Chapter 2.2
အပိုင်း (၂.၂)
ဝတ်စုံများ ချုပ်လုပ်လေ့ရှိသည့် အစများမှာ အိမ်ရှေ့စံမင်းသား ချီးမြှင့်ထားသည့် ပိုးထည်စများဖြစ်ပြီး အရည်အသွေးက ထိပ်တန်းဖြစ်ကာ အပြင်တွင် ဘယ်နေရာမှ ဝယ်လို့မရသည့် အစများဖြစ်သည်။
မင်ကျူးသည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး အလွန် စိတ်ဝင်စားမှုမရှိစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။
“အဲ့ဒီမှာ ထားထားလိုက်”
ပိယင်က ‘ဟုတ်ကဲ့’ ဟု ဆိုပြီး ပျော်ရွှင်စွာ ပြုံးလေ၏။
“ဆိုင်ရှင်ကြီးက အချိန်ကိုက်လာပို့ပေးသွားတာပဲနော် ဒီလိုဆိုမှ မမလေး ညကျရင် အရှင့်သားကြည့်လို့ရအောင် ဝတ်ပြလို့ရပြီ”
သူ(မ)၏သခင်မလေးက ရုပ်ရည် ကြည့်ကောင်းရုံတင်မက ခန္ဓာကိုယ်လည်း အလွန်လှ၏။ သွယ်လျသည့် ခါးနှင့် ခြေတံရှည်ရှည်များရှိပြီး နူးညံ့သည့် အသားအရေက အကောင်းဆုံး ပိုးသားပမာ။ အမျိုးသမီးများနှင့် အလွန်ရင်းရင်းနှီးနှီးမရှိလှသည့် အိမ်ရှေ့စံပင်လျှင် ဤနေရာသို့ ညအိပ်ရန် မကြာခဏ ရောက်လာတတ်ပြီး သန်းခေါင်ယံအချိန်တွင်တောင် ရေတောင်းလေ့ရှိသည်မှာ အံ့ဩစရာတော့မဟုတ်ချေ။
မင်ကျူးသည် ထိုစကားများကို ကြားသည့်အချိန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်လွှာချကာ စကားမဆိုလာချေ။
ပိယင်မှာ သူ(မ)၏သခင်မလေးတစ်ယောက် ဤရက်များအတွင်း တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်စိတ်အခြေအနေကောင်းဟန်မပေါ်သည်ကို ခံစားမိလေသည်။ မကြာသေးမီရက်များအတွင်း အရှင့်သားက ဝမ်ယွဲ့ဆောင်သို့ အလာနည်းသွားပြီး နန်းတော်တွင် ထိုက်ကျစ်ဖေးနေရာအတွက် အလောင်းအလျာရွေးချယ်ရန် စိတ်ကူးရှိနေသည်ဆိုသော အပြင်ဘက်မှ ကောလဟလများက သူ(မ)၏သခင်မလေးကို မပျော်မရွှင်ဖြစ်စေသည်ဟု သူ(မ) ထင်မြင်မိသည်။
သို့သော် ပိယင်မှာ အလွန်ထူးဆန်းသည်ဟု ထင်မိသည်၊ ဝမ်ယွဲ့ဆောင်အတွင်းနှင့် အပြင်ရှိ လူများအားလုံးသည် အရှင့်သား၏လူများဖြစ်ရာ မည်သူမျှ အရှင့်သား၏အမိန့်ကို လွန်ဆန်ပြီး အပြင်တွင် ဖြစ်ပျက်နေသည့်အရာများကို မမလေးမင်ကျုးအား ပြောရဲကြမည် မဟုတ်ချေ။ ထို့ကြောင့် မည်သူက သတင်းပေါက်ကြားစေလိုက်သလဲ သူ(မ) မသိချေ။
အရှင့်သားသာ ထိုသတင်းကို ပြန်ကြားလျှင် ထိုလူသည် သေနေလျှင်တောင်မှ အရေခွံဆုပ်ခံထိမည်ဖြစ်သည်။
အရှင့်သား၏စိတ်နေသဘောထားသည် အလွန်အမင်း အေးစက်စက်နိုင်လှပြီး မမလေးမင်ကျူးအပေါ် ခြယ်လှယ်လိုသည့် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒရှိနေလေသည်။ သူသည် တစ်ခွန်းဆိုတစ်ခွန်း ပြောပြီးသည့်စကားကို ပြန်ပြင်ရိုးထုံးစံမရှိ၊ များသောအားဖြင့် အလေးထားရန် ပျင်းလွန်းလှသည့်ပုံရှိသော်လည်း အမှန်တကယ် စိတ်ဆိုးဒေါသထွက်လာလျှင် အလွန် ကြောက်မက်ဖွယ်ကောင်း၏။
“မမလေး၊ မမလေး အခုပဲ စမ်းဝတ်ကြည့်တာ ကောင်းမယ်နော် ဒါမှ မတော်တဲ့နေရာရှိရင် ပြန်ပြင်ဖို့အချိန်ရှိမှာလေ”
“အမ်း”
မင်ကျူးသည် မတ်တပ်ထရပ်လိုက်ပြီး သူ(မ)၏မိန်းမဆန်ဆန် သေးသွယ်သော လက်ချောင်းများက အလွန်အမင်း နူးညံ့လွန်းနေသော ပိုးသားစကို ညင်သာစွာ ကိုင်ကြည့်လိုက်သည်။ သူ(မ) မေပယ်ရောင်စကပ်ကို ခါးတွင် ချည်နှောင်လိုက်သည်က သူ(မ)ခါးကို လက်တစ်ဖက်တည်းနှင့်ပင် ဆုက်ကိုင်၍ရသယောင် ပို၍သေးသွယ်သွားစေပြီး အမတတစ်ယောက်ကဲ့သို့ ခံစားရစေသည်။ စကပ်အနားသပ်များသည် ညင်သာစွာ ဝဲနေပြီး ရင်ဘက်ပိုင်းတွင် အနည်းငယ် ပွင့်အထားသည်က သူ(မ)၏နှင်းပမာ ဖြူဖွေးသော လည်ညှပ်ရိုးကို သိသာလှစေ၏။ သူ(မ)၏ပုံစံမှာ လေထဲ ဝေ့မျောနေသော မသေမျိုးတစ်ဦးကဲ့သို့ တစ်ချိန်တည်းဆိုသလို အနက်အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲသည့် နူးညံ့ပြီး ရမ္မက်သွေးကြွယ်စေသော အလှတရားမျိုးဖြင့်ပင်။
ပိယင်၏မျက်ဝန်းများ မှင်တက်မိသွားသည်မှာ တုံ့ပြန်ရန် အချိန်အတော်ယူလိုက်ရသည်အထိ။
“မမလေးက ဒီလိုမျိုးဝတ်စားထားတော့ တအားလှတာပဲ”
သူ(မ)၏ကောက်ကြောင်းက လှသဖြင့် သွင်ပြင်ကို ပိုလို့ ကောင်းမွန်သွားစေ၏။
မင်ကျူးသည် သူ(မ)ကိုယ်သူ(မ) ကြေးမုံပြင်ထဲ ပြန်ကြည့်မိသည်။ သူ(မ)က တကယ်ကို လှသည့် အလှလေးပါပေ။ ဒီသွင်ပြင်နဲ့ ဒီလိုကောက်ကြောင်းတွေကပဲ ကျောက်ရှီ တွယ်ငြိနေသည့် အရာတွေ မဟုတ်ပါလား။
သူ(မ)သည် မျက်လွှာချထားလိုက်ပြီး : “ငါ အေးနေပြီ၊ အဝတ်အစားတွေ အရင် ပြန်လဲလိုက်အုံးမယ်”
ပိယင်က နှမြောသွားဟန်ဖြင့် : “အရှင့်သားသာ မမလေး ဒီလိုမျိုးဝတ်စားထားတာတွေ့ရင် သေချာပေါက် သဘောကျမှာ”
ယခင်ကသာဆိုလျှင် မင်ကျူးသည် ရှက်သွေးလေးဖြာရင်း မဝံ့မရဲမျက်ဝန်းများဖြင့် မျှော်လင့်တကြီး ‘တကယ်လား’ ဟူ၍ မေးလိုက်မိမည်မှာ။
သို့သော် ယခုအချိန်တွင် သူ(မ)က သာမန်ကာလျှံကာဖြစ်လွန်းစွာ : “ဖြစ်နိုင်ပါတယ်လေ”
ကျောက်ရှီသည် သူ(မ)အရှေ့တွင် စကားအများကြီး မပြောချေ။ အိပ်ရာက ထပြီး သေသေချာချာ ၀တ်စားဆင်ယင်ပြီးသည်နှင့် သူသည် အေးစက်ပြီး ခံစားချက်မဲ့လေသော မင်းသားတစ်ပါ ပြန်ဖြစ်သွား၏။ သို့သော် ကန့်လန့်ကာနောက်ကွယ်တွင် သူကိုယ်တိုင်က ဖွင့်ထုတ်မပြောလာသော်လည်း သူ(မ)ကို အထိန်းအကွပ်မဲ့စေသည်အား သဘောကျကြောင်း မင်ကျူး သိပေသည်။ သူ သူ(မ)အတွက် ပြင်ဆင်ပေးသည့် ဝတ်စုံများမှာ အပြင်တွင် ဝတ်ရန် မသင့်လျော်သည့် ရဲတင်းပြီး ပေါ်လွင်နေသည့် အဝတ်အစားများဖြစ်သည်။
မင်ကျူးသည် သူ(မ)၏ အမတ၀တ်စုံကို (liuxian 留仙 ဝတ်စုံ)ကို လဲလိုက်ပြီး အချိန်ကား စောနေသေးသည်ကြောင့် ဖတ်မပြီးသေးသော ဝတ္ထုကို ဆက်ဖတ်နေလိုက်သည်။
သူ(မ)၏မျက်လုံးများ နာကျင်လာကာမှ စာရွက်ထံမှ အကြည့်လွှဲကာ ခေါင်းကို မော့၊ ခါးကို ဆန့်ပြီး ပြတင်းတံခါးအပြင်ရှိ အလှမ်းဝေးသော ကောင်းကင်ပြင်ကျယ်ကြီးကို မျှော်ကြည့်လိုက်သည်။
မင်ကျူး၏အကြည့်က ညောင်စောင်းဘေးရှိ တစ်ဝက်တစ်ပျက်ပန်းထိုးထားသော ရှုံ့အိတ်လေးထံ အမှတ်မထင် ရောက်သွား၏။ သူ(မ) လှမ်းယူလိုက်ပြီး အိတ်ပေါ်မှ မန်ဒရင်းဘဲလေးများကို အချိန်အတော်ကြာ စိုက်ကြည့်နေမိရင်း မျက်ဝန်းများက တဖြည်းဖြည်း နီရဲလာ၏။ အသိပြန်ဝင်လာချိန်တွင်မူ ထိုရှုံ့အိတ်လေးကို အံဆွဲထဲ ထိုးထည့်လိုက်ပြီး ပန်းဆက်ထိုးရန်လည်း ရည်ရွယ်ချက်မရှိတော့သလို ထိုလူအား ပေးရန်လည်း ဆန္ဒမရှိတော့ချေ။
မှောင်ရီပျိုးလာသည်နှင့် နေဝင်ဆည်းဆာ၏ အလင်တန်းများက နွေးထွေးစပြုလာ၏။
မင်ကျူး၏ လှပပြီး ကြည်လင်နေသော မျက်ဝန်းများက အဝေးတစ်နေရာတွင် လမ်းပျောက်နေသလို၊ ဤမြင့်မားသော နံရံများ၏အလွန်က သူ(မ)တောင်းတရသည့် ကမ္ဘာကြီးဖြစ်သည်။ ယခင် သူ(မ) မင်စံအိမ်တော်တွင် နေထိုင်ခဲ့စဉ်က သူ(မ)မှာ အရိပ်တကြည့်ကြည့် နေခဲ့ရသော်လည်း သူ(မ) ပြဿနာမရှာသရွေ့ သူ(မ)အား ခက်ခဲအောင် လုပ်မည့်သူ မရှိခဲ့ချေ။ သူ(မ)သည် *ကျူးမူနှင့် တိအစ်မတော်ရှေ့တွင် ထင်ထင်ပေါ်ပေါ်နေရဲရလောက်အောင်ထိ မတုံးအသဖြင့် အချိန်အများစုကို အေးအေးဆေးဆေးနှင့် လွတ်လပ်စွာ ဖြတ်သန်းခဲ့သည်။ ရံဖန်ရံခါ မီးပုံးပွဲတော်ကြည့်ရန် အိမ်တော်မှ ခိုးထွက်တာလည်း သူ(မ) လုပ်နေကျပေ။
[ကျူးမူ – ဖခင်ဘက်မှ တော်စပ်သော အဖွားဖြစ်သူ၊ တိသမီး – ပဏာမဇနီးမှ မွေးဖွားသော သမီး]
သူ(မ) အသက်(၁၅)နှစ်အရွယ်သို့ ရောက်လာချိန်တွင် ပိုလို့ပင် ရဲတင်းလာကာ သူ(မ)၏ငယ်သူငယ်ချင်းဖြင့်ပင် ကဗျာစပ်ရန် ခိုးထွက်ဖြစ်ခဲ့သေးသည်။
မမျှော်လင့်ထားစွာဖြင့် အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ပြီးနောက် အပြင်လောကကြီး၏ အရိပ်လေးကို မြင်ခွင့်ပင်မရ၊ ဤခြံငယ်လေးထဲတွင် လှောင်ပိတ်ခံထားရပြီး မိမိဘဝမိမိ မပိုင်ဆိုင်တော့ဘဲ နေရာတကာ စောင့်ကြည့်ခံနေရသည့် အဖြစ်သို့ ရောက်လာလိမ့်မည်လို့ တစ်ခါမှ မတွေးထားခဲ့ဖူးချေ။
မင်ကျူးသည် သူ(မ)ပြန်လည်မွေးဖွားလာသည့်နေကစလို့ ထွက်ပြေးမည့်အကြောင်း တွေးခဲ့ဖူးသော်လည်း ဤကိစ္စမှာ ရေရှည်အစီအစဉ်ဆွဲပြီး ဂရုတစိုက် ပြင်ဆင်ရန် လိုအပ်၏။
ကျောက်ရှီသည် အလွန်စေ့စပ်တိကျသူဖြစ်ပြီး အိမ်တော်ရှိ အစေခံများအားလုံး သူ့စကားတစ်ခွန်းကိုသာ နာခံကြပြီး သူ့ကို ကြောက်ကြသူချည်းသာ။သူ(မ)အနေနှင့် အကောင်းဆုံးအခွင့်အရေးအတွက် သေချာပြင်ဆင်ထားမှရပေမည်။