Chapter 2.3
အပိုင်း (၂.၃)
တဖြည်းဖြည်း မှောင်ရီပျိုးလာချိန် မိန်းမစေလေးတစ်ဦးက ညနေစာ ယူဆောင်လာပေး၏။ သို့သော် မင်ကျုးမှာ စားချင်သောက်ချင်စိတ် မရှိနေသဖြင့် တစ်လုပ်နှစ်လုပ်စားပြီးသည်နှင့် တူကို ချကာ ဟင်းပွဲများကို သိမ်းစေလိုက်သည်။
ညစာစားပြီးနောက်တွင် လျိုမောမောတစ်ယောက် အကြောင်းမကြားဘာမကြားဘဲ ရောက်လာ၏။
မင်ကျူးမှာ သူ(မ)ကို အနည်းငယ် ကြောက်လန့်နေမိသည်။ လျိုမောမောသည် ဤအိမ်၏ အိမ်တော်ထိန်းတစ်ဝက်ဆိုလည်း မမှားပေ။ သူ(မ)သည် အမြဲ မျက်နှာထားတင်းတင်းဖြင့် စကားကောင်းကောင်း မပြောတတ်သလို ကိစ္စတိုင်းတွင်လည်း အလွန်စည်းကမ်းကြီး တင်းကျပ်လွန်းသူ ဖြစ်သည်။
“ဒီကျွန်မအိုကြီးက မင်ကျူးမိန်းကလေး ဒီမနက်က ဆေးသောက်ဖို့် ငြင်းဆန်နေတယ်လို့ ကြားတယ်၊ ကျွန်တော်မျိုးမရဲ့အလုပ်ကိစ္စဝိစ္စတွေပြီးတာနဲ့ မိန်းကလေးကို အကြံပေးစကားတစ်ခွန်းနှစ်ခွန်းလောက် ပြောဖို့ ရောက်လာရတာပါ”
မင်ကျူးမှာ စိတ်ဆိုးဒေါသထွက်ဖို့ရာပင် မတတ်နိုင်တော့ပေ။ သူ(မ)၏လှုပ်ရှားမှုတိုင်း စောင့်ကြည့်ခံနေရသည်မှန်း သူ(မ)သိခဲ့သည်မှာ ကြာလှပြီပေ။ ထို့ကြောင့် သူ(မ) နှုတ်ပိတ်နေလိုက်သည်။
လျိုမောမောသည် အိမ်ရှေ့စံမင်းသား သူ(မ)ကို သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဂရုမစိုက်သလို၊ မျက်နှာသာပေးခံရသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အရေးမထားသဖြင့် သူ(မ)၏စကားလုံးများက အမြဲတမ်း ကြမ်းတမ်းပြင်းထန်နေ၏။
“မင်ကျူးမိန်းကလေးက ငယ်ရွယ်ပြီး လက်ရှိမှာ တဒင်္ဂ အမြတ်နိုးခံနေရတာကြောင့် သေချာမစဉ်းစားမိတာက သဘာဝပါပဲ၊ ဒါပေမဲ့ ကျွန်တော်မျိုးမ အကြံပေးချင်တာက ကိုယ့်အခြေအနေကိုယ် သေချာနားလည်တာ အကောင်းဆုံးပါပဲ”
လက်ရှိမှာ အရှင့်သားက သူ(မ)ကို အနည်းငယ် သဘောကျပြီး သူ(မ)ခန္ဓာကိုယ်ကို နှစ်သက်နေလျှင်တောင် ဤသည်မှာ သူ့အလိုဆန္ဒတွေကို ဖြေဖျောက်ရန်နှင့် သူ့ခုတင်ကို နွေးထွေးစေရန်သာ။ သူ(မ)ရဲ့အဆင့်အတန်းနဲ့ သူ(မ)က တော်ဝင်သွေးကို မွေးဖွားရန် ကြံချင်နေသေးသလား၊ သူ(မ)က အရူးအိပ်မက်ကို မက်နေတာပဲ။
လျိုမောမောမှာ မင်ကျူးကို အနောက်ဆောင်သို့ ခေါ်သွင်းလာသည့် ပထမဆုံးအချိန်ကတည်းက သဘောမကျမိခြင်းပေ။ သူ(မ)ပုံစံက နူးညံ့လွန်းနေပြီး လူကို အဘယ်သို့ ခစားရမှန်းလည်း မသိနေချေ။ ဘာမဟုတ်တာလေးနှင့် နာကျင်၍ ငိုရသည်က တစ်မျိုး ဝမ်းနည်းသည်နှင့် မျက်ရည်ကျသည်က တစ်ဖုံဖြင့်၊ အလုပ်အကျွေးပြုရာတွင် နည်းနည်းလေးမှ ကောင်းကောင်းမလုပ်နိုင်ပေ။
မင်ကျူးသည် ခေါင်းငုံ့ကာ : “ကျွန်မ သိပါတယ်၊ မောမော ကျွန်မကို သတိပေးနေဖို့ မလိုပါဘူး”
လျိုမောမောမှာ သူ(မ)စကားကြောင့် ဆို့နင်သွားရသည်။ တကယ်ပဲ ဒီနူးနူးညံ့ညံ့ပေါက်စီလုံးလေးက သူများကို ဆွံ့အသွားအောင် ပြောလိုက်တာလား?
သူ(မ)က သရော်ပြုံးပြုံးကာ : “မိန်းကလေးသိတာ ကောင်းပါတယ် ဒီမောမောကလည်း မိန်းကလေးကောင်းဖို့အတွက်ပဲ ပြောနေရတာပါ၊ အိမ်ရှေ့စံက နောင်မှာ ပဏာမဇနီးသည်ကို လက်ထပ်ရုံတင်မကဘူး ကိုယ်လုပ်တော်တွေကိုပါ တော်ကောက်ထားအုံးမှာ၊ အကုန်လုံးက မျိုးရိုးမြင့်ပြီး နာမည်ရှိတဲ့ မိသားစုတွေထဲကပဲဖြစ်မှာ”
မင်ကျူးသည် ကျောက်ရှီ နောင်မှာ ဘယ်သူနဲ့ပဲ ထိမ်းမြားထိမ်းမြား ဂရုမစိုက်တော့ချေ။ ယခုတွင် သူ(မ) ထွက်ပြေးချင်သည်၊ သူ(မ) ဒီနေရာကနေ လွတ်မြောက်ချင်သည်။
လျိုမောမောသည် သူ(မ)ပြောချင်တာပြောပြီးသည်နှင့် ထွက်သွားတော့သည်။
ပိယင်သည် သူ(မ)အား စိုးရိမ်တကြီး ကြည့်ပြီး နှစ်သိမ့်ပေးရန်အလို့ငှာဖြင့် : “မမလေး၊ စိတ်ထဲထားမနေပါနဲ့”
မင်ကျူး : “မထားပါဘူး”
လျိုမောမောပြောသွားသမျှက အမှန်တွေချည်းမလို့ သူ(မ) နားမထောင်နိုင်စရာမရှိပေ။
ပိယင်သည် သူ(မ)တို့၏သခင်မလေး ကြံ့ခိုင်ချင်ဟန်ဆောင်နေသည်ဟုသာ ထင်လိုက်သည်။ နူးနယ်ပြီး ကျိုးပဲ့လွယ်သည့် သခင်မလေးမှာ နှလုံးသားထဲ တိတ်တိတ်လေး ဝမ်းနည်းကာ ထုတ်မပြချင်ဟန်တူသည်။
အိပ်စက်ရမည့်အချိန်ရောက်လာသည့်အခါတွင် မင်ကျူးသည် ဖိနပ်ကို ချွတ်ကာ ခုတင်ပေါ်သို့ တက်လိုက်သည်။ သူ(မ)သည် အတွင်းဝတ်အဖြူရောင်ကို ၀တ်ဆင်ထားပြီး ဆံနွယ်ရှည်များက သေးသွယ်သော ကျောပြင်ထက် မှေးစက်နေ၏။ နံရံပေါ်ရှိ ဖယောင်းတိုင်မီးလျှံမှ အလင်းရောင်သည် မှိတ်တုတ်မှိတ်တုတ် လက်နေသည်။ သူ(မ)သည် ဘေးတစ်စောင်း လှဲလျောင်းလိုက်ပြီး စောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ ခန္ဓာကိုယ်ကို ကွေးကျုံ့ထားလိုက်သည်။
သူ(မ) ဖယောင်းတိုင်မီးကို ငြိမ်းရန်ဟန်ပြင်လိုက်စဉ် ပိယင်က ချိတုံချတုံဖြင့် ဆိုလာ၏။
“မမလေး၊ ကျွန်မတို့ အရှင့်သားကို ခဏလောက် ထပ်စောင့်လိုက်ကြရအောင်လား”
အရှင့်သား ညဥ့်နက်ချိန် ရောက်လာသည့်အခါတွင် သခင်မလေး အစောကြီး အိပ်ရာဝင်နေသည်ကို မြင်ပါက အမျက်တော်ရှမည်မှာ အသေချာသာ။ ပိယင်မှာ အရှင့်သား အမျက်တော်ရှပြီး အစေခံများကို အပြစ်ပေးနေချိန် ရှိတတ်သည့် သူ၏မျက်နှာကို မြင်ဖူးသည်ပေ။ သူ၏တစ်ကိုယ်လုံး အအေးဓာတ်များ ထုတ်လွှတ်နေသည်မှာ လူကို သေစေနိုင်လောက်သကဲ့သို့ပင်။ သူ၏ထိုမျက်ဝန်းများနှင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြည့်ခံရသည့်လူမှာ ခြေထောက်များ တုန်ကာ အားနည်းသွားသလို ခံစားရပြီး အလွန်အမင်း ကြောက်ရွံ့လာရလေသည်။
မင်ကျူးသည် သူ(မ)ကို ကျောပေးကာ : “ငါ ပင်ပန်းနေပြီမလို့ အိပ်ချင်ပြီ”
ပိယင်မှာ သူ(မ)သခင်မလေးကို မဖျောင်းဖျနိုင်ပေ။ စိတ်ထဲ ဗျာများစွာ ငိုကြွေးမိရင်း သတ္တိမွေးကာ ဖယောင်းတိုင်မီးများကို မှုတ်ပေးလိုက်သည်။
မင်ကျူးသည် မူလက မအိပ်သေးသော်လည်း ထွက်ပြေးမည့် အစီအစဉ်အကြောင်း စဉ်းစားရင်းနှင့် တဖြည်းဖြည်း အသိစိတ်တို့မှာ ဝေဝါးကာ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။
သူ(မ)၏အသိစိတ်များ လွင့်မျောနေချိန် အေးအေးစက်စက် လက်ချောင်းများက သူ(မ)၏ခါးကို ညှစ်လိုက်ပြီး အေးစိမ့်နေသော ဝင်သက်ထွက်သက်တို့က မုန်တိုင်းတစ်ခုလို သူ(မ)အပေါ် အုပ်မိုးသက်ဆင်းလာ၏။ သူ(မ)သည် အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမှ ဖြည်းညှင်းစွာ နိုးလာ၏။
အနှီအမျိုးသားက သူ(မ)မေးကို ကိုင်ကာ မျက်ခုံးများကို နမ်းရှိုက်လေသည်။ တိုးဖျပြီး ဩရှနေသော အသံတို့က မည်သည့်ခံစားချက်ကိုမှ မသယ်ဆောင်ထားလေချေ။
“နိုးပြီလား”
မင်ကျူး၏အိပ်ချင်စိတ်တို့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး သူ၏ ရေခဲတမျှ အေးစက်နေသော လက်ချောင်းများကြောင့် တုန်ယင်သွားရပြီး ခန္ဓာကိုယ်မှာ ခုတင်ခေါင်းရင်းဆီသို့ ကျုံ့ဝင်နောက်ဆုတ်သွား၏။
အနှီအမျိုးသားက သူ(မ)၏ သူ့ကို ရှောင်ရန် ကြိုးပမ်းမှုကို အလိုမကျဖြစ်သွားပုံရပြီး မျက်ဝန်းများကပါ အေးစက်သွား၏။
မင်ကျူးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်နှာပေါ်မှ အမူအရာမှာ အနည်းငယ် ကြောက်လန့်နေပုံ။ သူ(မ) မျက်လုံးများကို မှိတ်ထားလိုက်ပြီး မသေခင်က ပြင်းထန်စွာ နာကျင်ခဲ့ရသော ဝမ်းဗိုက်ထဲမှနာကျင်မှုကို ပြန်အမှတ်ရလိုက်ချိန် ခန္ဓာကိုယ်က ပိုလို့ပင် တုန်ယင်သွားတော့သည်။
အမုန်းတရားရော အကြောက်တရားပါ ဒွန်တွဲဖြစ်တည်နေခြင်းပေ။
မင်ကျူးမှာ သူ့လက်များကို မသိစိတ်ဖြင့် ဖယ်ထုတ်လိုက်ပြီး လက်ချောင်းသွယ်သွယ်လေးများက လက်သီးကျစ်ကျစ် ဆုပ်ကာ သူ့ကို အတင်းတွန်းထုတ်လိုက်တော့သည်။
ကျောက်ရှီသည် ခေတ္တရပ်တန့်သွားပြီး သူ၏အမူအရာသည် ရေခဲကဲ့သို့ အေးစက်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရုတ်တရက် သူ(မ)လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ပြီး ခုတင်ခေါင်းရင်းပေါ် ဖိချလိုက်သည်။ သူ့မျက်နှာအမူအရာက စိတ်မရှည်နေပုံရပြီး နှုတ်မှ ထွက်လာသော စကားလုံးများက အလွန် အေးစက်နေ၏။
“မလှုပ်နဲ့”
မင်ကျူးမှာ လုံးဝ မလှုပ်နိုင်တော့ချေ။ သူ၏ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ရုန်းကြည့်လိုက်ပြီး သူ(မ)၏ လက်ကောက်ဝတ်များက သူ၏ဖိချုပ်ထားမှုကြောင့် သေချာပေါက် နီရဲသွားလောက်သည်။
သူ(မ)၏ဤအပြုအမူက ထိုလူကို လုံးလုံးလျားလျား ဒေါသထွက်သွားစေပုံပင်။
ကျောက်ရှီသည် သူ(မ)၏ခါဘေးတစ်ဖက်စီတွင် ဒူးထောက်လိုက်ရင်း သူ(မ)၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် အားကို တင်းကြပ်စေလိုက်သည်။ သူသည် နှုတ်ခမ်းကို စေ့ကာ သူ(မ)၏အမူအရာကို ဆန်းစစ်ရင်း နှုတ်ဆိတ်ကာ တိတ်ဆိတ်နေ၏။ မျက်လုံးများနီရဲလာသော အမျိုးသမီးကို ကြည့်ပြီး သူ၏လည်စလုပ်သည် အထက်အောက်နှစ်ကြိမ် လှုပ်ရှားသွား၏။ထို့နောက် အေးစက်သော အသံက ဖိအားတို့ဖြင့် အမေးထုတ်လာ၏။
“ဘာကို ရှောင်နေတာလဲ”