Chapter 2.1
အပိုင်း (၂.၁)
မင်ကျူးသည် မိခင်ဖြစ်သူ၏မွေးရပ်မြေဖြစ်သော ကျန့်နန်သို့သွားရန် စီစဉ်ထားသည်။ သူ(မ)သည် လုပ်ငန်းလေးတစ်ခုလုပ်ကိုင်ကာ ထိုနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် အခြေချချင်ခဲ့သည်။
သို့သော် သူ(မ)မှာ ထိုဆန္ဒလေးကို ဖွင့်ထုတ်ပြောခွင့်မရလိုက်ခင် မောမောအိုကြီးတစ်ဦးက သူ(မ)ရှေ့သို့ ဝိုင်အိုးကို ယူလာကာ “မိန်းကလေး၊ ဒါက အရှင့်သားရဲ့ဆန္ဒပါ” ဟူ၍ ဆိုလာလိမ့်မည်လို့ မည်သူကများ တွေးမိပါမည်နည်း။
မင်ကျူးသည် ဝိုင်ခွက်ကို ကြည့်ပြီး မယုံကြည်နိုင်။
“ဘာသဘောလဲ”
“အိမ်ရှေ့စံက မိန်းကလေးကို သည်းမခံနိုင်တော့တာကြောင့် ဒီကျွန်အိုကြီးကို ဒီကကိစ္စတွေ ရှင်းဖို့ လွှတ်လိုက်ရတာပါ”
မင်ကျူးသည် သောက်ရန် ငြင်းဆန်ပြီး မျက်ရည်များက မျက်ဝန်းထဲ ဝေ့သီလာတော့သည်။
“ကျွန်မ သူ့ကို တွေ့ချင်တယ်”
မောမောအိုကြီးက လောင်ပြုံးပြီး : “အရှင့်သားက မိန်းကလေး သူ့ကို ဒီလိုဒုက္ခပေးအုံးမယ်ဆိုတာ သိတာကြောင့်မလို့လည်း ဒီကျွန်အိုကြီးကို လွှတ်လိုက်ရတာပေါ့”
မင်ကျူး၏ နှလုံးသားမှာ ဟက်တက်ကွဲကာ ဒယ်အိုးထဲ ပစ်ချခံလိုက်ရသလို၊ မျက်နှာက ဖြူဖျော့သွားပြီး နှုတ်ခမ်းတို့မှာ အနည်းငယ် တုန်ယင်လာ၏။ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း အသံထွက်နိုင်စွမ်းငှာ မရှိတော့ပေ။
သူ(မ) လိုက်လိုက်လျောလျောမရှိသည်ကို မြင်သည့်အခါ မောမောများသည် သူ(မ)၏လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ကြပြီး မေးရိုးကို ကြမ်းကြမ်းတမ်းတမ်း ခွဲထုတ်ကာ ပါးစပ်ထဲသို့ ထိုသေရည်ကို တိုက်ကျွေးပြီး အတင်းမျိုချစေ၏။
“မင်းက ခုတင်ကို နွေးအောင်လုပ်ပေးရတဲ့ အရုပ်တစ်ရုပ်သာသာပဲ၊ တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်နေသလား၊ ကျေးဇူးမကန်းနဲ့ ဒါက အရှင့်သားအိမ်ရှေ့စံကိုယ်တိုင် ပေးလာတဲ့ အမိန့်ပဲ မင်းအသက်ရှင်နေတာက အနာဂတ်အိမ်ရှေ့မိဖုရားအတွက် အရှက်ရစရာဖြစ်စေတယ်၊ မင်းကိုယ်မင်း အိမ်ရှေ့စံရဲ့ဂုဏ်သိက္ခာထက် ပိုအရေးကြီးတယ်လို့များ ထင်နေတာလား တကယ်ဟာသပဲ”
မင်ကျူးသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ကာ ငိုယိုလျက် အဆက်မပြတ်ချောင်းဆိုးလာ၏။ မကြာခင်မှာပင် ဆေးအာနိသင် ပြလာပြီး သူ(မ)၏ ပါးစပ်ထောင့်မှနေ သွေးနက်များ တဖြည်းဖြည်း စီးကျလာခဲ့သည်။ ဗိုက်မှာ အမွှေခံနေရသလိုမျိုး ပြင်းထန်စွာ နာကျင်လာ၏။
နာတယ်…
အရမ်းနာကျင်ရတယ်…
သူ သူ(မ)ကို ချစ်တယ်လို့ ကြင်ကြင်နာနာ ဆိုခဲ့ပေမယ့် တကယ်တမ်းတော့ အလိမ်အညာတွေ ဖြစ်လို့နေ၏။
သူ(မ)၏ဝမ်းဗိုက်မှာ တစ်စုံတစ်ဦးက ဓားဖြင့် ထိုးသွင်းလိုက်သကဲ့သို့ ခံစားနေရပြီး သူ(မ)ခန္ဓာကိုယ်တစ်ခုလုံးကို ဓားများ ထိုးစိုက်ထားသည့်အလား သွေးများက ကြမ်းပြင်တစ်ခုလုံး ဒလဟော စီးကျလာ၏။
ဤနာကျင်မှုက တစ်စုံတစ်ယောက်က လက်ဗလာဖြင့် သူ(မ)၏နှလုံးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့ သူ(မ)၏အရိုးများထဲ တံဆိပ်ရိုက်နှိပ်လိုက်သလိုပင်။ ယခုအချိန်အထိတိုင်အောင် မင်ကျူးမှာ ထိုအကြောင်းကို သတိပြန်မရချင်ပေ။
သူ(မ)မသေဆုံးခင်က သူ(မ)အား ကောင်းကင်ဘုံက တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တစ်ခုတည်းသော ကံဆိုးမှုမှာ လက်ရှိအချိန်ကာလအရ သူ(မ) အိမ်ရှေ့ နန်းဆောင်သို့ ရောက်နေသည်မှာ တစ်နှစ်နီးနီး ရှိနေပြီးပင်။
မင်ကျူးမှာ ယခင်ဘဝက သူ(မ) အမှန်တကယ် မိုက်မဲလှသည်ဟု ခံစားရသည်။ သူ့ကိုမှ ရူးမိုက်စွာ ချစ်မိသွားပြီး သူကလည်း သူ(မ)ကို နှစ်သက်သည်ဟု ထင်မြင်နေခဲ့သည်။
ဒါပေမဲ့ တကယ့်လက်တွေမှာလား?…သူ(မ)က ကျောက်ရှီ သူရဲ့ရမ္မက်တွေကို ဖြည့်ဆည်းစေဖို့ သူ့ရဲ့အနောက်ဆောင်မှာ ပိတ်လှောင်ထားတဲ့ အရုပ်တစ်ရုပ်သာသာပဲလေ။
မင်ကျူး အသိများ တိတ်တဆိတ် ပြန်ဝင်လာ၏။ နှလုံးသားထဲတွင် ထိုအရာများကို မှတ်မိနေသည်က သူ(မ)အား အလွန်အမင်း နာကျင်နေသေးဆဲပေ။
အစေခံမလေးကို နေ့လယ်စာ ယူလာစေလိုက်ပြီး ခေါင်းငုံ့ကာ ဆန်ပြုတ်နှစ်လုပ်အပြည့် ခပ်စားလိုက်သည်။
မင်ကျူးသည် နေ့လယ်စာစားပြီးနောက် စိတ်အခြေအနေမကောင်းနေသောကြောင့် အနားယူရန် ပြတင်းပေါက်နားရှိ ပျော့ပျော့ပျောင်းပျောင်း ညောင်စောင်းပေါ်တွင် လှဲလျောင်းနေလိုက်သည်။
ပိယင်သည် ဝမ်းသာအားရဖြင့် သတင်းပို့ရန် ရုတ်တရက် အပြင်ကနေ ဝင်လာ၏။
“မမလေးမင်ကျူး အရှင့်သားက စကားပါးလိုက်ပါတယ် သူ ဒီည ဝမ်ယွဲ့ဆောင်မှာ အနားယူပါမယ်တဲ့”
ကျောက်ရှီသည် ခုံရုံးတွင် တရားခွင်တာဝန်များဖြင့် အလုပ်များနေတတ်ပြီး တဏှာကြီးလွန်းသည့် သူတစ်ယောက် မဟုတ်သည့်အတွက်လည်း ဝမ်ယွဲ့ဆောင်သို့ မကြာခဏ လာလေ့မရှိ၊ တစ်လလျှင် ရက်အနည်းငယ်သာ ရောက်လာတတ်သည်။
မင်ကျူးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ : “ဟုတ်ပြီ ငါ သိပြီ”
ပိယင်က သူ(မ)ထက်ပင် ပျော်ရွှင်နေ၏။ အလုပ်အကျွေးပြုရသည့် သခင်က မြတ်နိုးခံရလျှင် သူ(မ)၏အနီးကပ်အစေခံများဖြစ်သည့် သူတို့လည်း မျက်နှာပွင့်သည်မဟုတ်ပါလား။
“မမလေး ကျွန်မတို့ မမလေးကို ဖြီးလိမ်းပြင်ဆင်ပေးပါ့မယ်”
မင်ကျူးသည် သဘာဝအတိုင်း လှသူဖြစ်ပြီး မျက်နှာလေးမှာ မျက်နှာချေမှုန်များ မလိမ်းခြယ်လျှင်တောင် သွေးကြောနီနီလေးများဖြင့် ဖြူဥနေပြီး မက်မွန်ပွင့်ကဲ့သို့ တောက်ပနေ၏။ သူ(မ)က နှုတ်ခမ်းကိုစေ့ကာ တီးတိုးဆိုလာ၏။
“မလိုဘူး”
ပိယင်မှာ ကြောင်အမ်းသွားသော်ငြား စကားအပိုလည်း မပြောဝံ့သဖြင့် : “ဟုတ်ကဲ့”
မင်ကျူးသည် မိန်းမစေလေး၏ မျက်ဝန်းများထဲမှ အံ့အားသင့်မှုကို မြင်လိုက်ရသော်လည်း မအံ့သြဖြစ်ချေ။
ယခင်ကဆိုလျှင် ကျောက်ရှီ ရောက်လာသည့်အချိန်တိုင်း မင်ကျူး အလွန် ရင်ဖိုမိသည်။ တကယ်တမ်း သူ(မ)တွင် လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ထားသူအပေါ် လေးနက်သည့် ခံစားချက်မျိုး မရှိခဲ့ပေ။ အစပိုင်းတွင် သူ(မ)အား အိမ်ရှေ့စံ၏နန်းဆောင်သို့ အတင်းအကြပ် ပို့ဆောင်ခဲ့ပြီး သူ(မ)ကိုယ်၌၏ဆန္ဒမပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျောက်ရှီ၏ ကြင်နာယုယမှုနှင့် ဂရုစိုက်မှုတို့ကြောင့် သူ(မ)မှာ တဖြည်းဖြည်း စိတ်ပြောင်းသွားခဲ့သည်။ အနှီအမျိုးသားသည် အိပ်ရာထဲတွင် သူနှင့်မတူလှစွာ အညှာတာမဲ့ကြမ်းတမ်းလှသည်ကလွဲလျှင် သူ(မ)အပေါ် အလွန်ကောင်းပေး၏။
မိန်းမငယ်လေးမှာ အလွန်ယုံလွယ်ပြီး သူ(မ)အား အချိုအနည်းငယ် ပေးလိုက်သည်နှင့် ကောက်ကောက်ပါအောင် ပါသွားခဲ့သည်။
မူလက သူ(မ)ကိုယ်သူ(မ) ပြင်ဆင်ဖြီးလိမ်းရန် ဆန္ဒမရှိခဲ့သော်လည်း အချိန်အနည်းငယ် ကုန်လွန်လာချိန်တွင် သူ ရောက်လာမည့်အချိန်တိုင်း မင်ကျုးသည် လှပသည့် မျက်နှာလေးကို အလွန် ဂရုတစိုက်နှင့် ခြယ်မှုန်းပြင်ဆင်လာတတ်ပြီး သူ သဘောကျတတ်သည့် ကြည်လွှာသော ဝတ်စုံပါးလေးများကို ဝတ်ဆင်ထားတတ်သည်။
သူ(မ)သည် သဘာဝအတိုင်း အလွန် ရှက်တတ်လေကာ မျက်နှာလေးက အလွယ်တကူ နီမြန်းသွားတတ်သည်။ တကယ်တမ်းတွင် သူ(မ)သည် ခုတင်ပေါ်က ကိစ္စများနှင့်ပတ်သက်လျှင် အလွန်ပွင့်ပွင့်လင်းလင်းမရှိသော်လည်း သူ စိတ်ကျေနပ်စေဖို့ရာအတွက် အမြဲ နာနာခံခံဖြင့် သူ့ဆန္ဒအတိုင်း ပြုမူခွင့်ပေးထား၏။
မွန်းတည့်ချိန်တွင် နေမင်းကြီးက တောက်ပစွာ ဖြာထွက်နေလေ၏။
ပြတင်းတံခါးအပြင်တွင် ချယ်ရီပင်၏အကိုင်းကွေးများကို လေးလံသော နှင်းလွှာက ဖုံးလွှမ်းထားပြီး အကိုင်းအခက်များက အလေးချိန်ကို မခံနိုင်ပုံပမာ။
မင်ကျူးသည် လေကောင်းလေသန့်ရစေရန်အတွက် အခန်းတံခါးကို ဖွင့်ခိုင်းလိုက်သည်။ ဆောင်းလေညင်းက လတ်ဆတ်သည့် ဇီးသီးရနံ့ဖျဖျကို သယ်ဆောင်လာရင်း အခန်းတွင်းသို့ တိုးဝင်လာပြီး သူ(မ)သည် ပြတင်းပေါက်နားရှိ ညောင်စောင်းပေါ် ထိုင်ကာ ဘေးရှိ စားပွဲနိမ့်လေးပေါ်တွင် ထားထားသည့် ကျေးလက်ရိုးရာဝတ္ထုများထဲမှ တစ်အုပ်ကို နှစ်မျက်နှာ လှန်လိုက်ရင်း လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ဇာတ်လမ်းမှာ ပညာရှင်တစ်ဦးနှင့် မြေခွေးမိစ္ဆာမလေးတို့အကြောင်းဖြစ်ပြီး သူ(မ)သည် ၎င်းကို စိတ်ဝင်တစားဖတ်ရှုနေ၏။
အမွှေးတိုင်တစ်ဝက်စာ ကုန်လွန်သွားချိန်တွင် ပိယင်က အင်္ကျီဆိုင်မှ ဝတ်စုံသစ်များဖြင့် ဝင်လာ၏။
“မမလေး၊ ခုလေးတင် အထည်ဆိုင်က ဆိုင်ရှင်ကိုယ်တိုင် ဝတ်စုံအသစ်လေးတွေ လာပို့ပေးသွားတယ်၊ အခုပဲ စမ်းဝတ်ကြည့်ချင်လား မမလေး”