chapter 2
အသက်တမျှ ချစ်သည်
အပိုင်း ၂
ည အိပ်ရာဝင်ခါနီးတော့ ရွှေရေး ရေချိုးခန်းထဲဝင်ခဲ့ပြီး မျက်နှာသစ် သွားတိုက်နှင့် ကိုယ်လက်သန့်စင်လိုက်သည်။ ပြီးနောက် ညဝတ်အကျ်ီနှင့် ဘောင်းဘီလေးကို လဲဝတ်လိုက်ပြီး အိပ်ယာပေါ် လှဲလိုက်သည်။
တီ.. တီ..တီ
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ ခွန်းဆက်မာန်ဆိုသည့်လူ ခေါ်နေခြင်းပင်ဖြစ်သည်။ ထိုလူ့ဖုန်းကို တမင်မကိုင်ဘဲ ထားတာ ရက်အတော်ကြာနေပြီ။ ခုလည်းမနားမနေကိုခေါ်နေတော့သည်။
ခေါ်လွန်းမက ခေါ်သည့်အဆုံး စိတ်မရှည်စွာဘဲ ရွှေရေး ဖုန်းကိုင်ရတော့သည်။
“ရှင် ဘာဖြစ်လို့ ဖုန်းကို မနားမနေခေါ်နေတာလဲ”
ဖုန်းကိုင်တယ်ဆို တည်တည်တင်းတင်း ဒေါသသံလေးနှင့် ပြောလိုက်တာမို့ သူရယ်လိုက်မိပါသည်။
သူ့ကိုယ်သူလည်း အံ့သြမိပါ၏။ ပုံမှန်ဆို ဒီလောက်စိတ်ရှည်တတ်သူမဟုတ်။ ခုတော့ ဖုန်းတစ်ခါကိုင်ဖို့ သူစိတ်ရှည်ရှည်နဲ့ ခေါ်နေရတာ ဘယ်နှစ်ရက်တောင်ရှိနေပါပြီနည်း။
“ကိုယ် ဖုန်းတွေခေါ်နေတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ ”
“ဘယ်သိမလဲ။ သိချင်ရင် ရှင်ဘာသာရှင် ရေတွက်ထားပါ့လား”
အဟွန်း…စွာတေးလန်မလေး ။စကားတောင်ဆုံးအောင်နားမထောင်ဘူး ။ ချက်ချင်းခေပတာပဲ။
“သြော် ဟုတ်ပါပြီ။ ဒါဆို ဘာလို့ဖုန်းတွေမကိုင်တာလဲ”
“ကျွန်မဖုန်း ကျွန်မကိုင်ချင် ကိုင်မှာပေါ့။မကိုင်ချင်ရင် မကိုင်ဘူးပေါ့။ရှင့်ကို ဘာဖြစ်လို့ ဖုန်းမကိုင်တာပါဆိုတဲ့အကြောင်းပြချက်ကို တင်ပြနေရဦးမှာလား”
“အားရှားပါး တကယ် မလွယ်စိန်လေးပါ့လား”
တီးတိုးရေရွတ်လိုက်ရင်း ခေါင်းရမ်းလိုက်ရပါ၏။
“ကဲပါ..မတင်ပြဘူးဆိုရင်လည်း ထား။ခု ကိုယ် မင်းတို့ ခြံရှေ့ရောက်နေတယ်။ ခဏဆင်းလာခဲ့”
“ဘာ”
“ဖြေးဖြေး အော်ပါ။ဒီမှား နားစည်တွေလည်း ကွဲထွက်ကုန်တော့မယ်”
“အော်မှာပေါ့။ ရှင်ဘာလာလုပ်တာလဲ သူများအိမ်ကို”
“အဲ့ဒါတွေ နောက်မှမေး။ ခု ခဏလေးဆင်းခဲ့”
“ရှင်ပြောတိုင်း ဆင်းလာစရာလား။ပြန်တော့ ကျွန်မ အိပ်တော့မယ်”
“မပြန်ဘူး”
“မပြန်လည်း နေလေ။အဲ့မှာ တစ်ညလုံးနေ ကျွန်မကတော့ အိပ်ပြီ”
“သေချာလား”
“သိပ်ကို သေချာတာပေါ့”
တူ..တူ..
“ဟယ်လို..ဟယ်လို”
ဟာ ဖုန်းက ချသွားပြီ။ဟင်း…ဒီကောင်မလေးကတော့….
ရွှေရေး ဖုန်းချလိုက်ပြီး မဆီမဆိုင် ဖုန်းလေးကို မျက်စောင်းခဲလိုက်မိ၏။ ပြီးမှ စောင်လေးဆွဲခြုံကာ အိပ်ဖို့ပြင်လိုက်သည်။
ဒေါက်..ဒေါက်..
“လာပြီ မေမေရေ”
မေမေ တံခါးလာခေါက်သည်မို့ အိပ်ယာပေါ်က အမြန်ဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။
ကျွီ…
“ဟင်..ရှင်..အင့်”
မေမေထင်ပြီး တံခါးဖွင့်ပေးလိုက်စဥ် အခန်းထဲဝင်လာသည့်သူက ထိုလူဖြစ်နေလေသည်။
အခန်းထဲဝင်ပြီးသည်နှင့် တံခါးကို လော့ချကာ ရွှေရေးကိုယ်လေးကို ချုပ်ပြီး နံရံနှင့်ကပ်လိုက်သည်မို့ ကျောပြင်လေး နာသွားရသည်။
“ရှင်..ရှင် ဘာလုပ်တာလဲ။ ကျွန်မကို လွှတ်”
“မလွှတ်ဘူး”
“ရှင် ဘယ်လိုလူလဲ ဦးခွန်းဆက်မာန် ။ဘာလို့ ဒီလောက်တောင် ရမ်းကားနေတာလဲ”
“အဟက်…ရမ်းကားသလိုဖြစ်သွားလား”
“ဖြစ်တာပေါ့။ရှင်က လူရမ်းကား”
“ရမ်းကားသလိုဖြစ်သွားရင်လည်း လိုအပ်လို့ပါ။ မင်းကို ကိုယ် ခြံရှေ့ဆင်းလာခိုင်းသားပဲ။မင်းမှဆင်းမလာတာ။ အဲ့တော့ ကိုယ်ကရောက်အောင်လာရတာပေါ့။ မင်းမျက်နှာလေး မြင်ချင်တယ်လေ”
“ရှင် ဘယ်လိုတက်လာတာလဲ ။တံခါးတွေအကုန်ပိတ်ထားတာကို”
“ခြံတံတိုင်းပေါ်က ကျော်လာတာလေ။ အိမ်ပေါ်က်ိုတော့ လသာခန်းကို ခိုတက်လာတာ။ ဘယ်လိုလဲ ကိုယ်တော်တယ်မဟုတ်လား”
“ကိုယ့်ကိုကိုယ် အမွှန်းတင်မနေနဲ့။ ရှင့်ဘာသာရှင် မျောက်သိုင်းတွေပြနေလည်း ကျွန်မအမြင်မှာတော့ လူရမ်းကားပဲ”
“အိုဟိုး…ဖုန်းထဲမှာပဲ စွာတယ်ထင်နေတာ။ မျက်နှာချင်းဆိုင်တွေ့နေတာတောင် ဒီလောက် ဖိကပ်ချုပ်ထားတာတောင် စွာနေတုန်းပါ့လား။မင်းတော့ ကိုယ့်ကို အသည်းယားအောင် လုပ်နေတယ် ရွှေရေးသွင်”
မျက်စောင်းလေးရွယ်ကာ နှုတ်ခမ်းလေးစေ့ပြီး မျက်နှာကြောတင်းတင်းလေးနဲ့ မျက်နှာလွှဲသွားသည့် သူမလေးကို စိတ်ရှိတိုင်းသာ ဖျစ်ညှစ်ပစ်လိုက်ချင်မိသည်။
“ကိုယ် အသည်းယားရင် ဘာလုပ်တတ်လဲ သိလား”
“မသိဘူး သိလည်းမသိချင်ဘူး။ ကျွန်မကို လွှတ်…မေမေရေ…အွန့်”
အတင်းတိုးရုန်းကာ လွတ်ထွက်သွားသည့် သူမလေးကို လက်ကောက်ဝတ်မှ ဖမ်းဆွဲလိုက်ပြီး မျက်နှာချင်းဆိုင်ဘက်သို့ ဆွဲလှည့်ကာ နှုတ်ခမ်းစူထော်ထော်လေးအား အတင်းဖိနမ်းပစ်လိုက်သည်။
မရည်ရွယ်ပါပဲ ရွှေရေးအမေကြားမှာစိုးလို့ ပါးစပ်ပိတ်သလို နမ်းလိုက်ပေမယ့် သူမလေးနှုတ်ခမ်း၏ နူးညံ့သည့် အထိတွေကြောင့် လွှတ်မပေးချင်တော့ပေ။
မျက်လုံးလေးပြူးကာ သူ့လက်မောင်းတွေကို ထုရိုက်နေသည့် လက်သီးဆုပ်လေးတွေကို ဥပေက္ခာကာ မိနစ်အနည်းငယ်လောက်အထိ နမ်းလိုက်ပြီးမှ လွှတ်ပေးလိုက်၏။
ဖြန်းးးး….
သူ့ပါးပြင်ပေါ် ကျလာသည့် ရိုက်ချက်ကြောင့် မျက်နှာတစ်ခုလုံး ပူနွေးသွားရသည်။သူမ မျက်နှာလေးကတော့ တည်တင်းလျက် မျက်လုံးအိမ်မှာလည်း ဒေါသအခိုးအငွေ့တွေကို တွေ့နေရသည်။
“ဆောရီးပါ ရွှေရေးသွင် ကိုယ်တကယ်စိတ်မကောင်းပါဘူး”
“တော်ပါ… ကျွန်မ မယုံဘူး ။လုပ်ချင်ရာ လုပ်ပြီးမှ စိတ်မကောင်းပါဘူးလို့ ပြောလိုက်ရုံနဲ့ ပြီးသွားရောလား။ ရှင့်လိုလူပါးစပ်က ကြားရတဲ့စကားမို့ ပိုလို့တောင် မယုံသေးတယ်။ ခုချက်ချင်း ကျွန်မ အခန်းထဲက ထွက်သွားပါ။မဟုတ်ရင် ကျွန်မ ရဲတိုင်ရလိမ့်မယ်”
သူ့ဘက်က လွန်သွားသည်မို့ ဆက်ပြီး အကျပ်မကိုင်ချင်တော့ပါ။ သူမဆန္ဒအတိုင်း သူပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
“ကောင်းပါပြီ ရွှေရေးသွင် ကိုယ်ပြန်ပါ့မယ်”
ဦးခွန်းဆက်မာန် ပြန်ထွက်သွားတော့ ရွှေရေးရင်တွေ တလှပ်လှပ်တုန်ကာ မျက်ရည်တွေ ဝဲတက်လာရတော့သည်။ကြောက်တာလား ရှက်တာလား ရွှေရေးမသိတော့။ ရွှေရေး၏ ပထမဆုံးအနမ်းကတော့ ထိုလူ့ဆီမှာ ခစားခဲ့ရလေပြီ။
>>
ရွှေရေး အပြင်လည်းမထွက်ချင်။ ဘယ်မှလည်းမသွားချင်တော့ ။အိမ်ထဲမှာပင် အခန်းအောင်းကာ နေနေမိသည်။ စိတ်ကလည်း အရင်လို မလန်းဆန်းတော့သလို တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေသည့် အချိန်တိုင်းမှာလည်း ဟိုနေ့က အဖြစ်အပျက်တွေက ခေါင်းထဲရောက်ရောက်လာသည်။
ရွှေရေး လွန်သွားပြီလား။ ရွှေရေးကို သူစိတ်တိုသွားပြီလား။ ရွှေရေးကို မုန်းပြီး တစ်ခုခုလုပ်မှာ တွေးကြောက်နေမိသည်။
ရွှေရေးဘက်က စဥ်းစားကြည့်ရင်လည်း ရွှေရေးမလွန်ပါဘူး။ အခန်းထဲထိ လာပြီး မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားတာလေ။ ဟုတ်တယ် ရွှေရေးမလွန်ဘူး…ရွှေရေးမလွန်ဘူး။
ကျွီ…
“သမီး တစ်ယောက်တည်း ဘာတွေတွေးနေတာလဲ။ အရင်လို အပြင်တွေ ဘာတွေလည်း သွားတာမတွေ့ဘူး”
“မတွေးပါဘူး မေမေရယ်။ဒီတိုင်းပဲ သမီး မသွားချင်လို့ပါ”
“အင်း… ခုဏတောင် အင်ကြင်းဖုန်းဆက်သေးတယ်။သမီးဖုန်းက ခေါ်လို့မရလို့တဲ့။အိမ်ဖုန်းကို ဆက်လာတာ။ဖုန်း ဆက်ဖွင့်ထားဦးလေ”
“ဟုတ်ကဲ့ မေမေ။ သမီး အင်ကြင်းကို ပြန်ဆက်လိုက်ပါ့မယ်”
“အင်း အင်း။ ဒါဆို မေမေ ပြန်တော့မယ်”
“ဟုတ် မေမေ”
မေမေထွက်သွားတော့ ရွှေရေးဖုန်းလေးကို စက်ဖွင့်ကာ အင်ကြာင်းကို ဖုန်းဆက်လိုက်၏။
“အမလေး ရွှေရေးသွင်။ခုမှပဲ ဖုန်းဆက်တော့တယ်။ လူမလာ သတင်းမကြားနဲ့ ဘာတွေဖြစ်နေတာလဲ ”
“ရွှေရေး အပြင်မထွက်ချင်လို့ပါ အင်ကြင်းရယ်။ အင်ကြင်းဆီမှ မဟုတ်ဘူး ဘယ်ကိုမှမသွားဖြစ်တာ။ ခြံထဲတောင် မဆင်းဘူး”
“ဟောတော်..အဲ့လောက်တောင် ဘာတွေဖြစ်နေတာလဲ။အင်ကြင်းကို ပြောပြလေ။ပြသနာတစ်ခုခုရှိနေတာလား”
“ပြောပြမယ်။ အင်ကြင်း အိမ်လာခဲ့ပါ့လား”
“အိုကေလေ..ခုထွက်လာခဲ့မယ်”
>>
“ဟင်..အဲ့လောက်ထိတောင်လား ရွှေရေးရယ်”
“ဟုတ်တယ် အင်ကြင်းရယ်။ ခု ရွှေရေး အပြင်လည်းမထွက်ရဲတော့ဘူး။ရွှေရေးလုပ်တာ လွန်သွားပြီလားဟင်”
“မလွန်ပါဘူး ရွှေရေးရယ်။ နင်မလွန်ဘူး နည်းတောင်နည်းသေးတယ်။ နင် ခု စိတ်ဆိုးသေးလား”
“အမှန်တိုင်းပြောရရင်
ဖြစ်ခါစကတော့ စိတ်ဆိုးတယ်။ ခုတော့ ငါလည်း ရိုက်ချလိုက်တော့ နည်းနည်းတော့ သနားသွားမိတယ်။အဲ့နေ့ကလောက်တော့ စိတ်မဆိုးတော့ဘူး”
“အင်း ကြည့်လည်းသနားဦးနော်။ချစ်ချင်းအစ သနားချင်းကတဲ့”
“အာ..အင်ကြင်းကလည်း ရွှေရေး သူ့ကိုမချစ်ပါဘူး”
“မချစ်သေးတာ နေမှာပါ ရွှေရေးရယ်။ ဟိုက တဇွတ်ထိုးဆန်တာနဲ့ နင်က အတွေ့ကြုံမရှိတာနဲ့ တော်ကြာ အရည်ပျော်သွားမယ်”
“အင်ကြင်းကလည်း…”
“အင်ကြင်းကလည်း လုပ်မနေနဲ့ သတိတော့ထားနေဦး”
“အင်းပါ”
“သမီးရေ..ဒီမှာ သမီးနာမည်နဲ့ပစ္စည်းလာပို့တယ်”
“ဟင် ဟုတ်လား”
“ရွှေရေး ဘယ်သူများလဲ”
“ရွှေရေးလည်းမသိဘူးလေ ဖွင့်ကြည့်လိုက်ဦးမယ်”
မေမေပေးခဲ့သည့် ပန်းရောင်ပါဆယ်ဘူးရှည်ရှည်လေးကို အင်ကြင်းနှင့်အတူ ဖွင့်ကြည့်လိုက်သည်။
ဘူးလေးထဲမှာ ရောင်စုံစက္ကူေမွးလေးတွေနှင့်။ စက္ကူမွေးလေးတွေရဲ့အပေါ်မှာမှ ရဲစိုနေသည့် နှင်းဆီပွင့်လေးတစ်ပွင့်။
“အယ် နှင်းဆီပွင့် တစ်ပွင့်တည်းလား”
“အင်းလေ အင်ကြင်းရဲ့”
“ဘယ်လိုလူက နှင်းဆီပွင့်လေးတစ်ပွင့်တည်းကို ပါဆယ်ဗူးနဲ့ တကူးတကထည့်ပေးတာလဲ။ နေဦး ရွှေရေးရဲ့ အောက်မှာ စာလေးတစ်စောင်ပါတယ်။ ပြစမ်း ငါဖတ်ကြည့်မယ်”
အင်ကြင်းဖတ်မည့် စာလေးကို နားစွင့်ရင်း ရင်ခုန်နေမိသည်။ ဘယ်သူပို့ပေးတာမှန်းလည်းမသိရတော့ ပိုပြီးစိတ်လှုပ်ရှားမိသည်။ ရွှေရေး တစ်သက်နဲ့တစ်ကိုယ်မှာ ပထမဆုံးရဖူးသည့်အရာလည်းဖြစ်၏။
“ချစ်ရတဲ့ ရွှေရေး…
မင်းမျက်နှာလေးမြင်ချင်လွန်းလို့ ခြံရှေ့ကို နေ့တိုင်းရောက်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းက အနေထိုင်သိုသိပ်လွန်းတော့ အရိပ်ယောင်တောင် မတွေ့ရဘူး။
အဲ့ဒါကြောင့် ပါဆယ်လေးပို့လိုက်တာပါ။ကိုယ် ခွန်းဆက်မာန်ပါ”
“ဟင် ခွန်းဆက်မာန်တဲ့လား”
“အင်းလေ..နေဦး ဆက်ဖတ်လိုက်ဦးမယ်…ကိုယ့်နာမည်ကြားလိုက်တာနဲ့ ဒေါသတွေထွက်မနေပါနဲ့ဦး။ ကိုယ်မင်းကို တောင်းပန်ချင်လို့ပါ။ဟိုနေ့က ကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်။ နှင်းဆီနီလေးကိုတော့ မင်းရဲ့ ဆံနွယ်ထက်မှာ ပန်ဆင်စေချင်တယ်..မင်းကို ချစ်တဲ့ ခွန်းဆက်မာန်တဲ့…”
“ဟဲ့ ရွှေရေး ဘယ်ဆိုးလို့လဲ ။နင့်ရဲ့ လူရမ်းကားကြီးက ဒီလိုတော့လည်း ရို တတ်သားပဲ”
“တော်ပါ အင်ကြင်းရယ်။သူ့စကားတွေက မယုံရပါဘူး”
“ယုံ၏ မယုံ၏ကတော့ နင့်အပိုင်းပါနော်။ ဒါနဲ့ ပန်းလေးကိုရော ပန်မှာလား”
“မပန်ပါဘူး။ဘာလို့ ပန်ရမှာလဲ။လွှင့်ပစ်လိုက် အင်ကြင်း”
“အဲ…ဒါ ငါ့အတွက်မဟုတ်ဘူးလေ။ လွှင့်ပစ်ချင်လည်း နင်ကိုယ်တိုင်လုပ်လေဟာ။ မလွှင့်ပစ်ချင်လည်း အမှတ်တရ သိမ်းထားလိုက်ပေါ့”
“အင်ကြင်းနော်”
“အဟင်း..ငါကနောက်တာပါ။ ပြန်လိုက်ဦးမယ်။နင်ဘာဖြစ်နေလဲလို့ အပြေးလာကြည့်ရတာ လုပ်စရာလေးတွေရှိသေးတယ်”
“အင်းပါ…တာ့တာ”
အင်ကြင်းပြန်သွားတော့ ပါဆယ်ဗူးလေးကို ကိုင်ကာ အမှိုက်ပုံးဆီ ဦးတည်သွားလိုက်သည်။အမှိုက်ပုံးထဲ ထည့်ခါနီးမှ နှင်းဆီပန်းနီလေးကိုကြည့်ကာ နှမြောနေမိသည်။ ပန်းကြိုက်တတ်သည့် ရွှေရေးအတွက် ပန်းတစ်ပွင့်ကို လွှင့်ပစ်ရက်တဲ့ နှလုံးသား မရှိခဲ့ပါလေ။
>>
#Tay Kabyar