Chapter 8
သက်ဆုံးတိုင်
အပိုင်း (၈)
မင်းခန့် မနက်အိပ်ရာနိုးပြီး မျက်နှာသစ်၊သွားတိုက်လုပ်ပြီးသည်နှင့် လက်ဖက်ရည်သွားဝယ်ဦးမည်ဟုအကြောင်းပြကာ မနက်စောစောစီးစီး ဆိုင်ကယ်တစ်စီးနှင့် ခြံထဲမှထွက်လာပြီးနောက် ရှင်းသန့်တို့ဈေးဆိုင်သို့ အရင်မောင်းထွက်ခဲ့၏။ မနက်ခုနစ်နာရီတောင်မထိုးသေးသည်ကြောင့် မြသွေးခြယ်တစ်ယောက်သာ ဆိုင်ဖွင့်ဖို့ရာ ပြင်ဆင်လို့နေသည်။
” မြသွေး…”
မင်းခန့်၏ခေါ်သံကြောင့် မြသွေးခန္ဓာကိုယ်လေးမှာ တုန်ခနဲ။
” အမလေး…မင်းခန့်ရဲ့ မနက်စောစောစီးစီး ဘယ်တုန်း…”
“လက်ဖက်ရည်ဆိုင် သွားမလို့။ ရှင်းသန့်ရော သက်သာလား ”
မေးသည့်မေးခွန်းအား တိုတိုရှင်းရှင်းသာဖြေပြီး လိုရင်းအား ခပ်မြန်မြန်ပင်ပြန်မေးလေတော့ မြသွေးခြယ်က ရယ်သည်။
” သက်သာပါတယ်။ ဆေးထိုးလိုက်တော့ အပူတော်တော်ကျသွားတယ်လေ။ အခုတော့ဆေးအရှိန်နဲ့အိပ်တုန်း…”
“တော်သေးတာပေါ့။ ဒါနဲ့ နေမကောင်းတော့ ဘာကျွေးလို့ရလဲ…”
“ဘာလဲ နင်ဝယ်ကျွေးမလို့လား…”
“အေး…”
မြသွေးခြယ် စနောက်ကာမေးသည်အား မင်းခန့်က အမှန်အတိုင်းပင် မတွန့်မဆုတ်ဖြေရှာသည်။ မနေ့ကလည်း စိုးရိမ်ပူပန်မှုတွေအား မင်းခန့်မျက်နှာမှာ အထင်းသားမြင်နေခဲ့ရသလို အခုလည်း မင်းခန့်မျက်နှာမှာ အတည်ပေါက်နှင့် အသည်းအသန်ဖြစ်လို့နေလေတော့ မြသွေးခြယ်မှာ ကြိတ်ပြီးသာရယ်ချင်နေတော့၏။
” မနက်ပိုင်းတော့ ဘာမှစားချင်သေးမှာမဟုတ်ဘူး။ နင်ဝယ်လာလည်း အလကားဖြစ်သွားမှာ။ နေ့လယ် တစ်နာရီလောက် နှစ်နာရီလောက်ဖြစ်ဖြစ် ၊ ညနေပိုင်းမှဖြစ်ဖြစ် ခေါက်ဆွဲကြော်နဲ့ ကြေးအိုးဆီချက် တစ်ခုခုဝယ်ကျွေးလိုက် ။ ရှင်းသန့်က အဲဒါတွေကြိုက်တာ ”
“ဟီးဟီး…ဟုတ်ပြီ ကျေးဇူးပဲ မြသွေး။ ငါနင့်အတွက်ပါ ဝယ်ခဲ့မယ်။ ”
မင်းခန့်မှာ ဆိုင်ကယ်ဦးခေါင်းကို လမ်းမကြီးဆီသွားမည့်ဘက်သို့ပြန်လှည့်ရင်း ဝမ်းသာအားရဆိုရှာ၏။
” ငါ့အတွက် မလိုပါဘူးဟယ်…”
“ကျေးဇူးရှင်ဆိုတော့ ကျွေးရမှာပေါ့ဟာ”
မြသွေးခြယ်မှာ ပြောလို့လည်းရမည်မဟုတ်၍ သည်အတိုင်းသာလွှတ်ထားလိုက်ရတော့သည်။
သည်နေ့တော့ မိုးအရမ်းသည်းမည်မထင်ပေ။
~~~~~
မင်းခန့် နေ့လယ်ပိုင်းအတန်းတစ်ချိန်သာ တက်ကာ ဟိုကလေးလေးအကြိုက် ခေါက်ဆွဲကြော်ဝယ်ဖို့ရာ မှော်ဘီထဲသို့ ဆိုင်ကယ်နှင့် ထွက်လာခဲ့လိုက်သည်။ အနီးအနားတွင် လက်ဖက်ရည်ဆိုင်ရှိသော်လည်း မှော်ဘီထဲမှဆိုင်က ပိုစားကောင်း၏။ ခေါက်ဆွဲကြော်နှင့် ကြေးအိုးဆီချက်ဆိုလျှင်လည်း ဖျားနာနေသူ၏အကြိုက်အရသာနှင့်ဆိုလျှင် ခေါက်ဆွဲကြော်က ပို၍သာလိမ့်မည်။
ထို့ကြောင့် အိမ်အတွက်ခေါက်ဆွဲကြော်နှစ်ပွဲ၊ ရှင်းသန့်တို့အိမ်အတွက် ခေါက်ဆွဲကြော်နှစ်ပွဲ ဝယ်ခဲ့ကာ မှော်ဘီမှပြန်လာခဲ့လိုက်၏။ သည်နေ့ မိုးအုံ့မှိုင်းနေသော်လည်း မိုးမရွာသေးသည်မှာ တော်သေးသည်ဟုဆိုရမည်။ ကိုယ့်ဆိုင်ကယ်နှင့်ကိုယ်သွား၍ရလေတော့ ခရီးမြန်၏။
မင်းခန့် အိမ်မှာဆိုင်ကယ်ဝင်ထားပြီးနောက် မီးဖိုချောင်ထဲမှာ ခေါက်ဆွဲကြော်နှစ်ပွဲထားခဲ့ကာ လွယ်အိတ်ကိုလည်း ဧည့်ခန်းမှာ ခဏထားခဲ့ပြီး ရှင်းသန့်တို့အိမ်သို့ ထွက်လာခဲ့လိုက်သည်။ အမေဖြစ်သူ ဒေါ်မြကြည်မှာ သားဖြစ်သူမင်းခန့်က တစ်ခါတစ်ရံ နေ့လယ်ပိုင်းအတန်းတွေမတက်ပါဘဲ ပြန်လာတတ်သည်အားသိသော်လည်း ယခုလိုမုန့်ဝယ်လာသည်မှာတော့ ရှားပါးလွန်းသည်ကြောင့် တအံ့တဩသာလိုက်ကြည့်နေတော့၏။
မင်းခန့် ဆိုင်သို့ရောက်ချိန် မြသွေးခြယ်နှင့်အတူ ရှင်းသန့်ကိုပါတွေ့လိုက်ရသည်။ အတော်လေးသက်သာသွားပုံရသည့်ရှင်းသန့်မှာ သနပ်ခါးအဖွေးသားနှင့် မျက်နှာလေးကြည်လင်နေလေတော့ မင်းခန့်ရင်ထဲမှ အပူလုံးကြီးကျသွားသလိုပင်။
သို့သော် အလုံးစုံမကောင်းသေးပါဘဲ အပြင်မှာထွက်ထိုင်နေလေရာ မင်းခန့်၏စိုးရိမ်ရေမှတ်က မြင့်တက်လို့လာပြန်သည်။
” ရှင်းသန့်… သက်သာပြီလား”
အစ်မဖြစ်သူနှင့် ပြုံးပြုံးရယ်ရယ်ပင် စကားပြောနေသည့်ရှင်းသန့်က မင်းခန့်စကားသံကိုကြားတော့ လှည့်ကြည့်သည်။ မျက်ဝန်းတွေက အံ့ဩသွားဟန် အနည်းငယ်ကျယ်သွားပြီးမှ…
” သက်သာပြီဗျ။ မနေ့က ကိုကြီးဆေးခန်းလိုက်ပို့တာဆို။ ကျေးဇူးပါဗျ။ ”
ရှင်းသန့်က ပြုံးရိပ်ရိပ်နှင့် ယဉ်ကျေးပျူငှာစွာဆိုလာချိန် မင်းခန့်ရင်ထဲမှ အပူလုံးကြီးက တစ်ဖန်ပြန်ကျလို့သွားပြန်သည်။ မင်းခန့်မှာ သွားအကုန်ပေါ်အောင်ပင် မထိန်းနိုင်မသိမ်းနိုင်ရယ်ရင်း…
” ရပါတယ် ရှင်းသန့်ရဲ့။ ပြောစရာလူတွေမှမဟုတ်တာ။ ဒီမှာ ရှင်းသန့်နေမကောင်းတော့ ပါးစပ်ပျက်နေမှာစိုးလို့ ခေါက်ဆွဲကြော်ဝယ်လာပေးတယ်…”
ခုံပေါ်သို့ ခေါက်ဆွဲကြော်ဘူးနှစ်ဘူးထည့်ထားသည့်အိတ်ကိုတင်ရင်းဆိုလိုက်သည့် မင်းခန့်စကားကြောင့် ရှင်းသန့်မှာ မျက်ဝန်းတွေဝန်းဝိုင်းသွားပြီး နှုတ်ခမ်းတို့မှာလည်း ခပ်ဟဟဖြစ်သွားရှာသည်။ မြသွေးခြယ်မှာတော့ ရယ်ချင်နေသည့်စိတ်အားထိန်းထားပုံမှာ မျက်နှာတွင်ပေါ်လွင်လို့နေတော့၏။
” မဟုတ်တာ…ကိုကြီးကလည်း ကူညီရသေးတယ်။ ကိုကြီးက ဝယ်ကျွေးတာမဟုတ်သေး…”
“ဪ…ရှင်းသန့်ရယ်။ ဒီနှစ်အိမ်က ပြောစရာလူတွေမှမဟုတ်တာ။ နော် မြသွေး…”
မင်းခန့်မှာ မြသွေးကို ရှေ့နေခေါ်ကာဖြင့် ခပ်ပြုံးပြုံးလုပ်သည်မှာ ကူပြောခိုင်းသည့်သဘောပင်။
“ဟုတ်သားပဲ…သားသားကလည်း။ ဝယ်ကျွေးချင်တဲ့သူက တကူးတကသွားဝယ်ပေးမှတော့ ယူထားလိုက်ပါ။ သားသား ပါးစပ်ပျက်နေတာအတော်ပဲဖြစ်သွားတာပေါ့။”
ရှင်းသန့်မှာ အနွေးထည်လက်ကြယ်သီးလေးအား ဆော့ကစားကာ ခေါက်ဆွဲဘူးတွေကိုကြည့်လိုက် ပြုံးရိပ်ရိပ်မျက်နှာထားနှင့်မင်းခန့်ကို ကြည့်လိုက်ဖြင့် သက်ပြင်းချရှာသည်။
” ကျေးဇူးပါ ကိုကြီး”
နူးနူးညံ့ညံ့လေးပြုံးပြရင်းဆိုလာသည့်ရှင်းသန့်ကြောင့် မင်းခန့်မှာ ရင်ထဲအေးချမ်းသွားရတော့သည်။ သည်လိုမျှော်လင့်ချက်နှင့် သည်လိုပျော်ရွှင်ရမှုဟာ မင်းခန့်ဘဝမှာ ပထမဆုံးဖြစ်၏။
~~~~~
မင်းခန့် စာကြည့်ပြီးသည့်အချိန် နာရီတစ်ချက်ကြည့်မိတော့ ဆယ်နာရီထိုးလေပြီ။ ဟိုကလေးလေးသက်သာရဲ့လားတွေးမိရင်း ချမိသည့် မင်းခန့်၏သက်ပြင်းတွေထဲ အကြောင်းအရင်းများစွာပါလို့နေ၏။ ရှင်းသန့်အပေါ်ကိုဆို တခြားသောသူစိမ်းတွေထက်ပို၍ ရင်းနှီးစွာဆက်ဆံမိပြီး၊ တွေ့ချင်မိတာတွေ၊ နောက် ပိုလို့ဂရုတစိုက်ရှိမိတာတွေ၊ ဂရုစိုက်ပေးချင်တာတွေ။ မတွေ့လျှင်တွေ့ချင်မိပြီး ၊ တွေ့နေရလျှင်လည်း ရှင်းသန့်ဘက်မှ သူ့အပေါ်အကောင်းမြင်လို့ ရင်းရင်းနှီးနှီးဆက်ဆံစေချင်တာတွေ။ တွေ့ချင်လွန်းသည့်စိတ်ကြောင့် ရှင်းသန့်၏ကျူရှင်သွားချိန်၊ ကျောင်းသွားချိန်တွေကို အရေးတယူမှတ်ထားပြီး အိမ်မှအချိန်ကိုက်ထွက်မိတာတွေ…။
လိုသည်ထက်ပို၍ အာရုံစိုက်နေမိပြီးနောက်၊ ထူးထူးခြားခြားပင်ဖြစ်တည်လာသည့် ရှင်းသန့်အပေါ် သူ၏စိတ်တွေ၊ ခံစားချက်တွေ၊ ရင်ထဲမှပေါက်ဖွားလာသည့်အချစ်တွေဟာ တိုးလို့လာခဲ့သည်။ ရှင်းသန့်နှင့်တွေ့မှ သူ၏လိင်စိတ်တိမ်းညွတ်မှုကို သိလာရကာ ၊ လူပျိုပေါက်စကလေးအပေါ် တိမ်းညွတ်မိသည့်သူ့ကိုယ်သူ သံသယရှိခဲ့သော်လည်း ရှင်းသန့်နေမကောင်းဖြစ်သည့်နေ့မှစ၍ မင်းခန့် သူ့ကိုယ်သူ အသေအချာပင်သိလိုက်၏။
မင်းခန့်ပိုင်ဆိုသောသူသည် ရှင်းသန့်ပိုင်ဆိုသည့်ကလေးကို ချစ်မိနေပြီဖြစ်၏။ ချစ်မိသည်မှာလည်း စိတ်နှလုံးသားတစ်ခုလုံးပုံအပ်၍ပင်ဖြစ်သည်။
သို့သော် သူ၏ချစ်စိတ်ကြောင့် ကလေးတစ်ယောက်အပေါ် မလိုအပ်သည့်ထိခိုက်မှုတွေ၊ မလိုအပ်သည့်စိတ်ကစားမှုတွေ မဖြစ်စေလိုပေ။မင်းခန့်ဘဝမှာ သည်လိုစိုးရိမ်မှုတွေပြည့်ဝနေသည့်ချစ်ခြင်းနှင့်ချစ်မိမည်ဟု မတွေးမိဖူးပေ။
အမြတ်တနိုးချစ်မိတော့လည်း ခက်လှသည်။
~~~~~
မင်းခန့် ဟိုကလေးလေး သက်သာသွားပြီလားသိချင်စိတ်ဖြင့် ဈေးဆိုင်သို့ထွက်လာခဲ့လိုက်သည်။ ညီလေးတစ်ယောက်လိုချစ်သည်ထက်ပိုနေပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သိနေသည်ကြောင့် မင်းခန့်သက်ပြင်းတို့သာ ချနေလျက်။
” ဟင်…”
ဈေးဆိုင်ထဲအရောက် ကလေးတစ်ယောက်နှင့် ရယ်မောရင်းစကားပြောနေသည့်ရှင်းသန့်ကြောင့် မင်းခန့်မှာ မျက်ခုံးပင့်သွားတော့၏။ ငါးနှစ်လောက်တောင်မရှိလောက်သေးသည့်ကလေးတစ်ယောက်ကို ပေါင်ပေါ်တင်ကာ စကားတွေတတွတ်တွတ်ပြောရင်း ရယ်မောနေသည့်ရှင်းသန့်ဟာ ဖြူစင်အေးချမ်းစွာ။ နေမကောင်းဖြစ်ထား၍ မျက်နှာလေးချောင်ကျနေသည်မှလွဲ သနပ်ခါးတွေဖွေးနေအောင်လိမ်းထားသည့်ရှင်းသန့်သည် မင်းခန့်ရင်ကိုအေးစေတုန်းပင်။ ရှင်းသန့်ကိုတွေ့မိချိန်တိုင်း မင်းခန့်မှာ အမြဲတမ်းရင်ထဲအေးချမ်းစွာ ပြုံးမိရ၏။ အမြဲတမ်းတွေ့ချင်မိသည်။ အမြဲတမ်းငေးချင်မိရ၏။
” ရှင်းသန့်…”
မင်းခန့် ကြားရရုံသာ တိုးဖွဖွလေးခေါ်လေတော့ မော့ကြည့်လို့လာပြီးနောက် စိတ်လိုလက်ရပြုံးပြကာဖြင့်…
” ဪ ကိုကြီး…”
ဟု ဆိုလာလေသည်။
” ဘာဝယ်မလို့လဲ ကိုကြီး”
အရင်လို ခပ်ပြတ်ပြတ်မဟုတ်တော့ဘဲ သိသိသာသာပျော့ပျောင်းလာသည့်လေသံလေးကြောင့် မင်းခန့်ရင်ထဲတလှပ်လှပ် ခံစားနေရသည်။ ရှင်းသန့်က ပေါင်ပေါ်တင်ထားသည့်ကလေးလေး၏ပါးလေးကို တို့ထိဆော့ကစားနေကာ မင်းခန့်ကိုမော့ကြည့်ကာဖြင့် အဖြေစကားကို စောင့်စားလို့နေ၏။
” ဘာမှမဝယ်ဘူးရယ်။ ရှင်းသန့် နေကောင်းသွားပြီလား လာမေးတာပါ။ ”
“ဪ…ကျွန်တော် လုံးဝကောင်းသွားပြီဗျ။ နည်းနည်းပါးစပ်ပျက်တာလေးပဲ ကျန်တော့တယ်။ ”
“တော်သေးတာပေါ့…ဒါဆို တနင်္လာနေ့ ကျောင်းပြန်တက်တော့မှာပေါ့ …”
“ဟုတ်ကဲ့ ကိုကြီး။ စာမေးပွဲကလည်း နီးပြီလေ… ထပ်ပျက်လို့မဖြစ်တော့ဘူး။ ”
ရှင်းသန့်နှင့် သည်လိုမျိုး စကားဖောင်ဖွဲ့မပြောဖူး၍ မင်းခန့်မှာ ရင်ထဲရွှင်ပျလို့နေသည်။ ရှင်းသန့်နှင့်အများဆုံးတွေ့ရသည့်အချိန်များမှာ သူ့ဘက်မှ တမင်တိုက်ဆိုင်အောင်လုပ်ထားခဲ့သည့် ကျောင်းသွားချိန်များသာဖြစ်ပြီး စကားသေချာပြောချိန်လည်းမရခဲ့ပေ။ ဈေးဆိုင်မှာတွေ့ရသည့်အချိန်မှာလည်း ရှင်းသန့်မှာ အေးအေးဆေးဆေးနေတတ်ကာ၊ ခပ်ပြတ်ပြတ်စကားပြောတတ်သည့်အကျင့်ကြောင့် မင်းခန့်မှာ စကားသေချာပြော၍ မရခဲ့သလို၊ ပြောရမည့်အကြောင်းအရာလည်းရှာမရခဲ့ချေ။ အမြဲတမ်း ခပ်တည်တည်ဖြစ်နေသည့် မျက်နှာလေးနှင့် ခပ်စေ့စေ့ထားတတ်သည့်နှုတ်ခမ်းလေးကလည်း သူနှင့်တွေ့ချိန်ဆိုလျှင် နှုတ်ခမ်းထောင့်လေးကွေးလို့ ပြုံးပြတတ်လာခဲ့ပြီ။
မင်းခန့်မှာ သည်လောက်လေး အခြေအနေတိုးတက်လာသည်ကိုပင် ရင်ထဲမှာကျေနပ်လို့ ရွှင်မြူးရသည်။
” ကလေးက ရှင်းသန့်အမျိုးလား…”
“ဟုတ်တယ်ဗျ။ ညီတစ်ဝမ်းကွဲပေါ့ … မေမေ့မောင်က မွေးတာလေ ။ အသည်းတုံးလေး …”
ခပ်ပြုံးပြုံးဖြေရင်းပင် ကလေးလေးကို ဖက်ထားရင်းမှ အသည်းယားစွာဖျစ်ညစ်လိုက်သည့်ရှင်းသန့်ကြောင့် မင်းခန့်မှာ အသည်းတယားယားဖြစ်သွားတော့သည်။ ကလေးက ကလေးချစ်တတ်သည့်အခြေအနေပင်။
” ချစ်စရာလေးနော်…ရှင်းသန့်က ကလေးချစ်တတ်တယ်ထင်တယ်”
“ဟုတ်တယ်ရယ်…ကျွန်တော်က ကလေးချစ်တတ်တယ်ဗျ။ လူတွေနဲ့ကီးမကိုက်ပေမဲ့ ကလေးနဲ့ခွေးနဲ့တော့ ကီးကိုက်တယ်…ဟီးဟီး ”
ပခုံးလေးတွန့်ကာပင် သူ့အကြောင်းသူရယ်မောရင်း ပြောပြလာပြန်သည့်ရှင်းသန့်ကြောင့် မင်းခန့်မှာ မျက်ခုံးပင့်ခနဲဖြစ်သွားကာဖြင့် နှလုံးခုန်သံဟာလည်း ကိုယ်ကိုယ်တိုင်ပြန်ကြားရသည်အထိ ကျယ်လောင်လာခဲ့တော့၏။
” ဒါနဲ့…ရှင်းသန့်တစ်ယောက်တည်းလား။ အခုမှနေကောင်းကာစကို အပြင်မှာအကြာကြီးနေလို့မဖြစ်ဘူးမဟုတ်လား။ ”
“အဟီး…ကျွန်တော် ဒီမှာထိုင်တာ ခဏပဲရှိပါသေးတယ်။ မေမေက သူ့မောင်တွေေရောက်နေတော့ စကားပြောနေလို့လေ ။ မမက ကိစ္စရှိလို့ အိမ်ထဲခဏဝင်သွားတာရယ်။ ကျွန်တော် ခဏနေပြန်ဝင်တော့မှာပါဗျ…”
“ဪ…ဟုတ်ပြီ။ အအေးမခံနဲ့ နွေးနွေးထွေးထွေးနေနော်… ဂရုစိုက်။ ”
“ဟုတ်ကဲ့ပါ ကိုကြီး။ ”
မျက်ဝန်းကျယ်ကျယ်လေးတွေ မှေးကျဉ်းသွားအောင်ပင် ရယ်ပြရင်းဆိုလာသည့်ရှင်းသန့်ကြောင့် မင်းခန့်မှာ ရင်ထဲထပ်ဆင့်အေးချမ်းလို့နေရတော့သည်။
အသံလေးကလည်း ချိုသာသည်။
အပြုံးလေးကလည်း အေးမြလှသည်။
လူကလေးကလည်း အေးချမ်းလို့နေတော့သည်ပင်။
မင်းခန့်ကတော့ အကြောင်းပြချက်ကင်းမဲ့စွာပင် ကောင်ကလေးတစ်ယောက်အား ချစ်မြတ်နိုးမိသွားခဲ့သည်။
၂၇၊၂၊၂၀၂၃။တနင်္လာ။
edited = ၁၇၊၆၊၂၀၂၃။စနေ။
ကိုကို
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။