Chapter 9
သက်ဆုံးတိုင်
အပိုင်း (၉)
” ကျောင်းမှာ အပြင်တွေလျှောက်မသွားဘဲ အတန်းထဲပဲနေနော်။ မိုးရေထိရင် ထပ်ဖျားမှာစိုးရတယ်။ ”
” အအေးတွေလည်း မသောက်နဲ့ဦး။ အနွေးထည်လည်းမချွတ်နဲ့။ ”
“ဟုတ်ကဲ့ မေမေ ”
ရှင်းသန့်မှာ မနက်စာစားကတည်းကမှာနေသည့်အမေဖြစ်သူ၏အပ်ကြောင်းထပ်အမှာစကားတွေအား ခပ်ပြုံးပြုံးပင်တုံ့ပြန်ရှာသည်။ အိမ်မှလမ်းထိပ်သို့သွားမည့် လမ်းတစ်လျှောက်လည်း သည်အမှာစကားတွေ ကြားရဦးမည်ဆိုတာ ရှင်းသန့်သိ၏။
“မြသွေး မေမေ သားသားကို လမ်းထိပ်သွားပို့လိုက်ဦးမယ်နော် ”
“ဟုတ်ကဲ့…”
” မမ သားသွားပြီ…”
မြသွေးခြယ်က ဈေးရောင်းနေရင်းမှ ရှင်းသန့်ကို လက်ပြသည်။ ဒေါ်ခင်မေနှင့် ယှဉ်လျှောက်ကာ အိမ်မှထွက်လာရင်း ရှင်းသန့် မျက်စောင်းထိုးခြံသို့ ကြည့်မိပြန်၏။
” သား အပြင်စာတွေ လုံးဝမစားနဲ့ဦးနော်…”
“ဟုတ်ကဲ့…”
ဆွဲခြင်းဆွဲပေးထားသည့်ဒေါ်ခင်မေမှာ ဘာမှာစရာကျန်သေးလဲဟု ရေရွတ်ရင်း ဖြည်းဖြည်းချင်းလျှောက်လို့နေ၏။ မျက်စောင်းထိုးအိမ်ကို ကျော်လာပြီးနောက် ရှင်းသန့်မှာ သံယောဇဉ်မပြတ်စွာပင် ခေါင်းလေးလှည့်လို့ကြည့်လိုက်သေးသည်။ တွေ့နေကျလူအား မတွေ့ရလေတော့ တစ်ခုခုလိုအပ်နေသလိုပင်။
” အန်တီ…ရှင်းသန့်…”
အလျင်လိုစွာခေါ်လာသည့်အသံနှင့်အတူ ပြေးလာသည့်ခြေသံကိုပါ ရှင်းသန့်ကြားလိုက်ရသည်။ ရှင်းသန့်နောက်သို့လှည့်ကြည့်မိသည့်အခါ ပြေးလာသည့်မင်းခန့်ကို တွေ့လိုက်ရ၏။ အလျင်အမြန်ပြေးလာပြီး သူ့ဘေးနားတွင်ဝင်ရပ်ကာ ရယ်ပြလာသည့်မင်းခန့်ကြောင့် ရှင်းသန့်မှာ ကြောင်တောင်တောင်လေးဖြစ်လို့သွားသည်။
” မင်းခန့်က ကျောင်းသွားတော့မှာလား…”
“ဟုတ်ကဲ့ဗျ…”
ဒေါ်ခင်မေမေးသည်အား တရိုတသေပင်ခေါင်းလေးညိတ်ရင်းဖြေသည့်မင်းခန့်၏အကြည့်တွေက ရှင်းသန့်ဆီမှာသာကပ်လို့နေ၏။အရင်နေ့တွေလိုစကားမဆိုဘဲ ထူးထူးဆန်းဆန်းပင် တိတ်ဆိတ်စွာလျှောက်နေသည့်မင်းခန့်ကြောင့် ရှင်းသန့်မှာ တစ်ချက်တစ်ချက်မော့ကြည့်ကာ အကြည့်ချင်းစုံသွားလျှင် အချင်းချင်းရယ်ပြမိကာဖြင့် နှစ်ယောက်သားကြားမှာ ကြောင်တောင်တောင်ဖြစ်လို့နေတော့သည်။
” မင်းခန့်ရေ… အန်တီ သားသားကို ကားတင်ပေးလိုက်ဦးမယ်…”
“ဟုတ်ကဲ့ဗျ။ ကားဂရုစိုက်ကူးပါ အန်တီ ”
“အေးအေး… ”
ဒေါ်ခင်မေအား မှာကြားရင်း သူ့ကိုနှုတ်ဆက်သည့်ဟန် လက်ပြနေသည့်မင်းခန့်ကြောင့် ရှင်းသန့်မှာ ကြောင်တောင်တောင်နှင့်ပင် မျက်ဝန်းတွေပြူးကျယ်သွားရင်း အမေဖြစ်သူဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည်။ပြုံးပြသည့်အပြုံးမှာ အရင်ကနှင့်မတူ တစ်မူထူးနေလေတော့ ရှင်းသန့် စဉ်းစားရခက်လို့နေတော့၏။
~~~~~
နေ့လယ်ထမင်းစားလွှတ်ချိန် အိမ်သာသွားပြီး ပြန်အလာတွင် သူ့နေရာမှာပုံနေသည့်စာများကြောင့် ရှင်းသန့် သက်ပြင်းချရင်းပင် ခေါင်းကုတ်မိတော့သည်။လွှမ်းနောင်ကတော့ “ရှင်းသန့် မင်းကစွံလိုက်တာ”ဟု ရယ်ကျဲကျဲစလို့နေ၏။ ရှင်းသန့်က လွှမ်းနောင်အား ခေါင်းတစ်ချက်ပိတ်ရိုက်ကာဖြင့် စာများအား ဘယ်သူလာချသွားမှန်းလည်းမသိသည်ကြောင့် အမှိုက်ပုံးထဲလွှင့်မပစ်ချင်သော်လည်း မတတ်နိုင်တော့ပေ။ စာခေါက်လေးတွေကိုစုလိုက်ကာ အတန်းအနောက်ဆုံးမှာရှိသည့် အမှိုက်ပုံးထဲသို့ ရှင်းသန့်ပစ်လိုက်၏။
” ရှင်းသန့်…သက်သာသွားပြီလား…”
ယောက်ျားလေးအတန်းခေါင်းဆောင်မှာ စာအုပ်တွေပိုက်ကာဖြင့် နေရာမှာထိုင်နေသည့်သူ့အား တကူးတကမေးလာခဲ့သည်။
” သက်သာသွားပြီ…ကျေးဇူး…”
” ဒီမှာ စာမေးပွဲစာတွေ။ မင်းကူးချင်ရင် ကူးလို့ရအောင်…”
ယောက်ျားလေးအတန်းခေါင်းဆောင်က သဘောကောင်းသည်ကိုသိသော်လည်း သည်လောက်အထိကောင်းလိမ့်မည်ဟု ရှင်းသန့်မထင်ခဲ့မိပေ။ အတန်းခေါင်းဆောင် သူ့ရှေ့သို့ချပေးလာသည့်စာအုပ်တွင်ထိုးထားသည့်နာမည်အား ဖတ်ကြည့်မိတော့ အတန်းခေါင်းဆောင်၏နာမည်မဟုတ်။ အတန်းခေါင်းဆောင်နှင့်တပူးပူးတတွဲတွဲရှိလှသူ၏နာမည်ပင်။ နာမည်ကား ကောင်းမြတ်ဖြစ်၏။ လွှမ်းနောင်က တချို့စာတွေကိုသူ့အတွက်ကူးပေးထားပြီးဖြစ်ပြီး ကျန်နေသေးသည့်စာများအား လွှမ်းနောင်ဆီက ဆက်ကူး၍ရသော်လည်း တကူးတကလာပေးရှာသည့် အတန်းခေါင်းဆောင်အား,အားနာ၍ ရှင်းသန့် ယူထားလိုက်တော့သည်။
” ကျေးဇူးပါ မိုးမင်းမောင်…”
“အင်း…”
ယောက်ျားလေးအတန်းခေါင်းဆောင်က ထိုမျှပင်ဆိုကာ ထွက်သွားသည့်နောက် ရှင်းသန့် စာအုပ်တွေကို လှန်လှောကြည့်သည်။ သပ်ရပ်ဝိုင်းစက်ကာရှင်းလင်းလှသည့်လက်ရေးဟာ အတန်း၏အဆင့်တစ်ကိုအမြဲဗိုလ်စွဲထားသူတစ်ဦး၏လက်ရေးဟု သိသာထင်ရှားလွန်းလှစွာ။
စာမေးပွဲအတွက် ဆရာမများမှ မေးခွန်းနှင့်အဖြေတွဲပေးထားသည်ဆိုသော်လည်း ကောင်းမြတ်၏ စာများဟာ တခြားကျောင်းသားများထက်ပို၍ရှင်းကာ အချက်အလက်ပြည့်စုံသည်။ သတ်ပုံမှာလည်းထောက်ပြစရာအမှားမရှိအောင်ကို မှန်ကန်စွာရေးထား၏။
ရှင်းသန့် ကောင်းမြတ်နှင့်မိုးမင်းမောင်ရှိရာသို့ လှမ်းကြည့်သည့်အခါ ကောင်းမြတ်နှင့်အကြည့်ချင်းဆုံမိကြသည်။ အနည်းငယ်တော့ ခင်မင်ရင်းနှီးသည်ဖြစ်ရာ ရှင်းသန့်ပြုံးပြသည့်အခါ ကောင်းမြတ်မှာ အားရပါးရပင်ရယ်မောပြလာ၏။
စာအုပ်များပိုင်ရှင်မှာ ကောင်းမြတ်ဖြစ်သော်လည်း စာအုပ်တွေလာငှားပေးသူမှာ မိုးမင်းမောင်ဖြစ်နေရသည့်အကြောင်းအရင်းအား ရှင်းသန့် စဉ်းစား၍မရပေ။
” အတန်းခေါင်းဆောင်က ဘက်လိုက်တယ်ကွ…ကြည့်စမ်း ”
ခပ်နောက်နောက်၊ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ လွှမ်းနောင်က ကောင်းမြတ်၏စာအုပ်များကို တဖျပ်ဖျပ်လှန်ရင်း ပြောလာသည်ဖြစ်ရာ ရှင်းသန့် လွှမ်းနောင်လက်ကိုဖျတ်ခနဲရိုက်ချလိုက်၏။ ရှင်းသန့်က စာရွက်လှန်လျှင် အရာမထင်အောင်၊မကြေအောင် ဖြည်းဖြည်းချင်းသေသေသပ်သပ်လှန်တတ်သူဖြစ်ပြီး ကောင်းမြတ်မှာလည်းထိုသို့ပင်ဖြစ်၍ လွှမ်းနောင်မှာ သူ့အမှားသူသိကာပင် တဟီးဟီးလုပ်ကာ စာရွက်တွေကိုသေချာလေးပြန်ဖြန့်ပေးနေတော့သည်။
အတန်းအားချိန်များတွင် ကျောင်းပျက်ထားသည့်စာများကို တတ်နိုင်သမျှ မြန်မြန်ကူးရေးသော် လည်း ရှင်းသန့်အကုန်မပြီးသည်ကြောင့် ကောင်းမြတ်ထံ အကျိုးအကြောင်းရှင်းပြကာ စာအုပ်တချို့ကိုငှားလာရသည်။ ကောင်းမြတ်မှာ လွယ်လင့်တကူပင် ငှားပေးလိုက်သည်ဖြစ်ရာ ရှင်းသန့် ကျေးဇူးတင်မိသည်မှာအထပ်ထပ်။
သည်နေ့ညနေ ကျူရှင်မရှိလေတော့ ရှင်းသန့် ကျောင်းမှအိမ်သို့တန်းပြန်ရသည်။ ကားပေါ်မှဆင်းဆင်းချင်းပင် လမ်းထိပ်မှအုတ်ခုံပေါ်တွင်ထိုင်နေသည့်မင်းခန့်ကို ရှင်းသန့်မြင်လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် ချက်ချင်းပင်မတ်တတ်ရပ်ကာ ရယ်ပြလာသည့်မင်းခန့်ကြောင့် ရှင်းသန့်မှာ ကြောင်တောင်တောင်နှင့်ပင် ပြန်ရယ်ပြရ၏။
” ရှင်းသန့်…”
” ကိုကြီးလည်းကျောင်းကပြန်လာပြီလား…”
“အင်း…”
ဝမ်းပန်းတသာပင်ခေါ်ရင်း အနားကပ်လာသူအား ရှင်းသန့်က ဖော်ဖော်ရွေရွေပင်နှုတ်ဆက်သည်။ အရင်က မင်းခန့်ကိုတွေ့လျှင် ခပ်တန်းတန်းနေကာ၊ ခပ်ပြတ်ပြတ်သာဆိုတတ်သည့်ရှင်းသန့်တစ်ယောက် မင်းခန့်၏ဇွဲကြီးစွာအရေးတယူနှုတ်ဆက်ပြောဆိုမှုတွေကြောင့် တဖြည်းဖြည်းနှင့်ပြောင်းလဲလာခဲ့ပြီ။
” ဒီနေ့ အတန်းတွေ စောစောပြီးသွားတယ်လေ။ အဲဒါ အိမ်တန်းမပြန်သေးဘဲ ရှင်းသန့်ကိုစောင့်နေတာ။ ”
“ဪ…”
ရှင်းသန့်မှစကားမဆက်တော့ မင်းခန့်မှာ သူလမ်းထိပ်အုတ်ခုံမှာထိုင်နေရသည့်အကြောင်းအရင်းအား မသိသာသလိုနှင့် သိသိသာသာပင် ကိုယ်တိုင်ဖွင့်ဟရတော့၏။ ရှင်းသန့်ဘက်မှ ဘာမှမထူးဆန်းသလိုသာ တုံ့ပြန်လာသည့်အခါ မင်းခန့်က နားထင်လေးကိုလက်ညှိုးလေနှင့်ကုတ်လိုက်ရင်း…
” ရှင်းသန့် ဒီနေ့ရော ကျောင်းမှာနေကောင်းရဲ့လား။ မိုးအေးအေးနဲ့ပြန်ဖြစ်မှာစိုးလို့…”
” ကောင်းပါတယ် နေက။ ကျောင်းပျက်တုန်းကပေးထားတဲ့စာမေးပွဲစာတွေတော့ တော်တော်ပြန်ကူးနေရတယ်။ ဒီတစ်ခေါက် နေမြန်မြန်ပြန်ကောင်းတာပဲ ကျေးဇူးတင်ရမလို ။ မဟုတ်ရင် ကျွန်တော် အမှတ်တွေလျော့မှာဗျ…”
မင်းခန့်က ရှင်းသန့်ကို စောင်းငဲ့ကြည့်ကာပြုံးသည်။ ရှင်းသန့်ဘက်မှ သူ့ကိုအဲ့သည်လိုစကားအရှည်ကြီးပြောလျှင် မင်းခန့် ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို၊ ပန်းတွေပွင့်သလို ခံစားရ၏။ ထူးထူးဆန်းဆန်းအကြောင်းအရာမဟုတ်သော်လည်း မင်းခန့်အနေနှင့် ရှင်းသန့်အရေးတယူပြောပြသည့်အကြောင်းအရာတိုင်း၊ စကားတိုင်းကို နှစ်သက်တတ်သည်။
” ရှင်းသန့်က တော်ပြီးသားပဲ။ အရမ်းလည်းစိတ်မပူပါနဲ့…တော်ကြာ စိတ်ဖိစီးမှုများပြီး နေမကောင်းပြန်ဖြစ်မယ် ”
“ဟုတ်ကဲ့… ဒီတစ်ခေါက်ပြီးရင် နောက်တစ်ကြိမ်က ပထမနှစ်ဝက်ဖြေရတော့မှာဆိုတော့ အခုကတည်းကသေချာကြည့်ထားရင် ပိုကောင်းတယ်လေ။ ကျွန်တော်က အဲ့ဒါကြောင့်ပါ…”
“ဪ…ရှင်းသန့်က တော်လိုက်တာ။ ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်ရှိတာ ကောင်းပါတယ်။ စိတ်ချရတာပေါ့။”
“ဟုတ်တယ်ဗျ… ကိုကြီးရော စာမေးပွဲဘယ်တော့ဖြေရမှာလဲ ”
“၉လပိုင်း…နောက်အပတ်ဆို ကျူတိုရီရယ်တွေစီနေတာပဲ…”
“ကိုကြီးတို့က စာပိုခက်မှာပေါ့…”
ရှင်းသန့်မှာ သိချင်စိတ်ကလေးနှင့် မင်းခန့်ကို တမော့ကြည့်ကြည့်လုပ်လို့ပင်။ ကိုးတန်းအရွယ်ကလေးနှင့် ကျောင်းစာအကြောင်း စိတ်ဝင်တစားပြောနေရသည်အား မင်းခန့်မယုံနိုင်။
” ဒီလိုပါပဲ…”
“ဒါပေမဲ့ ကိုကြီးကတော်တာပဲ။ ဖြေနိုင်မှာပါ…”
အပြုံးလေးတစ်ပွင့်နှင့်ဆိုလာသူ ရှင်းသန့်ကြောင့် မင်းခန့်မှာရင်ထဲကြည်နူးလို့လာသည်။ ရှင်းသန့်နှင့်စကားများများပြောခွင့်ရချင်လျှင် မည်သည့်အကြောင်းဆွေးနွေးရမည်ဆိုတာ မင်းခန့်သိလိုက်ပြီဖြစ်၏။
” ကိုကြီးကတော်တယ်လို့ ရှင်းသန့်ကထင်တယ်ပေါ့…”
“သူများတွေပြောတာကြားတာပဲလေ…”
နှစ်ယောက်သား လမ်းယှဉ်လျှောက်လာရင်း အိမ်သို့ရောက်တော့မည်။ မင်းခန့်မှာ ခြေလှမ်းတွေအားနှေးပစ်ချင်သော်လည်း ရှင်းသန့်ကတော့ ပုံမှန်လျှောက်ဆဲ။
” ဒါဆို ရှင်းသန့်က သူများပြောတာကိုလိုက်ပြောတာပေါ့လေ။ ကိုကြီးကိုတကယ်တော်တယ်လို့မထင်ဘူးပေါ့…”
မင်းခန့်မှာ မျက်လုံးက ရှင်းသန့်ကိုကြည့်လိုက် ၊ အိမ်သို့ရောက်တော့မည့်အကွာအဝေးကိုကြည့်လိုက်နှင့် အလုပ်ရှုပ်လို့နေ၏။
” အဲဒီလိုလည်းမဟုတ်ပါဘူး…”
“ဟီး…”
မင်းခန့်မှာ ရှင်းသန့်ထံမှ ထိုသို့အဖြေလေးကြားသည်ကိုပင် အသံထွက်အောင်ရယ်မိသည်အထိ ကျေနပ်နေရှာ၏။
“ရှင်းသန့်… ”
နှစ်ယောက်သား လမ်းလျှောက်နေရင်း ကြားလိုက်ရသည့်ခေါ်သံနှင့်အတူ ဘေးနားသို့ထိုးရပ်လာသည့် ဆိုင်ကယ်လေးတစ်စီး။ မင်းခန့်မှာ မြင်ဖူးသလိုရှိသော်လည်း မမှတ်မိပေ။ သို့သော် ရှင်းသန့်မှာ သိပ်ရင်းနှီးနေဟန်ဖြင့်…
” ကိုကြီးသန့်ဇော်…ဆိုင်သွားမလို့လား”
“ဟုတ်တယ်။ ရှင်းသန့် တစ်ခါတည်းလိုက်မလား”
ရှင်းသန့်မှ နာမည်ခေါ်ကာစကားစချိန်တွင် မင်းခန့် ထိုလူအား မှတ်မိသွားတော့၏။ မင်းခန့် သတိချပ်လိုက်ကာဖြင့် ရှင်းသန့်အနားအနည်းငယ်ထပ်ကပ်လိုက်ကာ ဆိုင်ကယ်ပေါ်မှသန့်ဇော်ဆိုသူအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။
” မလိုက်တော့ဘူး။ သား လမ်းလျှောက်ချင်လို့…”
“ဪ ….ဟုတ်ပြီ ”
သန့်ဇော်က မင်းခန့်ကား တစ်ချက်အကဲခတ်သလိုကြည့်ရင်း…
“ဒါဆို ကိုကြီးသွားနှင့်ပြီနော်…”
“ဟုတ်ကဲ့ဗျ ”
ဆိုင်ကယ်မောင်းထွက်သွားချိန် မင်းခန့်မှာ ရှင်းသန့်ဘက်သို့ အသည်းအသန်လှည့်ရင်း…
” အဲဒါဘယ်သူလဲ ရှင်းသန့်…ကြည့်ရတာ ရှင်းသန့်နဲ့အရမ်းရင်းနှီးတယ်ထင်တယ်နော်…”
ရှင်းသန့်မှာ သွားလေးတွေပေါ်အောင်ရယ်ကာဖြင့်…
“မမရည်းစားလေ…”
“ဪ…ဟမ်…”
မင်းခန့်က ဟမ်ခနဲ ရေရွတ်ကာ အံ့ဩသွားဟန်ဖြင့် မျက်လုံးတို့ပြူးကျယ်သွား၏။ ရှင်းသန့်က အသံထွက်အောင်ပင်ရယ်ကာ အရှေ့မှလျှောက်သွားသည့်နောက် မင်းခန့်ရင်ထဲအပျော်ကြီးပျော်ရင်း အနောက်မှပြေးလိုက်သွားတော့သည်။
ဘေးချင်းကပ်ယှဉ်လျှောက်လာရင်း စကားမဆိုဖြစ်ကြတော့သော်လည်း မင်းခန့်မှာ ခပ်ပြုံးပြုံးဖြင့် ခြေလှမ်းတွေက မြောက်ကြွမြောက်ကြွပင်။
” ကိုကြီးတို့အိမ်တောင်ရောက်ပြီပဲ…ကျွန်တော်သွားတော့မယ်နော်…တာ့တာ…”
ပြုံးရိပ်ရိပ်ပင်ဆိုကာ သူ့ကိုလက်ပြပြီး ဆက်လျှောက်သွားသည့်ရှင်းသန့်အား မင်းခန့်တစ်ယောက် လက်ပြန်ပြရင်း အိမ်ရှေ့မှာ တောင့်တောင့်ကြီးရပ်လို့ကျန်ခဲ့သည်။
ရှင်းသန့်က သူ့ကိုပြုံးလည်းပြုံးပြကာ အရေးတယူလက်ပြနှုတ်ဆက်သွားလေတော့ မင်းခန့်မှာ ကြည်နူးမဆုံးတပြုံးပြုံးဖြစ်ရင်း အိမ်ထဲသို့ ရယ်မောကာဝင်သွားတော့၏။
~~~~~
သည်နေ့ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့် ရှင်းသန့် တစ်မနက်လုံးစာကြည့်နေကာ နေ့လယ်မှ ဆိုင်ထဲသို့ အညောင်းအညာပြေထွက်လာခဲ့လိုက်၏။
ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ကြားလိုက်ရသည့်ရယ်သံနှင့်အတူ မြင်လိုက်ရသည့်လူနှစ်ယောက်ကြောင့် ရှင်းသန့် မျက်ခုံးပင့်ခနဲ။ မြသွေးခြယ်နှင့်မင်းခန့်မှာ ဘာအကြောင်းပြောပြီးရယ်နေသည်မသိသော်လည်း ရှင်းသန့်မှာ နှစ်ယောက်သား သိပ်ရင်းနှီးနေသည့်ပုံကိုမြင်ရသည်မှာ တစ်မျိုးဖြစ်လှသည်။
” ရှင်းသန့်…”
မင်းခန့် ဝမ်းပန်းတသာပင်ခေါ်သည့်အခါ ရှင်းသန့်က ပြုံးရုံသာပြုံးပြ၏။ လွတ်နေသည့်ခုံတစ်လုံးမှာ ဝင်ထိုင်ကာ ရှင်းသန့်က ခြေထောက်ကိုဆန့်ထားသည်မှာ ခြေပစ်လက်ပစ်။
” ရှင်းသန့်ကို တစ်မနက်လုံးမတွေ့မိဘူးနော်…”
” စာကျက်နေတာလေ။ စာမေးပွဲနီးတော့ သူက အခန်းထဲကကို မထွက်တော့ဘူး…”
မင်းခန့်၏ အရေးတယူအမေးအား မြသွေးခြယ်ကပင် ဖြေရသည်။
” သား ကျောင်းပျက်ထားသေးတယ်လေ မမရဲ့။ စာပိုလုပ်ရမှာပေါ့။ ”
ရှင်းသန့်၏တုံ့ပြန်စကားအား မြသွေးခြယ်နှင့်မင်းခန့်ကရယ်သည်။
” သားသားပြောတာလည်းဟုတ်ပါတယ်။ ဒါပေမဲ့ လပတ်စာမေးပွဲပဲဟာ ကိုယ်ကနေမကောင်းဖြစ်ထားတာကို အလွန်အကျွံမလုပ်နဲ့လို့ပြောတာ…”
“အဆင့်ကျရင် မေမေ စိတ်မကောင်းဖြစ်မှာသိရဲ့သားနဲ့ မမကလည်း…”
ရှင်းသန့်က အစိုးရိမ်လွန်စွာဆိုသည့်အခါ မြသွေးခြယ်က သက်ပြင်းချသည်။ မင်းခန့်ကတော့ ရှင်းသန့်ကိုသာ စိုက်ကြည့်နေလျက်ရှိ၏။
” သားသားက လိမ္မာလွန်နေတာ။လူပဲ တစ်ခါတလေတော့လည်း မှားတာမျိုးရှိတတ်မှာပေါ့။ သိပ်အရေးမကြီးတဲ့စာမေးပွဲအတွက် အရမ်းအာရုံမစိုက်ပါနဲ့။ သားသားစိတ်ဖိစီးရင် နေမကောင်းပိုဖြစ်မယ်….”
အစ်မဖြစ်သူ၏ ဖျောင်းဖျစကားအား ရှင်းသန့် မတုံ့ပြန်တော့ပေ။ ထိုင်ခုံပေါ်ခြေပစ်လက်ပစ်မှီထိုင်ရင်းသာ အညောင်းဖြေနေတော့၏။ မြသွေးခြယ်က မင်းခန့်ကို အသံတိတ်မေးငေါ့ပြသည်။ လပတ်စာမေးပွဲကလေးကိုတောင် အထိအခိုက်မခံစွာကြိုးစားရင်း စိတ်ဖိစီးမှန်းမသိဖိစီးနေရှာသည့်မောင်ဖြစ်သူအား အဲဒီမှာသာကြည့်တော့ဆိုသည့်သဘောဖြင့်မေးငေါ့ပြခြင်းပင်။ မင်းခန့်မှာလည်း ရှင်းသန့်၏အကျင့်တို့အား တဖြည်းဖြည်းနားလည်လာခဲ့တော့သည်။
မြသွေးခြယ်မှာ သမီးမိန်းကလေးဖြစ်သည့်အလျောက် လိမ္မာရေးခြားရှိသော်လည်း ရှင်းသန့်မှာ ယောက်ျားလေးဖြစ်လျက်နှင့် အများသူငါထုတ်ဖော်ချီးမွမ်းရလောက်သည်အထိ လိမ္မာ၏။ သဘောမှာ မြသွေးခြယ်ထက် ရှင်းသန့်က ပိုလိမ္မာကာ၊ မိဘကိုပို၍ဂုဏ်တက်စေသည့်သဘောပင်ဖြစ်သည်။
မြသွေးခြယ်မှာ ငယ်စဉ်ကတည်းက စာတော်သည်ဖြစ်သော်လည်း ထူးချွန်လှသည်မဟုတ်ဘဲ ပုံမှန်သာဖြစ်သည်။ စာပုံမှန်လုပ်သည်။ အတန်းထဲတွင် အဆင့်ကောင်းကောင်းရ၏။ မိဘမျက်နှာပျက်စရာကိစ္စမျိုးဟူ၍မလုပ်ဖူးသော်လည်း ဆယ်တန်းအောင်သည့်အချိန်တွင် အမေဖြစ်သူဒေါ်ခင်မေမျှော်မှန်းထားလောက်သည်အထိ မြသွေးခြယ်မလုပ်ပေးနိုင်ခဲ့ပေ။ မေဂျာရွေးချိန် အမေဖြစ်သူက ပညာရေးကောလိပ်လျှောက်ခိုင်းသော်လည်း မြသွေးခြယ်က အင်္ဂလိပ်စာမေဂျာကိုပင် မရမကလျှောက်ခဲ့၏။မြသွေးခြယ်မှာ လိမ္မာသည်မှန်သော်လည်း ကိုယ်လုပ်ချင်သည့်ဆန္ဒများရှိသလို၊ အဲ့သည်ဆန္ဒများကိုလုပ်ဆောင်ရန်လည်း သတ္တိရှိသည်။
သို့သော် သားယောက်ျားလေးဖြစ်သည့်ရှင်းသန့်မှာ သမီးဖြစ်သူမြသွေးခြယ်ထက် ဒေါ်ခင်မေ၏ဆန္ဒများအား ပြည့်အောင်ဖြည့်ဆည်းပေးနိုင်စွမ်းပို၍ရှိသည်။ ကလေးဘဝကတည်းက ဒေါ်ခင်မေပုံသွင်းပေးထားသည့်အတိုင်း ရှင်းသန့်မှာ နေသားတကျကြီးပြင်းလာ၏။ မူလတန်းတွင် အတန်းထဲ၌ အမြဲတမ်းအဆင့်တစ်ရသည်။ စာစီစာကုံးပြိုင်ပွဲတွင်အမြဲအနိုင်ရသလို ထူးချွန်ဆုများလည်းနှစ်တိုင်းရ၏။ နှစ်စဉ်ပညာရည်ချွန်ဆုပေးပွဲတွင်လည်း ပထမနေရာမှ မဆင်းပေ။
မူလတန်းအောင်၍ မှော်ဘီအထက်တန်းကျောင်းမှာတက်ရသည့်အချိန်တွင်လည်း ငါးတန်းမှစ၍ (A)ခန်းမှမဆင်းဘဲ မှော်ဘီမြို့တွင်နာမည်ကြီးသည့် ဘုံကျောင်းထွက်လူတော်များနှင့် ယှဉ်နိုင်စွမ်းရှိ၏။ အဆင့် 1 to 5 အမြဲဝင်၍ နှစ်တိုင်းဆုရသည်။ထပ်ဆောင်း၍ နှစ်စဉ်ထူးချွန်ဆုတစ်ခုမဟုတ်၊ တစ်ခုလည်း အမြဲရ၏။
မိဘများမှာ ဘယ်နေရာရောက်ရောက် သားတော်မောင်ရှင်းသန့်ပိုင်ကြောင့် မျက်နှာပန်းပွင့်သည်။ သားဖြစ်သူအကြောင်းကို အရေးတယူပြောသည်။
ဒေါ်ခင်မေ မိသားစုအတွင်း ပြောလေ့ရှိသည်မှာ ” ကျွန်မသားက နှစ်တိုင်းAခန်းလေ၊ ဆုလည်းအမြဲရတယ်လို့ပြောရတာ အရမ်းအရသာရှိတာပဲ ” ဟူ၍ပင်။
ရှင်းသန့်မှာ မိဘများအား မျက်နှာပန်းပွင့်အောင်၊ ဂုဏ်ယူရအောင် လုပ်ပေးနိုင်သည်ကိုပင် ကျေနပ်ပျော်ရွှင်နေကာ စိတ်ဖိစီးခြင်းဆိုသည်ကိုလည်းမသိပေ။ မြသွေးခြယ်ကတော့ စိတ်ဖိစီးမခံဘဲ သူတတ်နိုင်သလောက်ကြိုးစား၏။ မိဘစိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ပေးသလို၊ ကိုယ်ကိုယ်တိုင်အတွက်လည်း ကြိုးစားနေထိုင်သည်။ သို့သော် မြသွေးခြယ်က ဘယ်အရာကိုမလုပ်သင့်ဘူးဆိုတာကိုတော့ အသေအချာသိကာ မိဘများကို မျက်နှာပျက်စေမည့်ကိစ္စမျိုးတော့ တစ်ခါမျှ မလုပ်ဖူးသေးပေ။
၁၃.၃.၂၃။တနင်္လာ။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို