Chapter 4
သက်ဆုံးတိုင်
အပိုင်း (၄)
မင်းခန့်တစ်ယောက် ခြံထဲမှ ပန်းပင်တွေရေလောင်းရင်း မျက်စောင်းထိုးဆိုင်သို့ တကြည့်ကြည့်လုပ်လို့နေသည်။ ချစ်စရာကောင်းသည့် ပြည့်ပြည့်ဖောင်းဖောင်းနှင့်ကောင်လေးအား မြင်ရလေမလားဆိုသည့် မျှော်လင့်ချက်ကလေးနှင့် ပန်းပင်ရေလောင်းနေသည့် မင်းခန့်တစ်ယောက် လောင်းနေသည့်ရေတွေမှာ ပန်းပင်တွေဆီသို့ တစ်ဝက်သာရောက်၏။
ယခုအချိန်အထိ သူ့ထက်အတော်လေးငယ်သည့် အထက်တန်းကျောင်းသားအရွယ်လေးတွေအား မင်းခန့်မြင်ဖူးသော်လည်း မျက်စောင်းထိုးဆိုင်မှ ကောင်လေးကတော့ ပိုပြီးနုနုနယ်နယ်လေးနှင့် ကလေးရုပ်ပေါက်လှသည်။ အရပ်လေးက သူ့အရွယ်နှင့်သူတော့ ပုံမှန်ထက်အနည်းငယ်သာရှည်သည်ဟုဆိုရမည်ဖြစ်ကာ ခန္ဓာကိုယ်က ဝသည်လည်းမဟုတ်ဘဲ ပြည့်ပြည့်ဖောင်းဖောင်းကလေးဖြစ်သည်။ ပါးလေးတွေက မထိကြည့်ရသေးဘဲနှင့်တောင် အိစက်ပျော့ပျောင်းနေမည်ဟုထင်ရလောက်အောင် ဖောင်းဖောင်းလေးဖြစ်နေသည်ဖြစ်ရာ မင်းခန့်အားရပါးရဆွဲညှစ်ချင်စိတ်တောင် ဖြစ်မိ၏။ မျက်နှာကျသွယ်သွယ်လေးကိုမှ ပြည့်ပြည့်လေးနှင့် ဆံပင်ကလည်းခပ်တိုတိုပင်ညှပ်ထားကာ မျက်ခုံးကလည်းထင်းလို့နေပြီး၊ မျက်ဝန်းအိမ်ကျယ်ကျယ်ကလေးကလည်း ကြည်လင်လို့နေလေတော့ ကလေးလေးတစ်ယောက်လိုပင်။ ဘယ်အချိန်မြင်ရမြင်ရ မျက်နှာမှာ သနပ်ခါးအဖွေးသားနှင့် ပါးကွက်ဝိုင်းဝိုင်းလေးက အမြဲတမ်းရှှိနေခဲ့သည်ဖြစ်ရာ မင်းခန့် မြင်စကတည်းက အသည်းတယားယားဖြစ်နေခဲ့ရ၏။
နှုတ်ခမ်းပါးလေးက အမြဲတစေ တင်းစေ့နေတတ်ကာ သူ သကြားလုံးကျွေးခဲ့တော့လည်း မစားချင်သလိုနှင့်ဖောက်စားနေပြီး စကားပြောပုံကတော့ အသွင်အပြင်နှင့်ကွာခြားစွာ ခပ်ပြတ်ပြတ်ဆိုတတ်လေတော့ မင်းခန့်မှာ သည်လိုညီလေးတစ်ယောက်သာရှိလျှင် တစ်ချိန်လုံး စနောက်နေမိလောက်မည်ဟု ထင်မိအောင်ပင်။
” သားမင်းခန့်ရေ….ရေလောင်းလို့မပြီးသေးဘူးလား ။ ပြီးရင်…အစ်မခင်မေတို့အိမ်ကို ဒီမုန့်လေးသွားပို့ပေးပါဦး ”
အိမ်ထဲမှ အမေဖြစ်သူဒေါ်မြကြည်လှမ်းအော်သည့်အသံကြောင့် မင်းခန့်တို့ ခါးမတ်ခနဲဆန့်သွားတော့သည်။
” ဟုတ်ကဲ့…လာပြီ မေမေရေ…”
မနက်စဝင်ကတည်းက မီးဖိုချောင်ထဲမှ မထွက်ဘဲ ဘာတွေတကုပ်ကုပ်လုပ်နေသလဲ ကြည့်လိုက်တော့ ဆီထမင်း။ မင်းခန့်အကြိုက်ဖြစ်၍ အမေဖြစ်သူတစ်ဖက်လှည့်နေစဉ် ပါးစပ်ထဲတစ်လုတ်ကောက်သွင်းပစ်သည်။
” ဒီဟာမလား မေမေ သားသွားပို့လိုက်မယ်နော် ”
“အေးအေး…”
မင်းခန့် ဒေါ်မြကြည်အလစ် ဆီထမင်းနောက်တစ်လုတ် ပါးစပ်ထဲကောက်ထည့်ကာ မီးဖိုချောင်ထဲမှ အမြန်ထွက်ခဲ့လိုက်တော့သည်။
မျက်စောင်းထိုးဆိုင်ထဲသို့ရောက်ချိန် မြသွေးခြယ်သာရှိသည်။ ရွယ်တူဖြစ်သည်ကတစ်ကြောင်း၊ နှစ်အိမ်၏လူကြီးများကဆက်ဆံရေးကောင်းသည်ကတစ်ကြောင်းနှင့် မြသွေးခြယ်နှင့်မင်းခန့်လည်း အနည်းငယ်ရင်းနှီးလို့နေပြီ။ မရင်းနှီးသည်မှာ သည်အိမ်မှ သားတော်မောင်တစ်ယောက်သာရှိသည်။ မင်းခန့် မိဘတွေနှင့်အတူ သည်အိမ်ကို အလည်လာဖူးသလို၊ ယခုကဲ့သို့ မုန့်လည်းလာပို့ဖူးသည်။ သည်အိမ်မှသားတော်မောင်ရှင်းသန့်ပိုင်အား တစ်ခါမှမတွေ့ခဲ့ဖူးပေ။ကျောင်းသွားကျောင်းပြန်နှင့်တစ်ခါတစ်ရံဈေးလာဝယ်ချိန်လောက်သာ အမှတ်မထင်တွေ့ရတတ်၏။
” မေမေက ဆီထမင်းပို့ခိုင်းလိုက်လို့…”
“ဟယ်…အေးအေး…ခဏလေးနော် ။ ပန်းကန်လှယ်ပေးမယ်”
“ရတယ် ဟိုကလေးလေး မရှိဘူးလား ”
သူကမ်းပေးသည့်ဘူးကိုယူကာ ပန်းကန်လှယ်ရန် ထထွက်သွားသည့် မြသွေးခြယ်က တန့်ခနဲရပ်သွားကာ နောက်လှည့်လာသည်။
“ဘယ်ကလေးလဲ …အာ ရှင်းသန့်လား ”
မြသွေးခြယ်က တွေးဆဆလုပ်ရင်းမှ ချက်ချင်းသဘောပေါက်သွားရှာသည်။
” ရှိတယ် သူကစာကြမ်းပိုးလေ။ဒီလိုအချိန် အခန်းထဲကအပြင်မထွက်ဘူး…”
“ဪ…”
ရယ်ရယ်မောမောဆိုရင်းပင် အိမ်ထဲသို့ဝင်သွားပြီဖြစ်သည့် မြသွေးခြယ်။ မင်းခန့်တစ်ယောက် တည်း ဆိုင်ထဲမှာ အိုးတိုးအမ်းတမ်းဖြစ်နေတုန်းပင် ဆိုင်ထဲသို့ဝင်လာသည့်လူအရိပ်ကို ဖျတ်ခနဲမြင်လိုက်သည်ကြောင့် ကြည့်မိတော့ ဟိုကလေးလေးပင်။ လူကို စစ်ဆေးသလိုသေချာကြည့်လာပြီးနောက်…
” ဘာဝယ်မလို့လဲဗျ…”
ရေခဲသေတ္တာကိုဖွင့်ကာ တစ်ခုခုရှာရင်းမေးလာသည်ကြောင့် မင်းခန့်ကြောင်သွားမိလျက်။
” မမ ဈေးဝယ်လာတယ် ”
ပဲနို့ဘူးကောက်ထုတ်သွားပြီး သူ့ဘက်မှဘာမှပြန်မဖြေရသေးခင်ပင် အိမ်ထဲသို့လှမ်းအော်နေသည့် ကောင်လေးကြောင့် မင်းခန့် ဖွီးခနဲရယ်မိပြီးမှ ရယ်ချင်စိတ်ကို ပြန်ထိန်းထားရသည်။
” ဈေးဝယ်လာရင်ရောင်းလိုက်ပေါ့ သားသားရဲ့ ”
မြသွေးခြယ်အသံကိုကြားလိုက်ရသော်လည်း လူကိုမမြင်ရသေးပေ။ ရှင်းသန့်က ပဲနို့ဘူးကိုဖောက်ကာ တစ်ချက်စုပ်သောက်လိုက်ပြီးမှ…
” သားဆီက မဝယ်ချင်ဘူးထင်လို့လေ။ သားမေးတာကို မဖြေဘူး မမရဲ့ ”
အိမ်ထဲသို့ ထပ်မံအော်ပြောရင်း သူ့ဘက်သို့ လှည့်လာရင်းဆိုသည့်ရှင်းသန့်စကားကြောင့် မင်းခန့်ဟန်မဆောင်နိုင်ဘဲ ရယ်ချမိတော့သည်။
” အစ်ကိုက ဈေးလာဝယ်တာမဟုတ်ဘူးရယ်။ မုန့်လာပို့တာပါ ”
“ဪ… ”
ပဲနို့ဘူးကို စုပ်သောက်နေရင်း မျက်ခုံးလေးပင့်လို့ ဆိုလာသည်မှာ လူကြီးလေးလို။ မျက်နှာမှာသနပ်ခါးပါးကွက်ဝိုင်းဝိုင်းကလည်း အဖွေးသားပင်။ နှာခေါင်းထိပ်မှာ သနပ်ခါးအစက်ကလေးပါသေး၏။
” ဪ…ရှင်းသန့်က ပေါက်ကရတွေအော်နေလို့ ဘယ်ဈေးဝယ်များလဲဆိုပြီး အမြန်ထွက်လာတာ…”
မြသွေးခြယ်က ပန်းကန်ကိုရေခါရင်း ကပျာကယာထွက်လာတာ ရယ်ကျဲကျဲဆိုရှာသည်။ ဟိုကလေးကတော့ သူဘာမှလုပ်မထားသလိုပင် ‘သားသွားပြီ ‘ ဟုဆိုကာ အိမ်ထဲပြန်ဝင်သွားတော့၏။
“အစားပုပ်လေး မုန့်စားချင်မှ အပြင်ထွက်လာတယ်။ အန်တီကိုကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး မင်းခန့်ရေ။ ”
“အေးပါ။ ရပါတယ်။ ဒါဆို ငါသွားပြီနော် ”
“အေးအေး…”
မင်းခန့် ပန်းကန်လေးယူလို့ လှည့်ထွက်လာပြီးနောက် ရင်ထဲမှာ ကလိကလိဖြင့် ပြုံးနေမိတော့သည်။
~~~~~
သည်နေ့မနက် ဒေါ်မြကြည်ကဈေးဝယ်ခိုင်းသဖြင့် မင်းခန့်တစ်ယောက် ဆွဲခြင်းလေးကိုင်လို့ လမ်းထိပ်မှမနက်ခင်းဈေးသို့ မနက်ခုနစ်နာရီမှာ ဈေးထွက်ဝယ်ရ၏။ ဈေးထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အမေဖြစ်သူမှာလိုက်သည်များကို သေချောစေ့စေ့စပ်စပ်ဝယ်ပြီးနောက် နောက်ဆုံးဝယ်ရမည်က ဘုရားပန်းပင်ကျန်တော့သည်။ ဒေါ်မြကြည်မှာလိုက်သည်က နှင်းဆီပန်းပင်ဖြစ်၏။
တစ်ဦးတည်းသောသားဖြစ်သည်ကြောင့် အိမ်မှုကိစ္စမှအစ၊ငွေခွဲခြမ်းသုံးစွဲရေးအဆုံး၊ ဈေးဝယ်ရေးရာပါကျွမ်းကျွင်အောင် အမေဖြစ်သူဒေါ်မြကြည်ထံမှ အသင်ခံထားရသည်ဖြစ်ရာ နှင်းဆီပန်းကိုလည်း သေသေချာချာရွေးတတ်သည့် မင်းခန့်ပင်။
ဘုရားပန်းလည်းဝယ်ပြီးပြီဖြစ်ရာ ဈေးခြင်းလေးဆွဲ၊ ဘုရားပန်းလေးကိုင်ရင်း ပြန်လာသည့်လမ်းတွင် မျက်နှာချင်းဆိုင်မှ တစ်ဖက်မှထမင်းချိုင့်ထည့်ထားသည့်ခြင်းကလေးဆွဲ၊ တစ်ဖက်မှ ထီးရှည်လေးကိုင်လို့ အဖြူအစိမ်းကျောင်းဝတ်စုံနှင့် လမ်းလျှောက်လာသည့်ရှင်းသန့်ကြောင့် မင်းခန့် မျက်လုံးပြူးသွားတော့သည်။ လက်ပတ်နာရီကိုကြည့်မိတော့ ခုနစ်နာရီ ခွဲတော့မည်။အလျင်စလို ခပ်သွက်သွက်လျှောက်နေပုံရသည့်ရှင်းသန့်က သူ့ကိုမြင်မည်လည်းမထင်ပေ။
” ရှင်းသန့်…”
မင်းခန့် ခပ်ကျယ်ကျယ်အော်ခေါ်ရင်းလက်ပြကာမှ မျက်ဝန်းအဝိုင်းသားဖြင့်ကြည့်လာပြီး မရယ်ချင့်ရယ်ချင့်ဖြင့် ရယ်ပြ၏။
” ကျောင်းသွားတာ အစောကြီးပါလား။ ”
အနားရောက်မှ မင်းခန့် လောကွတ်ချော်ကာမေးတော့ ရှင်းသန့်က ခြေလှမ်းတွေကို ခဏရပ်ကာဖြင့်…
” ကျူရှင်ရှိလို့ဗျ။နောက်ကျနေလို့ရယ်…သွားတော့မယ်နော် ”
တာဝန်ကျေပင် ခပ်မြန်မြန်ဖြေလို့ ခပ်သွက်သွက်လျှောက်သွားပြန်သည့်ရှင်းသန့်ကို လည်ပြန်ကြည့်ရင်း မင်းခန့်ကပြုံးသည်။ မေးသည့်မေးခွန်းအား ပြန်ဖြေသွားသည်ကိုပဲ ကျေးဇူးတင်ရလေမလား။
တဖြည်းဖြည်း တရွေ့ရွေ့နှင့် ဝေးသွားသည့် ကျောပြင်လေးကို ဆက်မငေးတော့ဘဲ မင်းခန့် အိမ်သို့သာ ဦးတည်ခဲ့တော့သည်။ ကြာနေလျှင် ဒေါ်မြကြည်ထံမှ အဆူခံရလိမ့်မည်။
~~~~~
ကျောင်းမှပြန်လာလာချင်း စီးကရက်သောက်ချင်သည်နှင့် မင်းခန့် အိမ်သို့မဝင်သေးဘဲ ဈေးဆိုင်သို့ကျော်လာခဲ့လိုက်သည်။မိဘနှစ်ပါးလုံးက ရှေးရိုးဆန်သင့်သည့်နေရာဆန်သော်လည်း ခေတ်အရလွတ်လပ်ခွင့်ပေးထားသည်ကိုပင်ကျေးဇူးတင်သင့်သည်ဟုဆိုရလေမလား။ မင်းခန့်ကို လူငယ်သဘာဝကိစ္စများနှင့်ပတ်သက်၍ တားမြစ်တာမျိုးသိပ်မလုပ်ပေ။ မင်းခန့်အနေဖြင့်လည်း မိဘတွေက လွတ်လပ်ခွင့်ပေးထား၍ အခွင့်အရေးယူကာ လုပ်ချင်ရာလုပ်သည့်သူမဟုတ်ဘဲ ဘယ်အနေအထားမှာရပ်သင့်သည်ဆိုတာ သိသူမျိုးပင်။ မိဘနှင့်သားသမီးကြားမှ အပြန်အလှန်နားလည်မှုဟုဆိုရလေမလား။ မင်းခန့်တို့နေထိုင်ရာပတ်ဝန်းကျင်တွင် သည်လိုမိဘနှင့်သားသမီးကြား အပြန်အလှန်နားလည်မှုဆိုသည့်ကိစ္စမျိုး သိပ်ရှားပါးသော်လည်း မင်းခန့်နှင့်သူ့မိဘများကတော့ တစ်ယောက်နှင့်တစ်ယောက် မိဘ၊ သားသမီးအဖြစ် တော်စပ်ရသည်မှာ ကံကောင်းသည်ဟုပင်ဆိုရမည်။
” စီးကရက် တစ်လိပ်လောက် ”
“ဪ ထီးကြုံလိုက်တဲ့ကိုကြီး ”
မင်းခန့် ဆိုင်ထဲသို့ငုံ့ဝင်ရင်းပြောလိုက်ကာ အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံနှိုက်နေစဉ် ကြားလိုက်ရသည့်အသံနှင့်စကားကြောင့် ချက်ချင်းပင် ခေါင်းကိုဆတ်ခနဲမော့ကြည့်သည်။ သုံးလိုက်သည့်နာမ်စား
ကြောင့်ပဲရယ်ရမလား၊ အရေးတယူမှတ်မိပေးသည့်အတွက်ပဲ ပျော်ရလေမလား။ နှစ်ယောက်သားတွေ့ရသည့်အကြိမ်မှာ အနည်းငယ်များပြီဟုဆိုနိုင်သော်လည်း ရှင်းသန့်ဘက်မှ အရေးတယူမှတ်မိပုံမရှိလှသည်ကြောင့် မင်းခန့်တိတ်တိတ်ကလေးကြွေကွဲခဲ့ရသည်ပင်။ခပ်ဆန်းဆန်းနာမ်စားကိုအသုံးပြုသူကာကယံရှင်ကတော့ ဆေးလိပ်ကလေးထုတ်ပေးလို့ ခပ်တည်တည်ပင်ကြည့်လို့နေသည်။
” ဒီတစ်ခါတော့ အကြွေပါတယ် ”
မင်းခန့် ပြုံးရိပ်ရိပ်နှင့်ပင် တစ်ရာတန်လေးထုတ်ပေးတော့ စိတ်လိုလက်ရရယ်ရင်း ပိုက်ဆံလှမ်းယူသည့်ကောင်လေးကြောင့် ငေးခနဲဖြစ်သွားရ၏။
အေးချမ်းလိုက်တာ။ အမြဲတမ်း ခပ်တည်တည်၊ ခပ်ဆူဆူမျက်နှာကလေးပဲ မြင်နေရသည်ကိုတောင် ချစ်စရာလေးလို့ထင်မိပြီး၊ငြိမ်သက်သည့်ခံစားချက်ကလေးရခဲ့သည့်မင်းခန့်။ရှင်းသန့် ပထမဆုံးအကြိမ် စိတ်လိုလက်ရ,ရယ်သည်ကို မြင်ဖူးသည်ဖြစ်၍ ရင်ထဲအေးခနဲ၊ လှပ်ခနဲပင်။
” ဒီနေ့ ကျူရှင်မတက်ရဘူးလား ”
လက်ထဲရောက်နေပြီဖြစ်သည့်ဆေးလိပ်ကလေးဟာ စိတ်လှုပ်ရှားမှု၏ဓားစာခံလေးဖြစ်ကာ ကြေမွလို့။
” ကြာသပတေးဆို ညနေပိုင်း ကျူရှင်မရှိဘူးဗျ ”
“ဪ… ရှင်းသန့်က ကိုးတန်းနော်…”
“ဟုတ်ကဲ့ ”
သည်နေ့မှ ဘာရယ်ကြောင့်မှန်းမသိ မကြာခဏဆိုသလိုပင် ပြုံးရယ်လို့စကားပြောနေသည့်ကောင်လေးကြောင့် မင်းခန့်တစ်ယောက် စိတ်ထဲမှရော၊ ရင်ဘတ်ထဲမှပါ ဂနာမငြိမ်ဖြစ်နေတော့သည်။
“ဒါဆို အစ်ကိုသွားလိုက်ဦးမယ်နော်…”
ခပ်ပြုံးပြုံးပင် ခေါင်းညိတ်ပြသည့်ကောင်လေးကြောင့် မင်းခန့် စိတ်ရွှင်မြူးစွာပင် သွားအကုန်လုံးပေါ်သည်အထိ ရယ်ပြပြီး လှည့်ထွက်လာခဲ့လိုက်၏။
လက်ထဲမှ စီးကရက်အကြေအမွလေးကတော့ ဈေးဆိုင်ရှေ့မှ အမှိုက်ခြင်းထဲသို့ ရောက်သွားလေပြီ။
စီးကရက်သောက်ရန်လည်း မလိုအပ်တော့ပေ။
ဪ…’ထီးကြုံလိုက်တဲ့ကိုကြီး’ တဲ့။
နာမ်စားလေးက သိပ်လှသည်။
လူလေးကလည်း သိပ်အေးချမ်းလှသည်။
၁၉၊၂၊၂၀၂၃။ တနင်္ဂနွေ။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို