Chapter 6
သက်ဆုံးတိုင်
အပိုင်း (၆)
သည်နေ့ မင်းခန့်တို့အိမ်တွင် ဝါဆိုသင်္ကန်းကပ်သည်။ အလုပ်ရှုပ်နေရင်းကြားမှ မင်းခန့်က ဒေါ်ခင်မေအား သားအမိသုံးယောက်သာလာပြီး ဟိုကလေးလေးမလာဘူးလားဟု အရေးတယူမေးသေးသည်ပင်။
” သူက အဲဒီလိုတွေိသိပ်သွားလေ့မရှိဘူး မင်းခန့်ရဲ့…”
ဒေါ်ခင်မေက ခပ်ပြုံးပြုံးဖြေတော့မှ မင်းခန့်က ဪဟုဆိုကာ မီးဖိုချောင်ထဲကူလုပ်ပေးနေသည့်မြသွေးခြယ်ဆီ အပြေးလေးပြေးသွား၏။
” မြသွေး ရှင်းသန့်က ကြက်ဆီထမင်းကြိုက်လား ”
“အမလေး သားသားမကြိုက်တာ မရှိသလောက်ပါပဲဟယ်။ ကြက်ဆီထမင်းက သူအကြိုက်ဆုံးထဲမှာပါတယ် ”
မြသွေးခြယ်က သဘောရိုးဖြင့်ပင် သူ့မောင်ကြိုက်သည်များကို အားပါးတရပြောလို့နေသည်။ မင်းခန့်က ဖော့ဘူးလေးတစ်ဘူးကိုလှမ်းယူကာ မြသွေးခြယ်ဆီပေးလိုက်ပြီး…
” တစ်ဘူးထည့်လိုက် ငါသွားပို့လိုက်မယ် ”
“ဟေ…”
မြသွေးခြယ်မှာ ဘာပြောရမှန်းမသိအောင်ပင်။ မင်းခန့်က ‘ထည့်သာထည့်စမ်းပါ ‘ ဟု အတင်းထည့်ခိုင်းနေလေတော့ မြသွေးခြယ်ကလည်း ပြုံးစိစိပင် ဘာမှမပြောဘဲ ထည့်ပေးနေတော့သည်။
” သွားပေးလိုက်ဦးမယ်နော် ”
မြသွေးခြယ်ကို ပြောရင်းပင် အိမ်နောက်ဖေးပေါက်မှ ခပ်သွက်သွက်ထွက်သွားသည့် မင်းခန့်။ မြသွေးခြယ်ကတော့ ခေါင်းတခါခါနှင့်ပြုံးရင်းပင် ကျန်ခဲ့တော့သည်။
~~~~~
“ရှင်းသန့်…”
ရုတ်တရက်ခေါ်သံကြောင့် စာအုပ်ထဲစျာန်ဝင်နေပုံရသည့်ရှင်းသန့်ကိုယ်လေးက ဆတ်ခနဲတုန်သွားလျက်။
” ဪ… စီးကရက်ဝယ်မလို့လား…”
ရှင့်သန့်က ဆီးကြိုကာမေးလေတော့ မင်းခန့်ကရယ်သည်။
” မဟုတ်ဘူး။ အလှူရှိတာကို ဆေးလိပ်သောက်ရင် မေမေရိုက်လိမ့်မယ် ။ ရှင်းသန့်အတွက် ကြက်ဆီထမင်းလာပို့တာ ”
အစားအသောက်အကြောင်းကြားတော့ ရှင်းသန့်မျက်ဝန်းလေးတွေက ဝင်းလက်လို့သွားသည်။ မင်းခန့်မှာ ကြိတ်ပြုံးကာဖြင့် ရှင်းသန့်ရှေ့သို့ ဖော့ဘူးလေးချပေးလိုက်၏။
” ဒါဆိုစားရင်းနဲ့ စာဆက်ဖတ်လိုက်ဦးနော်။ အစ်ကိုသွားတော့မယ်။ ”
သူအကြာကြီးပျောက်သွားလျှင် ဒေါ်မြကြည်ရှာနေမှာစိုးသည်နှင့် မင်းခန့်ခပ်မြန်မြန်ပင်ဆိုပြီး လှည့်အထွက် …
“ကျေးဇူးပါ ကိုကြီးမင်းခန့် ”
အသံတိုးတိုးလေးနှင့် သူ့နာမည်ကိုခေါ်လာသည်မှာ ဒါပထမဆုံးအကြိမ်ပင်။ မင်းခန့် ရင်ထဲလှပ်ခနဲဖြစ်သွားကာပင် သူ့နာမည်ကိုမှတ်မှတ်ရရရှိနေ၍ မြူးသွားမိသလို စိတ်ပါလက်ပါဆိုလာသည့်စကားလေးတစ်ခွန်းကြောင့် ကြက်ဆီထမင်း အပြေးလေးလာပေးရသည်မှာ အမောပြေသွားရတော့သည်။
~~~~~
” ရှင်းသန့်အတွက် ထပ်ယူသွားလိုက်ဦး ”
အလှူပြီးသွားပြီကာ ဧည့်သည်များလည်းပြန်သွားပြီဖြစ်၍ ကူသိမ်းပေးနေသည့် မြသွေးခြယ်က မင်းခန့်စကားကြောင့် မျက်လုံးလှန်ကာကြည့်သည်။ မောင်ဖြစ်သူကို သည်းသည်းလှုပ်ချစ်သူဆိုတော့ မင်းခန့် ဘယ်ခြေလှမ်း,လှမ်းနေသလဲဆိုတာကို သိနေသည်ပင်။
” နင်နည်းနည်းပိုနေတာပဲ…”
“မဟုတ်ပါဘူးဟာ ။ ငါတို့ခင်မင်ရင်းနှီးတာဆိုလို့နင်တို့မိသားစုပဲရှိတဲ့ဟာ ငါက စေတနာနဲ့ပါ။ ပြီးတော့ ပိုနေတာပဲလေ ။ ပြီးရင် နင်တို့ကိုခွဲပေးဦးမဲ့အတူတူ ငါက နည်းနည်းလေးစောပြီးပြောမိရုံပါ။ ”
” ချက်ကျလက်ကျရှင်းပြနေတာကိုက မဟုတ်တာ…”
မြသွေးခြယ်က စကောင်းကောင်းဖြင့် ဆက်စနေလေတော့ မင်းခန့်မှာ အကြောင်းပြစရာရှာမတွေ့တော့ပေ။ မနိုင်သည့်အဆုံး မြသွေးခြယ်ရှေ့မှ ထွက်သွားတော့သည်။
မင်းခန့် အိမ်ရှေ့သို့ထွက်လာမိချိန် ဦးစိုးပိုင်နှင့်ဒေါ်ခင်မေတို့က မိဘတွေနှင့် စကားပြောနေဆဲပင်။ မင်းခန့် ဘေးနားသို့ တရိုတသေလေးကပ်သွားကာ ရေနွေးကြမ်းပန်းကန်ကို လှုပ်ကြည့်တော့ ပေါ့နေလေပြီ။ အလိုက်တသိပင် ‘ ရေနွေးထည့်ပေးမယ်ဗျ’ ဟုဆိုရင်း ရေနွေးပန်းကို မီးဖိုချောင်ထဲသို့ ယူလာခဲ့လိုက်၏။
” မင်းခန့်က တော်တော်လိမ္မာတာပဲနော် ။ မြကြည်တို့ ကံကောင်းလိုက်တာ။ ”
“ဟုတ်ပအစ်မရယ်။ တစ်ယောက်တည်းရှိတာဆိုတော့ ချစ်လည်းချစ်ရသလို လိမ္မာပေမဲ့ စိတ်လည်းပူရသေးတယ် ”
“အမလေး … ဒီလောက်လိမ္မာတာ မပူပါနဲ့မြကြည်ရယ်…”
မင်းခန့် ရေနွေးကြမ်းအသစ်ထည့်ပြီး မီးဖိုချောင်ထဲမှ ထွက်လာချိန် သူ့အကြောင်းဆိုနေသည့်စကားသံသဲ့သဲ့ကိုကြားလိုက်ရသည်။ သူလိမ္မာရေးခြားရှိလေတော့ မိဘတွေဂုဏ်ရှိသလို၊ သူကိုယ်တိုင်လည်း ဂုဏ်ရှိသည်ပင်။ မိဘနှင့်သားသမီးမေတ္တာရောင်ပြန်ဟပ်သည်ဟု မင်းခန့်ယုံကြည်၏။
” ရေနွေးကြမ်းသောက်ပါဗျ။ လိုတာရှိရင်လည်း ကျွန်တော့်ကိုပြောပါ ”
မင်းခန့် ထိုမျှသာဆိုကာ လူကြီးတွေစကားဝိုင်း ဝင်မနှောင့်ယှက်ချင်သည်ကြောင့် မီးဖိုချောင်ထဲသို့သာပြန်ဝင်လာလိုက်သည်။
မင်းခန့်အမေဖြစ်သူ ဒေါ်မြကြည်မှာ သည်နေရပ်မှာမွေးဖွားကာကြီးပြင်းခဲ့ပြီး အိမ်ထောင်ကျမှ ခင်ပွန်းဖြစ်သူနောက်လိုက်ကာ ပြောင်းရွှေ့သွားခဲ့သည်ပင်။ ယခုတော့ အသက်လည်းရနေပြီဖြစ်ကာ သားဖြစ်သူနောင်ရေးအတွက် အမွေရသည့်သည်အိမ်သို့ပြောင်းရွှေ့အခြေချခြင်းပင်ဖြစ်၏။ ဒေါ်မြကြည်မှာ သည်ဇာတိဖြစ်သော်လည်း၊ နဂိုအနေအေးသည့်မိသားစုမှဖြစ်ကာ ပြောင်းရွှေ့လာသည်မှာ မကြာသေးရာ ခင်မင်ရင်းနှီးသူဟူ၍ ဦးစိုးပိုင်၊ ဒေါ်ခင်မေတို့မိသားစုသာရှိသေးသည်။ သို့ဖြစ်ရာ အလှူရှိသည်ဆိုတော့လည်း မြသွေးခြယ်တို့သားအမိကပင် လာရောက်ကူညီရသည်ဖြစ်၏။ ယခု ပစ္စည်းတွေသိမ်းဆည်းတော့လည်း မြသွေးခြယ်နှင့်မင်းခန့်တာဝန်သာကျတော့သည်။
” နင် အပြင်အလုပ်ထွက်လုပ်ဖို့ မစဉ်းစားဘူးလား။”
“အမလေး စဉ်းစားတာပေါ့ဟဲ့ ။ ဒါပေမဲ့ ဈေးဆိုင်ကလည်းလက်လွှတ်ခဲ့လို့ကမရနဲ့ဆိုတော့…”
“အေးပေါ့ …ဈေးဆိုင်ကလည်းဝင်ငွေကောင်းတယ်မလား။ ”
” ကောင်းတာတော့ကောင်းပါတယ်။ လူတွေကသိတဲ့အတိုင်း ဘွဲ့ရပြီး ဈေးဆိုင်ထိုင်ရတာပဲဆိုပြီးက ပြောကြသေးတာ။ ”
“လူတွေက ဒီလိုပါပဲဟာ။ ကိုယ့်အကြောင်းနဲ့ကိုယ် သူ့အကြောင်းနဲ့သူပေါ့…”
မြသွေးခြယ်နှင့်မင်းခန့်နှစ်ယောက်သား ပစ္စည်းတွေသိမ်းဆည်းရင်း စကားလက်ဆုံကျနေသည်မှာ သူငယ်ချင်းအရင်းကြီးတွေလိုပင်။ မြသွေးခြယ်က နဂို ခေတ်မီကာ၊ဖျတ်လတ်သွက်လက်ပြီး ထက်မြက်သည့်မိန်းကလေးဖြစ်သည့်အလျောက် ယောက်ျားလေးတွေနှင့်စကားပြောလျှင် ရှက်ကြောက်သည့်ပုံစံမျိုး ဘယ်သောအခါမှမရှိပေ ။ ယောက်ျားလေးနှင့်ရင်ပေါင်တန်းစကားပြောနိုင်သည့် ထက်မြက်သည့်မိန်းကလေးဖြစ်သော်လည်း အေးဆေးနေတတ်သည်မှာလည်း မြသွေးခြယ်ပင်။ သဘောကောင်းကာ ဖော်ရွေပေမဲ့ မိသားစုနှင့်ပတ်သက်လျှင်တော့ ဆတ်ဆတ်ထိမခံတတ်သူလည်းဖြစ်၏။ မြသွေးခြယ်က ရင်းနှီးလွယ်သော်လည်း စည်းရှိသူဖြစ်လေသည်။
ထို့ကြောင့်ပင် ဒီရပ်ကွက်ထဲမယ် မင်းခန့်နှင့် ပထမဆုံးရင်းနှီးသည့်မိန်းကလေးဖြစ်ကာ မင်းခန့်ဘက်မှလည်း သဘောရိုးဖြင့် ပေါ့ပေါ့ပါးပါးစကားပြောနိုင်ခြင်းပင်ဖြစ်၏။
” ကဲ… သိမ်းလည်းသိမ်းပြီးပြီဆိုတော့ ငါပြန်တော့မယ်။ ရှင်းသန့်အတွက် ကြက်ဆီထမင်းလေး ကိုယ်တိုင်ထည့်ပေးလိုက်ပါဦး ”
မြသွေးခြယ်က ပြုံးရယ်ရင်းစနောက်သည့်အခါ မင်းခန့်ကလည်း ရယ်ကျဲကျဲပင် ကြက်ဆီထမင်းထည့်ပေးရှာသည်။
မင်းခန့်ထည့်ပေးသည့် ကြက်ဆီထမင်းဘူးကိုကိုင်ကာ စကားဝိုင်းဖွဲ့နေသည့်လူကြီးတွေကို နှုတ်ဆက်ပြီးနောက် မြသွေးခြယ် အိမ်သို့ပြန်လာခဲ့လိုက်၏။
ဆိုင်စောင့်ရင်း ပုံဆွဲနေသည့် ရှင်းသန့်ကိုမြင်သည့်အခါ…
” မင်းခန့် ကြက်ဆီထမင်းထပ်ပေးလိုက်တယ် ”
“ဪ… ”
ပုံဆွဲနေသည့်ရှင်းသန့်မှာ ဪတစ်လုံးသာဆိုပြီး အာရုံရဟန်မတူပေ။ မြသွေးခြယ် ပြုံးမိလျက်ပင် သူ့မောင်လေးက ကလေးစိတ်သာရှိသေးခြင်းကို ကျေးဇူးတင်မိသွားတော့သည်။
~~~~~
မင်းခန့် အခန်းပြတင်းဝကို ဖွင့်မိပြီး ကောင်းကင်သို့တစ်ချက်ကြည့်မိသည်။ ကြယ်လုံးဝမတွေ့ရသလို လမင်းပင်တိမ်ဖုံးချင်လို့နေ၏။ သည်နေ့တော့ ဂီတာထွက်တီးလို့ အဆင်မပြေတော့ပေ။ သက်ပြင်းတစ်ချက်ချရင်းပင် မင်းခန့် စာသာကြည့်ဖို့ပြင်လိုက်၏။
စာအုပ်ကိုဖွင့်ကာမှ ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာကလေးကို မြင်ရလေတော့ ခက်ချေပြီ။ သူ့စိတ်ကိုစိုးမိုးထားသူမှာ ကလေးသာရှိသေးလေတော့ သူ့အနေဖြင့် ပိုလို့တောင်ခက်သေးသည်။ အဓိကအားဖြင့် ဆန့်ကျင်ဘက်လိင်ဖြစ်သည့် မိန်းကလေးတစ်ယောက်၊ နှစ်ယောက်နှင့်သာတွဲခဲ့ဖူးပြီး မိန်းကလေးတွေကိုသာ သဘောကျခဲ့သည့်သူက သည်လိုလူပျိုပေါက်စကလေးလေးကို စိတ်ထဲသဘောကျနေမိတာဟာ သူ့အတွက် အခက်ခဲဆုံးပင်။
ညီလေးတစ်ယောက်လို ချစ်ခင်ခြင်းဟုသာ ကိုယ့်ကိုယ်ကိုယ်ခံယူခဲ့သော်လည်း ယခုတော့ ချစ်ခြင်းမေတ္တာတွေဟာ တဖြည်းဖြည်း သေချာလာခဲ့လေပြီ။ သူ့အရွယ်ဟာ စိတ်ကစားရမည့်အရွယ်လည်းမဟုတ်တော့သလို၊ ခံစားရသည့်ခံစားချက်အား ဇဝေဇဝါဖြစ်ရမည့်အရွယ်လည်းမဟုတ်တော့ပေ။
ကောင်းစွာအရွယ်ရောက်နေသည့်သူ့အနေဖြင့် စာနှင့်အစားအသောက်သာသိသည့်၊ ကလေးစိတ်သာရှိနေသေးသည့်ရှင်းသန့်ကို စိတ်ယိုင်အောင်ပြုမူလို့လည်း မသင့်တော်ပေ။ နုနုနယ်နယ်သာရှိသေးသည့်ကလေးငယ်မှာ အရွယ်ရောက်စမှာပင် ခံစားချက်အမှားတွေခံစားမိပြီး၊ ခံယူချက်အမှားတွေယူမိကာ နာကျင်ရမှာကိုလည်း သူမလိုလားပေ။
အမျိုးမျိုးသောအတွေးတို့ဖြင့် မင်းခန့်မှာ အတွေးနက်သည့်ညတိုင်း အိပ်ရေးပျက်ရသည်။ ခပ်ခွာခွာနေချင်သော်လည်း ၊ ပိုလို့တွယ်ကပ်ချင်ဖြစ်ရ၏။
စာလည်းအာရုံစိုက်၍မရမည့်အတူတူ မင်းခန့် ဖတ်လက်စဝတ္ထုစာအုပ်ကို ကောက်ကိုင်ကာ ခုတင်ပေါ်လှဲချလိုက်တော့သည်။
ခက်သည်။ ခက်လှသည်။ တစ်စုံတစ်ယောက်အား ချစ်မိသွားခြင်းဟာ သိပ်ကိုခက်လှသည်။
၂၁၊၂၊၂၀၂၃။တနင်္လာ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို
admin
Yoy