Chapter 5
![](https://mmstoryglory.com/wp-content/uploads/2024/06/Picsart_24-06-14_08-51-32-859-200x300.jpg)
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Kiiro
Chapter (5)
*******
ဝူဖုန့်ရုန်လို လူမျိုးက ကတိပေးတာကို ဘယ်သူက မလိုချင်ဘဲ နေပါ့မလဲ။
ကျိုးယန်လင်က သူ့လက်ဆွဲအိတ်ထဲမှ လည်သာဖိုင်တစ်ခုကို ထုတ်လိုက်သည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးချိန်မှာတော့ သူ အဲဒါကို ဝူဖုန့်ရုန် လက်ထဲသို့ ပေးလိုက်၏။ ဝူဖုန့်ရုန်က ပထမဆုံး ဓာတ်ပုံတစ်ပုံကိုထုတ်လိုက်ကာ ၎င်းက ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသည့် မြင်ကွင်းနှင့် နစ်နာသူအလောင်း၏ အနီးကပ်ပုံပင်ဖြစ်သည်။
ရှောင်ချွမ်၏ ပုံက စိုထိုင်းသည့် ကြမ်းပြင်ပေါ်တွင် လှဲလျက်ရှိနေသည့် ပုံဖြစ်၏။ သူ့အသားအရေက စိမ်းပြာရောင်ပင် သန်းလို့နေပြီး ဦးခေါင်းခွံအက်ထားမှုကြောင့် သူငယ်အိမ်ကလည်း ကျယ်လျက်ရှိသည်။ သူ့ နှာခေါင်းနှင့် နားကနေလည်း သွေးများ ယိုစိမ့်၍ နေကာ သူ့ပါးစပ်ထောင့်ကိုပင် စွန်းထင်းနေ၏။ သူ့မေးစေ့မှာက အလွန်သေးငယ်သည့် ဒဏ်ရာတစ်ခုရှိနေကာ ခဲတံမျဉ်းတစ်ကြောင်းက မေးစေ့ထဲတွင် ပုန်းခိုနေသည့်နှယ်။ ဦးနှောက် နောက်ခြမ်းကို တုံးတိနေသည့်အရာနှင့် ရိုက်ခံထားရတာကြောင့် ရောင်ရမ်း၍နေသော်ငြား သွေးကွက်များမရှိခြင်းက သူ ဦးနှောက်တွင်းသွေးယိုစိမ့်မှု ဖြစ်ခဲ့ကြောင်း ထင်ရှားလေသည်။ သူ့လက်နှစ်ဖက်လုံးက ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားကာ ကျောင်းယူနီဖောင်းဂျတ်ကတ်ကလည်း ဘယ်ဘက်ပခုံးပေါ်မှ ကျွတ်ထွက်နေပြီး သူ့လက်မောင်းအပေါ်ခြမ်းတွင် ချိတ်လျက်ရှိ၍ အတွင်းမှ လည်ပိတ်ဆွယ်တာကို လှစ်ထားသကဲ့သို့ဖြစ်နေ၏။ ဓာတ်ပုံရိုက်ခဲ့သည့်သူက ကျောင်းယူနီဖောင်းပေါ်တွင်ရှိသည့် “ထန်ကျိုးမြို့ ၊ ပထမအလယ်တန်းကျောင်း”ဟူသည့် ကျောင်းတံဆိပ်နှင့် ကျောင်းဆောင်ပုဒ်ကို အနီးကပ်ရိုက်ထားခဲ့သည်။
ဝူဖုန့်ရုန်က ဤငယ်ရွယ်သည့်မျက်နှာပေါ်ရှိ နူးညံ့သွယ်လျသည့် အစိတ်အပိုင်းများကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ ထိုမျက်နှာ၏ အဓိက အမူအရာမှာ ကြောက်ရွံ့မှု နှင့် နာကျင်မှု နှစ်မျိုးလုံးပင်။ သူက မှုန်တေတေဖြင့် သေဆုံးရခြင်း အကြောင်းအရင်းကို သေချာကြည့်နေခဲ့သည်။ ဦးနှောက်သွေးယိုစိမ့်မှုက ဦးခေါင်းခွံတွင်းကို တိုက်ရိုက်ဖောင်းပွသွားစေခြင်း ဖြစ်လိမ့်မည်။ ဦးနှောက်တွင်း ဖိအားတိုးလာခြင်းက ဦးနှောက်ကို ကျောရိုးနာ့ဗ်ကြောနှင့် လုံးလုံးလျားလျား ပြောင်းလဲစေလိုက်ပြီး နောက်ဆုံးတွင် ဦးနှောက်ကို ဖိအားများလာသောကြောင့် အသက်ရှူရပ်တန့်ကာ သေဆုံးခဲ့ရသည်။ ဦးနှောက်သွေးယိုစိမ့်မှု၏ နစ်နာသူများက သေဖို့ ရက်ပေါင်းများစွာကြာတတ်ပြီး အတိုဆုံးကြာချိန်ကတော့ မိနစ်ပိုင်းပင်။ နစ်နာသူခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲမှုသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးက တွေးကြည့်ဖို့တောင် ခက်ခဲလေသည်။
အေးစိမ့်မှုက ဝူဖုန့်ရုန်၏ ခြေဖျားမှ နဖူးထိ ပျံ့နှံ့လို့သွား၏။ မည်သို့ပင်ဖြစ်စေ အရွယ်မရောက်သေးသူကို သတ်တာကပင် ပြစ်မှုအကြီးကြီးဖြစ်နေလေပြီ။ ဘယ်လိုလူကများ ဒီလိုကျောင်းသားတစ်ယောက်ကို ရက်စက်လွန်းတဲ့နည်းလမ်းနဲ့ သတ်ရလောက်တဲ့အထိ မုန်းနေရတာလဲ။
“အလောင်းခွဲစိတ်မှုမှတ်တမ်းက ဘာပြောထားလဲ။”
ကျိုးယန်လင်က အလောင်းခွဲစိတ်မှုမှတ်တမ်းကို လှန်နေရင်း သူ့မျက်ခုံးများက တွန့်သွားသည်မှာ မထိန်းချုပ်ထားနိုင်တော့ဟန်။
“ခေါင်းပိုင်း CT ရိုက်ထားတာက ထွက်လာပြီ။ သေစေနိုင်လောက်တဲ့ ဒဏ်ရာက ဦးခေါင်းနောက်ပိုင်းက ဖြစ်တာလို့ အတည်ပြုထားတယ်။ အားပြင်းပြင်းနဲ့ ရိုက်လိုက်တာက ဦးခေါင်းခွံကို အက်သွားစေပြီးတော့ ဦးနှောက်သွေးလွှတ်ကြောကိုလည်း စုတ်ပြဲသွားစေတယ်။ သွေးလွှတ်ကြောကနေ သွေးထွက်လွန်သွားတာက မြန်လွန်းလို့ သတိမေ့ပြီး သေဖို့အထိကို ဆယ်မိနစ်တောင် မကြာလိုက်ဘူး။ ဒါကလွဲပြီးတော့ အတွင်းကလီစာတွေနဲ့ အရိုးတွေ အကုန်လုံးက ဘာထိခိုက်မှုမှ မရှိထားဘူး။ ဆိုလိုတာက လူသတ်သမားက တုံးတိနေတဲ့ပစ္စည်းနဲ့ တစ်ချက်တည်း ရိုက်လိုက်တာပဲ။ ဒါက ပုံမှန်မဟုတ်ဘဲ တိကျတဲ့ ရိုက်ချက်တစ်ခုပဲ။ မသေခင်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ညွှန်ပြချက်တချို့လည်း ရှိနေတယ်။ ပေါင်ခြံ ၊ လက်မောင်း နဲ့ လည်ပင်းပေါ်က အသားအရေတွေမှာ ပွန်းပဲ့ဒဏ်ရာတွေရှိနေပြီး ကျောပေါ်က တစ်ပိုင်းတစ်စကလည်း မြေကြီးပေါ်ကို ပစ်ချခံထိရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဒဏ်ရာမျိုး။ ပါးစပ်ထောင့်နားက သွေးစွန်းကွက်ကလည်း သူ့ရဲ့ သွေးပဲဆိုတော့ အဲဒါကနေ အရမ်းကြမ်းတမ်းခဲ့တဲ့ ရန်ပွဲတစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ယူဆနိုင်တယ်။”
ဤအထိပြောပြီးသကာလတွင် ကျိုးယန်လင်က ဆက်ဖတ်ဖို့အတွက် ခဏရပ်တန့်လိုက်၏။
“သွေးအမြောက်အမြားနဲ့ အရေပြားစတွေကလည်း ညာဘက်လက်ရဲ့ လက်သည်းခွံတွေထဲမှာ တွေ့ရတယ်။ ဖြစ်နိုင်တာက လူသတ်သမားကို ကုတ်ခြစ်ပြီး ရလာတဲ့ ဒဏ်ရာတွေဖြစ်ဖို့ များတယ်။ နောက်ပြီးတော့ လူသတ်သမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်တချို့ရှိနေနိုင်တယ်။”
“လူသတ်ခဲ့တဲ့ လက်နက်ကို ရှာတွေ့ပြီလား။”
“ရဲတွေ အတည်ပြုထားတာကတော့ လူသတ်လက်နက်က အလျားရှည်တဲ့ ရေသံပိုက်အပြတ်ဖြစ်ပြီးတော့ အလျားက ၅၀စင်တီမီတာနီးနီး ရှည်တယ်။ အဲဒါက မှုခင်းဖြစ်တဲ့ နေရာမှာ ရှာတွေ့ခဲ့တာပဲ။ လူသတ်သမားက ပစ်ချခဲ့တာလို့ ယူဆထားကြတယ်။ ရေပိုက်ရဲ့ ဖုန်အညစ်အကြေးတွေကိုလည်း ရှောင်ချွမ်ရဲ့ ခေါင်းနောက်က အနာထဲမှာ တွေ့ခဲ့ကြသေးတယ်။ အင်တာနက်ကော်ဖီဆိုင်က ပြောတာတော့ လွန်ခဲ့တဲ့တစ်ပတ်က ဆိုင်ရဲ့အဆောက်အအုံမှာ ပြတ်နေတဲ့ ရေပိုက်တစ်ခုရှိတယ်တဲ့။ အဲဒါက ပုံမှန်ရေအသုံးပြုနေတာတွေကို ညစ်ပတ်စေလို့ ပိုင်ရှင့်ကို အသစ်တစ်ခုနဲ့ လဲပေးဖို့ လာပြောခံခဲ့ရတာ။ အဲဒီနောက်တော့ ရေပိုက်အဟောင်းက အင်တာနက်ကော်ဖီဆိုင်ရဲ့ တိုလီမုတ်စအပုံမှာ ပစ်ထားခံလိုက်ရပြီးတော့ လူသတ်သမားက သုံးဖို့ အလွယ်တကူ ကောက်ယူခဲ့တာပဲ။”
ဝူဖုန့်ရုန်က သိချင်စွာဖြင့် မေးလိုက်၏။
“ဘာလို့’အလွယ်တကူ’လို့ ပြောရတာလဲ။ လူသတ်သမားက တမင်သက်သက် ရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့ ဘယ်လိုသက်သေပြမလဲ။”
ကျိုးယန်လင်က စေ့စေ့စပ်စပ်ဖြင့်
“ဒီလူနှစ်ယောက်က မတိုင်ခင်က လက်ဗလာနဲ့ ရန်ဖြစ်ခဲ့လောက်တယ်။ ပြီးတော့မှ လူသတ်သမားက နောက်ဆုံးတစ်ချက်အတွက် ရေပိုက်ကို ဆွဲယူလိုက်တာပဲ။ တကယ်လို့ အစကတည်းကသာ လူသတ်သမားက လက်နက်နဲ့ဆိုရင် ရှောင်ချွမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုက ပြေးဖို့ဖြစ်မှာပဲ။ အဲဒီလောက် ခြားနားချက်အကြီးကြီးနဲ့ ပုံမှန်လူသာဆို ထွက်ပြေးနေပြီးပြီ။ တကယ်လို့ လူသတ်သမားကသာ လက်နက်ကို ကိုင်ထားရင်း တိုက်ခိုက်နေမယ်ဆိုရင် ရှောင်ချွမ်ရဲ့ တစ်နေရာတည်း မဟုတ်ဘဲ တစ်ကိုယ်လုံးက အဲဒီပစ္စည်းနဲ့ အရိုက်ခံရပြီးသား ဖြစ်နေလိမ့်မယ်။ ဒါ့ကြောင့် ဖြစ်နိုင်တာက အစကတော့ လူသတ်သမားက သူ့ကိုရိုက်နှက်ပြီး မသတ်ခင်ထိ သူတို့လုံးထွေးပုတ်သတ်နေကြလိမ့်မယ်။ ဒါကပထမအချက်။”
“ဒုတိယအနေနဲ့ ဒီလူသတ်သမားရဲ့ ရည်ရွယ်ချက်က ခန့်မှန်းဖို့ခက်တယ်။ နစ်နာသူရဲ့ မိဘတွေရဲ့ အင်တာဗျူးကို မင်းတွေ့လိုက်ရလား။ အဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာရှိတယ်။ ရှောင်ချွမ်က အမှတ်ကောင်းကောင်းရတဲ့ ရိုးရိုးသာမန်ကျောင်းသားပဲ။ သူက ပိတ်ရက်တွေမှာ အင်တာနက်ဆိုင်သွားရတာကလွဲလို့ တခြားဘာဝါသနာမှ မရှိဘူး။ အဲဒီနေ့ကတော့ သောကြာနေ့ကြီးဖြစ်နေတယ်။ ကျောင်းပြီးတာနဲ့ သူ အင်တာနက်ကော်ဖီဆိုင်ကို ချက်ချင်းသွားခဲ့တာ။ နောက်ပြီး သူ့မိဘတွေကလည်း သွားခွင့်ပြုခဲ့တယ်။ ဒီလို ဝေဖန်စရာ တစ်နေရာမှ မရှိတဲ့ လိမ်လိမ်မာမာ ကလေးတစ်ယောက်ကို ဘာကြောင့်များ လူသတ်သမားက သတ်မိစေရလောက်အောင် မုန်းသွားတာပါလိမ့်။ သေချာတာပေါ့ ဒီကမ္ဘာပေါ်မှာ ဒီလိုဆန္ဒအတွက် လက်စားချေမှုတွေက မယုံကြည်နိုင်လောက်အောင်ပဲ။ သူတို့ကို သူတို့ ယုံကြည်မှု ပြင်းထန်ပြီး ဘာမဟုတ်သလို အလွယ်သတ်နေတတ်ကြတာမျိုး။ ကိုယ်တော့ ဒီကလေးက အဲဒီလိုလူမျိုးကို သွားရန်မစမိခဲ့လောက်ပါဘူးလို့ပဲ မျှော်လင့်တယ်။”
ဝူဖုန့်ရုန်က သူ့လက်ထဲရှိ ဖိုင်ကို လှမ်းယူလိုက်ပြီး စာမျက်နှာတစ်ရွက်ပြီး တစ်ရွက်လှန်ကာ သေချာ ဖတ်နေလေသည်။ ကျိုးယန်လင်က ၎င်းစာရွက်လှန်သံများနှင့် ရောနှောနေသည့် ရထားဘီးလုံး သွားနေသည့် အသံများကို နားထောင်ရင်းနှင့်ပင် အဆုံးမရှိသည့် ပြန်လည်ဝင်စားခြင်းသို့ ရောက်နေသည့်အလား ခံစားနေရ၏။ သူတွေးမိသည်။ ဘဝကလည်း ဤကဲ့သို့ပင်။ အတိတ်ကို ပွတ်တိုက်ဖြတ်သွားပြီး ဆက်လက် ရွေ့လျားနေရသည်။
“ပထမဆုံး ခင်ဗျားရဲ့ သက်သေကို သိမ်းထားလိုက်။ ပြီးတော့ ဒါကိုရှင်းပြပါဦး။”
ဝူဖုန့်ရုန်က စစ်ဆေးမှုရလဒ်ကို ထောက်ပြလိုက်ပြီး
“ခင်ဗျားရဲ့ လက်ဗွေတွေက လူသတ်လက်နက်ပေါ်မှာ တွေ့ရတယ်။ ဒါကဘယ်လိုဖြစ်ရတာလဲ။ ခင်ဗျား အဲဒီရေပိုက်ကို သွားထိခဲ့တာလား။”
ကျိုးယန်လင်က ရယ်စရာတွေ့သွားသည့်နှယ်။
“ကိုယ် ရှောင်ချွမ်အသက်ရှူနေသေးလား သိရဖို့ သူ့ပါးစပ်နဲ့ နှာခေါင်းကို စစ်ဆေးခဲ့တယ်။ ဒါကို ဝန်ခံတယ်။ ဒါပေမဲ့ အဲဒီပိုက်အပြတ်ကို ကိုယ်မတွေ့ခဲ့ဘူး။ လမ်းကြားက ဒီလောက်မှောင်နေတာ အဲဒီလိုပိုက်မျိုးကို ဘယ်လိုလုပ် တကူးတက သွားကိုင်ပါ့မလဲ။ ကိုယ်ထင်တာတော့ လူသတ်သမားက ကိုယ့်လက်ဗွေရာချန်ထားဖို့ ကိုယ့်လက်ထဲထားခဲ့တယ်လို့ ထင်တယ်။ ဒီနည်းနဲ့မှသာ ရဲတွေက လက်နက်ကနေ ကိုယ့်ကို ချက်ချင်း ရှာတွေ့မှာလေ။ လက်ဗွေကျန်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူအဖြစ်နဲ့ပေါ့။
အချိန်ခဏကြာပြီးနောက် ဝူဖုန့်ရုန်က ဖိုင်ကို ‘ချပ်’ဆိုသည့်အသံနှင့် ပိတ်လိုက်၏။ ရလဒ်အနေနဲ့ ၎င်းမှာ တိုက်ခတ်သွားသည့် လေက သူ့ရှေ့ဆံမြိတ်စအနည်းငယ်ကို သူ့ခေါင်းထိပ်တွင် သောင်တင်သွားစေသည်။
သူက ချက်ချင်းပင် ပြော၏။
“ဒီကလေးက အင်တာနက်ကော်ဖီဆိုင်ရဲ့ ဘေးမှာ အသတ်ခံခဲ့ရတာ။ ဒါကြောင့် သတ်ခဲ့တဲ့သူက အင်တာနက်ကော်ဖီဆိုင်ကလူ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ အခုက လုံခြုံရေးတွေရဲ့မျက်စိအောက်မှာ ဘယ်သူက အင်တာနက်ကော်ဖီဆိုင်ကို သွားခဲ့လဲဆိုတာ တစ်ယောက်ချင်းစီ လိုက်မေးဖို့မဖြစ်နိုင်ဘူး။ ရထားပေါ်မှာလည်း လူက သုံးရာနီးပါးလောက်ရှိတာ။ ကျွန်တော်တို့ လူတချို့ကိုပဲ အရင်ဖယ်ထုတ်ထားလို့ ရမယ်။ ပြီးမှ သံသယရှိတဲ့ လူနည်းနည်းလောက်ကို အာရုံစိုက်ပြီး သေချာမေးရမှာ။”
ကျိုးယန်လင်က သဘောတူလိုက်၏။
“ဒီလိုဆို လူသတ်သမားက ပိုင်ဟယ်သွားလိမ့်မယ် ပြောထားမှတော့ ရထားပေါ်မှာရှိတဲ့ ပိုင်ဟယ် မသွားမဲ့သူတွေကို အရင်ဘေးဖယ်ထားကြတာပေါ့။ မင်းမှာ ခရီးသည်တွေရဲ့ မှတ်တမ်းရှိတယ်မလား။ လူတိုင်းရဲ့ ဆင်းမဲ့ ဘူတာရုံကို ကြည့်ဖို့ ဖြစ်နိုင်လား။”
“ဒါက မခက်ပါဘူး။ ဒါပေမဲ့ လူတော်တော်များများ လျော့သွားမှာ မဟုတ်ဘူး။”
ဝူဖုန့်ရုန်က ရှင်းပြလိုက်သည်။
“ပိုင်ဟယ်က ရိုးရိုး ရွာအသေးလေးတစ်ခုပဲ။ ဒီလိုအချိန်မျိုးမှာ လူတော်တော်များများ သွားလေ့မရှိကြဘူး။ ဒါပေမဲ့ နှစ်တွေကြာပြီးတော့ သစ်တောက ထိန်းသိမ်းခံလိုက်ရတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်လာပြီး ခရီးသွားတွေ များလာတယ်။ ဒီနေ့က အမျိုးသားနေ့ပိတ်ရက်ရဲ့ နှစ်ရက်မြောက်နေ့ပဲ။ ဒီရထားပေါ်က ဘယ်နှယောက်လောက်ကများ ပိုင်ဟယ်ကို မသွားဘူးလို့ ခင်ဗျားခန့်မှန်းမိလဲ။ ကျွန်တော်လောင်းမယ်။ ခရီးသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပျော်ဖို့အတွက် သွားကြမှာပဲ။ ရထားရဲ့ ပထမအတွဲကနေ နောက်ဆုံးအတွဲထိ သွားကြည့်ရင် တက္ကသိုလ်ကျောင်းသားတွေ ကျောင်းခရီးထွက်လာတာကို တွေ့ရလိမ့်မယ်။ ကျောင်းသားတွေက စျေးသက်သာတဲ့ ခုံတွေရဲ့ လက်မှတ်တွေကို ဝယ်ထားကြတာ။ ပြီးတော့ ဒီလောက်နာရီတွေအကြာကြီးကို အချိန်မြန်မြန်ကုန်အောင် ယောကျ်ားလေးနဲ့ မိန်းကလေးရောနေတဲ့ သူတို့အုပ်စုက ဆူဆူညံညံနဲ့ ကစားကြလိမ့်မယ်”
ကျိုးယန်လင်ရဲ့ နှလုံးမှာ ထိုစကားများကြောင့် တစ်ခဏ နစ်မြုပ်သွားရသလိုပင်။
ရထားပေါ်မှာက အန္တရာယ်ရှိသည့် လူနှစ်မျိုးရှိသည်။ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်လာပြီဆိုလျှင် သူနှင့် ဝူဖုန့်ရုန်က ဒီကျောင်းသားများအတွက် လုံးဝကို တာဝန်မယူနိုင်လောက်ပေ။ ကလေးတစ်ယောက်က သေသွားခဲ့ပြီးပြီ။ သူတို့ ဒီကလေးများ၏ အသက်အတွက် မည်သို့ ယုံကြည်ချက် ရှိပါ့မည်နည်း။
(T/N: သေသွားတဲ့ကလေးဆိုတာက လူသတ်မှုက ရှောင်ချွမ်ကို ပြောတာပါ။)
“လူသတ်သမားက အဲဒီကစားဖို့ သွားကြမဲ့ သူတွေနဲ့ ရောနှောနေလောက်တယ်။ ပိုင်ဟယ်ကို ခရီးသွားအနေနဲ့ ဟန်ဆောင်ပြီးတော့ပေါ့။ သူက တစ်ယောက်တည်းလည်း ဖြစ်နိုင်သလို အဖော်နဲ့လည်းဖြစ်နိုင်တယ်။ ဒါက တကယ်ကို ချင့်ချိန်ကြည့်ဖို့ ခက်ခဲလွန်းတယ်။”
ကျိုးယန်လင်က ရှုပ်ပွနေတဲ့ ဖိုင်များကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းသာ ချမိတော့သည်။
ဝူဖုန့်ရုန်က သူ့အတွေးအရှည်ကြီးကို ပြန်လည်စုစည်းလိုက်ပြီး
“ပထမဆုံး မက်ဆေ့ချ်အရဆိုရင် လူသတ်သမားက ထန်ကျိုးကနေ ရထားပေါ်အထိ ခင်ဗျားနဲ့အတူတူပဲ။ ဒါ့ကြောင့် ကြားဘူတာရုံကနေ တက်လာတဲ့ လူတွေကို ချက်ချင်း ဖယ်လိုက်လို့ရတယ်။ ကျွန်တော်တို့ အခုလက်ရှိခရီးသည်တွေထဲက ရှာရုံပဲ။ ဒုတိယက မှတ်တမ်းအရဆိုရင် ရှောင်ချွမ်ရဲ့ လက်သည်းထဲမှာ အသားစနဲ့ သွေးတွေကိုတွေ့ရတာဆိုတော့ လူသတ်သမားမှာ ဒဏ်ရာတချို့ ရှိနေနိုင်ဖို့ ပိုများတယ်။ ဒဏ်ရာတွေက လက်သည်းကုတ်ရာတွေချည်း မဟုတ်ဘဲနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ၊ ရောင်ကိုင်းနေတဲ့ ဒဏ်ရာတွေ ၊ ကျိုးထား အက်ထားတာတွေ အကုန်ဖြစ်နိုင်တယ်။”
အသားစနှင့် သွေးများက DNAစစ်နိုင်ဖို့ရန်ထိ မလုံလောက်ချေ။ ထို့ကြောင့် လူသတ်သမားမှာ ဒဏ်ရာရှိနိုင်လောက်သည်ဆိုတာကိုပဲ သက်သေပြနိုင်၏။ သို့ပေမဲ့ ဤဒဏ်ရာက ခွဲခြားဖို့တော့ လွယ်ကူလေသည်။ ယခုရာသီဥတုအခြေအနေကြောင့် လူတိုင်းက အဝတ်အစားနှစ်ထပ် အနည်းဆုံး ဝတ်ထားလေ့ရှိကြပြီး ရန်ဖြစ်ကြမည်ပါက အနွေးထည်အထူကို ဖြတ်ပြီး ဒဏ်ရာရအောင် လုပ်ဖို့က ခက်ခဲ၏။ ထို့ကြောင့် ဒဏ်ရာက မျက်နှာ ၊ လည်ပင်း ၊ ရင်ဘတ် ၊ လက် ၊ နဖူးက အသားအရေပေါ်မှာ ဖြစ်ဖို့များသည်။ လက်သည်းကုတ်ရာတွေက အရမ်း မပြင်းထန်တဲ့အပြင် သတိပြုမိချင်စရာလည်း မကောင်းပေ။ ဒါ့ကြောင့် သေချာ အသေးစိတ် လိုက်မကြည့်ဘူးဆိုပါက သံသယဖြစ်စရာမရှိနိုင်။ ဒါ့ကြောင့်ပဲ လူသတ်သမားက ဒဏ်ရာနဲ့ ပတ်သက်ပြီး အရမ်းသတိကြီးကြီးထားနေလိမ့်မည် မဟုတ်။ ထို့ပြင် ထိုနေရာကို တင်းတင်းကျပ်ကျပ် ဖုံးကာထားရန်ကလည်း ထူးဆန်းနေမည်။ ရထားကို လှည့်ပတ်ကြည့်ရုံနှင့်ပင် ချက်ချင်းကို သိသွားလိမ့်မည် ဖြစ်၏။
ပိုင်ဟယ်ကို သွားမည့်သူ အတော်များများ ရှိနေခြင်းက အကြောင်းမဟုတ်တော့ချေ။ သို့ပေမဲ့ သူကြောက်မိသည်က ဒဏ်ရာအများကြီးဖြင့် မဟုတ်မှာကိုပင်။
ကျိုးယန်လင်က ဆန့်ဆန့်ရပ်လိုက်ပြီး အပြင်ထွက်ဖို့ မတ်တတ်ရပ်လိုက်သည်။ ဝူဖုန့်ရုန်က ထိုသူ့အား ရပ်ရန် လက်တစ်ဖက်ဖြင့် တားလိုက်၏။
“ကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ်။ ပထမ မက်ဆေ့ချ်ကပြောတာ ပိုင်ဟယ်ဘူတာရုံကို မရောက်ခင် လူရှာဖို့။ မဟုတ်ရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ဘာကြောင့်လဲ။”
“မင်း ဘာကိုပြောချင်တာလဲ။”
“သူက ပြောတယ်လေ ၊ ပိုင်ဟယ်ဘူတာရုံကို ရောက်မှ လူသတ်သမားကို ဖမ်းမိလို့ မရဘူးဆိုပြီး။ ဘာလို့ ဘူတာရုံရောက်ရင် ဖမ်းမိလို့မရတာလဲ။ တကယ်လို့ လူသတ်သမားက ပြည်နယ်ကနေ ထွက်ပြေးတယ်ဆိုရင်တောင် အဲဒီပြည်နယ်ကိုကျော်ပြီးတော့ သူ့ကို သွားဖမ်းလို့ ရသေးတာပဲ။ ပိုင်ဟယ်ကို ရောက်မှ လူသတ်သမားက လုံခြုံမှာမလို့လား။ တစ်ယောက်ယောက်က သူ့ကို စောင့်ရှောက်ပေးထားမှာမလို့လား။ ဒီလိုသာဆိုရင် လူသတ်သမားက သူ ပိုင်ဟယ်ကို ရောက်မှ လုံခြုံလိမ့်မယ်ဆိုတာ သိလောက်မှာပေါ့။ ဒါဆို ဘာလို့ ဒီရထားကို စီးချင်ရတာလဲ။ လေယာဉ်နဲ့သာဆိုရင် သုံးနာရီပဲ ကြာမှာလေ။ အမြန်ရထားနဲ့ဆိုရင်တောင် ရှစ်နာရီပဲကြာမှာ။ ဘာလို့ နှစ်ရက်နဲ့တစ်ည စောင့်နေတော့မလဲ။”
“ဘာလို့လဲဆိုတော့ သူ့ငွေရေးကြေးရေးအခြေအနေက ပြဿနာရှိနေလို့များလား။”
ဝူဖုန့်ရုန်က နှာခေါင်းရှုံ့လိုက်ပြီး
“ခင်ဗျားလူသတ်ခဲ့တယ် ဆိုပါစို့။ ပြည်သူ့လုံခြုံရေးဌာနက တစ်နိုင်ငံလုံးအလိုရှိစာရင်းထဲကို ခင်ဗျားကို ထည့်ထားမယ်။ ခင်ဗျားအဖမ်းမခံရအောင် အာမခံပေးနိုင်မဲ့ လူတစ်ယောက်ပဲရှိမယ်။ ဒီလိုသာဆို အဲဒီအတွက် ပိုက်ဆံတွေအများကြီး ထပ်အကုန်ခံမှာပဲလေ ၊ ဟုတ်တယ်မလား။ ပိုက်ဆံတွေအားလုံး စုပြီးတဲ့အပြင် သူငယ်ချင်းကိုလည်း လေယာဉ်လက်မှတ်အတွက် ပိုက်ဆံနည်းနည်းလောက်ချေးဖို့ ပြောလို့ မရတော့ဘူးလား။ ပိုက်ဆံကို အမြဲတမ်း ရနိုင်နေပေမဲ့ အဖမ်းခံရရင်က ဘာမှမကျန်တော့ဘူးလေ။”
ဒီလိုသာဆို ဖြစ်နိုင်သည်က တစ်ခုပဲ ကျန်တော့မည်။
“သူက ဒီရထားကိုပဲ စီးနိုင်လို့။ သူက နာမည်ပျက်ရှိလို့ လေယာဉ် ဒါမှမဟုတ် အမြန်ရထားကို မစီးနိုင်တာမျိုး။”
ဝူဖုန့်ရုန်က ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး
“ကျွန်တော် အရင်ဆုံး လှည့်ပတ်ကြည့်လိုက်မယ်။ ပြီးရင် ခရီးသည်ရဲ့ အချက်အလက်နဲ့ နာမည်ပျက်စာရင်းကို ကွန်ပျူတာ system ဆီ ပြန်လာရှာမယ်။ ခင်ဗျား ကျွန်တော့်ကို စောင့်နေ။ တစ်နာရီအတွင်း ပြန်လာခဲ့မယ်။”
သူတို့အလုပ်အကြောင်း တစ်ခဏပြောပြီးသည့်အခါ ကျိုးယန်လင် ထိုလူကို နှောင့်ယှက်လိုက်၏။
“ကိုယ်ပဲ ရထားတွဲတွေကို လိုက်လှည့်ကြည့်လိုက်မယ်။ မင်း backend system ဆီ တစ်ခါတည်း သွားလို့ရတယ်။”
“အဲဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။ လူသတ်သမားက ခင်ဗျားကို မှတ်မိနိုင်တယ်။ သူသာ ခင်ဗျားကို ရထားပေါ်မှာတွေ့ရင် ရဲမတိုင်ဘူးလို့ မပြောနိုင်ဘူး။ ပြီးတော့ အပြင်မှာ ဝန်ထမ်းတွေနဲ့ ရဲတွေအများကြီးရှိတယ်။ ခင်ဗျားရဲ့ပုံကိုကြည့်ဖို့ ကျွန်တော် သူတို့ကို ခွင့်ပြုထားမိတယ်။ ဒီအချိန်မှာတော့ မျက်နှာမပြတာအကောင်းဆုံးပဲ။ ခင်ဗျား ပေါ်ပေါ်ထင်ထင် နေလေလေ အန္တရာယ်ပိုများလေလေပဲ။”
“အနည်းဆုံး ကိုယ့်ကို တစ်ခုခုတော့ လုပ်ဖို့ ခွင့်ပြုပေး။ မင်း တစ်ယောက်တည်း အမြဲတမ်း အလောတကြီး လုပ်နေလို့ မရဘူးလေ။”
ဝူဖုန့်ရုန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ့ရုံးစားပွဲပေါ်မှ ကွန်ပျူတာကို ဖွင့်လိုက်ကာ username နှင့် password ရိုက်ထည့်ပြီး log in ဝင်လိုက်သည်။ အထဲမှာကတော့ ရထားဌာန၏ ကွန်ပျူတာ system ပင်။
“ဒီမှာ ခင်ဗျား ခရီးသည်တွေအားလုံးရဲ့ ကိုယ်ပိုင်အချက်အလက်တွေ စစ်ဆေးလို့ရတယ်။ နာမည် ၊ အိုင်ဒီကဒ် ၊ သွားမယ့်နေရာ အားလုံးကဒီမှာရှိတယ်။ နာမည်ပျက်စာရင်းကတော့ ကိုယ့်ဘာသာကိုယ်ကြည့်မှရမယ်။ နာမည်ပျက်စာရင်းနဲ့သူတွေကို autoစိစစ်ထားတာမျိုးတော့ မရှိဘူး။ တစ်ယောက်ချင်းစီ လိုက်ကြည့်မှပဲရမယ်။ တတ်နိုင်သလောက်မြန်မြန် ကျွန်တော့်လက်အောက်အရာရှိနဲ့ ဆက်သွယ်ပြီး သူနဲ့ ဆွေးနွေးကြည့်မယ်။ တချို့ဟာတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပြောနိုင်မှာ မဟုတ်ဘူး။ အခုချိန်မှာတော့ လုပ်ကြံပြောဆိုထားရဦးမယ်။ ကျန်တာကတော့ ခင်ဗျားအပေါ်ပဲမူတည်တယ်။”
ကျိုးယန်လင်က ရှေ့သို့ မှီကျလာပြီး သူ့ပါးစပ်ထောင့်လေးကို နမ်းလိုက်ကာ ဝူဖုန့်ရုန်ကို ခေါင်းသာ ဆက်မော့နေစေတော့သည်။ ဝူဖုန့်ရုန်မှာ ကျိုးယန်လင်ကြောင့်ဖြစ်တဲ့ အဝတ်ခေါက်ရိုးများကို ပြန့်ပြူးအောင် ပြန်ညှိလိုက်ပြီး သူ့အသံကို နှိမ့်လိုက်ကာ
“လိမ္မာအောင်နေ။ အန္တရာယ်ကင်းအောင်နေ။ အဲဒီလူက ခင်ဗျားကို ရှာမတွေ့သွားစေနဲ့။ ကျွန်တော် စိတ်ပူနေတာ တစ်ခုရှိသေးတယ်။ ပိုင်ဟယ်က သူ့အတွက် လုံခြုံရတဲ့ အကြောင်းအရင်းဖြစ်နေတာက အဲဒီမှာ သူ့ကို စောင့်ရှောက်ပေးမယ့် အကောင်ကြီးကြီးရှိလို့ ဒါမှမဟုတ်ရင် ဖြစ်နိုင်တာတစ်ခုက………”
ကျိုးယန်လင်၏ အသံက လေးလေးနက်နက်ဖြစ်သွားပြီး
“သူက ပိုင်ဟယ်ဘူတာရုံကို ရောက်ရင် သေမှာမလို့။”
သေပြီးသားလူတွေက အဖမ်းမခံရတော့ဘူးဆိုတာ ပုံမှန်ပင်ဖြစ်သည်။ ဒီလိုသာဆို သေဆုံးသွားတဲ့ ရှောင်ချွမ်အဖို့ သက်သေပြဖို့ ခက်ခဲသွားလိမ့်မည်။ နောက်ပြီး ကျိုးယန်လင်က ခရီးအတူတူသွားသည်ဆိုတာကလည်း သံသယပိုဖြစ်စေနိုင်ပြီး သူ့ကို လူထပ်သတ်မည်ဆိုပြီး အထင်လွဲစေနိုင်၏၊ ဒီလိုသာဆိုရင် သူဘယ်တော့မှ သံသယအဝင်ခံရတာကနေ လွတ်မှာ မဟုတ်တော့ချေ။
ဝူဖုန့်ရုန်က ပြန်နမ်းဖို့အတွက် ကျိုးယန်လင်၏ ရှပ်ကော်လာကို ဆွဲလိုက်၏။ သူပုံမှန်ဆိုလျှင် ရထားနှင့်အတူ ယိမ်းထိုးနေခဲ့ဖူးသော်လည်း ယခုတော့ ကျိုးယန်လင်၏ ရင်ဘတ်ပေါ်မှီထားသည်မှာ သူ့အပေါ်မှီခိုဖို့ လိုအပ်နေသည်ဟုပင် နားလည်မှုလွဲသွားစေနိုင်သည်။ သူ့စစ်တပ်သိုးမွေးကုတ်က ထိုသူ၏ အပေါ်ဝတ်ကို ပွတ်တိုက်သွားသည်မှာ ချစ်စဖွယ်ကောင်းပြီး အကောင်ပေါက်တိရစ္ဆာန်လေးရဲ့ အမြီးကဲ့သို့ပင်။ ကျိုးယန်လင်က သူ့ခါးကိုထိန်းထားပေးပြီး သူ့နှုတ်ခမ်းများကြားကို နီးနီးကပ်ကပ်နမ်းလို့နေ၏။ အချိန်ခဏမျှ သူ့ပါးစပ်မှ အနွေးဓာတ်က ဝူဖုန့်ရုန်၏ လေပြွန်ကို ဖြတ်သွားပြီး ရင်ဘတ်ထဲသို့ ဝင်ရောက်သွားသည့်အလား။ အနွေးဓာတ်ကြောင့် သူ့အစာအိမ်မှာတော့ မုန့်ဖုတ်ဖို၏ အောက်ခြေနှင့်ပင် ဆင်နေလေပြီ။
ဝူဖုန့်ရုန်က သူ့ကို လုံးဝမကူညီဖို့ပင် သူ စိတ်ပြင်ဆင်ထားသည်။ သူတို့က နီးနီးကပ်ကပ်ပွတ်သပ်မှုတွေကြောင့် သာယာမှုရတတ်ကြတဲ့ လူကြီးတွေဖြစ်နေပြီပင်။ လူကြီးတွေဆိုသည်က အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ကောင်းကောင်း ခွဲခြားပြောဆိုနိုင်သည်။ သို့ပေမဲ့ ဒီလိုအနမ်းမျိုးကတော့ ကျိုးယန်လင်ကို မသေချာမရေရာပင် ဖြစ်သွားစေ၏။ ဝူဖုန့်ရုန်နှင့် ပတ်သက်လျှင် အရာရှိ၏ တာဝန်နှင့် ကန့်သတ်ချက်များကြောင့် ပထမအကြိမ် သွေးဆောင်မှုမျိုးကပင် သူ့ကို အသံထွက်အောင်လုပ်ဖို့ လုံလောက်နေပြီဖြစ်သည်။ ဒီလိုပထမခြေလှမ်းလှမ်းပြီးမှ တခြားတောင်းဆိုချက်များကို အကြောင်းပြချက်အနေနှင့် တောင်းဆိုခြင်းမျိုးက အကျိုးကြောင်းမသင့်ချေ။ သို့ပေမဲ့ သူလည်း သူလိုငါလို ရင်ထဲထိသွား၍ဟုလည်း ကျိုးယန်လင် မယုံကြည်ပေ။ သူတို့က ထိုအဆင့်ကိုရောက်ရန် အဝေးကြီး လိုသေးသည့်အပြင် ယခုဆက်ဆံရေးကလည်း အကြံအစည်အများအပြားနှင့် ရောယှက်နေသေးသည်။ ဝူဖုန့်ရုန်၏ ကလူ၏မြှူ၏အမူအရာမှာ အစစ်အမှန်ဖြစ်သော်လည်း သူ၏ ရူးသွပ်စွဲလမ်းမှုကတော့ တကယ်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူက နက်နက်နဲနဲ အရူးအမူးဖြစ်နေသည့်ပုံ ဟန်ဆောင်ခဲ့၏။ ကျိုးယန်လင် ယုံကြည်ခဲ့သည်က သူကသာ အာမခံရောင်းဖူးသောကြောင့် ဤလိုမျိုးအမူအရာကို အကောင်းဆုံး လုပ်နိုင်သည့်သူဟု။ သို့သော်လည်း မထင်မှတ်စွာပင် အရာရှိကြီးကလည်း ဤကဲ့သို့ ပုံစံမျိုးကို ယုံကြည်ချက်ရှိရှိနှင့် ပေါ့ပေါ့ပါးပါး လုပ်သွားနိုင်သည်ပင်။
ထိုသို့သာဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ဝူဖုန့်ရုန် သူ့ကို ကိုင်ထားတာက အာမခံပေါ်လစီတစ်မျိုးကြောင့်ပင်။ တစ်စုံတစ်ယောက်ကို ကောင်းစွာဆက်ဆံတဲ့ အမျိုးသား ၊ မိန်းကလေးတွေကိုလည်း ကောင်းစွာဆက်ဆံသည်ဆိုတာက တွယ်တာမှုကြောင့်မဟုတ်ဘဲ လုပ်ငန်းတစ်ခု ဝယ်ယူခြင်းကဲ့သို့ “ရည်မှန်းချက်”ကို ပြီးမြောက်စေချင်သောကြောင့် ဖြစ်သည်။ သူကတော့ ဒီစာရင်းကိုယူပြီး အကုန်ပြီးဖို့ ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ စာရင်းကို ပြီးအောင်လုပ်ခြင်းက အလုပ်မှာ အောင်မြင်မှုရရန် အလုပ်ကြိုးစားသကဲ့သို့ပင်။ ဝူဖုန့်ရုန် ကျိုးယန်လင်ကို အမိအရ ဆွဲဆောင်ထားသည်က အလုပ်ကြောင့် ဒါမှမဟုတ် ယောကျ်ားလေးများ၏ ပိုင်ဆိုင်လိုစိတ်ကြောင့်လည်း ဖြစ်နိုင်၏။
ကျိုးယန်လင်က အမြဲတမ်း “ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်သည်”ဆိုသည့် စိတ်ရှိခဲ့သည်။ နောက်ပိုင်းမှာတော့ သူ အာမခံအရောင်းစာရေးဖြစ်သွားခဲ့၏။ ထိုနေရာတွင်က ဘာအလုပ်အကျိုးခံစားခွင့်မှမရှိသလို မျှော်လင့်စရာလည်း ဘာမှမရှိချေ။ သူ၏ လက်မထပ်ရသေးသည့် ဘဝကလည်း အထီးကျန်စရာကောင်းသေးသည်။ ဤအလုပ်က သိသိသာသာကို ပုံမှန်မဆန်တာကြောင့် သူ လူအုပ်ထဲက တစ်ယောက်ဖြစ်ချင်ပေမဲ့ မဖြစ်နိုင်ချေ။ တခြားသူများက သူ့ကို ဆင်ခြင်တုံတရားကင်းမဲ့သည့် လူလိမ်လူညစ်ဟု မှတ်ယူကြလိမ့်မည်။ ထို့ကြောင့် သူလည်း သူကိုယ်တိုင်နှင့် အခြားသူတွေ အဆင်ပြေစေဖို့ လူရမ်းကားကဲ့သို့သာ ပြုမူလေ့ရှိသည်။
ဝူဖုန့်ရုန်က ဒီအတိုင်း ကတိပေးလိုက်ရုံဆိုသော်လည်း ကျိုးယန်လင်၏ ယောကျ်ားတစ်ယောက်ကဲ့သို့ မာနကို ကျေနပ်စေဖို့ သူလည်း အလုပ်ကြိုးစားဖို့ ကတိပေးလိုက်၏။ မည်သူက ဝူဖုန့်ရုန်လို တစ်ယောက်ယောက်က ကတိပေးလာခြင်းကို မကြိုက်ဘဲနေမည်နည်း။ လောကကြီးမှာ ထိုလူဆီက အကျိုးအမြတ်ရတာက ကျိုးယန်လင်အဖို့ သုံးဘဝလောက် ကောင်းချီးပေးခံရသလိုပင်။
………………………………………………………………………………….
Swara Webnovel Translation