2
(၂)
သင်္ကြန်အကျနေ့
” မောင့်အသည်းဦးလေးရေ …. ထတော့လေဗျာ …. နေမြင့်နေပြီဗျ ”
ဟူသော တူးပို့၏အသံကိုကြားသော်လည်း ထက်မြတ် မသိဟန်ဆောင်ကာ ဆက်အိပ်နေလိုက်သည် ။
သို့သော် …
တူးပို့က လက်မလျှော့ ။ မိမိဘေးတွင်လာဝင်လှဲကာ နဖူးကိုဖွဖွနမ်းသည် ။ ထို့နောက် မျက်လုံးများကိုလာနမ်းသည် ။ တူးပို့၏ ထင်မှတ်မထားသောအပြုအမူကြောင့် အိပ်ချင်ဟန်ဆောင်နေသောမျက်လုံးများက လှုပ်ရှားသွားမိသည် ။ ဤသည်ကိုမြင်သွားဟန်တူသောတူးပို့က
” ဟားဟား …. မောင့်ဦးလျှံက အိပ်ချင်ယောင်ဆောင်နေတာပဲ …. ထတော့လေ …. မောင်တို့မာမားဆီသွားလည်ကြမယ်ဆို ”
ဟု ပြောသည် ။ ထို့ကြောင့် အနီးတွင်တွေ့သောခေါင်းအုံးနှင့် တူးပို့ကိုပေါက်လိုက်ပြီး
” မကောင်းတဲ့လူ …. လူကိုအခုလိုလုပ်ထားပြီးဘယ်ကိုသွားမှာလဲ ”
ဟု ပြောလိုက်သည် ။ ဤစကားကို တူးပို့က
” မောင့်အသည်းဦးလေးကလည်း …. ကိုယ့်ယောက်ျားကိုယ်ချစ်တာ ဘယ်သူ့ကိုကြောက်နေရအုံးမှာတဲ့လဲ ”
ဟု တုံ့ပြန်သဖြင့် စောင်ကိုခေါင်းအထိလုံအောင်ဆွဲခြုံလိုက်ပြီး
” ဘယ်သူကမင်းကိုချစ်လို့လဲ ”
ဟူ၍ ရေရွတ်လိုက်သည် ။
◾
” ဘယ်သူကမင်းကိုချစ်လို့လဲ ”
ဟူသောစကားကိုဆိုခဲ့သောဦးလျှံက တူးပို့နှင့်အတူ မိခင်ဖြစ်သူထံသို့ အတူလိုက်လာသဖြင့် ဦးလျှံ၏နဖူးကို မြတ်နိုးစွာနမ်းလိုက်ပြီး
” အဲ့ဒါတွေကြောင့် မောင့်အသည်းဦးလေးကိုမောင်ကအချစ်ပိုနေရတာ ”
ဟု ပြောလိုက်သည် ။ ဦးလျှံက ဤစကားကို
” မာမားကိုကတိပေးထားပြီးပြီမို့လို့လိုက်လာတာ …. မဟုတ်ရင်ယောင်လို့တောင်မလိုက်ဘူး ”
ဟု ပြောပြီး မိမိကားတံခါးဖွင့်ပေးသည်ကိုပင်မစောင့်ပဲ ကားတံခါးကိုဆောင့်ဖွင့်သဖြင့်
” ရရဲ့လား …. မောင်ကျောပိုးပေးရမလား ”
ဟူ၍ ရယ်ကြဲကြဲနှင့်မေးလိုက်သည် ။ ဤမေးခွန်းကြောင့် ဦးလျှံ၏နားရွက်ဖျားများက နီရဲလာပြီး
” မကောင်းတဲ့လူ ”
ဟူသော စကားသံကိုပါ ကြားရသည် ။ ထို့ကြောင့် ဦးလျှံ၏လက်ကို ဆွဲထားလိုက်ပြီး
” ချစ်တယ်နော် …. မောင့်အသည်းဦးလေး ဦးထက်မြတ်လျှံရေ ”
ဟု ပြောလိုက်သည် ။
◾
” မာမားတို့ဆီမရောက်တာကြာပြီ ဦးလျှံ …. သွားလည်ရအောင် ”
ဟူသော စကားကိုပြောခဲ့သူမှာ တူးပို့ပင်ဖြစ်သော်လည်း အိမ်ရောက်သည်နှင့် လူပျိုဘဝကနေခဲ့သည့်အခန်းထဲတွင်အောင်းကာ ဗီဒီယိုဂိမ်းကို အသည်းအသန်ဆော့နေသူမှာလည်း တူးပို့ပင်ဖြစ်သောကြောင့် ထက်မြတ်လည်း ပျင်းရိလာကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။
အောက်ထပ်သို့ရောက်သောအခါ တူးပို့၏မိခင် မိမိ၏ယောက္ခဖြစ်သည့်မာမားက အိမ်အကူများနှင့်အတူ မုန့်လုံးရေပေါ်လုံးနေသည် ။ ထို့ကြောင့်
” ကျွန်တော်လည်းကူပေးမယ်လေ မာမား ”
ဟု ပြောကာ ထမင်းစားခန်းထဲရှိဘေစင်၌ လက်ကိုဆပ်ပြာနှင့်ပြောင်စင်နေအောင်ဆေးပြီး မုန့်လုံးရေပေါ်လုံးသည့်အဖွဲ့ထဲသို့ဝင်လိုက်သည် ။
မာမားက အချိန်အတော်ကြာအောင် မုန့်လုံးရေပေါ်လုံးခြင်း၌အာရုံစိုက်နေပြီးမှ
” တူးပို့တစ်ယောက် ဂိမ်းဆော့နေပြန်ပြီလား သားလျှံ ”
ဟူ၍ မေးလာသည် ။ မာမားကို အမှန်အတိုင်းဝန်ခံလိုက်လျှင် တူးပို့တစ်ယောက် အဆူခံရမည်စိုးသောကြောင့် ပြုံးရုံသာပြုံးပြလိုက်သည် ။ မာမားက ဤသည်ကိုကြည့်ပြီး
” သားလျှံနဲ့တွေ့တိုင်း မာမားဘက်ကဒီစကားပဲပြောနေရတာအားနာပေမဲ့ ထပ်ပြောပါရစေအုံး …. တူးပို့ကအိမ်မှာအငယ်ဆုံးဆိုတော့ အခုအရွယ်အထိကလေးလုပ်ချင်နေတာ သားရယ် …. အဲ့ဒါကြောင့် သူသားအပေါ်မှာမလိမ္မာတာတွေရှိရင် သားကခွင့်လွှတ်ပေးပါ …. ဆုံးမသင့်တာတွေရှိရင်လည်း ဆုံးမပေးပါလို့ မာမားတောင်းဆိုပါတယ်ကွယ် ”
ဟု ပြောသည် ။ ပြီးမှ
” အခုမှကြုံလို့မေးရအုံးမယ် …. သာတို့ကအိမ်ခွဲနေတော့ အရင်လိုမာမားကတစ်ချိန်လုံးတူးပို့ကိုလိုက်ဆူပြောမနေနိုင်တော့ တူးပို့လွင်တစ်ယောက်အရင်လိုဆိုးသေးလား …. အဲ့ဒီကလေးက လုပ်လိုက်ရင်အမြဲတဇွတ်ထိုးဆိုတော့ သားစိတ်ပျက်သွားမှာ မာမားစိုးရိမ်တယ် ”
ဟု မေးသည် ။
တူးပို့က မိမိနှင့်လက်မထပ်ခင်ကလို အပေါင်းအသင်းတရုန်းရုန်းနှင့် အလုပ်လက်မဲ့မဟုတ်တော့သော်လည်း အခြားနေရာများတွင် မာမားထင်ထားသည်ထက်အဆပေါင်းများစွာဆိုးကြောင်းကို မာမားသိသွားလျှင် ချက်ချင်းလက်ငင်း ဆေးရုံသို့ပြေးရမည့်အခြေအနေသို့ရောက်သွားမည်ဖြစ်သဖြင့် ပြုံးပြလိုက်ပြီး
” အရင်ကလောက်မဆိုးတော့ပါဘူး မာမား …. လိမ္မာလာပါပြီ ”
ဟု အဖြေပေးလိုက်သည် ။
◾
ထက်မြတ် မာမားတို့နှင့်ရောက်တတ်ရာရာစကားပြောရင်း မုန့်လုံးရေပေါ်လုံးနေစဥ်
” အန်တီရေ ”
” အန်တီမေသီ ”
ဟူသော အော်ခေါ်သံနှင့်အတူ တူးပို့နှင့်ရွယ်တူခန့်ရှိသော ယောက်ျားလေးသုံးယောက်နှင့် မိန်းကလေးနှစ်ယောက်က ဧည့်ခန်းထဲဝင်လာသည် ။ ယောက်ျားလေးသုံးယောက်ကိုမသိသော်လည်း မိန်းကလေးနှစ်ယောက်ကမူ မိမိနှင့်တူးပို့ သမီးရည်းစားဘဝကတည်းက တူးပို့နှင့်သိကျွမ်းခဲ့သူများဖြစ်သောကြောင့် ထိုမိန်းကလေးနှစ်ယောက်ကို မော့ကြည့်လိုက်မိသည် ။
ထိုမိန်းကလေးနှစ်ယောက်အနက် လီလီဟုခေါ်သောမိန်းကလေးက မိမိကိုတွေ့သောအခါ
” ဟာ …. အစ်ကိုတို့ရောက်နေတာလား ”
ဟု နှုတ်ဆက်သော်လည်း ဝါနုဟုခေါ်သောမိန်းကလေးကမူ မာမားကိုသာပြုံးပြပြီး
” မေမေကကြာဆန်ချက်ပို့ခိုင်းလိုက်လို့ အန်တီ ”
ဟူ၍ ပြောရင်း လက်ထဲတွင်ကိုင်လာသောချိုင့်ကို အိမ်အကူတစ်ယောက်အားလှမ်းပေးသည် ။ ပြီးမှ မာမားဘေးတွင်ဝင်ထိုင်ပြီး
” အန်တီ့ကိုပူဆာစရာလည်းရှိတယ် ”
ဟု ပြောသည် ။
◾
” တူးပို့ကိုသမီးတို့နဲ့အတူလည်ဖို့ခေါ်သွားချင်လို့ ”
ဟူသော စကားကို ဝါနုကမာမားကိုပြောလိုက်သောကြောင့် လီလီက ထက်မြတ်ကိုအားနာဟန်ဖြင့်ကြည့်လာသည် ။ ထို့ကြောင့် လီလီ့ကိုပြုံးပြလိုက်ပြီး မုန့်လုံးရေပေါ်လုံးခြင်းကိုလက်စသတ်ကာ မတ်တပ်ထရပ်လိုက်သည် ။ မာမားက ဝါနု၏စကားကို
” အရင်ကတူးပို့ရဲ့အုပ်ထိန်းသူက အန်တီဖြစ်ခဲ့ပေမဲ့ အခုသူ့အုပ်ထိန်းသူက သားလျှံဖြစ်နေပြီဆိုတော့ သားလျှံကိုမေးကြည့်လေ ”
ဟူ၍ ပြောကာ မိမိထံသို့ ပြသနာထုတ်ကိုလက်ဆင့်ကမ်းပေးသည် ။
မိမိနှင့်လက်ထပ်ပြီးသည့်အချိန်မှစ၍ တူးပို့သည် လူပျိုဘဝကကဲ့သို့ သင်္ကြန်တွင်း၌ မဏ္ဍပ်တကာတွင်ပတ်၍မကဲတော့ပဲ နှစ်တိုင်းလိုလို လမ်းထဲမှကလေးများနှင့်ရေအတူဆော့ကာ သင်္ကြန်လေးရက်ကိုဖြတ်သန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ငြိမ်နေသည် ။
တူးပို့နှင့်မိမိသည် အသက်ဆယ်နှစ်ကွာသောကြောင့် မိမိက သင်္ကြန်တွင်းဆိုလျှင် အိမ်တွင်အေးအေးဆေးဆေးသာနားလိုသော်လည်း တူးပို့ကမူ လူငယ်ပီပီ ရေဆော့ချင်ရှာပေလိမ့်မည် ။ ထို့ကြောင့် ဝါနုကိုကြည့်လိုက်ပြီး
” မောင်ကလိုက်ချင်ရင်တော့ ခေါ်သွားလိုက်လေ ….. ရပါတယ် ”
ဟု အဖြေပေးကာ နေရာမှထွက်လာခဲ့လိုက်သည် ။
◾
တူးပို့ ဦးလျှံကိုအိမ်ပြန်ရန် တစ်လနီးပါးဂျီကျခဲ့သည်မှာ မိဘနှစ်ပါးအားလွမ်းသောကြောင့်မဟုတ်ပဲ ဗီဒီယိုဂိမ်းဆော့လို၍ဖြစ်သောကြောင့် အိမ်သို့ရောက်သည်နှင့် မိမိလူပျိုဘဝကနေခဲ့သည့်အခန်းထဲသို့ဝင်ကာ ဗီဒီယိုဂိမ်းကစားရန်စတင်ပြင်ဆင်လိုက်သည် ။
မိမိတို့အိမ်တွင်ဆိုလျှင် ဦးလျှံက
” ဂိမ်းတွေအဲ့ဒီလောက်ကြီးမကစားနဲ့လေ တူးပို့ …. မျက်စိထိခိုက်မယ် ”
ဟု ဆိုကာ နာရီဝက်ထက်ပို၍ပေးမဆော့သော်လည်း ယနေ့တွင်မူ ရောက်ကတည်းကဂိမ်းဆော့နေသောမိမိကိုမတားပဲ ဘေးတွင်လာထိုင်ကာ စာအုပ်ဖတ်နေသည် ။
သို့သော် …
ကြာကြာမဖတ်ပဲ အနားမှထသွားသည် ။ စိတ်ကောက်နေသောဦးလျှံအား လိုက်ချော့သင့်သော်လည်း ဦးလျှံနှင့်မိမိ၏ဖခင်ဖြစ်သူသည် အလွန်လေပေးဖြောင့်ကြသူများဖြစ်သောကြောင့် အိမ်ပြန်ရောက်လျှင် ဦးလျှံကမိမိကိုမလိုအပ် ။ ထို့ကြောင့် လိုက်မသွားတော့ပဲ ဂိမ်းကိုသာ အသည်းအသန်ဆော့နေမိသည် ။
ဤသို့ဆော့နေရင်း နေ့လည်ဆယ့်နှစ်နာရီထိုးကာနီးသောအခါ အခန်းတံခါးခေါက်သံနှင့်အတူ မိမိ၏သူငယ်ချင်းများဖြစ်သည့် လီလီနှင့်ဝါနုဦးဆောင်သောအဖွဲ့က အခန်းထဲဝင်လာကြသည် ။ မတွေ့ရသည်မှာကြာပြီဖြစ်သောသူငယ်ချင်းများနှင့် ရုတ်တရက်ပြန်တွေ့လိုက်ရသောကြောင့် ဂိမ်းကိုပင်မေ့ကာ သူငယ်ချင်းများထံသို့ပြေးသွားမိသည် ။
◾
ဝါနုက
” ငါတို့နဲ့အတူသင်္ကြန်လည်ဖို့နင့်ကိုလာခေါ်တာ ”
ဟု ပြောလာသောကြောင့် တူးပို့ ယခုအချိန်အထိ ပျောက်ချက်သားကောင်းနေသောဦးလျှံကိုသတိရသွားပြီး
” ငါဦးလျှံကိုမေးကြည့်လိုက်အုံးမယ် ”
ဟူ၍ ပြောလိုက်သည် ။ ဝါနုကပင်ဆက်၍
” နင့်လူကနင်လိုက်ချင်ရင်ခေါ်သွားလို့ပြောတယ် ”
ဟု ပြောလာသောကြောင့် ဝမ်းသာသွားပြီး
” ဒါဆို နင်တို့အောက်ထပ်ကစောင့်နေ …. ငါအဝတ်အစားပြေးလဲလိုက်အုံးမယ် ”
ဟူသော စကားကို ပြောလိုက်သည် ။ အကုန်လုံးက
” ဘယ်လိုနေနေချောပြီးသားပဲဟာကို ဘာတွေထပ်ပြင်အုံးမလို့လဲ ”
ဟု မိမိစကားကို တုံ့ပြန်ကြသော်လည်း အလိုက်တသိပင် အခန်းထဲမှထွက်သွားကြသောကြောင့် ဗီရိုရှိရာဆီသို့ အပြေးလာခဲ့လိုက်သည် ။
◾
တူးပို့ အဝတ်အစားလဲပြီး အခန်းထဲမှထွက်လာသောအခါ ဝရန်တာတွင်မတ်တပ်ရပ်ကာ ရှုခင်းငေးနေသော ဦးလျှံကိုတွေ့ရသည် ။
သို့သော် …
ဦးလျှံက တစ်ယောက်ထဲမဟုတ် ။ စီးကရက်ကိုအဖော်ပြုနေသည် ။
ဦးလျှံစီးကရက်သောက်တတ်သည်ကို ယခင်ကတည်းကသိသော်လည်း ဦးလျှံက အခြားလူများကဲ့သို့ နေ့စဥ်သောက်လေ့ရှိသူမဟုတ် ။ ရေးလက်စစာမူများကို ဆက်ရေး၍မရတော့သောအခါတွင်မှ သောက်လေ့ရှိသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး
” ဦးလျှံ ”
ဟု ခေါ်ကာ အနားသို့လျှောက်သွားလိုက်သည် ။ ဦးလျှံက မိမိကိုလှည့်ကြည့်လာသောကြောင့် ဦးလျှံ၏ခါးကိုဖက်လိုက်ပြီး
” မောင် သူငယ်ချင်းတွေနဲ့အပြင်ခဏလိုက်သွားလိုက်အုံးမယ်နော် ”
ဟု ပြောလိုက်ကာ ဦးလျှံ၏နဖူးကို ဖွဖွနမ်းလိုက်သည် ။ ဦးလျှံက မိမိနမ်းသည်ကို ငြိမ်ခံနေပြီးမှ
” သောက်မလာနဲ့ …. စောစောပြန်လာ ”
ဟု တုံးတိတိစကားကိုပြောသည် ။ ဤစကားက ယခုရက်ပိုင်းအတွင်းတွင် ဦးလျှံထံမှ ပထမဦးဆုံးပြန်ကြားရသည့် မိမိအားဂရုစိုက်သည့်စကားဖြစ်သောကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး
” မောင့်အသည်းဦးလေးလည်း စီးကရက်ကိုတအားသောက်မနေနဲ့နော် ”
ဟု ပြောကာ စီးကရက်နံ့စွဲနေသော ဦးလျှံ၏နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည် ။ ထို့နောက်
” စောစောပြန်လာမယ် ….. စောင့်နေနော် ”
ဟု ပြောကာ ဦးလျှံ၏အနားမှ ခွာလာခဲ့လိုက်သည် ။
◾
တူးပို့ ဦးလျှံနှင့်လက်ထပ်ပြီးသည့်အချိန်ကတည်းက လူများ ၊ လူရှုပ်သည့်နေရာများကို ဦးလျှံအားခေါ်သွားရန်အားနာသောကြောင့် သင်္ကြန်တွင်းအပြင်မထွက်ဖြစ်ပဲ ရပ်ကွက်ထဲမှကလေးများနှင့်သာ ရေအတူဆော့ဖြစ်သည် ။
သို့သော် …
ကလေးများနှင့်ဆော့ရသည့်အရသာက မဏ္ဍပ်တွင်ဆော့ရသည့်အရသာနှင့်မတူ ။ ထို့ကြောင့် ယနေ့အခွင့်အရေးရစဥ် မီးကုန်ယမ်းကုန် သောင်းကျန်းနေမိသည် ။ ထိုစဥ်
” တူးပို့ …. နင်ရောက်ကတည်းက Dancing Floor ကနေ တက်မလာဘူး …. ချမ်းနေလိမ့်မယ် ….. ဒါသောက်ထားလိုက် ”
ဟူသော စကားကို ဝါနုကပြောပြီး မိမိလက်ထဲသို့ ရေခဲတုံးလေးများပါသောဝီစကီခွက်ကိုထည့်ပေးသည် ။ ဝါနုပေးသောဝီစကီခွက်ကိုသောက်ရန်ပါးစပ်ပြင်ပြီးမှ ဦးလျှံက
” သောက်မလာနဲ့ ”
ဟု မှာလိုက်ကြောင်း သတိရသွားပြီး ဝါနုကို
” မသောက်ဘူးလို့ ဦးလျှံကိုငါကတိပေးထားတယ် ”
ဟူ၍ ပြောလိုက်သည် ။ မိမိကငြင်းသော်လည်း ဝါနုကလက်မခံ ။
” တစ်ခွက်လောက်သောက်ရုံလေးနဲ့နင်သောက်လာမှန်း နင့်လူမသိပါဘူး …. ငါတို့သူငယ်ချင်းတွေအကုန်သောက်တယ် …. နင်မသောက်ရင်ငါတို့စိတ်ကောင်းမှာမဟုတ်ဘူး ”
ဟု ထပ်ပြောသည် ။ ဝါနုပြောသည်မှာမမှားသောကြောင့်
” ချကွာ ”
ဟု ပြောကာ ဝီစကီခွက်ကိုမော့ချလိုက်သည် ။
◾
ဝါနု၏ဝီစကီတစ်ခွက်အစွမ်းက တူးပို့ကို အိမ်သို့လေးဘက်ထောက်၍ပြန်စေနိုင်သည်အထိစွမ်းသောကြောင့် ညနေမဏ္ဍပ်သိမ်းသည်နှင့် နောက်တစ်ပွဲဆက်ရန်ပြင်နေသော လီလီတို့ကိုနှုတ်ဆက်ကာ အိမ်သို့တန်းပြန်ရန် ဟန်ပြင်လိုက်သည် ။ ထိုစဉ် ဝါနုက အနားသို့ ရောက်လာပြီး
” တူးပို့ ….. နင်ဒီလောက်မူးနေတာဘယ်လိုပြန်မှာလဲ ….. ငါတို့လိုက်ပို့မယ် ”
ဟု ပြောသည် ။ ဝါနု၏စေတနာကို နားလည်သော်လည်း လတ်တလောတွင် မိမိက ဦးလျှံကိုပေးထားသည့်ကတိအား ဖျက်လိုက်မိပြီဖြစ်သည့်အပြင် ဝါနုနှင့်ဦးလျှံ၏ ဆက်ဆံရေးသည် မိမိတို့သမီးရည်းစားဘဝကတည်းက အဆင်ပြေလှသည်မဟုတ်သောကြောင့် ဝါနု၏စကားကို ငြင်းဆန်လိုက်သည် ။
သို့သော် …..
ဝါနုက လက်မခံ ။
” ငါတို့ကရှစ်တန်းကတည်းကခင်လာတဲ့ငယ်သူငယ်ချင်းတွေပဲဟာ …..အားနာမနေနဲ့ ”
ဟု ပြောကာ မိမိကို ကားပေါ်သို့အတင်းတက်ခိုင်းသဖြင့် မငြင်းသာတော့ပဲ ကားပေါ်သို့တက်လိုက်ရတော့သည် ။
◾
တူးပို့ အိမ်သို့ရောက်သောအခါ ခြံထဲရှိ သစ်ခွပန်းပင်များအနီး၌ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသော အဖြူရောင်ပုံရိပ်လေးကိုတွေ့ရသည် ။ ထို့ကြောင့် ကားမောင်းပေးသော ထွန်းသီဟကို
” ရပြီ သီဟ ….. ဒီနားမှာပဲရပ်လိုက်တော့ ”
ဟု ပြောပြီး ကားကို ဆင်ဝင်အောက်တွင်ဖြစ်သလိုရပ်ထားခိုင်းလိုက်ကာ ကားပေါ်မှဆင်းရန် ဟန်ပြင်လိုက်သည် ။ ထိုစဉ် မည်သည့်အချိန်ကတည်းက ကားပေါ်မှဆင်းသွားမှန်းမသိသည့် ဝါနုက မိမိဘက်မှကားတံခါးကိုဖွင့်ပေးပြီး
” အခုမှလင်ကိုချစ်ပြမနေနဲ့ ….. ငါတို့လည်း နင့်ကိုဆွဲမထားဘူး အဖြစ်ကိုသည်းတယ် ”
ဟု ပြောသည် ။ ထို့နောက် ကားပေါ်မှမဆင်းရသေးသော ထွန်းသီဟကို
” သီဟ ….. ဒီကောင့်ကို နင်ပဲတွဲလိုက်တော့ ….. ငါသူ့လူကို သွားခေါ်ပေးလိုက်အုံးမယ် ”
ဟု ပြောသဖြင့် ပြုံးလိုက်ပြီး
” အဲ့ဒါတွေကြောင့် ငါနင်တို့ကိုချစ်တာ ”
ဟူ၍ ပြောကာ ကားပေါ်မှဆင်းလိုက်သည် ။
◾
တူးပို့က စောပြန်လာမည်ဟုပြောသွားသော်လည်း ကတိတည်မည်မဟုတ်ကြောင်းကို ထက်မြတ်သိသည် ။
သို့သော် …..
သေသေရှင်ရှင် မိမိအကြောင်းမဟုတ်ဟုသဘောထားကာ ပစ်မထားနိုင် ပစ်မထားရက်သောကြောင့် ညနေငါးနာရီကတည်းက ခြံထဲတွင် အလုပ်ရှုပ်နေဟန်ဆောင်ကာ တူးပို့ပြန်အလာကို စောင့်နေမိသည် ။ မိမိက ဤသို့ လည်တဆန့်ဆန့်နှင့်စောင့်နေသော်လည်း တူးပို့က ညခုနစ်နာရီထိုးကာနီးမှ ပြန်ရောက်လာသည် ။ အပြန်နောက်ကျသည့်ပြင် မသောက်ရန်မှာလိုက်သည့်ကြားက သောက်လာပြီး ဝါနုကိုပါ ထပ်ခေါ်လာပြန်သဖြင့် တူးပို့အနားသို့သွားမည့် ခြေလှမ်းတို့ကိုရပ်တံ့လိုက်ကာ အနီးတွင်ရှိသောခုံတွင်ထိုင်လိုက်ပြီး အခြေအနေ အကဲခတ်ကြည့်လိုက်သည် ။
တူးပို့အနားတွင် ဝါနုအပြင် အခြားယောက်ျားလေးသူငယ်ချင်းတစ်ယောက်ပါ,ပါလာသဖြင့် အနည်းငယ်စိတ်အေးသွားသော်လည်း ဝါနုက မိမိထံသို့ တည့်တည့်မတ်မတ်လျှောက်လာသဖြင့် မျက်မှောင်ကြုတ်၍ မတ်တပ်ထရပ်လိုက်မိသည် ။
◾
တူးပို့ လူကမူးနေသော်လည်း ဝါနုနှင့်ဦးလျှံကို နှစ်ယောက်တည်းလွှတ်ထား၍မရကြောင်းသိနေသဖြင့် မိမိအားတွဲကာ အိမ်ထဲသို့ပို့ရန်ပြင်နေသောထွန်းသီဟကို
” သီဟ ….. ခဏလေး …… ငါဦးလျှံဆီသွားလိုက်အုံးမယ် ”
ဟု ပြောကာ ဒယိမ်းဒယိုင်နှင့်ပင် ဦးလျှံအနားသို့ လျှောက်သွားလိုက်ပြီး ဦးလျှံကို
” မောင့်အသည်းဦးလေးက မောင့်ကိုစောင့်နေတာလား ”
ဟူ၍ မေးလိုက်သည် ။ ဤမေးခွန်းအဆုံးတွင် ဦးလျှံက ဝါနုနှင့်စကားပြောနေရာမှ မိမိရှိရာဆီသို့လှည့်ကြည့်လာပြီး နှာခေါင်းရှုံ့ကာ
” တူးပို့ ”
ဟု ခေါ်သည် ။ အဆူခံရတော့မည်ဖြစ်ကြောင်းသိသောကြောင့် ဝါနုကိုပင်အားမနာနိုင်တော့ပဲ
” မောင့်အပြစ်ကိုမောင်သိတာမို့လို့ မောင့်ကိုမဆူပါနဲ့ …. ဦးလျှံဆူရင် မောင်အရမ်းဝမ်းနည်းတယ်သိလား ”
ဟု ပြောလိုက်ကာ ဦးလျှံကိုဖက်လိုက်သည် ။ ဦးလျှံက ဝါနုကိုအားနာဟန်ဖြင့်
” ဘယ်လိုတွေဖြစ်နေတာလဲ တူးပို့လွင်ရယ် ”
ဟု ပြောကာ မိမိအားအတင်းတွန်းထုတ်သော်လည်း ဦးလျှံ၏ခါးကို တင်းကြပ်စွာဖက်လိုက်ပြီး ဦးလျှံ၏လည်ကုတ်ဖွေးဖွေးအား ဖိကပ်နမ်းရှိုက်ပစ်လိုက်သည် ။
◾
တူးပို့က မိမိအားဖက်ထားလျှက်ကပင် အမူးလွန်ကာပျော့ခွေသွားသောကြောင့် ထက်မြတ် ဝါနုနှင့်ပင်စကားဆက်မပြောနိုင်တော့ ။ ထိုအစား ပျော့ခွေနေသောတူးပို့၏ခန္ဓာကိုယ်ကြီးကို တွန်းလိုက်ပြီး
” တူးပို့ သတိထားအုံး ….. ကိုယ်မင်းခန္ဓာကိုယ်ကြီးကိုမနိုင်ဘူး ”
ဟု ပြောလိုက်သည် ။ ပြီးမှ ဝါနုကို
” တူးပို့ကို အခုလိုဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ် ညီမ ….. ဒါပေမဲ့ နောက်တစ်ခါဒီလိုအခြေအနေမျိုးထပ်ကြုံရရင် တူးပို့ဖုန်းနဲ့ကိုယ့်ဆီခေါ်လိုက်ပါ ….. ကိုယ်လာခေါ်ပြီး ဂရုစိုက်ပေးလိုက်ပါ့မယ် ”
ဟု ပြောလိုက်သည် ။ ဝါနုက အောင့်သက်သက်မျက်နှာပေးနှင့်
” ကြည့်ရတာ …. တူးပို့က ဝါနုတို့ရဲ့ငယ်သူငယ်ချင်းမို့လို့အခုလိုမျိုးဂရုစိုက်ပေးတာကို အစ်ကိုကအထင်လွဲနေတာထင်တယ် ”
ဟု မိမိစကားကို ပြန်တုံ့ပြန်လာသည် ။ တူးပို့နှင့်မိမိ သမီးရည်းစားဘဝသို့မရောက်ခင်ကတည်းက ဝါနုသည် တူးပို့အပေါ်၌ခံစားချက်ရှိနေကြောင်းကိုသိသဖြင့် ပြုံးလိုက်ပြီး
” ဪ …. ဒါဆို ကိုယ်အတွေးလွန်နေမိတာထင်တယ် …. ဆောရီး ညီမ ….. ကိုယ်တို့နှစ်ယောက်ကြားမှာ သွေးခွဲချင်နေတဲ့လူတွေကရှိနေတော့ အလကားဒီကညီမကိုအားနာစရာတွေဖြစ်အောင်လုပ်မိပြီ ”
ဟူ၍ ပြောလိုက်သည် ။ ထိုစဥ်
” တူးပို့တစ်ယောက်မူးလာပြန်ပြီလား သားလျှံ ”
ဟူသော မေးခွန်းနှင့်အတူ မာမားကအနားသို့ရောက်လာသည် ။ အမှန်အတိုင်းပြောပြလိုက်လျှင် တူးပို့တစ်ယောက် အဆူခံရအုံးမည်ဖြစ်သောကြောင့် ပြုံးပြလိုက်ပြီး ဝါနုကိုကြည့်ကာ
” သူငယ်ချင်းတွေအတင်းတိုက်လို့သောက်လာတာထင်ပါတယ် မာမားရယ် ”
ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် မာမားက
” ရရဲ့လား …. တစ်ယောက်ယောက်လွှတ်ပေးရမလား ”
ဟု မေးသည် ။ တူးပို့အား မိမိကလွဲ၍အခြားလူထိကိုင်သည်ကို အိမ်အကူပင်ဖြစ်လင့်ကစားမကြိုက်သောကြောင့် ခေါင်းခါပြလိုက်ပြီး
” ရတယ် မာမား …. ကျွန်တော်နိုင်ပါတယ် ”
ဟု ပြောကာ ဝါနုကို နှုတ်ပင်မဆက်တော့ပဲ တူးပို့ကိုတွဲ၍ အိမ်ဘက်သို့လျှောက်လာခဲ့လိုက်သည် ။
◾
ထက်မြတ် တူးပို့ကို ခက်ခက်ခဲခဲနှင့် အပေါ်ထပ်ရှိအိပ်ခန်းထဲသို့ခေါ်လာပြီးသောအခါ အတော်မောပန်းနေပြီဖြစ်သည် ။
သို့သော် …
အနားမယူနိုင်သေး ။ တူးပို့၏အဝတ်အစားများက ရေများစိုရွှဲနေသည့်အပြင် မိမိကိုလည်း တူးပို့ကအတင်းလာဖက်ထားသောကြောင့် ရေများစိုနေသည် ။ ထို့ကြောင့် တူးပို့ကိုအဝတ်အစားလဲပေးရန်စိတ်ကူးလိုက်ပြီး
” တူးပို့ …. ခဏ ခဏထအုံးကွာ …. အဝတ်အစားလဲမယ် ”
ဟု ပြောလိုက်သည် ။ ထိုအစား တူးပို့က
” ဦးလျှံ ”
ဟု ခေါ်ကာ မိမိလည်ပင်းကို သိုင်းဖက်လာသည် ။
ရုတ်တရက်ဖြစ်သည့်အပြင် တူးပို့၏ခန္ဓာကိုယ်ကလည်း ယိုင်ထိုးနေသောကြောင့် နှစ်ယောက်သား ဖက်လျှက်အနေအထားနှင့် ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲလဲကျသွားရတော့သည် ။ ဤသို့လဲကျသွားရာတွင်လည်း တူးပို့၏ခန္ဓာကိုယ်က မိမိအပေါ်မှကျသောကြောင့် တူးပို့၏ဇွတ်အတင်းလုပ်မှုဖြင့် မနေ့ညကတည်းကနာနေရသောခါးသည် မည်သည့်ခံစားချက်ကိုမှမခံစားရတော့သည်အထိ နာကျင်မှုကပြင်းထန်သွားရတော့သည် ။ ထို့အပြင် တပ်ထားသောမျက်မှန်ကလည်း တူးပို့၏လက်နှင့်တိုက်မိသွားပြီး ကြမ်းပြင်ပေါ်၌တောင်တစ်စမြောက်တစ်စဖြစ်သွားရတော့သည် ။ ထို့ကြောင့် တူးပို့ကို ကြင်နာမနေနိုင်တော့ပဲ တစ်ဖက်သို့ရောက်သွားအောင်အားနှင့်တွန်းပစ်လိုက်သည် ။
◾
ထက်မြတ် တူးပို့ကိုအဝတ်အစားလဲပေးပြီး နေ့လည်ကသောက်လက်စစီးကရက်ဘူးကိုယူကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။ အောက်ထပ်သို့ရောက်သောအခါ ဧည့်ခန်းထဲတွင်ထိုင်ကာ တီဗီကြည့်နေသောမာမားက
” သားလျှံ …. ခဏလောက် မာမားဆီလာပါအုံး ”
ဟု လှမ်းခေါ်သဖြင့် မာမားနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ မာမားကိုကြည့်လိုက်သည် ။ မာမား၏မျက်နှာတွင် အားနာသည့်အရိပ်အယောင်တို့က ထင်ဟပ်နေသောကြောင့် ခေါင်းငုံ့လိုက်ပြီး
” ကျွန်တော်တောင်းပန်ပါတယ် မာမား …. စောစောက ကျွန်တော်စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ် ”
ဟု စကားစလိုက်သည် ။ မာမားက
” အို မဟုတ်တာ ….. မာမားကတောင်းပန်ရမှာပါ …. အိမ်ထောင်သည်တစ်ယောက်ဖြစ်တဲ့တူးပို့က ကိုယ့်အပေါ်မှာခံစားချက်ရှိနေတဲ့မိန်းကလေးတစ်ယောက်နဲ့ဒီလောက်ရင်းရင်းနှီးနှီးနေဖို့မသင့်တော်ဘူးလေ ”
ဟု မိမိစကားကို တုံ့ပြန်သောကြောင့် ပြုံးလိုက်မိသည် ။ ပြီးမှ
” တူးပို့က ငယ်ငယ်ကတည်းက အရမ်းရိုးသားပြီးခင်တတ်မင်တတ်တော့ ဒါမျိုးတွေနားလည်မှာမဟုတ်သလို နားလည်လည်းအားနာတတ်တဲ့ကလေးမို့လို့ ဝါနုကိုအားနာနေတာထင်ပါတယ် မာမားရယ် ….. ကျွန်တော်တို့အိမ်ထောင်သက်ပါထည့်ပေါင်းရင် တူးပို့ကိုကျွန်တော်သိတာရှစ်နှစ်တောင်ရှိပြီ ….. တစ်ခါမှ ကျွန်တော့်ကိုစိတ်ဆင်းရဲရအောင်မလုပ်ခဲ့ဖူးဘူး …… ကျွန်တော့်ကိုမလုပ်သလို မာမားတို့ကိုလည်းလုပ်မှာမဟုတ်လို့ စိတ်မပူပါနဲ့ မာမား ….. ပြီးတော့ တူးပို့ကိုဆူလည်းမဆူပါနဲ့နော် ….. သူလွတ်လွတ်လပ်လပ်နေရမဲ့အရွယ်မှာ ကျွန်တော့်ကိုလက်ထပ်ပြီး အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတော့ အနည်းနဲ့အများတော့ စိတ်ပင်ပန်းနေမယ်ထင်တယ် ….. အဲ့ဒါကြောင့် မာမားတူးပို့ကိုဆူချင်ရင် ကျွန်တော့်ကိုပဲကိုယ်စားဆူပါ ”
ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် မာမားက ပြုံး၍
” တူးပို့ငယ်ငယ်ကတည်းက သူဒီလိုတစ်သက်လုံးပေါ့တီးပေါ့ဆပြောင်ချော်ချော်နဲ့နေသွားရင် သူ့ကိုဘယ်သူကမှလေးစားမှာမဟုတ်သလို အိမ်ထောင်ပြုမဲ့လူတောင်ရှိပါ့မလားလို့ မာမားကစိတ်ပူနေတာ ….. ကြည့်ရတာ ….. ဒီကောင်လေး လူကောင်းကိုရှာတတ်တာပဲ ”
ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
” တူးပို့ကလူကောင်းရတာမဟုတ်ပဲ ကျွန်တော်ကလူကောင်းရတာပါ မာမားရယ် ”
ဟု ပြောလိုက်သည် ။