Chapter 3
သက်ဆုံးတိုင်
အပိုင်း (၃)
ရှင်းသန့် ကျောင်းမှပေးလိုက်သည့် အိမ်စာများလုပ်ပြီးသည့်အချိန် အညောင်းတစ်ချက်ဆန့်လိုက်ကာဖြင့် ရေနွေးကြမ်းတစ်ငုံလောက် သောက်ဖို့ရာ အပူခံခွက်အဖုံးလေးကို ဖွင့်လိုက်သည်။ သောက်မည်ကြံ၍မော့ကာမှ မရှိတော့သည်ကိုသိလိုက်ရသည့်အခါ အပူခံခွွက်လေးကိုင်လို့ အောက်ထပ်သို့ ဆင်းခဲ့လိုက်၏။
ရှင်းသန့်တို့အိမ်သည် အမေဘက်မှအမွေဆိုင် ရှေးသစ်သားနှစ်ထပ်အိမ်ဖြစ်ကာ သည်အိမ်နှင့်ခြံကို သူတို့မိသားစုမှ လက်လွှဲဝယ်ယူလိုက်သည်မှာ သုံးနှစ်မျှသာရှိသေးသည်။ ရှင်းသန့်တို့မှာ မချမ်းသာလှသော်လည်း အဖိုးအဖွားတို့ထားခဲ့သည့် သည်အိမ်ကြီးက အိမ်ကြီးအိမ်ကောင်းဖြစ်ပေသည်။ ခြံဝင်းမှာလည်း အသင့်အတင့်ကျယ်ဝန်း၍ ရှေးသစ်သားနှစ်ထပ်အိမ်ကြီးဟာ ရေနံချေးဝကာဖြင့် အထိန်းအသိမ်းကောင်း၍ ပြောင်လက်နေသည်။
ရှင်းသန့်နှင့်မြသွေးခြယ်က အိမ်အပေါ်ထပ်တွင် အခန်းကိုယ်စီနှင့်နေကာ အိမ်အောက်ထပ်တွင် သီးသန့်ထုတ်ထားသည့်ဘုရားခန်း၊အသင့်အတင့်ကျယ်ဝန်းသည့်ဧည့်ခန်း၊ မိဘများအိပ်ခန်းနှင့် မီးဖိုချောင်များရှိ၏။ ခြံဝင်းမှာလည်း လေးထောင့်ကျကျနှင့်အသင့်အတင့်ကျယ်ဝန်းကာ အိမ်ရှေ့တွင် အိမ်နှင့်ချိတ်ဆက်ထားသည့် ဈေးဆိုင်ရှိသည်။ ရှင်းသန့်တို့မိသားစုမှာ မချမ်းသာလှသော်
လည်း အေးအေးချမ်းချမ်းရှိလှသည်။ ခြံအတွင်းတွင် ပန်းပင်ပေါင်းစုံစိုက်ပျိုးထားပြီး ရှင်းသန့်ဟိုဟိုသည်သည်သွားလျှင်စီးတတ်သည့်စက်ဘီးတစ်စီးနှင့် ဆိုင်ကယ်တစ်စီးရှိ၏။သို့သော် ရှင်းသန့် ရှစ်တန်းအပြီး ကိုးတန်းတက်သည့်အခါ ကျောင်းစာ၊ကျူရှင်နှင့် အချိန်ပိုနည်းသွားကာ စက်ဘီးမစီးဖြစ်တော့ပေ။ ရှင်းသန့်မှာ စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်စီးနိုင်သော်လည်း ဆိုင်ကယ်မှောက်ဖူးသည်ဖြစ်ရာ ဆိုင်ကယ်စီးရမှာကြောက်သည်။ သို့သော် မြသွေးခြယ်မှာ ဆိုင်ကယ်ကိုကျွမ်းကျင်စွာစီးတတ်ပေ၏။
” ရှင်းသန့်ရော မတွေ့မိပါလား…”
လှေကားမှ ဖြည်းဖြည်းချင်းဆင်းလာသည့် ရှင်းသန့်ခြေလှမ်းတွေက သူ့နာမည်ကိုကြားလိုက်ရသည်ကြောင့်တန့်ခနဲရပ်သွား၏။
” သားငယ်က အခုအချိန်ဆို စာကြည့်တယ် မြကြည်ရေ။ သားငယ်က အခန်းထဲကနေ သိပ်မထွက်ဘူး။ သူ့ဘာသာတကုပ်ကုပ်နဲ့ စာလုပ်စရာရှိတာလုပ်လိုက် သူဝါသနာပါရာလုပ်လိုက်နဲ့ လုပ်နေတာပဲ…”
” ဪ… ဒါဆို သူ့အရွယ်ကလေးတွေနဲ့စာရင် ရှင်းသန့်က လိမ္မာတာပေါ့ အစ်မခင်မေရဲ့။ အစ်မက ကံကောင်းလိုက်တာ။ မြသွေးကလည်း လိမ္မာ၊ သားလေးကလည်း လိမ္မာနဲ့…”
လူကြီးအချင်းချင်း ချီးမွမ်းခန်းထုတ်နေသည်ကြောင့် ရှင်းသန့်သက်ပြင်းချလိုက်မိ၏။ လူကြီးမိဘအချင်းချင်း စကားပြောနေလျှင်၊ အထူးသဖြင့် သားသမီးတွေအကြောင်းပြောနေလျှင် ရှင်းသန့် ထိုစကားဝိုင်းနားသို့မသွားချင်ပေ။ မိမိမှာလိမ္မာသော်လည်း ထိုချီးမွမ်းခန်းထုတ်သည့်စကားဝိုင်းများရှေ့တွင် နေရထိုင်ရခက်သလို ခံစားရ၏။ မနေတတ်ဖြစ်ရ၏။ မကြိုက်ဆုံးကတော့ သူ့အကြောင်းကို တဖွဲ့တနွဲ့ချီးမွမ်းခန်းထုတ်နေခြင်းအား ကြားရခြင်းဖြစ်သည်။
” မဟုတ်တာ။ မြကြည်ကမှကံကောင်းတာပေါ့။ သားမင်းခန့်က ဘယ်လောက်တောင်လိမ္မာလိုက်သလဲ။ ရုပ်လေးကလည်းချော၊ စာကလည်းတော်၊ဟော လူကြီးသူမကိုလည်း တအားရိုသေတာပဲ။အဘက်ဘက်က အပြစ်ပြောစရာကိုမရှိဘူး။ တို့မြကြည်တို့ကတော့ ချွေးမတွေ ဝိုင်းဝိုင်းလည်နေတော့မှာပဲ။ ”
“မဟုတ်တာ အစ်မကလည်း… ချွေးမတွေဝိုင်းဝိုင်းလည် မလည်တော့မသိဘူးအစ်မရေ။ ကျွန်မသားမင်းခန့်လည်း လောလောဆယ်တော့ မစွံသေးဘူး။ ”
“ဟယ်…ဟုတ်လား…”
အမေနှစ်ယောက်မှာ သဘောတကျနှင့် တဟားဟားရယ်နေတော့၏။ ရှင်းသန့် လက်ထဲမှာကိုင်ထားသည့် အပူခံခွက်လေးအား ငုံ့ကြည့်လိုက်ကာ သက်ပြင်းသာချမိတော့သည်။ ထို့နောက် လာရာလမ်းအတိုင်း မိမိအခန်းသို့သာ ပြန်လှည့်လာခဲ့တော့၏။ သူ့အမေချီးကျူးနေသည့်ကိုကြီးမင်းခန့်မှာ လူကြီးလူငယ်မရွေးပေါင်းသင်းတတ်သော်လည်း သူ့မှာတော့ ထိုသို့မဟုတ်ပေ။ အဘက်ဘက်မှာ ကြိုးစား၍ရသော်လည်း လူမှုဆက်ဆံရေးတွင်ကား ရှင်းသန့်မှာ ညံ့ဖျင်းလှ၏။ ညံ့ဖျင်းရသည့်အကြောင်းအရင်းမှာလည်း ရှင်းသန့်ကိုယ်တိုင်က လူတွေနှင့်ဆက်ဆံပြောဆိုရမှာ မကြိုက်၍လည်းဖြစ်ပေမည်။
အခန်းထဲသို့ ပြန်ရောက်သည့်အခါ ရှင်းသန့် စားပွဲပေါ်သို့ အပူခံခွက်လေးပြန်ချလိုက်ကာ အိမ်စာများလုပ်ပြီးသွားပြီဖြစ်သည့်အတွက် ဝါသနာပါသည့်ပုံဆွဲခြင်းကိုလုပ်ဖို့စိတ်ကူးလိုက်၏။ စာအုပ်များအား လွယ်အိတ်ထဲ အချိန်ဇယားတိုက်၍ထည့်ကာ စာကြည့်စားပွဲပေါ်တွင်ရှင်းနေအောင်လုပ်လိုက်၏။ လွယ်အိတ်အား စာကြည့်စားပွဲ၏ ညာဘက်နံရံတွင်ကပ်ထားသည့် စာအုပ်စင်ငယ်ရှေ့တွင် ထောင်ထားလိုက်ကာ ထိုစာအုပ်စင်ငယ်အပေါ်ဆုံးထပ်မှ ခံတံ၊ ရောင်စုံခဲတံများထည့်ထားသည့်ခြင်းနှင့် ပုံဆွဲစာအုပ်အားယူလိုက်၏။ ရောင်စုံခဲတံများထည့်ထားသည့်ခြင်းအား စားပွဲပေါ်တွင်သေချာနေရာချကာ ပုံဆွဲစာအုပ်အား သူ့ရှေ့တွင်ချလိုက်ပြီးနောက် ပုံဆွဲခြင်းအတွင်းသို့သာ ရှင်းသန့် အာရုံအပြည့်ထည့်ထားလိုက်တော့သည်။
~~~~~
ရှင်းသန့်တို့အိမ်၏ ညစာစားချိန်မှာ ဈေးဆိုင်ဖွင့်ထားသည့်အိမ်ဖြစ်သည်ကြောင့် ည၈နာရီကျော်ဖြစ်သော်လည်း ရှင်းသန့်မှာ ၇နာရီကတည်းက အရင်စားတတ်သည်။ စာလုပ်ရသည့်သူဖြစ်သည်ကတစ်ကြောင်း၊ ရှင်းသန့်၏ကျန်းမာရေးကတစ်ကြောင်းဖြစ်သည်ကြောင့် မိသားစုထက်ပိုစော၍စားရခြင်းဖြစ်၏။
သို့သော် တခြားသူများညစာစားလျှင်တော့ ရှင်းသန့်က ကူပေးစမြဲပင်။ ထမင်းစားပြီးလျှင် ရှင်းသန့်က ဘုရားမီးကပ်၊ သောက်တော်ရေကပ်ကာ ဘုရားရှိခိုး၏။ ထို့နောက် မိသားစုဝင်များညစာစားသည်ကိုထိုင်စောင့်ရင်း ရှင်းသန့်က တီဗွီကြည့်တတ်သည်။ ကြိုက်လှသည်မဟုတ်သော်လည်း ဟိုဟိုသည်သည်လျှောက်လှည့်ကာ အနည်းငယ်သဘောကျသည့်အစီအစဉ်တွေ့လျှင် ကြည့်လိုက်ရုံသာဖြစ်သည်။ ရှင်းသန့်က တီဗွီမှလာသည့်အစီအစဉ်တွေအား သိပ်မကြိုက်လှပေ။ ငယ်ငယ်ကတည်းက ကြောင်နှင့်ကြွက်၊ ပါဝါရိန်းဂျားနှင့် နိုင်ငံခြားကာတွန်းများကိုသာ ကြည့်ခဲ့သည်ဖြစ်ရာ ယခုအထိလည်း ထိုအရာများကိုသာ စွဲစွဲလမ်းလမ်းရှိလှ၏။ မြန်မာကာတွန်းတွင်တော့ ဘိုဘိုကာတွန်းကိုသဘောကျကာ အရွယ်ရောက်လာသူဖြစ်သည့်အလျောက် ရှင်းသန့်က တီဗွီထက် ကျောင်းစာနှင့်စာအုပ်ဘက်ကို ပိုအားသန်လာသည်။
“သားသားရေ မေမေတို့စားလို့ပြီးပြီ ”
“ဟုတ်ကဲ့ မမ”
မြသွေးခြယ်အသံကိုကြားသည်နှင့် ရှင်းသန့် ချက်ချင်းပင်မတ်တတ်ထရပ်ကာ မီးဖိုချောင်ထဲဝင်သွား၏။ အစ်မဖြစ်သူနှင့်အတူ မီးဖိုချောင်းထဲတွင်သိမ်းဆည်းပေးပြီးနောက် အိမ်အပေါ်ထပ်က သူ့အခန်းသို့ပြန်သွားကာ စာကြည့်တော့သည်။ ကိုရီးယားကားကြည့်ရသည်အားနှစ်သက်သည့် ဒေါ်ခင်မေက ထမင်းစားပြီးလျှင် အပျင်းပြေ ဇာတ်လမ်းတွဲကြည့်တတ်၏။
မြသွေးခြယ်မှာ ထမင်းစားပြီးခါစဖြစ်၍ အမေဖြစ်သူနှင့်အတူ ကိုရီးယားကားလိုက်ကြည့်တတ်ပြီး ဦးစိုးပိုင်မှာ ကိုရီးယားကားကြည့်ရခြင်းအား မကြိုက်သော်လည်း မိန်းမဖြစ်သူနှင့်အတူ လိုက်ကြည့်ပေးတတ်သည်။
ထို့နောက်တွင်တော့ ဦးစိုးပိုင်၊ ဒေါ်ခင်မေနှင့် မြသွေးခြယ်က အလှည့်ကျ ဘုရားရှိခိုးရင်း ဆိုင်ပိတ်လိုက်ပြီဖြစ်သော်လည်း လိုအပ်သည်များလာဝယ်သည့် ဈေးဝယ်များအား ဆိုင်အနောက်တံခါး ဖွင့်လိုက်၊ ပိတ်လိုက်နှင့် အိမ်မကြီးမီးမပိတ်မချင်း ဈေးရောင်းရတော့သည်။
~~~~~
သည်နေ့တော့ မိုးက နည်းနည်းသဘောကောင်းသည်ဟုဆိုရလေမလား။ မိုးတဖွဲဖွဲသာကျသည့်အတွက် ရှင်းသန့်မှာ ကျောင်းဆင်းချိန်ကတည်းက အနည်းငယ်စိတ်ရွှင်နေတော့သည်။မိုးမသည်းလေတော့ ကားစီးရသည်မှာ အဆင်ပြေကာ ကားအဆင်းအတက်လည်း အဆင်ပြေလှ၏။
ရှင်းသန့်ကားပေါ်မှ ဆင်းဆင်းချင်းပင် အရှေ့ခပ်လှမ်းလှမ်းတွင် အဖြူအပြာယူနီဖောင်းဝတ်ယောက်ျားလေးနှစ်ယောက်အား တွေ့လိုက်ရသည်။ ထိုယူနီဖောင်းဝတ်ထားသူများအားတွေ့လျှင် ရှင်းသန့်မှာ အားကျသဘောကျစွာပင် လိုက်ကြည့်တတ်သည့်အလျောက် ယခုလည်း ပြုံးပြုံးကြီးငေးရင်းလျှောက်လို့နေတော့၏။
အရှေ့မလှမ်းမကမ်းမှလျှောက်နေသည့် ထိုအစ်ကိုကြီးနှစ်ယောက်မှတစ်ယောက်မှာ အနောက်သို့လှည့်လာချိန်တွင် ရှင်းသန့် ထီးကလေးပခုံးပေါ်တင်ဆောင်းထားရင်း တန့်ခနဲရပ်သွားတော့သည်။ ထိုအနောက်သို့လှည့်လာသည့်အရပ်ရှည်ရှည်အစ်ကိုကြီးမှာ မျက်စောင်းထိုးလူသစ်အိမ်မှကိုကြီးဖြစ်ကာ သူ့အား ရွှင်ရွှင်ပျပျပင်ပြုံးပြလာ၏။
” ရှင်းသန့်တောင် ကျောင်းကပြန်လာပြီလား ”
တကူးတကရပ်စောင့်ရင်း အရေးတယူနှုတ်ဆက်လာလေတော့ ရှင်းသန့် ဘာလုပ်ရမယ်မှန်းမသိစွာပင် ခေါင်းလေးတစ်ချက်ညိတ်လျက် ပြုံးပြရသည်။
” ဘာလဲ ဘယ်က,ကလေးလဲ ”
” ငါတို့အိမ်ရှေ့ကဈေးဆိုင်လေးလေ အဲဒီက ကလေးလေး ”
“ဪ… မင်းပြောပြောပြနေတဲ့ကလေးလေးကိုး…”
သူငယ်ချင်းတွေဖြစ်ပုံရသည့် ထိုအစ်ကိုကြီးနှစ်ယောက် စကားပြောနေချိန်မှာပင် ရှင်းသန့် ပြုံးပြရင်း အရှေ့မှခပ်သွက်သွက်လျှောက်လာလိုက်၏။
” ကျောင်းမှာတစ်နေကုန်နေလာတာတောင် သနပ်ခါးလုံးဝမပျက်ဘဲ ဘယ်လိုနေလာတာပါလိမ့်…မင်းပြောသလို တော်တော်အနေအေးတယ်ထင်တယ်။ ”
“ဟုတ်တယ်ဆိုနေ မင်းကလည်း။ ကြည့်ပါလား အဲဒီကလေးက ချစ်စရာလေးပါဆိုနေ။ ”
အရှေ့မှလျှောက်နေသော်လည်း ကြားနေရသည့်စကားပြောသံတွေကြောင့် ရှင်းသန့်ကြောင်တောင်တောင်လေးဖြစ်လို့နေတော့သည်။ လူသစ်အိမ်မှကိုကြီးက သူနှင့်မရင်းနှီးဘဲ ဘာကြောင့်များသူ့အကြောင်းကို အရေးတယူပြောရသလဲ၊ ဘာကြောင့်များ အပြုံးချိုချိုနှင့် အရေးတယူနှုတ်ဆက်ရသလဲဆိုတာ မတွေးတတ်ဖြစ်နေတော့၏။ သို့သော် တခြားသူများအား သိပ်အရေးမစိုက်တတ်သူဖြစ်သည့်အလျောက် အိမ်ရောက်သည့်အခါ ရှင်းသန့်မှာ ထိုအကြောင်းအား မေ့မေ့ပျောက်ပျောက်ပင်ဖြစ်သွားတော့သည်။
~~~~~
” သားသားရေ… ”
“သားသား….ရှင်းသန့်လေး….”
“ဗျာ… မမ ”
ရေချိုးပြီး၍ စာကြည့်မည်လုပ်စဉ် အစ်မဖြစ်သူမြသွေးခြယ်၏ခေါ်သံကြောင့် ရှင်းသန့်အခန်းထဲမှထူးရင်းထွက်လာကာ အောက်ထပ်သို့အမြန်ပြေးဆင်းသွားလိုက်သည်။
“ဆိုင်ခဏကြည့်ပေးပါဦး အိမ်သာသွားချင်လို့။ ”
“ဟုတ်ကဲ့ မမ။ ”
ရှင်းသန့် ဈေးဆိုင်ထဲသို့ထွက်လာရင်း မိုးအခြေအနေကိုတစ်ချက်ကြည့်သည့်အခါ မကြာခင်သဲသဲမဲမဲရွာတော့မည့်ပုံပင်။ ရှင်းသန့် ဆိုင်တွင်းမှာ ထိုင်မနေချင်၍ ဟိုရှင်းသည်ရှင်းဖြင့်လုပ်နေလိုက်သည်။
” ရှင်းသန့်လေး…”
ကြာဖူးနေသည့်အသံကြောင့် ဖုန်ရှင်းနေရင်းမှ လှည့်ကြည့်သည့်အခါကိုကြီးသန့်ဇော်။
” ဪ…ကိုကြီးသန့်ဇော်”
“ကိုကြီးကို ခေါက်ဆွဲပြုတ်တစ်ထုပ်လောက်ရှင်းသန့်လေး…”
“ဟုတ်ကဲ့…”
“ခြယ်ရော…”
“မမအိမ်သာသွားတယ်…”
“ဪ…”
ခေါက်ဆွဲထုပ်ကမ်းပေးရင်းမှ သန့်ဇော်မျက်နှာကို ရှင်းသန့်ကြည့်မိသည့်အခါ မှိုင်သွားသည်ကိုတွေ့လိုက်ရသည်။ စိတ်ထဲတွင်တော့ မျက်နှာလေးမြင်ချင်လို့လာကာမှ မောင်နှင့်ကြုံရသည်ဟုတွေးကာ ရှင်းသန့်ကျိတ်ရယ်နေတော့၏။
” ဟို…ပဲကြာဇံတစ်ထုပ်လောက်…”
ဈေးဝယ်နောက်တစ်ယောက်အား ရှင်းသန့်မော့ကြည့်မိတော့ မျက်စောင်းထိုးအိမ်မှ မင်းခန့်ပင်ဖြစ်သည်။
“ဟုတ်ကဲ့ ခဏလေးနော်။ ကိုကြီးသန့်ဇော် ဒီမှာပိုတဲ့ပိုက်ဆံ။ ”
“အင်း ရှင်းသန့်လေး ကိုကြီးသွားပြီနော်။ ခြယ့်ကိုလည်း ပြောလိုက်ဦး လာသွားတယ်လို့ ။ ”
“ဟုတ်ကဲ့ပါဗျာ…”
ရှင်းသန့်ချိုချိုသာသာပင်ဆိုရင်း မင်းခန့်ကိုကြည့်လိုက်သည့်အခါ ပခုံးလေးတွန့်သွားသည်အထိ လန့်သွားရတော့သည်။ ထွက်သွားသည့်သန့်ဇော်ကို ခပ်စူးစူးကြည့်လိုက်၊ ရှင်းသန့်ကို အကဲခတ်သလိုကြည့်လိုက်ဖြင့် မျက်နှာကြီးမဲလို့နေတော့၏။
” ကိုကြီးက ပဲကြာဇံထုပ်နော်…”
“ဟုတ်တယ် ရှင်းသန့်။ ”
“ဒီမှာပါဗျ…”
“ရှင်းသန့် ဟိုလေ…”
“ဟုတ်ကဲ့….”
ပြောရမလို၊ မပြောရမလို ဝေခွဲရခက်နေသည့် မင်းခန့်အား ရှင်းသန့်ကစိတ်ရှည်စွာပင် စောင့်ဆိုင်းပေးသည်။ မင်းခန့်မှာ နားထင်လေးကုတ်ကာဖြင့်…
“ဘာမှမဟုတ်တော့ဘူးရှင်းသန့်…မြသွေးရော ”
မရင်းနှီးလှသူက အစ်မဖြစ်သူကိုမေးလာသည်ဖြစ်ရာ ရှင်းသန့်မျက်မှောင်ကြုတ်လိုက်ရင်း…
” မမကိုဘာလို့မေးတာလဲ။ ”
“အဲဒါက…မတွေ့မိလို့ပါ”
သူ၏ခပ်တင်းတင်းမေးသံမှာ ခပ်ရွံ့ရွံ့ဖြေလာသည့်မင်းခန့်စကားသံကြောင့် ရှင်းသန့်မှာ ရယ်ချင်ချင်ပင်ဖြစ်ရ၏။
” မမကအိမ်ထဲမှာ…”
“ဪ…ဒါဆို သွားပြီနော်…”
“ဟုတ်ကဲ့ဗျ။ ”
မင်းခန့်ဆိုင်ထဲမှထွက်သွားသည့်အခါ ဆိုင်ရှေ့ဖြတ်သွားသည့် အပျိုလေးများမှ ရှက်ရွံ့သလိုလိုဖြင့် မင်းခန့်အားသမင်လည်ပြန်ငေးသွားသည်ဖြစ်ရာ ရှင်းသန့်မှာ အပျိုလေးများအားကြည့်လိုက်၊ မင်းခန့်၏ကျောပြင်အားကြည့်လိုက်ဖြင့် ကျန်ခဲ့တော့၏။
စိတ်ထဲတွင်ကား ‘ဪ…လူကြီးတွေကြားထဲမှာတောင် လိမ္မာရေးခြားရှိလို့ နာမည်ကြီးနေတဲ့သူက ဒီလိုရုပ်ရည်၊ ဒီလိုပညာတတ်ပုံမျိုးနဲ့ဆိုတော့ ရွယ်တူအပျိုလေးများကြားထဲ နာမည်ကြီးမှာပေါ့’ဟူ၍ တွေးလို့နေတော့သည်။
၁၉၊၄၊၂၃။ဗုဒ္ဓဟူး။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို