Chapter 4
အပိုင်း (၀၀၄)
နေဝင်ဆည်းဆာ၏ အဝါရောင် အလင်းတန်းနှင့် အရိပ်များက လေပြည်နှင့်အတူ ရောထွေးဝင်ရောက်လာ၏။ လေအေးများ တိုက်ခတ်လို့လာချိန် နေရောင်အောက်ရှိ ဒန်းပေါ်တွင် ထိုင်ရင်း မင်ကျူးသည် မှေးစင်းထားသော မျက်ဝန်းများကို ဖြည်းညှင်စွာ ဖွင့်လိုက်သည်။
သူ(မ)သည် မျက်လွှာချလိုက်ပြီး နူးညံ့ပျော့ပျောင်းလျက်ရှိသော အသံဖြင့် : “အဲ့ဒီလိုဆိုလည်း ကောင်းသားပဲ”
သူ(မ)ဘေးနားတွင် ရပ်နေသည့် ပိယင်မှာ သေချာမကြားလိုက်သဖြင့် တိတ်တဆိတ် ပြန်မေးလိုက်သည်။
“မမလေး ဘာပြောလိုက်တာလဲ”
မင်ကျူးသည် ခေါင်းခါပြလိုက်ပြီး အဝေးဆီမှ တံစက်မြိတ်များကို မျှော်ငေးရင်း ဒန်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ဘာမှမဟုတ်ဘူး”
မင်ကျူးသည် ဤဘဝတွင်တော့ ကလေးမလိုချင်တော့ပေ။ သူ(မ) ကလေးလိုချင်နေသည်ဟု ကျောက်ရှီ အဘယ်ကြောင့် ထင်ရသလဲ သူ(မ) မသိသော်ငြား ယင်းမှာ အရေးမကြီးပါချေ။ သူ(မ)စိတ်ကို ယိုင်လဲစေရန်ရည်ရွယ်၍ သူ(မ)အား သူ လျစ်လျူရှုထားလျှင်တောင် ဤသည်မှာ ဆန့်ကျင်ဘက်အနေဖြင့် သူ(မ)အတွက် ကောင်းသည့်ကိစ္စသာ ဖြစ်သည်။
ဤနံရံဖြူဖြူများနှင့် ဤအုတ်ကြွပ်နီနီများက သူ(မ)တစ်ဘဝလုံးနီးနီး သူ(မ)အား ပိတ်လှောင်ထားသည့် အရာများပေ။
မင်ကျုး၏ ကျောက်ရှီကို နားလည်မှုက အပေါ်ယံမျှသာ ရှိသည်၊ ယခင်ဘဝတွင် သူ(မ)နှင့် ကျောက်ရှီသည် စကားအများကြီးမပြောဖူးချေ။
အနှီအမျိုးသားသည် တည်ကြည်လေးနက်ပြီး သွေးအေး၊ အကြင်နာမဲ့သော လူမျိုးဖြစ်သည်။ သူသည် တစ်စုံတစ်ယောက်၌ သို့မဟုတ် တစ်စုံတစ်ရာ၌ သူ့ကိုယ်သူ မွေ့လျော်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ စိတ်ခံစားချက်များ ကင်းမဲ့လွန်းနေသည်မှာ လူစိတ်ကင်းနေသလားပင် အောက်မေ့ရသည်။
ပိယင်ပြောတာ မှန်လောက်သည်။ ကျောက်ရှီလည်း သူ သူ(မ)ကို မျက်နှာသာပေးလွန်းမိပြီး ဝမ်ယွဲ့ဆောင်သို့ နှစ်ရက်ဆက်တိုက် သွားလိုက်ခြင်းဖြင့် ထပ်ပေါင်းလျှင် သူ့ရင်သွေးအား လွယ်ချင်ရလောက်အောင်ထိ သူ(မ) ရဲတင်းလာသည်ဟု လွဲမှားစွာ ထင်ကောင်းထင်နေလိမ့်မည်ပေ။ ထို့ကြောင့်လည်း သူ(မ)အသိများ ပြန်ဝင်လာစေရန်အတွက် စိမ်းစိမ်းကားကား ပစ်ထားရန် ဆုံးဖြတ်လိုက်သည်ဖြစ်မည်။
သို့သော် မင်ကျူးမှာ သူ(မ)မျက်နှာကို လေစိမ်းများ တိုက်မနေလျှင်တောင် စိတ်အစဉ်က အလွန် ကြည်လင်နေပြီးသားပင်။
နေဝင်သည်နှင့် တံစက်မြိတ်များက နှင်းဖြင့် လွှမ်းသွားပြီး တောင်ပိုင်းသို့ သွားရန် အချိန်မရလိုက်သည့် ငှက်ကျားများသည် တကျည်ကျည်တကျာကျာနှင့် စကားလက်ဆုံကျနေကြသည်။
နောက်သုံးရက်ကြာပြီးနောက် အရှင့်သားအိမ်ရှေ့စံသည် ဝမ်ယွဲ့ဆောင်သို့ ပေါ်မလာပြန်ချေ။ ရက်များကို ရေတွက်ကြည့်လျှင် သူတို့ အိမ်ရှေ့စံအား မမြင်ရသည်မှာ လဝက်ကျော်နီးနီး ရှိသွားပြီပေ။
အပြင်ဆောင်မှ အစေခံများသည်ပင် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။ သူတို့အားလုံးမှာ မင်ကျူးသခင်မလေး အရှင့်သား၏သဘောကျမြတ်နိုးမှုကို ဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ကို အသုံးပြု၍ အခစားပြုရသည့် အမျိုးသမီးတစ်ယောက်က ကြာရှည်မခံလေချေ။ သူ(မ)က လှနေတော့ရော ဘာဖြစ်လဲ၊ ဘယ်လိုနေနေ လူရှေ့သူရှေ့ လူလုံထွက်ပြလို့မရဘူးလေ။ ထို့မတိုင်ခင်က သူတို့မှာ အိမ်ရှေ့စံသည် သခင်မလေးတစ်ယောက်တည်းအား အထူးတလည် မျက်နှာသာပေးသဖြင့် သူ၏နှလုံးသားအခြေမှ စစ်မှန်သည့် အချစ်ပဲ ဖြစ်မည်ဟု တွေးခဲ့ဖူးသော်လည်း ယခု သေချာစဉ်းစားကြည့်လျှင် အခြေအနေက လိုက်လျောညီထွေမဖြစ်နေချေ။ တကယ်သာ စစ်မှန်သော အချစ်ဖြစ်ပါက သူ(မ)အား ကိုယ်လုပ်တော်ဘွဲ့ပင် မချီးမြှင့်ဘဲ ဤသို့သော ဝေလံခေါင်သီသည့် အပြင်ဆောင်လို နေရာတွင် လျှို့ဝှက်ထားမည်မဟုတ်ပေ။ စဉ်းစားကြည့်လျှင် ဤသည်မှာ သူ၏ရမ္မက်ကို ဖြည့်တင်းစေသည့် ကစားစရာ အရုပ်တစ်ရုပ်ထက် မပိုချေ။
ပိယင်မှာ သူ၏မမလေးတစ်ယောက် ပုံမှန်နေ့များလို အေးအေးလူလူဖြင့် အပူပင်မဲ့နေသည်ကိုကြည့်ပြီး သောကများလာရသည်။
“မမလေး၊ အရှင့်သားကို အလျှော့ပေးလိုက်ပါလားဟင်”
ယနေ့မနက်တွင် အရှေ့ခြံမှ ထိုလူများ အတင်းတုပ်နေကြသည်ကို ကြားပြီး သူ(မ)မှာ အလွန်အမင်း ဒေါသထွက်သွားရသည်။
အခန်းအတွင်းတွင် မီးသွေးက လောင်မြိုက်နေပြီး အပေါ်ရုံအပါးလေးကိုသာ ဝတ်ထားသည့် မင်ကျူးသည် ပြတင်းပေါက်နားတွင် စိတ်ရွှင်စွာ ထိုင်နေပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း စာမျက်နှာများကို ဖြည်းဖြည်းချင်း လှန်လိုက်သည်။
“ငါ ဒီည ဘာမှမစားချင်ဘူး၊ ကိတ်မုန့်ချိုလေးနှစ်ခုလောက်သာဆို ဗိုက်ဖြည့်ဖို့ လုံလောက်ပြီ”
ပိယင်မှာ နွားကို ပလွေမှုတ်ပြနေရသလိုပင်(ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားကထွက်)၊ စိုးရိမ်စွာဖြင့် သက်ပြင်းချမိလေတော့သည်။
မမလေးမင်ကျူး ယခင်က တစ်ခါမှ ဒုက္ခမခံစားဖူးလောက်ဘူးဟု ပိယင် တွေးမိသည်။ ဤတစ်နှစ်တာအတောအတွင်း သူ(မ)သည် အိမ်ရှေ့စံ၏ရွှေနန်းတော်တွင် နုနုနယ်နယ် ခိုလှုံခဲ့ရပြီး အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့ရလေသည်။ အရှင့်သားထံမှ မြတ်နိုးမှု ဆုံးရှုံးသွားရသည်က အဘယ်မျှ ခက်ခဲကြောင်း သူ(မ)၏မမလေး မသိသေးချေ။ ယခုတွင်မှ လဝက်ကျော်မျှသာ ရှိသေးသော်လည်း သူ(မ)မှာ ယခင်က တစ်ခါမျှ မကြားဖူးခဲ့ရသည့် သရော်စကားများကိုပင် ကြားလာရချေပြီ။ နောက်ထပ်လဝက်သာ ကုန်ဆုံးသွားပါက အခြေအနေမှာ ပိုလို့တောင် ဆိုးရွားလာတော့မည်ပေ။
“မမလေး၊ ကျေးဇူးပြုပြီး ပိယင်ပေးတဲ့ အကြံဉာဏ်ကို နားထောင်ပါအုံးဆို……”
ညောင်စောင်းပေါ်ထိုင်နေသည့် မင်ကျူးသည် အကြောအချဉ်ဆန့်ကာ : “ငါ ပင်ပန်းနေပြီ”
ပိယင်မှာ သူ(မ) နားမထောင်ချင်သည်ကို သဘောပေါက်ပြီး ဆက်ပြောနေလည်း အပိုပဲကို သိသဖြင့် သက်ပြင်းချပြီးရင်း ချကာ : “ကျွန်တော်မျိုးမက မမလေးအတွက် ကိတ်မုန့်ချိုလေး သွားပြင်ဆင်လာပေးပါ့မယ်”
မင်ကျူးသည် သူ(မ)ကို ပြုံးပြကာ : “မြန်မြန် သွားတော့”
မင်ကျူးသည် သစ်သားပြတင်းကို ဖွင့်ပြီး အေးမြသော လေညှင်းလေးကို ဝင်စေကာ သက်တောင့်သက်သာရှိစွာ မျက်လုံးများကို မှေးစင်းထားလိုက်သည်။ ကျောက်ရှီ ရောက်မလာသည့် ဤရက်များတွင် သူ(မ)သည် မည်သူ၏အထိန်းအချုပ်ကိုမှ ခံစရာမလိုတော့ပြီး သူ့စိတ်အခြေအနေကို အရိပ်တကြည့်ကြည့်ဖြင့် မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် အချိန်ပြည့် သတိတကြီးထားနေစရာလည်း မလိုတော့ချေ။ သူ(မ)သည် နတ်သူငယ်လေးတစ်ယောက်လို လွတ်လပ်ပြီး ပျော်ရွှင်မြူးတူးနေ၏။
ပိယင်တစ်ယောက် စားဖိုဆောင်ငယ်တွင် ပြင်ဆင်ထားသော ဆန်လုံးမုန့်အချိုများကို အလျင်အမြန် ယူဆောင်လာပေးပြီး နှင်းဆီလဖက်ရည်တစ်အိုးကိုပါ ကျိုချက်ပေးလာ၏။ နှင်းဆီနံ့သင်းသင်းလေးက အခန်းထဲတွင် မွှေးပျံ့နေ၏။
မင်ကျုးသည် ဗိုက်ဖြည့်ရန် ကိတ်မုန့်နှစ်ခုကို ယူစားလိုက်ပြီး စာအုပ်ကို ဆက်ဖတ်လိုက်သည်။ ကျေးလက်ရိုးရာပုံပြင်လေးအား ဖတ်လို့ပြီးနောက်တွင် အိပ်ရာဝင်ရမည့်အချိန်ပင် ရောက်သွား၏။ သူ(မ)သည် ဖိနပ်များကို ချွတ်လိုက်ပြီး စောင်ထဲ တိုးဝင်လိုက်သည်။ မျက်လုံးများ မမှိတ်ခင် ပိယင်အား ဖယောင်းတိုင်မီးမှုတ်ကာ မီးငြိမ်းသွားပေးရန် ဆိုလိုက်သည်။
ကျောက်ရှီအတွက် အလင်းရောင်ထားပေးစရာမလိုတော့ချေ။ သူ သူ(မ)အား လျစ်လျူရှုရန် ရည်ရွယ်ထားပါက ဤရက်များအတွင်း ဝမ်ယွဲ့ဆောင်သို့ ရောက်လာအုံးမည်မဟုတ်ပေ။
မင်ကျူးသည် ကိုယ်ကို ကွေးကာ ခုတင်အတွင်းကျဆုံးနေရာတွင် ဝင်အိပ်လိုက်ပြီး ဘေးရှိ နံ့သာတိုင်အိုးထဲတွင် ထွန်းညှိထားသော စန္ဒကူးနံ့သာဖြင့် မကြာလိုက်ခင်မှာပင် အိပ်ပျော်သွားတော့သည်။
သူ(မ) အိပ်မက်မက်၏။
မင်ကျူး၏နားများထဲ မသဲမကွဲသော ဝေဝေဝါးဝါးအသံများက ဝန်းရံလာပြီး သူ(မ)အရှေ့တွင် လူတွေအများကြီးက ဒူးထောက်နေကြသလို။ မြေပေါ်တွင် ဝမ်းလျားမှောက်လဲနေသည့် ကတုန်ကယင်နှင့် အမျိုးသမီးကြီးကို သူ(မ) ချက်ချင်း မှတ်မိလိုက်သည်။ သူသည် သူ(မ)ပါးစပ်ထဲသို့ အဆိပ်သေရည်ကို အတင်းအကျပ် လောင်းထည့်ခဲ့သည့် မောမောအိုကြီးဖြစ်သည်။
မောမောအိုကြီးသည် နဖူးမှနေ ချွေးအေးများတဒီးဒီးကျရင်း တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ(မ)၏အမူအရာမှာ အကျည်းတန်နေပြီး မျက်နှာမှာ ဖြူစုပ်စုပ်၊ နောင်တမျက်ရည်များက ပါးရေနားရေတွန့်နေသော မျက်နှာထက် စီးဆင်းကျလာ၏။
မင်ကျူးသည် ထူးဆန်းသည်ဟု ခံစားမိသည့်တိုင် တစ်ချိန်တည်းဆိုသလို အနည်းငယ် ကျေနပ်အားရမိသလို။ ၎င်းမှာ တကယ့် အိပ်မက်ပါပေ။ သူ(မ) ကြီးစွာ ကလဲ့စားချေခွင့်ရသည့် ပုံရိပ်များဖြင့် အိပ်မက်တစ်ခုဖြစ်သည်။
မောမောအိုကြီးသည် ညှာတာထောက်ထားပေးရန် အသနားခံလို့နေ၏။ သူ(မ)သည် ကြောက်လန့်လွန်းနေသည်မှာ စကားများပင် ဗလုံးဗထွေး။ မင်ကျုးသည် ရှေ့သို့ အနည်းငယ် တိုးကြည့်လိုက်သော်လည်း သူ(မ)ပြောနေသည့်စကားများကို ရှင်းလင်းစွာ မကြားရချေ။ တဖြည်းဖြည်းနှင့် သူ(မ)အရှေ့မှ မြင်ကွင်းကိုပင် ရှင်းရှင်းလင်းလင်း မတွေ့ရတော့ချေ။
နေရာသည် ပြောင်းလဲသွားပုံရပြီး သူ(မ) ကြည့်လိုက်သည့်နေရာတိုင်းတွင် အဝတ်ဖြူစများကို ချိတ်ဆွဲထားကြ၏။
[နေရာတိုင်း အဝတ်ဖြူချိတ်ထားကြတယ်ဆိုတာက ဈာပနပွဲကျင်းပနေတယ်ဆိုတဲ့ အမှတ်အသားပါ]
မင်ကျူးမှာ အိပ်မက်ထဲမှ ထိုခြောက်ခြားစရာမြင်ကွင်းကြောင့် လန့်နိုးလာတော့သည်။ သူ(မ)၏ပါးလွှားသော အပေါ်ဝတ်ရုံမှာလည်း ချွေးအေးများဖြင့် ရွှဲနစ်နေ၏။ စောင်ကို ဖက်ကာ ထထိုင်လိုက်ပြီ ခက်ခဲစွာ အသက်ရှူနေရသည်။ အချိန်အတော်အတန်ကြာမှ သူ(မ)၏အသက်ရှူသံက ပုံမှန်ပြန်ဖြစ်သွား၏။
ပိယင်မှာ အသံကြားသည်နှင့် ကမန်းကတန်းပြေးဝင်လာပြီး သူ(မ)၏သွေးဆုတ်နေသော အမူအရာကို ကြည့်ပြီး : “မမလေး အိပ်မက်ဆိုးတွေ မက်နေတာလား”
မင်ကျုးသည် ပထမက ခေါင်းခါပြပြီး၊ ထို့နောက် ခေါင်းညိတ်ပြ၏။
“ပိယင် ငါ မီးထွန်းပြီး အိပ်ချင်တယ်”
“ဟုတ်ကဲ့”
ပိယင်သည် ဖယောင်းတိုင်နီနှစ်တိုင်ကို ထွန်းညှိပေးခဲ့ပြီးနောက် အခန်းထဲမှ ထွက်သွားလိုက်သည်။
ကံကောင်းထောက်မစွာ မင်ကျူးသည် ညဒုတိယပိုင်းတွင် မည်သည့်အိပ်မက်ကိုမျှ မမက်တော့ပြီး အရုဏ်ဦးသည့်တိုင်အောင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခဲ့သည်။
ယနေ့တွင် အနောက်ဘက်ပန်းခြံထဲ၌ ဇီးပန်းနီနီများ ပွင့်လန်းနေပြီဟု သတင်းကြားသဖြင့် သူ(မ)သည် ဇီးပန်းနီများ ရှုစားရန် ထွက်လာလိုက်သည်။
မနေ့ညက နှင်း သည်းထန်စွာ ကျဆင်းထားပြီး အေးစက်စက်လေများက ပြင်းထန်စွာ တိုက်ခတ်နေ၏။ ပိယင်မှာ သူ(မ)အား အခန်းထဲတွင်သာ နေရန် တိုက်တွန်းပါသော်လည်း မင်ကျူးသည် စကားနားမထောင်ချေ။ သူ(မ)သည် အင်္ကျီရှည်နှင့် စကပ်ကို ဝတ်ဆင်ပြီး သေတ္တာထဲမှ ခြုံလွှာတစ်ထည်ကို ထုတ်ကာ ကိုယ်ပေါ် ချည်လိုက်သည်။ အဖြူရာင်ခြုံလွှာ၏ကော်လာနှင့် ဦးထုပ်ကို မြေးခွေဖြူ၏အမွေးနုများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သူ(မ)၏မျက်နှာတစ်ဝက်နီးနီးက အမွေးဖွားဖွားကော်လာအောက်တွင် ပုန်းလျှိုနေသည်မှာ နူးနူးညံ့ညံ့နှင့် ချစ်စဖွယ်လေးဖြစ်၏။
ခြေထောက်ထက် လည်ရှည်ဖိနပ်နီနီများ ဝတ်ဆင်ထားပြီး လက်ထဲ အနွေးအိတ်လေးတစ်ခုကို ကိုင်ထားသည့် မင်ကျူသည် တံခါးကို ဖွင့်လိုက်သည့်အချိန် အလွန် စိတ်လှုပ်ရှားနေ၏။
သူ(မ)က ပိယင်အား : “ပိယင် ဇီးပန်းပွင့်တွေကို အစားသွပ်မုန့်ထဲ ထည့်သုံးလို့ရမယ် ထင်သလား”
ပိယင်မှာ ဘာပြောရမှန်း မသိလေချေ။ မမလေးမင်ကျူး၏နှလုံးသားသည် အမှန်တကယ် ကြီးလှသည်ပေ။ သူ(မ)သည် နည်းနည်းလေးပင် ဝမ်းနည်းစိတ်မကောင်းမဖြစ်ဘဲ နေ့တိုင်း ဘာစားရမလဲကိုသာ အာရုံစိုက်ထားလေသည်။
“ကျွန်တော်မျိုးမလည်း မသိပါဘူးရှင့်”
မင်ကျူးသည် ယခင်က မင်မိသားစုတွင် အလွန်ကောင်းမွန်စွာ မနေခဲ့ရသည့်တိုင် သူ(မ)၏ ဤခန္ဓာကိုယ်မှာ အနည်းငယ် နုနယ်လှသည်ပေ။ သူ(မ)မှာ တံခါးကနေ ထွက်ရုံရှိသေး၊ နူညံ့သော မျက်နှာလေးက လေအေးများကြောင့်ပင် ထုံကျဉ်လာ၏။
မင်ကျူးသည် လည်ပင်းကို ကျုံ့ကာ နှင်းမြေပြင်ထဲ ခြေလှမ်းတိုင်းကို သတိတကြီးထားရင်း လှမ်းလိုက်သည်။
သူ(မ)တို့ အနောက်ဥယျာဉ်သို့ ရောက်သည့်အချိန် ဇီးပန်းပွင့်နီနီများဖြင့် လွှမ်းနေသော ဥယျာဉ်ကြီး၏ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မြင်လိုက်ရသည်။
မင်ကျူးသည် ခြေဖျာထောက်ကာ သစ်ကိုင်းများအနားသို့ တိုးကပ်သွားရင်း မွှေးကြူကြည့်လေသည်။ သူ(မ)က ပြုံးလိုက်လေရင်း နှုတ်ခမ်းထောင့်နားမှ မသိမသာသော ပါးချိုင့်လေးက ပေါ်ထွက်လာ၏။
“အနံ့လေးက မွှေးလိုက်တာ”
မင်ကျူးသည် ဇီပန်းတစ်ကိုင်းကို ချိုးလိုက်ပြီး ပိယင်နှင့် တိုင်ပင်ကြည့်လေသည်။
“နည်းနည်ထပ်ချိုးပြီး ပန်းအိုးထိုးထားရအောင်လား ငါတို့တွေ ပြတင်းပေါက်ဘောင်နားလေးမှာ ထားလို့ရတယ်လေ မကောင်းဘူးလား”
“ကောင်းတယ် မမလေး”
သူ(မ) တစ်ခုခုထပ်ပြောရန် ဟန်ပြင်လိုက်စဉ် သူ(မ)အနောက်မှနေ နှင်းများကို နင်းလျှောက်လာသည့် တဖြည်းဖြည်း နီးကပ်လာသော ခြေသံများကို ကြားလိုက်ရ၏။ အနှီအမျိုးသားသည် သူ(မ)အရှေ့သို့ အလျင်စလို မပြုဘဲ နှေးကွေးသွာ လျှောက်လာရင်း သူ(မ)မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
မင်ကျူး၏နှလုံးသားမှာ ရင်းနှီးသော အရောင်အဝါကို ခံစားလိုက်ရရင်း တုန်ယင်သွားပြီး သူ့အား ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူသည် ပန်းထိုးထားသည့် နက်မှောင်သော ဖဲဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးပတ်ကြိုးသည် ကျောက်စိမ်းပမာ ဖြူဖွေးနေ၏။ သူ၏ခန္ဓာကိုယ်သည် မြင့်မားကျစ်လျစ်ပြီး လေညှင်းထဲ ဖြောင့်မတ်စွာ ရပ်နေလျက်ဖြင့်၊ အနက်ရောင် ဆံရှည်များကို *ယွီကွမ်း(ကျောက်စိမ်းဆံထိုး)ဖြင့် ထုံးဖွဲ့ထားပြီး မျက်နှာအသွင်အပြင်က တည်ကြည်ခံ့ညားလေ၏။ ရှည်လျားထူထဲသော မျက်တောင်ရှည်များမှနေ နူးညံ့သောနှင်းပွင့်ငယ်များ ကျဆင်းလာ၏။ သူ၏မျက်ခုံးများက ပန်းချီကားတစ်ချပ်ပမာ၊ နှာခေါင်းရိုးသည် သူရဲကောင်းဆန်သည့် အငွေ့အသက်ဖြင့် ပြည့်နေပြီး၊ စေ့ပိတ်ထားသော နှုတ်ခမ်းသားနီနီများထက် သွေးအနည်းငယ် စွန်းပေနေကာ လူတစ်ကိုယ်လုံးက အေးစက်ပြီး ဝေးကွာနေသယောင်။
[*ယွိကွမ်းဆိုတာက ဒီလိုမျိုးပါ သူ့ကို ဆံထိုးလို့ခေါ်ရမလား ခေါင်းဆောင်း/သရဖူလို့ပဲ ခေါ်ရမလား မသိဘူး]
အမျိုးသားသည် သူ၏သေးသွယ်လှပသော လက်ချောင်းရှည်ရှည်များကို ဆန့်ထုတ်ကာ တိတ်ဆိတ်စွာနှင့် ဖြည်းညှင်းစွာ သူ(မ)၏ခြုံလွှာကို ပို၍တင်းအောင် ချည်ပေးလာ၏။ ညင်ညင်သာသာဖြင့် ကိုယ်ထက်မှ နှင်းပွင့်များကိုပင် ဖယ်ရှားပေးပြီး တည်ငြိမိစွာ မေးလာ၏။
“အပြင်ထွက်ပြီး ဒီလို လေအတိုက်ခံနေတာ ပျော်ရဲ့လား”
မင်ကျူးသည် အသံသေးသေးဖြင့် ခွန်းတွန့်ပြန်၏။
“ဇီးပန်းတွေ ပွင့်နေလို့လေ”
မနေ့ညက ထိုအိပ်မက်ကို မက်ခဲ့ပြီးနောက်တွင် သူ(မ) အဘယ်သို့ သေဆုံးခဲ့ရကြောင်း ရှောင်လွှဲမရစွာ တစ်ဖန် အမှတ်ရမိပြန်၏။ ထို့ကြောင့်ပင် သူ့အား ယခု မျက်နှာချင်းဆိုင်ရသည့်အခါတွင် ဤနှလုံးသားမဲ့လှသော အပြောင်းအလဲမြန်လှသည့် အမျိုးသားကို သူ(မ) မုန်းမိသည်။ သို့ပါလျက် မင်ကျူးနှလုံးသားထဲတွင် နာကြည်းမှုထက် အကြောက်တရားက ပိုသည်ဟု ဆိုလျှင် မှန်ပေလိမ့်မည်။
ကျောက်ရှီဆိုသည့် အနှီလူကား အများကပြောကြသလိုမျိုး ရိုးရိုးရှင်းရှင်း လူကြီးလူကောင်းတစ်ယောက်မဟုတ်ချေ။ သူသည် အသံတစ်သံမပြုဘဲ ကိစ္စရေးရာများကို ဆောင်ရွက်သလို၊ ခြေရာလက်ရာမကျန်စေဘဲ အသက်တစ်ချောင်းကို ဖျောက်တတ်သည်။ သူ တည်တည်ငြိမ်ငြိမ်လေသံနှင့် စကားပြောနေလျှင်တောင် ယင်းက သူ ဒေါသမထွက်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ကျောက်ရှီသည် သူ(မ)ဘေးမှ မိန်းမစေများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် မင်ကျူးလက်ကို ဆုပ်ကိုင်ကာ လက်ချင်းဆွဲလျက် သူ(မ)အား ပြန်ခေါ်သွားလေသည်။ သူ၏အသံထဲတွင် အနည်းငယ် အေးစက်မှုဖြင့် : “ဇီးပန်းတွေကို ကြည့်ချင်ရင် သူတို့ကို မင်းအတွက် ချိုးခိုင်းလိုက်လေ”
မင်ကျူးသည် သူ(မ)လက်အား သူ့လက်ထဲမှ ဆွဲထုတ်ရန် ကြံလိုက်သော်လည်း အနှီအမျိုးသားက အားပိုထည့်ကာ ဆုပ်ကိုင်ထားလေ၏။
အားနည်းသည့် မိန်းမသားဖြစ်သည့် မင်ကျူးမှာ သူ၏ခွန်းအားကို မတွန်းလှန်နိုင်ပေ။
“ကျွန်မ လေကောင်းလေသန့်ရှူဖို့ ထွက်လာတာ”
ကျောက်ရှီသည် အေးစက်စက်ဖြင့်သာ ပြန်ဖြေ၏။
“အမ်း”
တကယ်တမ်းတွင် သူ့လေသံက အေးစက်နေတာလား၊ ဒီအတိုင်း ပုံမှန်ပဲလားဆိုတာ မည်သူမျှမသိချေ။ သူသည် အမြဲ ဤအတိုင်းချည်းသာ၊ စိတ်ခံစားချက်အတက်အကျမရှိဘဲ အေးတိအေးစက်နှင့် ထီမထင်ဟန်ဖြင့်သာ ပြောနေတတ်သည်ကြောင့်လည်း ဖြစ်တန်ရ၏။
ကျောက်ရှီ ဝမ်ယွဲ့ဆောင်သို့ မရောက်ဖြစ်သည်မှာ ရက်နှစ်ဆယ်ကျော်ကြာသွားပြီဖြစ်သည်။ ၎င်းမှာ သူ(မ)အား လျစ်လျူရှုရန် စီစဉ်ထားသည့် ရည်ရွယ်ချက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကျန့်နန်တွင် နှင်းမုန်တိုင်းဝင်လာခြင်းကြောင့် သူ့မှာ ရက်ဆက်တိုက် နေ့မနားညမနား အလုပ်များနေရခြင်းကြောင့်ဖြစ်ပြီး သူ(မ)အား အမှန်တကယ်ပင် ဂရုမစိုက်ဖြစ်ချေ။
ထို့အပြင် ကျောက်ရှီသည် ငယ်စဉ်ကတည်းက စိတ်ခံစားချက်များကို ဖိနှိပ်ထားတတ်သည်ကြောင့်လည်း ‘ချုပ်တည်းခြင်း’ ဟူသော စကားလုံးက သူ၏ရိုးတွင်းခြင်ဆီများထဲ ထွင်းထုထားသကဲ့သို့ပင်။ မည်သည့်အရာကိုမဆို အကန့်အသတ်ထားပြီး ထိုအကန့်အသတ်ထက် ကျော်လွန်လာလျှင် သူ့အတွက် အဆင်ပြေမနေတော့ချေ။
မင်ကျူးမှာ ဝမ်ယွဲ့ဆောင်သို့ ပြန်ခေါ်သွားခံရလေသည်။ သူ(မ) ထိုအမျိုးသား၏နောက်ကျောပုံရိပ်ကို ကြည့်ရင်း မျက်လုံးများမှာ နာကျဉ်လာရသည်။ ထိုအချိန်က သူ(မ)သည် သူ့ကို အလွန်တရာ ချစ်မြတ်နိုးမိခဲ့သော်လည်း နောက်ဆုံးတွင် အရာအားလုံးက အချည်းနှီးချည်းသာ။ သူ သူ(မ)ကို အဲ့ဒီလိုပဲ သတ်ပစ်ခဲ့တယ်တဲ့လေ။
သူ(မ)မှာ ထိုအကြောင်းတွေးမိသည့်အချိန်တိုင်း အခါခါ နာကျင်ဝမ်းနည်းရသည်။ သူ(မ)အား မင်မိသားစုမှ အတင်းအကျပ် ခေါ်ဆောင်ကာ သူ(မ)၏ခမ်းနားသော စေ့စပ်မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပြီးကာမှ အဘယ်ကြောင့်များ သူ(မ)အား ကောင်းကောင်းမွန်မွန် မဆက်ဆံပေးခဲ့ရသလဲ။
ကျောက်ရှီသည် သူ၏ခြုံလွှာကို ချွတ်ပြီး အစေခံတစ်ယောက်အား : “သွားပြီး မင်းတို့မမလေးအတွက် ဂျင်စွပ်ပြုတ်ပြုတ်လာခဲ့”
ပိယင်နှင့် အခြားသူများအားလုံး ချက်ချင်း စားဖိုဆောင်သို့ ထွက်သွားကြသည်။
အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ခဲ့ကြ၏။ ကျောက်ရှီသည် ညောင်စောင်းဘေးရှိ စားပွဲခုံပုပေါ်မှ ပြန့်ကျဲနေသော စာအုပ်များကို ဝေ့ကြည့်လိုက်ပြီး တစ်အုပ်ကို ကောက်ယူကာ အလျဉ်းသင့်သလို နှစ်မျက်နှာ လှန်လှောကြည့်လိုက်ပြီးနောက် မျက်ခုံးများ မြှင့်ကာ သူ(မ)အား တည်ငြိမ်စွာ မေးလာလေ၏။
“ဒီရက်တွေထဲမှာ မင်း ဒီစာအုပ်တွေကို ဖတ်နေတာပေါ့”
သူ့မျက်နှာထက်တွင် မရေမရာသော အပြုံးနှင့်။
လှောင်သလိုလို၊ ခနဲ့သလိုလိုနှင့်။
သူ ရောက်မလာတဲ့ ဒီရက်တွေမှာ သူ(မ)တစ်ယောက် နည်းနည်းလေးမှ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ တော်တော်လေး သက်တောင့်သက်သာရှိနေတာ မအံ့ဩတော့ဘူး။ နှင်းဆီရောင်သန်းနေတဲ့ ပါးမို့နှစ်ဖက်ကိုပဲ ကြည့်၊ ကိုယ်အလေးချိန်တောင် တက်လာလိုက်သေးတယ်။
ကောင်းတယ် အရမ်းကိုမှ ကောင်းတယ်။
မင်ကျူးသည် သူ့လက်ထဲမှ စာအုပ်ကို ရဲရဲတင်းတင်း ပြန်လုလိုက်သည်။
“ဒီအတိုင်း အပျင်းပြေအောင် ဖတ်တာ”
ရံဖန်ရံခါ လှောင်ပိတ်ခံ ကနရီသည်လည်း အထီးကျန်တတ်သည်ပေ။ ကျောက်ရှီသည် သူ(မ)အား သူ ပျိုးထောင်ကျွေးမွေးထားသည့် ချစ်စရာကစားစရာသဖွယ် ဆက်ဆံလေပြီး သူ အားလပ်သည့်အချိန် ရောက်လာမည်၊ မအားလပ်သည့်အခါမျိုးတွင်တော့ ချောင်ထိုးထားမည်ပေ။ သူ(မ)အား နည်းနည်းပါးပါး စိတ်အပျင်းပြေရအောင်လို့တောင် ခွင့်မပြုတော့ဘူးလား?
ထို့အပြင် သူရောက်လာသည့် အချိန်တိုင်းတွင်လည်း သူ၏အလိုရမ္မက်ကို ဖြည့်တင်းရန်သာဖြစ်ပြီး ခုတင်ထက်တွင် သူ(မ)အား နည်းမျိုးစုံဖြင့် နှိပ်စက်ကလူးပြုမည်။ သူသည် အများက မြင်သလို၊ အသိမှတ်ပြုကြသလို ညင်သာသိမ်မွေ့ပြီး သိက္ခာရှိ၊ သဘောထားကြီးသည့် အိမ်ရှေ့မင်းသားတစ်ယောက် မဟုတ်ပေ။
မင်ကျူးအနေနှင် သူ့ကို တွေ့ရန် ခက်ခဲလှသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို သည်းသည်းခံရင်း သူ့အား အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။
“*တင်းရှ၊ ကျွန်မ ပြီးခဲ့တဲ့အခေါက်က ပြောခဲ့တဲ့ကိစ္စကို ဘယ်လိုသဘောရပါသလဲ”
[တင်းရှ – မင်းသား၊ အရှင့်သား]
ကျောက်ရှီက အေးစက်စက်အသံဖြင့် : “ဘာကိစ္စလဲ”
မင်ကျူးသည် အံကြိတ်ကာဖြင့် : “ကျွန်တော်မျိုးမ မင်အိမ်တော်ကနေ ခေါ်လာခဲ့တဲ့ အစေခံမလေးပါ”
ကျောက်ရှီသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းပြီး : “မင်းက သူ့ကို ပြန်လိုချင်တယ်ပေါ့”
မင်ကျူး ခေါင်းညိတ်လိုက်သည်။
ကျောက်ရှီသည် ညင်သာစွာ ပြုံးလေ၏။ သို့သော်လည်း ထိုအပြုံးမှာ မျက်ဝန်းအနားထိ မရောက်ဘဲ သူ(မ)ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေ၏။
ထိုအစေခံသည် မင်ကျူးအား အလွန်သစ္စာရှိပြီး ယခင်ထွက်ပြေးသည့် ကိစ္စထဲတွင် သူ(မ)လည်း ပါဝင်ပတ်သက်နေ၏။ ကျောက်ရှီ ထိုအစေခံ၏အသက်ကို မယူလိုက်သည်ကပင် အတော်လေး သက်ညှာပေးနှင့်နေပြီဖြစ်သည်။
သူ့မျက်နှာ ရေခဲသမျှ အေးစက်နေဆဲကို မြင်လျှင် မင်ကျူးသည် အရှေ့သို့ အနည်းငယ် တိုးပြီး သူ့ခါးကို ညင်သာစွာ ဖက်ကာ နူးနူးညံ့ညံ့ တောင်းပန်တိုးလျှိုးလိုက်သည်။
“သူနဲ့ ကျွန်တော်မျိုးမနဲ့က အတူတူကြီးပြင်းလာကြတာ၊ တင်းရှအနေနဲ့ ထောက်ထားပြီး သူ့ကို ကျွန်မဆီ ပြန်ပေးပါနော်”
ကျောက်ရှီသည် သူ(မ)ကို ပွေ့ဖက်လာပြီး အနည်းငယ် အေးစက်နေသော အသက်ရှူငွေ့များက သူ(မ)အား လာရိုက်ခတ်၏။
“စဉ်းစားပေးမယ်”
မင်ကျူးသည် ရင်းနှီးလေသော ဤအမျိုးသား၏ကိုယ်ပေါ်မှ ကတိုးနံ့ကို နမ်းရှိုက်ပြီး ဆိုလိုက်သည်။
“ဒီလိုဆို ကျွန်တော်မျိုးမက တင်းရှကို ကြိုပြီး ကျေးဇူးတင်ထားပါရစေ”
ကျောက်ရှီသည် အမှုမထားစွာ တစ်ချက်ခွန်းတုံ့ပြန်သံပြုပြီး မိန်းမငယ်လေး၏ နှင်းဆီရောင်သန်းနေသော ပါးဖောင်းဖောင်းလေးများကို ငုံ့ကြည့်လိုက်သည်။ အကြည့်တို့က နက်ရှိုင်းလာရင်း သူ(မ)အား ပွေ့ဖက်ထားသည့် လက်ချောင်းတို့မှာလည်း တိတ်တဆိတ် တင်းကျပ်သွား၏။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားလေဟန်ဖြင့် : “မင်ရူက မင်းရဲ့တိကျဲမလား”
မင်ကျူးသည် စက္ကန့်အနည်းငယ် တန့်သွားပြီး : “ဟုတ်ပါတယ်၊ ကျွန်တော်မျိုးမရဲ့တိကျဲပါ”
မိသားစုရဲ့ အလိုလိုက်ခံ၊ အပစားခံလေးဖြစ်သည့်အပြင် သူမ(မင်ကျူး)ဖခင်ဖြစ်သူ၏ဖဝါးထက်မှ ရတနာတစ်ပါးဆိုလည်း မမှား၊ ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူ၏ မျက်စိအောက်က အပျောက်မခံရလောက်သည်အထိ သည်းသည်းလှုပ်အချစ်ခံရသော *တိသမီးတော်ဖြစ်သည်။ သူ(မ)၏အချင်းနှင့် အဆင်းကလည်း မြို့တော်တစ်ခွင် အလွန်အမင်း ကျော်ကြားလေရဲ့။
[တိသမီး – ပဏာမဇနီးသည်မှ မွေးဖွားသောသမီး]
သူ(မ)၏တိကျဲသည် မာနာကြီးသူဖြစ်ပြီး ပလွှားကာလည်း ဗိုလ်ကျနိုင်စားတတ်သေးသည်။ သူ(မ)၏ပလွှားမှုတို့က အခြားလူများ၏အမြင်တွင် ချစ်စဖွယ်ကောင်းနေသော်လည်း မျက်နှာသာအပေးမခံရသော *ရှုသမီးဖြစ်သည့် မင်ကျူးအနေနှင့် ကြီးမားသော ဖိအားအရင်းအမြစ်ကြီးဖြစ်သည်။
[ရှုသမီး – ကိုယ်လုပ်တော်မှ မွေးဖွားလာသော သမီး]
သူ(မ)၏တိအစ်မသည် သူ(မ)အား နည်းနည်းလေးမှ ကောင်းကောင်း မဆက်ဆံပြီး အကြောင်းအရင်းတစ်ချို့ကြောင့်လည်း သူ(မ) သဘောမကျပုံပါပေ။ ဆောင်းရာသီတွင် သူ့အတွက် အဝတ်များလျှော်ဖွက်ခိုင်းတတ်ပြီး အရုဏ်မကျင်းခင် သူ(မ) ထခိုင်းပြီး အစားအသောက်များချက်ရန် စားဖိုဆောင်ကို သွားခိုင်းတတ်သည်။
ထိုနေ့ရက်များကို မင်ကျူးမှာ ကြောက်လန့်စိုးရိမ်မှုများဖြင့် ဖြတ်သန်းခဲ့ရပြီး သူ(မ)၏တိအစ်မတော် မင်းသမီးအား စာဖတ်အဖော်ပြုပေးရန် နန်းတော်တွင် ကြာကြာနေစေဖို့ ဆုတောင်းခဲ့ရသည်မှာလည်း နေ့စဉ်နေ့တိုင်း။ သို့မှသာ သူ အိမ်ပြန်လာသည့်အခါ သူ(မ)အား နှိပ်စက်သည့်အချိန် လျော့နည်းသွားလိမ့်မည်ပေ။
ကျောက်ရှီသည် ထိုအမေးတစ်ခုတည်းကိုသာ အမေးရှိလာပြီး တခြားဘာမျှမဆိုချေ။
မင်ကျူးမှာ မနေနိုင်အောင် သိချင်မိသွားသည်။
“တင်းရှ၊ ဘာလို့ တိကျဲရဲ့အကြောင်းကို မေးတာလဲ၊ သူ ကျွန်တော်မျိုးမကို လာရှာလို့လားဟင်”
ထို့သို့သာဆိုလျှင် မင်ကျူး သူမရဲ့တိကျဲအပေါ်မှာ ထားတဲ့ အရင်က အမုန်းတရားတွေကို သင်ပုန်းချေပေးလိုက်မယ်!
ကျောက်ရှီအဖွားသည် ဆဲ့ဖေးရာထူးအတွက် မင်ရူကို ရွေးချယ်ထားကြောင်း မင်ကျူး မသိသေးပေ။ ရှေ့ရက်က ကျောက်ရှီ မင်မိသားစု၏ တရားဝင်အကြီးဆုံးသမီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့သည်။ ထိုမိန်းကလေးသည် ပညာတတ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိကာ ကိစ္စရေးရာများကို ဆောင်ရွက်ရာတွင် ဘယ်အချိန် ရှေ့တိုးသင့်သလဲ၊ ဘယ်အချိန် နောက်ဆုတ်သင့်သလဲကို ကောင်းစွာ နားလည်၏။
ကျောက်ရှီသည် ဤသန့်စင်သော မျက်ဝန်းကြည်ကြည်လေးများကို ကြည့်ပြီး နှုတ်ခမ်းကို စေ့ကာ ဘာမျှမပြောလေဘဲ တိတ်ဆိတ်နေလိုက်သည်။