Chapter 1.3
အပိုင်း (၁.၃)
သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လာပြီး အေးစက်စက်လက်ချောင်းထိပ်များက သူ(မ)၏မေးကို အားထည့်၍ ဖျစ်ညှစ်ကာ အေးတိအေးစက်နှင့် သူ့အသံက အများက ပြောသလို နူးညံ့ကြင်နာမှုဟူ၍ နည်းနည်းကလေးပင် မရှိနေချေ။ သူက အမူအရာမဲ့စွာပင် မေးလာခဲ့သည်။
“မင်း ဒီနေ့လယ်က အပြင်ထွက်သွားတယ်လို့ ကြားတယ် ဟုတ်လား”
မင်ကျူးသည် အငိုတိတ်သွားပြီး စိုစွတ်စွတ်မျက်ဝန်းများက ကြောက်လန့်နေသည့် သမင်ငယ်တစ်ကောင်ပမာ။
အနှီအမျိုးသား၏နှုတ်ခမ်းက လှောင်ပြုံးရင်း အပေါ်သို့ ကွေးတက်သွား၏။ သူ(မ)၏ကြောက်လန့်နေသော မျက်ဝန်းများကို ကြည့်ပြီး ပါးပြင်ထက်မှ မျက်ရည်စက်များကို ညင်သာစွာ သုတ်ပေးလာ၏။
“မင်းရဲ့အဲ့ဒီစေ့စပ်ထားပါတယ်ဆိုတဲ့ သတို့သားလောင်းက နောက်နှစ်ဆိုရင်ပဲ နွေဦးစာမေးပွဲကို ဝင်ဖြေရတော့မှာမဟုတ်လား”
သူ့အသံက အလွန်ကိုမှ ညင်သာနေသည့်တိုင် သူ(မ)နှလုံးသားကို အသက်ရှူရခက်သည်အထိ တင်းကျပ်သွားစေ၏။
အမျိုးသားက သူ(မ)မျက်နှာကို ဖြည်းဖြည်းချင်း သုတ်ပေးနေရင်း သူ၏အေးစက်စက်အသံတို့က သူ(မ)နားသို့ ဆက်ရောက်လာ၏။
“ပြီးတော့ မင်းအဖေနဲ့ မင်းရဲ့အစေခံမိန်းကလေးလည်း ရှိနေသေးတယ်”
မင်ကျူးမှာ မည်မျှပင် တုံးအနေပါစေ သူ သူ(မ)ကို ခြိမ်းခြောက်နေမှန်းတော့ သိပေသည်။
အမျိုးသားက သူ့လက်ကို ဖြေလျော့လိုက်ပြီး ထင်ထားသည့်အတိုင်းပင် အမျိုးသမီး၏နူးညံ့ညံ့ အရေပြားထက်တွင် အရာနီနီကြီးနှစ်ခု ထင်ကျန်လို့နေ၏။ သူက သူ(မ)ကို အေးစက်စွာ ငုံ့ကြည့်လေပြီး ကြားရသူအဖို့ ခံစားချက်ပင် မရှိလေသလားဟု ထင်မှတ်ရစေသည့် စကားတို့ဖြင့် သူ(မ)အား ပေါ့ပါးစွာပင် သတိပေးလာ၏။
“လူတစ်ယောက် အေးအေးချမ်းချမ်းနဲ့ အခြေချနေထိုင်ဖို့ဆိုရင် တရားဝင်စာရွက်စာတမ်းတွေရှိဖို့လိုတယ်၊ ကမူးရှူးထိုး ထွက်ပြေးဖို့ကြံရင်တော့ အဲ့ဒီလူကို ဝရမ်းပြေးအနေနဲ့ ဖမ်းပြီး အကျဉ်းချပိုင်ခွင့်ရှိတယ်၊ ပြီးရင်တော့ ညှဉ်းပန်းခံရပြီး သုံးရက်တောင် ခံနိုင်မှာမဟုတ်ဘူး”
သူ(မ)၏ ကျွန်အဖြစ်စာတမ်းများနှင့် ခရီးသွားခွင့်စာရွက်များက သူ့လက်ထဲ ရောက်နေနှင့်သည်မှာ ကြာလှပြီပေ။
“မြို့တော်အကျဉ်းထောင်မှာ အမည်မသိအကျဉ်းသားတွေအတွက် အပြစ်ပေးဖို့ နည်းလမ်းမျိုးစုံရှိတယ် ဥပမာ လျှာကို ဆွဲထုတ်ပြီး မျက်လုံးကို ရေနွေးပူလောင်းတာမျိုး၊ ခြေထောက်ရိုးကို ထုတ်ပြီး သံပူနဲ့ တံဆိပ်ခတ်တာမျိုး၊ ဒီထဲမှာ မင်း ဘယ်နှခုလောက်ကို ခံနိုင်ရည်ရှိမယ်လို့ ထင်လဲ”
မင်ကျုးမှာ ဆက်ငိုနေဖို့ရာပင် မစွမ်းသာတော့ပေ။ မခြောက်သေးသည့် မျက်ရည်စက်များက ခန္ဓာကိုယ်တစ်ခုလုံး ချုပ်တည်းမရစွာ တုန်ယင်လာရင်း မျက်တောင်များပေါ် တွဲငြိနေ၏။
အနှီအမျိုးသားသည် သူ(မ)၏သွယ်လျလျနောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးကာ အေးစက်စက်လက်ချောင်းများက သူ(မ)ဇက်ပိုးကို ဖမ်းဆုပ်ရင်း မျက်ဝန်းနက်နက်များဖြင့် သူ(မ)ကို စိုက်ကြည့်လာသည်။ ပေါ့ပေါ့ပါးပါး မေးလာသည့် စကားသံတို့မှာ ညင်သာနွေးထွေးနေလေ၏။
“မင်း သေချာစဉ်းစားကြည့်ပြီပြီးလား၊ ထွက်ပြေးဖို့ ကြံချင်သေးလား”
မင်ကျူးသည် မျက်ရည်များဖြင့် ခေါင်းခါပြ၏။
အနှီအမျိုးသားက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ကာ : “အမ်း၊ မင်း နားတော့လေ”
သူသည် ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်ပြီး သူ့ခါးထက်မှ ခါးပတ်ကြိုးကို အသာအယာ ဖြည်ကာ သူ(မ)အနားသို့ တိုးကပ်လာရင်း တစ်ခဏ ရပ်တန့်ကာ ဆိုလာ၏။
“မင်း လိမ္မာနေသရွေ့ ငါက မင်းကို ခက်ခဲအောင်လုပ်မှာမဟုတ်တာမလို့ ကြောက်နေစရာမလိုဘူး”
အမှောင်ယံထဲတွင် မင်ကျူးသည် နှုတ်ခမ်းကိုသာ ဖိကိုက်ထားပြီး စကားမဆိုလာချေ။
အမျိုးသား၏လက်ချောင်းများက အေးစက်မှုနှင့်အတူ သူ(မ)ကို ထိတွေ့လာပြီး သူ(မ)၏ပိန်သွယ်သွယ်ခါးကို ခပ်ကြမ်းကြမ်း ညှစ်ကာ သူ၏သွားချွန်ချွန်တို့ဖြင့် သူ(မ)၏နားရွက်ကို ဖိကိုက်ထား၏။
“မင်း ဘယ်လိုအလုပ်အကျွေးပြုပေးရမလဲဆိုတာ သိလား”
သူ(မ)သည် ကိုယ်ကို ကွေးကာ တုန်ယင်နေ၏။
သူ(မ) မသိဘူး…သူ(မ)က ငိုဖို့ပဲ တတ်တာ။
အမျိုးသားက သူ(မ)၏တုန်ယင်နေသည့် ကိုယ်ကို ပုတ်ပေးပြီး မျက်ဝန်းများကို တစ်ခဏ နမ်းရှိုက်ကာ မျက်ဝန်းထောင့်စွန်းမှ ရေကြည်လဲ့လဲ့များကို စုပ်ယူခြောက်သွေ့စေပြီး နားနားသို့ကပ်ကာ တီးတိုးဆိုလာ၏။
“မသိရင် သင်ရမယ်၊ အခုအချိန်ကစပြီး မင်း ငါ့ကို ခစားရမယ် နားလည်လား”
ကျောက်ရှီ သူ(မ)ကို ချစ်မြတ်နိုးသည်ဟု မင်ကျူး ထင်မိသည်။
မဟုတ်လည်း သူ(မ)ကို သဘောကျတယ်လို့ပေါ့။
မဟုတ်ပါက သူ(မ)၏မင်္ဂလာပွဲကို အတင်းအကျပ် ဖျက်သိမ်းစေပြီး သူ(မ)အား အိမ်ရှေ့နန်းဆောင်တွင် လှောင်ပိတ်ထားလေပါ့မလား။
ယခင်ဘဝက သူ(မ)သည် မူလက သူ့အပေါ် ခံစားချက်တို့ မရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မနေနိုင်အောင် သူ့အပေါ် ချစ်ကျွမ်းဝင်သွားခဲ့သည်။
ကလေးယူမည့် ကိစ္စကလွဲ၍ သူသည် သူ(မ)အပေါ် အဘက်ဘက်မှ အလွန်အမင်း ကောင်းပေးပြီး မည်သည့်မတရားမှုမျိုးကိုမျှ တစ်ခါလေးပင် မခံစားစေခဲ့ချေ။
ချစ်ကျွမ်းဝင်သွားသည့် အမျိုးသမီးများမှာ အရူးတွေချည်းသာ။
ကျောက်ရှီ၏စိတ်နေသဘောထားက အေးစက်စက်နှင့် စကားလည်း နည်းပြီး သူ(မ) အပြင်သို့ထွက်ကာ မျက်နှာပြသည်ကိုလည်း သဘောမတွေ့လှချေ။ ထို့ကြောင့် သူ(မ)သည် သူ့စကားနားထောင်ပြီး ဘယ်ကိုမှ မသွားလေဘဲ အနောက်ဆောင်တွင်သာ လိမ်လိမ်မာမာ နေပေးခဲ့သည်။
သူ၏မွေးနေ့တွင် သူ(မ)သည် သူ့အတွက် ရှုံ့အိတ်နှင့် အဝတ်အစားများကို သိုသိုသိပ်သိပ် ပန်းထိုးပေးခဲ့သည်။ လက်ချောင်းထိပ်ကို အပ် စူးဝင်သွားသည့်အခါတိုင်းတွင်လည်း သူ(မ)သည် တစ်ခါလေးပင် အသံမထွက်ခဲ့၊ သို့သော် သူ(မ) သူ့အား ပေးခဲ့သည့် ထိုရှုံ့အိတ်လေးအား သူ ဝတ်သည်ကို သူ(မ) တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မင်ကျူးမှာ သူ့အတွက် သက်ရှည်ခေါက်ဆွဲချက်ပေးရန် စားဖိုဆောင်ငယ်သို့ပင် တိတ်တဆိတ် သွားပြီး အိပ်ချင်စိတ်ကို ချုပ်ထိန်းရင်း သူ့အား တစ်ညလုံး စောင့်ဆိုင်းနေခဲ့ပါသော်လည်း ထိုညတွင် သူသည် အရိပ်အယောင်လေးပင် မပေါ်လာချေ။ သူ နန်းတော်တွင် အနားယူနေသည်ဟု သူ(မ)သတင်းပြန်ကြားရပြီး နောက်တစ်နေ့မနက်စောစော သူ ရောက်လာချိန်တွင်မူ သူ့ကိုယ်ထက်မှနေ မျက်နှာချေပေါင်ဒါနံ့ကို ရလိုက်ချိန် မျက်ရည်များက သူ(မ)ပင် သတိမမူမိပါဘဲ သူ့အလိုလို ပြိုကျလာတော့၏။
မင်ကျူးသည် သူ့ကို ဖက်ကာ ငိုရှိုက်ရင်း ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် : “ကျွန်မ ကလေးလိုချင်တယ်”
သူ(မ) သူ့ကို သိပ်ကိုချစ်ရသလို အလွန်ကိုမှလည်း အထီးကျန်ရသဖြင့် သူရဲ့ကလေးကို လိုချင်လာမိသည်။ သမီးမိန်းကလေးသာဖြစ်လျှင် ပိုလို့တောင် ကောင်းပေအုံးမည်။
ကျောက်ရှီသည် အကြာကြီး တိတ်ဆိတ်နေပြီးနောက်မှ ဆိုလာ၏။
“မင်းရဲ့လက်ရှိခန္ဓာကိုယ်က ကလေးလွယ်ဖို့ မသင့်တော်သေးဘူးလေ”
ထိုစကားလုံးများက လွန်စွာ နားဝင်ချိုလှသော်လည်း မင်ကျူးမှာ သူဆိုလိုချင်သည့်သဘောကို နားလည်၏။ သူက သူ(မ)သည် သူ့ကလေးလွယ်ရန် မသင့်လျော်သည်ဟု ထင်နေခြင်းပေ။
သိပ်မကြာလိုက်ခင် ကျောက်ရှီတစ်ယောက် လက်ထပ်မင်္ဂလာပြုတော့မည်ပေ။ သူသည် ထိုက်ကျစ်ဖေးနေရာအတွက် အလောင်းအလျာကို ဂရုတစိုက် စိစစ်ရွေးချယ်ကာ မင်္ဂလာရှိသော ရက်မြတ်တစ်ခုကို သတ်မှတ်ပြီး လောကတစ်ခွင် ကြေညာလေသည်။
ထိုကိစ္စကြောင့် မင်ကျူးမှာ တစ်ခဏ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရပြီး သူ(မ)မျက်ဝန်းများမှာ နီရဲနေရင်း ကောင်းမွန်စွာ တစ်ညအိပ်စက်ခဲ့ပြီးနောက်တွင်မှ သူ(မ) အရာများစွာကို စဉ်းစားဆင်ခြင်မိသည်။
ကျောက်ရှီသည် ကျင့်ဝတ်ထုံးတမ်းများကို အလေးထားဆုံးဖြစ်သည်။ သူသည် သူ(မ)၏အဆင့်အတန်းက နိမ့်ပါးလွန်းပြီး ကိုယ်လုပ်တော်နေရာအဖြစ်တောင် မထိုက်တန်သည်ဟု အမြဲ ခံစားခဲ့ရသည့်အတွက်လည်း သူ(မ)အား တရားဝင် လက်ထပ်ထိမ်းမြားခြင်းပင် မပြုခဲ့။ ဟုတ်ပါ၏၊ သူ(မ)ကိုယ်၌ကလည်း ဆန္ဒမရှိခဲ့ခြင်းပေ။
ထို့ကြောင့် ကျောက်ရှီ ထိုက်ကျစ်ဖေးအား လက်မထပ်ခင် မင်ကျူးသည် သူ့ထံမှနေ အကူအညီတစ်ခု တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။ သူ(မ)အား ထွက်သွားခွင့်ပြုဖို့ကိုပေါ့။
[ရှုံ့အိတ်(荷包)]