Chapter 5
သက်ဆုံးတိုင်
အပိုင်း (၅)
သည်နေ့ ရာသီဥတုကောင်းသည်ပင်။ ကောင်းကင်ကရှင်းလင်းနေတော့ ကျောင်းသွားရသည်မှာကောင်းလှ၏။ တခြားအချိန်ရွာသည်မှာကောင်းသော်လည်း သူကျောင်းတက်ကျောင်းဆင်းချိန်မိုးရွာလျှင် ရှင်းသန့် အလိုလိုပင်စိတ်တိုတတ်သည်။ မိုးရာသီဖြစ်၍ မိုးရွာသည်မှာမှန်သော်လည်း မိုးကတမင်သက်သက် ကျောင်းတက်ကျောင်းဆင်းချိန်ဆို ပိုလို့သည်းကာရွာ၏။
“ရှင်းသန့် …”
စိတ်ရွှင်လန်းစွာဖြင့် အိမ်မှမြောက်ကြွမြောက်ကြွထွက်လာခိုက် ခေါ်သံကြောင့်လှမ်းကြည့်မိလေတော့ မျက်စောင်းထိုးအိမ်မှကိုကြီးပင်။ ရှင်းသန့် ဝတ္တရားအရပြုံးပြလိုက်ပြီးနောက် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ချိန် သူ့အနားသို့ အပြေးလေးလာပြီးကပ်လျှောက်သည်ကြောင့် လမ်းလျှောက်ရင်းပင် မော့ကြည့်မိ၏။
အဖြူအပြာယူနီဖောင်းနှင့် ဆံပင်နက်နက်တွေကို သပ်ရပ်စွာသပ်တင်ထားသည့်သူက အနီးကပ်မြင်ရတော့ ပိုလို့တောင်ကြည့်ကောင်းသည်ပင်။ အသားအရည်က ညိုသည်လည်းမဟုတ်၊ ဖြူသည်လည်းမဟုတ်၊ မျက်နှာကသွယ်သည်၊ ဝိုင်းသည်လည်းမဟုတ်ဘဲ သည်အတိုင်း ကြည်လင်ကာဝင်းပသည့်မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်ဖြစ်၏။ မျက်နှာမှာအပေါ်လွင်ဆုံးအစိတ်အပိုင်းကိုပြောပါဆိုလျှင် နှာတံသွယ်သေးသေးလေးဟုဆိုရလေမလား။ လူကြီးတွေပြောသလို ပါးပါးလျားလျားချောသည်ဟုပြောရမည်။
သူ့လိုအရွယ်မျိုးကပင် အားကျရပြီး၊ငေးရလောက်သည်အထိ ချောမောလေတော့ ဘယ်လောက်များပေါ်ပြူလာဖြစ်မလဲဟု ရှင်းသန့်တွေးမိ၏။
” ဒီနေ့လည်း ကျူရှင်ရှိတယ်ပေါ့။ ”
“ဟုတ်ကဲ့။ ”
“ရှင်းသန့်က ဘာယူထားလဲ။ ဘိုင်အိုလား အီကိုလား”
ဘေးနားမှလျှောက်ရင်း ရင်းနှီးနေသူတွေလို ခပ်ပြုံးပြုံး၊ ခပ်အေးအေးမေးလာလေတော့ ရှင်းသန့် လူ့ဂွစာလုပ်ကာ မဖြေလို့လည်းမကောင်းလှပေ။
” ဘိုင်အိုဗျ ”
” အင်း…ကောင်းပါတယ် ”
“ဟုတ်ကဲ့ ”
နှစ်ယောက်သားအတူလျှောက်လာရင်း မနက်ခင်းဈေးသို့ရောက်လေတော့ ဆိုင်ကယ်နှစ်စီးဝင်လာသည်နှင့်တိုးတော့သည်။ မနက်ခုနစ်နာရီစွန်းစွန်းသာရှိသေး၍ ဈေးထဲမှာလည်းလူကျနေကာ နှစ်ယောက်သားယှဉ်သွားဖို့ရာ ကျပ်နေတော့၏။
သို့သော် မင်းခန့်က ခန္ဓာကိုယ်လေးစောင်းကာ ရှင်းသန့်မကျပ်လေအောင် ရှောင်ပေးပြီးနောက် ရှင်းသန့်ပခုံးလေးကိုထိရုံသာထိပြီး ထိန်းပေးရှာသည်။
” ကိုကြီး အရှေ့ကသွားလိုက်လေ ”
” ရတယ်… ကဲ ရသွားပြီ ”
ခပ်ပြုံးပြုံးပင်ဆိုသည့်မင်းခန့်ကြောင့် ရှင်းသန့်လည်းဘာမှထပ်ကာမဆိုတော့ပေ။
ရှင်းသန့် ရွှေကျီဝယ်သွားချင်၍ ဒေါ်သင်းမုန့်ဆိုင်ရှေ့တွင် ရပ်တော့လည်း ဘေးနားမှာ လိုက်ရပ်သည့်မင်းခန့်ပင်။ ရှင်းသန့်မှာ မျက်မှောင်လေးကြုတ်လို့ ခိုးကြည့်ရင်း….
” ကောက်ညှင်းရွှေကျီနှစ်တုံးပေးပါ ”
“ဟုတ်ပြီ သားလေး…ဒါလေးက အပိုထည့်ပေးလိုက်တာနော်”
“ဟီးဟီး ကျေးဇူးပါဗျ ”
ရှင်းသန့်မှာ ဒေါ်သင်းဆီမှ ဝယ်နေကျဖောက်သည်လိုဖြစ်နေရာ အမြဲလိုလိုပင် ရွှေကျီမုန့်တုံးသေးသေးလေးအပိုထည့်ပေးခြင်းခံရတတ်၏။ ကောက်ညှင်းခဏခဏစားလျှင် ဝမ်းချုပ်မှာစိုး၍ အမေက ခဏခဏမစားခိုင်းသော်လည်း ရှင်းသန့်က ရွှေကျီမုန့်ကိုကြိုက်လွန်း၍ ကျောင်းသို့မကြာခဏဝယ်ထုတ်သွားတတ်သည်။
သည်လိုနှင့် မနက်ခင်းဈေးလမ်းမလေးဆုံးသည့်အခါ ကားလမ်းဘေးနားရောက်လေတော့ ရှင်းသန့်က တစ်ဖက်လမ်းသို့ကူးရပေတော့မည်။
” ရှင်းသန့် ခဏလေး မကူးနဲ့ဦးနော် ”
အစိုးရိမ်လွန်စွာဖြင့် သတိပေးသည့်မင်းခန့်ကို ရှင်းသန့် မော့ကြည့်ကာဖြင့်…
“ဒီလောက် ကားအများကြီးလာနေတာ ကျွန်တော်ကူးပါ့မလားဗျ ”
စိတ်ကိုထိန်းထားသော်လည်း နဂိုကိုးလိုးကန့်လန့်ကျတတ်သည့်ရှင်းသန့်၏လူ့ဂွစာအကျင့်ကပေါ်ပေါ်လို့လာသည်။ မင်းခန့်ကတော့ သဘောတကျပင် ရယ်လို့နေ၏။
“ဟုတ်သားပဲနော့်… ဟိုရောက်ရင်လည်း ကားလမ်းသေချာကြည့်ကူးနော် ရှင်းသန့်”
“ဟုတ်ကဲ့ဗျ ”
“ကူးတော့ ”
ရှင်းသန့် ကားရှင်းသည်နှင့်တစ်ပြိုင်နက် အမြန်လေးပြေးသွားလိုက်သည်။ လမ်းတစ်ဖက်သို့ရောက်ချိန် တစ်ခြားတစ်ဖက်သို့လှမ်းကြည့်တော့ သူ့ကိုလှမ်းကြည့်နေဆဲဖြစ်သူကိုမြင်ရ၏။
တအားရင်းနှီးနေသူလိုပြုမူနေသည်အား နားမလည်နိုင်သော်လည်း အိမ်နီးချင်းတွေဖြစ်သည်ကြောင့် ဖေးမသည်ဟုသာ ရှင်းသန့်တွေးလိုက်တော့သည်။
~~~~~
” ရှင်းသန့် ”
ကြားဖူးနေသော်လည်း ခန့်မှန်းမရသည့် ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့် ရှင်းသန့်အနောက်သို့ လှည့်ကြည့်မိသည်။ ထီးကြုံလိုက်သည့်ကိုကြီးက ဆိုင်ကယ်နှင့်ကျောင်းမှပြန်လာသည်ထင်၏။ အခုတလော တိုက်ဆိုင်မှုတွေများနေသလားမသိသော် လည်း ကိုကြီးမင်းခန့်နှင့် ကျောင်းသွားကျောင်းပြန်ချိန် နေ့တိုင်းတွေ့နေရသလိုပင်။
” ရှင်းသန့် ဆိုင်ကယ်နဲ့လိုက်မလား ”
သူ့အနားမှာ ဆိုင်ကယ်ထိုးရပ်ကာ ပြုံးရိပ်ရိပ်နှင့် ဆိုလာသူအား ရှင်းသန့်ခေါင်းခါပြလိုက်လျက်…
“မလိုက်ချင်ပါဘူး ”
ရှင်းသန့် ခပ်ပြတ်ပြတ်ပင်ငြင်းတော့ မင်းခန့်ကရယ်ရှာသည်။
” ဒါဆို သွားတော့မယ်ခင်ဗျ ”
ရွှတ်နောက်နောက်ပင်ဆိုကာ ထပ်မံပြုံးပြလျက် ဆိုင်ကယ်မောင်းထွက်သွားလေတော့ ရှင်းသန့်က သက်ပြင်းချ၏။
လူကိုတွေ့တိုင်း ရယ်ပြ၊ ပြုံးပြနေတာ သဘော ကောင်းလွန်း၍လား၊ မျက်နှာရူးဖြစ်၍လား ရှင်းသန့်မသိတော့ပေ။ ကြားနေရသည့်စကားတွေအရ သားလိမ္မာသူတော်ကောင်းလေးဆိုတော့ မျက်နှာရူးတော့မဟုတ်လောက်ပါဘူးလေ။
~~~~~
“ရှင်းသန့်…”
သည်တစ်ခါတော့ ဘယ်သူခေါ်မှန်း ရှင်းသန့်သိလိုက်ပြီဖြစ်သည်။ မနက်တိုင်းလိုလို သူကျူရှင်တက်ရသည့်နေ့ဖြစ်စေ၊ ကျူရှင်မတက်ရသည့်နေ့ဖြစ်စေ ကျောင်းသွားချိန်တိုင်း သည်ကိုကြီးနှင့်ဆုံ၏။ တိုက်ဆိုင်မှုဟုဆိုရအောင်လည်း တိုက်ဆိုင်လွန်းနေသည်။
“ဒီနေ့တော့ ကျူရှင်မတက်ရဘူးပဲ ”
“ဟုတ်တယ်ဗျ ”
“စာတွေရော လိုက်နိုင်ရဲ့လား ”
“ဟုတ်ကဲ့။ ”
စကားမရှိစကားရှာပြောပြီးနောက် စကားရှာမရတော့၍ထင် တိတ်သွားသည်ကြောင့် ရှင်းသန့် စိတ်ထဲမှကြိတ်ပြုံးမိသည်။ တစ်ဦးတည်းသောသားဟုကြားထားသည်ဖြစ်ရာ ညီငယ်လေးတစ်ယောက်များလိုချင်၍ သူ့ကိုတရင်းတနှီးဆက်ဆံနေသလားဟု ရှင်းသန့်တွေးမိ၏။
” ကားသေချာကြည့်ကူးနော် ”
“ဟုတ်ကဲ့ဗျ”
ဒါကလည်း နေ့တိုင်း မမောစတမ်းမှာသည့်စကားပင်။ အိမ်ကမေမေ၊ မမတို့ဆီမှ လက်ထပ်၍သင်ထားသလားထင်ရအောင် မှာတတ်သည့်စကားတစ်ခွန်း။ ကြားရပါများလေတော့ ရှင်းသန့်မှာ နေသားတကျပင် ဖြစ်လို့နေတော့သည်။
~~~~~
ရှင်းသန့်တစ်ယောက် ဈေးဆိုင်စောင့်ရင်း စာအသည်းအသန်ဖတ်လို့နေသည်။ စာစီစာကုံးပြိုင်ပွဲရှိသည်ကြောင့် လေ့လာမှတ်သားစရာများအား တစ်ပုံတစ်ပင်ကြီးဖတ်လို့နေတော့၏။
ရှင်းသန့်က ကိုးလိုးကန့်လန့်နိုင်သော်လည်း မိသားစုဂုဏ်ဆောင်သားလိမ္မာလေးလည်းဖြစ်ကာ၊ ရပ်ကွက်ထဲမှာတော့ အနေအေးကာလိမ္မာသည့်ကလေးအဖြစ် နာမည်ထင်ရှား၏။
လူတွေနှင့်အဆက်အဆံနည်းကာ ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျူရှင်သာကူးနေပြီး ၊ စာကိုသာတကုပ်ကုပ်လုပ်လို့၊ စာဖတ်ဝါသနာပါသူဖြစ်ရာ သူ၏ကိုးလိုးကန့်လန့်ကျမှုတွေဟာ လူသိသည့်သူ့အကျင့်ဖြစ်မနေပေ။ သို့သော် သူ၏ကိုးလိုးကန့်လန့်ကျမှုတွေဟာလည်း အမှန်တရားဖြစ်နေလေတော့ အိမ်ကသူတွေအနေနှင့် အဲ့သည်နေရာမှာတော့ ရှင်းသန့်ကိုလုံးဝမနိုင်သလို ရှင်းသန့်ကလည်း မနိုင်,နိုင်အောင်ပြောတတ်သူဖြစ်၏။
တစ်ခါက မောင်နှမနှစ်ယောက်အား ထမင်းခူးခိုင်းသည်ဖြစ်ရာ အစ်မဖြစ်သူမြသွေးခြယ်က ဟိုဟင်းလည်းသူခပ်မှဖြစ်မည်၊ ဒီဟင်းလည်းသူခပ်မှဖြစ်မည်ဟုဆိုရာ ရှင်းသန့်က သက်ပြင်းချကာဆိုသည်။
” ဟင်းက ပန်းကန်ထဲရောက်ရင်ပြီးရောမလား။ ဘယ်သူခပ်ခပ်ပေါ့။ ပန်းကန်ထဲရောက်ရင် စားလို့ရပြီလေ။ဘာလဲ သားခပ်ရင် ဟင်းကစားလို့မရတော့ဘူးလား ”
မြသွေးခြယ်က သူ့မောင်၏ပြောစကားကို ရယ်ရုံမှလွဲ ဘာမှမပြောနိုင်တော့ချေ။ ဟုတ်တော့လည်းဟုတ်သည်။ ရှင်းသန့်က သပ်သပ်ချေေေချနေတတ်သည်ဖြစ်၍ ဘာလုပ်လုပ် သပ်ရပ်သည်။ ဟင်းခတ်လည်းသေသပ်သလို၊ ပန်းကန်နေရာချသည်မှအစ မြသွေးခြယ်ထက်မလျော့ဘဲ သေသပ်စွာနေရာချနိုင်၏။ သူ့အခန်းကိုလည်း သန့်ရှင်းနေအောင်ထားကာ သူ့ပစ္စည်းတစ်ခုနေရာရွေ့သွားသည်နှင့် တန်းသိသူဖြစ်သည်။ မိသားစုမှာ ရှင်းသန့်အရွယ်ရောက်လာလေလေ သူ့ပစ္စည်းများအားမထိရဲလေဖြစ်နေတော့၏။
” ရှင်းသန့်…”
“ခင်ဗျာ…”
စာအုပ်ဖတ်နေရင်းဖြစ်၍ ထူးမိသည်မှာ အယောင်ယောင်အမှားမှားပင်။
” တစ်ယောက်တည်းလား မြသွေးရော…”
ရှင်းသန့် စာအုပ်ကိုင်လျက်သားပင် မင်းခန့်ကို မျက်မှောင်ကြုတ်လို့မော့ကြည့်သည်။ သူ့အစ်မကို တကူးတကမေးလေတော့ မောင်တစ်ယောက်အနေဖြင့် စစ်ဆေးသည့်သဘော။
” မမ စက်ချုပ်ဆိုင်သွားတယ်။ ဘာလုပ်မလို့လဲ”
ရှင်းသန့်အသံက သူ့မူပိုင်အတိုင်းခပ်ပြတ်ပြတ်ပင်။မင်းခန့်မှာ ကြောင်တောင်တောင်လေးဖြင့် စီးကရက်ဘူးကို ကောက်ကိုင်ရင်း …
“ဘာမှမဟုတ်ပါဘူး…စီးကရက်ဝယ်မလို့ရယ် ”
အဆုံးသတ်မှာ တစ်ချက်ရယ်ကာဖြင့် မင်းခန့်က စီးကရက်တစ်လိပ်နှိုက်ယူလိုက်သည်။ အိတ်ထဲမှ ပိုက်ဆံထုတ်ပေးသည်က နှစ်ရာ…
” ခဏလေး ကျွန်တော် အကြွေအမ်း…”
“မအမ်းနဲ့တော့ သကြားလုံးယူလိုက်မယ် ”
“ဪ…”
မင်းခန့်က အသဲပုံသကြားလုံးဘူးထဲမှ သကြား လုံးနှစ်လုံးနှိုက်ကာ ရှင်းသန့်ရှေ့သို့ ချပေးသည်။
” ရှင်းသန့်စားလိုက်…”
“မဟုတ်…”
ရှင်းသန့် စကားပြန်ပြောချိန်ပင်မရဘဲ လှည့်ထွက်သွားသည့်မင်းခန့်ကြောင့် သကြားလုံးကိုကြည့်လိုက်၊ ကျောပြင်ပြန်ပြန့်ကိုကြည့်လိုက်ဖြင့် ကျန်ခဲ့တော့၏။ မထူးဇာတ်ခင်းသည့်အနေဖြင့် သကြားလုံးတစ်လုံးကိုဖောက်စားစဉ် ဆိုင်ရှေ့မှဖြတ်သွားသည့်အပျိုဖြန်းလေးများမှ မင်းခန့်အားငေးနေကြပြန်လေတော့ ရှင်းသန့်က မျက်ခုံးပင့်သည်။
အင်းလေ…သူလို ယောက်ျားလေးကတောင် အားကျရသည့်ရုပ်ရည်သွင်ပြင်၊ အရပ်အမောင်း၊ ပညာအရည်အချင်းနှင့်ဆိုမှတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေသည်မှာ အဆန်းတော့မဟုတ်ဘူးပေါ့။
မင်းခန့်မှာ သည်ရပ်ကွက်ကို ရောက်သည်မှာ မကြာသေးသော်လည်း အပျိုလေးများအကြားတွင် ရေပန်းစား၍ လူကြီးသူမများကြားတွင် ရိုသေကျိုးနွံသူအဖြစ် မျက်နှာပွင့်လန်းနေလေပြီ။
” ရှင်းသန့်… သကြားလုံးတွေယူစားနေပြန်ပြီလား ”
အနောက်မှ ဝုန်းခနဲထွက်လာသည့်မာတာမိခင်အသံကြောင့် ရှင်းသန့်ခန္ဓာကိုယ်လေးတုန်ခနဲ။
” မဟုတ်ပါဘူး မေမေကလည်း။ ဟိုအိမ်က ကိုကြီးကျွေးသွားတာ။ သကြားလုံးနှိုက်စားရအောင် သားက ကလေးသေးသေးလေးမှမဟုတ်တာ။ ”
အမေဖြစ်သူ ဒေါ်ခင်မေက ရေချိုး၊သနပ်ခါးလိမ်းပြီး ထွက်လာပြီဖြစ်၍ ရှင်းသန့်စာအုပ်တွေကို ကောက်သိမ်းကာဆိုသည်။ ဒေါ်ခင်မေက ပြုံးကာဖြင့် …
“ကလေးသေးသေးလေးမဟုတ်လို့ သကြားလုံးယူမစားဘူး။ နို့ပီကေပဲယူစားတာမလား ”
“မေမေကလည်း သားပိုက်ဆံထည့်ပါတယ်ဗျ ”
သားအမိနှစ်ယောက် ရွှတ်နောက်နောက်ဆိုနေကြရင်းပင် ရှင်းသန့်က ကျန်နေသေးသည့်သကြားလုံးကိုကောက်ယူကာ ‘ သားအိမ်ထဲ ဝင်တော့မယ် ‘ ဟုဆိုကာ ဝင်သွားတော့၏။
” အရမ်းလည်းဖတ်မနေနဲ့။ နားနားပြီးဖတ်…”
“ဟုတ်ကဲ့”
ဟုတ်ကဲ့ဟုဆိုသွားသော်လည်း အခန်းအောင်းပြီး စာအုပ်ပုံကြားတိုးဦးမှာ ဒေါ်ခင်မေသိသည်။ သားဖြစ်သူက အတိုင်းထက်လွန်လိမ္မာနေလေတော့ သူမျက်နှာပန်းပွင့်လှသည်ပင်။ သားယောက်ျားလေးဆိုသော်လည်း သူပုံသွင်းသည့်အတိုင်း ရှိနေလေတော့ ဒေါ်ခင်မေ သိပ်စိတ်ချမ်းသာရ၏။
~~~~~
“ဟင်…”
တတင်တင် တတောင်တောင် ဂီတာစမ်းသံကြောင့် ရှင်းသန့်စာလုပ်နေရင်းမှ လိုက်ကာလေးလှပ်လို့ အပြင်သို့တစ်ချက်စူးစမ်းမိသည်။ရှင်းသန့်အခန်းက အိမ်အပေါ်ထပ်မှာရှိသည်ဖြစ်ရာ မီးတွေလင်းထိန်နေသည့် မျက်စောင်းထိုးအိမ်ကို ရှင်းလင်းစွာမြင်ရ၏။ သည်နေ့ည ကြယ်တွေထွက်သည်ဖြစ်ရာ မိုးမရွာလောက်ဘူးထင်၍ မျက်စောင်းထိုးအိမ်မှကိုကြီးက လသာသာညမှာ ဂီတာတီးသီချင်းဆိုမည့်ပုံပင်။ ခြံရှေ့အုတ်ခုံလေးမှာထိုင်လို့ ဂီတာကို ဟိုတီးသည်တီးလုပ်နေလေတော့ ရှင်းသန့်စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေလိုက်၏။
“ချာတိတ်… ညဘက်နှိပ်စက် အိပ်လို့မရအောင် အရိပ်ကလေး…အိပ်မက်ထဲအတင်းတိုးဝှေ့ကာ ချာတိတ်ကလေးရယ်…မင်း ကိုယ့်အပေါ်နှိပ်စက်လွန်းတယ်ကွယ်…”
အောဟော…အတီးကောင်း၊ အဆိုကောင်းပါလား။
” ချာတိတ်…မင်းပြောစကား သကြားသီးလေးလိုချိုရဲ…နူးညံ့တဲ့နှလုံးသားထက်ဝယ် ချာတိတ်ကလေးရယ်… မင်းကိုယ့်အပေါ် စိုးမိုးလွန်းတယ်ကွယ်…”
ရှင်းသန့် ခပ်အေးအေးချိုချိုသီချင်းသံကိုကြားလျှင်ကြားချင်း မျက်ခုံးလေးပင့်ကာဖြင့် လိုက်ကာလေးလှပ်လို့ ချောင်းကြည့်မိပြန်သည်။ သီဆိုသူဟာ သူ့ပြတင်းပေါက်သို့ ခပ်ပြုံးပြုံးကြည့်နေသည်ကြောင့် ရှင်းသန့်လန့်သွားကာဖြင့် လိုက်ကာကိုပြန်အုပ်လိုက်မိတော့၏။ ခိုးကြည့်ကာမှ လူမိသွားသည်ကြောင့် ရှင်းသန့်ဆက်မကြည့်တော့ဘဲ တိတ်တဆိတ်သာနားသာထောင်နေလိုက်တော့သည်။
” ချာတိတ်… ဒီဇိုင်းဆန်းလေး ဝတ်လို့ထားရင် အလှဆုံး… အားလုံးက ဝိုင်းငေးကြမယ် ချာတိတ်ကလေးရယ်… မင်းကလေးအပေါ် စိတ်မချဘူးလေကွယ်…”
” ချာတိတ်ကလေးရယ်….သံယောဇဉ်တွေ… ပေးထားခဲ့ပြီး မင်းလေးကိုယ့်ကို အမျိုးအမျိုးပြုံးပြတယ်…နှလုံးသားမှာ ဆူးနင့်ခဲ့ပြီကွယ်…”
သီချင်းဆိုသံက ရှင်းသန့်ရင်တွင်းတစ်နေရာမှ လှုပ်ခတ်သွားအောင်ပင် တကယ်ကို နားထောင်လို့ကောင်းလှသည်။
၂၀၊၂၊၂၀၂၃။တနင်္လာ။
ဖတ်ရှုပေးသည့်အတွက်ကျေးဇူးတင်ပါသည်။
ကိုကို