chapter 4
အသက်တမျှ ချစ်သည်
အပိုင်း ၄
ရွှေရေး ထိုလူကို ချစ်လားမချစ်လား ခုချိန်ထိ သေချာမသိသေးပေ။ သို့ပေမယ့် ရွှေရေး နိုးကတည်းက ရေမိုးချိုးပြီး ဖြီးလိမ်း ပြင်ဆင်ပြီးနေပြီ။ အသိစိတ်က မသိနိုင်တဲ့ အဖြေတစ်ခုကို မသိစိတ်က နှိုးဆော်ပေးနေလေသည်။
မိတ်ကပ်ပါးပါးလေး လိမ်းပြီး ဆံနွယ်လေးတွေကို တစ်လွှာသိမ်းကာ စည်းနှောင်လိုက်သည်။ နှုတ်ခမ်းဖူးဖူးလေးကိုတော့ အနီရောင် နှုတ်ခမ်းနီလေးအနည်းငယ်ဆိုးလိုက်သည်။နှုတ်ခမ်းနီဆိုးရင်းမှ သူနမ်းခဲ့သည့် အချိန်ကို ပြေးမြင်ယောင်ကာ ရွှေရေးရင်တွေ တလှပ်လှပ်ခုန်သွားရသည်။
ချစ်မိနေပြီလား ရွှေရေးသွင်ရယ်။
တီ.. တီ..တီ
ဘေးမှာချထားသည့် ဖုန်းလေးကို ကောက်ကိုင်လိုက်သည်။
“ကိုယ် ခြံရှေ့ရောက်နေပြီနော်”
သူ့ဆီမှ ထိုစကားတစ်ခွန်းသာ နားထောင်ပြီး ဖုန်းချလိုက်သည်။ ဘာကြောင့်ရယ်မသိ။လက်ဖျားခြေဖျားတွေ အေးစက်လာရသည်။ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာရသည်။
စလင်းဘတ်အိတ်လေးထဲ သူပေးထားသည့် နှင်းဆီပွင့်လေးနှင့် ဖုန်းလေးကို ထည့်ကာ ထွက်လာခဲ့၏။
“မေမေ သမီးအပြင်သွားလိုက်ဦးမယ်နော်”
“အင်း သွားလေ သမီး”
“ဟုတ်”
အိမ်ထဲမှ တစ်လှမ်းချင်း ထွက်လာသည့် ရွှေရေးသွင်ကို အဝေးကြီးကတည်းက ငေးမောကြည့်နေမိသည်။အနီးနားရောက်လာတော့ နှင်းဆီပွင့်လေးကို အပြူးအပြဲရှာကြည့်နေမိသည်။ဦးခေါင်းထက်မှာ နှင်းဆီပွင့်လေးကိုမတွေ့တာကြောင့် သူ့စိတ်ထဲလှုပ်ရှားသွားရသည်။သူပေးတဲ့ပန်းကို ပန်မလာတာ သူ့ကိုမချစ်ဘူးဆိုတဲ့အဖြေ ပေးလိုက်တာပဲမဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် သူချိန်းထားသည်ကိုတော့ လာသေးသည်။
ဘယ်လိုအနေအထားမျိုးလဲ ခွန်းဆက်မာန်ရေ။
ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်လိုက်ရင်း သူမလေးကို ကားတံခါးဆင်းဖွင့်ပေးလိုက်၏။သူမလေး ကားထဲသို့ ကျော့ကျော့လေး တက်ထိုင်လိုက်ပြီးတော့ သူလည်း မောင်းသူနေရာမှာ ဝင်ထိုင်ကာ မောင်းထွက်လာခဲ့သည်။
ရွှေရေးနှင့် သူ စီးလာသည့်ကားလေးမှာ တိတ်ဆိတ်ငြိမ်သက်လျက် တရိပ်ရိပ် ရွေ့လျားနေလေသည်။ရွှေရေးကလည်း စကားတစ်ခွန်းမျှ မဆိုသလို သူကလည်း ဘာမှမပြောဘဲ ရွှေရေးမျက်နှာကိုသာ မကြာခဏ ခိုးကြည့်နေတတ်သည်။ထိုလူ ခိုးကြည့်လိုက်တိုင်း ရွှေရေးမှာ မနေတတ်။မျက်တောင်ရှည်တွေကို တဖျတ်ဖျတ်ခတ်ကာ မျက်နှာလွှဲပစ်လိုက်ရသည်။
သူခိုးကြည့်လိုက်တိုင်း ဘေးတစ်ဖက်သို့ မျက်နှာလွှဲလွှဲသွားတတ်သည့် သူမလေးကိုကြည့်ပြီး ခွန်းဆက်မာန်မှာ ချစ်အားပိုနေရသည်။
ကားလေး တုံ့ခနဲ ရပ်သွားသည်။ရွှေရေး သူ့ကိုကြည့်လိုက်မိသည်။
“ကိုယ်တို့ အောက်ခဏ ဆင်းကြရအောင်လား ရွှေရေး”
“ဘာဖြစ်လို့”
“မင်းကြည့်ရတာ အေးနေတဲ့ပုံပဲ။နှုတ်ခမ်းသားလေးတွေကအစ တဆတ်ဆတ်တုန်နေတယ်။ အောက်မှာက အနွေးဓာတ်နည်းနည်းရှိတယ်လေ”
“အို”
ရွှေရေး မျက်နှာလေး ရဲစိုသွားရသည်။
အေးလို့ တုန်နေတာမှမဟုတ်ဘဲ။ သူ့ဘာသာသူ ဘာလို့ တုန်နေမှန်းမသိတာကို။
သူကပြောပြီး ရှေ့မှဆင်းသွားတော့ ရွှေရေးလည်း လိုက်ဆင်းလိုက်ရသည်။ကားရပ်သည့်နေရာမှ နှစ်လှမ်းသုံးလှမ်းလောက် ရှေ့ကိုလျှောက်သွားတော့ ရွှေရေးလည်း နောက်မှ အသာလိုက်လာခဲ့သည်။
“ရွှေရေးသွင်”
“အမေ့”
ရှေ့သို့လှမ်းနေသည့်ခြေလှမ်းတွေက ချက်ချင်းရပ်သွားပြီး ရွှေရေးဘက်ပြန်လှည့်လိုက်တာမို့ သူ့ရင်ဘတ်ကို ရွှေရေးခေါင်းနှင့်တိုက်မိကာ နောက်သို့လှန်သွားလေသည်။
ဟန်ချက်ပျက်သွားသည့် ရွှေရေးကိုယ်လေးကို ခါးကျဥ်းကျဥ်းလေးမှ သိမ်းဖက်ကာ ထိန်းထားလိုက်သည်။နီးကပ်သွားသည့် အခြေနေကြောင့် သူရော ရွှေရေးသွင်ပါ ရင်ခုန်သံတွေ မြန်နေလေသည်။
နှုတ်ခမ်းလေးနှစ်လွှာ ပွင့်ဟကာ မျက်လုံးအဝိုင်းသားလေးဖြစ်နေသော ရွှေရေးကိုကြည့်ရင်း နမ်းရှိုက်မိချင်တဲ့စိတ်ကို မနည်းထိန်းလိုက်ရသည်။ သူစိတ်ရှိတိုင်းလုပ်လိုက်မိရင် အမျက်တော်ရှပြီး အချစ်တွေမရဖြစ်မှာစိုးသည်။
“ကျွန်မကို လွှတ်ပါဦး”
“သြော်..အင်း..အဟွန်း”
“ရွှေရေး”
သူမလေးက ပြန်မထူးဘဲ ခေါင်းလေးကိုသာ ငုံ့ထားလျက်။
“ရွှေရေး ကိုယ်ချိန်းတာကို လက်ခံတယ်နော်။ကိုယ်အရမ်းဝမ်းသာတာပဲ။ဒါပေမယ့်တစ်ဝက်ပဲ ဝမ်းသာရဲသေးတယ်။ကျန်တစ်ဝက်က မသေချာဘူး။ရွှေရေး ကိုယ်ပေးတဲ့ ပန်းလေးကို ပန်မလာဘူးနော်။ကိုယ့်ကိုပြန်မချစ်ဘူးဆိုတဲ့ အဓိပ္ပာယ်လားဟင်။ကိုယ်နောက်ဆုတ်ရတော့မှာလား”
သူကသာ မေးခွန်းတွေကို တရစပ်မေးနေပေမယ့် သူမဘက်က ပေးစရာအဖြေမရှိဘူးထင်သည်။
ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့။ မင်းဘာကို ဝန်ခံနေတာလဲ ရွှေရေးရယ်။ ကိုယ့်ကို ချစ်တာလား။မချစ်ဘူးလား။
“ဦးခွန်းဆက်မာန်”
“ဟင်”
“ကျွန်မကို ဒါလေး ပန်ပေးပါ”
စလင်းဘတ်အိတ်ထဲမှ နှင်းဆီပွင့်လေးကို ထုတ်ပေးလိုက်သည်။
“ဟင် ဒါဆို.. ဒါဆို ရွှေရေး ကိုယ့်ကို…”
“ကဲ..စကားတွေပဲပြောနေမှာလား။မပန်ပေးတော့ဘူးလား။ဒါဆို ပြန်ထည့်လိုက်တော့မယ်နော်”
“ဟာ မပြောတော့ဘူး။ပန်ပေးမယ်”
ရွှေရေး လက်ထဲမှ ပန်းပွင့်လေးကိုယူကာ တစ်လွှာသိမ်းစည်းထားသည့် ဆံပင်စုလေးထဲသို့ ထိုးစိုက်ပန်ပေးလိုက်သည်။
“ရွှေရေး…ဒါဆိုရင် ကိုယ့်ကို”
“လာပြန်ပြီလား ဒီ ဒါဆိုကြီး။ ခုချိန်ထိ သဘောမပေါက်သေးတာလား လူလည်ကြီးရဲ့”
“ဟောဗျာ…ရွှေရေးက ဘာမှမပြောတော့ ကိုယ်က ဘာကိုသဘောပေါက်ရမှာလဲ။ ကိုယ်နားမလည်ဘူး”
သူမလေးကို စချင်စိတ်ဖြင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။ သူမလေးနှုတ်ဖျားမှ ပွင့်ဟလာမည့် အဖြေစကားကိုလည်း မက်မက်မောမော ကြားချင်မိတာပါသည်။
“ကျွန်မ ရှင့်ကို ချစ်ပါတယ် ဦးခွန်းဆက်မာန်”
ရှက်မျက်နှာလေးဖြင့် သူ့ကိုချစ်တယ်ပြောလိုက်သည့် သူမလေးကြောင့် သူ သဘောကျကာ ရယ်လိုက်မိ၏။
“ကိုယ် ဝမ်းသာတယ် ရွှေရေးရယ်။ကိုယ့်ကို ပြန်ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွာ”
သူမ ခန္ဓာကိုယ်လေးအား ဖက်တွယ်ကာ ကျေးဇူးတင်စကားဆိုလိုက်၏။ကိုယ်ပိုင်ဆိုင်လိုက်ရတဲ့ ချစ်သူတစ်ယောက်ကို ဖက်တွယ်ထားရသည့် ခံစားချက်က ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့မရပေ။
“ဦးခွန်းဆက်မာန် ကျွန်မကို လွှတ်ပါဦး။ကျွန်မ အသက်ရှူကြပ်လာပြီ”
“ဟွန်း… ခုမှ ဖက်ရတာကို ။ ဖက်ထားလို့ အသက်ရှူကြပ်တယ်ဆိုရင်လည်း မဖက်တော့ဘူးနော်။ နမ်းလို့တော့ရတယ် မဟုတ်လား”
“ဟင် မရ..”
မျက်လုံးလေးပြူးကာ အလန့်တကြား
ငြင်းဆန်တော့မည့် နှုတ်ခမ်းလေးကို ပိတ်ပင်လိုက်သည်။
“ဟာ.. ရှင်မကောင်းဘူး”
“နည်းနည်းပဲ ဆိုးတာပါ။ အဲ့စွာတေးလန်နေတဲ့ နှုတ်ခမ်းလေးကို နမ်းချင်နေတာကြာပြီ”
“ဟွန်း မနမ်းဖူးတာကြနေတာပဲ”
“ခစ်ခစ်…နမ်းတော့နမ်းဖူးတာပေါ့။ဒါပေမယ့် အဲ့ဒါက တရားဝင်မဟုတ်ဘူးလေ။ဇွတ်နမ်းရတာ။ခုကမှ ကိုယ့်ချစ်သူကို တရားဝင်နမ်းခွင့်ရတာ”
“ဟင့်အင်း မနမ်းနဲ့ မကြိုက်ဘူးနော်”
“မရပါဘူး.. မကြိုက်လည်းနမ်းမှာပဲနော်”
“ရှင်နော်”
“အဟွန်း… ချစ်လိုက်တာ ရွှေရေးရယ်”
>>
“ဟယ်လို ရွှေရေး ဘာလုပ်နေလဲ”
“ရွှေရေး အိပ်တော့မလို့လေ။ ဘာဖြစ်လို့လဲ”
“နေဦး မအိပ်နဲ့ဦး။ကိုယ် ရွှေရေးဆီကို ပါဆယ်ပို့ထားတယ် ခဏစောင့်လိုက်ဦးနော်”
ညမိုးချုပ်ကာမှ ဘာပစ္စည်းကို ပါဆယ်ပို့တာပါလိမ့်။နောက်နေ့မှ ပို့လည်းရတဲ့ဟာကို ဦးခွန်းဆက်မာန်တို့ကတော့ လုပ်ပြီ။
“ဘာပို့တာလဲ”
“ရောက်မှကြည့်လိုက်လေ ဒါပဲနော် ရွှေရေး။နောက်မှတွေ့မယ်”
“ဟုတ်”
အိပ်မည်ဟန်ပြင်ပြီးကာမှ ရွှေရေးမှာ မအိပ်ရသေးဘဲ ပါဆယ်ကို ထိုင်စောင့်နေရသည်။ဘာပစ္စည်းပါလို့လည်းပြောမသွားပေ။
သူ ရွှေရေးဘဝထဲကို စဝင်လာကတည်းက အထူးဆန်းတွေသိပ်လုပ်တတ်သည်။ ခုလည်း ဘာတွေ surprise လုပ်ဦးမလဲမသိ။
မထူးပါဘူးလေ မအိပ်ရသေးတဲ့အတူတူတော့ ခြံထဲပဲ ဆင်းစောင့်နေဖို့ ဆုံးဖြတ်ကာ အခန်းတံခါးဖွင့်ပြီး ထွက်လိုက်၏။
“ပါဆယ် ရပါပြီဗျ”
“ဟင်…ရှင် ဘယ်လိုလုပ်ပြီး…”
“ရှူး…ရွှေရေး မေမေကြားသွားမယ်။လာ အထဲဝင်ရအောင်”
ရွှေရေး လက်လေးကိုဆွဲကာ အခန်းထဲပြန်ခေါ်လာသည်မို့ နောက်က တရွတ်ဆွဲပါလာရသည်။
“ဒါက ဘယ်လိုဖြစ်တာလဲ ဦးခွန်းဆက်မာန်”
“ကိုယ် ရွှေရေးကို လွမ်းလို့”
“ဟာ နေ့လည်ကမှ တွေ့ထားသေးတယ်လေ”
“မသိဘူး လွမ်းလို့လာတာ”
“ပါဆယ်ဆိုတာက”
“ဒီမှာလေ…မွ”
“ဟာ”
ရုတ်တရက် ရွှေရေး နှုတ်ခမ်းလေး အနမ်းခံလိုက်ရပြန်သည်။
“ဦးခွန်းဆက်မာန် ရှင်ဘယ်လိုဖြစ်နေတာလဲလို့”
“ဦးခွန်းဆက်မာန်လို့ မခေါ်နဲ့လို့။ ကိိုကိုလို့ခေါ်”
“မခေါ်ချင်ပါဘူး။ ဘာဖြစ်လဲ ဦးခွန်းဆက်မာန်လို့ ခေါ်မှာပဲ”
“အေးနော်…ခေါ်ရဲခေါ်ကြည့်လိုက်လေ။အဲ့လိုတစ်ခါခေါ်ရင် တစ်ခါနမ်းမှာ။ခေါ်လေ ဦးခွန်းဆက်မာန်လို့။ကိုယ်က နမ်းဖို့အသင့်ဖြစ်နေပြီ”
“ရှင်နော်… အနားကပ်မလာနဲ့ သွား”
“ဟွန်း ငကြောက်မလေးကွာ။ကပ်လာမှာပဲ”
လှည့်ထွက်ပြေးလိုက်သည့် သူမလေးကို ခါးကျဥ်းကျဥ်းလေးမှ သိုင်းဖက်ကာ ပါးပြင်နုနုလေးအား အုပ်မိုးနမ်းရှိုက်လိုက်လေသည်။
>>
#Tay Kabyar