Chapter 6
![](https://mmstoryglory.com/wp-content/uploads/2024/06/Picsart_24-06-14_08-51-32-859-200x300.jpg)
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Galene
Chapter (6)
ဆုံးဖြတ်ချက်ကောင်းတွေကိုပဲ ချတဲ့ ခေါင်းဆောင်တစ်ယောက်
*******
ဘီးသံများကို ကြားရသည်က တစ်ခါတလေ စိတ်ပင်ပန်း၊ ပျင်းရိဖို့ ကောင်းပြီး ငြီးစီစီဖြစ်စေသည့် အပြင် တစ်ခါတစ်ရံ ထိတ်လန့်စရာပင် ကောင်းသေးသည်။
ပုံမှန်အားဖြင့် ဝူဖုန့်ရုန် အိပ်ပျော်ရန် ဆယ်မိနစ်မျှပင် မလိုပါချေ။ သို့တိုင်အောင် ယခု သူ့လက်ဖဝါးများတွင် ချွေးများ ရွှဲရွှဲစိုနေလေ၏။ အထူးသဖြင့် ရုပ်အလောင်းများကို အနီးကပ် ရိုက်ထားသည့် ဓာတ်ပုံများကို ပြန်စဉ်းစားမိ၍ သူ့အာရုံကြောများက ပိုလို့ပင် တင်းမာလာရသည်။ သူနှင့် ကျိုးယန်လင်သာမက ရထားပေါ်ရှိ ခရီးသည်များကိုပါ ထိန်းချုပ်ထားသည့် ဤပဲ့ကိုင်ဘီးက နေရာတစ်ခုတည်းသို့ ဦးတည်သွားသည့်အခါ အချင်းချင်း ပွတ်တိုက်သံ ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် အပြင်ဘက်ရှိ ရေနံတွင်းတစ်ခုကို သူတို့ ဖြတ်သန်းသွားရသည်။ သူတို့မြင်နိုင်သလောက်ဆိုလျှင် ငွေရောင်ကွန်ယက်ဖြင့် ဖုံးအုပ်ထားသည့် အဖြူရောင်များ ကွင်းပြင်ကျယ်ကြီးပင်။ အနီးကပ်ကြည့်ပါက ထူထပ်သိပ်သည်းနေသည့် ရေနံပိုက်လိုင်းများနှင့် အလျားလိုက်၊ ဒေါင်လိုက်ဖြတ်ထားသည့် ပိုက်လိုင်းများက မျက်နှာကြက်ပေါ်မှ မြေပြင်ပေါ်သို့ ခပ်ဖွဖွ ကျရောက်လာသည့် ပင့်ကူမျှင်နှင့်ပင် တူနေသည်။
ပိုက်လိုင်း၏ ဘယ်နှင့် ညာဘက်တွင် ခပ်သေးသေး တာဝါတိုင်ငယ်များရှိ၏။ တာဝါတစ်ခုချင်းစီ၏ ထိပ်တွင်မူ တဖွဲဖွဲကျနေသည့် နှင်းများကြောင့် ပိတ်ဆို့တားဆီးခံထားရသည့် အနီရောင်ဖျော့ဖျော့ သင်္ကေတတစ်ခု ရှိလေသည်။
လက်မှတ်ရောင်းသည့်နေရာက ရထားတွဲနံပါတ် ၈ ဖြစ်ကာ ဝူဖုန့်ရုန် အတွဲနံပါတ် ၉ ကို နောက်ပြန်လျှောက်ပြီးမှ အတွဲနံပါတ် ၁၀ သို့ တက်သွားရသည်။
သူ့လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲတွင် ထည့်ထားပြီး လမ်းလျှောက်နေစဉ် အနည်းငယ် လှုပ်ယမ်းနေရာ လမ်းမထက်တွင် အေးအေးလူလူ လမ်းလျှောက်နေသည့် သခင်လေးတစ်ယောက်နှင့်ပင် တူ၏။ အတွဲနံပါတ် ၉ ကို မဝင်သေးခင် သဲသောင်ပြင်တွင် ဗုံးတစ်လုံးကြဲခံလိုက်ရ၍ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသလို ကျယ်လောင်လှသည့် မိန်းမတစ်ယောက်၏ ရယ်သံတစ်သံ ထွက်လာသည်။
မျက်နှာချင်းဆိုင်ထိုင်ကာ မာကျောက်ကစားနေသည့် အမျိုးသမီးကြီးလေးဦးထဲတွင် လက်တစ်စုံက အထပ်လိုက် ငွေစက္ကူများကို ဝှေ့ယမ်းလိုက်သည်။ ထိုင်ခုံနောက်ကွယ်ကြောင့် သူ့မျက်နှာက ဖုံးကွယ်လျက်ပင်။ ထိုအသံက ထပ်မံအော်ဟစ်လာပြန်၏။ “ငါ ပြောတာ အရင်တစ်ခေါက် သူ့လက်ထဲမှာ အသေးတစ်ကဒ်ပဲ ရှိနေတာပါဆို။ နင် ငါ့ကိုမယုံဘူးလား။ စောစောတုန်းက သူနဲ့သာ သုံးယောက်တည်း ကစားရင် သူပဲ အနိုင်ရမှာ”
ခရီးသည်များ၏ အကြည့်က ထိုဆီသို့ ရောက်ကုန်ကြသည်။ အော်ဟစ်သံက သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်မှာ သေချာသော်လည်း မည်သူကမျှ ထုတ်ပြောရန် သတ္တိမရှိပေ။
ဝူဖုန့်ရုန် မနှေးမမြန် အရှိန်ဖြင့် ထိုနေရာသို့ ချဉ်းကပ်သွားခဲ့သည်။ သူ အရပ်ပုပုနှင့် အသက်ကြီးဟန်တူသည့် အမျိုးသမီးများကိုသာ မြင်တွေ့ရသည်။ ထိုအထဲမှ တစ်ယောက်က ပီအိုနီပန်းပွင့်များဖြင့် ခရမ်းရောင် ဂျာကင်အင်္ကျီအပွကြီးကို ဝတ်ဆင်ထား၏။
သူ့မျက်ခုံးများက ထင်ရှားခြင်းမရှိဘဲ တြိဂံပုံစံမျက်လုံးများ၊ သွားကျဲကျဲများနှင့် ဒိုးခနဲ ဒက်ခနဲ ပြန်ပြောနိုင်သည့် ပါးစပ်ကို ပိုင်ဆိုင်ထားသည်။ သူ့ဆံပင်ထူထူက ခေါင်းနောက်တွင် ကျစ်ဆံမြီးပုံစံ တွဲလဲချထားပြီး ဆံထုံးအုပ်ဖြင့် ဖုံးကွယ်ထားလေသည်။ သူက မာကျောက်ပုံဘက်သို့ လက်လှမ်းလိုက်သည်။ သူ့ရင်ဘတ်က နှိမ့်ကျသွားပြီး ရှပ်အင်္ကျီကော်လံက အောက်လျှောကျသွားရာ လည်ပင်းဘေးတစ်ဖက်တွင် အညိုရောင်အမာရွတ်တစ်ခု ပေါ်လာ၏။
ဝူဖုန့်ရုန်က ခရီးသည်များအတွက် ယဉ်ကျေးသိမ်မွေ့သည့် လေသံဖြင့် စားပွဲခုံကို ခေါက်လိုက်သည်။ “လောင်ယွမ်ကျား၊ မာကျောက်ကို တိတ်တိတ်လေး ကစားပေးပါ။ တခြားသူတွေ အနားယူနေတယ်လေ”
(T/N- လောင်ယွမ်ကျား_ polite term for old woman or man)
ထိုအသက်ကြီးကြီးအမျိုးသမီးက သူ့ကို စောင်းကြည့်လာတော့သည်။ “သူများကိစ္စမှာ ဘာလို့ လာရှုပ်နေတာလဲ။ အကြီးကို ဘယ်လိုလေးစားရမလဲဆိုတာ မင်း နားမလည်ဘူးလား”
ဝူဖုန့်ရုန်က ပြစ်တင်ရှုတ်ချလာသည်။ “မဒမ်က အကျယ်ကြီး အော်ဟစ်နေတော့ တခြားခရီးသည်တွေက သူတို့ကို နှောင့်ယှက်ဖြစ်တယ်ဆိုပြီး အများကြီး တိုင်ကြတယ်။ ရထားအရာရှိဖြစ်တဲ့ ကျွန်တော်က ဒီနေရာက ပြည်သူပိုင်နေရာဆိုတာ အသိပေးချင်ရုံပါပဲ။ နောက်တစ်ခါဆိုရင်တော့ မဒမ်နဲ့ စကားပြောမဲ့သူက သေချာပေါက် ကျွန်တော်မဟုတ်ဘဲ ယာဉ်ထိန်းရဲပဲ ဖြစ်လိမ့်မယ်”
ရထားထဲတွင် ချက်ချင်း ငြိမ်သက်သွားကျလေ၏။ ထိုအမျိုးသမီးကြီးက လန့်ဖျပ်သွားသည်။ ခုနလေးကမှ ကောင်းကင်ဘုံအထိ တက်သွားနိုင်သည့် ဒေါသအခိုးအငွေ့များကလည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားလေဟန်။ ထို့နောက်တွင် အမျိုးသမီးကြီးက နောက်မဆုတ်ချင်ဘဲ တစ်ခုခုပြောချင်နေပုံဖြင့် သူ့ခေါင်းကို ချာခနဲ လှည့်လာသည်။ သူ့ဘေးခုံရှိ ထိုင်ခုံဖော်က သူ့လက်မောင်းကို ဆွဲလိုက်ရင်း တိတ်တိတ်နေရန် အချက်ပြသည်။
ဝူရုန့်ဖန် သူ့မျက်နှာထားကို ချက်ချင်းပြောင်းကာ နူးညံ့လှသည့် အပြုံးချိုချိုတစ်ပွင့်အဖြစ် ပြောင်းလဲလိုက်ရင်း သူ့ကော်လံကို လက်ညှိုးထိုးပြလိုက်၏။ “မနက်အစောကြီးဆိုရင် ပိုအေးလာပြီဆိုတော့ လေအေးတွေ ဝင်ပြီး မဖျားအောင် ပြတင်းပေါက်ကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။ မဒမ့်ကိုယ်ပေါ်မှာလည်း ဒဏ်ရာနဲ့လေ၊ ပိုတောင် ဂရုစိုက်သင့်သေးတာပေါ့။ ကော်လံကို သေချာစေ့ထားလိုက်ပါလား။ မဟုတ်ရင် ချောင်းစဆိုးတော့မှာ”
သူ့ထံတွင် အဆူပူခံလိုက်ရသည့် အမျိုးသမီးကြီး၏ မျက်နှာက နီတစ်ခါ ပြာတစ်လှည့်ဖြင့် အခွင့်အရေးယူခံလိုက်ရသည့် မိန်းကလေးငယ်လေး၏ မျက်နှာဖြင့်ပင် ဆင်တူသယောင်။ သူက ကော်လံကို စေ့လိုက်ပြီး ပြတင်းပေါက်ကို ကိုယ့်ဘာသာ ပိတ်လိုက်သည်။
ပြတင်းပေါက်မှန်က ထူထဲကာ လေးလံလှချေ၏။ ထိုပြတင်းပေါက်မှန်ကို အပေါ်မှ အောက်သို့ ပိတ်ချရန် လက်နှစ်ဖက်ကို သုံးရကာ အောက်သို့ လက်ထောက်လိုက်ပြီးမှ ပိတ်လိုက်နိုင်သည်။
ဝူဖုန့်ရုန် သူ(မ)လက်မှတ်ကို စစ်ရန် မေးမြန်းမိ၏။ ထိုအမျိုးသမီးက တုံ့ဆိုင်းနေခြင်း မရှိပေ။ လက်မှတ်ပေါ်တွင် ရေးထားသည့် သူ(မ)နာမည်က “လျိုရှောင်းချွင်” ပင်။ သွားရောက်မည့် နေရာက ပိုင်ဟယ်ဖြစ်သော်လည်း ထိုင်ခုံနံပါတ်က မှားနေသည်။
အစက ရထားထဲတွင် လူအနည်းငယ်သာ ရှိနေသည်။ ခရီးသည်များကိုယ်တိုင်က သက်သောင့်သက်သာရှိသည့် ထိုင်ခုံများသို့ ရွှေ့ထိုင်ချင်သည်ဆိုလျှင် သူကိုယ်တိုင်က ထိန်းချုပ်ရန် မတတ်နိုင်ပေ။
ဤအသက်ကြီးကြီးနှင့် လေးစားမှုမရှိသည့် လူများက ဝူဖုန့်ရုန်၏ လက်ထဲသို့ ကျရောက်လာသောကြောင့် ဝူဖုန့်ရုန်လည်း သူ့လက်မှတ်ပေါ်ရှိ နံပါတ်အတိုင်း ထိုင်ရန် ရည်ရွယ်ချက်ဖြင့် မာကျောက်ကစားနေသည်ကို နှောင့်ယှက်ခဲ့ခြင်း ဖြစ်၏။
စိတ်ကျေနပ်စွာဖြင့် ထိုထိုင်ခုံကို ကျော်သွားပြီး သူ့မျက်လုံးများကို ဟိုဟိုသည်သည် ကစားလိုက်သည်။ တခြားလူများက သူ့ကို ကားအတွင်း လှည့်ပတ်ကြည့်နေသည့် ရထားတွဲစောင့်ဟုသာ ထင်၍ စိတ်ထဲမထားကြပေ။
တစ်ခဏအတွင်း ကားအတွင်းဘက်က ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေသည်။ ရထားတွဲနံပါတ် ၁၀ က ကျောင်းသားများဖြင့် ပြည့်နှက်နေရာ လူများ၏ စိတ်အခြေအနေက ပိုမိုတက်ကြွနေ၏။ ကားထဲတွင် အလွယ်တကူရွှေ့ပြောင်းနိုင်သည့် အပူပေးကိရိယာခြောက်လုံးကြောင့် အပူရှိန်က တဟုန်းဟုန်းဖြင့်။ လူအများစုက အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်ကြပြီး အတွင်းတွင် အဝတ်တစ်ထပ်တည်းသာ ဝတ်ဆင်ထားကြသည်။
အောက်တိုဘာအစောပိုင်းဖြစ်၍ ဝူဖုန့်ရုန်အတွက် ကံကောင်းလှကာ ဆောင်းရာသီက တရားဝင် မစတင်သေးချေ။ နောက်တစ်လအကြာဆိုလျှင် ကားထဲရှိ အပူချိန်ကို ၁၀ ဒီဂရီဆဲလ်စီးယပ်စ်အထက် ထားရန်ပင် ခက်ခဲပေလိမ့်မည်။ ထိုအချိန်တွင် လူများက အဝတ်လေးထပ်၊ ငါးထပ် ထပ်ဝတ်ရမည်ဖြစ်ကာ တစ်ခုခုရှာဖွေရမည်ဆိုလျှင် ထူးဆန်းနေတော့မည်။
ရထားနံပါတ် ၁၀ ထဲမှ ထွက်လာသည့် ဝူဖုန့်ရုန် ထမင်းစားရမည့် ရထားတွဲဆီသို့ လမ်းလျှောက်သွားလိုက်သည်။ မနက်စာစားချိန်တွင် ထိုရထားတွဲထဲ၌ လူများစွာရှိနေလေ၏။ ထမင်းချက်က သူ ရောက်လာသည်ကိုမြင်သည့်အခါ မီးဖိုပေါ်မှ ယခုလေးတင် ချလိုက်သည့် အငွေ့တထောင်းထောင်းဖြင့် ပဲနို့လတ်လတ်ဆတ်ဆတ်တစ်ခွက်ကို လှမ်းပေးလာသည်။ သူ ကျေးဇူးတင်စကားဆိုရင်း ခွက်ကို သူ့လက်ထဲတွင် ကိုင်ထားမိသည်။ ရထားထိန်းကို မြင်သည့်အခါ ဝူဖုန့်ရုန် တစ်ဖက်လူကိုသာ လှမ်းပေးလိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင်မှ ပဲနို့ကို လှမ်းယူလိုက်သည့် ရထားထိန်းက သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး သူ့နောက်ကို လက်ညှိုးထိုးပြလာ၏။ “ဟိုဘက်ကို သွား။ ဟိုဘက်မှာ…အချစ်တွေနဲ့ ယိုစိမ့်နေတဲ့…အာ”
ဝူဖုန့်ရုန် သူ့အနောက်သို့ လှမ်းကြည့်မိသည်။ ထမင်းစားသောက်ကြသည့် ရထားတွဲနှင့် အတွဲနံပါတ် ၆ ကို ဆက်သွယ်ထားသည့်နေရာတွင် အနည်းငယ် ခွဲခွာရမည်ကိုပင် မလိုလားဘဲ နမ်းရှုံ့နေကြသည့် ချစ်သူရည်းစားတစ်တွဲ ရှိနေသည်။
ကောင်လေးက သေးငယ်လှသည့် မိန်းကလေး၏ ကိုယ်ကို လေကာမှန်အပေါ် ဖိထားကာ သူ့တစ်ကိုယ်လုံးကို မျိုချချင်သလို ပွေ့ကိုင်ထားသည်။
တခြားနေရာများတွင်ပင် ကားထဲ၌ ကလူကျီစယ်နေသည့် အတွဲများစွာ ရှိနေ၏။ ဝူဖုန့်ရုန် အိပ်ခန်းရထားတွဲထဲရှိ အိပ်ရာပေါ်တွင် ဂနာမငြိမ်ကြသည့် လူများကိုပင် တွေ့မြင်ဖူးသည်။
သို့ရာတွင် လေကာမှန်နေရာက အလွန်အန္တရာယ်များပြီး လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေရုံသာမက ဘီးဝင်ရိုးပေါ်ရှိ ထင်မှတ်မထားသည့် အလေးချိန်က ရထားတွဲ၏ ကိုယ်ထည်ကို မတည်မငြိမ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရထားတွဲနှစ်တွဲကြား ဆက်သွယ်မှုကို ပြတ်ပင် ပြတ်တောက်သွားစေလိမ့်မည်။ ဤသည်က နောက်ပြောင်ရမည့် ကိစ္စမဟုတ်ချေ။
ရထားထိန်းက သူတွေးနေသည့်အတွေးကို သိနေသလိုပင်။ “ကျွန်တော် သူတို့ကို သွားဖျောင်းဖျတော့ ကောင်းကောင်းမွန်မွန် သဘောတူလိုက်တာပဲ။ ကျွန်တော် ပြန်လာတော့ သူတို့က အဲဒီမှာ အချင်းချင်း ပွေ့ဖက်နေကြပြန်ပြီ”
ဝူဖုန့်ရုန် လှောင်ပြောင်သံပြုလိုက်၏။ သူ ရှေ့သို့ နှစ်လှမ်း၊ သုံးလှမ်းတိုးသွားလိုက်ပြီး အာသာဆန္ဒပြင်းပြနေသည့် သမီးရည်းစားများကို ခွဲထုတ်ရန် အာရုံစိုက်လိုက်သည်။ မိန်းကလေးက သူ ပေါ်လာသည်ကို မြင်သည့်အခါ မျက်ရည်များဖြင့် စိုရွှဲနေသည့် သူ့မျက်နှာကို ချစ်သူကောင်လေး၏ ရင်ခွင်ထဲသို့ ချက်ချင်း ထည့်ဝှက်လိုက်သော်လည်း ဝူဖုန့်ရုန် ထိုမိန်းကလေး၏ အလင်းထဲရောက်နေသည့် မျက်နှာတစ်ဝက်ကို မြင်လိုက်ရ၏။
ကောင်လေးက သူ(မ)ကိုယ်ကို ကာထားပေးရင်း ဝူဖုန့်ရုန်ကို တောင်းပန်စကား ဆိုလာသည်။ “ကျွန်တော်တို့ ခဏနေရင် ထွက်သွားတော့မှာပါ။ သူက စိတ်အခြေအနေသိပ်မကောင်းလို့…ကျွန်တော် နှစ်သိမ့်ပေးနေတာပါ၊ တောင်းပန်ပါတယ်”
“ဒါက မိန်းကလေး သုတ်ဖို့အတွက်” ဝူဖုန့်ရုန် တစ်ရှူးတစ်ရွက်ကို ထုတ်ပေးလိုက်သည်။
“မိန်းမလှလေး မျက်ရည်တွေအများကြီးကျနေတာ ဘယ်လို ကြည့်လို့ကောင်းမှာလဲ”
“ကျေးဇူးတင်ပါတယ်။ သူ့စိတ်အခြေအနေက သိပ်မကောင်းလို့ပါ။ အဆင်ပြေသွားမှာပါ”
“လာကြည့်ပေးဖို့ ဆရာဝန်ကိုရော ခေါ်ရဦးမှာလား”
ထိုမိန်းကလေးက စကားဝင်မပြောပေ။ သူ(မ)ကောင်လေး၏ ပခုံးပေါ်တွင်သာ မျက်နှာတစ်ဝက်ကို ရှက်ရွံ့စွာ လှစ်ဟပြထားသည်။ ထိုကောင်မလေးက တက္ကသိုလ်ကျောင်းသားအရွယ်လောက် ဖြစ်လိမ့်မည်။
သူ(မ)၏ ဆံနွယ်အစွန်အဖျားများကို ကောက်ထားပြီး မျက်နှာကိုလည်း လိမ်းခြယ်ထားသော်လည်း ဘယ်ဘက်ရှိ မျက်တောင်တုများက ကောင်းစွာ ကပ်နေသည့် ပုံမရှိပေ။ ကော်ကို အားပျော့သွားစေသည့် မျက်ရည်စက်များကြောင့် ထိုမျက်တောင်များက မျက်ခွံပေါ်မှ ပြုတ်ကျတော့မည့်ဟန်။
သူ့ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်လာသည့်ပုံပင်။ သူ့မျက်တောင်များကို ဖယ်တော့မလို လက်ကို လှမ်းလိုက်သော်လည်း သူ့လက်ချောင်းများက မျက်တောင်တုများကို တစ်ဖန် ပြန်ကပ်ရန် မျက်ခွံအတွင်းဘက်ကို ဖိလိုက်မည်ဟု မည်သူထင်မည်နည်း။
ထိုအပြုအမူကြောင့် ဝူဖုန့်ရုန် စိတ်နှလုံးက ကြောက်လန့်တကြား ဖြစ်သွားရကာ သူ(မ)၏ မျက်ဆံများကို မိမိဘာသာ ဖောက်ထုတ်လိုက်မည်ကိုပင် စိုးရွံ့လာမိသည်။ သူ စိတ်ထဲ၌သာ သက်ပြင်းချလိုက်၏။ ထိုမိန်းကလေးက အံ့ဩစရာပင်။ ဤကိစ္စကြီးက သူ(မ)မျက်နှာရှိ မိတ်ကပ်၏ အရေးကြီးမှုနှင့် နှိုင်းယှဉ်လျှင် ဒုတိယပင် မချိတ်ပေ။
ဤတစ်ကြိမ်တွင်တော့ ထိုကောင်မလေးက စကားပြောလာ၏။ “သူ့ကို အပြစ်မတင်ပါနဲ့။ ဒါတွေအကုန်လုံးက သမီးအမှားပါ။ သမီးတို့ ချက်ချင်း ထွက်သွားပေးပါ့မယ်”
သူ စကားပြောသည့်အခါ ဘယ်သူ့ကိုမှ မကြည့်ဘဲ မတွန့်မဆုတ်ဖြင့် မျက်လုံးကို အောက်စိုက်ထားသည်။ ထိုအပြုအမူများကို မည်သည့်နေရာက သင်ယူခဲ့မှန်း သူ မသိပေ။ ဝူဖုန့်ရုန် ထိုအပြုအမူကို မြင်သည်နှင့် သူ့စိတ်ထဲပေါ်လာသည်က ဖန်လျိုယွမ်၏ ပိုင်လျိုဆုကို ပြောလိုက်သည့် စကားပင်။ “မင်းက ခေါင်းငုံ့တဲ့ နေရာမှာတော့ တကယ် တော်တဲ့သူပဲ”။
မည်သို့သော ယောက်ျားလေးမျိုးက မိန်းကလေးတစ်ယောက်၏ အလျှော့ပေးမှုအပေါ် မလှုပ်မယှက် နေနိုင်မည်နည်း။ ဝူဖုန့်ရုန်ပင် သူ(မ)ကို သနားစိတ်ဝင်ချင်လာမိသည်။
မည်သို့ပင် ဆိုစေကာမူ လက်မှတ်ကို စစ်ဆေးရန်တော့ လိုအပ်သေး၏။ ကောင်လေးက သူ့လက်မှတ်ဖြတ်ပိုင်းကို ထုတ်ပြချိန်တွင် သူ့လက်ဖမိုးပေါ်ရှိ ထိုးထွက်နေသည့် အဆစ်လေးခုကို ပတ်တီးဖြင့် ပတ်ထားသည်။
ဝူရုန့်ဖန် လက်မှတ်ကို ယူလိုက်ရုံရှိသေးသည်၊ ကောင်လေးက ရှက်ရှက်ဖြင့် လက်ကို ချက်ချင်း ရုပ်ကာ မကောင်းမှုတစ်ခုလုပ်ထား၍ တခြားသူ ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်နေသည့် ပုံစံဖြစ်လာသည်။
“ရန်ဖြစ်ခဲ့တာလား”
“အိုး…အမ်…”
ဝူရုန့်ဖန် စကားစမြည်ပြောလိုက်မိ၏။ “မင်းအရွယ်တုန်းက ငါလည်း ခဏခဏရန်ဖြစ်ခဲ့တာ။ ရန်ပွဲတစ်ခုပြီးသွားရင်တောင် လူတွေရဲ့ အမြင်ကို ပြောင်းလဲပစ်ချင်တုန်းပဲ။ င့ါကောင်မလေးကလည်း အရမ်းလှတော့ နှစ်ခါပြန် တိုက်ခိုက်ဖို့ တန်တာပေါ့”
သူ စကားဆုံးသည့်အချိန်တွင် မိန်းကလေးကို မျက်နှာချင်းဆိုင်ကာ လေချွန်လိုက်ရင်း “ခေါ်ယို့အန်း” နှင့် “ရှစ်ရှောင်ရန်” ဆိုသည့် နာမည်များကို မှတ်သားလိုက်သည်။ ထိုလူငယ်စုံတွဲထွက်သွားသည်နှင့် ရထားစောင့်က ဝူဖုန့်ရုန်နား ရောက်လာပြီး သူ့နားထဲ တိုးတိုးပြောလာသည်။ “ရုံကောရဲ့ ပဲနို့က ဒီနေ့ အရမ်းလတ်ဆတ်တာ။ ဘာလို့ မသောက်လိုက်တာလဲ”
ဝူဖုန့်ရုန်၏ အကြည့်က လူငယ်စုံတွဲ၏ နောက်ကျောတွင်သာ စွဲမြဲနေဆဲ။ သူ ပဲနို့ကို မနှစ်သက်ပေ။ ပဲနို့တစ်ခွက်သောက်ရုံမျှဖြင့် သူ့မျက်နှာတွင် ဝက်ခြံများပေါ်လာလိမ့်မည်။ အသက်သုံးဆယ်ကျော်ပြီးသည့် နောက်၌ပင် ဤသို့ဖြစ်နေဆဲ။ ဘွဲ့ရပြီးပြီးချင်း သူ ထိုကိစ္စကြောင့် မျက်နှာပြင်အပြည့် ဝက်ခြံများပေါက်ကာ ချစ်သူကောင်မလေးရမည့် အခွင့်အရေးပင် နှောင့်နှေးခဲ့ရသည်။
မိန်းကလေးများက ပဲနို့သောက်ပြီးလျှင် ဝက်ခြံပေါက်ကြသည်က အီထရိုဂျင်များလွန်းသောကြောင့်ပင်။ သူ ဝက်ခြံပေါက်ရသည့် အကြောင်းရင်းက ဘာကြောင့်နည်း။ ဝူဖုန့်ရုန် သူ မျက်နှာမပျက်ချင်ပေ။ ထို့ကြောင့် သူ စစ်ဆေးမှုခံယူရန်ပင် ဆေးရုံသို့ သွားခဲ့သေး၏။
ဆရာဝန်က ရှင်းပြပေးသည်။ ‘မင်းမှာရှိတဲ့ အီစထရိုဂျင်ဟော်မုန်းက နည်းနည်းများနေတာတော့ အမှန်ပဲ’။ ထိုနောက်ပိုင်း ဝူရုန့်ဖန် စိတ်ဆုံးဖြတ်ချက်အခိုင်အမာချ၍ ပဲပုပ်နှင့် ပတ်သက်သည့် စားသောက်ကုန်များအားလုံးကို လုံးဝ လက်လျှော့လိုက်ခြင်း ဖြစ်သည်။
သူ့မျက်လုံးများကိုသာ အနည်းငယ် ကျဉ်းမြောင်းလိုက်ရင်း စကားပြန်မပြောမိချေ။ သူ့မျက်လုံးထောင့်ရှိ ရထားပထမတန်းတွင် အပေါ်ပိုင်းဗလာဖြင့် လူတစ်ယောက်က သူ့ဘေးတွင် ဆဲလ်ဖုန်းဘက်သို့ ခေါင်းစောင်းကာ ဖုန်းပြောနေ၏။
သူ့ခြေထောက်အောက်တွင်မူ ဆေးသုတ်ပုံးများနှင့် ပစ္စည်းတန်ဆာပလာအစုံအလင် ရှိနေသည်။ လက်လုပ်လက်စားတစ်ယောက် ဖြစ်ပုံပင်။ ရထားအရာရှိဖြတ်သွားသည့်အခါ သူက လက်မှတ်ကို ရထားစောင့်ထံ ပစ်ပေးလိုက်ရင်း ဖုန်းထဲရှိ တစ်ဖက်လူကို ဒေသိယစကားဖြင့် မကျေနပ်မနပ် ညည်းညူနေလေသည်။
ရထားစောင့်က သူ့လက်မှတ်ကို စစ်ဆေးမည်ဟုပင် မဆိုခဲ့ပေ။ သူ့လက်မောင်းထိပ်တွင် ထုံးများ ပေကျံနေပြီး သူ့လက်ဖမိုးထက်တွင်လည်း ဒဏ်ရာဒဏ်ချက်အသေးလေးများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်တွေ့ကာ ဝူဖုန့်ရုန် စိတ်ထဲ၌ လေးစားလာသလိုပင် ခံစားရ၏။
အစိမ်းရောင်ရထားပေါ်ရှိ ထိုင်ခုံအများစုမှာ ကန်ထရိုက်အလုပ်သမားများဖြင့် ပြည့်နှက်နေသည်။ တချို့လိုင်းများ၏ လက်မှတ်ဈေးက အတော်နည်းပြီး သူတို့၏ ဝင်ငွေက ကုန်ကျစရိတ်ကို မကာမိသည့်အတွက် ရုန်းကန်နေရသော်လည်း ဤလိုင်းများ ဆက်လက်လည်ပတ်နေခြင်းက ထိုကဲ့သို့အလုပ်သမားများ သက်သာသည့် ဈေးနှုန်းများကို ခံစားရစေရန် ဖြစ်သည်။
ဝန်ဆောင်မှုပေးနေစဉ်တွင် ဝူဖုန့်ရုန် နေ့တိုင်း ထိုလူများနှင့် ပြောဆိုဆက်ဆံရရာ သူတို့ဇာတ်လမ်းများကို နားထောင်ရတတ်၏။ အချိန်ကြာလာသည်နှင့်အမျှ ခင်မင်ရင်းနှီးသည့် ခံစားချက်များ မပေါ်ပေါက်လာစေရန် အတော်ခက်ခဲသည်။
သူလက်မှတ်ကို စစ်ဆေးရန် ပြင်နေသည့်အခိုက် အရာရှိကျောက်ရှင်းထောင်က သူ့ဆီ လျှောက်လာခဲ့သည်။ ဝူဖုန့်ရုန်က ရထားစောင့်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ မပွင့်တပွင့်ပြုံးပြလိုက်မိ၏။
“မင်းနောက်ကျသွားတာ နှမြောစရာပဲ။ မဟုတ်ရင် ငါ မင်းကို ပဲနို့ပူပူလေးတစ်ခွက် ယူလာပေးပြီး အပေးအယူလုပ်ပါတယ်”
ကျောက်ရှင်းထောင်က သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ “ငါက ပဲနို့သောက်ချင်စိတ် ရှိပါဦးမလား။ မင်း ဘာလုပ်နေတာလဲ”
ဝူဖုန့်ရုန် သူ ပြောလိုသည့် ကိစ္စကို သိလိုက်သည်။ သူ ထိုလူကို ဆွဲကာ ရထားတွဲ၏ ဘေးဘက်သို့ ခေါ်သွားပြီး စကားပြောရန် ထောင့်စွန်းတစ်နေရာကို ရှာလိုက်မိသည်။ ကျောက်ရှင်းထောင်က ဤသည်မှာ ကောင်းသည့် ကိစ္စတော့ မဟုတ်နိုင်ရာဟု ခံစားရ၏။ ဝူဖုန့်ရုန် ဤကဲ့သို့ ထူးခြားဆန်းကြယ်သည့် ကိစ္စများကို ဖြေရှင်းသည့်အချိန်တိုင်း သူ စိတ်ချရသည် မရှိချေ။
နောက်ဆုံးတစ်ခေါက်က သူ ဤလိုမျိုး သူခိုးတစ်ယောက်ကဲ့သို့ တိုးတိုးတိတ်တိတ် ပြောရန် ဆွဲခေါ်လာချိန်တွင် ကျောက်ရှင်းထောင်အား မီဒီယာသတင်းဌာနကြီးများ၏ အင်တာဗျူးကို လက်ခံရန် တိုက်တွန်းခဲ့ခြင်းပင်။
အစက လူများမှာ သူရဲကောင်းအရာရှိကြီးကို အင်တာဗျူးချင်ကြသော်လည်း မီးရထားအရာရှိကြီးကိုယ်တိုင်က အင်တာဗျူးခံလိုသည့် ဆန္ဒမရှိပေ။ သူက သူ့မျက်နှာကို လူမြင်ကွင်းတွင် ဖော်ထုတ်ပြသရသည်ကို နှစ်သက်ခြင်း မရှိဘဲ အလွန်အမင်း နာမည်ကြီးခြင်းက သူ့ကို အခက်တွေ့စေမည်ကို စိုးရိမ်သောကြောင့် သူ့နေရာတွင် အစားထိုးရန် လူတစ်ယောက်ကို ရှာချင်ခဲ့၏။
ကျောက်ရှင်းထောင်မှာ သူ့ကို လှည့်စားရန် ခွင့်ပြုခဲ့ပြီး အံ့အားသင့်လျက်ရှိခဲ့သည်။ ချီးကျူးမှုများကို ငြင်းဆိုရန် လူတစ်ယောက်လွှတ်မည်ဆိုသည်က ရိုးရှင်းသည်ဟု ထင်ရသည်လား။ ထင်ထားသည့်အတိုင်းပင် ဝါဒဖြန့်ချိရေးဌာနက တရုတ်ဗဟိုရုပ်သံနှင့် ပူးပေါင်းကာ တခြားမီဒီယာလေးဆယ်ကျော်ကို သတင်းထောက်အုပ်စုဖွဲ့၍ ခေါ်ဆောင်လာသည်။
တစ်ယောက်ချင်းစီ၏ နှုတ်ရေးက ထက်မြက်ကာ သူတို့က ပါးနပ်ကြပြီး လက်သွက်လျှာသွက် ရှိကြ၏။ ပုံမှန် လုပ်ထုံးလုပ်နည်းအရ သူတို့ကို လက်ခံရန် သွားရောက်သည့်လူက ဗျူရိုအကြီးအကဲ ဖြစ်သင့်သည်။ သူ ပြန်ရောက်လာသည့်အခါ စိတ်အခြေအနေဆိုးဝါးနေပြီး ဝူဖုန့်ရုန်ကို နှုတ်ဖြင့် တိုက်ခိုက်တော့သည်။
ဤနေရာတွင် ရထားအရာရှိနှစ်ယောက်သာ ကျန်နေတော့သောကြောင့် ကျောက်ရှင်းထောင်က အရင် စကားစပြီး အသာစီးရရန် ပြင်လိုက်သည်။ “မဟုတ်တဲ့ အကြံတွေ လျှောက်မတွေးနေနဲ့။ ငါ မင်းအတွက် ဖုံးပေးတော့မှာ မဟုတ်ဘူး။ အမှန်အတိုင်းပြော”
ဝူဖုန့်ရုန်၏ နတ်ဆိုးဆန်ဆန် အပြုံးကြောင့် ယုတ်မာသည့် အသွင်အပြင်က ပေါ်လာတော့သည်။ လက်တစ်ဖက်က သူ့ကို နံရံကို တွန်းထားပြီး နောက်လက်တစ်ဖက်က သူ့ခါးနားကို ထောက်ထားသောကြောင့် မိန်းကလေးငယ်များကို အခွင့်ကောင်းယူသည့် အာဏာရှင်ဆိုးတစ်ယောက်နှင့်ပင် တူနေ၏။
ထိုအပြုံးကြောင့် ကျောက်ရှင်းထောင်မှာ ရှက်ရွံ့သွား၍ မျက်နှာတစ်ပြင်လုံး နီမြန်းလာရသည်။ ဝူဖုန့်ရုန်က ကြည့်ကောင်းသည်။ သူ့အပြုံးတစ်ပွင့်ကပင် လူတစ်ယောက်၏ နှလုံးသားကို ခပ်ပြင်းပြင်း ခုန်လှုပ်စေနိုင်သည်။ ယောက်ျားတစ်ယောက်က ဘာကြောင့် ဤလိုပြုံးနိုင်သည်လဲ။ မဖွယ်မရာ အပြုအမူပင်။
“ရှင်းထောင်၊ ငါ တခြားလူတွေနဲ့ သက်သောင့်သက်သာမဖြစ်ဘူး။ ဒါပေမဲ့ မင်းနဲ့ကျ မတူဘူး။ ငါ မလိမ်ရဲပါဘူး။ မင်း ငါ့ကို ယုံပေးသင့်တယ်” ဝူဖုန့်ရုန်က ဆိုလာ၏။
ကျောက်ရှင်းထောင်က ကြက်သီးတဖြန်းဖြန်းထသွားကာ သူ ပြောသည့် စကားများက ပြတ်တောင်းပြတ်တောင်းဖြင့်။ “မင်းပြော…မင်းငါ့ကို…သေချာပြောပြရင် ငါ ယုံပေးမယ်”
ဝူဖုန့်ရုန်က သူ့ကို ဖုံးဖိထားမည့်သဘောမရှိပေ။ “ဒီအမှုမှာ နည်းနည်းလောက် ကွဲလွဲနေတာ ရှိနိုင်တယ်။ ဒါပေမဲ့ သိပ်အများကြီးတော့ ကွာမယ်မထင်ဘူး။ လူသတ်သမားက ရထားပေါ်မှာ ရှိနေတာကတော့ အမှန်ပဲ။ ဒါပေမဲ့ သတင်းထဲက တစ်ယောက်မဟုတ်ဘူး။ နောက်ထပ် ယောက်ျားလေးတစ်ယောက်။ မျိုးရိုးနာမည်ကျိုးနဲ့ တစ်ယောက်က အကွက်ဆင်ခံထားရတာ။ ငါ မင်း နားလည်အောင် နောက်ကျရင် ဒီမှုခင်းရဲ့ အချက်အလက်တွေကို ပြောပြပေးမယ်။ အခုလောလောဆယ် ငါ တခြားခရီးသည်တွေကို စစ်ဆေးကြည့်နေတုန်း တန်းလန်းပဲ ရှိသေးတယ်။ ပြီးတော့ ငါ့ကို လမ်းပြနိုင်မဲ့ သဲလွန်စတချို့ကို တွေ့ထားပြီးပြီ။ ဒီကိစ္စမှာ မင်း ငါ့ကို ကူညီစေချင်တယ်။ မင်းပဲ ငါ့ကို ကူညီနိုင်မှာ။ မဟုတ်လို့ရှိရင် ငါလည်း လုပ်နိုင်မှာ မဟုတ်ဘူး”
စကားအချို့ဖြင့် သူက စုံထောက်ဂိမ်းကစားနေသည့် အကြောင်း မိတ်ဆက်ပေးလာခဲ့သော်လည်း သန့်စင်ခန်းထဲရှိ ကိစ္စကိုမူ မပြောလာခဲ့ချေ။ ကျောက်ရှင်းထောင်က နားလည်မှုလွဲမည်စိုး၍ သူ အမှန်တစ်ဝက် ပြောပြလိုက်၏။ “လက်ရှိတော့ ကျိုးဆိုတဲ့ မိသားစုနာမည်နဲ့ လူက ငါ့ရထားတွဲထဲမှာ။ မင်း တွေ့မှ ယုံမယ်ဆိုရင်လည်း သူ့ကို သွားကြည့်လို့ရတယ်။ မင်း တစ်ခုခုမေးချင်တယ်ဆိုရင်လည်း ချီတုံချတုံ မဖြစ်ဘဲ မေးကြည့်လို့ရတယ်။ ငါ ကိုယ်တိုင် သူ့ဒဏ်ရာကို ကုပေးခဲ့တာ။ အဲဒီဓားဒဏ်ရာကို ကြည့်ရင် လူတစ်ယောက်ကို ခြိမ်းခြောက်ဖို့တော့ လုံလောက်တယ်။ ရဲတွေကို ဆက်သွယ်လိုက်ရင် သူ လုံခြုံတဲ့ နေရာကို မရောက်ခင် အန္တရာယ်ပေးခံရမှာကို ငါ စိုးရိမ်လို့။ သူ ထပ်ဓားထိုးခံရပြီး အသက်မရှိတော့မှာကိုပဲ ငါ စိုးတယ်။ ဘယ်လိုရှင်းပြရမလဲ။ သူ့ဘဝရဲ့ ကံကြမ္မာက တရားလူကြီးအပေါ်မှာပဲ မူတည်သင့်တာ။ ရလဒ်က ကျောင်းတို့၊ လီတို့လို ကြုံရာလူဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး။ ငါမှားသွားပြီး အချိန်ဖြုန်းခဲ့မိတယ်ဆိုရင်တောင် ရထားထဲမှာ တခြားရာဇဝတ်ကောင်နှစ်ယောက်ကျန်သေးတယ်။ ဒီကိစ္စကြောင့် ငါ မကြောက်နေနိုင်ဘူး”
ထိုစကားများကပင် ကျောက်ရှင်းထောင်ကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်သည်။ သူ့ခေါင်းမှ ထွက်လာသည့် အတွေးပေါင်းသောင်းခြောက်ထောင်ကို သူ ဖမ်းဆုပ်၍ပင် မတတ်နိုင်တော့ချေ။ သူ့မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ခေါင်းက ဗလာသက်သက်ဖြစ်သွားကာ ‘အိုး’ ဟု ရေရွတ်လိုက်ပြီး တောင့်တင်းသွားမိ၏။
ဝူဖုန့်ရုန်က အမှန်တကယ် စိတ်ရှည်လှသည့် လူပင်။ သူက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ရင်း သူ့ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ သူတို့ဘေး သန့်စင်ခန်းများမှ လူနှစ်ယောက် ထွက်လာသည်။ ထိုအခါမှ ကျောက်ရှင်းထောင်၏ အသားအရေက သွေးရောင်ပြန်သန်းလာခဲ့သည်။
“ဒါဆိုရင် ဒီရထားပေါ်မှာ အန္တရာယ်ရှိတဲ့ လူက ဘယ်နှယောက်တောင်လဲ” ကျောက်ရှင်းထောင် တံတွေးမျိုချလိုက်မိ၏။
ဝူဖုန့်ရုန်က လက်သုံးချောင်း ထောင်ပြလာသည်။ “ကျိုးဆိုတဲ့ လူကို ထည့်တွက်ရင်မှ အများဆုံး သုံးယောက်”
ကျောက်ရှင်းထောင်မှာ မျက်နှာပျက်သွင်းသွားတော့သည်။ “ရုန်ရုန်၊ ဒါက နောက်စရာမဟုတ်ဘူး။ သူပြောတာမှန်တယ်ဆိုတာ မင်း ဘယ်လောက် သေချာလို့လဲ။ မင်း စိတ်ရှုပ်နေလို့ မဖြစ်ဖူးနော်။ တခြားသူတွေ ဝေခွဲမရဖြစ်နိုင်ပေမဲ့ မင်းတော့ မဖြစ်ဘူး။ မင်းက ငွေတွေ နာမည်ကြီးမှာတွေကိုလည်း ဂရုမစိုက်မှန်း ငါသိတယ်။ မင်းက အဲဒီရွှေတံဆိပ်ရမဲ့ သောက်အဓိပ္ပာယ်မရှိတဲ့ ဟီးရိုးကိစ္စတွေကို ဂရုစိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလောလောဆယ် လူသုံးရာရဲ့ အသက်က အန္တရာယ်ရှိနေတာနော်။ မင်း ဒါနဲ့ လောင်းကြေးထပ်ရဲတာ သေချာလား”
သူ ဆေးလိပ်မီးခိုးငွေ့များကို ပျောက်ကွယ်သွားစေရန် လက်ဖြင့် ဝှေ့ယမ်းလိုက်၏။ “ငါ့ဘက်ကို မီးခိုးငွေ့တွေ မမှုတ်ထုတ်နေနဲ့၊ ဘိုးအေရဲ့။ ဟူး…ငါ့ကို စကားဆုံးအောင်လေးတော့ ပြောခွင့်ပေးပါဦး။ မင်း ငါ့အကူအညီလိုချင်တယ်ဆိုရင် ကိစ္စမရှိဘူး။ ငါ ကျောက်ရှင်းထောင်က မင်းက ဒီရထားရဲ့ ခေါင်းဆောင်အရာရှိဆိုတာ သိတယ်။ မင်း တစ်ခုခုလုပ်ဖို့ ပြောတာနဲ့ ငါ ချက်ချင်း လုပ်ပေးမှာ။ ငါ လုံးဝ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ဘာလုပ်နေလဲ မင်း သိတယ်ဆိုတဲ့ တစ်ခုကိုတော့ ငါ့ကို အာမခံချက် ပေးရမှာနော်”
ဝူဖုန့်ရုန် မီးညှိထားသည့် စီးကရက်ကို ကိုင်ရင်း အချိန်အတော်ကြာ စကားမပြောမိချေ။
ကျောက်ရှင်းထောင်က သူ့ဖိအားကို ခံစားမိသည်ပင်။ ဝူဖုန့်ရှန်က စိတ်ဖိအားများသည့်အခါ ထိုကိစ္စများကို ပြောရန် မနှစ်သက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ အလုပ်လုပ်သည်။
မီးရထားအရာရှိတစ်ယောက်၏ အလုပ်က လွယ်ကူသည် မဟုတ်ပေ။ ပြည်သူ့အရာရှိဟု မဆိုနိုင်သော်လည်း ခရီးသည်များ လိုရာခရီးသို့ ဘေးမသီရန်မခဘဲ ချောမွေ့စွာ ရောက်ရှိရန် တာဝန်ယူရခြင်းက လေးလံလှသည့် တာဝန်ပင်ဖြစ်၏။
ရထားအရာရှိများသာ ဤအလုပ်၏ အလှည့်အပြောင်းများကို နားလည်သည်။ အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် ပြီးသွားလျှင် လူများက များများစားစား မတွေးဘဲ သူတို့အလုပ်ဖြစ်၍ ဤသို့ ဖြစ်သင့်သည်ဟုသာ မှတ်ယူကြသည်။
ရိုင်းစိုင်းသည့် ခရီးသည်တစ်ယောက်က အခြေအမြစ်မရှိဘဲ အပြစ်တင်သည့် အမှားလေးတစ်ခုပင် ဖြစ်ပါစေ၊ သူတို့၏ အပိုဆုကြေးက ချက်ချင်း အဖြတ်ခံရလိမ့်မည်။ ဤသည်က ခက်ခဲကြမ်းတမ်းပြီး အကျိုးအမြတ်မရှိသည့် အလုပ်ပင်။ ကျောက်ရှင်းထောင်လည်း လက်ထောက်ခေါင်းဆောင် ဖြစ်လာသည့်အခါမှ ထိုအကြောင်းကို သဘောပေါက်လာခဲ့သည်။
ကျောက်ရှင်းထောင် နှစ်ပေါင်းများစွာ လက်အောက်ငယ်သားအဖြစ် လုပ်ခဲ့သည့် အတွေ့အကြုံအရ ရထားအရာရှိခေါင်းဆောင်က ထိုအရာများအားလုံးကို ခြုံငုံစဉ်းစားရကာ သူ မရှင်းပြခြင်းက ကျောက်ရှင်းထောင် နောက်ပိုင်း နားလည်လာမည်ကို သိသောကြောင့်ပင်။ အတိုချုပ်ပြောရလျှင် ခေါင်းဆောင် ဆုံးဖြတ်သည့် အရာတိုင်းက အမြဲမှန်သည်ပင်။
“အိုကေ၊ မင်း ငါ့ကို အလုပ်ခိုင်းလို့ ရတယ်” ကျောက်ရှင်းထောင်က သူ့ပခုံးကို ပုတ်လိုက်၏။
“ငါ နောက်ထပ် မေးခွန်းတွေ ထပ်မမေးတော့ဘူး”
**********
SWARA WEBNOVEL TRANSLATION