Chapter 1.2
အပိုင်း (၁.၂)
နှစ်ဦးသားက တစ်ယောက်ကိုတစ်ယောက် သဘောကျမြတ်နိုးကြသဖြင့် မင်ကျူးနှင့် သူ(မ)၏ငယ်ကျွမ်းဆွေတို့မှာ အောင်အောင်မြင်မြင် စေ့စပ်ကြောင်းလမ်းနိုင်ခဲ့ကြသည်။
ထိုအချိန်က မင်ကျူးမှာ လက်ထပ်ဖို့အရေး မျှော်တွေးရင်း ပျော်ရွှင်နေခဲ့သည်။ သူ(မ)က အိမ်တွင် အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ပြီး ရှက်သွေးဖြာရင်းဖြင့် သူ(မ)၏ချစ်ရသူသတို့သားအတွက် *မန်ဒရင်းဘဲလေးများကို ခေါင်းအုံးစွပ်တွင် ပန်းထိုးဖြစ်ခဲ့သည်။
(T/L note : မန်ဒရင်းဘဲဆိုတာက အချစ်ရဲ့သင်္ကေတပါ)
တိုက်ဆိုင်လှစွာပင် ထိုနေ့က မင်အိမ်တော်တွင် စားသောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ အရှင့်သားအိမ်ရှေ့စံသည် သိုသိုသိပ်သိပ်ဖြင့် တက်ရောက်လာပြီး သေရည်အနည်းငယ် သောက်ပြီးနောက် လေကောင်းလေသန့်ရှူရန် ကန်ရေပြင်ဘေးဆီ ထွက်လာခဲ့သည်။
မင်ကျူးတစ်ယောက် စေ့စပ်ကြောင်းလမ်းပြီးသွားကတည်းက မင်မိသားစုမှ တိသမီးတော်များသည် သူ(မ)ကို သတိဖြင့် စောင့်ကြပ်နေသည်အား ရပ်တန့်လိုက်ကြသည်။ ပုံမှန်အားဖြင့် မင်ကျူး၏အဆင့်အတန်းအရ ဤသို့သော စားသောက်ပွဲမျိုးကို တက်ရောက်ခွင့်မရှိသော်လည်း ယခုတစ်ကြိမ်တွင် ချွင်းချက်အနေဖြင့် သူ(မ)အား တက်ရောက်ခွင့် ပြုပေးလိုက်သည်။
မင်ကျူးတစ်ယောက် သူ(မ)ကြိုက်နှစ်သက်ရဆုံးသော ခေါင်ရန်းကိတ်မုန့်နှစ်ခုကို တိတ်တဆိတ် ယူဝှက်လိုက်ပြီး အနားယူရန် အနောက်ဆောင်သို့ ပြန်သွားလိုက်သည်။
ရာသီဥတုက သာယာနေပြီး အနောက်ဘက် ရေကန်တွင် မည်သူမျှ မရှိသည်ကို မြင်လျှင် သူ(မ)သည် ကြာခွက်ချိုးရန် အရဲစွန့်ကာ ရေကန်ထဲသို့ ဆင်းသွားခဲ့သည်။
နွေ၏ရောင်ခြည်မှာ ဖြာကျလျက်ရှိပြီး သူ(မ)က ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကာ မျက်နှာဖြူဖြူလေးမှာ နေရောင်ခြည်ကြောင့် အနည်းငယ် နီမြန်းနေပြီး မဟူရာ ဆံနွယ်များမှာ လေနှင့်အတူ ပျံ့လွင့်နေ၏။ သူ(မ)က ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ရေထဲသို့ ဆင်းသွားလိုက်ရင်း ကမ်းစပ်မှ မိန်းမစေလေးမှာ ထိတ်လန့်တုန်လှုပ်သွားလေသည်။
“မမလေး မြန်မြန်ပြန်တက်လာခဲ့ပါတော့ သူများတွေ မမလေးကို မြင်သွားရင် မကောင်းဘူးနော်”
မင်ကျူးသည် သူ(မ)ကို ပြုံးပြလာပြီး : “အားယား ကြောက်မနေပါနဲ့ဆို ဘယ်သူမှ ဒီကိုမလာဘူး”
သူ(မ)က ကုန်အပြည့်ဖြင့် ပြန်တက်လာပြီး ကမ်းစပ်ပေါ်ရောက်သည်နှင့် ဖိနပ်နှင့် ခြေအိတ်များကို ပြန်ဝတ်လိုက်သည်။ လက်မောင်းထဲ ကြာခွက်များကို တပွေ့တပိုက် ထွေးပိုက်ထားရင်း မျက်နှာထက် တောက်ပသော အပြုံးဖြင့် သူ(မ)သည် ဖြူစင်ကြည်လင်ပြီး လှပနေ၏။
ထိုအချိန်က သူ(မ) လုံးလုံး သတိမထားမိလိုက်သည်မှာ မလှမ်းမကမ်းမှ ရှုမျှော်ဆောင်တစ်ခုပေါ်တွင် အမျိုးသားတစ်ယောက် သူ(မ)အား အချိန်အတန်ကြာသည်အထိ ငေးကြည့်နေပြီး သူ၏နားလည်ရခက်သော အကြည့်များက သူ(မ)၏ကျောပြင်မှနေ ဖြည်းဖြည်းချင်း ပြန်ရုပ်သွားခဲ့သည်ကိုပေ။
ကျောက်ရှီတစ်ယောက် အရှေ့ဆောင်သို့ ပြန်ထွက်လာရင်း တိုက်လေများကြောင့် အမူးပြေးသွားချိန် သူ၏စိတ်အစဉ်ကို မိန်းမငယ်လေး၏ တောက်ပသော အပြုံးကသာ အစိုးရနေတော့သည်။ သူ(မ)၏အပြုံးက ထိုကြာပန်းများထက်ပင် ပို၍ ချိုမြိန်နေလေ၏။
သူ မထွက်သွားခင် မင်မိသားစု၏အကြီးအကဲက အိမ်ရှေ့စံအား အဓိကတံခါးမကြီးဆီသို့ တလေးတစား လိုက်ပါပို့ဆောင်ပေး၏။
ကျောက်ကျီသည် မြင်းလှည်းပေါ် မတက်ခင် ရေကန်နား ကြာပန်းခူးနေသည့် အပျိုတော်က မည်သူဖြစ်ကြောင်း သာမန်ကာလျှံကာ စူးစမ်းလာသည်။
မင်မိသားစု၏ သခင်ကြီးသည် တစ်စုံတစ်ယောက်ကို စုံစမ်းခိုင်းလိုက်ပြီး သတင်းရသည်နှင့် သူ့အား ချက်ချင်း ပြန်ဖြေကြားလိုက်သည်။
“ကျွန်တော်မျိုးရဲ့ တူမလေးပါ”
ကျောက်ကျီက ‘အမ်း’ ဟု အသံပြုပြီး : “နာမည်က ဘယ်လိုခေါ်လဲ”
မင်မိသားစု၏သခင်ကြီးမှာ တုန်လှုပ်သွားပြီး အရှင့်သားဆိုလိုချင်သည့် သဘောကို သိချင်သွားမိရင်း ခေါင်းငုံ့ဦးညွှတ်လျက် အကြောင်းပြန်လိုက်သည်။
“မင်ကျူးလို့ ခေါ်ပါတယ်”
ကျောက်ကျီသည် အမည်ကို မှတ်သားထားလိုက်ပြီး တခြားဘာမှ ထပ်မဆိုလာတော့ချေ။
မင်မိသားစု၏သခင်ကြီးလည်း ခေါင်းလှည့်လိုက်သည်နှင့် ထိုအဖြစ်အပျက်ငယ်ကို ချက်ချင်ဆိုသလို မေ့လျော့သွားခဲ့သည်ပေ။ မမျှော်လင့်ထားစွာဖြင့် ရက်အနည်းငယ်အကြာတွင် အရှေ့နန်းဆောင်မှနေ မင်ကျူးအား ပို့ဆောင်ပေးရန် ဆိုလာသည့် စာလွှာကို လက်ခံရရှိခဲ့သည်။
မင်သခင်ကြီးမှာ အံ့အားသင့်တုန်လှုပ်သွားရသည်။ အများက အရှင့်သားကို နူးညံ့သိမ်မွေ့ပြီး ရည်မွန်သူအဖြစ် သိထားကြပြီး သူ ယခုကဲ့သို့ လုပ်လိမ့်မည်လို့ တစ်ခါမှ မထင်မှတ်ထားချေ။
သူကလည်း သူ၏တူမလေးက စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်ကြောင်းနှင့် လာမည့်နွေဦးတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း စာပြန်လိုက်သည်။
သို့ရာတွင် အနှီမင်းသားက သူ ဤကိစ္စအား သိထားနှင့်ပြီးဖြစ်ကြောင်း ဆိုလာ၏။
မင်သခင်ကြီးမှာ အနှီအိမ်ရှေ့မင်းသားက အပေါ်ယံတွင်သာ ယဉ်ကျေးပြီး ကြင်နာတတ်ပြနေပေမယ့် သူ၏အရိုးအရေထဲမှ သွေးများက အေးစက်ပြီး နှလုံးသားက ရက်စက်ကြမ်းကြုတ်ကာ နည်းလမ်းများက အညှာတာမဲ့ပြီး သူ၏လမ်းကြောင်းကို ရှင်းရန် အသက်ကိုပင် အမှုမထားသော ကိစ္စရပ်များစွာကို လုပ်ပြီးခဲ့ကြောင်း သူ့နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း သိနေပေသည်။
သူ့အနေနှင့် မည်သို့ပင်ဆိုဆို အိမ်ရှေ့စံအား မစော်ကားဝံ့သောကြောင့် အသည်းမာမာဖြင့်ပင် မင်ကျုးအား အိမ်ရှေ့စံ၏နန်းဆောင်သို့ သီးသန့်ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်သိမ်းကာ လက်ထပ်ပေးရန် သဘောမတူခဲ့သကဲ့သို့ ဟန်ဆောင်နေခဲ့တော့သည်။
မင်ကျူးသည် ထွက်ပြေးရန် စိတ်ကူးထား၏။ သူ(မ)အား အစောင့်အကြပ် ထူထပ်သော မင်းသား၏နေအိမ်သို့ ပို့ဆောင်လိုက်သည့် ပထမဆုံးနေ့မှာကတည်းက သူ(မ)သည် မည်သူမျှ ဂရုမထားသည့်အချိန် ထွက်ပြေးရန် ကြိုးစားခဲ့သည်။
သူ(မ)သည် မနည်းရုန်းကန်ပြီး အိမ်နောက်ခြံမှ ခုန်ချလိုက်သည်။ သူ(မ)ခြေထောက် မြေပြင်နှင့် ထိသည်နှင့် အမူအရာမဲ့အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
သူ(မ)၏အခန်းတံခါးကို အိမ်စေအိုကြီးများက သော့ပိတ်ခတ်ထားကြပြီး ပြတင်းပေါက်များကိုလည်း အလုံပိတ်ထား၏။
မင်ကျူးမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး ညနက်လို့လာချိန်တွင် အခန်းအပြင်ဘက်မှ သော့ဖွင့်သံကို သူ(မ) ကြားလိုက်ရသည်။
သူ(မ)၏လက်ချောင်းများမှာ မနေနိုင်အောင် အောက်ရှိ အိပ်ရာခင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး မျက်နှာမှာ ဖြူဖျောလျက်သားဖြင့်၊ အံကို တင်တင်ကြိတ်ထားရင် အနည်းငယ်လေးမျှပင် စိတ်ကိုလျှော့လိုက်ရန် မဝံ့ရဲပေ။
သူ(မ)၏မျက်လုံးထဲတွင် အလင်းရောင်ဖျော့ဖျော့လေးတစ်ခု ရှိနေပြီး စိုစိုစွတ်စွတ် မျက်ဝန်းများက ဆွဲဆောင်မှုအပြည့်။ ဖယောင်းတိုင်မီးအောက်တွင် ဖြူစင်ပြီး ချောမောသည့် သူ(မ)ရဲ့မျက်နှာလေးက ပိုလို့ပင် နူးညံ့နေပုံပါပေ။
ထိုလူသည် သူ(မ)ထံသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ(မ)ကို အပေါ်စီးမှ ကြည့်ကာ သူ့ပတ်ဝန်းကျင်တွင် အေးစိမ့်တင်းမာသော ရောင်ဝါဖြင့် သူက တိတ်ဆိတ်လို့နေ၏။
မင်ကျူးသည် တုန်ယင်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ(မ)အရှေ့မှ အမျိုးသားသည် အလွန်ခန့်ညားကြည့်ကောင်းလွန်းသည်မှာ သူ(မ)အား တန့်သွားစေလောက်သည်အထိ၊ သူ(မ)သည် နီရဲနေသော နှာခေါင်းကို နှာရှုပ်ပြီး သနားချင့်စဖွယ် ဆိုလိုက်သည်။
“ရှင်……ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါနော်”
အမျိုးသားက မျက်ခုံးများကို ပင့်ပြီး နှုတ်ခမ်းကို စေ့ပိတ်ကာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။
မင်ကျူးသည် အရှင့်သား၏ဂုဏ်သတင်းကို ကြားဖူးသည်ပေ။ ထိုလူသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ကာ စကားပြောရ လွယ်သူဖြစ်သည်။
သူ(မ)သည် သတ္တိမွေးကာ သူ၏ဝတ်ရုံစကို လှမ်းဆွဲပြီး မျက်ရည်ကျရင်း တောင်းပန်ခဲ့သည်။
“ကျွန်မ…ကျွန်မမှာ စေ့စပ်ထားတဲ့သူရှိတယ် ကျွန်မတို့က လက်ထပ်ကြတော့မှာပါ”
သူ(မ)၏အသံမှာ ငိုရှိုက်သံဖြင့်။
အနှီအမျိုးသား၏မျက်နှာအမူအရာမှာ ထိုစကားကြားသည့်တိုင်အောင် မပြောင်းလဲသွားပေ။
“အမ်း”
တစ်လုံးတည်းပဲ၊ သူ၏ စိတ်နေစိတ်ထားနှင့်အညီ အေးအေးစက်စက် ဆိုလာခဲ့ခြင်း။