1
💛 အဝါရောင် အိမ်ကလေး 💛
(၁)
သင်္ကြန်အကြိုနေ့
မနက်ခုနစ်နာရီပင်မထိုးသေး ။ လမ်းထိပ်မဏ္ဍပ်ဆီမှ
🎵မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ🎵
🎵တစ်ယောက်တစ်လှည့်မို့ လှမ်းကာ
ဖျန်းပက်ကြစဉ်🎵
🎵ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ🎵
🎵ခေါင်းကလေးမော့လို့
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ🎵
ဟူသော သင်္ကြန်မိုးသီချင်းသံကိုကြားရသောကြောင့် တူးပို့ တစ်ကိုယ်လုံးရှိအကြောများကိုဆန့်ကာ ခြုံထားသောစောင်ကို ကန်ထုတ်လိုက်သည် ။
ရာသီဥတုက အပြင်ထွက်၍ ဒယ်အိုးတစ်လုံးထဲတွင်ဆီထည့်ထားပြီး ကြက်ဥတစ်လုံးပါဖောက်ထည့်ထားလိုက်လျှင် မီးမလိုပဲကြက်ဥကြော်၍ရနိုင်သောရာသီဥတုပင်ဖြစ်သော်လည်း ရှမ်းပြည်မှလာသော မိမိ၏အိမ်ထောင်ဦးစီးဖြစ်သူဦးလျှံက အိပ်ခန်းသာမကပဲ ရှမ်းပြည်ရောက်နေသကဲ့သို့ခံစားရအောင် တစ်အိမ်လုံး၌ လေအေးပေးစက်များကိုတပ်ထားသည့်အပြင် ဖွင့်ပါဖွင့်ထားသဖြင့် အပြင်မှအပူဒဏ်ကိုမခံစားရ ။ ထို့ကြောင့် စောင်ကိုကန်ထုတ်လိုက်ပြီး ဖွင့်ထားသောလေအေးပေးစက်ကို ပိတ်လိုက်သည် ။ ပြီးမှ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။
ရေချိုးခန်းထဲသို့ဝင်ဝင်ချင်း ရေချိုးခန်းထဲရှိ အုတ်ကန်ဘောင်ပေါ်တွင် သွားတိုက်ဆေးထည့်ထားပြီးသား သွားပွတ်တံ ၊ မျက်နှာသစ်ဆပ်ပြာတို့အပြင် မျက်နှာသစ်ရန်ရေကိုပါ ဦးလျှံက စီစဥ်ပေးထားသောကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး ပါးလုတ်ကျင်းကာ သွားတိုက်ခြင်းလုပ်ငန်းစဥ်ကို စတင်လုပ်ဆောင်လိုက်သည် ။
◾
” သတေဟိ ပဉ္စမတ္တေဟိ၊ ခီဏာသဝေဟိ ကေဝလံ။
ဘိက္ခူဟိ ဘူပဝံသေဟိ၊ သတ္ထာ ဇိနော ပရိဝုတော။
သက္ကေ ကပိလဝတ္ထုသ္မိံ၊ ဆာယာရမ္မေ မဟာဝနေ။
သမန္တတော သဟဿေဟိ၊ စက္ကဝါဠေဟိ ဒသဟိ။
အာဂမ္မ သန္နိသိန္နာနံ၊ ဒေဝါနံ ယ’မဒေသယိ။
အာယုဒီဃကရံ သဗ္ဗ−သမ္ပတ္တိသာဓကံ ဝရံ။
သုဒ္ဓါဝါသပ္ပဘူတီဟိ၊ ဒေဝေဟိ ပဋိနန္ဒိတံ။
သဗ္ဗရောဂဘယုဂ္ဃါတံ၊ သမယံ တံ ဘဏာမ ဟေ။ ”
ဟူသည့် မနက်ခင်းဘုရားစာရွတ်သံကိုကြားရသည်မှာ ငါးနှစ်ရှိခဲ့ပြီဖြစ်သောကြောင့် ဤဘုရားစာရွတ်သံသည် နောက်ထပ် နာရီဝက် ၊ လေးဆယ့်ငါးမိနစ်ကြာသောအခါမှပြီးဆုံးမည်ဖြစ်ကြောင်းကို တူးပို့တစ်ယောက် ကောင်းကောင်းသိနေပြီဖြစ်သည် ။ ထို့ကြောင့် ကိုယ်လက်သန့်စင်ပြီးသည်နှင့် ဘုရားခန်းအရှေ့မှ ခြေသံဖော့နင်းကာဖြတ်လျှောက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။
အောက်ထပ်သို့ရောက်သောအခါ ဧည့်ခန်းထဲတွင်တံမြက်စည်းလှည်းနေသောမငယ်က
” အစ်ကိုလေး ဒီနေ့စောစောနိုးတာပဲ …. မနက်စာစားတော့မလား …. မငယ်ပြင်ပေးမယ်လေ ”
ဟူသော စကားကို ဆီးပြောသဖြင့် မငယ်ကိုတိုးတိုးနေရန် လက်ဟန်ပြလိုက်ပြီး ခြံထဲသို့ဆင်းလာခဲ့လိုက်သည် ။
◾
သင်္ကြန်က ယနေ့မှစသည်ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံသို့ မိုခါဟုခေါ်သောမုန်တိုင်းက ဝင်ရောက်စပြုနေပြီဖြစ်သောကြောင့် တူးပို့တို့မြန်မာနိုင်ငံတွင်လည်း မိုးသည် နေရာစိပ်စိပ်မှနေရာကွက်ကြားရွာသွန်းနေသည် ။ ဤသို့ရွာသွန်းသည့်အထဲတွင် ရန်ကုန်မြို့သည်လည်း ထိပ်ဆုံးမှပါသည် ။ သင်္ကြန်တွင်းမိုးရွာသည်က ရေကစားကြသူများအတွက် ကောင်းကျိုးရှိချင်မှရှိမည်ဖြစ်သော်လည်း မိမိအတွက်ကမူ ခြံအဝင်ဝတွင်စိုက်ထားသောပိတောက်ပင်မှ ပိတောက်ဖူးများအားရေစိုစေသောကြောင့် ကောင်းကျိုးရှိသည်ဟု တစ်ဖက်သတ်ယူဆပစ်လိုက်သည် ။
ဦးလျှံကမူ မိုခါမုန်တိုင်းကြောင့်ရွာသောမိုးသည် သင်္ကြန်မိုးမဟုတ်ဟုပြောသော်လည်း မိမိကမူ လွန်ခဲ့သည့်တစ်ပတ်ကျော်ကျော်ခန့်ကတည်းကဖူးနေသောပိတောက်ပန်းများသည် သုံးရက်နီးပါး မိုးရေနှင့်ထိတွေ့ခဲ့သောကြောင့် ဤသင်္ကြန်ရက်များအတွင်း၌ ပွင့်ပေလိမ့်မည်ဟုယုံကြည်သည် ။ ထို့ကြောင့် မငယ်မနက်စာပြင်ပေးမည်ဟုပြောသည်ကိုပင် ဂရုမစိုက်နိုင်ပဲ ခြံထဲသို့အသာဆင်းလာခဲ့လိုက်ခြင်းဖြစ်သည် ။
◾
” ပွင့်ပြီဟေ့ …. ပွင့်ပြီ …. အဟား ဟား ဟား ”
ဦးလျှံနှင့်လက်ထပ်ပြီး ဤအိမ်သို့ပြောင်းလာသည့်အချိန်ကတည်းက သင်္ကြန်တွင်း၌မပွင့်ခဲ့ဖူးသောပိတောက်ပင်က ယခုသင်္ကြန်အကြိုနေ့တွင် ဝေဆာနေအောင်ပွင့်နေသောကြောင့် တူးပို့ ပိတောက်ပင်ရှိရာဆီသို့ ပျော်ရွှင်စွာပြေးသွားလိုက်ပြီး ပိတောက်ပင်ကို ကြင်နာယုယစွာကြည့်နေမိသည် ။ ဤသို့ကြည့်ရင်း ဦးဦးဖျားဖျားပွင့်သည့်ပိတောက်ပန်းအား ဦးလျှံအား ခူးပေးလိုစိတ်က တဖွားဖွားပေါ်ပေါက်လာသဖြင့် အိမ်ထဲသို့ ဝေ့ဝဲကြည့်လိုက်မိသည် ။
လူသူအရိပ်အယောင်မမြင်ရသည့်အပြင် ပိတောက်ပင်၏အမြင့်ကလည်း မိမိတို့အိမ်၏အမြင့်သာသာ,သာရှိပြီး မိုးလည်းမရွာသောကြောင့် ရှည်ရှည်ဝေးဝေးစဥ်းစားမနေတော့ပဲ ဝတ်ထားသည့်ပုဆိုးကို ခါးတောင်းကျိုက်လိုက်ကာ ပိတောက်ပင်ပေါ်သို့ ကျွမ်းကျင်စွာတက်လိုက်သည် ။
◾
ထက်မြတ် ဘုရားကိုအာရုံစိုက်ကာရှိခိုးနေစဥ် သီချင်းသံမဟုတ်သည့် လူများ၏ပျော်ရွှင်စွာအော်ဟစ်နေကြသည့်အသံကို ကြားလိုက်ရသောကြောင့် နံရံတွင်ချိတ်ထားသောနာရီကိုလှမ်းကြည့်လိုက်မိသည် ။
ခုနစ်နာရီခွဲရန်ငါးမိနစ်လိုသေးသောကြောင့် ရေကစားကြရန်စောသေးသည့်အချိန်ဟု မှတ်ယူမိသဖြင့် မည်သည့်အကြောင်းအရာက မနက်စောစောတွင် လူများကို ဤမျှလောက်ပျော်ရွှင်အောင်လုပ်နိုင်သနည်းဟုတွေးကာ အသံလာရာဆီသို့ ပို၍အာရုံစိုက်ကာ နားထောင်ကြည့်လိုက်သည် ။
ထိုအခါ အသံများက မိမိတို့ခြံအနားမှလာနေကြောင်း သတိပြုလိုက်မိသည် ။ ထို့ကြောင့် တွေဝေမနေတော့ပဲ မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်မှတဆင့် ခြံအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည် ။ ပိတောက်များကို ကိုယ်စီပွေ့ပိုက်ထားသောလူများက မိမိတို့ခြံအရှေ့တွင်ရပ်ကာ မိမိတို့ခြံထဲမှပိတောက်ပင်ကို လက်ညှိုးတထိုးထိုးလုပ်နေကြသည်ကို တွေ့ရသောကြောင့် အောက်ထပ်ရှိတစ်နေရာတွင်အလုပ်,လုပ်နေမည့်မငယ်ကို
” မငယ်ရေ ”
ဟု အော်ခေါ်လိုက်သည် ။
◾
ထင်ထားသည့်အတိုင်း မျောက်နှင့်စပ်၍မွေးဖွားလာသော မိမိ၏အမျိုးသားလေးတူးပို့က ပိတောက်ပင်ပေါ်တက်ကာ လာတောင်းသမျှလူတိုင်းကို သဘောမနောကောင်းစွာဖြင့် ပိတောက်ပန်းများကိုခူးပေးနေသောကြောင့် ထက်မြတ် ပိတောက်ပင်အောက်တွင် လက်ပိုက်ကာမတ်တပ်ရပ်လိုက်ပြီး
” ကိုတူးပို့လွင် ”
ဟု ခေါ်လိုက်သည် ။ တူးပို့က ငုံ့မကြည့်ပဲ
” ပိတောက်ပန်းလား ”
ဟု မိမိစကားကို တုံ့ပြန်လာသောကြောင် တူးပို့ကိုမော့ကြည့်လိုက်ပြီး
” အခုချက်ချင်းအောက်ကိုဆင်းလာခဲ့ ”
ဟူ၍ ပြောလိုက်သည် ။ ထိုအခါမှ တူးပို့က အံ့သြသွားဟန်ဖြင့် မိမိအားကြည့်လာကာ
” ဦးလျှံ ”
ဟု ခေါ်သည် ။
သို့သော် …
ချက်ချင်းဆင်းမလာသေး ။
” ဦးလျှံ …. ဒါလေး ခဏ ခဏ ယူထားပေး ”
ဟု ဆိုကာ လက်တစ်ပွေ့မကရှိသော ပိတောက်ပန်းစည်းကြီးကိုပစ်ချပေးသည် ။ ထို့ကြောင့် ပန်းစည်းကိုလှမ်းဖမ်းလိုက်ပြီး
” အခုဆင်းလာခဲ့တော့ ”
ဟု ထပ်ပြောလိုက်သည် ။
◾
ဦးလျှံက အိမ်ထဲသို့ရောက်သည်နှင့်
” မနက်စောစောစီးစီး ဘာဖြစ်လို့ခြံရှေ့မှာမျောက်ပွဲကသလိုလုပ်နေတာလဲ တူးပို့ ”
” ပြီးတော့ …. ဘာဖြစ်လို့သစ်ပင်ပေါ်ကို ကိုယ်တိုင်တက်နေတာလဲ …. မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ”
ဟု ပြောသဖြင့် တူးပို့ ခေါင်းငုံ့လိုက်ပြီး
” မောင်တောင်းပန်ပါတယ် ဦးလျှံ …. မောင်က မောင်ကလေ …. ဒီအတိုင်း ပန်းတွေပွင့်ပြီလားလို့သွားကြည့်ရုံတင်ကြည့်တာပါ ”
ဟူ၍ ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ဦးလျှံက သက်ပြင်းချပြီး
” အဲ့ဒါဆိုလည်း ကြည့်ပြီးပြန်လာပါလား …. ဘာဖြစ်လို့သစ်ပင်ပေါ်အထိတက်သွားရတာလဲ …. ကိုယ်မင်းကိုဘယ်လောက်တောင်စိတ်ပူသွားရသလဲဆိုတာကိုသိရဲ့လား ”
ဟု ထပ်ပြောသည် ။ ထို့ကြောင့် ဦးလျှံကစိတ်ဆိုးကာ ဆိုဖာပေါ်တွင်ပစ်တင်ထားသောပိတောက်ပန်းစည်းကို အသာပြန်ကောက်ယူလိုက်ပြီး
” မောင်က ဦးဦးဖျားဖျားပွင့်တဲ့ပိတောက်ပန်းကို ဦးလျှံကိုပေးချင်လို့ပါ ”
ဟု ပြော၍ ဦးလျှံ၏လက်ထဲသို့ ပိတောက်ပန်းစည်းကိုထည့်ပေးလိုက်သည် ။ ဦးလျှံက ပိတောက်ပန်းစည်းကိုလှမ်းယူပြီး
” နောက်တစ်ခါ အခုလိုစိတ်ပူရအောင်ထပ်လုပ်ရင် ကိုယ်တကယ်ခွင့်မလွှတ်တော့ဘူးနော် ”
ဟု ပြောသဖြင့် ခေါင်းကိုတွင်တွင်ညိတ်ပြလိုက်သည် ။ ဦးလျှံက မိမိအား တစ်ချက်ကြည့်ရိုသာကြည့်ပြီး ပိတောက်ပန်းစည်းကိုသယ်ကာ အပေါ်ထပ်သို့ပြန်တက်သွားသဖြင့် ကျေနပ်စွာပြုံးလိုက်မိသည် ။
” ဦးလျှံစိတ်ဆိုးတာက ချစ်စရာလေးပါဗျာ ”
◾
တူးပို့နှင့်ထက်မြတ် သမီးရည်းစားဘဝက တူးပို့တစ်ယောက် သူငယ်ချင်းများနှင့်လောင်းကစားလုပ်ကာ အုန်းပင်ပေါ်သို့တက်ရင်း ခြေချော်၍ အုန်းပင်ပေါ်မှပြုတ်ကျပြီး ညာဘက်ခြေထောက်ကျိုးသွားကာ ကျောက်ပတ်တီးစည်းခဲ့ရဖူးသည် ။ တူးပို့ကိုတာဝန်ယူ၍ကုသပေးသောဆရာဝန်က ဤကဲ့သို့ဖြစ်ရပ်မျိုးနောက်ထပ်တစ်ကြိမ်ထပ်ဖြစ်ပါက တူးပို့သည် တစ်သက်လုံး ချိုင်းထောက်နှင့်နေသွားရမည့်အခြေအနေသို့ရောက်သွားမည်ဖြစ်ကြောင်း ပြောထားဖူးသောကြောင့် တူးပို့ ပိတောက်ပင်ပေါ်တက်နေသည်ကိုမြင်လိုက်ရသောအခါတွင် ထိတ်လန့်သွားပြီး အသိစိတ်ပင်လွတ်လုနီးပါးဖြစ်သွားမိသည် ။
သို့သော် …
တူးပို့ကမူ ဤသည်ကိုသိဟန်မတူ ။ ခူးလာသောပိတောက်ပန်းများကို မိမိအားလာပေးနေသေးသည် ။
ဦးဦးဖျားဖျားပွင့်သောပိတောက်ပန်းအား တူးပို့က မိမိအားသတိတရနှင့်ပေးလိုသည်ကို ကျေးဇူးတင်သလို လက်လည်းခံသော်လည်း မိမိအတွက်ကြောင့်နှင့် တူးပို့ကိုအသက်အန္တရာယ်နှင့်ရင်မဆိုင်စေလို ။ ထို့ကြောင့် သက်ပြင်းမောကိုချလိုက်ပြီး တူးပို့ပေးလိုက်သောပိတောက်ပန်းစည်းကို ဘုရားပန်းအိုးတစ်လုံးထဲသို့ထည့်ကာ ဘုရားစင်ပေါ်တင်ထားလိုက်သည် ။
◾
ဦးလျှံ၏နေ့စဥ်ဘုရားရှိခိုးပြီးချိန်သည် မနက်ရှစ်နာရီဖြစ်သော်လည်း ယနေ့တွင်မူ မနက်ရှစ်နာရီကျော်သည်အထိ ထမင်းစားခန်းထဲသို့ရောက်မလာသဖြင့် တူးပို့တစ်ယောက် ဖင်တကြွကြွဖြစ်နေသည် ။ ဤသည်ကိုရိပ်မိသောမငယ်က
” အစ်ကိုကြီးကိုစောင့်နေတာလား အစ်ကိုလေး …. မငယ်သွားခေါ်ပေးရမလား ”
ဟု မေးသည် ။
မငယ်ပြောသလို ဦးလျှံအား မငယ်မှတဆင့်သွားခေါ်ခိုင်း၍ရသော်လည်း ဤအခြေအနေအရဆိုလျှင် ဦးလျှံတစ်ယောက် မိမိအားစိတ်ကောက်နေသည်မှာ သေချာနေပြီဖြစ်သဖြင့် မငယ်ကိုလက်ကာပြလိုက်ပြီး
” ရတယ် မငယ် …. ဦးလျှံကစိတ်ကောက်နေတာ ….. ကျွန်တော်သွားခေါ်လိုက်မယ် ”
ဟု ပြောကာ ထမင်းစားခန်းထဲမှထွက်လာခဲ့လိုက်သည် ။
◾
တူးပို့ အပေါ်ထပ်သို့ရောက်သည်နှင့် ဦးလျှံ၏ဘုရားရှိခိုးသံကို နားစွင့်လိုက်သည် ။ မည်သည့်အသံကိုမှမကြားရသဖြင့် အိပ်ခန်းတံခါးကို အသာဖွင့်ကြည့်လိုက်သည် ။ အိပ်ခန်းထဲတွင်လည်း ဦးလျှံကိုမတွေ့သဖြင့် စာကြည့်ခန်းရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည် ။
စာကြည့်ခန်းအရှေ့သို့ရောက်သောအခါ
” ဦးလျှံ …. မောင်ဝင်လာခဲ့မယ်နော် ”
ဟု ပြောပြီး အခန်းတံခါးကို အသာခေါက်လိုက်သည် ။ ထိုအခါ စာထိုင်ဖတ်ရန်ထည့်ထားသည့်ဆိုဖာတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်နေသောဦးလျှံကို တွေ့ရသည် ။ ဦးလျှံက မိမိကိုမော့ပင်ကြည့်မလာသောကြောင့်
” မောင့်အသည်းဦးလေး ”
ဟု ခေါ်လိုက်ကာ ဦးလျှံ၏ဘေးတွင်ဝင်ထိုင်လိုက်သည် ။ ဦးလျှံက ယခုအချိန်အထိလည်း မိမိကိုမကြည့်လာသေးသောကြောင့်
” မနက်စာမစားဘူးလား …. မောင့်အသည်းဦးလေးရေ ”
ဟု မေးလိုက်သည် ။ မေးရင်းကလည်း ဦးလျှံ၏ပခုံးကို ဖွဖွဖက်လိုက်သည် ။ ဦးလျှံက မရုန်းသောကြောင့် ပို၍ရဲတင်းသွားကာ
” မောင့်ကိုစိတ်ကောက်နေတာလား …. ဒီကိုကြည့်ပါအုံး ”
ဟု ပြောပြီး ဦးလျှံ၏မျက်နှာကို ဖွဖွဆွဲမော့လိုက်သည် ။ မိမိအားမော့ကြည့်လာသော ဦးလျှံ၏မျက်လုံးများက ဦးလျှံအားအပိုင်သိမ်းပစ်လိုက်လိုသည့်မိမိ၏စိတ်ကို ဆွနေသောကြောင့်
” မောင်ခဏခဏသည်းခံပြီးမနေနိုင်ဘူးနော် ဦးလျှံ …. ဘာဖြစ်လို့ မောင့်ကိုတစ်ချိန်လုံးမြှူစွယ်နေရတာလဲ ”
ဟု ပြောလိုက်ပြီး စီးကရက်သောက်သဖြင့် အနည်းငယ်ညိုနေသောဦးလျှံ၏နှုတ်ခမ်းကို ဖိကပ်နမ်းရှိုက်ပစ်လိုက်သည် ။
◾
” အာ့ …. အ အမှတ်တွေမလုပ်ပစ်နဲ့ တူးပို့ ….. မာမားတို့ဆီသွားရအုံးမယ်လေ ”
ဟု မောဟိုက်စွာပြောလာသောဦးလျှံကြောင့် တူးပို့ မိမိစိတ်ကို အမှန်တကယ်ပင်မထိန်းနိုင်တော့ ။
” မောင့်ကိုစိတ်မဆိုးနဲ့နော် မောင့်အသည်းဦးလေး …. စိတ်ဆိုးလည်းမောင်ကချစ်မှာပဲ ”
ဟု ပြောလိုက်ပြီး မိမိ၏ရင်ဘတ်ကိုထုရိုက်နေသော ဦးလျှံ၏လက်တစ်ဖက်ကို အားနှင့်ဖမ်းဆုပ်ကာ ဦးလျှံကို ဆိုဖာပေါ်သို့တွန်းလှဲပစ်လိုက်သည် ။