Chapter 7
သက်ဆုံးတိုင်
အပိုင်း (၇)
‘ဝါဆိုဝါခေါင် ရေဖောင်ဖောင် ‘ ဆိုသလို ဝါဆိုလဆိုလေတော့ မိုးသိပ်ကောင်းသည်ပင်။ ကျောင်းပြန်လျှင် မိုးစိုသည်မှာအဆင်ပြေသော်လည်း ကျောင်းသွားချိန် ဗွက်တောထဲနင်းသွားရသည်အား ရှင်းသန့်သိပ်စိတ်ညစ်သည်။ အခုလည်း မစဲသည့်မိုးကို ဆိုင်တွင်းမှ ငေးကြည့်နေရင်း ရှင်းသန့်သက်ပြင်းတစ်ချက်ချ၏။
” မမရေ…သားသွားတော့မယ် ”
“အေးအေး…မိုးသည်းနေတာ ကားသေချာကြည့်ကူးနော် ”
“ဟုတ်ကဲ့ ”
ရှင်းသန့် အခုမသွားလျှင်လည်း သည်နေ့ကျောင်းသွားရမည်မဟုတ်ပေ။ နိုးကတည်းကသည်းသည့်မိုးဟာ သူကျောင်းသွားဖို့ပြင်ဆင်ပြီးချိန်အထိ အနည်းငယ်တောင်စဲမသွားသည်ကြောင့် ကျောင်းစိမ်းနှစ်စုံအပိုထည့်ကာ ကျောင်းသွားဖို့ပြင်ရသည်ပင်။ အခုလည်း ကျောင်းစိမ်းပုဆိုးမဝတ်ဘဲ ဂျေေဂျေဘောင်းဘီတိုသာဝတ်ထားရသည်။
ရှင်းသန့် ဗွက်စင်မှာစိုး၍ ဖြည်းဖြည်းချင်းလျှောက်ရင်း မျက်စောင်းထိုးအိမ်ရှေ့သို့ရောက်ချိန် မျက်လုံးက ထိုအိမ်သို့ အလိုလိုအကြည့်ရောက်သွားတော့သည်။
မိုးရွာတော့ ကိုကြီးလည်း ပျင်းတယ်ထင်ပါ့။
သည်လိုနှင့် ရှင်းသန့် မျက်စောင်းထိုးခြံကိုကျော်ပြီး ဖြည်းဖြည်းချင်းလျှောက်လာခဲ့တော့၏။
“ရှင်းသန့် ”
ဘေးနားသို့ လူတစ်ယောက်ရောက်လာခြင်းနှင့်အတူ မိုးသံကြားထဲ ရင်းနှီးသည့်ခေါ်သံတစ်ခုအား ရှင်းသန့်ကြားလိုက်ရသည်။
ထီးလေးကို အနည်းငယ်လှန်လို့ မော့ကြည့်မိလေတော့ မျက်စောင်းထိုးအိမ်မှကိုကြီးပင်။ အားရပါးရပြုံးပြနေသည်မှာ ဘာကြောင့်မှန်းမသိသော်လည်း ရှင်းသန့် စိတ်လိုလက်ရပင် ပြန်ပြုံးပြလိုက်၏။
” ရှင်းသန့် မိုးရွာတော့ ကျောင်းသွားရမပျင်းဘူးလား။ ”
နီးကပ်နေ၍ ကြားရလောက်မည်ဆိုသော်လည်း မင်းခန့်ကတော့အော်ပြောနေတော့သည်။ ရှင်းသန့်က ရယ်ကာဖြင့်…
” ကျွန်တော်က ကျောင်းသွားမပျင်းတတ်ဘူးဗျ…”
“ရှင်းသန့်ကတော်လိုက်တာ။ ကိုကြီးဆို အုံ့မှိုင်းနေတဲ့ကောင်းကင်ကိုမြင်ကတည်းက တော်တော်ပျင်းနေပြီ။ ကျောင်းသွားခါနီး မိုးတစ်ပေါက်နှစ်ပေါက်ကျတာနဲ့ မသွားချင်တော့ဘူး။ ”
ကိုကြီးမင်းခန့်လိုလူကလည်း ပျင်းတတ်သေးပါလားဟု ရှင်းသန့်စိတ်ထဲတွေးလိုက်မိသည်။ ရှင်းသန့်က မိုးရာသီကိုမကြိုက်သော်လည်း မိုးကြောင့် ကျောင်းသွားပျင်းသည့်ခံစားချက်မျိုး မည်သည့်အခါကမှ မခံစားဖူးပေ။ လူတွေနှင့်အဆက်အဆံလုပ်ရသည်မှလွဲ ရှင်းသန့်ပျင်းသည်ဟူသည့်အရာလည်းမရှိပါ။
တစ်ခါတစ်ရံ ရှင်းသန့်ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသည်။ အားလုံးက ရှင်းသန့်ကလိမ္မာသည်၊ တော်သည်၊ စကားနားထောင်သည်ဟု ဆိုတတ်ကြသော်လည်း သူငယ်ချင်းတစ်ယောက်ကတော့ ဆိုဖူးသည်မှာ ‘ ရှင်းသန့် မင်းကအရမ်းငြိမ်လွန်းတာပဲ။ ပျင်းစရာကောင်းလိုက်တာ ‘ ဟူ၍ပင်။
ရှင်းသန့်လည်း မပြောတတ်ပေ။ငယ်စဉ်ကတည်းက မေမေပုံသွင်းခဲ့သည့်အတိုင်း တစ်သဝေမတိမ်းလိုက်နာပြီး နေခဲ့သည်ဖြစ်ရာ သည်အတိုင်းပဲနေသားကျသည်။ တစ်စုံတစ်ရာပြောင်းလဲချင်စိတ်လည်းမရှိသလို မိဘများအား ဂုဏ်ရှိစေကာ စိတ်ချမ်းသာစေ၍ ရှင်းသန့်လည်းနေပျော်သည်ပင်။
“မိုးက တအားသည်းနေတာ ရှင်းသန့် ကားအတက်အဆင်းလည်း ဂရုစိုက်နော်။ ”
“ဟုတ်ကဲ့ဗျ။ ကိုကြီးရောပဲ…”
ရှင်းသန့် အတွေးတွေထဲမှ ရုန်းထွက်လိုက်ကာ မင်းခန့်ကိုနှုတ်ဆက်ရင်းပင် ကားလမ်းကူးခဲ့လိုက်သည်။ လမ်းတစ်ဖက်သို့ရောက်ချိန် မိုးရေများကြားမှ မြင်နေရသည့် အဖြူအပြာယူနီဖောင်းနှင့် မင်းခန့်ကို ရှင်းသန့်အားကျသည်။အခုတလော သူ့မိဘများက မင်းခန့်အကြောင်း မကြာခဏဆိုသလိုပြောသည်ဖြစ်ရာ မင်းခန့်၏အရာအားလုံးကို သူအားကျရ၏။
~~~~~
နေ့လယ်ထမင်းစားချိန်ဖြစ်သည်။
” ရှင်းသန့်… မင်းကို ဟိုဘက်အတန်းက ကောင်မလေးက စာပေးခိုင်းတယ်ကွ ”
ရှင်းသန့် မုန့်စားနေချိန် အတန်းဖော်တစ်ယောက်က စာခေါက်ကလေးလာပေး၏။သည်လို စာအပေးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ရှင်းသန့်မှာ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ လွှမ်းနောင်နှင့်အတူ တစ်ယောက်ကိုတစ်ယောက်ကြောင်တောင်တောင်လေးကြည့်လို့နေမိသည်။
” ဆောရီး…ငါစိတ်မဝင်စားလို့ ”
ရှင်းသန့် အပြတ်ငြင်းလိုက်ကာပင် ထိုင်ခုံမှထထွက်လာခဲ့လိုက်သည်။ မုန့်အခွံကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီးနောက် နေရာသို့ပြန်လာခဲ့ချိန် စာခေါက်လေးက စားပွဲခုံပေါ်မှာရှိလို့နေ၏။ လွှမ်းနောင်ကတော့ ပခုံးလေးသာတွန့်ပြ၍ ရှင်းသန့် သက်ပြင်းချရင်းပင် စာခေါက်လေးကိုယူကာ စာလာပေးသည့်အတန်းဖော်ဆီ သွားပြန်ပေးလိုက်သည်။
” ငါ သူများပေးတဲ့စာကို လွှင့်ပစ်တာမျိုးမလုပ်ချင်ဘူး။ တစ်ဖက်သားကို မလေးစားဘူးလို့ ခံစားရလို့။ ပေးခိုင်းတဲ့တစ်ယောက်ကိုမင်းသွားပြန်ပေးလိုက်။ နောက် ဘယ်တော့မှ ငါ့ကိုဒီလိုစာမျိုးမပေးနဲ့လို့လည်းပြောလိုက်ပါ။ ငါကျောင်းစာကလွဲပြီး တခြားကိစ္စစိတ်မဝင်စားဘူး။ ”
တရစပ်ပြောလိုက်သည့်သူ့စကားများကို အတန်းဖော်များက ကြောင်ငေးလို့ပင် နားထောင်နေတော့သည်။ ရှင်းသန့် သူပြောစရာရှိတာပြောပြီးနောက် ချက်ချင်းပင်လှည့်ထွက်လာခဲ့လိုက်တော့၏။စောစောစီးစီးပြတ်ပြတ်သားသားပြောထားသည်မှာ ပိုကောင်းသည်ပင်။သည်အရွယ်မှာ ရင်ခုန်တတ်သည်ကို ရှင်းသန့်နားလည်ထားသော်လည်း စာကိုသာအာရုံစိုက်ရမည့်အရွယ်မှာ ရှင်းသန့်ဘာကိုမှစိတ်မဝင်စားပေ။
~~~~~
” သားသား အအေးပတ်မယ် ရေမြန်မြန်ချိုးနော်…”
“ဟုတ်ကဲ့…ဟတ်ချိုး ”
မိုးသည်းလျှင်၊ မိုးရေထိလျှင် ဖျားတတ်သည့်ရှင်းသန့်အကျင့်ကိုသိ၍ ကျောင်းမှပြန်ရောက်ရောက်ချင်း မြသွေးခြယ်က ဈေးရောင်းနေရင်းမှပင် သတိလှမ်းပေးရှာသော်လည်း ရှင်းသန့်က လက္ခဏာပြနေလေပြီ။
” သား… နှာတွေချေနေပြီ ရေမချိုးနဲ့တော့ ခြေရေလက်ရေသပ်ပြီး နွေးနွေးထွေးထွေးဝတ်ထားကြားလား…”
ရှင်းသန့် အိမ်ထဲသို့ရောက်ပြီး မီးဖိုချောင်ထဲမှာ ဆွဲခြင်းလေးချရုံရှိသေးသည်။ ဒေါ်ခင်မေက ဟင်းချက်ရင်းမှ စိုးရိမ်သံဖြင့်ဆိုလေတော့သည်။
” ဟုတ်ကဲ့…”
ရှင်းသန့် အပေါ်ထပ်အခန်းရှိရာသို့ အမြန်တက်ခဲ့လိုက်ပြီး လွယ်အိတ်ချကာ အောက်ထပ် ရေချိုးခန်းရှိရာသို့ ခပ်သွက်သွက်ကလေးပြန်ဆင်းလာလိုက်သည်။ ခြေရေလက်ရေမြန်မြန်သပ်ပြီးနောက် ရေချိုးခန်းထဲမှာပင် အဝတ်အစားအမြန်လဲကာ အခန်းထဲဝင်ခွေနေလိုက်တော့၏။
ဖျားမှာစိုးရိမ်သည်ကြောင့် ခြေဖျားတွေအေးနေသည်အား ရှင်းသန့်နွေးအောင်လုပ်ရသည်။ နဂိုချူချာသည့်ရှင်းသန့်မှာ ရာသီအကူးအပြောင်းဆိုလည်း ဂရုစိုက်ရ၊ မိုးရာသီလည်းဂရုစိုက်ရသလို၊ ဆောင်းရာသီလည်း ဂရုတစိုက်နေရသည်။ အစားအသောက်မရွေးသည်ကြောင့် ကိုယ်ခံအားကောင်း၍သာ ရှင်းသန့်ခံနိုင်ရည်ရှိသော်လည်း ဖျားနာလျှင် စာနောက်ကျ၍ ရှင်းသန့်ကပိုလို့စိတ်တိုတတ်သည်။
“အေးလိုက်တာ…”
စောင်ခြုံထားရင်းပင် ရှင်းသန့်မှာ ချမ်းစိမ့်စိမ့်ခံစားလာရပြီး မျက်လုံးများစပ်လာကာ ခန္ဓာကိုယ်ကို ကွေးချလိုက်မိတော့သည်။ မျက်လုံးတွေက လေးလံလာသည်ကြောင့် ဖွင့်နိုင်စွမ်းလည်းမရှိတော့ဘဲ ရှင်းသန့်အိပ်ချင်လာ၏။ ခန္ဓာကိုယ်ကို ဒူးနှင့်နဖူးထိမတတ်ကွေးချပြီးနောက် ရှင်းသန့် အိပ်ပျော်သွားတော့သည်။
~~~~~
“သားသား…ရှင်းသန့်….သားသားတော့ ဖျားနေပြီ မေမေရေ …”
အစ်မဖြစ်သူ၏လှုပ်နှိုးကာ ခေါ်သည့်အသံကြောင့် ရှင်းသန့် နိုးလာသော်လည်း မျက်လုံးမဖွင့်နိုင်ပေ။ တစ်ကိုယ်လုံးကိုက်ခဲနေပြီး လှုပ်ကြည့်ဖို့ကြိုးစားသော်လည်း အားမရှိပေ။ နဂိုဝမ်းနည်းသည့်ဓာတ်ခံရှိသည့်ရှင်းသန့်ဟာ နေမကောင်းလျှင် ပိုလို့ဝမ်းနည်းတတ်သည်ဖြစ်ရာ ခံစားနေရသည့်ဝေဒနာအား သဘောမကျစွာ တရှုံ့ရှုံ့နှင့် မျက်ရည်တွေကျလာတော့၏။
” အမလေး မမမောင်လေးက ဘာလို့ငိုနေတာတုန်း။ မမရှိတာပဲသားသားရဲ့ ဘာမှမဖြစ်ဘူး ။ ဆေးသောက်လိုက်ရင် ခဏလေးပျောက်သွားမှာ ဟုတ်ပြီလား။ ”
မြသွေးခြယ်က ရှင်းသန့်ခန္ဓာကိုယ်လေးအား မနိုင်မနင်းနှင့်ပွေ့ကာ ပေါင်ပေါ်တင်လို့ချော့ရှာသည်။ အစ်မဖြစ်သူကိုဆိုလျှင် ချွဲတတ်သည့် ရှင်းသန့်မှာ နေမကောင်းဖြစ်နေ၍ ပိုလို့ပင်အချွဲပိုတော့၏။
” မှန်းစမ်း…အမလေး တော်တော်ပူနေတာပဲ။ ဆေးခန်းသွားမှဖြစ်မယ်ထင်တယ်။ ”
ဦးစိုးပိုင်နှင့်ဒေါ်ခင်မေ နှစ်ယောက်စလုံးအပေါ်ထပ်သို့ အလျင်အမြန်တက်လာကာ မြသွေးခြယ်ပေါင်ပေါ်မှ ရှင်းသန့်ကို သေချာစမ်းကြည့်ကာဖြင့် စိုးရိမ်စွာဆိုကြသည်။သို့သော် မိုးချုပ်နေလေပြီ။
” ဒါပေမဲ့ ဒီအချိန်ကြီး ဘယ်လိုသွားမလဲ။ ကားကလည်းရှားမှာ။ နောက်ပြီး ကားကရှိတယ်ထားဦး။ ကလေးကမလှုပ်နိုင်တော့ဘူးလေ။ ”
“မလှုပ်နိုင်လို့ကို ဆေးခန်းသွားမှဖြစ်မှာပေါ့…”
လင်မယားနှစ်ယောက်မှာ တစ်ယောက်တစ်ခွန်းပြောရင်းပင် ဘယ်လိုလုပ်ရမည်ဆိုတာ တွေးတောလို့နေတော့၏။
“ဟယ် မေမေ အန်တီမြတို့ဆီမှာ ကားခဏငှားကြည့်ပါလား။ ကလေးနေမကောင်းတာဆိုတော့ ငှားလောက်မှာပါ။ ”
“ဟုတ်သားပဲ မေမေသွားလိုက်မယ် ”
ဒေါ်ခင်မေမှာ ပျော်သွားရင်းဖြင့် အောက်ထပ်သို့ ခပ်သွက်သွက်ဆင်းသွားတော့သည်။
“သွား သမီးက အနွေးထည်လေးထုတ်လိုက်။ သားသားကို ဖေဖေပွေ့ထားလိုက်မယ်။ ”
“ဟုတ်ကဲ့ ”
ဦးစိုးပိုင်က မြသွေးခြယ်လက်ထဲမှ ရှင်းသန့်ကိုလွှဲယူကာ ပွေ့ဖက်ပေးထားသည်။ ရှင်းသန့်မှာ မလှုပ်နိုင်တော့သည်ကြောင့် စကားသံများသာကြားရပြီး မျက်လုံးလည်းဖွင့်မကြည့်နိုင်တော့ပေ။
ခဏအကြာ ဒေါ်ခင်မေနှင့်အတူ မင်းခန့်နှင့်ဒေါ်မြကြည်ပါ,ပါလာ၏။ ကွေးကွေးလေးနှင့် မှိန်းနေသည့်ရှင်းသန့်ကိုမြင်သည့်အခါ မင်းခန့်မျက်နှာမှာ အပျက်ပျက်ဖြစ်လို့သွားတော့သည်။
” ဒါဆိုသွားရအောင်လေ ဘယ်သူတွေလိုက်မှာလဲဗျ။ ရှင်းသန့်ကို ကျွန်တော်ပွေ့လိုက်မယ် ဦးလေး”
ဦးစိုးပိုင်လက်ထဲမှ ရှင်းသန့်ကို အသာလေးပင်ယူလို့ပွေ့လိုက်သည့်မင်းခန့်။ မှိန်းနေသည့်ရှင်းသန့်ကိုငုံ့ကြည့်ရင်း မင်းခန့်မှာ ရင်ထဲပူလောင်လာတော့သည်။
” မေမေနဲ့ ဖေဖေ လိုက်သွားလိုက်လေ။ ကားက မင်းခန့်မောင်းမှာမလား။ သမီး ဆန်ပြုတ် ပြုတ်ထားလိုက်မယ်။ ”
“ဟုတ်တယ်။ အစ်မနဲ့အစ်ကိုစိုးပိုင် လိုက်သွားလိုက်ပါ။ ညီမ မြသွေးနဲ့နေခဲ့ပေးမယ်။ ”
အိမ်အောက်ထပ်သို့ဆင်းရင်းပင် အစီအစဉ်ဆွဲကြရင်းမှ မြသွေးခြယ်၏စကားကို သဘောတူလိုက်ကြတော့သည်။ မင်းခန့်မှာ ရှင်းသန့်ကိုပွေ့၍ အိမ်ထဲမှထွက်ရင်း အနောက်မှ မြသွေးခြယ်ပြောစကားများကို ခပ်သဲ့သဲ့သာကြားလိုက်ရတော့၏။
မြသွေးခြယ်ပြောစကားမှာ…
” သားသားက မဖြစ်ရင်လည်းမဖြစ်ဘူး။ ဖြစ်ရင်လည်း သတိလစ်တဲ့အထိပဲ။ ကျန်းမာရေးချူချာတယ် သားသားက။ ဖျားပြီဆိုရင်လည်း ကိုယ်ပူက ဆောင့်တက်လာတာ “ဟူ၍ပင်။
မြသွေးချယ်ပြောသည်မှာ မှန်လှသည်။ မင်းခန့်လက်ပေါ်မှ ရှင်းသန့်မှာ တစ်ကိုယ်လုံးပူကျစ်လို့နေတော့၏။
~~~~~
ဆေးခန်းမှ ပြန်လာပြီးနောက် ဆေးထိုးလာသည့်အရှိန်နှင့် ဆေးခန်းမှာ ရေပတ်တိုက်လာသည့်အရှိန်ကြောင့် ရှင်းသန့်မှာ ကိုယ်ပူအနည်းငယ်ကျသွားသော်လည်း လူကပျော့ခွေနေဆဲပင်။ အိပ်ရာထဲလှဲမနေချင်ဘူးဟုဆိုသည်ကြောင့် အိမ်အောက်ထပ် ဧည့်ခန်းမှထိုင်ခုံရှည်အပေါ်မှာ မြသွေးခြယ်ပေါင်ပေါ်သို့ ခေါင်းအုံးလို့ မှိန်းနေသည့်ရှင်းသန့်။
မင်းခန့်နှင့်ဒေါ်မြကြည်မှာ ရှင်းသန့်ကိုစိတ်ပူစွာဖြင့် အိမ်သို့မပြန်နိုင်ဘဲရှိနေတော့သည်။ အနေအေးသော်လည်း အမြဲတမ်းသွက်လက်နေသည့်ကလေးက အခုလိုဖြူဖျော့စွာ နေမကောင်းဖြစ်နေလေတော့ မင်းခန့်ရင်ထဲမောဟိုက်ကာ ပူလောင်လှသည်။ တစ်နေကုန်မိုးရွာထားသည်ကြောင့် ရာသီဥတုမှာ အေးစိမ့်စိမ့်ဖြစ်နေသော်လည်း ထိုအေးမြမှုမှာ မင်းခန့်ရင်တွင်းမှအပူအား မငြိှမ်းသတ်နိုင်ဘဲ ရှင်းသန့်ဆီမှ အကြည့်မလွှဲနိုင်ရှိနေတော့၏။
” ကဲ…ဒါဆိုလည်း ကျွန်မတို့ပြန်ဦးမယ် အစ်ကိုနဲ့
အစ်မ။ တစ်ခုခုဆိုလည်း အားမနာဘဲလှမ်းခေါ်နော်။ ”
“အင်းပါ…မြကြည်ရဲ့။ သားမင်းခန့်လည်းကျေးဇူးနော်။ ”
ခေါ်ခင်မေမှာ မီးဖိုချောင်ထဲမှထွက်လာပြီး ကျေးဇူးတင်စကား အထပ်ထပ်ဆိုနေလေတော့ မင်းခန့်မှာ ပြန်၍တောင် အားနာလာရတော့သည်။
“ရပါတယ် အန်တီရဲ့။ အားမနာပါနဲ့ဗျ။ တစ်ခုခုဆိုရင်လည်း ကျွန်တော့်ကိုအားမနာဘဲပြောပါဗျ။ ”
မင်းခန့်မှာ ကူညီချင်လွန်းနေသည်ဖြစ်ရာ မြသွေးခြယ်က အကြောင်းသိစွာဖြင့် ခပ်ပြုံးပြုံးလုပ်လို့နေသည်။ ဦးစိုးပိုင်နှင့်ဒေါ်ခင်မေမှာတော့ ကျေးဇူးတင်စကားထပ်လို့ဆိုနေသည်ဖြစ်ရာ မင်းခန့်တို့သားအမိမှာ နှုတ်ဆက်၍ပင် အမြန်ပြန်လာခဲ့ရတော့၏။
~~~~~
ညဉ့်နက်နေပြီဖြစ်သော်လည်း မင်းခန့်မျက်လုံးတွေေကြောင်လို့နေသည်။ မျက်လုံးကြောင်သည်ထက် စိတ်ဆောင်နေသည်ဟုဆိုရလေမလား။ မနက်ရောက်လျှင် ဟိုကလေးလေး သက်သာသလားမေးချင်လှသည်ဖြစ်ရာ မနက်မိုးလင်းချင်လွန်း၍ အိပ်မရဖြစ်နေတော့သည်။
ရင်ထဲလည်းပူသည်။ စိတ်ကလည်းပူသည်။ နှလုံးသားလည်းပူလှသည်။
မအိပ်လို့လည်းမဖြစ်သည်ကြောင့် အဲ့သည်နေ့ညက မင်းခန့်မှာ အိပ်ရာပေါ် ဟိုဘက်လှိမ့်သည်ဘက်လှိမ့်နှင့်သာ အိပ်ပျော်ဖို့ မနည်းကြိုးစားလိုက်ရတော့၏။
၂၃၊၂၊၂၀၂၃။ကြာသပတေး။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို