Chapter 26
အပိုင်း (၀၂၆)
ကျောက်ရှီတစ်ယောက် နေနေရင်းနှင့် ရုတ်ခြည်း အေးစက်သွားသယောင်ရသည်ဟု မင်ကျူး ခံစားလိုက်ရသည်။
သူသည် မျက်ဝန်များကို အောက်စိုက်ပြီး အတွေးနက်နက်ဖြင့် သူ(မ)ကို အတန်ကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက သူ့ကို အနည်းငယ် စိတ်မဝင်စားဟန်ဖြစ်နေစေသော်လည်း နောက်ဆုံးမှာတော့ စိတ်ကူးယဉ်လွန်းနေသူဟာ သူသာဖြစ်သည်။ သူ(မ)တွင် လုံးဝ မည်သည့်အတွေးမျှ ရှိမနေ၊ အနည်းငယ်လေးတောင်မှ ဝမ်းနည်းနေခြင်းမျိုးမရှိသလို ဝန်တိုနေခြင်းလည်း မရှိ။ ဤပုံစံအတိုင်းဆိုလည်း ကောင်းသား၊ သူ့အား ကရိကထမများစေတော့မည်ပေ။
ကျောက်ရှီသည် အနည်းငယ် စိတ်ပင်ပန်းနေဟန်ဖြင့် မျက်ဝန်းများကို တစ်ဖန် မှိတ်ချလိုက်သည်။ သူ(မ)နှလုံးသားထဲ သူဆိုတာ မရှိနေသည်ကို သူ အစောကြီးကတည်းက သိခဲ့သင့်သည်။ သူ(မ) သူ့အနားတွင် နေနေရခြင်းမှာ မလွှဲသာ၊ မခုခံသာသည့် အခြေအနေများဖြင့် ဖိအားပေးခံထားရခြင်းကြောင့်သာ။
ဒီအတိုင်းလေးပဲ ထားလိုက်တာ ပိုကောင်းပါတယ်လေ။
သူက လူကို လိုချင်ရုံသာ၊ သူ(မ)နှလုံးသားကို မလိုအပ်နေပါချေ။
ကျောက်ရှီသည် သူ(မ)ကို စကားဆက်မဆိုတော့ချေ။ သူသည် စားပွဲရှေ့ သွားရပ်ကာ တစ်ခဏ စာရေးနေလိုက်ပြီးနောက်တွင်မှ သူ၏စိတ်ခံစားချက်တို့က တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ခေါင်းကို မော့လိုက်ချိန် ပြတင်းတံခါးနားတွင် ထိုင်ပြီး ခေါင်းငုံ့၍ ပန်းထိုးနေသော မင်ကျူးကို တွေ့လိုက်ရသည်။ သူ(မ)၏ပုံစံလေးက သွယ်သွယ်လျလျနှင့် တည်ငြိမ်အေးချမ်းပြီး ကျက်သရေရှိနေ၏။
ကျောက်ရှီသည် သူ(မ)ကိုသာ အတန်ကြာသည်အထိ ငေးစိုက်ကြည့်နေမိသည်။ သူ(မ)သည် သူ့မျက်စိရှေ့တွင် ထင်ထင်ရှားရှား ရှိနေပါလျက်နှင့် သူ(မ)နှင့် အလွန်ဝေးကွာနေသလို ခံစားနေရသည်။ တစ်နေ့မှာ…တစ်နေ့မှာ သူ(မ)ဟာ ထွက်သွားတော့မှာလိုမျိုး။
သူသည် မိမိစိတ်ခံစားချက်တို့ကို ဖိနှိပ်ပြီး မေးမြန်းလိုက်သည်။
“ဘာတွေ ပန်းထိုးနေတာလဲ”
မင်ကျူးသည် အပ်နှင့် အပ်ချည်ကို ချပြီး ခေါင်းမော့ကြည့်လိုက်သည်။
“ရနံ့အိတ်လေ နွေဦးရောက်ရင် သုံးဖို့အတွက်”
သူ(မ)၏အဖြေကို ကြားပြီး ကျောက်ရှီသည် သူ စိတ်ပျက်မိသွားတာလား၊ မည်သည့်အကြောင်းကြောင့်ပဲလား သေချာမသိသော်လည်း အနောက်ပစ်ထားသည့် လက်သီးများကိုတော့ ကျစ်ကျစ်ဆုပ်ထားလိုက်မိရင်း အမူအရာမဲ့လျက်သားဖြင့်ပင် ဆိုလိုက်သည်။
“မျက်လုံးကို ဂရုစိုက်အုံး၊ ကိုယ် လုပ်စရာကိစ္စတွေရှိနေသေးတာမလို့ အရင်သွားနှင့်မယ်”
စက္ကူပြတင်းများကို ဖြတ်ဖောက်၍ ဝင်ရောက်လာသော အလင်တန်းသည် အမျိုးသား၏အရိပ်ကို ဆွဲဆန့်ထားပေးပြီး သူ၏ချောမောခန့်ညားသော မျက်နှာက ရောင်ပြန်ဟပ်နေသည့် နူးနူးညံ့ညံ့အလင်းရောင်အောက်တွင်တောင် အလှမ်းဝေးကွာနေသလိုမျိုး ဖြစ်နေဆဲပေ။
မင်ကျူးသည်လည်း သူ့ကို နေခိုင်းရန် ဆွဲထားမနေပေ။
“အရှင့်သား၊ ဂရုစိုက်သွားပါ”
ကျောက်ရှီသည် သူ(မ)ကို လှည့်ပင်ကြည့်မလာတော့ဘဲ ဒီအတိုင်း လျှောက်ထွက်သွား၏။
နွေဦးတွင် အသုံးပြုမည့် ရနံ့အိတ်လေးကို ပန်းထိုးပြီးနောက်တွင် မင်ကျူးသည် ရတနာသေတ္တာအတွင်းမှ မျက်နှာချေနီနှင့် ပေါင်ဒါမှုန့်တို့ကို ဆက်ပြီးကိုင်တွယ်ကစားကြည့်နေ၏။ နောက်ဆုံးတွင် သူ(မ)သည် ပိယင်အား သူ(မ)အတွက် ပန်းပွင့်ဖက်အချို့ ကူစုဆောင်းပေးရန် ညွှန်ကြားလိုက်သည်။
ပိယင်က : “အဲ့ဒါတွေနဲ့ ဘာလုပ်ဖို့လဲ မမလေး”
မင်ကျူးသည် အသုံးမပြုတော့သည့် များစွာသော ဘူးငယ်လေးများကို ထုတ်လိုက်ပြီး : “ငါ့ရဲ့မျက်နှာချေနီမှုန့်ကို ကိုယ်တိုင်လုပ်ကြည့်ချင်လို့”
ပိယင်သည် သူ(မ) အားလပ်၍ ငြီးငွေ့နေခြင်းကြောင့် ဤကစားစရာအသေးအမွှားလေးများနှင့် ကစားချင်နေခြင်းဖြစ်မည်ဟုသာ တွေးမိလိုက်သည်။
“မမလေး လိုချင်ရင် နန်းတော်ကနေ မျက်နှာချေနီတွေ ပို့ခိုင်းလို့ရတယ်လေ၊ သေချာပေါက် ကိုယ်တိုင်လုပ်ထားတာထက်တော့ ကောင်းမှာပဲ အပြင်ဝယ်ရင်တောင် ဈေးလည်း အများကြီးမရှိပါဘူး”
မင်ကျူးက ပြုံးကာ : “အပျော်သဘောမျိုး လုပ်ကြည့်ချင်ရုံပါ”
တကယ်တမ်းတွင် အပျော်သဘောမျိုးဖြင့် လုံးလုံး မဟုတ်ချေ။ ယခုလက်ရှိတွင် သူ(မ)လက်ထဲ၌ ငွေတစ်စပင် မရှိသလို ကျောက်ရှီသည်လည်း သူ(မ)အား သေချာပေါက် မည်သည့်ငွေကိုမျှ ထပ်ပေးတော့မည် မဟုတ်ချေ။ နောင်တွင် သူ(မ) လွတ်မြောက်လာနိုင်သည့်အခါ မိမိခြေထောက်ပေါ်မိမိရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးရမည်ဖြစ်သည်။ အသက်မွေးဝမ်းကြောင်းပြုရန်နည်းလမ်းမရှိလျှင် သူ(မ) မည်သို့ ရပ်တည်ရှင်သန်မလဲ။
ရနံ့အိတ်များ ပန်းထိုးပြီ မျက်နှာချေနီများ ပြုလုပ်မည်။ နောင်တွင် သူ(မ)သည် ဤအလုပ်လေးနှစ်ခုပေါ်မူတည်ပြီး ပိုက်ဆံရှာလို့ရနိုင်သည်။
“ကျွန်တော်မျိုးမ မနက်ဖြန်ကျရင် အနောက်ဥယျာဉ်ကို သွားပြီး မမလေးအတွက် ပန်းပွင့်ဖတ်လေးတွေ သွားကောက်ပေးပါ့မယ်”
“ကောင်းတယ်”
–
အိမ်ရှေ့စံ၏အနောက်ဆောင်သို့ ဝင်ရောက်ပြီးနောက်တွင် ကျောက်ရှီ ညအိပ်ညနေရောက်လာသည့်အချိန်များမှာ ယခင်ကနှင့်ယှဉ်လျှင် ထက်ဝက်နီးနီးလျော့သွားခဲ့သည်။ ထို့ကြောင့်လည်း မင်ကျူးသည် ရှားရှားပါးပါးအဖိုးတန်အားလပ်ချိန်များစွာ ရလာခဲ့ပြီး မျက်နှာချေနီများ ပြုလုပ်ပြီးနောက်တွင် သူ(မ) ကျောက်ရှီအတွက် အိတ်တစ်လုံး ပန်းထိုး၍ ဆက်သပေးရအုံးမည်ကို အမှတ်ရလိုက်သည်။
သူ(မ)သည် ပိယင်ကို လွှတ်၍ အမျိုးသားသုံး အိတ်ငယ်အချို့ကို အပြင်မှ သွားဝယ်ခိုင်းလိုက်သည်။ သို့သော် အိတ်များ သူ(မ)လက်ထဲရောက်လာချိန် ၎င်းတို့ကို ကြည့်ပြီးနောက်တွင်တော့ သင့်လျော်သည်ဟု မခံစားမိချေ။ ကျောက်ရှီသည် အလွန်သတိကြီးသူဖြစ်ပြီး သူ့ကို အလွယ်တကူ လှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။
သူ(မ)သည် သက်ပြင်းချကာ မိမိကံကြမ္မာမိမိ လက်ခံပြီး အပ်နှင့် အပ်ချည်ကို ကောက်ကိုင်လိုက်တော့သည်။ မင်ကျူးတစ်ယောက် ညဉ့်နက်သန်းခေါင်ထိတိုင်အောင် သူ့အတွက် အိတ်တစ်လုံး ပြီးအောင် ပန်းထိုးပေးနေလိုက်သည်။
ပန်းထိုးပေးပြီးနောက်တွင် သူ့ကို ပို့ပေးရန်အတွက် အချိန်ကောင်းက ရှာမတွေ့ပြန်ချေ။
မင်ကျူးသည် မူလကတည်းက အလွန် စိတ်အားထက်သန်နေခြင်းမဟုတ်၊ နောက်ဆုံးတွင် သူ(မ)သည် သတ္တိမွေး၍ သူ၏စာကြည့်ခန်းဆီ ထွက်လာလိုက်သည်။ သို့ရာတွင် သူ(မ)မှာ အခန်းထဲသို့ပင် ဝင်ခွင့်မရလိုက်၊ တံခါးဝရှိ သူ၏အနီးကပ်အစေခံများက တားလိုက်ကြပြီး အခန်းထဲတွင် ဧည့်သည်များရှိနေကြောင်းနှင့် မည်သူ့ကိုမျှ ဝင်ရောက်နှောင့်ယှက်ခွင့်မပြုရန် အမိန့်ပေးထားကြောင်း ဆိုလာ၏။
နှစ်ကြိမ်၊ သုံးကြိမ်တိုင်ပြီးနောက်မှာတော့ မင်ကျူးသည်လည်း သူ အားလပ်မည့်အချိန်ကိုသာ စိတ်ရှည်ရှည်နှင့် စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် မင်ကျူးသည် တစ်စုံတစ်ယောက်က အရှင့်သား ချွင်းရှန်းလိုသို့ ဝင်ပြီး ပြန်ထွက်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်စိနှစ်လုံးနှင့် တပ်အပ်မြင်ခဲ့သည်ဟု ဆိုခဲ့ကြောင်း အပြင်ဘက်တွင် ပျံ့နှံ့နေသော ထိုကောလဟာလတစ်ခုနှင့်ပတ်သက်ပြီး အစေခံများအချင်းချင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
ချွင်းရှန်းလိုဆိုတာ ဘယ်လိုနေရာမျိုး မှတ်သလဲ၊ အဲ့ဒါက ဆောင်ကြာမြိုင်တစ်ခုလေ။
သတင်းကြားရသည်မှာ လွန်ခဲ့သော လအနည်းကမှ ထိပ်တန်း ဖျော်ဖြေသူမိန်းမလှလေးတစ်ယောက် ရောက်လာခဲ့ကြောင်းပင်။ သူ(မ)သည် ခန္ဓာကိုယ်ကို မဟုတ်ဘဲ အနုပညာကိုသာ ရောင်းချသူဖြစ်ပြီး ဂီတ၊ စစ်တုရင်၊ ကဗျာနှင့် ပန်းချီတွင် ထူးချွန်တတ်မြောက်ကာ တွေ့ရ အလွန်ခက်ခဲလှသည့် ဂုဏ်သရေရှိ မိန်းမပျိုလေးဖြစ်သည်။ အရှင့်သားအိမ်ရှေ့စံသည်လည်း သူ(မ)၏လေးစားဖွယ် ဧည့်သည်တော်များထဲမှ တစ်ဦးဖြစ်ပေသည်။
မင်ကျူး ထိုသတင်းကြားကြားစဉ်က အနည်းငယ်လေး အံ့သြမိသေးသည်။ သူ(မ) သိရသလောက်ဆို ကျောက်ရှီသည် အနီရောင်နယ်မြေများကဲ့သို့သော အပျော်ဂေဟာများရှိသည့် နေရာများကို အလွန်အမင်း စက်ဆုပ်သည့်အတွက် ခြေတစ်လှမ်းပင် ချမည်မဟုတ်သည့် သူပေ။
ပိယင်သည် သူ(မ) စိတ်မကောင်းဖြစ်မည်ကို စိုး၍ : “အဲ့ဒါတွေအကုန် မဟုတ်တမ်းတရားတွေချည်းပဲ၊ အရှင့်သားက အဲ့ဒီလိုလူမဟုတ်ပါဘူး”
မင်ကျူးသည် ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက် သောက်ကာ စကားမဆိုဘဲ ခပ်ဖွဖွသာ ပြုံးလေ၏။
ကျောက်ရှီသည် အရည်အချင်းရှိ ပုဂ္ဂိုလ်များကို မြတ်နိုးတန်ဖိုးထားပြီး စာပေလေ့လာလိုက်စားရာတွင် ပါရမီပါသည့် အမျိုးသမီးများကို လေးစားသူ ဖြစ်သည်။ ချွင်းရှန်းလိုမှ အမျိုးသမီးလေးသာ အရည်အချင်းရှိ ထက်မြက်လှပသူ မှန်လျှင် ကျောက်ရှီ ထိုမိန်းကလေးကို ကွဲပြားစွာ ဆက်ဆံပေးလိမ့်မည်က အဆန်းမဟုတ်ပေ။
မင်ကျူးသည် ရုတ်တရက် မေးလာ၏။
“မနက်ဖြန်က ငါ့ရဲ့တိကျဲ နွေဦးအလှရှုစားဖို့ ဖိတ်ကြားထားတဲ့ရက်မလား”
ပိယင်က ခေါင်းညိတ်ကာ : “ဟုတ်ပါတယ် ဒါပေမဲ့….…”
သူ(မ)သည် တစ်ခုခုကို ပြောချင်နေမိသော်လည်း ချိတုံချတုံဖြစ်မိသည်။ အရှင့်သားက ယခုထိတိုင် တိကျသေချာသည့် ခွင့်ပြုချက်တစ်ခုကို မပေးရသေးပြီး သူတို့သည်လည်း မင်ကျူးသခင်မလေးကို အိမ်တော်၏အပြင်သို့ ထွက်ခွင့်မပြုဝံ့ချေ။ တစ်စုံတစ်ရာဖြစ်ပျက်သွားခဲ့လျှင် မည်သူကမျှ အကျိုးဆက်ကို တာဝန်ယူနိုင်မည်မဟုတ်ပေ။
မင်ကျူးသည် ပန်းထိုးအိတ်လေးကို ကောက်ယူပြီး လက်ဖဝါးထဲ ထည့်ကာ စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက်မှာတော့ သူ(မ)သည် မတ်တပ်ထရပ်ပြီး : “ငါ သူနဲ့ စကားသွားပြောကြည့်အုံးမယ်”
အပြင်ဘက်တွင် ကောင်းကင်တစ်ခွင်သည် မှောင်မည်းနေပြီးဖြစ်သည်။
မင်ကျူးသည် ကျောက်ရှီကို ရှာရန် စာကြည့်ခန်းဆီသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သော်လည်း ဤတစ်ကြိမ်မှာလည်း တံခါးဝမှာတင် တစ်ဖန် ပိတ်ဆို့ခံလိုက်ရပြန်သည်။
မင်ကျူးတစ်ယောက် တံစက်မြိတ်အောက်တွင် ရပ်ရင်းသာ စောင့်နေလိုက်သည်။ အပြင်ဘက်တွင် တဖြည်းဖြည်းနှင့် မြူမိုးဖွဲဖွဲက စတင် ရွာကျလာ၏။ မိုး တပေါက်ပေါက်ကျလာသည်နှင့်အတူ နွေဦးလေပြည်က လေအေးများကိုပါ သိမ်းကျုံးသယ်ဆောင်လာ၏။ အလှမ်းဝေးသော ကောင်းကင်ပြင်ကျယ်ကြီးကို ကြည့်ပြီး လက်ကို ဆန့်ထုတ်ကာ ကြည်လင်သော မိုးစက်ပေါက်လေးများကို လက်ဖဝါးထဲ ဖမ်းဆုပ်လိုက်သည်။
စာကြည့်ခန်းထဲတွင်မူ ကျောက်ရှီသည် ဝေ့လျိုကို မွန်းတည့်ချိန်ကတည်းက ခေါ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကျန့်နန်တွင် နှင်းမုန်တိုင်းတစ်ခု ဖြစ်ပွားခဲ့သော်လည်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် နယ်စားမင်းထံ ချပေးခဲ့သည့် မတည်ငွေသည် သဲလွန်စမကျန် ပျောက်သွားခဲ့ပြီး များစွာသော ပိုက်ဆံပမာဏက လက်သင့်ခံ၍ မရနိုင်အောင်ပင်။ ကျန့်နန်နယ်စားမင်းသည် ထိုဆုံးရှုံးမှုကြောင့် ထိုနေ့မှာကတည်းက မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပြီး စာရင်းစာအုပ်သည်လည်း ပျောက်ချင်းမလှပျောက်သွားခဲ့သည်။
ဤကိစ္စက အပေါ်ယံတွင် မြင်ရသလောက် မရိုးရှင်းနေပေ။
ဝေ့လျိုသည် ကျန့်နန်သို့ တိတ်တဆိတ် သွားကာ စာရင်းစာအုပ်ကို ပြန်ယူလာခဲ့ပြီး အစီရင်ခံရန် ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
ကျောက်ရှီသည် စာရင်းစာအုပ်ကို အလျဉ်းသင့်သလို ကြည့်ပြီး ၎င်းထဲတွင် ရေးထားသော အမည်များကို ဖတ်ရင်း လှောင်ရယ်၏။
“လူတွေ သိပ်များသားပဲ”
ဝေ့လျိုသည် တိတ်ဆိတ်နေလိုက်သည်။ ဤကိစ္စတွင် အမှန်တကယ် လူအများကြီး ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ အရှင့်သား ဒေါသဖြစ်လိမ့်မည်မှာ မျှော်လင့်ထားလို့ရသည်။
ကျောက်ရှီသည် စာရင်းစာအုပ်ကို ဘေးသို့ ပစ်လိုက်ပြီး : “မင်း သွားလို့ရပြီ”
“ဟုတ်ကဲ့”
ဝေ့လျို အပြင်ထွက်လာသည့်အချိန် တံစက်မြိတ်အောက်တွင် ရပ်စောင့်နေသည့် မိန်းကလေးကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ် တန့်သွားသော်လည်း မျက်လုံးများကို အကြည့်အမြန်လွှဲပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။
မင်ကျူးသည် ရှုံ့အိတ်ကို ကိုင်ပြီး စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။ သူ(မ) သူ့ကို ကြည့်ပြီး မေးလိုက်သည်။
“အရှင့်သား ပြီးခဲ့တဲ့အခေါက်က ပြောခဲ့တဲ့စကားတွေက အကျုံးဝင်သေးရဲ့လား”
ကျောက်ရှီ၏အမူအရာက သူ(မ)ကို မြင်လိုက်သည့်အချိန် ပျော့ပျောင်းသွားပုံပမာ။ ဤရက်များအတွင်း သူသည် အမှန်တကယ် အလုပ်များနေခဲ့ခြင်းဖြစ်ပြီး သူ(မ)ကို မတွေ့ရသည်မှာ ရက်အတော်ကြာသွားခဲ့သည်။
သူသည် သူ(မ)ထံ လျှောက်သွားလိုက်ပြီး သူ(မ)လက်များကို ဆုပ်ကိုင်လိုက်သည်။ သူ(မ)၏လက်များ အေးစက်နေသည်ကို ခံစားမိလိုက်ချိန် သူ၏မျက်ခုံးများက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ကျောက်ရှီက : “ဘာစကားကိုလဲ”
မင်ကျူး : “ကျွန်မ ရှင့်အတွက် အိတ်တစ်လုံး ပန်းထိုးပေးရင်း ကျွန်မကို အပြင်ပေးထွက်မယ်ဆိုတာလေ”
ကျောက်ရှီသည် သူ ပေးထားခဲ့သည့် ဤကတိကို မမေ့ပါချေ။ သူသည် အသံခပ်အုပ်အုပ်ဖြင့် ပြန်မေးလာ၏။
“ပန်းထိုးတာ ပြီးသွားပြီလား”
မင်ကျူး၏ကိုယ်သည် နူးညံ့သော ရနံ့သင်းသင်းလေးတစ်ခုကို သယ်ဆောင်ထားသည့်နှယ် အနားသို့ နီးကပ်စွာ တိုးကပ်လာမှသာ အနံ့ရနိုင်မည်ဖြစ်သည်။ သူ(မ)သည် လည်ချောင်းသံပြု တုံ့ပြန်ရင်း လက်ထဲမှ အိတ်ကို ပေးလာခဲ့သည်။
“ကြည့်ကြည့်ပါအုံး”
အိတ်ကို ဝါးပုံစံဖြင့် ပန်းထိုးထားပြီး ရိုးရှင်းသော ဒီဇိုင်းဖြစ်သည့်အတွက် ခွန်အားအများကြီး စိုက်ထုတ်နေစရာ မလိုချေ။
သို့သော် ၎င်းက ပန်းထိုးရန် အချိန်အများကြီးမယူရသည့် အိတ်တစ်လုံးဆိုလျှင်တောင်မှ အခြားသူများ လုပ်ထားသည့် ပစ္စည်းများထက် ပိုလှပပြီး အနုစိတ်သပ်ရပ်နေသေးသည်။
ကျောက်ရှီက သူ့လက်ထဲ ယူလိုက်ပြီး တစ်ခဏလောက် ကြည့်လိုက်သည်။ အခိုက်အတန့်တစ်ခုစာ တိတ်ဆိတ်နေပြီးနောက်တွင် ကြိုက်သည်၊ မကြိုက်သည် မဆိုဘဲ ဘေးတွင်သာ ချထားလိုက်ပြီး : “သွားလေ စောစောတော့ ပြန်လာခဲ့”
ထိုစကားကို ကြားသည့်အခါတွင်မှ မင်ကျူးသည် သက်မချနိုင်တော့သည်။
“ကောင်းပါပြီ”
အပြင်သို့ ထွက်ပြီး လမ်းလေးလျှောက်ခွင့်ရသည်ကပင် ကောင်းလှပြီ၊ သို့မှသာ သူ(မ)လည်း မှိုမစွဲတော့မည်ဖြစ်သည်။
မင်ကျူး၏အကြည့်က အမျိုးသား၏ခါးထက်တွင် ဆွဲထားသော ကျောက်စိမ်းအဆင်တန်ဆာဆီ ရောက်သွားချိန် မျက်ဝန်းများက တစ်ခဏ ရပ်တန့်သွား၏။ သူ(မ) ဤကျောက်စိမ်းပြားကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။ ဤအလှဆင် ကျောက်စိမ်းပြားမျိုးက သူ သုံးလေ့သုံးထရှိသည့် အရာမျိုးနှင့်မတူ၊ ၎င်းက အနည်းငယ် မိန်းမဆန်နေ၏။
သူ(မ)သည် လွန်ခဲ့သော နှစ်ရက်က သူ(မ)ကြားခဲ့သည့် ကောလဟာလများကို ပြန်တွေးမိသည်။ ကြည့်ရတာ ထိုသတင်းများက အမှန်ဖြစ်နေပုံပါပေ။
ပြတင်းတံခါးအပြင်ရှိ မိုးမှာ တဖြည်းဖြည်း သည်းလာပြီး တဝုန်းဝုန်းကျလာသည့် မိုးသံမှာ သစ်ကိုင်းလေးများကို လန့်ဖြန့်သွားစေ၏။
ဖယောင်းတိုင်မီးရောင်မှိန်မှိန်အောက်တွင် အလှတရားလေးက သူ့နံဘေးနားတွင်၊ ကျောက်ရှီသည် သူ(မ)ခါးတစ်ဝိုက်တွင် လက်ကို တင်ထားပြီး ခေါင်းကို ငုံ့၍ သူ(မ)၏နှုတ်ခမ်းစွန်းကို နမ်းရှိုက်ရင်း ချွန်ထက်ထက်သွားတို့က မိန်းမငယ်လေး၏နူးညံ့သော နှုတ်ခမ်းသားထက် ပွတ်တိုက်လာသော်လည်း ဤတစ်ကြိမ်တွင် သူသည် သူ့ကိုယ်သူ အလွန်ကောင်းမွန်စွာ ချုပ်ထိန်းထားပြီး သူ(မ)နှုတ်ခမ်းကို ဖိမကိုက်ချလိုက်ချေ။
သူ(မ)၏ခြေထောက်များကမူ အားအင်လျော့ကာ ပါးပြင်များက ပူလောင်လာ၏။
ကျောက်ရှီသည် သူ(မ)အား လုံလောက်အောင် မနမ်းရှိုက်ရသေးသော်လည်း သူ(မ)ကို လွှတ်ပေးလိုက်သည်။ သူ၏ခြုံလွှာကို သူ(မ)ပုခုံးထက် လွှားတင်ပေးပြီးနောက် : “ကိုယ် မင်းကို တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်”
မင်ကျူး၏နှုတ်ခမ်းထောင့်များက အနည်းငယ် နာကျင်နေသေးဆဲပေ။ သူ စကားဆိုသည်ကို ကြားလိုက်သည့်အချိန် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ”
မိန်းမစေလေးတစ်ဦးက ဆီစိမ်စက္ကူထီးကို ကိုင်ထားပြီး သူ(မ)အား သူ(မ)ခြံဝင်းဆီသို့ အဖော်ပြုလိုက်ပါပို့ဆောင်ပေး၏။
ကျောက်ရှီသည် စားပွဲထောင့်တွင် တင်ထားသော အိတ်ကို အချိန်အတော်အတန်ကြာသည်အထိ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ၏ကောင်းမွန်နေသော မှတ်ဉာဏ်များအရ ပြီးခဲ့သည့်အခေါက်က ယွိကွမ်း(ကျောက်စိမ်းခေါင်းဆောင်း)ပေါ်တွင် ထွင်းထားသော ကနုတ်သည်လည်း ဝါးပုံပင် ဖြစ်ကြောင်း မှတ်မိနေသည်။
ကျောက်ရှီသည် ထိုရှုံ့အိတ်လေးကို အားပြင်းပြင်းဖြင့် ဖိဆုပ်ထားလိုက်ပြီး လက်ကောက်ဝတ်ထက်ရှိ သွေးကြောများက ထင်းထွက်လာ၏။ သူသည် ခပ်နက်နက် ရယ်လေပြီး ၎င်းအား နေ့အလင်းကို နောက်တစ်ဖန် မြင်ခွင့်မပေးတော့ရန် ရည်ရွယ်ပြီး ဘေးပစ်ထုတ်လိုက်တော့သည်။ မမြင်တာကြာလျှင် မေ့ပျောက်သွားလိမ့်မည်သာ။
–
သူ(မ)၏သခင်မလေးတစ်ယောက် စာကြည့်ခန်းမှနေ အလွန်စောစီးစွာ ပြန်ရောက်လာသည်ကို မြင်လျှင် ပိယင်မှာ သူ(မ)မျက်စိသူ(မ) မယုံကြည်နိုင်အောင် ဖြစ်သွား၏။ သူ(မ) မူလက တွေးထင်မိခဲ့သည်မှာ သူ(မ)၏သခင်မလေး ထိုနေရာတွင် တစ်ညကုန်ဆုံးလိမ့်မည်ဟုပေ။
မင်ကျူးသည် အခန်းထဲသို့ ရောက်သည်နှင့် ကျောက်ရှီ၏ခြုံလွှာကို ချွတ်ကာ ဘေးတွင် ချိတ်လိုက်ပြီး ပိယင်အား မနက်ဖြန်တွင် ၎င်းကို သူ့ထံ သွားပြန်ပို့ပေးရန် မှာလိုက်သည်။
မင်ကျူး သူ(မ)၏အဝတ်အစားများကို စနစ်ကျအောင် ပြင်နေစဉ်တွင် ပိယင်က သတိတကြီးထားပြီး မေးလိုက်သည်။
“မမလေး၊ အရှင့်သားက တစ်ခုခုမပြောခဲ့ဘူးလား”
ကြေးမုံကို ကြည့်ပြီးနောက် မင်ကျူးသည် သူ(မ)၏နှုတ်ခမ်းစွန်းများက ထပ်ပြီး ဖူးရောင်နေပြန်ပြီကို သိလိုက်ရသည်။ အခြားသူများ ရယ်စရာအဖြစ် မမြင်စေရန်အတွက် မနက်ဖြန်တွင် ၎င်းကို သေသေချာချာလေး ဖုံးရန် နှုတ်ခမ်းဆိုးဆေးတစ်ခုခု လူးမှဖြစ်တော့မည်။
“သူ ငါ့ကို အပြင်ထွက်ခွင့်ပေးတယ်”
“အဲ့ဒါ မဟုတ်ဘူးလေ၊ မမလေး……”
ပိယင်မှာ ဘယ်နေရာကနေ စပြောလို့ပြောရမယ်မှန်းမသိချေ။ ယခင်က အရှင့်သားအိမ်ရှေ့စံသည် မည်သည့်မိန်းကလေးနှင့်မျှ တစိုးတစိ ပတ်သက်မှုမရှိခဲ့၊ မင်ကျူးသခင်မလေးအပေါ်တွင်သာ ကွဲပြားမှုရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါမှာတော့ မည်သည့်ကွဲပြားမှုမျှ မရှိနေတော့ဟန်ပေ။
မဟုတ်မှလွဲ ချွင်းရှန်းလိုမှ ထိုနာမည်ကြီးအလှလေးက တကယ်ပဲ အရှင့်သားရဲ့နှလုံးသားကို ဖမ်းစားနိုင်သွားခဲ့ပြီလား။
အရှင့်သားသည် ယခုအခါမှာ အသစ်ကလေးတွေ့နေ၍ပဲ အချစ်ဟောင်းကို လျစ်လျူရှုထားခြင်းလား။
ထို့အပြင် အရှင့်သားအိမ်ရှေ့စံ၏အနောက်ဆောင်တွင် အမျိုးသမီးများများစားစားမရှိသေးချေ။ သူ နောက်ထပ်ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူလျှင်တောင် မည်သူမျှ အတင်းအဖျင်းဆိုဝံ့ကြမည် မဟုတ်ပေ။
“ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်တော့ပါဘူး”
ပိယင်သည် ခေါင်းခါပြလိုက်သည်။ မည်သို့ပင်ဆိုစေ မင်ကျူးသခင်မလေးက ၎င်းနှင့်ပတ်သက်ပြီး မည်သည့်စိတ်ဝင်စားမှုမျှ မရှိနေသည့်အတွက် သူ(မ) သွားမပြောလိုက်သည်ကမှ ပိုအဆင်ပြေနေပါလိမ့်မည်။
နွေးနွေးထွေးထွေး ဖယောင်းတိုင်မီးယောင်က ကြေးမုံပြင်ထဲမှ ပုံရိပ်အပေါ် အလင်းဖြာကျနေသည်မှာ အလွန် သိမ်သိမ်မွေ့မွေ့ရှိလှသည်။ မင်ကျူးသည် သူ(မ)၏နားတောင်းကို ချွတ်ရင်း ပိယင်ကို လှမ်းမေးလိုက်သည်။
“မနက်ဖြန် ငါ ဘာဝတ်သွားရင်ကောင်းမလဲ”
ပိယင်သည် သူ(မ)သခင်မလေး၏စရိုက်ကို ကောင်းကောင်းနားလည်သူဖြစ်သည်။ သူ(မ)သည် သိုသိုသိပ်သိပ်နေရသည်ကို နှစ်သက်ပြီး မည်သည့်ပြဿနာမျှ မရှာချင်သူပေ။
“ရိုးရှင်းတာလေးတစ်ခုခု ဝတ်သွားရင်ရော?”
သို့သော် မင်ကျူးက ခေါင်းခါ၏။
“ရိုးရှင်းလွန်းနေရင် ကြည့်ကောင်းမှာမဟုတ်ဘူး”
ပိယင်မှာ အံ့ဩလွန်းသဖြင့် မမေးဘဲ မနေနိုင်အောင်ဖြစ်သွားရသည်။
“မမလေး အနီရောင်ဝတ်သွားရင်းကျ အရမ်းကြီးထင်းမနေဘူးလား”
မင်ကျူး၏အဝတ်ဗီရိုထဲတွင် ပိုးနှင့် ဖဲဖြင့် ချုပ်လုပ်ထားသော အနီရောင်အင်္ကျီရှည်နှင့် စကပ်ဝမ်းဆက်များသာရှိသည်။ ထိုအထည်များက သူ(မ)၏ခန္ဓာကိုယ်နှင့် အထူးတလည် လိုက်ဖက်လွန်းပြီး သူ(မ)၏သွင်ပြင်ကို အဖိုးတန်ကျောက်မြတ်သဖွယ် တောက်ပပြီး ကျော့မော့လှပနေစေ၏။
မင်ရူ သူ(မ)ကို နွေဦးအလှရှုစားရန် ဖိတ်ကြားလာခဲ့ခြင်းမှာ ထုံးစံအတိုင်း သူ(မ)အား မခံချင်အောင် ထိကပါးရိကပါးပြောဆိုပြီး လှောင်ပြောင်ရန်သာဖြစ်သည်။ သူ(မ)ကလည်း မင်ရူအတွက် အနိုင်ကျင့်ခံမည့် အိတ်ပျော့တစ်အိတ် ဖြစ်လာပေးမည်မဟုတ်ချေ။
နောက်တစ်နေ့တွင် မင်ကျူးသည် သူ(မ)အတွက် ကြိုတင်စီစဉ်ပေးထားသော လှည်းဖြင့် ချိန်းဆိုထားသော ဆုံရပ်ဖြစ်သည့် ကြေးမုံကန်ရေပြင်ဆီ ထွက်လာခဲ့လိုက်သည်။ သူ(မ) လှည်းပေါ်မှ ဆင်းလိုက်သည့်အချိန် မျက်လုံးအများအပြားက တစ်ပြိုင်နက်တည်း သူ(မ)ထံ စုပြုံရောက်လာကြ၏။
ဤသို့သော လှပသည့် အသွင်အပြင်မျိုးဖြင့် အရှင့်သားအိမ်ရှေ့စံ သူ(မ)ကို နှစ်သက်သဘောကျနေသည်မှာ အဆန်းမဟုတ်တော့ချေ။
အခြားသော လူများရှေ့တွင် မင်ရူသည် သူ(မ)၏ပုံရိပ်ကို လွန်စွာဂရုစိုက်တတ်သူဖြစ်သည်။
“လွန်ခဲ့တဲ့ရက်က ညီမလေး နေမကောင်းဘူးဆိုတဲ့သတင်းကြားတော့ အစ်မမှာ ရင်ထဲ စိုးရိမ်နေလိုက်ရတာ အခု ငါ့ညီမလေး နေကောင်းသွားတာ မြင်ရတော့ ဒီအစ်မလည်း စိတ်အေးသွားရပြီပေါ့”
ယနေ့ ဤနေရာတွင် ရှိနေကြသည့် လူများထဲတွင် အချို့မှာ မျိုးရိုးမြင့်မြင့်များထဲမှ တိသမီးတော်များဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့နှင့် မင်ရူ၏ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ကြသည်။
သူတို့သည် မင်ရူက သူ(မ)၏ဤမြေးခွေးလို ညီမမျိုးကို အမှန်တကယ် ကြင်နာပေးလွန်းနေသည်ဟု ခံစားမိကြသည်။
မင်ကျူးသည် သူ(မ)၏စကားကို နားမထောင်နေသည့်ဟန်ပေ။ သူ(မ)သည် မြေပြင်ထက်မှ ကြွေကျနေသော သစ်ကိုင်းများကို ကောက်လိုက်ပြီး ကျွမ်းကျင်လှသော လက်တစ်စုံဖြင့် လှပသောပန်းခွေလေးတစ်ခုကို အလွယ်တကူ ရက်လုပ်လိုက်သည်။
ဤတစ်ကြိမ်တွင် မင်ရူ၏ နွေဦးရှုစားရန် ဖိတ်ကြားခြင်း၏ရည်ရွယ်ချက်က မရိုးရှင်းနေပေ။
နားခိုရာ ဆင်ဝင်ဆောင်ငယ်လေးထဲ လေညှင်းညှင်လေး တိုးဝှေ့တိုက်ခိုက်လာချိန် မင်ရူက စကားစ၏။
“တတိယဦးလေးက သစ္စာဖောက်တစ်ယောက်ရဲ့ကြံစည်တာကို ခံရပြီး ရာထူးကနေ ထုတ်ပယ်ခံထိသွားတာမလို့ လက်ရှိမှာ အိမ်မှာပဲ နေနေရတယ်၊ နင့်ကို အရှင့်သားရဲ့ လူတစ်ဝက်လို့ သတ်မှတ်ထားလို့ရတယ်ဆိုတော့ နင် သူနဲ့ စကားပြောကြည့်ကြည့်ပေါ့ ပြီးရင် ဦးလေးအတွက် အသနားခံကြည့်ပေးလေ”
မင်ကျူးသည် သူ(မ)အရှေ့မှ အစာသွပ်မုန့်တစ်ခုကို လှမ်းယူပြီး အရသာမြည်းကြည့်လိုက်သည်။
“ကျွန်မ မပြောပေးနိုင်ပါဘူး၊ သူက ကျွန်မစကားကို နားထောင်တာမဟုတ်ဘူး”
သူ(မ) ကျောက်ရှီထံမှ တစ်ခုတောင်းဆိုလျှင် သူသည် သေချာပေါက် လွန်လွန်ကျူးကျူးတစ်စုံတစ်ရာကို ပြန်လိုချင်လိမ့်မည်ဖြစ်သည်။
အရှုံးချည်းသာရှိမည့် ဤကဲ့သို့အပေးအယူမျိုးကို သူ(မ) လုပ်မည်မဟုတ်ပေ။
မင်ရူသည် သူ(မ) သဘောတူလိမ့်မည်မဟုတ်ကြောင်း မျှော်လင့်ထားပြီးသားပေ။ ထို့ကြောင့် သူ(မ)သည် မိမိဒေါသမိမိ ပြန်ထိန်းရင်း ဆိုလိုက်သည်။
“တတိယဦးလေးက ကျန့်နန်ရဲ့ထောက်ပံ့ငွေကိစ္စထဲမှာလည်း ပါဝင်ပတ်သက်နေတာ၊ ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးပြီးတဲ့အခါမှ သူ့အတွက် အသနားမခံပေးရင် သူ့ရဲ့အသက်ကိုတောင် မကယ်တင်နိုင်တော့မှာ စိုးရတယ်”
မင်ကျူးသည် ခေါင်းကို မော့၍ : “ကျွန်မမှာ အဲ့ဒီလိုလုပ်ပေးနိုင်တဲ့စွမ်းရည် မရှိဘူး”
သူသည် ထောက်ပံငွေကိုပင် သွားထိရလောက်သည်အထိ လောဘကြီးလွန်းနေခဲ့သည်။ ပြည်သူများထံမှ ချွေးနှဲစာလေးများကို နှစ်အတန်ကြာ အဓမ္မညှစ်ယူခဲ့ပြီးနောက်မှာတော့ သူ(မ)၏တတိယဦးလေးသည် သူ၏ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်နှင့်သာ တန်တော့သည်။
မင်ရူသည် နှလုံးသားထဲမှ လောင်မြိုက်နေသော ဒေါသမီးကို ငြိမ်းသတ်ရန် လက်ဖက်ရည်အေးတစ်ငုံအပြည့်ကို သောက်ချလိုက်သည်။ တစ်ခဏကြာပြီးနောက်မှ သူ(မ)ကို မျက်လုံးများကို မှေးကျဉ်း၍ ဆိုလာတော့သည်။
“ဝေ့ချီယွီလည်း အဲ့ဒီငွေတွေအများကြီးကို ကိုင်ထားခဲ့တာပဲ၊ ခန့်မှန်းကြည့်ရအောင် အရှင့်သားက အများပြည်သူအကျိုးအတွက်ကို အကြောင်းပြုပြီး သူ့ကိုယ်ရေးကိုယ်တာလက်စားချေဖို့ ဒီအခွင့်အရေးကို ယူပြီး သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်မလားဆိုတာ”
မင်ကျူး၏မျက်ဝန်းများက အေးစက်သွား၏။ ဤစကားများကသာ ယနေ့တွင် မင်ရူ သူ(မ)ကို ပြောရန် အမှန်တကယ် ရည်ရွယ်ထားသည့်စကားများ ဖြစ်လောက်ပေသည်။
သူ(မ)သည် မင်ရူတွေးထင်ထားသလောက် တုံးအ၊ နုံအသူမဟုတ်ပါချေ။ ထို့အပြင် ဝေ့ချီယွီ ဤသို့သော ကိစ္စမျိုးကို လုပ်လိမ့်မဟုတ်ကြောင်းလည်း သူ(မ) ယုံကြည်သည်။
သူ(မ)က : “အစ်မက ကျွန်မကို သူ အသတ်ခံရအောင် လုပ်ခိုင်းဖို့ ကြိုးစားနေတာလား”
_____
ခရစ္စမတ်အတွက် chapter လက်ဆောင် free လေးပါ၊ Merry Christmas Naw!