chapter 5
အသက်တမျှ ချစ်သည်
အပိုင်း ၅
“အန်တီရေ…မုန့်ဟင်းခါး နှစ်ပွဲ…ပါဆယ်ထုတ်ပေးပါနော်”
“အေးအေး သမီးလေး။.ခဏထိုင်စောင့်ပေးဦးနော်။ အန်တီ ရှေ့က မှာထားတာလေး လုပ်ပေးလိုက်ဦးမယ်နော်”
“ဟုတ်ကဲ့ ရပါတယ်”
အင်ကြင်း ဆိုင်ထဲက ခုံလေးမှာဝင်ထိုင်ကာ စောင့်နေလိုက်၏။
“ဘယ်လို ငခွန်း။မင်းနဲ့ ရွှေရေးသွင် ချစ်သူတွေဖြစ်သွားပြီ ဟုတ်လား”
အင်ကြင်းထိုင်နေသည့် ခုံနှင့် နှစ်ဝိုင်းကျော်လောက်မှ ရွှေရေးသွင်ဆိုသည့် နာမည်ကို ကြားလိုက်တာမို့ လှမ်းကြည့်လိုက်တော့ ခွန်းဆက်မာန်ဆိုသည့်လူနှင့် သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်နေလေသည်။
ဆက်ပြောမည့်စကားတွေကို အင်ကြင်း နားစွင့်နေလိုက်သည်။
“အင်းလေ။ မင်းကလည်း ပြူးပြူးပြဲပြဲနဲ့ကွာ မေးတာကြီးကလည်း”
“မယုံနိုင်လို့ပါကွာ။ မင်း ဟုတ်ရောဟုတ်ရဲ့လား ။ ငါတို့ကို တစ်ဝိုင်းကျွေးရမှာစိုးလို့ လိမ်နေတာမဟုတ်လား။ဒါမှမဟုတ် လေကြီးသွားလို့ အရှက်ပြေအောင် ပြောနေတာလား”
“မဟုတ်တာကွာ။ တစ်ဝိုင်းစာလောက်နဲ့ ငါက ဘာလို့ မင်းတို့ကို လိမ်ရမှာလဲ။တကယ် ချစ်သူတွေဖြစ်သွားတာ ။အဲ့တော့ ငါနိုင်ပြီနော်။ မင်းတို့တစ်ဝိုင်းရှင်းလိုက်ဖို့ ပြင်ထားတော့”
“အေးပါကွာ။ မင်းကိုတော့ တကယ်အံ့သြရတယ်။ဘယ်သူမှ လိုက်လို့မရတဲ့ကောင်မလေးဆီက အချစ်ကို ရအောင်ယူနိုင်တယ်”
“ပြောပါတယ် လူချင်းမတူပါဘူးလို့။ ခွန်းဆက်မာန်လေကွာ တခြားလူမှမဟုတ်တာ”
“ဟား..အေး အေး..ဟုတ်ပါပြီကွာ”
သူငယ်ချင်း သုံးယောက်၏ ရယ်မောသံများက ဆိုင်တစ်ဆိုင်လုံး ကျယ်လောင်သွားတော့သည်။
ဟင်…ဒါဆို ခွန်းဆက်မာန်က ရွှေရေးကို တကယ်ချစ်ခဲ့တာမဟုတ်ဘူးပေါ့။ ဘယ်သူ့ကိုမှ ပြန်မချစ်ခဲ့တဲ့ ရွှေရေးတော့ လှည့်စားခံလိုက်ရပြီပေါ့။ ရွှေရေးရယ်….
“သမီးလေး…ပါဆယ် နှစ်ပွဲရပြီနော်”
“သြော် ဟုတ်ကဲ့ အန်တီ”
ပါဆယ် နှစ်ပွဲယူကာ ဆိုင်ထဲက ပြန်ထွက်ခဲ့လိုက်သည်။ သူတို့က အင်ကြင်းကို မြင်လား မမြင်လား မသိပေမယ့် အင်ကြင်းကတော့ သူတို့ကို သေချာလည်းမြင်ခဲ့သည်။ပြောသမျှစကားအကုန်ကိုလည်း ရှင်းရှင်းလင်းလင်း ကြားခဲ့ရပြီးပြီ။ဒီကိစ္စတွေကို ရွှေရေးသာသိရင် ဘယ်လောက်တောင် ရင်နာနေလိုက်မလဲ။
“သြော်…မင်းတို့ကို ဝန်ခံရဦးမယ်”
“အွန်း..ဘာများလဲ။ ချစ်သူတွေမဟုတ်ဘဲနဲ့ ဟုတ်ပါတယ်လို့ လိမ်ထားလို့လား”
“မင်းတို့ကလည်းကွာ မဟုတ်ပါဘူး ။ ရွှေရေးနဲ့ ငါက တကယ်ချစ်သူတွေဖြစ်သွားပါပြီ။ အစကတော့ ဘယ်သူမှ လိုက်လို့မရတဲ့မိန်းကလေးမို့ ငါတမင်လိုက်ခဲ့တာ”
“အင်း…ခုတော့ရော”
“ခုတော့ သူမလေးနဲ့ အနီးကပ်နေရမှ သူမလေး ဘယ်လောက်ဖြူစင်မှန်း သိခဲ့ရတာ။တကယ်တော့ ရွှေရေးက မာနကြီးတာမဟုတ်ပါဘူး။ သူပုံစံနဲ့သူ အေးအေးဆေးဆေးနေတတ်တာပါ။ပြီးတော့ အရမ်းချစ်ဖို့ကောင်းတယ်။ အဲ့ဒါကြောင့် ငါတကယ်ချစ်မိသွားပြီ။ မင်းတို့ကိုလည်း ငါပဲ အဝကျွေးမယ်။ အားမရရင် ပါဆယ်ပါဆွဲကာ”
“ဝါးးအောင်ခန့်ရေ။ဒီကောင်တော့ မရတော့ဘူးဟေ့”
“အေးကွာ…ရှမ်းပြည်ပြန်ဖို့ စိတ်ကူးမရှိတော့ဘူးထင်တယ်”
“မရှိတော့ဘူး ဟေ့ကောင်တွေရေ။ ရန်ကုန်သားစစ်စစ်ဖြစ်နေပြီ”
“ဟားးဟား”
“ကဲ..ဆွဲကြကွာ”
>>
“ဟင်! အင်ကြင်းရယ် ဟုတ်ရောဟုတ်ရဲ့လား ”
အင်းကြင်းဆီမှ ကြားရသည့် စကားများကို ရွှေရေးမှာ မယုံနိုင် ဖြစ်နေရသည်။
“ရွှေရေးရယ်…ငါက မဟုတ်ဘဲ နင်စိတ်ညစ်ရအောင်ပြောပါ့မလား။ ဆိုင်မှာပြောနေကြတာကို ငါ့နားနဲ့ ဆက်ဆက်ကြားခဲ့ရတာပါ”
“ငါ..ငါမယုံနိုင်ဘူးဟာ။မယုံချင်ဘူး။သူနဲ့ငါ ဘာရန်ငြှိုးမှမရှိဘဲ ဘာလို့် အဲ့လိုလုပ်ရက်ရတာလဲဟာ”
အမှန်တရားက မျှော်လင့်သလိုတော့ ဘယ်ချိုမြိန်ပါ့မလဲ။ ရွှေရေး ကိုယ့်နားတောင် ကိုယ်မယုံနိုင်ဖြစ်ရတယ်။ အောက်နှုတ်ခမ်းသားလေးကို သွားချွန်ချွန်လေးတွေ နစ်ဝင်သွားသည်အထိ ဖိကိုက်ထားလိုက်မိသည်။ ရင်ဘတ်တစ်ခုလုံးလည်း ဆတ်ဆတ်ခါအောင် တုန်ယင်နေတော့သည်။ထို့နောက် ဒေါသစိတ်နှင့်အတူ မျက်ရည်တွေက မျက်ဝန်းအိမ်ထဲ တိုးဝေ့ဝင်ရောက်လာတော့သည်။
“နင် ဘာဆက်လုပ်မလဲ ရွှေရေး”
“မသိတော့ဘူး အင်ကြင်းရယ်။ငါ ဘာမှ မစဥ်းစားချင်သေးဘူး။ ငါတစ်ယောက်တည်း အေးဆေးနေချင်တယ်”
“အင်းပါ…ငါပြန်ပါ့မယ်။ ရွှေရေး…အရမ်းစိတ်မကောင်းမဖြစ်နဲ့နော်။ကိုယ်နဲ့မတန်ဘူးလို့ပဲ သတ်မှတ်လိုက်ပါ”
“အင်းပါ”
အင်ကြင်း ပြန်သွားတော့ ရွှေရေးမှာ မျက်ရည်စတွေနှင့် ဝရုန်းသုန်းကား ကျိုးကြေကျန်ခဲ့ရသည်။ဘယ်သူ့ကိုမှ ပြန်မချစ်ခဲ့သည့် ရွှေရေးနှလုံးသားက ထိုလူညာဆီမှာမှ ကျရှုံးခဲ့ရတာကို ရင်နာလို့မဆုံးနိုင်ဖြစ်ရသည်။
ရွှေရေးက လိမ်ညာတဲ့လူဆို သိပ်မုန်းတာ။ရွှေရေးဘဝထဲကို အလိမ်အညာတွေနဲ့ ဝင်လာတဲ့အပြင် ရွှေရေး နှလုံးသားကို ပိုင်စိုးပြီး ရွှေရေး အချစ်တွေကို ညာယူသွားတဲ့သူ့ကို မုန်းတယ်။ ရွှေရေး ဝန်ခံပါတယ်။ တဇွတ်ထိုးအကျင့်တွေနဲ့ ရဲတင်းလွန်းတဲ့ အနမ်းတွေကြားမှာ ရွှေရေးနှလုံးသားတွေ အရည်ပျော်ခဲ့ရသည် ထင်ပါသည်။ သူ့ကို အရမ်းချစ်ခဲ့မိတယ်။ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူး။အရာအားလုံး အဆုံးသတ်ဖို့အချိန်တန်ပါပြီ…ရွှေရေးကိုက လှည့်စားခံရမည့် ကံ ပါလာတာဖြစ်ပါလိမ့်မည်။
>>
ခွန်းဆက်မာန် သူမလေးကို ဖုန်းတွေ မနားမနေခေါ်နေသော်လည်း စက်ပိတ်ထားပါသည်ဆိုသည့် အော်ပရေတာမှ အမျိုးသမီးတစ်ဦး၏ အသံကိုသာ ထပ်ကာ ထပ်ကာကြားနေရတော့သည်။
ကြာတော့ ဆွဲဆန့်ထားရသည့် စိတ်တွေက မရှည်ချင်တော့။ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
ဟိုနေ့ကတောင် အကောင်းရှိသေးတာကို။ ဘာပြသနာမှလည်းမဖြစ်ဘဲနဲ့ ဘာလို့ ဖုန်းကို စက်ပိတ်ထားရတာလဲ ရွှေရေးရယ်…
တစ်ယောက်တည်း အားမလိုအားမရနှင့် ဘာလုပ်ရမှန်းမသိ။မထူးဇာတ်ခင်းမှရတော့မှာပဲ။ တဇွတ်ထိုးအကျင့်တွေ သုံးရတော့မည်။
အခန်းထဲမှ အပြေးအလွှားထွက်လာခဲ့ပြီး ကားပေါ်တက်မည်ပြုတော့ လက်ထဲက ဖုန်းကအသံမြည်လာလေသည်။
ဖုန်းကိုကြည့်လိုက်တော့ ရွှေရေးဆက်သည့်ဖုန်းဖြစ်နေတာကြောင့် ကမန်းကတန်း ကိုင်လိုက်သည်။
“ဟယ်လို ရွှေရေး။ဘာဖြစ်လို့ ဖုန်းစက်ပိတ်ထားတာလဲ။ကိုယ် အခုပဲ ရွှေရေးဆီလာတော့မလို့”
“အင်း…ကျွန်မဆီမလာခဲ့နဲ့။ကျွန်မတို့ ကားရပ်ပြီး စကားပြောတဲ့ နေရာကို လာခဲ့ပါ။ ကျွန်မစောင့်နေမယ်”
ပြောပြီးပြီးချင်း ဖုန်းချသွားတော့ ခွန်းဆက်မာန်မှာ နားမလည်နိုင်ဖြစ်သွားရသည်။အတွေးတွေကို ခဏရပ်ပြီး ချိန်းထားသည့်နေရာ အမြန်ရောက်ဖို့ကိုသာ ထွက်လာခဲ့တော့သည်။
ချိန်းသည့်နေရာကို ခွန်းဆက်မာန်ရောက်သွားတော့ ရွှေရေးက ကြိုရောက်နှင့်လေသည်။ကားလေးကို ရွှေရေး၏ ကားနောက်မှ ကပ်ရပ်လျက် အောက်သို့ဆင်းလာခဲ့၏။
ကျောခိုင်းရပ်နေသည့် ရွှေရေးကို နောက်ကျောမှ သိုင်းဖက်မည်ပြုတော့ ရှောင်ထွက်သွားလေ၏။
“ဘာဖြစ်လို့လဲ ရွှေရေး”
“ကျွန်မ အသားကို လာမထိပါနဲ့ ဦးခွန်းဆက်မာန်”
“ရွှေရေး ဘာဖြစ်နေတာလဲ။ကိုယ်တော့ နားမလည်ဘူး”
“ဒီမှာ ဦးခွန်းဆက်မာန်။ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို စားသောက်ဝိုင်းတစ်ဝိုင်းစာနဲ့ အလဲထပ်လုပ်ရလောက်တဲ့အထိ ရှင်အောက်တန်းကျလှချည်လား”
“ဟင်…ရွှေရေး မဟုတ်ဘူး ကိုယ်ရှင်းပြမယ်”
“တော်ပါတော့… ဘာမှမရှင်းပြပါနဲ့။ရှင့်ပါးစပ်ကထွက်ကျလာမယ့် အလိမ်ညာစကားတွေကို ကျွန်မ ဆက်ပြီးနားမထောင်နိုင်ဘူး ။ ရှင်ဟာ ကျွန်မဘဝထဲကို အလိမ်ညာတွေနဲ့ ဝင်လာခဲ့တယ်။ ကျွန်မအချစ်ကိုလည်း ညာယူခဲ့တယ်။လှည့်စားခဲ့တယ်။
ကျွန်မ ရှင့်အပေါ်ဘာတွေလုပ်ခဲ့လို့ ရှင်ခုလိုတွေ လုပ်ရက်ရတာလဲ။
ကျွန်မ ရှင့်ကို မုန်းတယ် ။ရှင့်ကို အရမ်းမုန်းတယ်”
မျက်နှာလေး ညိုကာ သူ့မျက်နှာကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း ခါးခါးသီးသီးပြောနေသည့် သူမလေးကိုကြည့်ကာ ခွန်းဆက်မာန်၏ ရင်တွေ တဆစ်ဆစ်နာကျင်နေရသည်။
“ရွှေရေးရယ်..မင်းနာကျင်နေရမယ်၊ခံရခက်နေမယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ဒါပေမယ့် ကိုယ်ရှင်းပြတာလေးကို ခဏလေးနားထောင်ပေးပါနော်။ပြီးရင် ရွှေရေးကြိုက်သလိုဆုံးဖြတ် ကိုယ်လက်ခံပါ့မယ်။ ကိုယ်…”
“တော်တော့ ရှင်ဆက်မပြောနဲ့တော့ ကျွန်မ ရှင့်အသံကိုမကြားချင်ဘူး။ ရှင် ကျွန်မကို ထပ်ပြီး မပတ်သတ်ပါနဲ့တော့။အားလုံးအဆုံးသတ်သွားပြီ”
“ရွှေရေး…ရွှေရေး..နေဦး”
ရွှေရေးလက်လေးကို အတင်းဆွဲကာ တားနေသည့် ဦးခွန်းဆက်မာန်၏ လက်တွေကို ခါချထားခဲ့ပြီး ထိုနေရာမှ ထွက်လာခဲ့၏။
ရွှေရေး မင်းသိတာတွေ မမှားပါဘူး။ ဒါပေမယ့် အကုန်လည်း မမှန်ဘူး။မင်းဆီရောက်လာခဲ့တာ မရိုးသားဘူးဆိုပေမယ့် မင်းကိုချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကတော့ စစ်မှန်တယ်။နက်နဲတယ် ရွှေရေး။ကိုယ် မင်းကိုအဆုံးရှုံးမခံနိုင်ဘူး။မင်းကို သိပ်ချစ်တယ်….
>>
အရင်တစ်ခါ ရွှေရေး ဖုန်းပိတ်ထားတုန်းက ခံစားရတာထက် ခုက အဆပေါင်းများစွာ ပိုခံစားရသည်။ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ခြံရှေ့မှာ နေ့တိုင်း သွားစောင့်နေတော့လည်း အရိပ်ယောင်လေးတောင် မတွေ့ရ။ ခြံဖောက်ပြီး ဝင်သွားပြန်ရင်လည်း စိတ်ဆိုးမပြေတဲ့အပြင် ပိုမုန်းသွားမှာ ကြောက်ရသည်။
ကိုယ် ရူးတော့မယ် ရွှေရေးရယ်။
ဒီနေ့မနက် ရွှေရေးတို့ ခြံရှေ့သွားတော့ ပန်းပင်တွေရေလောင်းနေသည့် အန်တီကြီးတစ်ယောက်ကို တွေ့လေသည်။ရွှေရေး မေမေ ဖြစ်နိုင်ချေရှိသည်။ အကျိုးအကြောင်းပြောပြီး အကူညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
“အန်တီ..အန်တီ”
ခွန်းဆက်မာန်ခေါ်သည့်အသံကို ကြားသွားသည်ထင်သည်။ ရေပိုက်ကို ချကာ တံခါးနားသို့ လျှောက်လာနေလေသည်။
“ဘာကိစ္စရှိလို့ပါလဲကွယ်”
“အန်တီက ဒီအိမ်ပိုင်ရှင်လား”
“ဟုတ်ပါတယ်ကွယ်”
“သြော်..ဟုတ်ကဲ့..ကျွန်တော်က ရွှေရေးသွင်ရဲ့ မိတ်ဆွေပါ။ခွန်းဆက်မာန်လို့ခေါ်ပါတယ်”
“သမီးရဲ့ မိတ်ဆွေလား။ လာလေကွယ် အထဲဝင်ပါဦး။သမီးလေးကတော့ ခုအိမ်မှာမရှိဘူးကွယ့်”
“ဟင်..ရွှေရေးက ဘယ်သွားလို့လဲ အန်တီ”
“သူ့သူငယ်ချင်းနဲ့ အပန်းဖြေခရီးထွက်သွားတယ်။သုံးရက်ရှိပြီ”
“ဟုတ်လား ။ဘယ်ကို သွားတယ်ပြောသွားလဲ အန်တီ”
“ချောင်းသာတဲ့”
“သြော်…ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ”
“အင်း… အထဲဝင်ဦးလေ”
“ရွှေရေးလည်း မရှိဘူးဆိုတော့ မဝင်တော့ပါဘူး အန်တီ။ သူပြန်လာမှပဲ ကျွန်တော်ထပ်လာခဲ့ပါ့မယ်”
“ကောင်းပါပြီကွယ်”
>>
ရွှေရေး မေမေနဲ့စကားပြောပြီးပြန်ထွက်လာတော့ အိမ်သို့မပြန်ဘဲ အမြန်လမ်းမကြီးအတိုင်း ကားကိုမောင်းနှင်ကာ ပုသိမ်သို့ တန်းဆင်းလာခဲ့သည်။ဒီနေ့တော့ ရွှေရေးနှင့် တွေ့ရမှဖြစ်မည်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွှေရေးကျေနပ်သည်အထိတောင်းပန်မည်။ ပေးသမျှ အပြစ်ကိုလည်း ခံယူဖို့ အသင့်အနေထားမှာရှိလေသည်။
ချောင်းသာရောက်တော့ ကားကို ဟိုတယ်ဝန်းထဲထိ မောင်းဝင်ပြီးရပ်လိုက်သည်။ ပြီးနောက် receptionကို ခပ်သွက်သွက်လျှောက်သွားလိုက်သည်။
“မဂ်လာပါရှင် pk hotelမှ ကြိုဆိုပါတယ်”
“မဂ်လာပါဗျာ။ ဒီဟိုတယ်မှာ ရွှေရေးသွင်ဆိုတဲ့ နာမည်နဲ့ မိန်းကလေး နှစ်ယောက် တည်းလားဆိုတာ သိချင်လို့။တစ်ချက်လောက် ရှာပေးနိုင်မလားဗျ”
“သြော်..ဟုတ်ကဲ့ ရပါတယ်။ခဏလေးစောင့်ပါနော် ကျွန်မ စစ်ကြည့်ပေးပါ့မယ်”
“ဟုတ်ကဲ့ ရပါတယ်ဗျ”
Receptionမှ ဝန်ထမ်းမလေး စစ်ပေးနေသည်ကို စောင့်နေရတာပင် အရမ်းကြာနေသလို ခံစားနေရသည်။ တကယ်တော့ သူစိတ်ကသာ ထင်နေတာ အချိန်က မိနစ်ပိုင်းလောက်ပင် ရှိသေးသည်။
“ဟုတ်ကဲ့..ရွှေရေးသွင်ဆိုတဲ့အမည်နဲ့ ကျန်ခဲ့တဲ့ သုံးရက်လောက်က အခန်းယူခဲ့ပါတယ်။လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ အခန်းပြန်အပ်သွားပါပြီရှင်”
“ဘယ်လို အခန်းပြန်အပ်သွားပြီဟုတ်လား”
“ဟုတ်ပါတယ်ရှင်”
မတ်တပ်ရပ်နေသည့် သူ့ခြေထောက်တွေ ခွေလဲကျသွားလောက်သည်အထိ အားအင်တွေ ချိနဲ့သွားရတော့သည်။စိတ်ဓာတ်ကျလို့လည်း ရပ်နေလို့မဖြစ်။ နာရီဝက်လောက်ပဲ ကြာသေးတာဆိုတော့ ခုချိန် ပြန်မောင်းလျှင် မှီကောင်း မှီနိုင်သေးသည်။
ကားပေါ်ပြန်တက်ကာ ရန်ကုန်သို့ ပြန်မောင်းတက်လာခဲ့၏။
>>
#Tay Kabyar