Chapter 3
ရှန်ရွှရှီးတံခါးနားမှာရပ်ပြီး ရှဲ့ရှစ်နင်တစ်ယောက်၊ သူ့မျက်နှာကို mask နဲ့ကာ၊ ပုဝါကြီးပတ်၊ ဦးထုပ်ဆောင်းတာ ကြည့်နေရတယ်။ ရှဲ့ရှစ်နင်ကိုမြင်ရတာ သူပါ ပူပြီး အသက်ရှူတောင်ကြပ်လာသလိုပဲ။
“ဒီနေ့အပူချိန်က ၂၃ ဒီဂရီတောင်နော်” ရှန်ရွှရှီး သတိပေးလိုက်တယ်။
ရှဲ့ရှစ်နင်ခေါင်းပဲပြန်ငြိမ့်ပြတယ်။
“၂၃ ဒီဂရီအပူချိန်မှာ အပူရှပ်ပြီး ဆေးရုံရောက်သွားရင် ပိုရှက်ဖို့ကောင်းမှာနော်”
ရှန်ရွှရှီးဆက်သတိပေးရှာပါတယ်။
“ရပါတယ်၊ ငါအပူခံနိုင်တယ်”
ပြန်ဖြေတဲ့ရှဲ့ရှစ်နင်ရဲ့အကြည့်ထဲမှာနည်းနည်း မကျေမနပ်ဖြစ်သွားတဲ့ပုံတော့ပါတယ်။
ရှန်ရွှရှီး လုပ်ပြုံးလေးပြုံးပြရင်း ခေါင်းတဆတ်ဆတ်ငြိမ့်တယ်။
“ပျော်သလိုသာလုပ်ပါ၊ ဒါပေမဲ့ တကယ်အရိုးကျိုးတာဆိုရင် အကုန်ဖယ်ရမှာ”
“ဒီတိုင်းဘာမှမဖြစ်တာမဟုတ်အောင် ဆုတောင်းပေးလို့မရဘူးလား?”
ရှဲ့ရှစ်နင်အံကြိတ်ထားရင်းပြောတယ်။ သူပြောတာမှားတာတော့မဟုတ်ဘူး၊ ရှန်ရွှရှီးပါးစပ်ကထွက်သမျှက နားထဲကန့်လန့်ဝင်နေတာ။ သူ့ကိုတမင်များ ပစ်မှတ်ထားပြီးပြောနေလားလို့တောင်သံသယဖြစ်မိတယ်။ ရှန်ရွှရှီးက မထင်ရပေမဲ့ ပါးရည်နပ်ရည်ရှိတဲ့လူလို့ ပြောကြတာသူကြားဖူးတယ်လေ။
ရှန်ရွှရှီးသူ့ဖက်ကိုလှည့်ကြည့်လာတဲ့အချိန်၊ ရှန်ရွှရှီးရဲ့အကြည့်ထဲမှာ ပါးရည်နပ်ရည်နဲ့သူ့ကို မကောင်းကြံမယ်ဆိုတဲ့အရိပ်အယောင်မျိုး တစ်စက်ကလေးမှရှိမနေဘူး။ ရှေ့တမျိုးကွယ်ရာတမျိုးလုပ်ဖို့ဆိုတာအဝေးကြီးလိုပဲ။
ရှန်ရွှရှီး ရှဲ့ရှစ်နင်ကိုကြည့်ပြီး စကားဆက်မပြောပဲ ရှဲ့ရှစ်နင်ဓာတ်လှေကားထဲဝင်ဖို့သေချာ တွဲခေါ်သွားတယ်။
ဓာတ်လှေကားနံရံကိုမီပြီး ရှဲ့ရှစ်နင် ရုတ်တရက်စဉ်းစားမိတာရှိသွားလို့၊ ရှန်ရွှရှီးကိုလှမ်းပြောတယ်။
“သန်ဘက်ခါကျရင် ငါအကပြိုင်ပွဲရှိတယ်”
“အာ?” ရှန်ရွှရှီး ခေါင်းမော့ကြည့်ပြီး၊ “ဘယ်တုန်းကစာရင်းပေးလိုက်တာလဲ?”
“အဲဒီတုန်းကပျင်းနေလို့စာရင်းပေးလိုက်တာ၊ ပထမဆုက မြို့ရဲ့ကြော်ငြာဗီဒီယိုထဲမှာ ပါဝင်ခွင့်ရမှာ၊ တစ်စက္ကန့်နှစ်စက္ကန့်လောက်ပဲ ပါလောက်မယ်ဆိုပေမဲ့ပေါ့လေ” ရှဲ့ရှစ်နင် ခဏရပ်တယ်၊ “ဂရုထဲမှာပို့ထားတယ်လေ”
“ဪ အဲဒီတစ်ခုကိုး” ရှန်ရွှရှီး ခေါင်းငြိမ့်လိုက်တယ်။ အောက်ငုံ့ပြီး ရှဲ့ရှစ်နင်ရဲ့ခြေထောက်ကိုကြည့်ရင်း ပြောလာတယ်။ “ဒီတိုင်းအေးအေးဆေးဆေးနားလိုက်ပါ၊ စာချုပ်ပြည့်သွားလည်း နောက်ပိုင်း နင်အကသင်တဲ့ဆရာမလုပ်လို့ရသေးတာပဲ”
ရှဲ့ရှစ်နင်: ….
“တစ်ယောက်မှ ထပ်ပြီးမကြိုးစားကြည့်ချင်ကြတော့ဘူးလား?” ရှဲ့ရှစ်နင် ဆူပုတ်ပုတ်နဲ့ပြောတယ်။
အရင်တုန်းကတော့ ကုမ္ပဏီကသူတို့ကို ကိုယ်ပိုင်အလုပ်တွေပေးမလုပ်ပေမဲ့ အခုတော့သူတို့ပြဿနာမရှာသရွေ့ ကြိုက်တာအကုန်လုပ်လို့ရနေပြီ။ သေချာပေါက်၊ ဒီလို လွတ်လွတ်လပ်လပ်ပေးနေတာက ကုမ္ပဏီက သူတို့ကိုလက်လျှော့လိုက်လို့ပဲပေါ့၊ ဒါကြောင့်ပဲ အခြေခံလစာလောက်ပေးတာကလွဲလို့ ဘာမှမကူညီတော့တာ။
ရှန်ရွှရှီး ရှဲ့ရှစ်နင်ကိုသေချာစိုက်ကြည့်တယ်။ “နင့်ခြေထောက်ကိုအရင်ဂရုစိုက်သင့်တယ်”
ရှဲ့ရှစ်နင်ကမျက်နှာတစ်ခုလုံးနီးပါး ကာထားပေမဲ့လို့ သူ့မျက်လုံးထဲမှာမကျေမနပ်ဖြစ်တဲ့အရိပ်အယောင်တွေတော့ ရှန်ရွှရှီးမြင်လိုက်ရပါတယ်။
ကူကယ်ရာမဲ့ဖြစ်ရပြီ။
“ဒါဆို အကြံကောင်းလေးများရှိလား?” ရှန်ရွှရှီး ခဏရပ်ပြီး၊ “နင်ပါမယ်လုပ်ထားတဲ့အကပြိုင်ပွဲကလည်း မဖြစ်တော့လောက်ဘူးဆိုတော့”
ရှန်ရွှရှီးကို မယုံကြည်နိုင်တဲ့အကြည့်နဲ့လှမ်းကြည့်ပြီး ရှဲ့ရှစ်နင်ဘာမှပြန်မပြောဘူး။ သူ့ပုံစံကပိုပြီးတောင် ထိုင်းမှိုင်းသွားသလို။
“ပါမယ်မသိခဲ့လို့ အစကဘာမှမပြောခဲ့တာ၊ ဒါပေမဲ့ ဘာမှမဖြစ်ဘူး၊ မပြိုင်လိုက်ရလည်း နောင်တရဖို့မှ မရှိတာနော့ ” ရှန်ရွှရှီး နှစ်သိမ့်ပေးကြည့်တယ်။
ရှဲ့ရှစ်နင်က အတင်းလုပ်ပြီး ဟန့်ခနဲ့ ရယ်တယ်။
“နေ့တိုင်းစိတ်ပဲတိုနေတာ၊ နင် ဆေးရုံရောက်တုန်း တစ်ကိုယ်လုံး ဆေးစစ် ကြည့်လိုက်ရင် ကောင်းမယ်ထင်တယ်”
“မလိုဘူး” ရှဲ့ရှစ်နင် ခပ်တိုတိုပြန်ပြောတယ်။
“ဟုတ်ပါပြီ” ရှန်ရွှရှီးကားသော့ဖွင့်ပြီး ကားတံခါးပါဖွင့်ပေးလိုက်တယ်။ ရှဲ့ရှစ်နင်က ကိုယ်နေဟန်ထား ယိုင်တိုင်တိုင်နဲ့ သူ့ကိုကူဖို့လုပ်တဲ့ရှန်ရွှရှီးကို တွန်းပါထုတ်လိုက်သေး။
ရှဲ့ရှစ်နင်ရဲ့ ကို့ရို့ကားယားကားပေါ်တက်သွားတဲ့ပုံကိုကြည့်ရင်း ရှန်ရွှရှီး မရယ်မိအောင် အတော်လေးထိန်းထားလိုက်ရတယ်။
ရှဲ့ရှစ်နင် အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်ပြီး ရှန်ရွှရှီးကို မျက်စောင်းတစ်ချက်ထိုးတယ်၊ ဘာမှမဖြစ်သွားသလိုဟန်ဆောင်ရင်း။
“ရပြီ”
ရှန်ရွှရှီး အနောက်ဆုတ်သွားတော့ ရှဲ့ရှစ်နင် ကားတံခါးကိုခပ်သွက်သွက်ပိတ်ချပစ်လိုက်တယ်။
ရှဲ့ရှစ်နင် မျက်နှာမသာမယာ၊ ခြေထောက်ကောင်းသွားရင် သူကိုးကွယ်တဲ့ဘုရားကျောင်းတော့ သွားရမယ်လို့ဆုံးဖြတ်လိုက်ပြီ။ အခုတလောဖြစ်နေတဲ့အရာတိုင်းက အဆင်ပြေမနေဘူး။
ရှန်ရွှရှီး ကားထဲဝင်လာတယ်။
“သွားစို့”
“အင်း” ရှဲ့ရှစ်နင် ပြန်ပြောတယ်။
ရှန်ရွှရှီးရဲ့ကားက လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဝယ်ထားတာ။ ယွမ် ၃၀,၀၀၀ ပေးလိုက်ရတဲ့
ဗန်ကားအဟောင်းလေး။ အဲဒီတုန်းက လျှပ်စစ်ကားသေးသေးလေးဝယ်ဖို့ မျက်စိကျနေခဲ့ပေမဲ့ သူတို့အဖွဲ့ထဲမှာ လူကလည်း ငါးယောက်၊ ကုမ္ပဏီကလည်း ကားမပေးထားလို့ မျက်ရည်စက်လက်နဲ့ ဗန်ကားဝယ်ဖို့ပဲဆုံးဖြတ်လိုက်ရတယ်။ ကားက ပုံမလာပေမဲ့ အပြင်သွားရင်အကုန်လုံးဆံ့ပါတယ်လေ။
ကားက နည်းနည်းစုတ်နေတာတော့အမှန်ပဲ၊ “ဂျုတ်ဂျုတ်ဂျက်ဂျက်” အသံတွေ ခပ်ရေးရေးကြားနေရတယ်။
ရှဲ့ရှစ်နင်မေးထောက်ပြီး တွေးနေတုန်း ရုတ်တရက် သတိရသွားတာရှိလို့ ဖုန်းကိုဆွဲထုတ်လိုက်တယ်။ သူ့အကောင့်ထဲက ငွေပမာဏကိုကြည့်ရင်း။
“ပိုက်ဆံမလောက်လောက်ဘူးလို့ ထင်တယ်”
“ငါလိုက်တာတာပဲလေ၊ မဟုတ်ဘူးလား? ပူစရာမလိုပါဘူး” ရှန်ရွှရှီးရယ်ရင်းဆက်ပြောတယ်။ “ကျန်းမာရေးအတွက် ငါတို့မှာပိုက်ဆံထားထားတာရှိတာပဲ”
“အရိုးကျိုးသွားတာဆိုရင်တော့၊ ခွဲစိတ်ကုဖို့ သောင်းချီကုန်မှာ” ရှဲ့ရှစ်နစ် တုန်တုန်လှုပ်လှုပ်နဲ့လက်သီးဆုပ်ရင်းပြောတယ်။ ဒီနှစ်တွေအတွင်း သူပိုက်ဆံများများစားစားမစုထားမိဘူး။
သူ့မှာအလုပ်မရှိပေမဲ့ အကသင်တန်းတွေ၊ သီချင်းဆိုသင်တန်းတွေနဲ့ သရုပ်ဆောင်သင်တန်းတွေအများကြီးလိုက်တက်နေခဲ့တာ၊ တစ်ခါမှမရပ်ခဲ့ဖူးဘူး။
“ဘာမှမဖြစ်ပါဘူး ငါတို့မှာအာမခံနဲ့ အကျိုးအမြတ်ခံစားခွင့်ရှိသေးတာပဲကို”
ရှန်ရွှရှီး ထပ်နှစ်သိမ့်ပေးတယ်။
ရှဲ့ရှစ်နင်ပြတင်းပေါက်အပြင်ဖက်ကိုကြည့်ရင်း “ဒုက္ခများစေလို့ တောင်းပန်ပါတယ်”
“ဒုက္ခဆိုလည်း ဖြစ်ပေါ့၊ တခြား ဘာမှလုပ်စရာမရှိတာကို” ရှန်ရွှရှီး စကားရပ်သွားတော့ သူ့ဖုန်းထဲကိုဝင်နေတဲ့မတ်ဆေချ့် မပြန်ရသေးမှန်း ရုတ်တရက် သတိရသွားတယ်။ မီးပွိုင့်နီနေတုန်း သူ့ဖုန်းကို ဖြတ်ကနဲလှမ်းကြည့်လိုက်တယ်။ ကံကောင်းလို့ ဘာစာအသစ်မှမဝင်နေဘူး။ ကြည့်ရတာတစ်ဖက်လူက တစ်ခုခုနဲ့အလုပ်ရှုပ်နေပုံပဲ။
ရှန်ရွှန်ရှီး သက်ပြင်းချပြီး ဖုန်းကိုဘေးပြန်ထားလိုက်တယ်။
ရှန်ရွှရှီး အလုပ်ရှုပ်ဗျာများနေတာကို ရှဲ့ရှစ်နင်သတိထားမိလို့ သူ့ကို တစ်ခါ၊ နှစ်ခါ လှမ်းကြည့်ပေမဲ့လို့ တခြားသူရဲ့ ကိစ္စတွေထဲ ဝင်ပါရတာကြိုက်တဲ့သူမှ မဟုတ်တာ၊ အထူးသဖြင့် ရှန်ရွှရှီးရဲ့ကိစ္စဆိုပိုဆိုး။ အဲဒါကြောင့် မြန်မြန်ပဲမေ့လိုက်တော့တယ်။
ဒါပေမဲ့လို့ ရှန်ရွှရှီးက မကောင်းတဲ့ဟာတွေလုပ်မဲ့သူလို့ သူစိတ်ကူးကြည့်လို့မရဘူး။ အဆိုးဆုံး သူလုပ်မှာက ညလယ်ခေါင်ကြီး မုန့်မှာ၊ တစ်ယောက်တည်းအကုန်စားပြီး ခြောရာလက်ရာတွေဖျောက်။ ပါးစပ်မှာ အဆီတဝင်းဝင်းနဲ့ ငါမစားဘူးလို့ ငြင်းတာပဲ ရှိဖူးတာ။
ရှဲ့ရှစ်နင်မနေနိုင်ပဲ ခပ်တိုးတိုးရယ်မိသွားပေမဲ့ မျက်နှာကိုပြန်တည်ပြီး ရှန်ရွှရှီးကို တိတ်တိတ်လေးလှမ်းကြည့်တယ်။ သူ့ကိုမမြင်လိုက်မှန်းသေချာမှ သက်ပြင်းလေးတစ်ချက်ချတယ်။
ဆေးရုံရောက်တော့ ကားထိုးဖို့နေရာကို ဆယ်မိနစ်လောက်လိုက်ရှာလိုက်ရတယ်။ ဒီတစ်ကြိမ် ကားပေါ်တဲ့ဆင်းတဲ့အချိန်မှာတော့ ရှဲ့ရှစ်နင်က ရှန်ရွှရှီးကူတွဲပေးတာကို မတွန်းထုတ်တော့ဘူး၊ ရှန်ရွှရှီးရဲ့ပုခုံးကိုအမှီပြုပြီး အောက်ကိုဆင်းလာတယ်။ ကံကောင်းလို့ ရှန်ရွှရှီး ကားတံခါးကိုတွန်းထားပေးလို့ပါပဲ၊ မဟုတ်လို့များ ရှဲ့ရှစ်နင်ဆင်းရင်းက တိုက်မိပြီး ပြုတ်ကျသွားရင် သူတို့နှစ်ယောက်လုံး ဆေးရုံထဲ ကုတင်နဲ့သယ်ရတော့မှာ။
ရှန်ရွှရှီး ဆေးရုံထဲရောက်ရောက်ချင်း၊ ရှဲ့ရှစ်နင်အတွက် ထိုင်ဖို့ခုံရှာပေးပြီး wheelchair တစ်ခုသွားယူလာပြီး အရှေ့မှာချလာတယ်။
“ငါ့ ဝိတ်လေးနေလား?” ရှဲ့ရှစ်နင် မျက်ခုံးပင့်ရင်း ခန္ဓာကိုယ်ကို သေချာဂရုစိုက်ထိန်းသိမ်းနေတာတောင် မသေမချာနဲ့ ကိုယ့်လက်မောင်းကိုယ်ပြန်ညှစ်ကြည့်နေတယ်။
“ကိုယ့်ဟာကိုယ် အချိန်ပြည့် အပြစ်တင်နေဖို့မလိုဘူး၊ ငါကဒီတိုင်း အားမရှိလို့” ရှန်ရွှရှီး အမူအယာမဲ့တဲ့မျက်နှာနဲ့ ပြန်ဖြေတယ်။
ရှဲ့ရှစ်နင်က ရှန်ရွှရှီးကို မယုံသင်္ကာနဲ့ကြည့်ရင်း wheelchair ပေါ်ထိုင်ပြီး လက်မောင်းနဲ့ ခါးကိုထပ်ညှစ်ကြည့်နေတယ်။
“နင်က ကိုယ့်ဟာကိုယ်တအား စည်းကမ်းတင်းနေလွန်းတယ်” ရှန်ရွှရှီး မျက်လုံးကို အောက်စိုက်ကြည့်ပြီး ရှဲ့ရှစ်နင်ဆီ အကြည့်ကို ပို့လိုက်တယ်။ “နင် တကယ်စင်ပေါ်မှာ ရပ်ချင်တာလား?” ဒီအချိန်မှာဆို နင် ပိုပြီးအကောင်းမြင်တဲ့စိတ်ရှိသင့်တယ်”
“နင့် စီးပွားရေးအမြင်ရှိတာပဲ တခြားကုမ္ပဏီတွေ နင့်ကို ခန့်ချင်လား လျှောက်ကြည့်ပေါ့” ရှန်ရွှရှီး စကားဆက်တယ်။ “နောက်ဆုံး အနှစ်ချုပ်ပြောချရရင် ငါတို့ ကုမ္ပဏီက အရမ်းသေးလွန်းလို့ပဲလေ” “ဟုတ်တယ် ဒါပေမဲ့တခြား ကုမ္ပဏီဖက်ကလည်း စိတ်ဝင်စားဦးမှလေ” ရှဲ့ရှစ်နင် သက်ပြင်းချပစ်ရင်း “ထားလိုက်ပါတော့ ဒီတိုင်း အကသင်ပေးတဲ့ဆရာမပဲလုပ်တော့မယ်၊ ကိုယ်ပိုင် အကစတူဒီယိုခန်းဖွင့်ဖို့ အရည်အချင်းလက်မှတ်တွေဘာတွေ လိုလား?”
ရှန်ရွှရှီး မျက်တောင်တစ်ချက်ခတ်တယ် “အဲဒါ… ငါလည်း မသိသေးဘူး”
ဆေးရုံက လူတွေက တကယ့်ကို ရုတ်ရုတ်သဲသဲပဲ။ လူတန်းကြီးမှာ အကြာကြီးတန်းစီပြီးတာတောင် ဓာတ်မှန်အတွက် နောက်ထပ် ထပ်စောင့်လိုက်ရသေးတယ်?။ ကံကောင်းလို့ ဓာတ်မှန်မှာ ဘာအရိုးမှ မကျိုးသွားဘူး၊ အဆစ်လွဲသွားရုံလေးတင်။
ရှန်ရွှရှီးသိလိုက်ရတာကတော့ ရှဲ့ရှစ်နင်တကယ်ပဲ နာကျင်မှုဒဏ်ကို သည်းခံနိုင်တယ်ဆိုတာပါပဲ။ သူ့မျက်နှာသေးသေးလေးက ဖြူဖတ်ဖြူလျော်ဖြစ်နေတာတောင် ခုနတုန်းက သူ့ကို ဝင်တိုက်မိတဲ့တစ်ခေါက်မှာတောင် ဘာသံမှမထွက်ပဲ အမူအယာတစ်ချက်မှ မပျက်သွားဘူးလေ။ တစ်ချိန်လုံး မျက်နှာကို အတင်းထိန်းထားမှန်း သိသာလွန်းတယ်။
ရှန်ရွှရှီး ရှဲ့ရှစ်နင် ဘေးမှာရပ်နေရတာကို ကြောက်လာမိပြီ။
ရှဲ့ရှစ်နင် သက်ပြင်းအရှည်ကြီးချရင်း ပျော်ပျော်ကြီး ပြောလာတယ်။ “ငါ သန်ဘက်ခါ ပြိုင်ပွဲမှာ ပါနိုင်သေးတယ်လို့ ခံစားရသား”
“ဆရာဝန်က ခြေထောက်ကို မလှုပ်ပဲ အနားယူလို့ပြောထားတယ်လေ”
ရှန်ရွှရှီး မျက်မှောင်ကြုံ့လို့ ရှဲ့ရှစ်နင်ရဲ့ ယောင်ကိုင်းနေတဲ့ ခြေချောင်းတွေကို လှမ်းကြည့်တယ်။ ဒီလူက ဘယ်လိုလုပ် အဲဒီလိုစကားမျိုးပြောထွက်နိုင်လဲ တွေးလို့တောင်မရဘူး။
“ဒါနဲ့ ဂိမ်းမှာ ချိန်းထားတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ?” ပစ္စည်းတွေကို အိတ်ထဲပြန်ထည့်နေတဲ့ ရှန်ရွှရှီးကို ရှဲ့ရှစ်နင် ခေါင်းမော့ကြည့်လိုက်တယ်။