4
(၄)
သင်္ကြန်အတက်နေ့
ယနေ့ကသင်္ကြန်အတက်နေ့ဖြစ်သလို ထက်မြတ်၏ ချစ်လှစွာသောခင်ပွန်း တူးပို့၏မွေးနေ့လည်းဖြစ်သည် ။
ယခင်နှစ်များက တူးပို့၏မွေးနေ့တိုင်းတွင် ခရီးအတူထွက်ကာ နှစ်ဆန်းငါးရက်နေ့မှပြန်လာလေ့ရှိသော်လည်း ယခုနှစ်တွင်မူ မိမိအား သင်္ကြန်တွင်းတစ်တွင်းလုံး စိတ်ဒုက္ခပေါင်းစုံပေးထားသောတူးပို့ကို ရိုးရိုးတန်းတန်းမွေးနေ့လက်ဆောင်မပေးလို ။ ထို့ကြောင့် မိမိတို့လမ်းထဲတွင် တူးပို့၏မွေးနေ့အမှတ်တရ မနက်ပိုင်းစတုဒီသာကျွေးမည့်အစီအစဥ်ကို ညနေသို့ရွှေ့လိုက်ပြီး မနက်ပိုင်းတွင် တူးပို့အားစိတ်ဒုက္ခပြန်ပေးရန်နည်းလမ်းပေါင်းစုံကို မနက်အစောကြီးကတည်းကထ၍စဥ်းစားနေမိသည် ။ ဤသို့စဥ်းစားရင်းနှင့် ဖွင့်ထားသောတီဗီတွင်ပြနေသည့်ဇာတ်လမ်းတစ်ပုဒ်က မိမိအတွက် ပြီးပြည့်စုံသောအကြံကိုပေးလိုက်သဖြင့် ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။
◾
ယနေ့ကသင်္ကြန်အတက်နေ့ဖြစ်သည့်အပြင် မိမိမွေးနေ့လည်းဖြစ်သော်ငြား ဦးလျှံကို ခါးနာအောင်လုပ်ထားမိသည့်အပြင် ဦးလျှံမသောက်ခိုင်းသည့်အရက်ကိုပါသောက်ထားမိပြီး မိမိတို့နှစ်ယောက်၏ဆက်ဆံရေးသည် ယခင်ကလို အဆင်မပြေသေးသောကြောင့် တူးပို့တစ်ယောက် အပြင်ထွက်လည်ရန် ဦးလျှံကိုမပူဆာရဲသလို မိမိမွေးနေ့အတွက် ဦးလျှံစီစဥ်ထားသည့်အစီအစဥ်ကိုလည်းမမေးရဲ ။ ထို့ကြောင့် နေမြင့်သည်အထိ အိပ်၍သာနေလိုက်သည် ။ ဤသို့အိပ်နေစဥ်
” တူးပို့လွင် ”
ဟူသော အစ်မအလတ်ဖြစ်သူ သင်းပျံ့၏အထိတ်တလန့်ခေါ်သံကိုကြားရသဖြင့် လှဲနေရာမှ ထထိုင်လိုက်သည် ။ သင်းပျံ့က အခန်းဝတွင်ရပ်နေရာမှ မိမိနိုးလာသည်ကိုမြင်သောအခါ အခန်းထဲသို့ဝင်လာပြီး
” နင့်ဦးလျှံမနက်ကမူးလဲလို့ဆေးရုံတင်ထားရတယ်ဆို …. အဲ့ဒါတကယ်မဟုတ်ဘူးလား ဒါမှမဟုတ် နင်မသိတာလား ”
ဟု မေးသည် ။ သင်းပျံ့၏စကားကြောင့် မျက်လုံးပြူးသွားပြီး အိပ်ရာပေါ်မှခုန်ဆင်းလိုက်ကာ
” ဘာ ”
” အခု ဦးလျှံကဘယ်မှာလဲ ”
ဟု မေးလိုက်သည် ။
◾
သင်းပျံ့က ဦးလျှံကိုဦးလျှံပိုင်သည့်ဆေးရုံတွင်ပင်တင်ထားကြောင်းနှင့် ဆေးရုံသို့သွားမည်ဖြစ်သောကြောင့် အတူလိုက်လိုကလိုက်နိုင်ကြောင်းပြောသဖြင့် တူးပို့ သင်းပျံ့နှင့်အတူလိုက်လာသော်လည်း သင်္ကြန်တွင်းဖြစ်သည့်အပြင် သင်းပျံ့က ကားကိုနှေးတုံ့နှေးတုံ့မောင်းနေသောကြောင့် စိတ်မရှည်တော့ ။
” သင်းပျံ့ …. နင်ဘေးဖယ် …. ငါမောင်းမယ် ”
ဟု ပြောကာ သင်းပျံ့ကိုဖယ်ခိုင်းလိုက်သည် ။
သို့သော် …
သင်းပျံ့က ဖယ်မပေးပဲ
” ငါ့ကားငါဘယ်လိုမောင်းမောင်းပေါ့ …. မလောစမ်းနဲ့ …. အန္တရာယ်များတယ် ”
ဟု ရန်ပြန်ထောင်နေသောကြောင့် စိတ်လျှော့ကာ ဆေးရုံသို့မြန်မြန်ရောက်ရရန်ကိုသာ ဆုတောင်းနေမိတော့သည် ။
◾
” Room 51 ”
ဟူသော အခန်းနံပတ်ကို အချိန်ကြာကြာမရှာလိုက်ရပဲနှင့်တွေ့လိုက်ရသောကြောင့် တူးပို့ အလောတကြီးနှင့် အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး
” ဦးလျှံ ”
ဟု ခေါ်လိုက်သည် ။
သို့သော် …
အခန်းထဲတွင် ဦးလျှံ၏အရိပ်အယောင်ကိုမြင်ရရန်ဝေးစွ ။ တပ်ထားသောလိုက်ကာစပင်မလှုပ်သောကြောင့် ထိတ်ကနဲဖြစ်သွားပြီး အပြင်သို့ပြန်ထွက်ရန်ဟန်ပြင်လိုက်သည် ။ ထိုစဥ်
” Suprise ”
ဟူသော အော်သံများနှင့်အတူ ဦးလျှံဦးဆောင်သော မိမိ၏မိသားစုဝင်များက အခန်းထဲဝင်လာကြသည် ။ ထိုသို့ဝင်လာသော ဦးလျှံ၏လက်ထဲတွင် မွေးနေ့ကိတ်တစ်လုံးပါလာသောကြောင့် လှိုက်ကနဲဝမ်းနည်းသွားကာ
” ဦးလျှံ ”
ဟု ခေါ်လိုက်သည် ။ ဦးလျှံ မိမိစကားကို မတုံ့ပြန်ရသေးခင်မှာပင် ကားပါကင်ထိုးရန်နေရာရှာနေရသောသင်းပျံ့၏
” Happy birthday to you …. Happy birthday to you ”
ဟူသော မွေးနေ့သီချင်းသံကိုကြားရသည် ။ သင်းပျံ့၏အသံကိုကြားသည်နှင့် ရပ်နေကြသောဦးလျှံတို့ကလည်း မွေးနေ့သီချင်းကိုဝိုင်းဆိုကြသဖြင့် ဟန်မဆောင်နိုင်တော့ပဲ ငိုလိုက်မိတော့သည် ။
◾
တူးပို့ မျက်ရည်များက ပါးပြင်ပေါ်သို့အဆက်မပြတ်ကျနေသော်လည်း ဦးလျှံက မွေးနေ့ကိတ်ကိုကိုင်၍ အနားသို့လျှောက်လာကာ
” မွေးနေ့ရှင် ”
” ဖယောင်းတိုင်မှုတ်ပြီးဆုတောင်း ”
ဟု ပြောသဖြင့် ဦးလျှံ၏စကားအတိုင်း ဖယောင်းတိုင်မီးကိုမှုတ်လိုက်ကာ ဆုတောင်းလိုက်သည် ။ မိမိဆုတောင်းပြီးသည်နှင့် သင်းပျံ့က ကိတ်မုန့်ကို အလိုက်တသိနှင့်လာသိမ်းပေးသည် ။ ထို့ကြောင့် ဦးလျှံကိုပြေးဖက်လိုက်ပြီး
” မောင်ကစိတ်ပူသွားတာ ဦးလျှံရဲ့ ”
ဟု ပြောလိုက်သည် ။ ဦးလျှံက ရယ်ဟဟမျက်နှာပေးနှင့်
” အစကအတူခရီးထွက်မလို့ပဲ …. ဒါပေမဲ့ ကောင်လေးတစ်ယောက်က သုံးရက်လုံးလုံးစိတ်ကင်ဆာတွေချည်းပေးနေလို့ မွေးနေ့မှာ စိတ်ဒုက္ခတမင်ပြန်ပေးတာ ”
ဟု မိမိစကားကို တုံ့ပြန်သောကြောင့်
” ဦးလျှံနော် ”
ဟူ၍ အော်လိုက်သည် ။ ဦးလျှံက
” ဒါပေမဲ့ ချစ်တယ်နော် ”
ဟု ပြောကာ မိမိ၏နှုတ်ခမ်းကိုနမ်းလာသောကြောင့် ဦးလျှံ၏ခါးကို တင်းကြပ်စွာဖက်၍ ဦးလျှံအစပျိုးလာသောအနမ်းတို့ကို ပြန်လည်တုံ့ပြန်လိုက်သည် ။
◾
ဦးလျှံက မွေးနေ့အမှတ်တရအနေနှင့် ယနေ့ညနေတွင် ရပ်ကွက်ထဲတွင်စတုဒီသာကျွေးပြီး တူးပို့ကို ညနေပိုင်း အင်းယားလမ်းရှိ လမ်းလျှောက်သင်္ကြန်သို့လိုက်ပို့ပေးမည်ဟုပြောထားသောကြောင့် ညနေ,နေအေးသည်နှင့် နှစ်ယောက်သား အင်းယားလမ်းသို့ထွက်လာခဲ့လိုက်သည် ။
လမ်းလျှောက်သင်္ကြန်စသည့်နေရာမှစ၍ အလယ်ရောက်သည်အထိ ဦးလျှံက မိမိလက်ကိုမလွှတ်ပဲဆုပ်ကိုင်ထားသဖြင့် ဦးလျှံ၏လက်မောင်းကို မှီတွယ်လိုက်ပြီး
” ဦးလျှံ ”
ဟု ခေါ်လိုက်သည် ။ ဦးလျှံက ခေါင်းညိတ်ပြသောကြောင့်
” မောင့်ကိုအခုအချိန်အထိချစ်ပေးလို့ ကျေးဇူးတင်ပါတယ် ”
ဟု ပြောလိုက်သည် ။ ဦးလျှံကလည်း
” ကိုယ်ရောပဲ ”
ဟု မိမိစကားကို တုံ့ပြန်သောကြောင့် ဦးလျှံ၏ခါးကိုဖက်လိုက်သည် ။ ပုံမှန်ဆိုလျှင် ဦးလျှံက
” လူတွေရှိနေတယ်လေ တူးပို့ရေ ”
ဟု ဆိုကာ မိမိဖက်သည်ကိုလက်ခံမည်မဟုတ်သော်လည်း ယနေ့တွင်မူ မရုန်းကန် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
” ဦးလျှံက မောင့်ရဲ့ပျော်ရွှင်မှုတွေစုစည်းထားတဲ့ အဝါရောင်အိမ်လေးပဲသိလား …. မောင့်အိမ်လေးဆီက မောင်ဘယ်တော့မှထွက်သွားမှာမဟုတ်သလို ဦးလျှံလည်းမောင့်အနားကနေ ဘယ်တော့မှထွက်မသွားပါနဲ့နော် ”
ဟု ပြောလိုက်သည် ။ ဦးလျှံက ခေါင်းညိတ်ပြပြီး
” ဒါပေမဲ့ … အိမ်လခတော့မောင်ပေးရမှာနော် ”
ဟူ၍ မိမိစကားကို တုံ့ပြန်သည် ။ ထို့ကြောင့် သဘောကျစွာအော်ရယ်လိုက်ပြီး
” အိမ်ကအမျိုးသားပြန်လာမှပေးလို့မရဘူးလား ”
ဟု စလိုက်သည် ။
” လင်ပြန်ပေးလုပ်ချင်ရင် မျက်မှန်ဖိုးအကြွေးအရင်ဆပ်မှရမယ် ”
ဟူသော စကားကို ဦးလျှံက ပြန်ပြောလာသဖြင့် ရယ်လိုက်ပြီး
” ဟုတ်သားပဲ …. ဦးလျှံကအဝေးမှုန်ကို …. အဲ့ဒါကြောင့် မောင့်လက်ကိုတစ်ချိန်လုံးဆွဲထားတာလား ”
ဟု မေးလိုက်သည် ။
” မောင်ကိုယ့်ဘဝထဲကရော မြင်ကွင်းထဲကရောပျောက်သွားမှာကြောက်လို့ဆွဲထားတာ ”
ဟူသော အဖြေစကားကြောင့် ဦးလျှံ၏လက်ကို တင်းကြပ်နေအောင်ဆုပ်ကိုင်လိုက်ပြီး
” မောင်က မောင့်အသည်းဦးလေးအနားမှာအမြဲရှိနေမှာမို့လို့ မောင့်အနောက်ကပဲလိုက်လာခဲ့ ”
ဟု ပြောလိုက်သည် ။ ထို့နောက် ဦးလျှံ၏လက်ကို ဆွဲထားသည့်အတိုင်းပင် လူအုပ်ထဲသို့ ပြေးဝင်လာခဲ့လိုက်သည် ။
။ ….. ပြီးပါပြီ ….. ။
ချစ်သောသူတိုင်း ပေါင်းစည်းနိုင်ကြပါစေ ။