3
(၃)
သင်္ကြန်အကြတ်နေ့
မျက်နှာကို တည့်တည့်ထိုးလာသောနေရောင်ကြောင့် တူးပို့ အိပ်ရေးမဝသေးသော်လည်း နိုးလာသည် ။ ထို့ကြောင့် အကြောဆန့်လိုက်ပြီး မိမိနံဘေးနေရာအား လက်နှင့်စမ်းကြည့်လိုက်သည် ။ လေဟာနယ်ကိုသာစမ်းမိသဖြင့် ဝုန်းကနဲငုတ်တုတ်ထထိုင်လိုက်ကာ အခန်းထဲသို့ဝေ့ဝဲကြည့်လိုက်မိသည် ။ ဦးလျှံကိုတွေ့ရမည့်အစား ကုတင်ဘေးရှိဗီဒိုပေါ်တွင်တင်ထားသော ဦးလျှံ၏မျက်မှန်ကိုသာတွေ့ရသည် ။ ထိုမျက်မှန်က မှန်များကွဲကာ တစ်စစီဖြစ်နေသောကြောင့် လန့်သွားပြီး
” ငါညကဘာတွေလုပ်လိုက်မိတာလဲ ”
ဟု ရေရွတ်လိုက်ကာ ကုတင်ပေါ်မှခုန်ဆင်း၍ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည် ။
◾
ထက်မြတ် မာမားတို့နှင့်မနက်စာစားနေစဥ်
” ဦးလျှံ ”
ဟူသော ခေါ်သံနှင့်အတူ တူးပို့က ထမင်းစားခန်းထဲသို့ပြေးဝင်လာသည် ။ တူးပို့၏အသံကြောင့် မိမိအပါအဝင် မနက်စာစားနေကြသူများက တူးပို့ကိုဝိုင်းကြည့်ကြသည် ။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး တူးပို့ကို
” တူးပို့လွင် …. အော်ကြီးဟစ်ကျယ်နဲ့ဘယ်လိုဖြစ်နေတာလဲ ”
ဟု ခပ်ကြိတ်ကြိတ်မေးလိုက်သည် ။ တူးပို့က
” ဦးလျှံမောင့်ကိုထားသွားပြီလို့ထင်နေတာ ”
ဟု ငိုမဲ့မဲ့နှင့်ပြောလာသောကြောင့် တူးပို့အနားသို့လျှောက်သွားလိုက်ပြီး
” ကျစ် …. ကလေးဆန်မနေစမ်းနဲ့ တူးပို့ရယ် …. ကိုယ်ကမင်းကိုဘာဖြစ်လို့ထားခဲ့ရမှာလဲ ”
ဟူ၍ ပြောလိုက်သည် ။ တူးပို့က
” မောင်မနေ့က ဦးလျှံမကြိုက်တာတွေပဲလုပ်ခဲ့မိတယ်လေ …. အဲ့ဒါကြောင့် ဦးလျှံမောင့်ကိုမုန်းသွားပြီထင်လိုက်တာ ”
ဟု မိမိစကားကို တုံ့ပြန်လာသောကြောင် တူးပို့၏လက်ကိုဆွဲလိုက်ပြီး
” ပေါက်ကရတွေလျှောက်ပြောမနေပဲ မနက်စာလာစားတော့ ”
ဟူ၍ ပြောလိုက်သည် ။
◾
ဦးလျှံက ထားမသွားသော်လည်း မနက်စာစားပြီးကတည်းက အနားသို့မလာသဖြင့် တူးပို့ စာအုပ်ဖတ်နေသောဦးလျှံ၏ဘေးတွင်ထိုင်လိုက်ပြီး
” ဦးလျှံ ”
ဟု ခေါ်လိုက်သည် ။ ဦးလျှံက မတုံ့ပြန်သောကြောင့် ဦးလျှံ၏လက်ထဲမှစာအုပ်ကိုဆွဲလုလိုက်ပြီး
” မောင့်ကိုကြည့်အုံးလို့ ”
ဟု ပြောလိုက်သည် ။ ဦးလျှံက မိမိစကားအတိုင်း မော့ကြည့်လာသောကြောင့် တွေဝေမနေတော့ပဲ ဦးလျှံ၏နှုတ်ခမ်းကို ဖိကပ်နမ်းကာ ဦးလျှံ၏ခန္ဓာကိုယ်ကိုကို ဆိုဖာထဲသို့နစ်ဝင်လုနီးပါးဖြစ်အောင် ဖိချပစ်လိုက်သည် ။ ထိုအခါ တစ်ချိန်လုံးငြိမ်သက်နေသောဦးလျှံက မိမိ၏ကျောကုန်းကို လက်နှင့်အသည်းအသန်ကုတ်ခြစ်ကာ ရုန်းကန်သည် ။ ထို့ကြောင့် လွှတ်ပေးလိုက်ပြီး
” ဘာဖြစ်လို့လဲ ဦးလျှံ ”
ဟု မေးလိုက်သည် ။ ဦးလျှံက
” ခါး ”
” ခါးကအရမ်းနာနေတယ် … ဘာဖြစ်လို့ မမေးမစမ်းနဲ့လူကိုလုပ်ချင်တာတွေဇွတ်လုပ်နေရတာလဲ တူးပို့ရေ ”
ဟု ပြောသဖြင့် မျက်လုံးပြူးသွားကာ
” မနေ့ညက မောင်လုပ်လိုက်လို့နာနေတာလား …. မောင်တောင်းပန်ပါတယ် …. မောင်မမှတ်မိလို့ပါ ”
ဟူ၍ ပြောလိုက်သည် ။
◾
မနေ့ညကဒဏ်ရာကြောင့် ကျိုးလုနီးပါးဖြစ်သွားရသော ထက်မြတ်၏ခါးက တူးပို့၏ဇွတ်တရွတ်ဆန်မှုကြောင့် ထိုင်ပင်မထိုင်နိုင်သောအခြေအနေသို့ရောက်သွားရသည် ။
သင်္ကြန်အကြိုနေ့ကတည်းကစ၍ တစ်ခုပြီးတစ်ခုပြသနာရှာနေသောတူးပို့နှင့် စကားဆက်ပြောကာဆက်ပတ်သတ်နေလျှင် အခြားပြသနာများသည်လည်းရောက်လာပေလိမ့်အုံးမည်ဖြစ်သောကြောင့်စိတ်ညစ်ညစ်နှင့်ပင် အိပ်ရာထဲတွင်ကွေးနေလိုက်သည် ။ ထိုစဥ်
” ဦးလျှံ ”
ဟူသော ခေါ်သံနှင့်အတူ တူးပို့က အခန်းထဲဝင်လာသည် ။ ထို့ကြောင့်
” ကိုယ့်မှာမင်းနဲ့ရန်ဖြစ်စကားများနေဖို့အားမရှိဘူး တူးပို့ ”
ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် တူးပို့က မိမိဘေးတွင်ဝင်လှဲပြီး
” ဦးလျှံကလည်း …. တစ်ချိန်လုံး တမင်းမင်းနဲ့သူစိမ်းဆန်လိုက်တာ …. အရင်ကလို မောင်လို့ပဲခေါ်လေဗျာ ”
ဟု ပြောသည် ။ အပြစ်လုပ်စဥ်ကလုပ်ထားပြီး ယခုမှမောင်ဟုအခေါ်ခံနေလိုသောတူးပို့ကို ကြည့်မရသောကြောင့်
” အဲ့ဒီမောင်ဆိုတဲ့စကားကို လီလီတို့ ၊ ဝါနုတို့ကိုသွားခေါ်ခိုင်းလိုက် ”
ဟု အော်ထုတ်ပစ်လိုက်သည် ။
◾
တူးပို့ ဦးလျှံနှင့်လက်ထပ်ထားသည်မှာ ငါးနှစ်ရှိပြီဖြစ်သော်လည်း ဦးလျှံ ယခုလိုစိတ်ဆိုးသည်ကိုမမြင်ဖူးသောကြောင့် မျက်ရည်တို့က အလိုလိုဝဲလာကာ
” ဦးလျှံ ”
ဟု လေသံနှင့်ခေါ်လိုက်သည် ။ ဦးလျှံက
” ငါနေလို့မကောင်းဘူး တူးပို့လွင် ….. ဘေးကနေကလေးလိုတဂျီဂျီလုပ်မနေစမ်းနဲ့ ….. နားညည်းတယ် ”
ဟု ထအော်သဖြင့် ကျလုဆဲဆဲမျက်ရည်တို့က ကျလာပြီး
” ဦးလျှံက မောင့်ကိုအော်တယ် ”
ဟူ၍ ပြောလိုက်သည် ။ ခါတိုင်းဆိုလျှင် မိမိအား မျက်နှာတစ်ချက်ပင်အညှိုးမခံသောဦးလျှံက ယနေ့ မိမိငိုနေသည်ကိုသိလျှက်နှင့် လှည့်ပင်ကြည့်မလာတော့သောကြောင့်
” ဦးလျှံ မောင့်ကိုမချစ်တော့ဘူးမဟုတ်လား ”
ဟု ငိုရင်းကပင်မေးလိုက်သည် ။ ဦးလျှံက
” မင်းကချစ်ဖို့မှမကောင်းတော့တာ ”
ဟု မိမိစကားကို ပြန်တုံ့ပြန်လာသောကြောင့် မျက်လုံးပြူးသွားပြီး
” ဦးလျှံ ”
ဟူ၍ ခေါ်လိုက်သည် ။ ဦးလျှံက
” အပြင်ထွက်လည်မှာဆိုရင်လည်းထွက်လည်တော့ ….. ဒါမှမဟုတ် အနားမှာနေမယ်ဆိုရင်လည်းငိုမနေနဲ့ ….. နားညည်းတယ် ”
ဟု မိမိစကားကို ထပ်တုံ့ပြန်သဖြင့် မျက်ရည်လည်ရွှဲနှင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။
◾
အသံတိတ်ငိုကာ အောက်ထပ်သို့ပြေးဆင်းလာသောတူးပို့ကို မာမားက
” ဘာဖြစ်လာတာလဲ တူးပို့ ”
ဟု လှမ်းမေးသဖြင့် မာမားကိုကြည့်လိုက်ပြီး
” ဦးလျှံက သားကိုမချစ်တော့ဘူးတဲ့ ”
ဟူ၍ အဖြေပြန်ပေးလိုက်သည် ။ ဤစကားအဆုံးတွင် မာမားက ပြုံးစစမျက်နှာပေးနှင့်
” ဘာဖြစ်လို့မချစ်တော့တာလဲဆိုတာကို မေးမကြည့်ခဲ့ဘူးလား ”
ဟု ထပ်မေးသည် ။ မမေးခဲ့ကြောင်း ခေါင်းခါပြလိုက်သောအခါ
” သားလျှံကမင်းကိုမဆူဖို့ပြောထားပေမဲ့ မာမားပြောပါအုံးမယ် ….. သားလျှံလောက်မင်းအပေါ်မှာသည်းခံပြီးချစ်ပေးနိုင်တာ သားလျှံပဲရှိတယ် တူးပို့ ….. အဲ့ဒါတောင် မင်းကသူ့ကိုစိတ်ချမ်းသာအောင်မထားတော့ ဟိုကမင်းကိုစိတ်ဆိုးပြီပေါ့ ”
ဟု မာမားကပြောသည် ။ မာမားပြောသည့်စကားများနှင့်ဦးလျှံပြောသောစကားများကို နားမလည်သောကြောင့် ခေါင်းကုတ်လိုက်ပြီး
” မာမားတို့ဘာတွေဖြစ်နေကြတာလဲ ….. သားကိုနားလည်အောင်ရှင်းပြကြအုံး ”
ဟု ပြောလိုက်သည် ။
◾
မနေ့ညက မူး၍အိမ်ပြန်လာသောတူးပို့ကို ပြန်လိုက်ပို့ပေးသောဝါနုနှင့်ဦးလျှံသည် အနည်းငယ်စကားများခဲ့ကြောင်း ၊ ဤသို့စကားများခဲ့သော်လည်း ဝါနုက ယနေ့မနက်တွင် အိမ်သို့ထပ်ရောက်လာပြီး မိမိအတွက် အမူးပြေဟင်းချိုလာပို့ကြောင်း ၊ ထိုသို့လာပို့သောဝါနုသည် ဦးလျှံနှင့် ဒုတိယအကြိမ်အဖြစ် ထပ်ဆုံခဲ့ကြောင်း ၊ ဦးလျှံက ဝါနုကို အထွေအထူးစကားမဆိုသော်လည်း ဝါနုက ဦးလျှံ၏သိက္ခာကိုထိခိုက်စေမည့်စကားများကိုပြောသဖြင့် မာမားကကြားဝင်ခဲ့ရကြောင်းတို့ကို မာမားကပြောပြသဖြင့် ရင်ထဲတွင်အောင့်သွားရကာ မာမားကိုပင် စကားမဆိုနိုင်ပဲ အပေါ်ထပ်သို့ ပြန်ပြေးတက်လာခဲ့လိုက်သည် ။
အပေါ်ထပ်သို့ရောက်သောအခါ ဦးလျှံက စောင်ပုံထဲတွင်ကွေးနေဆဲဖြစ်သည် ။ စိတ်ကောက်ကာ စောင်ပုံထဲတွင်ဝင်ကွေးနေသောဦးလျှံကို တူးပို့ အသည်းယားလွန်း၍ စိတ်ကိုလွှတ်ပစ်လိုက်လိုသော်လည်း ဦးလျှံ၏ခါးက အလွန်နာနေဟန်တူသည် ။ တော်ရုံကိစ္စနှင့်မျက်မှောင်မကြုတ်တတ်သောဦးလျှံက မျက်မှောင်ကြုတ်၍ ငြိမ်သက်နေသည် ။ ထို့အပြင် ဦးလျှံအပေါ်၌ မိမိက အပြစ်လုပ်ထားမိသောကြောင့် စိတ်ကိုထိန်း၍ ဦးလျှံ၏နဖူးကို ဖွဖွနမ်းလိုက်ပြီး
” နေသာရဲ့လား မောင့်ဦးရယ် …. မသက်သာရင် မောင်ဆရာဝန်ခေါ်ပေးမယ် ”
ဟု ပြောလိုက်သည် ။ ဦးလျှံက လေသံနှင့်
” ခေါ်ပေး ”
ဟု ထူးထူးဆန်းဆန်း တောင်းဆိုလာသောကြောင့် ဖုန်းကိုထုတ်လိုက်ပြီး မိမိတို့မိသားစုဆရာဝန်ထံသို့ ဖုန်းခေါ်လိုက်သည် ။
◾
” အဲ့ဒါ ဦးလျှံကြောင့်ဖြစ်ရတာ ”
ဟူသော စကားကို တူးပို့က ဆရာဝန်အခန်းထဲမှထွက်သွားသည်နှင့်ပြောလာသောကြောင့် ထက်မြတ် တူးပို့ကို မျက်လုံးပြုး၍ကြည့်လိုက်ပြီး
” စွပ်စွပ်စွဲစွဲ ”
ဟု ပြောလိုက်သည် ။ တူးပို့က ခေါင်းညိတ်၍
” ဟုတ်တယ်လေ …. ဦးလျှံက တစ်ချိန်လုံးချစ်ဖို့ကောင်းနေတော့ မောင်ကဘယ်စိတ်ထိန်းနိုင်ပါ့မလဲလို့ ”
ဟု မိမိစကားကို တုံ့ပြန်သောကြောင့်
” တူးပို့လွင် ”
ဟူသော တူးပို့၏အမည်အရင်းကိုအော်လိုက်ပြီး ကုတင်ခြေရင်းတွင်ထိုင်နေသောတူးပို့ကို ကန်လိုက်သည် ။
သို့သော် …
တူးပို့က နေရာပင်မရွေ့ ။ ထိုအစား မိမိ၏ခြေထောက်ကိုဖမ်းဆုပ်ပြီး
” ငြိမ်ငြိမ်နေနော် …. မောင်စိတ်မထိန်းနိုင်ရင် ဦးလျှံပဲထပ်နာမှာ …. မနက်ဖြန်အထိ အိပ်ရာထဲမှာပဲနေချင်လို့လား ”
ဟု ပြီတီတီမျက်နှာပေးနှင့် ပြောလာသည် ။ တူးပို့က အခြားနေရာတွင် ကတိမတည်သော်လည်း ယခုလိုမျိုးအခြေအနေတွင်မူ ပြောသည့်အတိုင်းလုပ်လေ့ရှိကြောင်းသိသဖြင့်
” မကောင်းတဲ့လူ ”
ဟု ရေရွတ်ပြီး ကုတင်ပေါ်တွင် လှဲချလိုက်သည် ။
◾
ဦးလျှံက ဝါနုနှင့်ပြသနာဖြစ်သဉ့်ကိစ္စကို စကားပင်မစသောကြောင့် တူးပို့ ဦးလျှံ၏ဘေးတွင် အသာဝင်လှဲလိုက်ပြီး
” ဦးလျှံကို မောင်တောင်းပန်မလို့ ”
ဟု ပြောလိုက်သည် ။ ဦးလျှံက တိတ်ဆိတ်နေသဖြင့်
” မောင့်ကြောင့် ဦးလျှံ ဝါနုဆီကအပြောအဆိုခံလိုက်ရတယ်ဆို ”
ဟု မေးလိုက်သည် ။ ထိုအခါမှ ဦးလျှံက
” ဘာမှမဟုတ်တဲ့ကိစ္စမို့လို့ စိတ်ထဲထည့်မထားနဲ့ ”
ဟု တုံ့ပြန်လာသည် ။ ထို့ကြောင့် ဦးလျှံ၏ခါးကို အသာဖက်လိုက်ပြီး ဦးလျှံ၏ဆံပင်များထဲသို့ မျက်နှာအပ်လိုက်ကာ
” မောင်ကလေ ဝါနုကိုငယ်သူငယ်ချင်းဖြစ်တာရယ် သူနဲ့အဆက်အသွယ်ဖြတ်လိုက်ရင် တခြားသူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ပြတ်သွားပြီး သူတို့ကဦးလျှံကိုမုန်းမှာစိုးတာရယ်ကြောင့်သာ ဝါနုနဲ့ဆက်ပြီးသူငယ်ချင်းလုပ်နေတာ ….. ဒါပေမဲ့ သူကမောင့်အသည်းဦးလေးကို စိတ်ညစ်အောင်လုပ်တယ်ဆိုတော့ မောင်သူနဲ့သူငယ်ချင်းထပ်မလုပ်တော့ဘူး …. တခြားလူတွေမုန်းလည်းမုန်းပါစေတော့ ….. မောင့်အတွက် မောင့်ဦးကအရေးအကြီးဆုံးပဲ …. မောင့်ဦးလျှံကိုစိတ်ရှုပ်အောင်လုပ်ရင် ဘယ်သူနေနေခွင့်မလွှတ်ဘူး ”
ဟု ပြောလိုက်သည် ။ ဦးလျှံက သက်ပြင်းကိုခပ်တိုးတိုးချပြီး
” ကိုယ်တောင်းပန်ပါတယ် ….. ကိုယ်စိတ်မထိန်းနိုင်ဖြစ်သွားလို့ တူးပို့အခုလိုစိတ်ညစ်ရတာ ”
ဟု မိမိကို ပြန်တောင်းပန်နေသောကြောင့် ယောင်ရမ်း၍ ခေါင်းခါလိုက်ကာ
” ဦးလျှံမမှားပါဘူး ….. ဘယ်သူနေနေ ကိုယ်ချစ်တဲ့လူကိုသဝန်တိုမှာပဲလေ ….. ဦးလျှံနေရာမှာ မောင်ဆိုရင်လည်းသဝန်တိုမိမှာပဲ ပိုတောင်ဆိုးအုံးမယ် ”
ဟူသော စကားကို ပြောလိုက်သည် ။ ဦးလျှံက အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှ
” နေပါအုံး ….. မင်းကိုဘယ်သူကချစ်တယ်ပြောလို့လဲ ”
ဟု ထမေးသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး ဦးလျှံ၏လည်ကုတ်ဖွေးဖွေးကို ဖိကပ်နမ်းလိုက်ကာ
” မပြောလည်းမောင်ကသိနေတယ်လေ မောင့်အသည်းဦးလေးဦးလျှံရဲ့ ”
ဟု ပြောလိုက်သည် ။ ဦးလျှံက
” တော်တော်ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုး ”
ဟု ပြောသဖြင့် အားရပါးရအော်ရယ်လိုက်ပြီး
” မောင့်ဦး ….. မောင်ကနောက်ထပ်စိတ်ညစ်စရာကိစ္စမရှိတော့အောင်ထားမှာမို့လို့ စိတ်မကောက်ပါနဲ့တော့နော် ….. မောင့်ဦးလျှံစိတ်ကောက်ရင် မောင်အရမ်းဝမ်းနည်းရတယ် ”
ဟူ၍ ပြောလိုက်သည် ။ ဦးလျှံက တိတ်ဆိတ်မြဲတိတ်ဆိတ်နေသောကြောင့် ဦးလျှံနှင့်မျက်နှာချင်းဆိုင်သို့ ကျော်ခွသွားလိုက်ကာ ဦးလျှံ၏မျက်နှာကို ကြည့်လိုက်သည် ။ ဦးလျှံက အသံတိတ်ငိုနေသောကြောင့်
” မငိုပါနဲ့ မောင့်အသည်းဦးလေးရယ် ”
ဟု ပြောလိုက်ပြီး ဦးလျှံ၏နဖူးကို ဖွဖွနမ်းလိုက်သည် ။