chapter 3
အသက်တမျှ ချစ်သည်
အပိုင်း ၃
မနက်စောစော ရွှေရေး အိပ်ရာထပြီး ခြံထဲက အပင်လေးတွေကို ရေလောင်းနေစဥ် ခြံရှေ့မှ လူခေါ်ဘဲလ်သံကြောင့် ရေပိုက်ကိုချကာ ခြံဝကို အပြေးထွက်လာခဲ့သည်။
“ဘာကိစ္စပါလဲရှင်”
“ပစ္စည်းလာပို့တာပါဗျ”
“သြော် ဟုတ်”
“လက်မှတ်လေး တစ်ချက်လောက်ထိုးပေးပါနော် အစ်မ”
“ဟုတ်ကဲ့ရှင့်”
ရွှေရေးကို လှမ်းပေးသည့် စာအုပ်လေးပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပြီး ပါဆယ်ဗူးလေးကို ယူလိုက်သည်။
ထပ်ပြီးတော့ ရှင်ပဲလား။
ဒီတစ်ကြိမ်နဲ့ဆို ရွှေရေးဆီ ပါဆယ်ဗူးပို့တာ (၉)ကြိမ်မြောက်ရှိပြီ။
ပါဆယ်ဗူးလေးကို ဖွင့်ကြည့်လိုက်တော့လည်း ထုံးစံအတိုင်း စာလေးတစ်စောင်နှင့် နှင်းဆီနီလေးတစ်ပွင့်။
နှင်းဆီပွင့်လေးကို ယူပြီး စာလေးကို ဖွင့်ဖတ်လိုက်သည်။
“ရွှေရေး..မင်းမကြိုက်တဲ့ တဇွတ်ထိုးဆန်မှုတွေ ကိုယ်မလုပ်တော့ပါဘူး။ မင်း စိတ်တိုင်းကျ ကိုယ်နေပါ့မယ်။နေလည်းနေခဲ့ပါတယ်။ကိုယ့်ကို ခွင့်လွှတ်ပါတော့နော်။ ကိုယ် မင်းမျက်နှာလေး မမြင်ရတာကြာပြီ။ ကိုယ့်ကို ခွင့်လွှတ်တယ်ဆိုရင် ညကျရင် ပြတင်းပေါက်နားလေးကို ခဏလောက်ထွက်ရပ်ပေးပါ့လား ခဏလေးပါပဲ။ မင်းအရိပ်ယောင်လေးမြင်ရရင် ကျေနပ်ပါပြီ။ကိုယ် မျှော်လင့်နေမယ်နော်”
စာကြောင်းလေးဆုံးသွားတော့ ရွှေရေး သက်ပြင်းရှည်ကြီးကို ချလိုက်မိပါ၏။ဒီလူ ဘယ်အချိန်ထိ ဒီလိုတွေ လုပ်နေမှာလဲ။
စာရွက်ခေါက်လေးနှင့် နှင်းဆီပန်းလေးကို ဗူးထဲပြန်ထည့်လိုက်ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့၏။
>>
ညနေဘက် ရွှေရေးရေချိုးပြီးတော့ မေမေနှင့် ညစာအတူစားလိုက်သည်။ ရွှေရေးအခန်းထဲကို ပြန်တက်လာတော့ ည ၇နာရီရှိလေပြီ။ပြတင်းပေါက်က ပိတ်ထားပြီးဖြစ်သော်လည်း လိုက်ကာစများ မဆွဲရသေးတာကြောင့် လိုက်ကာချရန် ပြတင်းပေါက်နားဆီသို့ လျှောက်လာခဲ့သည်။
ဘေးတစ်ဖက်သို့ စုပုံရောက်နေသည့် လိုက်ကာစများကို ချမည်ပြုတော့ ခြံရှေ့မှာ ကားကိုမှီကာ မတ်တပ်ရပ်နေသည့် ခွန်းဆက်မာန်ကို လှမ်းမြင်လိုက်ရသည်။ထိုအခါမှ သူရေးလိုက်သည့် စာကို သတိရမိသည်။
ရွှေရေးက ဖတ်ပြီး မေ့လိုက်ပေမယ့် သူကတော့ တကယ် ရွှေရေးအိမ်ရှေ့ရောက်နေလေပြီ။ ရွှေရေး ဘာလုပ်ရမလဲ ။ရွှေရေးသာ သူ့ကို လူရိပ်ထွက်ပြလိုက်ရင် ရွှေရေး သူ့ကို လွယ်လွယ် ခွင့်လွှတ်သလိုဖြစ်သွားလိမ့်မည်။
လိုက်ကာစတွေကို အမြန်ဆွဲချလိုက်ပြီး ကွယ်ဝှက်ကာ သူ့ကို ကြည့်နေလိုက်သည်။
သူကတော့ အချိန်အကြာကြီး ရွှေရေးအခန်းကိုပဲ မျှော်လင့်ကြီးစွာ မော့ကြည့်နေလေသည်။
“ရှင့်အပြစ်နဲ့ ရှင်ပဲ ဦးခွန်းဆက်မာန် ။တစ်ညလုံးတော့ ရှင်စောင့်မနေနိုင်ပါဘူး”
မျက်နှာလေးတည်ကာ တီးတိုးရေရွတ်လိုက်ပြီး အခန်းမီးတွေကို ပိတ်ကာ အိပ်လိုက်သည်။
အဝေးမှ လှမ်းမျှော်ငေးကြည့်နေစဥ် သူမအခန်းမှ မီးရောင်လေး မှိတ်သွားတာမို့ ခွန်းဆက်မာန်တစ်ယောက် မျှော်လင့်ချက် မဲ့ခဲ့ရလေသည်။
ရွှေရေးရယ် ကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးပေါ့။ ရပါတယ်။ ကိုယ်မပြန်ဘူး… မင်းမျက်နှာလေးကို မတွေ့ရမချင်း ၊ မင်းစိတ်ဆိုးမပြေမချင်း ကိုယ်ဒီနေရာက တစ်ဖဝါးမှ မခွာဘူး။ ဘာတွေပဲဖြစ်ဖြစ် ဘယ်အချိန်ထိပဲဖြစ်ဖြစ် ကိုယ် ရပ်စောင့်နေမယ်။
အိမ်ခေါင်မိုးပေါ်မှ တဖြောက်ဖြောက်အသံကြောင့် ရွှေရေး အိပ်နေရာမှ လန့်နိုးသွားရသည်။လေတွေလည်း အရမ်းတိုက်ကာ မိုးရွာလာသည်မို့ ချမ်းစိမ့်စိမ့်ဖြစ်လာတော့သည်။ စောင်လေးကို ဆွဲယူခြုံကာ ပြန်အိပ်မည်ပြင်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ အိပ်ရာပေါ်မှ ဆင်းလာခဲ့သည်။
ပြတင်းပေါက်ကို ပိတ်ကာထားသည့် လိုက်ကာစတွေကို ဆွဲဖွင့်ကြည့်လိုက်တော့ ဦးခွန်းဆက်မာန်က ခုထိ ထိုနေရာမှာပင် မလှုပ်မယှက်ရှိနေသေးသည်။
နာရီကို တစ်ချက်လှမ်းကြည့်တော့ မနက် ၂နာရီ ရှိနေလေပြီ။
ဒုက္ခပါပဲ ။ဒီလူ သေချင်နေပြီနဲ့တူတယ်။ ခုချိန်ထိ မပြန်သေးဘူး။
ဘာမှစဥ်းစားမနေတော့ဘဲ အောက်ထပ်မှ ထီးတစ်ချောင်းကို ယူကာ အိမ်တံခါးတွေဖွင့်ပြီး ခြံထဲပြေးဆင်းလာခဲ့သည်။
သူသာတစ်ခုခုဖြစ်ရင် ရွှေရေးခြံရှေ့မှာမို့ ရွှေရေး သက်ာရှင်းနေရဦးလိမ့်မည်။
ခြံတံခါး သော့ကိုပါဖွင့်ပြီး ရွှေရေး ခြံပြင်ထွက်လိုက်သည်။သူ့အနားသို့ တိုးကပ်လိုက်ပြီး သူ့ကိုယ်ပေါ်မှ ထီးမိုးပေးလိုက်ရင်း…
“ဒီမှာ..ရှင်သေချင်နေတာလား ဦးခွန်းဆက်မာန်”
ဒေါသသံလေး နားထဲရောက်လာမှ သူမော့ကြည့်လိုက်မိသည်။သူ့ကို ထီးမိုးပေးကာ ရှေ့မှာရပ်နေသည့် သူမလေး။
“ရွှေရေး..ရွှေရေး ကိုယ့်ဆီလာတယ်ဟုတ်လား။ကိုယ် ဝမ်းသာလိုက်တာ ရွှေရေးရယ်”
“စေတနာရှိလွန်းလို့လာတာ မဟုတ်ဘူး။ကျွန်မ ခြံရှေ့မှာ သေသွားရင် ကျွန်မကို အမှုပတ်မှာစိုးလို့လာတာ”
“ဘာကြောင့်ပဲ လာလာပါ။ကိုယ် ရွှေရေးမျက်နှာလေးကို မြင်ရလို့ ကျေနပ်ပါတယ်။ ရွှေရေး ကိုယ့်ကို ခွင့်လွှတ်ပြီပေါ့နော်။စိတ်မဆိုးတော့ဘူးပေါ့နော်”
“လိုရာတွေ ဆွဲတွေးမနေနဲ့.. ..ရှင် အိမ်ပြန်တော့။မိုးတွေက အရမ်းသည်းနေတာ။ရှင်သေသွားလိမ့်မယ်”
“ဒါဆို ရွှေရေးက ကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးပေါ့။ နေပါစေ ရွှေရေး။ ကိုယ်သေချင်လည်း သေသွားပါစေတော့။ ရွှေရေး ခွင့်မလွှတ်ရင် ကိုယ် ဒီနေရာက မခွာဘူးလို့ ဆုံးဖြတ်ထားလို့ပါ။ ရွှေရေးကို မိုးရေတွေ စိုကုန်တော့မယ်။အိမ်ထဲပြန်ဝင်တော့လေ ကိုယ့်ကို ဂရုစိုက်မနေပါနဲ့”
ထိုသို့ပြောတော့လည်း သူဘာဖြစ်ဖြစ်ဆိုပြီး ရွှေရေးမှာ မထားခဲ့နိုင်ပေ။
လူကဖြင့် ရေတွေရွှဲနစ်ပြီး ကြွက်စုတ်ဖြစ်နေပြီ။ ခုထိ ခေါင်းမာပြီး တဇွတ်ထိုးဆန်နေတုန်းပဲ။ထိုလူ့ကိုတော့ ရွှေရေး လက်မြှောက်ရပါသည်။
“ရှင်ပြောတော့ ကျွန်မ မကြိုက်တာတွေ မလုပ်တော့ဘုးဆို။တဇွတ်ထိုးမဆန်တော့ပါဘူးဆို။ခုလိုလုပ်နေတာက ကျွန်မသဘောကျမယ်ထင်နေတာလား”
“အဲ့လိုမဟုတ်ပါဘူး ရွှေရေးရယ်။ကိုယ် မင်းဆီက စိတ်ဆိုးပြေပြီလို့ ပြောတာလေး ကြားချင်တယ်။ ကိုယ် ခုလိုနေနေရတာ တကယ်အဆင်မပြေလို့ပါ”
“ကဲ…ပြန်တော့။ ကျွန်မ ရှင့်ကို စိတ်ဆိုးပြေလိုက်ပြီ”
“ရွှေရေး တကယ်ပြောတာနော်”
“ကျွန်မ စကားကို နှစ်ခါမပြောချင်ဘူး။ ခုပြန်ပါတော့”
“ဟုတ်..ကိုယ်ပြန်ပါ့မယ်။ အရမ်းချစ်တယ်နော်”
ရွှေရေးကို နှုတ်ဆက်ကာ ကားပေါ်အပြေးအလွှားတက်ပြီး မောင်းထွက်သွားလေသည်။ ခုဏကြတော့လည်း အအေးပတ်ပြီး သေတော့မယ့်ရုပ်နဲ့။ ခုကြတော့လည်း မျက်နှာက ငွေစန္ဒါလမင်း အစင်းတစ်ရာသာသွားသလို။ လင်းလက်တောက်ပလို့။ တတ်လည်း တတ်နိုင်တဲ့လူ။
>>
“အင်ကြင်း လာလေ။ ဘာကိစ္စနဲ့ ရွှေရေးဆီရောက်ချလာတာလဲ”
“ကိစ္စကတော့ ရှင့်ရဲ့ ခွန်းဆက်မာန်ပဲ”
“ခွန်းဆက်မာန်။ သူက ဘာဖြစ်လို့လဲ ”
“ရွှေရေးပဲ သူ့အကြောင်းသိချင်တယ်ဆို”
“အင်းလေ.. ခု သိလာရပြီလား”
“အင်း။ သိလာရပြီ။ သူ့နာမည်က ခွန်းဆက်မာန်။ အသက်ကတော့ သုံးဆယ်ဝန်းကျင်ပဲ။
သူက ဒီက မဟုတ်ဘူး။ ရှမ်းပြည်က။ ရှမ်း ဗမာ ကပြားပေါ့။မိဘတွေကတော့ ရှမ်းပြည်မှာပဲ ဟိုတယ်လုပ်ငန်းလုပ်ကြတယ်။သူကတော့ ဒီမှာရှိတဲ့ သူ့အဒေါ်အိမ်မှာလာနေပြီး ရန်ကုန်မှာ ဟိုတယ်ဖွင့်ဖို့ စီစဥ်နေတာတဲ့”
“ဟုတ်လား။ သတင်းက တိကျလိုက်တာ ။ဘယ်ရပ်ကွက်က ရလာတာလဲ”
“တိကျဆို သူ့အဒေါ်ကိုယ်တိုင် မေမေ့ကို ပြောနေတာ ကြားခဲ့တာ”
“အဟွန်း…ပညာတတ်တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်တဲ့။ မထင်ရဘူးနော်။ သူ့ပုံစံနဲ့ သူ့အလုပ်က နည်းနည်းလေးမှ မလိုက်ဘူး”
“ဟင်..ဘယ်လိုမလိုက်တာလဲ ရွှေရေးရဲ့”
“ဘယ်လိုမလိုက်ရမလဲ အင်ကြင်းရဲ့။ သူ့ပုံစံကိုကြည့်ပါ့လား လူကြီးလူကောင်းဆန်တာ တစ်နေရာမှ မရှိဘူး။ သူ့ပုံစံက ဓားပြတိုက်စားရမှာ”
“ဟား”
“အင်းကြင်း..ဘာရယ်တာလဲ”
“ရယ်မှာပေါ့။ ပြောတော့ စိတ်မဝင်စားဘူး မချစ်ဘူးဆို”
“အင်းလေ မချစ်ပါဘူး”
“သေချာလို့လားနော်။ မချစ်လို့သာပဲ ခရေစေ့တွင်းကျ လိုက်ကြည့်ထားတာ”
“လိုက်ကြည့်ထားတာမဟုတ်ပါဘူး သူ့ပုံစံက ဒီလောက်သိသာနေတာကို အင်ကြင်းကလည်း”
“အမလေး ဟုတ်ပါပြီ။ ပါးစပ်ကသာ မချစ်ပါဘူးတဲ့။ ငြင်းဆိုနေတဲ့မျက်လုံးတွေက မငြိမ်သက်ဘူး။ ပါးတွေကလည်း ရဲလို့”
“အင်ကြင်းနော်”
“အင်ကြင်းနော် မနေနဲ့။ ငါက နင်သိရအောင် လာပြောပြတာ။ ချစ်သင့် မချစ်သင့်တော့ နင်စဥ်းစားပေါ့။ ပြန်တော့မယ်နော်”
“အေးပါ”
အင်ကြင်း ပြန်သွားတော့ ရွှေရေးမျက်နှာမှာ ပြုံးရိပ်တို့ဖြင့် ကျန်ခဲ့ရသည်။ဘာလို့ ပြုံးနေမိမှန်း ရွှေရေးလည်း သေချာမသိပေ။
တကယ်ပါ သူ့ပုံစံက လူကြီးလူကောင်းနှင့်တူတာ တစ်နေရာမှ မရှိမှန်းတော့ ရွှေရေးသေချာသိသည်။
>>
ဒီစာက နောက်ဆုံးစာပါ ရွှေရေး။ မနက်ဖြန်မနက် ၁၀နာရီမှာ ကိုယ် ရွှေရေးတို့ခြံရှေ့က စောင့်နေပါ့မယ်။ ရွှေရေး ကိုယ့်အချစ်ကို လက်ခံတယ်ဆိုရင် ဒီနှင်းဆီပွင့်လေးကို ပန်ပြီး ဆင်းလာခဲ့ပါနော်။
အကယ်၍ ရွှေရေးဆင်းမလာဘူးဆိုရင်တော့ ကိုယ့်ကို ငြင်းတယ်လို့ပဲ ကိုယ်မှတ်ယူပါ့မယ်။ ရွှေရေးစိတ်တိုင်းကျ ကိုယ်နောက်ဆုတ်ပေးပါ့မယ်။ ရွှေရေး စိတ်ရှုပ်ရအောင် ကိုယ်ထပ်မလုပ်တော့ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် ကိုယ် မျှော်လင့်ပါရစေနော်။
ချစ်တဲ့… ခွန်းဆက်မာန်
ရွှေရေး ဘာလုပ်သင့်လဲ ။ မနက်ဖြန်မရောက်ခင်မှာ သေချာတဲ့အဖြေတစ်ခုပေးနိုင်ဖို့ ရွှေရေးကိုယ် ရွှေရေး ပြန်စမ်းစစ်ရဦးမည်။
ရွှေရေး နှလုံးသားက ရှင့်ကို ဘယ်လိုအဆုံးအဖြတ်ပေးမလဲဆိုတာတော့ ရှင့်ကံတရားပဲဖြစ်လိမ့်မယ် ဦးခွန်းဆက်မာန်။
>>
တိုတယ်ကွာ။.ရေးရတာ အဆင်မပြေဘူး
ဖတ်ရတာရောအဆင်ပြေကြရဲ့လား
#Tay Kabyar