Chapter 3.1
အပိုင်း (၃.၁)
ကျောက်ရှီ၏ဝင်သက်ထွက်သက်မှာ မင်ကျူး၏လည်တိုင်ပေါ် အေးစက်စွာ သက်ဆင်းနေ၏။ မင်ကျူးသည် တုန်ယင်နေသော မျက်တောင်များကို မျက်လွှာချထားလိုက်သည်။ ထိုမျက်နှာသေးသေးလေးက အလှတရားတစ်ခုဖြစ်ပြီး ပုံစံမှာ အားနည်းနေပုံ။ မျက်ဝန်းများထဲ မသိမသာ အရောင်လဲ့နေသော အရည်များက ထိုမျက်ဝန်းကြည်ကြည်လေးများကို စိုစွတ်နေစေ၏။
သူ(မ)သည် တိတ်တဆိတ် လက်သီးများကို ဆုတ်ကာ တောင့်တင်းနေသော အမူအရာဖြင့် သူ(မ)အား အသက်ရှူရခက်စေသော ထိုအကြည့်များကို ရှောင်ရန် မျက်ဝန်းများကို မှိတ်ထားလိုက်သည်။
သူကိုယ်တိုင် သူ(မ)အား ချီးမြှင့်ခဲ့သည့် ထိုအဆိပ်သေရည်ခွက်အား သူ(မ) မေ့မရနိုင်သေးချေ။
နာကျင်မှု လွန်ကဲလာတဲ့အခါမျိုးမှာ ဒီလို ခံစားရတာကိုး။
မင်ကျူး၏နှာသီးထိပ်ဖျားသည် သူ(မ)မျက်ဝန်းတစ်ဝိုက်လို နီရဲလာ၏။ သူ(မ)က နှာခေါင်းရှုံ့ကာ အားလျော့စွာ ဆိုလေ၏။
“ကျွန်မ မရှောင်ပါဘူး”
အခန်းထဲရှိ ဖယောင်းတိုင်မီးလျှံများမှာ ငြိမ်းသတ်ထားပြီး အလင်းရောင်မှာ မှိန်ဖျော့ဖျော့။ ပြတင်းပေါက်ကို ဖြတ်သန်းဝင်ရောက်လာသော လရောင်ခြည်တစ်ခုတည်းဖြင့် မင်ကျူးမှာ သူ့မျက်နှာကိုပင် သဲကွဲစွာ မမြင်ရကာ သူ၏ခက်ခဲနက်နဲသော အမူအရာဆို ပြောမနေပါနှင့်တော့။ သူ(မ)ခံစားလို့ရသည့် တစ်ခုတည်းသော အရာမှာ မမြင်နိုင်သော ဖိအားတစ်ခုကိုသာ။
ကျောက်ရှီသည် သူ(မ)မေးကို အနည်းငယ် အားထည့်ညှစ်လိုက်ပြီး သူ့နှင့်မျက်နှာချင်းဆိုင်ရန် သူ(မ)မျက်နှာကို အတင်းအကျပ်မလုပ်ရုံတမယ် ပင့်မော့လိုက်သည်။ သူ့အသံက စကားဆိုရင်း မှေးမှိန်နေ၏။
“မရှောင်ဘူး?”
အမျိုးသား၏အသံက အမြဲ မည်သည့်စိတ်ခံစားမှု အတက်အကျမှ မရှိပါဘဲ နူးညံ့ကြင်နာနေပုံပေါက်၏။
မင်ကျူးမှာ မုန်တိုင်းမလာခင် လေပြည်သွေးနေသည့်၊ သူ ပျော်နေသလား ဒေါသထွက်နေသလားကိုပင် ခံစားလို့မရနိုင်သည့် သူ၏ဤအမူအရာကို အနည်းငယ် ကြောက်မိလေသည်။ သူ(မ)က အကြည့်လွှဲရင်း အသံသေးသေးဖြင့် ဆိုလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မ ဒီတိုင်း နည်းနည်းနေလို့မကောင်းဖြစ်နေလို့ပါ”
ကျောက်ရှီ၏မျက်နှာက အနည်းငယ် ပြေလျော့သွားပြီး သူ(မ)မေးကို လွှတ်ပေးလိုက်ကာ ပါးပြင်နှစ်ဖက်ပေါ်မှ လျော့လျော့ရဲရဲ ဆံစများကို တယုတယဖြင့် နှေးကွေးစွာ သပ်တင်ပေးရင်း မေးလာ၏။
“ဘယ်နေရာက နေလို့မကောင်းဖြစ်နေတာလဲ”
မင်ကျူးသည် တံတွေးမျိုချကာ ကြုံရာအလိမ်အညာတစ်ခုကို ထုတ်သုံးလိုက်သည်။
“ခေါင်းကိုက်နေတာ”
ကျောက်ရှီက ညင်သာစွာ ခေါင်းညိတ်ပြရင်း : “မနက်ဖြန်ကျမှ သမားတော်ကို လာစစ်ဆေးခိုင်းတာပေါ့”
မင်ကျူးသည် မျက်လွှာချကာ : “မလိုပါဘူး၊ ကောင်းကောင်းအိပ်လိုက်ရင် သက်သာသွားမှာ”
ကျောက်ရှီက စကားဆိုမလာပြီး လေထုမှာ တစ်လျှောက်လုံး အေးစိမ့်လျက် ကျန်နေခဲ့သည်။ မင်ကျူးမှာ သူ(မ)ပြောလည်း အပိုပဲကို သိလေသည်။ သူက တစ်ခွန်းဆိုတစ်ခွန်း၊ ချလိုက်သည့် ဆုံးဖြတ်ချက်တွေကိုလည်း ပြင်ရိုးထုံးစံ၊ ရုပ်သိမ်းရိုးထုံးစံမရှိပေ။
မင်ကျူးမှာ ထိုစကားများကို ပြောပြီးပြီးချင်း နောင်တရမိသွားတော့သည်။ သူ(မ) ခေါင်းကိုက်နေခြင်းမဟုတ်သဖြင့် သမားတော်ကြွလာ၍ သွေးကြောစမ်းသည့်အခါ ယနေ့ည ပြောခဲ့သည့် အလိမ်အညာက ဘူးပေါ်သလို ပေါ်သွားလိမ့်မည်ပေ။
သူ(မ)ခါးပေါ်မှ ကျောက်ရှီ၏လက်များသည် တဖြည်းဖြည်း တင်းကျပ်သွားပြီး သူ(မ)၏ခါးစည်းကြိုးကို ဖြည်ရင်း ရှေ့သို့တိုးကာ သူ၏သွားထိပ်ဖြင့် သူ(မ)၏နူးညံ့ညံ့နားပန်းကို တတိတိကိုက်ကာ အသံတိုးတိုးဖြင့် မေးလာ၏။
“ဘာလို့ ဒီည ကိုယ့်ကို မစောင့်နေဘဲ အိပ်ရာဝင်သွားတာလဲ”
မင်ကျူး၏ခန္ဓာကိုယ်သည် အနည်းငယ် ကျုံ့ဝင်သွားပြီး အလိမ်အညာတစ်ခုကို ထပ်ဆိုလိုက်သည်။
“အိပ်ချင်နေလို့”
ကျေက်ရှီသည် စိတ်မဝင်စားစွာ ဝိုးတဝါးအသံတစ်ချက်ပြုပြီး စိုစွတ်စွတ် အနမ်းများက သူ(မ)၏လည်ပင်းပေါ် ဖြတ်ပြေးသွားရင်း သူ့အသံက တဖြည်းဖြည်း တိမ်ဝင်သွားကာ သူ(မ)နားထဲသို့ တီးတိုးဆိုလာ၏။
“မနက်ဖြန်ကျ အဲ့ဒီ*လျိုရှန်းဝတ်စုံကို ဝတ်ထား”
[လျိုရှန်းဝတ်စုံဆိုတာက အရှေ့ပိုင်းမှာ မင်ကျူး စမ်းဝတ်ကြည့်ခဲ့တဲ့ «အမတ ဝတ်စုံ» ကို ပြောတာပါ]
အမျိုးသား၏အေးစက်စက် အသက်ရှူငွေ့များက အတော်လေး လေးလံနေပြီး သူ(မ)မျက်နှာထက် လာရိုက်၏။
မင်ကျူး၏ဖြူဖျော့နေသော မျက်နှာသေးသေးလေးက ရှက်သွေးနီနီများ လွှမ်းသွားပြီး ခွန်းတုံ့ပြန်လာသည့် အနည်းငယ် တုန်ယင်နေသော အသံမှာ ခြင်တစ်ကောင်ပမာ။
“အမ်း”
ကျောက်ရှီသည် သူ(မ)မျက်နှာကို စိုက်ကြည့်ပြီး မျက်ဝန်းများက သိပ်သည်းနက်မှောင်လာ၏။ သူ(မ)လက်ကို ယူကာ သူ၏ခါစည်းစအပေါ် တင်လိုက်ရင်း သူ(မ)နားထဲသို့ အေးစက်စက်လေသံဖြင့် အမိန့်ပေးလေ၏။
“ဖြည်လိုက်”
မင်ကျူးသည် သူ ဘာလုပ်ချင်နေမှန်း သိပြီး အနည်းငယ် တုန့်ဆိုင်းနေမိကာ သူ၏ခါးစည်းစကို အောင်မြင်စွာ မဖြည်လိုက်နိုင်ခင် အကြိမ်ကြိမ် လက်ချော်ထွက်နေ၏။
အနက်ရောင် ခါးစည်းစသည် နဂါးနှင့် ကျားများဖြင့် ပန်းထိုးထားပြီး ရွှေရောင်မျဉ်းများမှာ ထိကိုင်ရ အေးစက်နေသလို ခံစားရစေသည်။
ကျောက်ရှီသည် အလွန် မျက်စိလျင်သူဖြစ်ပြီး သူ့မျက်လုံးထဲကနေ အနည်းငယ်သော အရိပ်အယောင်တို့ပင် မလွတ်မြောက်နိုင်ကာ မင်ကျူး၏ သိသိသာသာ ပုံမှန်မဟုတ်နေသည့် ယနေ့ညအပြုအမူများဆို စကားထဲ ထည့်ပြောမနေပါနှင့်တော့။
သူ(မ)သည် သရုပ်ဆောင်ရာ၌ အလွန်မတော်ပြီး ငြင်းဆန်မှုက သူ(မ)၏ဖြူဖျော့နေသော ဤမျက်နှာငယ်လေးထက်တွင် အတိုင်းသားပေ။
ကျောက်ရှီသည် သူ(မ)အား အတန်ကြာ တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ မိန်းကလေး၏မျက်နှာက ဖြူဖြူနုနုလေးနှင့် မျက်လွှာချထားသော မျက်တောင်လေးများက အနည်းငယ် တုန်ယင်နေပြီး တစ်ချက်တည်းနှင့် ကျိုးပဲ့သွားနိုင်သကဲ့သို့ သနားချင့်စဖွယ်နှင့် အားနွဲ့ပုံပေါ်၏။
ကျောက်ရှီ၏နှုတ်ခမ်းစွန်းများသည် ကွေးတက်သွားပြီး သူ(မ)မျက်နှာကိုသာ အချိန်အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေ၏။
သူ သူ(မ)ရဲ့ဒီမျက်နှာလေးကို အတော်လေး နှစ်ခြိုက်မိသည်ပေ။ သူ(မ)ခန္ဓာကိုယ်နှင့် နှလုံးသားက အနည်းငယ် နုနယ်သော်လည်း နောက်ဆုံးတော့ သူ(မ)ကား အမြဲ နာခံလိမ္မာပြီး ကျိုးနွံသည်မဟုတ်ပါလား။ သူ(မ) သူ့အား ထိုသနားချင့်စဖွယ် ဖြူစင်အပြစ်ကင်းသည့် မျက်ဝန်းနီနီလေးများဖြင့် ကြည့်လာသည့်အချိန်တိုင်း သူ့ကို နှိုးဆွလိုက်သည်မှာ ကရုဏာသက်မှုမဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ပုန်းလျှိုနေသော လိုချင်တပ်မက်မှုတို့ကို ဖြစ်သည်။
မိန်းမငယ်လေးမှာ အားနွဲ့ကာ ပျော့ပျော့ပျောင်းပျောင်းလေးဖြစ်ပြီး အသနားခံနေသည့်ပုံစံလေးကတောင် ချွဲနွဲ့စွာ ကလူ၏မြှူ၏ လုပ်နေသလို။
ရုတ်တရက် ကျောက်ရှီသည် သူ(မ)၏ပါးပြင်ကို အေးစိမ့်နေသော လက်ချောင်းများဖြင့် ပွတ်သပ်လာပြီး မျက်ဝန်းများနှင့် မျက်ခုံးများကို အသာအယာ ထိတွေ့ပြီးနောက် နောက်ဆုံး နှုတ်ခမ်းနားတွင် ရပ်တန့်သွား၏။ သူသည် သူ(မ)၏နှုတ်ခမ်းများကို မယုတ်လွန်မလျော့လွန်သော အားဖြင့် ပွတ်ကာ : “မင်းက လိမ္မာပါတယ်”
အေးစက်စက်နှင့် အမူအရာကင်းမဲ့သော အသံက သူ(မ)အား တင်းကျပ်စွာ ရစ်ပတ်လာ၏။
မင်ကျူးသည် တုန်ယင်လျက်ဖြင့် မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။
အနှီအမျိုးသား၏လေသံက အေးစက်လျက်ဖြင့် ခံစားမှုမပါဘဲ တိကျပြတ်သားနေပုံမှာ သူ(မ)အား နောက်ဆုတ်ရန်ပင် လမ်းစမပေးထားချေ။
မင်ကျူး၏စာရွက်သားပမာ ဖြူဖျော့နေသော မျက်နှာငယ်လေးသည် တဖြည်းဖြည်း ရဲတက်လာပြီး ငြင်းဆန်ချိန်လေးပင် မရလိုက်ခင် ကျောက်ရှီ၏အနမ်းများက ပိတ်ဆို့လိုက်သည်။