chapter 1
အသက်တမျှ ချစ်သည်
အပိုင်း ၁
“အန်တီ ရွှေရေးတို့ကို ရှမ်းခေါက်ဆွဲ နှစ်ပွဲပေးပါနော်”
“ရမယ်..သမီးလေး…အဲ့ခုံဝိုင်းလေးမှာထိုင်ကြနော်”
“ဟေ့ကောင် ဟိုချာတိတ်မလေးက မင်းကို ပက်ပက်စက်စက် ငြင်းလိုက်တဲ့ကောင်မလေးမဟုတ်လား”
“အေးကွာ…ငါဒီလောက်ချစ်မှန်း သူသိတာတောင် ငါ့ကို ငြင်းရက်တယ်”
“အေး..မင်းကိုမှ မဟုတ်ဘူး ဒီရန်ကုန်မြို့မှာ သူ့အချစ်ကိုရတဲ့လူ မရှိဖူးသေးတာ။ အင်းပေါ့လေ ပိုက်ဆံလေးကလည်းရှိ ရူပါလေးကလည်း ဒီလောက်တောင် လှပပြည့်စုံနေမှတော့ ချေမှာပေါ့ကွာ”
ခွန်းဆက်မာန် တစ်ယောက်
သူငယ်ချင်း နှစ်ယောက်၏ ပြောစကားများကို လက်ဖက်ရည်သောက်ပြီး နားထောင်နေရင်းမှ သူတို့ပြောနေသည့် ကောင်မလေးကို တစ်ချက်လှမ်းကြည့်မိသည်။
မျက်နှာကျ ဝိုင်းတိတိလေးနှင့်။ ထိုမျက်နှာလေးနှင့်လိုက်အောင် မျက်လုံးဝိုင်းဝိုင်း နှာတံစင်းစင်းလေးရှိ၏။ ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာ ထင်းထွက်နေပြီး ဒူးထိရှည်သည့် ဆံနွယ် နွဲ့နွဲ့လေးတွေလည်းရှိသည်။
အသက်မှာ သူ့ထက် ၃နှစ်လောက်သာငယ်ပြီး ၂၆လောက်တော့ရှိမည်ထင်ရသည်။ ကြည့်ကောင်းသည် ဆိုရုံလောက်သာရှိပြီး အောင်ခန့်တို့ အောင်မြတ်တို့ ပြောသလောက်လည်း ထူးခြားဆန်းပြားတာ ဘာမှမရှိ။ ဘာမှမတွေ့ရ။
ဒီမိန်းကလေးက ဘာလို့ ဒီလောက် ရေပန်းစားနေရတာလဲ။ သူမကရော ဘာလို့ ယောကျ်ားလေးတိုင်းကို ငြင်းဆန်ရတာလဲ။အကြိုက်မတွေ့ရတာလဲ။
“မင်းတို့ပြောနေတဲ့ ကောင်မလေးက ဟိုချာတိတ်လား”
လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးက ဆိုင်လေးမှာ ထိုင်နေသည့် ချာတိတ်မလေးကို မေးထိုးညွှန်ပြရင်း မေးလိုက်သည်။
“အင်းလေ.. ဟုတ်တယ်။ဘာလဲ မင်းက သိလို့လား”
“ဟင့်အင်း မသိပါဘူး။ ဒါပေမယ့် ခုတော့ သိသွားပြီလေ”
>>
“ဟိတ်…ကိုယ် မင်းကိုပြောစရာရှိိလို့”
ရွှေရေး မနက်စောစော ပန်းပင်တွေရေလောင်းနေတုန်း ခြံဝမှ လှမ်းပြောလိုက်သည့်လူကြောင့် ကြောင်အအလေး ဖြစ်သွားရသည်။
“ကျွန်မကို ပြောတာလား”
ရွှေရေး ကိုယ့်ကိုကိုယ် လက်ညှိုးလေးထိုးပြီး မေးလိုက်တော့ ထိုလူက ခေါင်းဆတ်ပြလေသည်။
ဟွန်း…ဒီလူ့ကို ရွှေရေးတစ်ခါမှ မမြင်ဖူးပါဘူး။ ဘာကိစ္စနဲ့ အိမ်ရှေ့ထိ ရောက်နေရတာလဲ။
“ဒီမှာ ရှင့်ကို ရွှေရေး မသိဘူး”
“မင်း ကိုယ့်ကိုသိဖို့မလိုပါဘူး ရွှေရေးသွင်။ ကိုယ် မင်းကို သိဖို့ပဲလိုတယ်”
ဗုဒ္ဓေါ… သူက ရွှေရေးနာမည်ကိုပါ သိနေတာလား။
“ရှင်သိတာ မသိတာကို ရွှေရေး စိတ်မဝင်စားပါဘူး။ ရွှေရေး ရှင့်ကိုမသိတဲ့အတွက် ဆောရီးပါ”
“ကိုယ် မင်းကို ပြောစရာရှိတယ်လို့ ပြောထားတယ်လေ”
“ရွှေရေး နားမထောင်နိုင်ပါဘူး”
ထိုလူ့ကို ပြောပြီးပြီးချင်း ကျောခိုင်းကာ ထိုနေရာမှ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ခပ်ပြတ်ပြတ်ပြောသွားသည့် မိန်းကလေးအား ကြည့်ကာ ပြုံးလိုက်မိ၏။
မင်းက တကယ် မလွယ်တဲ့ မိန်းကလေးပါ့လား ရွှေရေးသွင်။ ငါကလည်း အဲ့တာမျိုးမှ ကြိုက်တာ။
>>
ဒီနေ့မနက် ရွှေရေး သူငယ်ချင်း အင်ကြင်း
တို့အိမ်က အိမ်တက်ဆွမ်းကပ်ဖိတ်ထားသည်မို့ အစောကြီးထကာ ပြင်ဆင်နေရသည်။
မျက်နှာလေးကိုတော့ ပွဲနှင့်လိုက်ဖက်အောင် မိတ်ကပ်ခပ်ပါးပါးလေးသာ လိမ်းခြယ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းဖူးဖူးလေးအား ပန်းဆီရောင် နှုတ်ခမ်းနီလေးဆိုးလိုက်ပြီး ရှည်လျားသည့်ဆံနွယ်တွေကို ငွေရောင်ကလစ်လေးနှစ်ချောင်းနှင့် ဘေးနှစ်ဖက်သိမ်းထိုးလိုက်၏။
ဆွမ်းကပ်ဖြစ်တာကြောင့် အစိမ်းရောင် ရင်ဖုံးလက်ပြတ်လေးနှင့် ထဘီပြောင်အစိမ်းလေးကို တွဲဖက်ဝတ်ဆင်လိုက်သည်။ ကိုယ်လေးကို မှန်ထဲ လှည့်ကြည့်ပြီး စိတ်တိုင်းကျသွားသည်နှင့် ပိုက်ဆံအိတ်နှင့် ကားသော့ကိုယူကာ ထွက်လာခဲ့သည်။
“မေမေ ရွှေရေးသွားတော့မယ်နော်”
“အေး သမီးလေး ကားကို ဂရုစိုက်မောင်းနော်”
“ဟုတ်”
မေမေ့ကိုနှုတ်ဆက်ပြီး ကားပေါ်သို့တက်ကာ မောင်းထွက်လာခဲ့၏။ရွှေရေးတို့၏ အမေတစ်ခု သမီးတစ်ခုဘဝမှာ မေမေက ရွှေရေးကိုသိပ်ချစ်သလို ရွှေရေးကလည်း မေမေ့ကိုသိပ်ချစ်ရပါသည်။ မေမေ့ကိုငဲ့ကာ ခုချိန်ထိ ရွှေရေး ချစ်သူရည်းစား မထားဖြစ်သေးပေ။ အိမ်ထောင်ပြုဖို့ဆိုတာလည်း တွေးတောင်မတွေးဖူးသေးသည့် ကိစ္စပင်ဖြစ်သည်။
ကားလေးကိုတရိပ်ရိပ် မောင်းနှင်လာရင်းအင်ကြင်းတို့ ခြံရှေ့ရောက်လာတော့သည်။ ခြံတံခါး အသင့်ဖွင့်ထားတာမို့ ကားကို ခြံထဲထိမောင်းဝင်ပြီး စက်သပ်လိုက်၏။
“ရွှေရေး လာပြီလား”
“အင်း အင်ကြင်း ရွှေရေး ရောက်ပြီ။ ဘာဝိုင်းကူရဦးမလဲ”
“ဝိုင်းကူစရာ မရှိပါဘူးရှင်။ ဝါးတီးဆွဲဖို့ပဲရှိတယ် လာ အထဲဝင်ရအောင်”
“ခစ်ခစ် ရွှေရေးကလည်း ဘာမှစားမလာတာနဲ့ အတော်ပဲ”
ရွှေရေးတို့ အိမ်ထဲဝင်သွားတော့ ဟိုနေ့က ခြံရှေ့ထိရောက်လာသည့် လူကို ခပ်လှမ်းလှမ်းမှာ တွေ့ရလေသည်။ ရွှေရေးကိုတွေ့တော့ သွားတန်းတွေပေါ်အောင် ရယ်ပြနေသည်။
“အင်ကြင်း”
“ဟင် ရွှေရေး ဘာဖြစ်လို့လဲ”
“ဟိုလူက ဘယ်သူလဲ အင်ကြင်းတို့အသိတွေထဲကလား”
“အင်ကြင်းတို့ အသိတော့မဟုတ်ဘူး ရွှေရေးရဲ့။ မေမေ့ မိတ်ဆွေ အန်တီဝါနဲ့ ပါလာတာပဲ။ ဒီမြို့မှာတော့ သူ့ကို အင်ကြင်း တစ်ခါမှမတွေ့ဖူးဘူး”
“အင်း”
“ရွှေရေး သူ့ကိုသိလို့လား”
“ဟင်..ဟင့်အင်း မသိပါဘူး အင်ကြင်း ရဲ့။ ရွှေရေးလည်း မမြင်ဖူးလို့ မေးကြည့်တာ”
“သြော် အင်း..လာလေ ရွှေရေး ။ဟိုမှာ သွားထိုင်ရအောင်”
မုန့်စားပြီးတော့ ဆွမ်းကပ်တရားနာရသည်။ပြီးနောက် သိမ်းဆည်းစရာရှိသည်များကို ဝိုင်းကူလုပ်ပြီး ရွှေရေး အိမ်သို့ပြန်လာခဲ့သည်။
အိမ်အပြန်လမ်းတစ်လျှောက်လုံး ကားတစ်စီးက ရွှေရေးကားရှေ့မှ တအိအိမောင်းနှင်နေလေသည်။ ရွှေရေးက ကျော်တက်ပြန်တော့လည်း အတက်မခံဘဲ လိုက်ပိတ်မောင်းနေလေသည်။ ခဏတော့ တိုက်ဆိုင်တာပဲထင်ပြီး စိတ်ရှည်ရှည်နှင့် နောက်က ကပ်မောင်းလာခဲ့သည်။ကြာတော့ ဒါဟာ တိုက်ဆိုင်တာမဟုတ်ဘဲ တမင်ပိတ်မောင်းနေတယ်ဆိုတာ သဘောပေါက်လိုက်သည်။
ဒေါသထွက်လာတာမို့ ဖြစ်ချင်ရာဖြစ် ကျော်တက်ရန်ဆုံးဖြတ်လိုက်သည်။
“ဟာ”
ကျွီ..ဒုန်း..
“အာ့…ဒီလူ”
ဒေါသစိတ်နှင့်အတူ လူက ကားပေါ်က ဆင်းလိုက်ပြီးပြီ။ ရွှေရေး ကားပေါ်က ဆင်းပြီးတာတောင် ရှေ့က လူက ခုထိ ကားပေါ်က
ဆင်းမလာသေးပေ။
စီးလာသည့် ဒေါက်ဖိနပ်လေးကို တဂွပ်ဂွပ် အသံမြည်အောင် ခြေကိုဆောင့်ရင်း ထိုလူ့ကားနားသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်ထိလည်း အဲ့ဒီ့လူက ကားပေါ်က ဆင်းမလာသေးပေ။
မှန်မှ ကားထဲကို ကြည့်တော့လည်း စတစ်ကာကပ်ထားသည်မို့ အထဲကိုမတွေ့ရပေ။
ထို့ကြောင့် ကားမှန်ကို လက်ဆစ်လေးဖြင့် သုံးလေးချက်ဆင့်ခေါက်ပစ်လိုက်သည်။ဟေ့လူ ရှင် လူလိုမသိဘူးလား။ ဘာလို့် သူများကားရှေ့က ပိတ်ရပ်လောက်တာလဲ”
ကားမှန်မှ အထဲကို အတင်းပြူးပြဲကြည့်ကာ ရန်တွေ့နေသည့် မိန်းကလေးကို သဘောကျကာ ရယ်နေရ၏။
“အာ့..ဟင် ရှင်ဘာလုပ်တာလဲ”
ကားတံခါးခေါက်လိုက်စဥ် ရုတ်တရက် ကားတံခါးပွင့်လာပြီး ရွှေရေးလက်လေး ဆောင့်ဆွဲခြင်းခံလိုက်ရသည်။ နာကျင်မှုနှင့်အတူ ရွှေရေးကိုယ်လေးက သူ့ကားထဲသို့ အလိုလိုရောက်သွားတော့သည်။
ဟင်..ဟိုလူ။ ဟိုတစ်နေ့က ခြံရှေ့ထိရောက်လာတဲ့လူ။ အင်ကြင်းတို့အိမ်မှာ ရွှေရေးကို ရယ်ပြတဲ့လူ။
“ရှင် ဒါဘာလုပ်တာလဲ။ ကျွန်မ ပြန်ဆင်းမယ်”
“ဟိတ်…တံခါးက လော့ခ် ချထားတယ်လေ။ အတင်းဖွင့်မနေပါနဲ့ မင်း အားကုန်တယ်”
“ဖွင့်ပေး ကျွန်မကို အောက်ပြန်ချပေး”
“သြော်…အောက်ပြန်ချပေးချင်မှတော့ ကားပေါ်ဘယ်သူက အတင်းဆွဲတင်မှာလဲ။ ငြိမ်ငြိမ်နေနော်။ ကိုယ် မင်းကို ပြောစရာရှိတယ်။ မဟုတ်ရင်တော့ ကိုယ့်အဆိုးမဆိုနဲ့”
သူ့စကားကြောင့်
သူ့လက်ထဲမှ ရုန်းထွက်နေသည့် ရွှေရေး၏လက်တွေ ငြိမ်သက်သွားရသည်။
ချက်ချင်း ငြိမ်သက်သွားပြီး သူ့မျက်နှာကို မျက်လုံးဝိုင်းလေးဖြင့် အလန့်တကြား မော့ကြည့်လာတဲ့ ကောင်မလေးကိုကြည့်ပြီး ခွန်းဆက်မာန်တစ်ယောက် ကြိတ်ရယ်လိုက်မိသည်။
“ဘာပြောမှာလဲ”
အဟွန်း။ စူပုတ်ပုတ် မျက်နှာလေးက ချစ်ဖို့ကောင်းလိုက်တာ။
“ပြောမယ် သေချာနားထောင်နော်”
“အင်း မြန်မြန်ပြော”
“ဟာ..ဟေ့ အဲ့လိုမရဘူး။ ကိုယ့် မျက်နှာကို သေချာကြည့်ပြီး နားထောင်ရမယ်”
“အရမ်းရှည်တာပဲ ”
စိတ်မရှည်တဲ့ မျက်နှာလေးနှင့် တစ်ဖက်လွှဲသွားသည်ကို မေးဖျားလေးမှ ဆွဲယူမော့စေလိုက်သည်။
အို…လက်ရဲဆတ်ရဲ ရှိလွန်းသည့် သူ့ကို.ရွှေရေး လန့်သွားရသည်။ ဒီလူ ပြောတဲ့အတိုင်း တကယ်လုပ်တတ်တာလား။
“ကိုယ် မင်းကို ချစ်တယ် ရွှေရေးသွင်”
“ရှင်”
ရှက်သွေးဖြာကာ ငုံ့ကျသွားတဲ့ မျက်နှာရဲရဲလေးကို စူးစိုက်ကြည့်နေမိသည်။
ရင်ခုန်တာလား ရင်တုန်တာလားမသိပေမယ့် ရွှေရေး နှလုံးသားလေး တဒိတ်ဒိတ်မြည်နေရသည်။ တွေ့တာမှ နှစ်ခါရှိသေးတယ် ဒီလူ…
“တွေ့တာမှ မကြာသေးဘူး ချက်ချင်းဖွင့်ပြောတယ်လို့ တွေးနေတာလား”
“ဟင်”
ဒီလူ ဗိုက်ထဲမှာ ပုဏ္ဏားများရှိနေတာလား။ ရွှေရေးတွေးနေတာကို သူသိနေတယ်။ဘယ်လိုလူပါလိမ့်။ စတွေ့ကတည်းက အဆန်းတွေချည်းပဲ လုပ်ပြနေတယ်။
“ဟုတ်တယ်လေ ။ ရှင်နဲ့ ကျွန်မ တစ်ခါမှတောင်မသိတာကို။ မြင်ဖူးရုံလေးပဲရှိတာကို ရှင်က ချစ်ရေးဆိုတယ်ဆိုတော့…”
“မင်းက ကိုယ့်ကို မသိလည်း ကိုယ်က မင်းကိုသိတယ် ရွှေရေးသွင်။ အချစ်မှာ အချိန်တွေ ရင်းနှီးမှုတွေမလိုပါဘူး။ မြင်မြင်ချင်းအချစ်ဆိုတာ မင်းမကြားဖူးဘူးလား”
“ဟင့်အင်း ကျွန်မ ဘယ်အချစ်ကိုမှ မကြားဖူးဘူး။ ကြားလည်းမကြားချင်ဘူး ရှင်ပြောချင်တာ ဒါပဲမဟုတ်လား။ ကျွန်မကို တံခါးဖွင့်ပေးပါ”
“နေဦး ။ ကိုယ်ပြောချင်တာတော့ ဒါပဲ။ မင်းကိုယ့်ကို ပြောခဲ့ဦး စဥ်းစားပေးမယ်လို့”
“အဟွန်း ဒါက ကျွန်မစိတ်နဲ့ ကျွန်မလေ။ ရှင်နဲ့မဆိုင်ပါဘူး”
“ရတယ်လေ မင်းစိတ်နဲ့မင်းပေါ့။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အဖြေရဖို့တော့ ကိုယ်ကြိုးစားရမှာပေါ့။ အဲ့လိုကြိုးစားတဲ့အခါ မလုပ်သင့်တာတွေ လုပ်မိခဲ့ရင်တော့ နားလည်ပေးနော်။ ဒါနဲ့ ဖုန်းလေး ခဏပေးနော်”
“ဟင်..ရှင် ဘာတွေ ရူးကြောင်ကြောင်ထပ်လုပ်ဦးမလို့လဲ..”
သူမလက်ထဲမှ ဖုန်းလေးကို ဆွဲယူလိုက်ပြီး သူ့ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ခေါ်လိုက်သည်။
“ကဲ ဆင်းလို့ရပါပြီဗျာ”
“ဆင်းမှာပါ ရှင်နဲ့အနီးနားမှာ တစ်စက္ကန့်လေးတောင် မနေချင်ဘူး”
အဟွန်း…လူကို မခံချိ မခံသာဖြစ်အောင် ပြောသွားလိုက်သေးတယ်။
သဘောကျကာ ခေါင်းယမ်းပြုံးလိုက်မိရင်း သူမကားလေးကို ရှေ့သို့ ကျော်တက်ခွင့်ပေးလိုက်သည်။
>>
အိမ်ပြန်ရောက်သည်အထိ ရွှေရေး နှလုံးသားလေး ခုန်နေဆဲပင်။ ရွှေရေး သူ့အပြုအမူတွေကို ကြောက်နေမိတာလား။ ဒါမှမဟုတ်…အို မဖြစ်နိုင်ပါဘူး။
တူ..တူ..တူ(ဖုန်းမြည်သံ)
ဟင် ဘယ်သူလဲ။ ဖုန်းနံပါတ်အစိမ်းကြီးနဲ့။ မဟုတ်မှ ဟိုလူများလား။ မဟုတ်ပါစေနဲ့
ရွှေရေး ကြိတ်ပြီးဆုတောင်းလိုက်ရင်း ဖုန်းလေးကို ကိုင်လိုက်၏။
“ဟယ်လို ဘယ်..ဘယ်သူပါလဲရှင်”
“ခစ်ခစ်… ခုထိ ရင်တုန်နေတုန်းလား ရွှေရေးသွင်”
ထပ်ပြီး သူပဲလား။ ရွှေရေး ဆုတောင်းတွေ မပြည့်ခဲ့ပါ။
“ဘာဖြစ်လို့ ရင်တုန်ရမှာလဲ”
“မသိဘူးလေ။ ဒါနဲ့ ကိုယ့်ဖုန်းနံပါတ်လေး မှတ်ထားလိုက်ဦးနော်။ နာမည်က ခွန်းဆက်မာန်ပါ”
“ဘာကိစ္စနဲ့ ရှင့်ဖုန်းကို မှတ်ထားရမှာလဲ။ ဒီမှာ ဦးခွန်းဆက်မာန်။ ကျွန်မကို ဒီထက်ပိုပြီး မနှောက်ယှက်ပါနဲ့ရှင် ။ ဖုန်းလည်းထပ်မဆက်ပါနဲ့တော့”
“ဒါတော့ မဖြစ်နိုင်ပါဘူး ဒေါ်ရွှေရေးသွင် ”
“ကျွန်မကို ဒေါ်ရွှေရေးသွင်လို့ မခေါ်ပါနဲ့ ။မကြိုက်ဘူး”
“ဟောဗျာ။ ကျုပ်ကရော ဦးတပ်ပြီး အခေါ်ခံရတာ ကြိုက်တယ်များထင်နေလို့လား”
“ဒီမှာ ရှင် စကားကို ကပ်သီးကပ်ဖဲ့ လိုက်ပြောမနေနဲ့။ ကျွန်မကို ဆက်ပြီး မပတ်သတ်ပါနဲ့”
“ပတ်သတ်ဖို့ မပတ်သတ်ဖို့က မင်းဆုံးဖြတ်ပေးလို့မရဘူးလေ။
ကျုပ်လည်း ကျုပ်စိတ်နဲ့ကျုပ်ပဲလေ ။ကျုပ်မပြောခဲ့ဘူးလား။ မင်းအချစ်ကိုရဖို့ ကြိုးစားမှာလို့”
“ကြိုးစား ကြိုးစား။အဲ့မှာသေအောင်ကြိုးစား။ ကျွန်မ ရှင့်ကို စိတ်မဝင်စားဘူး”
စိတ်ဆိုးဆိုးနှင့် ဘုဆတ်ဆတ်ပြောနေတဲ့ အသံလေးက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးစေလေသည်။
“ကိုယ်အဖြေမတောင်းသေးဘူးနော်။မလောနဲ့ဦး။ ခုပေးစရာမလိုသေးဘူး။ မင်းဘယ်လောက်ငြင်းငြင်း ကိုယ်က မင်းအချစ်ကို ရအောင်ယူမှာ ရွှေရေးသွင်”
“ရှင်..”
“ဒါပဲနော် ကိုယ် ဖုန်းချလိုက်တော့မယ်”
ဟာ…ဒီလူ ဘယ်လိုလူလဲ။ ချစ်တယ်လည်းပြောသေးတယ် ဘာလို့ ရွှေရေးကို ဒေါသထွက်အောင် လုပ်နေရတာလဲမသိဘူး။
သူက ပြောရင် ပြောသလို လုပ်တတ်တာ ရွှေရေးကိုယ်တွေ့ဖြစ်ခဲ့ပြီမို့ သတိထားနေဖို့တော့ လိုပြီ။
>>
“ဟေ့ကောင် ခွန်းဆက်မာန်။မင်း ဒီရက်ထဲ ငါတို့ဆီမလာတာကြာပြီ။ ဘယ်တွေ သဝေထိုးနေတာလဲ”
“ငါလား။ သဝေမထိုးပါဘူး ကောင်မလေးတစ်ယောက်ကို လိုက်ကြည့်နေရတာနဲ့ မင်းတို့ဆီမလာဖြစ်တာ”
“အမယ် အောင်မြတ်ရေ။ရှမ်းပြည်ကလာပြီး ရန်ကုန်မှာ ဖူးစာလာရှာနေတာပါ့လား”
“အေးလေ ရှမ်းမလေးတွေလည်း ချောပါတယ်။ နေပါဦး မင်းက ဒီမြို့မှာ ဘယ်ကောင်မလေးကို ကြိုက်နေတာလဲ”
“ရွှေရေးသွင်”
“သြော်..ဟမ်..ဘယ်သူ့ကို..ဘယ်သူ့ကို ကြိုက်နေတာ”
“ရွှေရေးသွင်ပါဆို..အောင်ခန့်ရယ် မင်းကြည့်ပြီး ငါဒီမှာ လက်ဖက်ရည်တွေသီးကုန်တော့မယ်”
“ဟား…အဲ့ကောင်မလေးဆိုရင်တော့ မင်းရမှာမဟုတ်ဘူး။ အချိန်ကုန်ပါတယ် သူငယ်ချင်းရာ။တခြားမိန်းကလေး ပြောင်းကြိုက်စမ်းပါ”
သူ ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။ ခက််ခက်ခဲခဲရှိလှတဲ့ အရာတွေကိုမှ ငါကလည်း လိုချင်တာ။
“ဘာပြုံးနေတာလဲ စေတနာနဲ့ ပြောနေတာ မင်းကို”
“အေးပါကွာ။ ဇာတ်လမ်းက အခုမှစတာပါ။ မင်းတို့ကလည်း မရဘူးဆိုတာက အရင်ပြောနေတယ်။ ဆုံးအောင်လည်း ကြည့်ကြပါဦး”
“ငါတို့ ကြုံဖူးလို့ ပြောနေတာပေါ့ကွ”
“မင်းတို့နဲ့ ငါက မတူဘူးလေကွာ။ စောင့်ကြည့်လိုက်။ အဲ့ကောင်မလေးအချစ်ကို ရစေရမယ်။ ရရင် တစ်ဝိုင်းကျွေးမလားပြော”
“ကြွေးမယ်ကွာ..မရရင် မင်း ငါတို့ကို ပြန်ကျွေးဖို့ ပြင်ထား”
“စိတ်ချ ငါရှုံးရင် မင်းတို့ကို အဝကျွေးမယ်။ ပါဆယ်ပါထည့်ပေးမယ်ကွာ”
>>
ကဲ…ဒါကတော့ ficအသစ်လေးရဲ့ အစပိုင်းလေးပါရှင့်။ခပ်စွာစွာလေးနဲ့ ဇွတ်တရွတ်လေးနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ရွှေရေးအချစ်ကိုရော ရနိုင်မှာလားဆိုတာ ဆက်မျှော်ပေးကြပါဦး
#Tay Kabyar