Chapter 1
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Kiiro
Chapter (1)
မီးရထားအတွဲနံပါတ်(၄)က သံသယဝင်စရာကောင်းတဲ့လူ
*******
ခုံတန်းနံပါတ်(၁၅) ၊ အတွဲနံပါတ်(၄)က ပြတင်းပေါက်နားတွင် သံသယဝင်စရာကောင်းသည့် လူတစ်ယောက် ထိုင်နေလျက်။
ရထားစောင့်မိန်းကလေးက ခရီးဆောင် အိတ်များထားသည့်စင်ကိုစစ်ဆေးကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားကာ ဝူဖုန့်ရုန်ဆီသို့ပြေးသွားလိုက်သည်။
“သူ့အဝတ်အစားတွေပေါ်မှာသွေးတွေချည်းပဲ ၊ အမည်းရောင်တောင်ပြောင်းနေပြီ။သူ့ကုတ်အင်္ကျီကတောင် သွေးကွက်တွေကို မဖုံးထားနိုင်တော့ ဘူး။ ကျွန်မ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့တင် သွေးနံ့ရနေတာ။ သူ့မျက်နှာက ဦးထုပ်ဆောင်းထားပြီး mask လည်း တပ်ထားတယ်။ဖောင်းကားနေတဲ့ အိတ်တစ်အိတ်လည်း ပါသေးတယ်။ ရဲကို ခေါ်လိုက်ရမလား။ အဲဒီလူက လူသတ်သမားများဖြစ်နေနိုင်မလား။”
ဝူဖုန့်ရုန်ဆိုသူက ဟောင်းနွမ်းနေသည့် စစ်တပ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ နှုတ်ခမ်းဖျား၌ မီးညှိထားသည့် ဆေးလိပ်တစ်လိပ်ရှိနေကာ ခုံပေါ်တွင် ခြေတစ်ဖက်ထောက်လျက် သူ့ရဲ့သားရေဖိနပ်များကို အဝတ်စုတ်ဖြင့်ပွတ်တိုက်နေလေသည်။
သူ့ရဲ့ဘွတ်ဖိနပ်များက နက်မှောင်တောက်ပြောင်လျက်ရှိပြီး ထိပ်ဖျားများက ဝင့်ကြွားစွာဖြင့် မီးရထားမယ်ဆီသို့ မျက်နှာမူထား၏။ သူက တောင်ဘက်မှလာပြီး ၃၂နှစ်ရှိနေလေပြီ။ ဒါ့အပြင် ချောမောသည့် ရုပ်ရည်လည်းရှိသေး၏။
“ဘာထိတ်လန့်နေစရာလိုလဲ။ ငါ အရင် တစ်ချက်သွားကြည့်ဦးမယ်။”
သူက မတ်တတ်ရပ်လိုက်ပြီး ဘောင်းဘီပေါ်က ခါးပတ်ကို ဆွဲကျပ်လိုက်ကာ ပြုံးလိုက်၏။
“နည်းနည်းဝ,လာပြီ။ နောက်တစ်ခါ အဝတ်အစားအထောက်အပံ့ရရင် တစ်ဆိုဒ်ကြီးတာ ယူရမယ်။”
အစောင့်မယ်၏ မျက်လုံးများက ထိုသူရဲ့ ပွင့်ဟနေသည့် ကော်လာနှင့် ယူနီဖောင်း၏ ရင်ဘတ်အိတ်ကပ်နား၌ ချိတ်ဆွဲထားသည့် ရွှေရောင်တံဆိပ်ဆီသို့ရောက်သွား၏။ ၎င်းက “သူရဲကောင်း ရထားအရာရှိ” ဆိုသည့် အစိုးရမှ အပ်နှင်းထားသည့် တံဆိပ်ဖြစ်ပြီး အပ်နှင်းခံလိုက်ရသည်နှင့် ပထမတန်းစားခေါင်းဆောင်နှင့် ညီမျှလေသည်။
အစောင့်မယ် ကြားဖူးနားဝရှိဖူးတာတော့ ၎င်းက လွန်ခဲ့သည့် ငါးနှစ်ခြောက်နှစ်လောက်ကဖြစ်မည်ပင်။ ရာဇဝတ်ဂိုဏ်းတစ်ခုက ရထားခေါင်းတွင်းသို့ ချိုးဖောက်ဝင်ရောက်လာပြီး ခရီးသည်များအား ဓားစာခံလုပ်ကာ ရထားလမ်းကြောင်းကို ပြောင်းဖို့ ခြိမ်းခြောက်ခဲ့သည်။ ဝူဖုန့်ရုန်က မကြောက်လန့်ဘဲ အေးအေးလူလူပင် ညှိနှိုင်းခဲ့ပြီး ဓားစာခံအဖြစ် ခရီးသည်များနေရာမှာ အစားထိုးခဲ့ကာ အထူးရဲသားများရောက်မလာခင်အထိ အောင်မြင်စွာနှင့် အချိန်ဆွဲခဲ့၏။ ရာဇဝတ်ဂိုဏ်းက လုံးဝဥဿုံပင် သုတ်သင်ခံလိုက်ရပြီး ရထားတွဲရှိ တစ်စုံတစ်ဦးမှလည်း ထိခိုက်ခြင်းအလျဉ်းမရှိခဲ့ချေ။
ထို့နောက် အရာရှိက ပြည်နယ်အစိုးရထံမှ ဂုဏ်ပြုလွှာရရှိခဲ့သည်။ သုံးရက်ကြာပြီးနောက်မှာတော့ သတင်းစာများက အင်တာဗျူးများထုတ်ဝေခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို လူသိရှင်ကြားထုတ်ပြခဲ့ရာ မီးရထားဌာနက ကြီးကြီးမားမား ဂယက်ရိုက်သွားစေခဲ့သည်။
မီးရထားမယ်က ဝူဖုန့်ရုန်မျက်နှာကို ကြည့်လိုက်ပြီးနောက်မှာတော့ စိတ်သက်သာရာရသွားခဲ့သည်။
ဝူဖုန့်ရုန်အတွဲ(၄)သို့ လျှောက်သွားသည့်အချိန်၌ ၁၅တန်းမြောက်က လူမရှိချေ။
ပြတင်းပေါက်များကလည်းဖွင့်ထားပြီး လိုက်ကာစများကလည်း တလှပ်လှပ်နှင့်။ မြောက်လေကလည်း ရထားတစ်တွဲလုံးကို ဖြတ်သန်းတိုက်ခတ်လာကာ စားပွဲပေါ်မှာရှိသည့် ဘီယာဘူးအလွတ်ကို တဒေါက်ဒေါက်လာခေါက်ပြီး ဘီယာများဖိတ်စင်စေကာ နေလုံးငယ်လေးတစ်ခု ဖြစ်ပေါ်စေချင်သည့်နှယ်။
ခုံများကလည်း လူမရှိကြပေ။ ဝူဖုန့်ရုန် ခုံအောက်၌ အနက်ရောင် ပလတ်စတစ်ကြယ်သီးကို တွေ့သွား၏။ ကြယ်သီးပေါက်က အပ်ချည်ကြိုးအပြတ်နှင့် ရစ်ပတ်ထားပြီး ၎င်းကအလိုအလျောက်ပြုတ်ကျခဲ့သည့်ဟန်။ သူ ဆေးလိပ်ကို မီးညှိလိုက်ကာ ထိုင်လိုက်ပြီး သူ့မျက်လုံးများကလည်း ရထားတွဲ၏ ရှေ့နှင့်နောက်သို့ ကူးလူးနေ၏။ အခုက တနင်္လာနေ့ မနက်ခင်းအစောပိုင်းမှာဖြစ်တာကြောင့် ရထားတွဲထဲမှာ လူဆယ်ယောက်ထက်ပိုပြီးမရှိ။ ခုံတန်း (၁၅) ကနေ (၂၀)ထိက လူများလစ်လပ်နေသည်။ တခြားခရီးသည်များကတော့ ရထားတွဲ၏ ရှေ့နောက်ထောင့်များ၌ အသီးသီးရှိကြသည်။
တချို့က အိပ်လျက်ရှိပြီး တချို့က သတင်းစာဖတ်နေကြကာ တချို့ကတော့ ဂိမ်းကစားရန် နားကြပ်များတပ်ထားကြသည်။ ဤနည်းအားဖြင့် ကုတ်အင်္ကျီဝတ်ထားသည့် တစ်စုံတစ်ယောက်လျှောက် လာမည်ဆိုရင်တောင် မည်သူမှ သတိထားမိကြမည် မဟုတ်။
သူများမှားနေတာလား။ သွေးစွန်းအင်္ကျီနှင့်လူကို သူကိုယ်တိုင်မတွေ့ရသောကြောင့် မီးရထားမယ်၏ ဖော်ပြချက်ကို မသင်္ကာဖြစ်လာသည်။ အကယ်၍ ဤနေရာမှာသာ မသင်္ကာစရာကောင်းတဲ့သူ တစ်ယောက်ယောက်ရှိမည်ဆိုရလျှင် မီးရထားအရာရှိ၏ ရုံးခန်းကနေ အတွဲ(၄)ကို သူ လာနေစဉ် အများဆုံး သုံးမိနစ်အတွင်းမှာ သူထွက်ပြေးသွားနိုင်သည်။
ဝူဖုန့်ရုန်ရဲ့ အတွေ့အကြုံအရ ချိတ်မှာ မိပြီးသားငါးက တစ်ကြိမ်လွတ်သွားဖူးရင် နောက်တစ်ကြိမ်ပြန်ဖမ်းမိဖို့က ခဲယဉ်း၏။
တစ်စုံတစ်ယောက်က ဝူဖုန့်ရုန်ဘေးတွင် ထိုင်လိုက်သည်။
တောက်ပသည့် ဆံပင်များနှင့် ခံ့ညားပြီး ယုံကြည်ချက်အပြည့်ရှိသည့် အမျိုးသားတစ်ဦးက သူ့ရဲ့ဘေးဘက်အခြမ်းတွင် နေရာယူလိုက်၏။ ကုတ်အင်္ကျီအောက်တွင်ရှိနေသော ထိုလူရဲ့ ရှပ်အဖြူက လျော့ရဲရဲဖြစ်လို့နေသည်။ ဝူဖုန့်ရုန် သူ့ရဲ့မျက်နှာကို နောက်ဆုံးမှ ကြည့်လိုက်သည်။ ပထမဆုံး ဒိတ်အောက်နေသည့် လက်ဆွဲအိတ်နှင့် ဟောင်းနွမ်းနေသည့် သားရေဖိနပ်များကို အရင်ကြည့်လိုက်၏။ ၎င်းတို့က ခဲရောင်ဖြစ်ပြီး ဒေါက်များက အောက်ဘက်တွင် ၂/၃ အချိုးရှိ၏။ သေချာပေါက်ကို အရောင်းစာရေးပင်။
“ရထားအရာရှိက သူကိုယ်တိုင်တောင် လက်မှတ်ကို လာစစ်တာပါလား။”
ထိုအမျိုးသားက သူ့အိတ်ထောင်ထဲတွင် ရှိသည့် အနီရောင်လက်မှတ်ဖြတ်ပိုင်းကို ထုတ်လိုက်၏။
လက်မှတ်ပေါ်မှ ခရီးသည်နာမည်မှာ ကျိုးယန်လင်ဖြစ်သည်။ ဝူဖုန့်ရုန်က သူ့ဆေးလိပ်ဘူးကို ကမ်းပေးလိုက်သည့်နောက် ထိုလူက ကျေးဇူးတင်စကားနှင့် တစ်လိပ်ယူလိုက်လေသည်။
ထို့နောက် ဝူဖုန့်ရုန် နေရာရွှေ့လိုက်၏။ သူရှေ့သို့ ဆတ်ခနဲတိုးသွားလိုက်ကာ သူ့ပါးစပ်ဖျားမှ ဆေးလိပ်ငွေ့များက တစ်ဖက်လူ၏ ပါးစပ်ဖျားရှိ ဆေးလိပ်နားတွင် ရစ်ဝဲ၍နေသည်။ တစ်ဖက်မှ အမျိုးသားက ဒါကိုမထင်မှတ်ထားသည့်နှယ် နောက်သို့ ရွံ့သွားလေ၏။
ဝူဖုန့်ရုန် ရှေ့သို့ဆက်တိုးသွားလိုက်ပြီး ထိုလူကို ထိုင်ခုံပေါ်တွင် ဖိထားလိုက်သည်။ လူနှစ်ဦးကြားရှိအကွာအဝေးမှာ ကျဉ်းမြောင်းလျက်ရှိပြီး သူတို့ရဲ့ မျက်တောင်မွေးများပင် ထိသွား၏။ ကျိုးယန်လင်က တစ်ဖက်လူ၏ အကြည့်များကိုရှောင်ရှားရန် သူ့မျက်လုံးများကိုအောက်စိုက်လိုက်၏။ အကြည့်ကျဉ်းကျဉ်းတစ်ချက်နှင့်ပင် ဝူဖုန့်ရုန်၏မျက်လုံးများက အနည်းငယ်ကွေးညွတ်သွားပြီး သူ့အသံမှာ ခပ်နိမ့်နိမ့်ဖြင့် အက်ရှနေကာ
“မီးခြစ်မရှိလို့ ၊ စိတ်မရှိဘူးမလား။”
ဆေးလိပ်တစ်လိပ်က အခြားတစ်လိပ်ထံသို့ မီးညှိလိုက်ကာ နီကိုတင်းရနံ့များက လေထုထဲတွင် ထုံသင်းလို့သွားသည်။
ကျိုးယန်လင်၏ မျက်လုံးများက မှိန်ဖျော့သွားပြီး
“ကိုယ်ကကျေးဇူးတောင်တင်ရမှာပါ။”
ဝူဖုန့်ရုန်က ပြန်ရုပ်သွားလိုက်ပြီး သူ့မျက်နှာမှာ စိတ်အေးလက်အေးဖြစ်သွားသည့်ဟန် ပြောင်းလဲသွား၏။
ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် သွေးနံ့တစ်စုံတစ်ရာမရှိဘဲ အလွန်ပင်သန့်ရှင်းနေလေသည်။ သံသယဝင်စရာကောင်းလောက်အောင်ကို သန့်ရှင်းနေသည်…..သူက အခုလေးတင် ရေချိုးခဲ့သည့် အတိုင်းပင်။
သူတို့နှစ်ယောက်လုံး မည်သူမှထွက်မသွားကြပေ။ ဝူဖုန့်ရုန်က ပြတင်းပေါက်ကိုပိတ်လိုက်သောအခါ အပြင်ဘက်ရှိ လေနှင့်နှင်းများက မှန်ကို ရိုက်ခတ်လာလေ၏။
“မစ္စတာကျိုးက ပိုင်ဟယ်ကို သွားမလို့လား။”
သူမေးလိုက်သည်။
ကျိုးယန်လင်က နားထောင်ရင်း သူ့ လက်ဆွဲအိတ်ကိုပုတ်ပြလိုက်သည်။
“ဖောက်သည်ဆီ သွားမလို့လေ။”
ထိုလူရဲ့ ကိုယ်နေဟန်ထားက ဆေးလိပ်သောက်လေ့သောက်ထရှိသည့် လူကဲ့သို့ပင်။
ဝူဖုန့်ရုန်က ခြေထောက်များချိတ်လိုက်ကာ သရော်လိုက်၏။
“ဘယ်ကုမ္ပဏီကများ ဒီလောက်ထိ ကပ်စေးနှဲရတာလဲ။ ငွေနည်းနည်းပဲရှိတဲ့သူတွေတောင် အမြန်ရထားစီးကြရင် ပိုင်ဟယ်ကိုရောက်ဖို့ ရှစ်နာရီလောက်အချိန်ယူရတာကို။ အခုလိုသွားမယ်ဆိုရင် နှစ်ရက်နှစ်ညလောက်တောင် ကြာလိမ့်မယ်။ ဒါက ခင်ဗျားရဲ့အလုပ်ကိစ္စကို မနှောင့်နှေးစေဘူးလား။”
ကျိုးယန်လင်က မျက်စိမှေးလိုက်ကာ ညို့မှိုင်းမှိုင်းဖြင့်
“အမြန်ရထားက ဆေးလိပ်သောက်ခွင့် မရှိဘူးလေ။ ဒီမှာကတော့ ရထားအရာရှိကြီးကိုယ်တိုင်ကတောင် ကိုယ့်ကို လာဧည့်ခံနေတယ်လေ။”
ဝူဖုန့်ရုန်က ချက်ချင်းပြန်မဖြေပေ။ လက်မှတ်ဖြတ်ပိုင်းကို ပြန်မပေးခင် သူ့လက်ချောင်းများထဲတွင် ခဏတာပွတ်သပ်နေသည်။ တစ်အောင့်ကြာပြီးနောက် သူ့ရဲ့နားထဲတွင် ရထားသံလမ်းပေါ်ရှိ ဘီးလုံးများပွတ်တိုက်သံကိုသာကြားနေရတော့သည်။ သူ လက်ထဲမှာရှိတဲ့ဆေးလိပ်ဖင် လောင်ကျွမ်းသွားသည်အထိစောင့်လိုက်ပြီး ဘီယာဘူးခွံအလွတ်ထဲတွင် မီးသတ်လိုက်၏။ ထို့နောက် ရထားအရာရှိက မတ်တတ်ရပ်လိုက်သည်။ သူလက်ပြလိုက်ပြီး
“မစ္စတာကျိုးမှာ အချိန်ရှိရင် ၊ကျွန်တော့်ကို ဆေးလိပ်ထပ်သောက်ဖို့ လာပြောပါဦး။”
ဘယ်လိုတောင် တမင်သက်သက် လုပ်နေတဲ့ ရွံစရာကောင်းတဲ့လူလဲ။ သူကြာကြာမနေချင် တော့သည့်အပြင် ကျေးဇူးတောင်မတင်နိုင်။
ခေါင်းခန်းထဲမှာတော့ လက်ထောက်အရာရှိကျောက်ရှင်းထောင်က သူ့ကိုစောင့်နေလေ၏။ သူကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“မတွေ့ဘူး။”
ကျောက်ရှင်းထောင်က ကြောင့်ကြလို့ နေ၏။
“အဲဒီလူက ရုပ်ပြောင်းရုပ်လွှဲတော့ မလုပ်ထားလောက်ဘူးမလား။ ကျွန်တော် ဆယ်တွဲလုံးကို ရှာကြည့်ပြီးပြီ။ သူ ရထားပေါ်ကများ ခုန်ဆင်းသွားတာလား။”
“ဘယ်လိုလူသတ်သမားကလဲ။”
ဝူဖုန့်ရုန် စိန်းစိန်းဝါးဝါး ကြည့်ပေးလိုက်ပြီး ၊
“ရေချိုးပြီးတော့ အဝတ်အစားတွေလဲလိုက်ပြီး ပစ္စည်းတွေကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်မယ်ဆိုရင် မင်းဘာလုပ်မလဲ။ ဒီမှာရှိတဲ့ လူတစ်ယောက်ယောက်က လူသတ်သမားလို့ မင်းမှာ သက်သေရှိပါ့မလား။ ဒါမှမဟုတ် သူတစ်ယောက်ယောက်ကို လှီးဖြတ်နေတာ မင်းမြင်ခဲ့ရလား။”
သူ ဆေးလိပ်ဖင်ကို ပြာခွက်ထဲ ထည့်လိုက်၏။
“လောင်ဇီက အခြေအနေကို အရမ်းဂရုစိုက်တယ်ကွ။ မင်းလုပ်စရာရှိတာကိုပဲလုပ်။ အပိုတွေလိုက်တွေးမနေနဲ့။”
ကျောက်ရှင်းထောင်က အဆူခံလိုက်တာကြောင့် ဆွံ့အ၍သွားသည်။ ဝူဖုန့်ရုန်ဆူသည့်အချိန် မှာတော့ သူစိတ်တိုအောင် ထပ်မလုပ်ရဲတော့ချေ။ ရထားအရာရှိမှာက ရွှန်းရွှန်းဝေအောင်ပြောနိုင်သည့် လျှာရှိလေပြီး သူ့ဘဝတစ်လျှောက်လုံးမှာလည်း တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးချေ။ တကယ်လို့ သူသာမိန်းကလေး တစ်ယောက်ယောက် နှောင့်ယှက်ခံနေရတာမြင်လျှင် သူက ဒေါသထွက်လာပြီး ကြားဝင်ပေးလိမ့်မည်။ နောက်ဆုံးမှာတော့ ထိုသူ့မှာက ရာဇဝတ်ကောင်တွေနဲ့ ညှိနှိုင်းနိုင်ပြီး ခရီးသည်တွေကို အန္တရာယ်ကင်းစေခဲ့သည့် ဂုဏ်သတင်းရှိလေသည်။
ကျောင်းရှင်းထောင်နှင့် ဝူဖုန့်ရုန် အတူအလုပ်လုပ်ခဲ့သည်မှာ နှစ်အတော်ကြာလေပြီ။ ရထားပေါ်မှာ သူခိုးများစွာရှိနေခဲ့စဉ်က လူသတ်သမားများနှင့် မီးရှို့သည့်သူများက အလွန်နည်းနေပြီး ဆယ်နှစ်နေလို့ တစ်ယောက်တောင်မရှိချေ။ ရထားတစ်စီးကို အပိုင်စီးနိုင်ဖို့က အလွန်ပင်ခက်ခဲ၏။ ရထားများက အရေးပေါ်အခြေအနေကြောင့်ရပ်သွားနိုင်သည်။ ပထမဆုံး ရာဇဝတ်ကောင်တွေသာ ရထားကို အပိုင်စီးမယ်ဆိုရင် လမ်းကြောင်းကိုလုံခြုံစွာပြောင်းလဲဖို့ကခက်သည်။
ဒုတိယအနေနဲ့ ရထားကိုအပိုင်စီးတာက ဘူတာရုံကိုဗုံးကြဲသည်လောက် အသုံးမဝင်ချေ။ သို့ပေမဲ့ နှစ်ခုလုံးဖြစ်ခဲ့မယ်ဆိုလျှင်တော့ သေဖို့ပဲ ရှိသည်။ မီးရထားမယ်ပြောတာကတော့ သွေးစွန်းနေသည့်အမျိုးသားက အတွဲ(၄)မှာထိုင်နေသည်ဟုပင်။ ကျောက်ရှင်းထောင် “ကံဆိုးတာပဲ ၊ ကံဆိုးတာပဲ။” ဟုသာ သူ့ခေါင်းထဲမှာ ဆက်တိုက်ရေရွတ်နေမိသည်။ ဒီလိုချီးထုပ်ကိစ္စတွေက ဝူဖုန့်ရုန်ဘေးနားမှာရှိနေရင် ဘာလို့ အမြဲဖြစ်နေရတာလဲ။
ဝူဖုန့်ရုန်က သူ့ကို နှစ်သိမ့်လိုက်၏။
“မင်းဘာကိုကြောက်နေတာလဲ။ မကောင်းတာတစ်ခုခုဖြစ်လာရင်တောင် ငါဒီမှာ ရှိနေမှာပဲ။ ငါက ‘သူရဲကောင်းရထားအရာရှိ’ပဲလေ။ ဒီဟာက ငါ့ရဲ့ရထားပဲ။ ငါဒီမှာရှိနေရင် မင်းကို အရန်အဖြစ် အပ်ထားလို့ရမလား။ ဒီကိစ္စကိုနောက်မှငါ ဆက်စုံစမ်းမယ်။ မင်းက အမျိုးသမီးရထားစောင့်တွေကိုသာ ဂရုစိုက်ပြီး လုံခြုံအောင်လုပ်။”
ကျောက်ရှင်းထောင်က ထွက်မသွားခင်မှာ တုံ့ဆိုင်းနေခဲ့သည်။ ဝူဖုန့်ရုန်ရဲ့ အကြောက်အလန့်မရှိတဲ့ စိတ်ထားက ပြဿနာများဖြစ်လာစေနိုင်၏။ ဒီ အသက် ၃၀ ယောက်ျားအိုကြီးက ဘာငြိတွယ်မှုမှ မရှိသလို ဘာကိုမှလည်းဂရုမစိုက်ချေ။
သူက ရထားတွဲကိုသာ သူ့အိမ်လို ဆက်ဆံလေသည်။ သူ့အိမ်မှာဆိုရင်တော့ တခြားလူများအား အပြုအမူဆိုးတွေလုပ်ဖို့ သည်းခံမှုမရှိပေ။
ပြောရမည်ဆိုလျှင် ဒီကိစ္စအပေါ် ဝူဖုန့်ရုန်ရဲ့ အတွေးက ရိုးရှင်း၏။ မည်သူကမှ သူ့လောက် ဒီရထားကို ရင်းနှီးကျွမ်းဝင်မှုမရှိနိုင်ဘဲ တခြားသူတွေထက်ပိုပြီး သူကအရေးပေါ် အခြေအနေမှာ ပိုသာလေသည်။ ကောင်းကင်ကြီးက မှောင်မလာသေး။ ဤဧရာမနှင်းတောကြီးက ကြည့်ရသည်မှာ အလွန်ကြီးမား၍ တိတ်ဆိတ်နေသည့်အပြင် အေးစိမ့်လွန်းလှသည်။
သို့သော်လည်း ခရီးပေါင်းများစွာအပြီးမှာတော့ သူ ဤအခြင်းအရာနှင့် ပိုပိုပြီး နေသားကျလာလေပြီ။ ရထားက ကီလိုမီတာများစွာ မောင်းနှင်ခဲ့သည်။ အချိန်ကလည်း တစ်နာရီပြီးတစ်နာရီ ကုန်ဆုံးသွား၏။ ဝူဖုန့်ရုန်က သေချာရေတွက်နေခဲ့ပြီး ဒီလောက်အထိ လွယ်လွယကူကူ မခံစားခဲ့ရဖူးချေ။ မင်းသာဆက်သွားနေသ၍ ကမ္ဘာကြီးမည်မျှကြီးပါစေ ၊ ခရီးလမ်းက မည်မျှ ရှည်လျားပါစေ ၊ ပန်းတိုင်ရောက်ဖို့ အချိန်တစ်ခုဆိုတာ ရှိလာမည်ပင်။
ရထားပေါ်မှ အချိန်များက အလွန်ပင် ငြီးငွေ့ပျင်းရိဖွယ်ကောင်း၏။ ဤရှုခင်းကို အကြိမ်ကြိမ်မြင်ခဲ့ရပြီးနောက်မှာ ထျန်ရှန်းတောင်ရဲ့ နှင်းတွေ ဖုံးလွှမ်းနေပုံကို မင်းငြီးငွေ့လာနိုင်သည်။ ဝူဖုန့်ရုန်က လိုက်ကာများဖွင့်လိုက်ပြီးနောက် ခဲရောင်တောအုပ်ကို ဖြတ်ကာ ပျံသန်းနေသောကျီးကန်းများကို ကြည့်လိုက်၏။ ၎င်းက ပထမအောက်တိုဘာလရဲ့ နှင်းကျချိန်ပင် ရှိသေးသည်။ နေလုံးကြီးက အဝေးတွင် ပုန်းကွယ်နေကာ ရွှေရောင်အလင်းတန်းများက တောင်တန်းများကိုပတ်ရင်း ကောင်းကင်ယံတစ်လျှောက် လွတ်မြောက်နေသည့်ဟန် တောင်ကြိုတောင်ကြားတစ်လျှောက်တွင် လင်းလက်စွာတောက်ပနေကြသည်။
မိုးလေဝသခန့်မှန်းချက်က ပြောသည်မှာ ညဘက်တွင် နှင်းက ပိုထူထပ်လာမည်ဟု။ နှင်းကျသည့်အချိန်ဝယ် ဆီးနှင်းများက ကမ္ဘာတစ်ပြင်လုံးကို ဖုံးလွှမ်းသွားနိုင်ပြီး အတိတ်ကိုပင် ဖုံးထားနိုင်စွမ်းရှိသည်။
ထိုလူရည်လည်သည့် အမျိုးသားရဲ့ ညုတုတုအပြုံးက ဝူဖုန့်ရုန်အတွေးထဲတွင် ပေါ်လာ၏။
သူ ပျော်ရွှင်စွာဖြင့် လေတစ်ချက်ချွန်လိုက်ပြီး သူ့မျက်လုံးများက ကျယ်လာကာ နှလုံးကလည်း မရည်ရွယ်ဘဲ ခုန်ပေါက်နေခဲ့သည်။
ပိုင်ဟယ်ကို ရောက်ဖို့ နာရီသုံးဆယ် လိုသေးပြီး၊ လမ်းခရီးကလည်း အရှည်ကြီးရှိပါသေးသည်။
**********
SWARA WEBNOVEL TRANSLATION
Wine Mine
😍