ မထူးဆန်းလှပေ။ ကိုယ့်စိတ်ကိုယ်မလုံစွာနှင့် ထပြေးခဲ့သည်ဖြစ်ရာ ဘယ်အရာအားမလုံမလဲဖြစ်သည်လဲ မင်းခန့်ကိုယ်တိုင်လည်းမသိပေ။
သည်နေ့မှ မျက်လုံးကပိုလို့ကျယ်နေသယောင်ယောင်။ မင်းခန့် ပက်လက်လှန်နေရာမှ ငေါက်ခနဲထကာ ဘေးနားက စာကြည့်စားပွဲမှ တွေ့ရာစာအုပ်တစ်အုပ်အား လှမ်းကောက်ယူလိုက်သည်။
စာမကျက်ချင်သော်လည်း အိပ်ချင်လိုအိပ်ချင်ငှား စာအုပ်ကိုဟိုလှန်သည်လှန်နှင့် ကျက်ချင်ယောင်ဆောင်လိုက်၏။ သို့သော် အိပ်ချင်မလာပေ။
” အိပ်မရမဲ့အတူတူ စာကြည့်တာကောင်းပါတယ်လေ။ ”
သက်ပြင်းတချချနှင့် မင်းခန့် စာကြည့်စားပွဲ ထိုင်လိုက်၏။ ထိုညက တော်တော်လေးညဉ့်နက်သည်အထိ မင်းခန့် အိပ်မပျော်ခဲ့ပေ။
၅၊၄၊၂၃။ ဗုဒ္ဓဟူး။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို