Chapter 7
![](https://mmstoryglory.com/wp-content/uploads/2024/06/Picsart_24-06-14_08-51-32-859-200x300.jpg)
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Galene
Chapter (7)
ကိုယ် မင်းကို ဒီမှာတွေ့ရတာ တကယ်ဝမ်းသာတယ်။
*******
ဝူဖုန့်ရုန် ကျောက်ရှင်းထောင်၏ ပခုံးများကို ဆုပ်ကိုင်လိုက်ရင်း ကျေးဇူးတင်စကားဆိုမိသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းရင်းတစ်ခုလည်း ရှိတယ်ဆိုတာ ဝန်ခံပါတယ်။ ကျိုးယန်လင်လို့ခေါ်တဲ့လူက ငါ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ခဏလောက် လွှမ်းမိုးသွားခဲ့တယ်။ ဘာလို့လဲတော့ မသိပေမဲ့ သူနဲ့ ပတ်သက်ရင် ငါ့ကိုယ်ပိုင်ခံစားချက်တွေထဲ နစ်ဝင်သွားသလိုပဲ။ ဒါပေမဲ့ ခရီးသည်တွေနဲ့ ပတ်သက်လာရင်တော့ ငါ အလေးအနက်ထားမှာပါ။ ငါ့ရဲ့ အသိစိတ်နဲ့ ကိုယ်ကျင့်တရားကိုတော့ မြောင်းထဲ ပစ်လိုက်မှာ မဟုတ်ဘူး။ ဒီနေ့ မင်း ငါ့ကို ကူညီပေးရင် ငါ ဝူဖုန့်ရုန် မင်းကို အကြွေးတင်သွားမှာ။ နောက်တစ်ခါ မင်း ငါ့အကူအညီလိုရင် မင်းကို ကူညီဖို့အတွက် ငါ့အသက်ကိုပါ စွန့်ပေးမယ်”
ထိုသို့ ပြောခဲ့သည့် စကားများက အလေးအနက်ရှိသည်ကို သူ သတိထားမိ၏။ ကျောက်ရှင်းထောင်၏ ရင်ဘတ်ထဲတွင် သံကြိုးတစ်ခုက ချည်နှောင်ထားသလို သူ့နှလုံးသားက အောက်သို့ ပြုတ်ကျသွားသယောင်။ သူ ဝူဖုန့်ရုန်၏ အသက်အန္တရာယ်ကို စွန့်စားပြီး ကူညီပေးရသည့် အခြေအနေမျိုးအထိ သေချာပေါက် မရောက်ချင်ပေ။
လူများက ကောင်းမွန်စွာ ရှင်သန်နေထိုင်သည့်အခါ တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်ခြင်းက ပုံမှန်သာဖြစ်ပြီး အကြွေးဆပ်ရန် အသက်ကို အလဲအလှယ်ပြုသည်အထိ မလိုအပ်ပါချေ။
“ငါ ဘာလုပ်ရမလဲဆိုတာ မင်း ပြောဖို့ပဲလိုတယ်၊ ဟုတ်ပြီလား” ကျောက်ရှင်းထောင် ပြန်ပြောလိုက်၏။
ဝူဖုန့်ရုန်က စီးကရက်လိပ်ကို ကိုင်ထားလျက် ဆေးလိပ်မီးပြာကို သပ်ချလိုက်သည်။ “ငါ့အတွက် အဖွဲ့တစ်ဖွဲ့လောက် စီစဉ်ပေးပါ။ သူတို့ဘယ်သွားသွား နှစ်ယောက်စီ သွားရလိမ့်မယ်။ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် စီစဉ်တာ အကောင်းဆုံးပဲ။ လူမလုံလောက်လို့ရှိရင် အနည်းဆုံး မိန်းကလေးနှစ်ယောက်ကိုတော့ အတူထားလိုက်။ မိန်းကလေးတစ်ယောက်တည်းကို သူ့ဘာသာ အပြင်မထွက်သွားစေနဲ့။ ထမင်းစားတွဲ၊ လျှပ်စစ်ခန်း၊ မီးရထားစောင့်ရဲ့ အခန်းတို့လို တချို့နေရာမျိုးတွေမှာ ယာဉ်ထိန်းရဲကို ပုံမှန် စစ်ဆေးခိုင်း။ ဘယ်သူ့ကိုမှ အခွင့်အရေးမယူစေနဲ့။ ကိုယ်ပေါ်မှာ ချွန်ထက်တဲ့ လက်နက်တစ်ခုနဲ့ သေတ္တာအမည်းကြီးတစ်လုံး ပါလာတဲ့ အရပ် ၁၇၅-၁၈၀ စင်တီမီတာ ယောက်ျားလေးတစ်ယောက်ကို သတိထားဖို့ သူတို့ကို ပြောထား။ တစ်ယောက်တည်းလာတာ၊ ပြီးတော့ ကျောင်းသားမဟုတ်တာလည်း သေချာတယ်”
ကျောက်ရှင်းထောင်က ထိုအချက်အလက်များကို မှတ်စုစာအုပ်တစ်အုပ်ပေါ်တွင် တစ်ခုပြီး တစ်ခု ချရေးသည်။ ဝူဖုန့်ရုန် ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် နောက်ထပ်စကားတစ်ခွန်း ထပ်လောင်းပြောမိ၏။ “ထမင်းစားတွဲ၊ လက်ဖက်ရည်ခန်းနဲ့ မီးဖိုချောင်က လူတွေရဲ့ အရေအတွက်ကို တိတိကျကျ ရေထားသင့်တယ်။ ပလတ်စတစ်ပန်းကန်ခွက်ယောက်တွေအပါအဝင် ချွန်ထက်တဲ့ ပစ္စည်းတွေအားလုံးကို လူတစ်ယောက် သတ်သတ်မှတ်မှတ်ထားပြီး ကြီးကြပ်ခိုင်းထားလိုက်ပါ။ ဓားတစ်ချောင်းဖြစ်ဖြစ်၊ ခက်ရင်းသေးသေးလေးတစ်ချောင်းဖြစ်ဖြစ် တရားခံလက်ထဲ ရောက်သွားတာနဲ့ ငါ့ကို သွားစစ်ဆေးခွင့်ပေး။ ငါ အဲဒီလူကို ရဲတွေဆီ လက်လွှဲပေးလိုက်မယ်”
သူက ကိစ္စတစ်ခုချင်းစီကို အသေးစိတ်စီစဉ်ထားသောကြောင့် သေသပ်လှပေရာ မည်သည့် အသေးစိတ်အချက်လေးကိုမှ မလွတ်စေခဲ့ပေ။ သူ့ဘေးရှိ ကျောက်ရှင်းထောင်က တစ်ခါတစ်ခါ လိုအပ်မည် ထင်သည့် နေရာများကို ဝင်ဝင်ပြောပေး၏။ ပြီးဆုံးသည့်နောက်၌ သူတို့နှစ်ယောက်မှာ ချမှတ်ထားသည့် တာဝန်များကို ပြန်လည် စစ်ဆေးလိုက်ကြပြီးမှ လမ်းခွဲခဲ့ကြသည်။
ခွဲခွာပြီးသည့်နောက်တွင် ကျောက်ရှင်းထောင်၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်မှုအပြည့်ဖြင့်။ သူ ရောက်လာခဲ့စဥ်က စိတ်ဓာတ်ကျနေဟန် မျက်နှာထားဖြင့် လုံးဝ ကွာခြားသွားခဲ့ပြီဖြစ်ကာ ပျော်ရွှင်တက်ကြွသည့် အရိပ်အယောင်များက သူ့မျက်နှာထက် ပေါ်ပေါက်လာသည်။ သူ ဝူဖုန့်ရုန်နှင့် အလုပ်လုပ်ရခြင်းကို နှစ်ခြိုက်မိပြီး ဝူဖုန့်ရုန်၏ အစီအစဉ်များအား လိုက်နာရခြင်းကိုလည်း သဘောကျ၏။
သူ ဝူဖုန့်ရုန်အပေါ်ထားသည့် ယုံကြည်မှုကပင် ပိုမိုအားကောင်းလာသယောင်။ အကြောင်းရင်းမှာ သူတို့တွင် တိကျသည့် လိုအပ်ချက်နှင့် ပန်းတိုင်များရှိကာ လက်အောက်ရှိလူများအတွက် အလုပ်က ရိုးရှင်းကာ ဖိအားမရှိသလောက်ပင်။ သို့သော်လည်း အချိန်အတော်ကြာ အတူတူ အလုပ်လုပ်ခဲ့ပြီးသည့်အခါ သူနှင့် ကျန်အဖွဲ့သားများမှာ ဝူဖုန့်ရုန်ကိုသာ အလွန် မှီခိုအားထားခဲ့ကြ၏။
ခြေလှမ်းတချို့ လျှောက်လှမ်းပြီးသည့် ကျောက်ရှင်းထောင်မှာ တစ်ဖက်သို့ ပြန်လှည့်လိုက်မိကာ သူ့လက်ထဲမှ စီးကရက်ကို လှမ်းယူသည်။ “ဆေးလိပ်လျှော့သောက်စမ်းပါ။ မင်း ဒီနေ့ မနက်တင် သောက်နေတာ ဘယ်နှလိပ်ရှိနေပြီလဲ”
ဝူဖုန့်ရုန်က ပေါ့ပါးစွာ ပြုံးပြရင်း စီးကရက်ဖင်ကို လက်ဖြင့် မီးငြှိမ်းလိုက်ကာ ရေအိုင်တစ်ခုထဲသို့ ပစ်ချလိုက်၏။
သူတို့နှစ်ယောက် ဆန့်ကျင်ဘက်လားရာသို့ ထွက်ခွာခဲ့ကြသည်။ ဝူဖုန့်ရုန်က အတွဲ ၆ တွင် ဆက်လက် ကင်းလှည့်ရပေသည်။ ကျောက်ရှင်းထောင်နှင့် လုပ်စရာကိစ္စများ စီစဉ်နေခြင်းက မိနစ်နှစ်ဆယ်မျှ ကြာမြင့်သွားခဲ့လေပြီ။ အချိန်များများစားစားမကျန်တော့၍ ကျိုးယန်လင်ကို ရထားတွဲစောင့်၏ ရုံးခန်းတွင် ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်လာသည်။
အတွဲ ၅ နှင့် ၆ တွင် လူအနည်းငယ်သာရှိပြီး စကားစမြည်ပြောသံများပင် သိပ်မကြားရ။ ဝူဖုန့်ရုန် လူတစ်ယောက် ကွန်ပျူတာကီးဘုတ်တွင် စာရိုက်နေသံကို ကြားရသည့်အခါမှသာ သူ ခေါင်းမော့ကြည့်လိုက်မိရာ စတော့ရောင်းဝယ်သူတစ်ယောက်ကို မြင်တွေ့ခဲ့ရသည်။
ထိုလူက အရပ်ပုပု၊ ဗိုက်ဝဝနှင့်ဖြစ်ကာ အလွန်သေးငယ်သည့် ဆွယ်တာအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူ့ဘယ်ဘက်မျက်လုံးအောက်ခြေတွင် အညိုရောင်အမည်းကွက်များ ရှိနေဆဲဖြစ်ကာ မျက်မှန်ဖြင့်ပင် အပြည့်အဝ ဖုံးအုပ်နိုင်စွမ်းမရှိချေ။
ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ အနက်ရောင်မျက်နှာပြင်၌ အနီရောင်လိုင်းများက သိပ်သည်းစွာ တည်ရှိနေပြီး လှုပ်ရှားမှုမှာ နှေးကွေးလွန်းသောကြောင့် သာမန်မျက်လုံးဖြင့်ပင် မမြင်နိုင်ပေ။ ထိုစတော့ရှယ်ယာရောင်းဝယ်သူက ရထားအရာရှိချဉ်းကပ်လာသည်ကို မြင်သည့်အခါ စကားပင် မပြောလာချေ။ ထို့နောက် သူ့နှုတ်ခမ်းများကို စေ့လိုက်၍ ပါးလျသည့် မျဉ်းတစ်ကြောင်းတည်းအဖြစ် ပြောင်းလဲသွားသည်။ သူ့မျက်ခုံးများက တွန့်ချိုးလာကာ ပုံစံက ငွေရှာနေချိန်တွင် လူတစ်ယောက်က နှောင့်ယှက်လာ၍ စိတ်မရှည်ဖြစ်လာသည့်အတိုင်း။
ဝူဖုန့်ရုန် သူ့ကွန်ပျူတာဘေးတွင် ထက်ဝက်ဆွဲဖြဲထားသည့် လိပ်စာကဒ်တစ်ကဒ်ကို တွေ့ရ၏။ နှစ်ခုကို ပြန်ပေါင်းကြည့်လိုက်စဉ်တွင် “အကောင့်မန်နေဂျာ စွင်းရွှိ” ဆိုသည့် နာမည်ကို မြင်တွေ့နိုင်ပေသည်။ ဝူဖုန့်ရုန် ထိုလိပ်စာကဒ်ကို ယူလိုက်ပြီး တစ်ဖက်သို့ လှန်ကြည့်မိ၏။ ဤ မစ္စတာ စွင်း၏ အကြည့်က သူ့ကွန်ပျူတာပေါ်တွင်သာ ကျောက်ချလျက်ရှိကာ ကြွက်တစ်ကောင် အံတကြိတ်ကြိတ်လုပ်နေသလို အသံများဖြင့် လက်နှစ်ချောင်းက မောက်စ်ကို ကိုင်၍ ဆက်တိုက် နှိပ်နေသည်။
“မစ္စတာစွင်းက မျက်လုံးကာများ တောင်းဆိုချင်သေးလား။ ကျစ်၊ကျစ်၊ ဒါက ညလုံးပေါက် မိုးချုပ်တဲ့အထိ အလုပ်လုပ်တာကနေ ဒီလိုကြီး ဖြစ်လာတာ မဟုတ်ဘူးလား” ဝူဖုန့်ရုန် လှမ်းပြောလိုက်၏။ “ဒါနဲ့ ဖုန်းလေး တစ်ကောလောက် ဆက်ပေးလို့ရမလား။ ကျွန်တော်လည်း စတော့ဈေးကွက်ထဲကို ပိုက်ဆံနည်းနည်းလောက် ထည့်ထားတယ်။ ကျွန်တော့်ကို အကြံလေး နည်းနည်းလောက် ပေးလို့ရလား။ ဒီဆက်တိုက်မြင့်တက်နေတဲ့ စတော့အကြောင်းလေး ပြောပြပါလား”
ဝူဖုန့်ရုန်က သူ့ငွေများကို စတော့ရင်းနှီးမြှုပ်နှံလေ့မရှိပေ။ သူရရှိသည့် ငွေအားလုံးကို ချေးငွေ ပြန်ဆပ်ရန်အတွက် အသုံးပြုရသည်။ သူ ထုံ့တင့်တွင် စတုရန်းမီတာ ၂၀၀၀ ပတ်လည်ရှိ တိုက်ခန်းတစ်ခန်းကို လစဉ်ငွေယွမ် ၆၀၀၀ ကျပ်ဖြင့် ၂၅ နှစ် အရစ်ကျဝယ်ယူထား၏။
ကျောက်ရှင်းထောင်က သူကဲ့သို့ လူပျိုကြီးတစ်ယောက်က ထိုကဲ့သို့ တိုက်ခန်းအိမ်ရာတစ်ခုကို ပိုင်ဆိုင်ထားသည့်အတွက်ပင် နောက်ပြောင်ကျီစယ်ခဲ့သေးသည်။ ဝူဖုန့်ရုန်က သူ ထိုကဲ့သို့ တခြားကြီးကြီးမားမား ဝယ်ယူစရာများ မရှိသည့်အပြင် နေ့စဉ်ဘဝ၌လည်း အသုံးနည်းလေရာ သူသာ ထိုငွေများကို ဘဏ်ထဲ၌ ဒီအတိုင်းသာ ထားထားလျှင် ငွေကြေးဖောင်းပွမှုကို အမီလိုက်နိုင်မည် မဟုတ်ချေ။
သူက ဂဏန်းသင်္ချာများနှင့် ပတ်သက်လျှင် ကျွမ်းကျင်ပိုင်နိုင်မှုမရှိဘဲ ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်း နားမလည်သူဖြစ်ရာ ဘဏ္ဍာရေးပိုင်းနှင့်ပတ်သက်၍ သူ၏ ဗဟုသုတမှာ အာမခံဝယ်ယူမှု၌သာ ရပ်တန့်နေ၏။
သူပြောလိုက်သည့်အထဲတွင် မည်သည့်စကားက မစ္စတာစွင်းကို စိတ်မချမ်းမြေ့စေသည်လဲ မသိပေ။ မစ္စတာစွင်းက နှစ်ခါမျှ တီးတိုးရေရွတ်လိုက်ပြီး “မလိုပါဘူး” ဟု ဆိုလာသည်။ ထိုသို့ပြောပြီးနောက်တွင် သူ့မျက်လုံးအကြည့်က ဝူဖုန့်ရုန်၏ ခေါင်းအစ ခြေအဆုံး ရောက်ရှိသွားကာ မနှစ်မြို့စွာ ဆိုလာတော့သည်။
“နားထောင်ချင်ရင် နားထောင်လို့ရပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က နာရီအလိုက်ယူတာ။ ဒီနေ့တော့ အလကားပေးနားထောင်လိုက်ပါ့မယ်။ မင်းတို့လိုလူမျိုးတွေရဲ့ လစဉ်ဝင်ငွေက အများဆုံးရှိမှ ၁၀,၀၀၀ ယွမ်လောက်ပဲ။ အများစုကတော့ အပေါင်စာချုပ်ထဲ ရောက်၊ ကလေးတွေကို ကျောင်းပို့ဖို့ သုံးပြီး ကျန်တာကိုတော့ မိန်းမဖြစ်တဲ့သူ သုံးဖို့ ပေးလိုက်တတ်ကြတယ်။ ကိုယ်ပိုင်စုငွေကို အကျိုးအမြတ်ရဖို့ အသုံးချချင်နေတာလား။ ကုတ်အင်္ကျီအသစ်တစ်ထည် ဝယ်ဖို့ပဲ အကြံပေးပါရစေ။ တခြားအရာတွေထက် နှစ်သစ်ကူးမှာ ဆွေမျိုးတွေကို သိက္ခာရှိရှိနဲ့ တွေ့ရတာက ပိုမကောင်းဘူးလား”
ထိုသူ၏ ပါးစပ်က အတော်ပင် အဆိပ်ရှိ၏။ သို့သော်လည်း ရက်စက်မှုအကြောင်း ပြောသည့်အခါ လူအများစုက သူ့ကို အနိုင်မယူနိုင်မှန်း ဝူဖုန့်ရုန်သိသည်။ ထို့ကြောင့် သူ ရယ်မောလိုက်ရင်း ပြန်ဆိုလိုက်ခြင်းပင်။
“မစ္စတာစွင်းက ဘဏ္ဍာရေးပိုင်းက ဆိုတော့ ကျွန်တော်တို့လို တောပိုင်းက လူတွေလို ဈေးပေါမယ် မထင်ပါဘူး။ ဒီမှာ ကြည့်ပါဦး။ လက်မောင်းကြီးကြီး၊ ခါးတုတ်တုတ်နဲ့ ချမ်းသာတဲ့ သူဌေးကြီးကျနေတာပဲ။ အဲဒီကုတ်အင်္ကျီကို ဘာလို့ ဝတ်ထားသေးတာလဲ။ ဒါပေမဲ့ ဘုရားကျောင်းမှာ သင်္ကန်းရုံထားရင်တောင် မင်းက ဗုဒ္ဓဖြစ်လာမှာ မဟုတ်ဘူး”
“မင်း ဘာပြောလိုက်တာလဲ။ အသေအလဲ လာဆဲရအောင် မင်းက ဘာကောင်မလို့လဲ”
“ငါက မင်းကို ပြောနေတာလေ၊ သူတော်စင်ကြီး။ မင်းက ဘာလို့ ဘုရားသခင်ပုံစံ ဟန်ဆောင်နေတာလဲ”
ထိုသို့ပြောပြီးနောက် ဝူဖုန့်ရုန်က လုပ်ငန်းကတ်ကို ကိုင်ထားဆဲဖြစ်သည့် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး သူ့အဝတ်အစားများက ခြေလှမ်းများနှင့်အတူ ယိမ်းခါသွား၏။ ရထားတွဲ၏ အစွန်ထောင့်နားတွင် သူ ထိုလုပ်ငန်းကို ဖုန်းခေါ်ကြည့်လိုက်သည်။
ပြန်ဖြေသည့်လူက မစ္စတာစွင်းဖြစ်သူမှာ လွန်ခဲ့သည့် လဝက်လောက်က အလုပ်ထွက်သွားသည့်အကြောင်းနှင့် လက်ရှိအချိန်တွင် ထိုလုပ်ငန်း၌ အလုပ်လုပ်နေခြင်း မဟုတ်ကြောင်း ပြန်လည်ဖြေကြားလာသည်။ ထိုလူက အနားယူသွားခြင်း မဟုတ်ဘဲ သူ့အလုပ်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်မည်ဟု ဝူဖုန့်ရုန် သူ့ဘာသာ တွေးလိုက်မိသည်။
ဤအတွဲတွင် ဝူဖု့န်ရုန် ဆရာမတစ်ယောက်ကိုလည်း တွေ့ရ၏။ သူက အမွေးပွပွ အဝတ်အထည်တစ်ခုကို ဝတ်ဆင်ထားပြီး သူ့ခေါင်းမှာလည်း သိုးမွေးဦးထုပ်ကြောင့် အပြည့်အဝ ဖုံးကွယ်လျက်။ သူ့ညာဘက်ခြေထောက်တွင်လည်း သိုးမွေးကွင်းထိုးဖိနပ်ကို စီးထားသေးသည်။ ထိုခြေဖမိုးက ရောင်ရမ်းနေကာ ပိတ်ဖြင့် ရစ်ပတ်ထားသည့် နေရာက လက်သီးဆုပ်အရွယ်လောက်ပင် ရှိနေသည်။
အနီရောင်ဖောင်တိန်က ကျောင်းသားတစ်ယောက်၏ အက်ဆေးဒုတိယအပိုဒ်တွင် ခေတ္တမျှ ရပ်တန့်သွားသယောင်။ ဝူဖုန့်ရုန် စားပွဲခုံထိပ်သို့ ခေါက်လိုက်ရာ ထိုအမျိုးသမီးက ခေါင်းမော့ကြည့်လာခဲ့သည်။ သူ့မျက်နှာထားက အလွန်အမင်း ကြောက်လန့်သွားသည့်ဟန်ပေါ်ကာ ထိုင်ခုံမှ ထထိုင်မိလုနီးပါးပင်။
ထိုအမျိုးသမီး၏ မျက်နှာက အရိုးခြောက်ကဲ့သို့ ပိန်ပါးလှပြီး လေတိုက်လျှင် လွင့်ပါသွားနိုင်သည့် ဘုဇပတ်သစ်ခေါက်အလား။ ဝူဖုန့်ရုန် စကားပြောရန် ပါးစပ်မဟခင်မှာပင် သူ့လည်ချောင်းက ပွင့်ဟသွားပြီး တစ်ချိန်တည်းတွင် မျက်လုံးများ နီမြန်းလာခဲ့ရာ မျက်ရည်များက လျှံကျတော့မယောင် ထင်ရစေသည်။
ဝူဖုန့်ရုန်မှာလည်း အံ့ဩသွားရသည်။ အပေါ်ယံကြည့်လျှင် သူက ထိုအမျိုးသမီးကို အမြတ်ထုတ်နေသလိုပင်။ သူ့လက်ကို အမြန်ကြည့်လိုက်မိသည့်အခါ ထိုလက်နှစ်ဖက်လုံးက သူ့ဘောင်းဘီအိတ်ကပ်ထဲတွင်သာ လိမ်လိမ်မာမာ ရှိနေသေးသည်ကို တွေ့ရ၍ ဝမ်းမြောက်သွားရ၏။
“မဒမ်၊ လက်မှတ်လေး တစ်ချက်လောက် ပြလို့ရမလား”
ထိုအမျိုးသမီး၏ လက်ချောင်းများက တုန်ယင်သွားပြီးနောက် သူ့လက်ကို ဘေးရှိ အိတ်ထဲသို့ နှိုက်လိုက်ရင်း အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ဘာတစ်ခုမှ မတွေ့ရပေ။ ထို့ကြောင့် သူက ပို၍ ထိတ်လန့်သွားခဲ့ကာ တုန်ယင်နေသည့် လက်များကြောင့် ပစ္စည်းများက အကုန်ထွက်ကျကုန်ကြသည်။ မျက်ရည်များကမူ သူ့ပါးပြင်ထက်မှ စီးကျနေဆဲ။
ဝူဖုန့်ရုန် ရထားပေါ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသော်လည်း လက်မှတ်ရှာမတွေ့သောကြောင့် ထိုမျှ စိုးရိမ်ပူပန်နေသည့် လူတစ်ယောက်ကို မတွေ့ခဲ့ဖူးချေ။
“လက်မှတ်ဝယ်ဖို့ အချိန်မရခဲ့ရင် ကျွန်တော့်နောက်လိုက်ပြီး တစ်ခုလောက် ဝယ်လိုက်လို့ ရတာပဲ။ မဒမ်က ဘယ်သွားမှာလဲ။ အရင်ဦးဆုံး ထိုင်လိုက်ပြီး ကျွန်တော် ဘယ်လိုကူညီပေးနိုင်မလဲ ပြောပြလို့ မလား”
“ကျွန်မက ပိုင်ဟယ်ကို သွားမှာပါ။ တကယ်တောင်းပန်ပါတယ်။ ကျွန်မ လက်မှတ်ကို တကယ် ဝယ်ခဲ့တာပါ။ ဒါပေမဲ့…ဘယ်မှာ ထားလိုက်မိမှန်း မသိလို့ပါ။ ရှင်တွေ့တဲ့အတိုင်း ကျွန်မက သတိကြီးကြီး ထားတတ်တဲ့ လူလည်း မဟုတ်တော့ ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်ဘူး…တကယ် တောင်းပန်ပါတယ်ရှင်…”
“မဒမ်ရဲ့ နာမည်လေး ပြောပြလို့ရမလား။ အိုင်ဒီကတ်ရော ရှိသေးလားမသိဘူး။ စိတ်မပူပါနဲ့။ အိုင်ဒီကတ်ရှိနေရင် လွယ်ပါတယ်”
အိုင်ဒီကတ်က ထိုအမျိုးသမီးတွင် ရှိနေ၏။ ဝူဖုန့်ရုန် လှမ်းယူလိုက်မိရာ ထိုအမျိုးသမီး၏ နာမည်က ထုံးကျိုးမှလာသည့် အသက် ၄၂ နှစ်အရွယ် ချောင်းမျင်ဖြစ်ပြီး ဟန်လူမျိုးဖြစ်သည်ကို တွေ့ရသည်။ ဝူဖုန့်ရုန် သူ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရေးချလိုက်သော်လည်း အိုင်ဒီကတ်ကို ပြန်မပေးမိသေးပေ။ ဘေးမှဖြတ်ရင်းနှင့် သူ လေကြောင့် လွင့်လုနီးပါးဖြစ်တော့မည့် အိမ်စာစာရွက်ကို ကောက်ယူလိုက်သည်။
“ဆရာမချောင်းက ရထားပေါ်မှာတောင် အိမ်စာတွေ အမှတ်ခြစ်နေသေးတာ၊ တော်တော် အလုပ်ကြိုးစားတာပဲ။ ဒါနဲ့ ဒဏ်ရရထားတဲ့ ခြေထောက်ရော အဆင်ပြေရဲ့လား။ ဒါမှမဟုတ်ရင် ကျွန်တော် ဆေးဝန်ထမ်းတစ်ယောက်လောက် ခေါ်ပေးပြီး တစ်ချက် ကြည့်ခိုင်းလိုက်ရမလား”
“ရပါတယ်။ စက်ဘီးစီးရင်းနဲ့ ကျွန်မ ခြေဆစ်လည်သွားတာပါ။ ဖြစ်ခဲ့တာတောင် မေ့လုနီးပါး ဖြစ်နေပါပြီ။ ရှင်တို့ကို အနှောင့်အယှက်မပေးချင်ပါဘူး။ အဆင်မပြေဖြစ်ခဲ့တာတွေအတွက် တကယ် တောင်းပန်ပါတယ်”
ထိုအမျိုးသမီးက ခြေထောက်ကို ထိုင်ခုံအောက်တွင် မသက်မသာ ဝှက်ထားလိုက်ကာ စကားသုံးကြောင်းလောက် ဆုံးတိုင်း တောင်းပန်နေသည်။ ဝူဖုန့်ရုန် သူ့ခြေထောက်ဒဏ်ရာအကြောင်း ထပ်မံ မေးမြန်းချင်သေးသော်လည်း ထိုအမျိုးသမီးက ထိုအကြောင်း မပြောချင်သည်မှာ ထင်ရှားသောကြောင့် သူလည်း တွန်းအားမပေးမိတော့။ သို့သော်လည်း စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။
ဆရာမတစ်ယောက်က ဂုဏ်သိက္ခာရှိရှိနှင့် ပြီးမြောက်အောင်မြင်သည့် လူတစ်ယောက် ဖြစ်သင့်သည် မဟုတ်လား။ သူက ဘာကြောင့် ထိုမျှ ယုံကြည်ချက် ကင်းမဲ့နေရသည်လဲ။ ထိုအမျိုးသမီးက အတန်းထဲတွင်တော့ ထိုကဲ့သို့ ပုံစံဖြင့် စကားမပြောနိုင်ရာ။ မည်သို့သော ကျောင်းသားများကို သူ သင်ကြားနေသည်လဲ။
“အဲဒါအပြင်ကို ဒဏ်ရာအသေးလေးတွေနဲ့ လူနှစ်ယောက်လည်း ရှိသေးတယ်။ တစ်ယောက်က သူ့ရဲ့ ဒဏ်ရာရထားတဲ့ လက်ချောင်းကို ပတ်တီးစည်းထားတာ တင်းနေတာပဲ။ နောက်တစ်ယောက်ကတော့ သူ့မျက်နှာပေါ်က ဝက်ခြံတွေက ကြည့်ရဆိုးလို့ဆိုပြီး ဆေးရုံကို သွားခဲ့တဲ့ ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်။ ဒါပေမဲ့ ကုသတာက သူ့မျက်နှာကို ပိုပြီး ပုံဆိုးပန်းဆိုးဖြစ်သွားခဲ့တယ်တဲ့။ သူက တော်တော်ရင်နာနေတာ။ သူ့မျက်နှာက တစ်နေရာမှ မသက်သာသွားဘူး။ နောက်ဒဏ်ရာဒဏ်ချက်တွေနဲ့ လူတွေက တော်တော်များတယ်။ လက်နှစ်ဖက်လုံး ထိခိုက်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်ရယ်၊ ရန်ပွဲမှာ ဝင်ပါတဲ့ ကျောင်းသားတစ်ယောက်ရယ်၊ အရိုက်ခံထားရပြီး အလုပ်ပြုတ်သွားတဲ့ ဘဏ္ဍာရေးဝန်ထမ်းတစ်ယောက်နဲ့ ခြေဆစ်လည်ထားတဲ့ ဆရာမတစ်ယောက်…။ ဒါပေမဲ့ အလောင်းခွဲစိတ်မှတ်တမ်းအတိုင်း လက်သည်းနဲ့ ခြစ်မိထားပြီး ဒဏ်ရာရထားတဲ့လူဆိုရင် အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ယောက်တည်းပဲ။ အရင်ဦးဆုံး ငါတို့ ဒီငါးယောက်ကို ဥပဒေချိုးဖောက်ထားတာ ရှိလားဆိုတာကို အတည်ပြုကြည့်လိုက်ရအောင်”
ဝူဖုန့်ရုန်က ထိုနာမည်များဖြင့် စာရွက်ကို ကျိုးယန်လင်ထံ ကမ်းပေး၏။ ထို့နောက်တွင် ကျိုးယန်လင်က နာမည်တစ်ခုချင်းစီကို နာမည်ပျက်စာရင်းရှိ လူများနှင့် တိုက်စစ်ကြည့်သည်။
“ဒီ ‘ဟွောင်ရဲ့’ ဆိုတဲ့ လူပဲ စာရင်းမှာ ပါတယ်”
“ဘယ်ဟွောင်ရဲ့လဲ။” ဝူဖုန့်ရုန်က ခဏလောက် စဉ်းစားကြည့်လိုက်ပြီးမှ ဖုန်းဖြင့် စကားပြောနေသည့် အလုပ်သမားကို ပြန်သတိရသွားသည်။ “အိုး၊ အဲဒီရွှေ့ပြောင်းအလုပ်သမားလား။ သူက ဘာလုပ်ခဲ့တာတဲ့လဲ”
ကျိုးယန်လင်က ရယ်ရယ်မောမောဖြင့်။ “မင်းက ကိုယ့်ကို ဘယ်လိုသိလဲ မေးနေတာဆိုရင် ကိုယ် သူ့ကို ပုဂ္ဂိုလ်ရေးအရ မသိပါဘူး။ သူ့မှာ ရာဇဝတ်မှတ်တမ်းရှိနေလားဆိုတာတော့ အသေအချာ မပြောနိုင်ပေမဲ့ ဆောက်လုပ်ရေးက လူတွေက လုပ်အားခတွေကို တောင်းတဲ့အခါ ကြမ်းတယ်လေ။ ပြီးတော့ မူးရူးနေတဲ့ ရန်ပွဲတွေ၊ သေချင်ယောင်ဆောင်ပြီး အာမခံရဖို့ လုပ်တာတွေနဲ့…” ထိုနေရာရောက်သည့်အခါ သူက ရုတ်ခြည်း ရပ်တန့်သွားကာ သူ့မျက်ခုံးများမှာလည်း တွန့်ချိုးသွားသယောင်။ “တကယ်ပဲ သူ ဖြစ်နိုင်မလား”
“ဘယ်သူလဲ”
“အဲဒီရွှေ့ပြောင်းအလုပ်သမား။ ကိုယ့်ကို ဓားထိုးခဲ့တာ သူ ဖြစ်နိုင်တယ်။ ကိုယ် မှတ်မိသလောက်ဆိုရင် ကိုယ့်ကို ဓားနဲ့ ထိုးလာတဲ့အချိန်တုန်းက အာရုံက ရင်ဘတ်ကိုပဲ ရောက်နေတော့ သိပ်ဂရုမထားလိုက်မိဘူး။ အနံ့က နည်းနည်းရင်းနှီးနေတယ်လို့ ထင်နေတာ အခုတော့ သတိရသွားပြီ။ သူ့လက်ပြင်မှာ ထုံးမှုန့်တွေ ပေနေတယ်လို့ မင်း ပြောတယ် မဟုတ်လား။ ဆောက်လုပ်ရေးဆိုက်တွေမှာ ကိုယ် ရဖူးတာ ဒီအနံ့ပဲ”
ဝူဖုန့်ရုန်က ချက်ချင်း ပြန်မဖြေဘဲ သူ့လက်ထဲရှိ မစ္စတာစွင်း ထက်ခြမ်း ဖြဲထားသည့် လုပ်ငန်းကတ်ဖြင့် ကစားနေ၏။ ကျိုးယန်လင်က တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်မိရာ သူ့အကြည့်က ဝူဖုန့်ရုန်၏ မျက်နှာပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ချက်ချင်း ဝူဖုန့်ရုန်က မျက်လုံးပင့်လိုက်ကာ သူ့မျက်လုံးနှစ်ဖက်လုံးက မှုန်မှိုင်းနေသည့်ပုံစံဖြင့် စိတ်ထဲရှိ မသက်မသာဖြစ်မှုကို ချိုးနှိမ်ထားလေသည်။
“ခင်ဗျား ကျွန်တော့်ကို လိမ်ခဲ့တာ၊ ကျိုးယဲ့လင်။ အခုအထိ အဲဒီသောက်အမှန်တရားကို မပြောပြသေးဘူး”
ကျိုးယန်လင်မှာ ကြောင်အသွားရ၏။ “ကိုယ်က ဘာပြောခဲ့လို့လဲ”
ဝူဖုန့်ရုန် လုပ်ငန်းကတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်မိသည်။ “ကျွန်တော် စွင်းရွှိရဲ့ ကုမ္ပဏီကို ဆက်သွယ်ခဲ့ပြီးတော့ ခင်ဗျားရဲ့ လုပ်ငန်းကတ်ကို သတိတရနဲ့ ခေါ်ကြည့်ခဲ့သေးတယ်။ ခင်ဗျား လုပ်ဖော်ကိုင်ဖက်က ကျွန်တော့်ကို ဘာပြောခဲ့လဲသိလား။ ခင်ဗျားက ပြီးတဲ့တစ်ပတ်ကပဲ ဘယ်ဘက်နံရိုးအောက်နားမှာ ဒဏ်ရာရခဲ့တာတဲ့။ အဲဒါက ခင်ဗျား လိမ်လည်မှုတစ်ခုကို စုံစမ်းနေတုန်း အမှားလုပ်ခဲ့တုန်းက မဟုတ်လား။ အဲဒီညက အလုပ်ဆင်းပြီး ပြန်လာတော့ ဓားထိုးခံခဲ့ရတာဆို။ ဒီဒဏ်ရာက ဘူတာရုံမှာ ဓားထိုးခံရတာနဲ့ ဘာမှမဆိုင်ဘူး။ ချက်ချင်းပဲ အဲဒီကိစ္စကို ထူးဆန်းတယ်လို့ ကျွန်တော် ထင်မိလိုက်တာပေါ့။ ခင်ဗျား မီးရထားပေါ်ကို တက်တက်ချင်းပဲ ဓားထိုးခံလိုက်ရတာလေ။ အမှားတစ်ခုလုပ်မိတာကြောင့် ဓားထိုးခံရတယ်ဆိုရင် အမှုကို မစစ်ဆေးလိုက်ရဘဲ သေသွားမှာကို သူတို့က မစိုးရိမ်ဘူးလား။ ဓားထိုးခံလိုက်ရသလို ဟန်ဆောင်ဖို့ ခင်ဗျားဘာသာခင်ဗျား ဒဏ်ရာကို ပြန်ပွင့်အောင် လုပ်ခဲ့တာ။ ပထမမက်ဆေ့ချ်မှာ ခင်ဗျားကို ကျန်းမာရေးအတွက် ဆုတောင်းပေးထားတာပဲ။ ဓားထိုးခံရတဲ့ အကြောင်း ဘာမှမပြောထားဘူး။ အဲဒါတောင် ကျွန်တော်က ယုံခဲ့သေးတာ”
သူ့ပုံစံက ဒေါသထွက်လာဟန်ဖြင့်။ “သွားမယ်။ ကျွန်တော် ခင်ဗျားနဲ့ မဟုတ်တရုတ်တွေ မပြောနေတော့ဘူး။ ကျွန်တော်နဲ့လိုက်ခဲ့၊ အခုချက်ချင်းပဲ ယာဉ်ထိန်းရဲဆီသွားမယ်”
“ရုန်ရုန်၊ ကိုယ့်ကို ရှင်းပြခွင့်လေးပေးပါဦး” ကျိုးယန်လင်က သူ့အင်္ကျီစကို ဆွဲလျက်။
“ကျွန်တော့်မှာ နားထောင်ဖို့ အချိန်မရှိဘူး၊ ကျိုးယန်လင်။ ကျွန်တော် ခင်ဗျားကို တစ်ခါ ယုံကြည်ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကိုယ့်ရဲ့လမ်းကို ကိုယ် ဖျက်ဆီးပစ်ခဲ့တာ”
ကျိုးယန်လင် ဘာမှမပြောမိပေ။ သို့သော်လည်း ရုတ်ခြည်း သူ့ဆွယ်တာအင်္ကျီကို ချွတ်လိုက်၏။ ချက်ချင်းပင် သူ့အပေါ်ပိုင်းက ဗလာဖြစ်သွားခဲ့လေပြီ။ ဝူဖုန့်ရုန် သူ့ကို စိုက်ကြည့်နေမိသည်။ ယောက်ျားလေးတစ်ယောက်ကို သူ မမြင်ဖူးသည်မှ မဟုတ်ပေ။ ထို့ကြောင့် ထိုလူ အဝတ်ချွတ်နေခြင်းက သူ့ကို မရှိန်စေပါပေ။
ကျိုးယန်လင်က ပိတ်စကို ခွာလိုက်ပြီး ဒဏ်ရာရထားသည့် အရေပြားနှစ်ဖက်ကို ဆွဲဖြဲလိုက်သည်။ ချက်ချင်းပင် ထိုသွေးသံတရဲရဲဖြင့် ဒဏ်ရာက ပွင့်ဟလာကာ သွေးနီနီများက အနီရောင်ဆိုးထားသည့် ရေများလို တစက်စက် စီးကျလာခဲ့၏။ ဝူဖုန့်ရုန်၏ နှလုံးသားမှာ လှုပ်ခတ်သွားရလေသည်။
မတိုးသာမဆုတ်သာဖြစ်နေသည့် အခြေအနေတွင် ခေတ္တမျှ ရှိနေပြီးမှ သူ ထိုင်ချလိုက်ရင်း အနီးကပ် ကြည့်လိုက်မိသည်။ ဒဏ်ရာမှာ ကြိမ်ဖန်များစွာ ပြန်ပွင့်ခဲ့သောကြောင့် ဖြစ်လိမ့်မည်။ ဒဏ်ရာ၏ ဘေးဖက်အစွန်များမှာ မြင်မကောင်းရှုမကောင်းဖြစ်နေကာ အခြေအနေမှာ ဆိုးဝါးလှပေ၏။
သို့ရာတွင် ဒဏ်ရာကို ဖွင့်လိုက်ပြီး အတွင်းသို့ ပိုမြင်ရအောင် ကြည့်လိုက်သည့်အခါတွင် အထဲကို ရှင်းလင်းသေချာစွာ မြင်နေရပြီဖြစ်သည်။ ဒဏ်ရာမှာ နက်ရှိုင်းခြင်း မရှိဘဲ ဓားထိုးခံရသည့် ဒဏ်ရာထက် ခြစ်ရာတစ်ခုဖြင့်ပင် ပိုတူနေသယောင်။
ကျိုးယန်လင်က ခါးသက်သက် ရယ်ရင်း ဆိုလာသည်။ “အရင်အပတ်က ကိုယ် ဓားထိုးခံရတာ။ မပြင်းထန်ဘူးဆိုတော့ ကိုယ့်ကို သေချင်တာတော့ မဖြစ်နိုင်ဘူး။ ခြိမ်းခြောက်ချင်ရုံလောက်ပါပဲ။ ကိုယ် ဘူတာရုံထဲကို ဝင်လာတဲ့ မနက်စောစောက လူတစ်ယောက် ကိုယ့်အနောက်ကို လိုက်လာတာကို သိလိုက်ရတာ။ အဲဒါကြောင့် ကိုယ် တစ်ဖက်လှည့်ပြီး လုံခြုံရေးကို ရှာဖို့ ကြိုးစားသေးတယ်။ သူက အဲဒီလောက် ထိတ်လန့်သွားမယ်လို့ ကိုယ် မထင်ထားဘူး။ သူက အခန်းလေးရဲ့ တံခါးကနေ ထွက်လာပြီး ကိုယ့်ကိုတောင် ဝင်တိုက်သွားတယ်။ ကိုယ်က သတိမလွတ်သွားတော့ သူ့ရဲ့ မျက်နှာကို ကြည့်ဖို့ လည်ပင်းက ပဝါကို ချွတ်ကြည့်လိုက်သေးတယ်။ ဒါပေမဲ့ သူက ချက်ချင်းပဲ ထွက်ပြေးသွားတယ်လေ”
ကျိုးယန်လင်က ပတ်တီးစကို တစ်ဖန် ပြန်ရစ်ပတ်လိုက်ပြီး သက်ပြင်းချ၏။ “အဲဒါပြီးတာနဲ့ ကိုယ် သန့်စင်ခန်းကို သွားပြီး ဒဏ်ရာကို ပြန်ဖွင့်ခဲ့တာ။ ပထမဆုံးအနေနဲ့ အဲဒီအချိန်က သူ ဘာလို့ ကိုယ့်နောက်ကို လိုက်နေမှန်း မသိခဲ့ဘူး။ သူက ကိုယ့်ဒဏ်ရာကို ပြန်ပွင့်အောင် လုပ်လိုက်တာလို့ပဲ ထင်စေခဲ့တာ။ ကိုယ် ဘတ်စ်ကားပေါ်ကို သွေးတွေနဲ့ ရောက်လာရင် သူက သေချာပေါက်သိပြီး နောက်ထပ် တုံ့ပြန်လာမှာပဲ။ အဲဒီအခါကျရင် သူ ဘယ်သူလဲဆိုတာကို ကိုယ် ကြည့်လို့ ရပြီလေ။ ဒုတိယအချက်အနေနဲ့ကတော့ ဒါက မင်းရဲ့ အာရုံကို စွဲဆောင်ပြီး ကိုယ့်ကို ကူညီလာဖို့ နည်းလမ်းကောင်းဆိုတာ သိတယ်လေ။ ကိုယ် ဒဏ်ရာရတာကို မင်မျက်လုံးနဲ့ ကိုယ်တိုင် မြင်လိုက်ရရင် ဒီကိစ္စက လေးနက်ပြီး ကိုယ်က အပြစ်ကင်းတယ်ဆိုတာ မင်း ယုံနိုင်တယ်။ ဘတ်စ်ကားပေါ် မတက်ခင် မင်းအကြောင်း ကိုယ် စုံစမ်းခဲ့သေးတယ်။ ကိုယ် ဘယ်လို စစ်ကြည့်လဲတော့ မမေးနဲ့။ ကိုယ်က ဒီလုပ်ငန်းမှာ လုပ်နေတာ ဆယ်နှစ်ကျော်ရှိပြီ။ ပြီးတော့ ပုံမှန်သတင်းအရင်းအမြစ်တွေက လာတာမဟုတ်ဘူးဆိုတာ မင်း မသိတာ ပိုကောင်းတယ်။ ကိုယ်က ဒီရထားကို စီးမှာဆိုတော့ မင်းဆီကနေလည်း ပုန်းနေနိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ကိုယ့်ဘက်က အရင် ခြေလှမ်းလှမ်းလိုက်တာ မကောင်းဘူးလား”
ဝူဖုန့်ရုန် သူ့မျက်လုံးများကို ကျဉ်းမြောင်းစေလိုက်သည်။
“ဒီတော့ ခင်ဗျားက ဒါကို သေချာစီစဉ်ထားတာပေါ့။ ခင်ဗျား မီးရထားမယ်နောက်ကို လိုက်လာခဲ့တဲ့ အကြောင်းရင်းက ကျွန်တော့်ကို ရထားတွဲထဲကို ခေါ်သွားပြီး အကူအညီတောင်းမလို့ဟုတ်လား”
“အမ်၊ မီးရထားမယ် ထွက်သွားပြီးတာနဲ့ ကိုယ် အဝတ်အစားလဲပြီး ဘတ်စ်ကားပေါ်ကနေ အဝတ်သေတ္တာကို ပစ်ချခဲ့တာ။ အဲဒီကစပြီး နောက်ပိုင်း ဘာဖြစ်လဲတော့ မင်း သိပြီးသားပါ”
“ဘာလို့ အဲဒါကို အစောက မပြောပြတာလဲ”
“ကိုယ်သာ မင်းကို ပြောပြရင် မင်းက မက်ဆေ့ချ်နဲ့ ပတ်သက်တဲ့ ကိစ္စကို သင်္ကာမကင်းဖြစ်နေမှာ။ ဒီစုံထောက်လုပ်တမ်းကစားပွဲက ကိုယ် ထွင်ထားတဲ့ ဇာတ်ကြောင်းတစ်ခုလို့ ထင်မှာပေါ့။ ကိုယ်မှ အဲဒီကိစ္စကို စွန့်စားလို့မရတာ”
“ကျွန်တော့်ကို ဒီခေါ်လာပြီးတာနဲ့ စည်းရုံးနိုင်မယ်လို့ ခင်ဗျားက ဘာလို့ ဒီလောက်သေချာနေရတာလဲ”
ကျိုးယန်လင်က သူ့လက်ကို မြှောက်ကာ နားထင်ကို ပွတ်သပ်နေသည်။ “ကိုယ်လည်း မသေချာပါဘူး။ ကြိုးစားကြည့်ရုံပဲ။ မင်းက ကိုယ့်ကို ယုံတယ်ပြောတော့ ကိုယ် တော်တော် အံ့ဩသွားခဲ့တာ။ ကိုယ် မင်းကို တကယ် စိတ်မပျက်စေချင်ပါဘူး။ ရုန်ရုန်၊ ကိုယ် မင်းကို ဒီမှာ တွေ့ခွင့်ရလို့ အရမ်း ဝမ်းသာတာ”