Chapter 1.1
အပိုင်း (၁.၁)
မြို့တော်တွင် ဆောင်းနှင်းများ ရက်ရှည်ကြာ ကျပြီးနောက်၊ ယနေ့တွင်တော့ တိမ်ကင်စင်းကာ နေခြည်အလင်းတန်းများက မှန်ချပ်ပြတင်းများကို ဖြတ်၍ အတွင်းဆောင်ခန်းကို တောက်ပပေးရန် သူ့ထက်ငါအပြိုင် ဖြာကျသက်ဆင်းလာကြသည်။
အခန်းထဲတွင်မူ သာယာမှု၏ရနံ့က လူကို မျက်နှာနီ၊ နားနီဖြစ်အောင် လုပ်နိုင်စွမ်းသည်အထိ ပြင်းထန်လှသည်။ ခုတင်ထက်ရှိ အမျိုးသမီးသည်မူ ယခုထိတိုင် နိုးမလာသေးချေ။ နူးညံ့သိမ်မွေ့သည့် မျက်နှာဖြူဖြူသေးသေးလေးတစ်ဝက်က ရွှေရောင်ဘရိုကိတ်စောင်အောက်တွင် မြုပ်ဝင်နေပြီး၊ မင်ပမာ နက်မှောင်သည့် ပျော့ပျော့ပျောင်းပျောင်းဆံနွယ်ရှည်များက လွတ်လပ်စွာ ပြန့်ကျဲနေ၏။ သူ(မ)ကိုယ်ထက်ရှိ ပါးလွှားသည့် အတွင်းဝတ်များက လျော့လျော့ရဲရဲဖြင့်၊ ခါးပတ်ရှိ ကြိုးထုံးနှစ်ခုသည် ပြေလျော့နေပြီး အဝတ်များက ဖရိုဖရဲ။
မင်ကျူးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ သူ(မ)၏ကျောက်စိမ်းပမာ မျက်နှာဖြူဖြူလေးကို မျက်နှာချေးများဖြင့် ဖုံးကားထားပြီး လှပနေသည့် မျက်ဝန်းလေးများက ရီဝေနေဟန်။ သူ(မ)ပုံစံက အချစ်ခံထားရသည့် ဆွဲဆောင်မှုရှိနေသော မိန်းမပျိုအသွင်၊ သို့သော် မျက်ခုံးနှစ်ဖက်ကို တွန့်ကြုတ်ထားသည်မှာ အိပ်မက်ဆိုးမက်နေသည့်သယောင်ပေ။
မိန်းမစေလေးတစ်ယောက်သည် ယမန်နေ့ညက အရှုပ်တော်ပုံကို အသာအယာ ရှင်းလင်းနေပြီး ကြမ်းပြင်ပေါ်မှ ဖြဲစုတ်ခံထားရသော အဝတ်များကို ကောက်သိမ်းရင်း မျက်နှာလေးမှာ ရှက်ရွံ့မှုဖြင့် ရဲရဲနီလာတော့သည်။
ယနေ့မနက်ခင်းတွင် အရှင့်သား အိမ်ရှေ့စံသည် အခန်းထဲမှ မထွက်ခင် အလွန်သေသပ်စွာ ဝတ်စုံပြည့်ဝတ်ဆင်ထား၏။ သူ၏ပုံစံသည် ကျက်သရေရှိပြီး ညင်သာသိမ်မွေ့ကာ ကျောက်စိမ်းပမာ အေးမြကြည်လင်နေသော်ငြား မမျှော်လင့်ထားစွာဖြင့် သူသည် ခုတင်ပေါ်က ကိစ္စများနှင့်ပတ်သက်လာလျှင် အကြမ်းပတမ်းရှိလှသည်။ ယမန့်နေ့ညက အခန်းထဲမှ ထွက်လာသည့် လှုပ်ရှားသံများမှာ တိုးတိုးဖျဖျမဟုတ်၊ မမလေးမှာ တော်တော်လေး ကိုင်တွယ်လိုက်ရပေလောက်မည်။
မဟုတ်ပါက သူ(မ)တစ်ယောက် မွန်းတည့်ချိန်ထိတိုင်အောင် အိပ်ပျော်နေလိမ့်မည်မဟုတ်ပေ။
စားဖိုဆောင်မှနေ မနက်ကတည်းက ကျိုချက်ထားသည့် သန္ဓေတားဆေးရည်ကို ပြန်နွှေးနေသည်မှာ သုံးကြိမ်တိုင်ပင် ရှိသွားပြီဖြစ်သည်။ မမလေးမင်ကျူးသာ နိုးမလာသေးလျှင် စားဖိုဆောင်မှလူများ ၎င်းအား ထပ်မံပြင်ဆင်ရပေတော့မည်။
မင်ကျူးသည် စောင်များအောက်မှ ဖြူသွယ်သွယ်လက်ချောင်းများကို ဆန့်ထုတ်ကာ ခုတင်ကန့်လန့်ကာနီကို ဖယ်မပြီး ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။
သူ(မ)ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်နေပြီး လက်မောင်းများမှာ မြှောက်မနိုင်လောက်အောင်ပင် ကိုက်ခဲကာ အိပ်ရာထဲမှ ထွက်လိုက်ချိန် ခြေထောက်နှစ်ချောင်းမှာ ရပ်နိုင်ရုံမျှသာ။ သူ(မ) အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး အဝတ်အစားများကို ဖြည်းညင်းစွာ ဝတ်ဆင်လိုက်သည်။
မင်ကျူးအား ဆေးကြောပေးရန် စောင့်ဆိုင်းနေသော မိန်းမစေလေးသည် အသံကြားသည်နှင့် အခန်းထဲသို့ ဝင်လာ၏။
ပိယင်သည် ကျိုထားပြီးကာစဖြစ်သော သန္ဓေတားဆေးရည်ကို ယူဆောင်လာပြီး မင်ကျူးရှေ့ ချပေးကာ တစ်ခဏ ချိတုံချတုံဖြစ်နေပြီးနောက်မှ နှုတ်ခမ်းကို စေ့ကာ အသံ ခပ်တိုးတိုးဖြင့် သတိပေးလိုက်သည်။
“မမလေး ဆေးအရင်သောက်လိုက်ပါအုံး”
မင်ကျူးသည် အနက်ရောင်အရည်များကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းသားပါးပါးလေးကို အသာအယာ ကိုက်ထား၏။ သူ(မ)ပုံစံက တုန့်ဆိုင်းနေသယောင် သို့သော် တစ်ချိန်တည်းမှာပင် ထိုသို့ မဟုတ်နေပြန်သလို။
အချိန်အတန်ကြာပြီးနောက်တွင် ပိယင်သည် အံကြိတ်ကာဖြင့် သူ(မ)ကို တစ်ဖန်တိုက်တွန်းရန် ကြံရွယ်လိုက်စဉ် မင်ကျူးက သူ(မ)အရှေ့မှ ပန်းကန်လုံးကို ကောက်ကိုင်ကာ လည်တံသွယ်သွယ်ကို မော့ရင်း တကြိုက်တည်း မော့သောက်လေသည်။
ပိယင်သည် သက်မချပြီး သစ်သီးသကြားလုံးကို အလျင်အမြန် ကမ်းပေးလိုက်သည်။
“မမလေး အခါးသက်သာအောင် သစ်သီးသကြားလုံးလေးစားလိုက်ပါအုံး”
မင်ကျူးသည် မျက်မှောင်ကြုတ်ကာ : “မလိုတော့ဘူး”
ပိယင်မှာ အနည်းငယ်လေး အံ့အားသင့်သွား၏။ ယခင်ကဆိုလျှင် မမလေးမင်ကျူးသည် သန္ဓေတားဆေးရည်၏ ခါးသက်သက်အရသာ အမြဲ မနှစ်မြို့ဖြစ်ကာ ဆေးသောက်ပြီးချိန်တိုင်း အရသာပြေစေရန် သစ်သီးသကြားလုံးအနည်းငယ်ကို စားပေးရသည်။
ပိယင်တစ်ယောက် သူ(မ)မျက်နှာကို အသေးစိတ် စူးစမ်းကြည့်မိသည်။ မမလေးမင်ကျူးသည် သူ(မ)မြင်ဖူးသမျှ မိန်းကလေးများထဲ အချောဆုံး၊အလှဆုံးဟု ဆိုရပေမည်။ ဘာမှမလိမ်းခြယ်လျှင်တောင် အသက်ရှူမှားလောက်စေသော မျက်နှာလေးမှာ သက်ရှိတိုင်းကို ညှိ့ယူဖမ်းစားနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းပြီး တောင်ကျစမ်းရေပမာ မျက်ဝန်းများ၊ ပန်းချီကားချပ်သဖွယ် မျက်ခုံးများ၊ နီလွလွ နှုတ်ခမ်းသားများ၊ ဖြူဖွေးဖွေး သွားတန်းလေးများနှင့် နူးညံ့သိမ်မွေ့ပြီး အသားအရေမှာ ပွင့်လန်းစ ဖူးငုံပမာ နှင်းဆီရောင်သန်းနေ၏။
မမလေးမင်ကျူး၏ပုံစံက ဒေါသထွက်နေသည့်ပုံလည်း မပေါ်၊ ဝမ်းနည်းသည့်ပုံလည်း မပေါက်သည့်တိုင် ပိယင်တစ်ယောက် သူ(မ)အား နှစ်သိမ့်ပေးရန် ပါးစပ်ဖွင့်ဟလိုက်သည်။
“မမလေး၊ မမလေး စိတ်ချနေပါ ဝမ်းနည်းမနေပါနဲ့၊ မမလေးရဲ့ခန္ဓာကိုယ်က အခုလက်ရှိမှာ အားနည်းနေတာမလို့ အရှင့်သားက မမလေးကို သန္ဓေတားဆေးရည်ကို တိုက်နေရတာပါ၊ နောင်ကျ မမလေးခန္ဓာကိုယ် ကျန်းမာလာရင် အရှင့်သားက မမလေးကို ကလေးမွေးခွင့်ပြုမှာပါ”
မင်ကျူးသည် ထိုစကားများကြားလျှင် ဖွဖွလေး ပြုံးလာ၏။ တကယ်တော့ သူ(မ) နည်းနည်းလေးမှ ဝမ်းနည်းမမိပါချေ။ သို့သော် သူ(မ)ပြောလျှင်တောင် မည်သူမျှ ယုံလိမ့်မည်မဟုတ်ပေ။
“နင် သွားတော့လေ၊ ငါ နည်းနည်းလောက် ထပ်နားလိုက်အုံးမယ်”
“ဟုတ်ကဲ့”
အခန်းတံခါးကို ညင်သာစွာ ပိတ်ပေးကာ အပြင်ဘက်မှ စူးရှသော နေရောင်ခြည်ဖျဖျကို ပိတ်ဆို့ထားလိုက်သည်။
တစ်ဝက်ဟထားသည့် သစ်သားပြတင်းတံခါးကိုဖြတ်၍ မင်ကျူးသည် အပြင်ဘက်မှ ရှုမျှော်ခင်းကို မျှော်ကြည့်ရင်း အတွေးများမှာ လွင့်မျောလာ၏။
ပိယင် ပြောတာ မမှန်ပေ။ သူ(မ)ခန္ဓာကိုယ်က အားနည်းသည်ကြောင့် ကျောက်ရှီက သူ(မ)ကို ကလေးလွယ်ခွင့်မပြုခြင်းမဟုတ်။ ယခင်ဘဝက ကျောက်ရှီသည် သူ(မ)ကို ဝမ်ယွဲ့ဆောင်တွင် နေစေခဲ့သည်။ သူ(မ)မှာ ထိုသန္ဓေတားဆေးရည်များကို ငါးနှစ်တိုင်တိုင် သောက်ခဲ့ရပြီး သောက်ရလွန်း၍လည်း ကလေးမလွယ်နိုင်တော့သည်အထိ ဖြစ်လာခဲ့သည်။
ထို့အပြင် တစ်ချို့အရာများသည် သူ(မ)သေဆုံးသွားသည့်တိုင်အောင် မပြောင်းလဲသွားခဲ့ချေ။
ကျောက်ရှီသည် သူ(မ)၏နိမ့်ကျလှသည့် အဆင့်အတန်းကို မနှစ်မြို့သည်ကြောင့်လည်း ထိုက်ကျစ်ဖေး(အိမ်ရှေ့စံမင်းသမီး)ကို လက်မထပ်ခင် အနှီအမည်မရှိသော ရာထူးဂုဏ်ဒြပ်မရှိသော သူ(မ)အား ကိုယ်လုပ်တော်ပင် ဖြစ်ခွင့်မပေးခဲ့၊ သူ၏ရင်သွေးကို လွယ်ခွင့်ပင် မပေးခဲ့ချေ။
ကျောက်ရှီသည် တော်ဝင်အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ပြီး အဆင့်အတန်းမြင့်မားကာ လေးစားဖွယ်ကောင်းပြီး စိတ်သဘောထားကြီးမားသည့်အပြင် အကျင့်စာရိတ္တဖြောင့်မှန်သူလည်း ဖြစ်သည်။ သူ၏အပြောအဆို၊ အပြုအမူနှင့် ကျင့်ဝတ်များကို လူတိုင်းက ချီးကျူးကြပြီး စံပြအဖြစ် သတ်မှတ်ခံထားရသည့် သူပေ။
သူသည် ချောမောခံ့ညားပြီး အမြဲလိုလို ညင်သာသိမ်မွေ့နေတတ်သည်။ သို့သော် အနှီညင်သာသိမ်မွေ့လှပါသော ပုဂ္ဂိုလ်က အမှန်တကယ်တွင် နှလုံးသားမရှိသည့် အကြင်နာတရားခေါင်းပါးဆုံးသောသူ ဖြစ်သည်။
မင်ကျူးဆိုသည်မှာ မိသားစုတွင် ကိုယ်လုပ်တော်တစ်ဦးမှ မွေးဖွားလာသည့် လျစ်လျူရှုခံထားရသော သမီးတစ်ဦးဖြစ်သည်။ သူ(မ)မိခင်ဖြစ်သူ၏အဆင့်အတန်းသည် နိမ့်ကျပြီး အလွန်စောစီးစွာကတည်းက ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ မင်မိသားစုတွင် သူ(မ)အား ကာကွယ်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသော်လည်း သူ(မ)သည် ဉာဏ်ကောင်းပြီး ညီအစ်မများထံမှ ထင်ရှားမှုကို မခိုးယူခဲ့ပေ။ ထို့ကြောင့်လည်း သူ(မ)သည် အန္တရာယ်ကင်းကင်း ကြီးပြင်းလာနိုင်ခဲ့သည်။
မင်ကျူး အရွယ်ရောက်လို့လာချိန်တွင် သူ(မ)၏အိမ်နီးချင်းလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်း ဖြစ်သည့် သူက ကျန့်နန်းပြည်နယ်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး သူ(မ)အား ဆိုလာခဲ့သည်မှာ သူ သူ(မ)ကို တောင်းရမ်းလက်ထပ်ယူတော့မည်ဟူ၍။
နောက်တစ်နေ့တွင် သူသည် လက်ထပ်ခွင့်တောင်းရန် ကိုယ်တိုင်ကိုယ်ကျ အိမ်တံခါးရှေ့မှောက်သို့ ရောက်လာခဲ့သည်။