Chapter 5
အပိုင်း (၅)
မင်ကျူး ရူးမိုက်စွာ တွေးမိသည်မှာ ကျောက်ရှီတစ်ယောက် မင်ရူအကြောင်းမေးလာရခြင်းက သူ(မ)၏တိကျဲအား မင်မိသားစုက ဝမ်ယွဲ့ဆောင်တွင် နေနေရသည့် သူ(မ)ကို လာရောက်ကြည့်ရှုခိုင်းခြင်းဖြစ်လောက်မည်ဟုပေ။ သူ(မ)က နုံအစွာဖြင့်ပင် သူ(မ)၏တိကျဲ သူ(မ)အား မင်မိသားစုသို့ ပြန်ခေါ်သွားလောက်မည်ဟုပင် စိတ်ကူးယဉ်လိုက်သေးသည်။
ကျောက်ရှီသည် သူ(မ)၏ ကြည်လင်သော မျက်ဝန်းစိုစိုများကို ငုံ့ကြည့်လိုက်သည်။ ပြတင်းဘောင်များမှ ဖြတ်သန်းလာသော အလင်းရောင်က သူ(မ)မျက်ဝန်းများထဲ ရောင်ပြန်ဟပ်နေ၏။ ကြည်လင်စိုစွတ်ပြီး နက်မှောင်လုံးဝိုင်းနေသည်မှာ ရေဖြင့် မျောလာသော တောက်ပသော လမင်းဖြူကြီးပမာ။ လှလွန်ပြီး စင်ကြယ်လွန်းသည်က လူကို အကြည့်မခွာနိုင်စေအောင်ပင်။
ကျောက်ရှီသည် အသံတိတ် တံတွေးမျိုချပြီး သူ့လက်မကို ကွေးကာ သူ(မ)မျက်ဝန်းများကို ဖုံးကာထားလိုက်ချင်သည့် မိမိစိတ်မိမိ ချုပ်တည်းထားလိုက်သည်။
သူက : “ဒီတိုင်း မေးကြည့်တာပါ၊ မင်း အများကြီး တွေးနေစရာမလိုဘူး”
ကျောက်ရှီ၏စကားများက သူ(မ)ခေါင်းပေါ် ရေအေးလောင်းချလိုက်သလို ခပ်ရေးရေး မျှော်လင့်မိသည့် မျှော်လင့်ချက်မီးတောက်လေးမှာ ငြိမ်းသေသွား၏။
“အို့”
ကျောက်ရှီသည် သူ(မ)ခါးကို ပွေ့ဖက်ထားရင်း သူ့နှာခေါင်းထိပ်ဖျားထက် မိန်းကလေး၏ကိုယ်မှ မတူထူးခြားသော ရနံ့သင်းသင်းလေးဖြင့် ပြည့်နှက်နေ၏။ သူ(မ)နှင့် လဝက်တိုင် နီးစပ်ခွင့်မရခဲ့ပြီးနောက်တွင် ယခုလိုအခိုက်အတန်မျိုး၌ စိတ်ကြွလာသည်မှာ မလွဲဧကန်သာ။
သူသည် မင်ကျူးအရှေ့တွင်ဆို သူ့ကိုယ်သူ ထန်းချုပ်ထားသည်မှာ အလွန်ရှား၏။ ညင်သာစွာ သူ(မ)မေးကို ပင့်မော့ရင်း မျက်ဝန်းနက်နက်များဖြင့် မိန်းမငယ်လေး၏ နီသွေးနေသော ပါးပြင်များကို စိုက်ကြည့်လိုက်သည်။ သူ့လက်ချောင်းများ၏အားက တဖြည်းဖြည်း တိုးလာကာ သူ(မ)အား အတင်းအကျပ် နှုတ်ခမ်းပွင့်အစေပြီး နမ်းရှိုက်လာတော့သည်။
မင်ကျူးသည် အနောက်နှစ်လှမ်းသို့ ယိုင်သွားပြီး ခါးမှာ စားပွဲနှင့် သွားတိုက်၏။ နောက်မဆုတ်နိုင်တော့သည့်နောက် သူ(မ)မှာ သူ့အနမ်းများကို တုံ့ပြန်ရန် လည်တိုင်ဖြူဖြူကို စောင်းလိုက်ရတော့ရင်း ပင့်သက်ရှိုက်သံဖျဖျက နှုတ်ခမ်းဖျားမှ တိုးထွက်လာတော့သည်။
ကျောက်ရှီသည် သူ(မ)ခါးကို လွှတ်ပေးလိုက်ပြီး မနှေးမမြန်စွာဖြင့် သူ(မ)ရဲ့ အနည်းငယ် ရှုပ်ထွေးနေသော ဆံနွယ်များကို ပြင်ပေးလေသည်။
အစေခံများသည် လတ်လတ်ဆတ်ဆတ်ကြိုချက်လာသော ဂျင်းပြုတ်ရည်ကို အခန်းထဲသို့ ယူဆောင်လာပေးချိန် သူတို့၏မျက်လုံးများကိုပင် ဘေးဘီမကြည့်ဝံ့ဘဲ ခေါင်းကို ငုံ့ထားကြသည်။
ကျောက်ရှီက သူတို့အားလုံးက ထွက်သွားခိုင်းလိုက်သည်။
အခန်းတံခါးကို စေ့စေ့ပိတ်သွားကြပြီး အပြင်ဘက်ရှိ အေးစိမ့်နေသော လေနှင့် နှင်းမှုန်များကိုလည်း ပိတ်ကာထားလိုက်သည်။
“ဂျင်းစွပ်ပြုတ်လေး သောက်လိုက် အေးတာတွေ ပျောက်သွားလိမ့်မယ်”
မင်ကျူး၏မျက်နှာလေးသည် ပေါက်စီလုံးလေးပမာ တွန့်ချိုးသွားပြီး နူးနူးညံ့ညံ့အသံလေးဖြင့် သူ့အား ညှိနှိုင်းကြည့်လိုက်သည်။
“မသောက်လို့မရဘူးလား၊ ကျွန်မက ဖျားနေတာမှ မဟုတ်တာ”
သူ(မ)သည် ဂျင်းကို တစ်စက်ကလေးမှ မကြိုက်ပြီး ဤသို့ကျိုချုက်ထားသည့် ဂျင်ပြုတ်ရည်ဆိုလျှင် ပိုလို့ပင် ဆိုးသေး၏။ ၎င်း၏အရသာက သည်းမခံနိုင်လောက်အောင် စပ်လှသည်။
သူ(မ)သည် ပြောပြီးသည်နှင့် သူ့ကို မျက်လုံးများ ဝင့်ကာ ကြည့်လိုက်သည်။ အနှီအမျိုးသား၏မျက်နှာက ပုံမှန်အတိုင်း နှင်းပမာ အေးစက်လျက်ပင်။ သူသည် ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေပြီး အမူအရာမဲ့လျက်ဖြင့် သူ(မ)အား တစ်ချက်ကြည့်လာပြီး၊ ထိုအကြည့်ဖျော့ဖျော့တစ်ချက်က သူ(မ)အပေါ် မမြင်နိုင်၊ ဖော်ပြမနိုင်သော ဖိနှိပ်ထားသည့်ခံစားချက်ကြီးကို သယ်ဆောင်လာ၏။
“မင်း ခုလေးတင် လေစိမ်းထွက်ခံထားတာ ကိုယ့်ခန္ဓာကိုယ် မညှဉ်းပန်းစမ်းနဲ့”
မင်ကျူးမှာ သူ(မ)ခန္ဓာကိုယ်က လေစိမ်းထွက်ခံလို့မရလောက်သည်အထိ အားနည်းလွန်းသည်ဟု မခံစားမိပေ။ ထို့အပြင် သူ(မ) နှင်းထဲ အကြာကြီးမရပ်ရသေးခင် အနှီအမျိုးသားက သူ(မ)အား အထဲသို့ ပြန်ဆွဲခေါ်လာခဲ့ခြင်းမဟုတ်လား။
မသောက်ချင်နေသည့်အတွက်လည်း သူ(မ)သည် ခေါင်းကို ငုံ့ကာ စကားမပြောဘဲနေလိုက်ပြီး တိတ်ဆိတ်မှုကို သုံးပြီး သူ(မ)၏ငြင်းဆန်မှုကို ဖော်ပြလိုက်သည်။
ကျောက်ရှီသည် စိတ်အနှောက်အယှက်ဖြစ်ပုံမရဘဲ တခဏတိတ်ဆိတ်နေပြီးနောက် သူ့အရှေ့မှ ဂျင်းစွပ်ပြုတ်ပန်းကန်ကို ယူကာ ဇွန်းကိုကိုင်ပြီး : “လာ ကိုယ် ခွံ့ကျွေးမယ်”
သူ ပန်းကန်လုံးအား ကိုင်ထားသည့် ပုံကို မြင်ပြီး မင်ကျူး၏နှလုံးသားမှာ တင်းကျပ်သွားရသည်။ ယခင်ဘဝ သူ(မ)မသေဆုံးခင်က ပုံရိပ်များမှာ ထပ်တလဲလဲ ပေါ်လာ၏။ ယခင်ဘဝကလည်း သူ(မ) သေစေရန်အတွက် ဆေးကို သူကိုယ်တိုင်ကိုယ်ကျ အတင်းအကျပ်တိုက်ကျွေးခဲ့ချင်လောက်ပေမည်။ သို့မှသာ သူ(မ)လည်း ပိုပြီး ရိုးစင်းသည့်သေနည်းမျိုးနှင့် သေကောင်းသေသွားနိုင်သည်လေ။
သူ့နှင် ပြိုင်မငြင်းနိုင်တော့သည့်အဆုံး သူ(မ)သည် ခေါင်းငုံ့ကာ အသံခပ်တိုးတိုးဖြင့် ဆိုလိုက်သည်။
“ကျွန်မဘာသာ သောက်လိုက်ပါ့မယ်”
ကျောက်ရှီသည် မျက်ခုံးများ မြှင့်သွားကာ အမူအရာက တည်တင်းသွားသော်လည်း ဘာမှမဆိုလေဘဲ သူ့လက်ထဲမှ ပန်းကန်လုံးကို သူ(မ)ထံ ကမ်းပေးလိုက်သည်။
မင်ကျူးသည် မျက်ခုံးများ ကြုတ်ထားရင်း ဂျင်းစွပ်ပြုတ်ကို ကုန်အောင် သောက်ချလိုက်သည်။ ထို့နောက် ကျောက်ရှီကို လှည့်ကြည့်လိုက်သော်လည်း ပြောစရာစကားက မရှိနေချေ။
သူ(မ)သည် စကပ်အနားစကို ဆုပ်ကိုင်ထားပြီး အစွန်းနားတွင် ထိုင်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလျက် စိတ်တထင့်ထင့်ဖြစ်နေ၏။
ကံကောင်းထောက်မစွာ ကျောက်ရှီက အကြာကြီး မနေချေ။ သူသည် အားလပ်နေသူတစ်ယောက်မဟုတ်ပြီး ဝမ်ယွဲ့ဆောင်သို့ လာရန် အချိန်ဖယ်ထားလျှင်တောင် အရေးကြီးကိစ္စများ ဆောင်ရွက်ရန် စာကြည့်ခန်းသို့ အမြဲ သွားရတတ်သည်။
ကျောက်ရှီထွက်သွားသည်နှင့် မင်ကျူးသည် စိတ်သက်သာရာရစွာ သက်မချမိတော့သည်။
ပိယင်က ခြေသံခပ်ဖွဖွဖြင့် ဝင်လာပြီး : “မမလေး အရှင့်သားနဲ့ ပြန်ပြေလည်သွားပြီလား’
မင်ကျူး၏စကားများက မရေမရာဖြင့် : “ငါတို့ ဘာမှမဖြစ်ထားဘူး”
မည်သို့ပင်ဆိုစေ ပိယင်တစ်ယောက် အပူလျော့သွားရသည်ပေ။ အရှင့်သား ဤနေရာသို့ လာရန်ဆန္ဒရှိနေသရွေ့ ယင်ကား သူ(မ)တို့၏သခင်မလေး အမြတ်နိုးခံရသေးတယ်ဆိုသည့် အဓိပ္ပါယ်မဟုတ်ပါလား။
ပျော်ရွှင်မိသည့်တိုင် ပိယင်မှာ အနည်းငယ် ဝမ်းနည်းရပြန်သေးသည်။ သူ(မ)တို့၏သခင်မလေးအား ကရုဏာသက်စွာ ကြည့်လိုက်ပြီး မနေနိုင်အောင် စိတ်ထဲ သက်ပြင်းအခါခါချမိသည်။ အိမ်ရှေ့စံ ဆဲ့ဖေး(အရံကြင်ရာတော်)တစ်ယောက်အား လက်ထပ်ယူတော့မည့်သတင်းက နေရာအနှံ့ ပြန့်နှံ့နေပြီး နောင်တွင် မမလေးမင်ကျူးဘဝ အဘယ်သို့၊ အဘယ်နေရာတွင် အဆုံးသတ်မလဲ ပိယင် မသိပါချေ။
မင်ကျူးသည် ဂျင်းစွပ်ပြုတ်ကို သောက်လိုက်ပြီး ပါးစပ်ထဲ စပ်သက်သက်အရသာကြီးက လွှမ်းမိုးနေဆဲဖြစ်၍ အရသာပြေစေရန် ရေနှစ်ဖန်ခွက် သောက်လိုက်ရသည်။
ပိယင်က ရုတ်တရက် ဆိုလာ၏။
“မမလေး ကျွန်တော်မျိုးမက မမလေးကို အဝတ်အစားလဲပေးပါမယ်”
မင်ကျူးသည် နားမလည်ဟန်ဖြင့် မျက်လုံးဝိုင်းဝိုင်းနက်နက်လေးများဖြင့် သူ(မ)အား မျက်တောင်မခပ်စတမ်း ကြည့်ကာ : “ငါအခုဝတ်ထားတဲ့ ဝတ်စုံကလည်း လှနေတာပဲလေ”
ပိယင်က ပြုံးလေပြီး : “အရှင့်သားက ဒီည ဒီမှာ အနားယူမှာလေ မမလေးရဲ့၊ ပြီးခဲ့တဲ့အခေါက်က ဟိုလျိုရှန်းဝတ်စုံကို မေ့နေပြီလား မမလေး”
မင်ကျူး ၎င်းကို ပြန်အမှတ်ရသွားပြီးနောက် တခြားအရာများမှလွဲ၍ ကျောက်ရှီသည် သူ(မ) ထိုလျိုရှန်းဝတ်စုံ ဝတ်ထားသည်အား အလွန် သဘောကျသည်ကို သတိထားမိပေသည်။
သူ(မ)က တစ်ခဏ စဉ်းစားပြီးနောက် : “ငါ မလဲတော့ဘူး၊ အေးတယ်”
အခန်းအတွင်းတွင် မီးသွေးက အမြဲ လောင်မြိုက်နေသဖြင့် လုံးဝ မအေးဘဲ အလွန် နွေးထွေးနေ၏။ ဤသည်မှာ အဝတ်အစားမလဲချင်သောကြောင့် မင်ကျူးအသုံးပြုခဲ့သည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။
ပိယင်တွင်လည်း မကောင်းသည့်အကြံ မရှိရချေ။ သူ(မ)က သူ(မ)၏မမလေးကို ကူညီချင်ရုံဖြစ်ပြီး ဖြစ်နိုင်လျှင် မမလေးမင်ကျူးတစ်ယောက် အရှင့်သားအား ရက်အနည်းငယ်လောက် ဆွဲထားနိုင်ရန် ကူညီလိုခြင်းပေ။
ကျောက်ရှီ ယနေ့ည ဝမ်ယွဲ့ဆောင်တွင် နေမည်ကို မင်ကျူး သိပေသည်။ မျက်နှာထက်တွင် ဝမ်းနည်းမှုတစ်ခု ရစ်သီနေလေးရင်း သူ(မ)သည် သက်ပြင်းအသာချလေ၏။
မင်ကျူးသည် အစေခံများ ရှိမနေသည့်အချိန်ကို အခွင့်ကောင်းယူပြီး ကျောက်ရှီ သူ(မ)ကို ချီးမြှင့်ထားသည့် ကျောက်မြတ်ရတနာများအားလုံးကို ထုတ်ကာ အသေးစိတ် စာရင်းပြုစုလိုက်သည်။ ၎င်းတို့ထဲတွင် ငွေဆံထိုးများ၊ ရွှေထည်အဆင်တန်ဆာများနှင့် ရှားပါးလက်ဝတ်ရတနာများပင် ပါဝင်၏။ သူ(မ)သည် ရတနာပုံကြီးကို ကြည့်ပြီး ၎င်းတို့ကို ပိုက်ဆံဖြင့် ပေါင်နှံရန်အခွင့်အရေးတစ်ခု ရှာရန် စဉ်းစားလိုက်သည်။
သို့သော် သူ(မ)အတွက် အပြင်သို့ထွက်ခွင့်ရခြင်းက ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲ၏။
ဝမ်ယွဲ့ဆောင်ထဲသို့ သူ(မ) ဝင်သည့်နေ့မှစ၍ သူ(မ)သည် ဤနေရာကနေ တံခါးအပြင်ဘက်သို့ တစ်ခါမှ ခြေမချဖူးခဲ့ပေ။ အကျယ်ချုပ် ချုပ်နှောင်ထားသည်ဟု ပြောလျှင်ပင် ချဲ့ကားရာကျမည်မဟုတ်။ တခါတရံ ကျောက်ရှီ အဘယ်ကြောင့် သူ(မ)အား အကျဉ်းသားတစ်ယောက်ထက်ပင် ပိုမိုတင်းကျပ်စွာ စောင့်ကြည့်နေရသလဲကို သူ(မ) နားမလည်နိုင်ပေ။
သူ(မ)အကြံကို အကောင်အထည်ဖော်ရန်အတွက် အပြင်သို့ အရင်ထွက်မှရမည်ဖြစ်သည်။ ဤနေရာတွင် ပိတ်လှောင်ခံထားရပြီး သေမည့်နေ့ကို စောင့်နေသည်ထက် ယခုတွင် အလုပ်သင့်ဆုံးမှာ အပြင်သို့ထွက်ရန် အခွင့်အရေး ရှာခြင်းဖြစ်သည်။
အပြင်ဘက်တွင် ပိယင်က တံခါးခေါက်လာ၏။
“မမလေး”
မင်ကျူးသည် သူခိုးတစ်ယောက်လို လန့်ဖျပ်သွားပြီး စုထားသည့် အဖိုးတန်ကျောက်မြတ်ရတနာများကို ချက်ချင်း ဗီရိုထဲ ထည့်ဖွက်လိုက်သည်။ ထို့နောက် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူကာ : “ဘာကိစ္စရှိလို့လဲ”
ပိယင်က : “အရှင်သားက လူလွှတ်ပြီး အားရုန်ကို ပို့ခိုင်းလာပါတယ်”
မင်ကျူးသည် အလွန်ဝမ်းသာသွားပြီး အခန်းတံခါးကို အမြန် သွားဖွင့်လိုက်သည်။ ပိယင်၏အနောက်မှ ပိန်ပိန်ပါးပါးမိန်းမငယ်လေးအား မြင်လိုက်ရချိန် သူ(မ)၏မျက်လုံးများသည် ချက်ချင်းပင် နီရဲလာသည်။
အားရုန်ဆိုသူ၏မျက်လုံးများကလည်း နီရဲပြီး ဆို့နင်စွာ ခေါ်လာ၏။
“မမလေး”
မင်ကျူးသည် သူ(မ)မျက်နှာထက်မှ မျက်ရည်များကို သုတ်ပေးပြီး : “မငိုနဲ့တော့၊ နောင်ကျရင် ငါက နင့်ကို ဘယ်သူ့ကိုမှ ထပ်ပြီး အနိုင်ကျင့်ခွင့်ပေးမှာမဟုတ်ဘူး”
အားရုန်သည် နည်းနည်းလေးမှ မတရားသည်ဟု မခံစားရပေ။ သူ(မ)၏ ဤဘဝကို မမလေးမင်ကျူးပေးထားခြင်းဖြစ်ပြီး သူ(မ)ဘာပဲလုပ်လုပ် သူ(အားရုန်)သည် လုံးဝ နောင်တရမည်မဟုတ်ပေ။
ပိယင်သည် အားရုန်ကို သူ(မ)နှင့် ခဏသာ တွေ့စေပြီး ပြန်ခေါ်သွား၏။ အားရုန်ကို ဆေးကြောသန့်စင်ပြီး အဝတ်အစားများ လဲလှယ်ပေးပြီးကာမှ သူ(မ)ထံ ခစားရန် ပြန်လာလိမ့်မည်ဟု ဆိုလာ၏။
မင်ကျူးမှာ ကျောက်ရှီ ယခုတစ်ကြိမ် သူ(မ)အား လွယ်လင့်တကူ လိုက်လျောပေးပြီး အားရုန်ကို ပြန်လွှတ်ပေးလိုက်သည်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွား၏။
သူ(မ) တိတ်တဆိတ် တွေးလိုက်မိသည်မှာ ကျောက်ရှီ သူ(မ)၏ညုတုတုအပြုအမူများကို သဘောကျနေဆဲဖြစ်လောက်မည်ဟု။
အားရုန်သည် လမ်းတွင် မအောင့်အီးနိုင်စွာ ပိယင်ကို မေးကြည့်လိုက်သည်။
“အရှင့်သား ငါ့မမလေးကို ကောင်းကောင်း ဆက်ဆံရဲ့လား”
ပိယင်သည် စဉ်းစားကြည့်ပြီး အမှန်အတိုင်း ဆိုလိုက်သည်။
“အရှင့်သားက မမလေးအပေါ် အမြဲကြင်နာပေးပါတယ်”
အားရုန်သည် နှာခေါင်းရှုပ်ကာ ပိယင်ပြောသွားသည့်စကားများကို နည်းနည်းလေးမှ မယုံကြည်ပေ။ တကယ်သာ ကြင်နာတာမှန်လျှင် မမလေးအား အဘယ်ကြောင့် အရှက်ရစေရသနည်း။
သူ(မ)၏မမလေးသည် ကောင်းကောင်းမွန်မွန် လက်ထပ်ရပြီး ပျော်ရွှင်ငြိမ်းချမ်းသည့် ဘဝကို ပိုင်ဆိုင်နေသင့်သည်ပေ။
အားရုန် ထင်းထဲတွင် အလုပ်ကြမ်းလုပ်နေစဉ်က သူ(မ)မမလေး၏ယခင်စေ့စပ်ထားသူသည် အမြင့်ဆုံးစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး ယခုအခါတွင် ရှားပါးအရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံထားရကြောင်း ကြားသိရလေသည်။
သူ(မ)၏သခင်မလေးသည် ယခုလောက်ဆို ဂုဏ်အသေရေရှိသော စာသင်သားတစ်ယောက်၏ ဇနီးသည်တစ်ဦးဖြစ်နေရမည်ပင်။ သို့သော် ယခုတွင်တော့ ကိုယ်လုပ်တော်ဟုပင် မှတ်ယူလို့မရသည့် လူတစ်ယောက်ဖြစ်နေချေသည်။
ထို့အပြင်…
ထို့အပြင် အိမ်ရှေ့စံက မိန်းကလေး၏အသွင်အပြင်နှင့် အလှတရားကိုသာ စိတ်ဝင်စားကြောင်း အားရုန် သိပေသည်။ သူသည် သူ(မ)၏မမလေးအပေါ် မည်သည့်စစ်မှန်သည့် ခံစားချက်မျှ မရှိချေ။
တစ်ခါက အိမ်ရှေ့စံနှင့် မင်းသားချန်တို့သည် မမလေးမင်ကျူးအကြောင်း ပြောဖြစ်ကြသည်။ ထိုအချိန်က အားရုန်သည် ဝင်းထဲမှ ကျောက်ဆောင်နောက်တွင် ပုန်းနေခြင်းဖြစ်ပြီး မရည်ရွယ်ဘဲ သူတို့ပြောနေသည့် စကားများကို ကြားလိုက်ရသည်။
အရှင့်သားအိမ်ရှေ့စံသည် သူ(မ)၏မမလေးကို နည်းနည်းလေးမှ တန်ဖိုးမထားပေ။ ဘယ်အချိန်ကတည်းက နားလည်မှုစလွဲနေမှန်း သူ(မ)မသိခဲ့သော်လည်း သူသည် သူ(မ)၏မမလေးကို အာဏာကို မက်မောပြီး လှည့်ကွက်များသုံးကာ အမြင့်ကို တွယ်တက်ချင်နေသည့် ထိုဉာဏ်နီဉာဏ်နက်များပြည့်နေသော ကိုယ်လုပ်တော်များနှင့်မခြားဟု ထင်မှတ်နေလေသည်။
ပိယင်သည် အားရုန်အတွက် အဝတ်အစားအသစ်များ ရှာပေးပြီး သူ(မ)ထံ ကမ်းမပေးခင်း စကားအနည်းငယ် ဖြည့်ဆိုလာ၏။
“အားရုန် အရှင့်သားတစ်ဦးတည်းကပဲ ငါတို့ရဲ့သခင်ဆိုတာ နင် သဘောပေါက်သင့်ပြီ၊ ဒီတစ်ခါတော့ နင် ထပ်ပြီး တုံးတုံးအအလုပ်ရပ်တွေ မလုပ်ပါနဲ့တော့၊ ဘယ်လိုပဲ ထွက်ပြေးပြေး လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ငါတို့မမလေးပဲ အပြစ်ပေးခံထိမှာ အဲ့ဒီအခါကျရင် ရင်ကွဲရမှာ နင်ပဲ”
အားရုန်သည် အဝတ်အစားများကို ယူကာ : “အမ်း”
သူတို့ တစ်ကြိမ်တစ်ခါ ထွက်ပြေးရန် ကြိုးပမ်းမိခြင်း၏ မအောင်မြင်သော နောက်ဆက်တွဲ အကျိုးရလဒ်ကို ခံစားဖူးပြီးပြီဖြစ်သောကြောင့် ဒုတိယ အကြိမ် ထပ်မကြိုးစားလောက်တော့ဘူးဟု ပိယင် ထင်မြင်ပေသည်။
*
ယနေ့တွင် ဝမ်ယွဲ့ဆောင်သည် အလွန် စည်းကားနေပြီး မွန်းလွဲပိုင်း၌ မင်ရူတစ်ယောက် အလည်ရောက်လာ၏။
သူ(မ)သည် မင်းမိသားစု၏ အကြီးဆုံးတိသမီးတော်ဖြစ်သည်။ သူ(မ)၏အဆင့်အတန်းက လေးစားဖွယ်ကောင်းပြီး တံခါးဝတွင် တိတ်တဆိတ် ရပ်နေရုံနှင့် သာမန်မဟုတ်သည့်ရောင်ဝါကို မည်သူမဆို ခံစားနိုင်စွမ်း၏။
မင်ရူသည် ယနေ့တွင် ရဲရဲနီသော ဝတ်စုံကို ဝတ်ဆင်ကာ စကပ်ကို နှင်းဆီဖူးများဖြင့် ပန်းထိုးထားပြီး ဖြူလွသော လက်ကောက်ဝတ်ထက် အရည်အသွေး အလွန်ကောင်းမွန်လေသော ကျောက်စိမ်းလက်ကောက်ကို ဆင်းမြန်းထား၏။ မျက်နှာထက် မျက်နှာချေ ခပ်ပါးပါးလိမ်းခြယ်ထားပြီး မျက်ခုံးနှစ်ခုကြား အနီရောင်နှင်းဆီပွင့်ငယ်တစ်ခုကို တန်ဆာဆင်ထား၏။
သူ(မ)က : “ကျွန်မ ကျွန်မညီမလေးကို တွေ့ဖို့ရောက်လာတာပါ၊ ရှင်တို့ ကျေးဇူးပြုပြီး သတင်းသွားပို့ပေးလို့ရမလား”
ဂိတ်စောင့်သည် သတင်းသွားပို့ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖြတ်သွားသည့် အိမ်တော်၏တာဝန်ခံဖြစ်သော လျိုမောမောနှင့် သွားဆုံ၏။ မင်မိသားစု၏ လေးစားဖွယ်ကောင်းသော တိမိန်းမပျိုရောက်လာသည်ဟုကြားသည်နှင့် သူ(မ)အား ချက်ချင်းဝင်ခွင့်ပြုရန် အစောင့်ကို အမိန့်ပေးလိုက်သည်။
မင်ရူသည် မောမောအိုကြီးကို ကျေးဇူးတင်လိုက်ပြီးနောက် သူ(မ)အား အနောက်ဆောင်ဆီ ခေါ်ဆောင်သွားစေ၏။
မင်ရူသည် သူ(မ)၏ အနှီအသက်ရှူမှားလောက်အောင် လှသော ညီမကို မတွေ့ဖြစ်သည်မှာ အတော်ပင်ကြာပြီဖြစ်၍ မေ့လုနီးနီးပင်ဖြစ်နေချေ၏။
အကယ်၍ သူ(မ)သာ အိမ်ရှေ့စံ၏ ဆဲ့ဖေးဖြစ်လာတော့မည်မဟုတ်ပါက လက်ရှိ အိမ်ရှေ့စံ၏ခုတင်ကို နွေးအောင် လုပ်ပေးနေရသည့် အနှီရှုမေ့ကို အမှန်တကယ် မှတ်မိတော့မည်ပင် မဟုတ်ပေ။
မင်ရူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က နန်းတော်စားသောက်ပွဲတစ်ခုတွင် အိမ်ရှေ့စံနှင့်တွေ့ဆုံခဲ့သည်။ အိမ်ရှေ့စံသည်လည်း သူ(မ)အပေါ် အမြင်ကောင်းရှိလောက်သည်ဟု သူ(မ) ခံစားမိသည်။ သူသည် သူ(မ)နှင့် ကဗျာစာကြောင်းအချို့ကိုပင် ဆွေးနွေးခဲ့ပြီး သူ(မ)၏ အရည်အချင်းနှင့် ကောင်းမွန်စွာ ကြီးပြင်းလာမှုကို ချီးကျူးသွားခဲ့သည်။
အရှင်မင်းသားသည် မိသားစုနောက်ခံကောင်းကောင်းနှင့် ပညာအရည်အချင်းရှိပြီး အပြုအမူကောင်းသည့် အမျိုးသမီးများကိုသာ သဘောကျသည့် အလွန်ရှေးရိုးစွဲသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း မင်ရူသိပေသည်။
မင်ရူ ဝမ်ယွဲ့ဆောင်မှ ပင်မခန်းထဲသို့ ဝင်လျှောက်လာပြီး အထဲမှ ခမ်းနားထည်ဝါပုံကို ကြည့်ပြီး လက်ကို တင်းကျပ်စွာ ဆုပ်ထားမိသည်။
ကြမ်းပြင်ကို အဖိုးတန်သော ထိုင်ခင်းများဖြင့် ဖုံးအုပ်ထားပြီး ထောင့်များကို ရွှေရွက်ဖြင့် အုပ်ကာ နံရံများတွင် ချိတ်ဆွဲထားသည့် ကဗျာများနှင့် ပန်းချီကားများက ရှားပါးပြီး ထူးခြားသော လက်ရာများဖြစ်သည်။
အနှီနှိမ့်ကျသည့် သူ(မ)ရဲ့ရှုမေ့က သူ(မ) ထင်ထားသည်ထက် ပိုကောင်းမွန်သည့်ဘဝတွင် နေနေရသည်ပဲ။
မင်ကျူးသည် တစ်ခဏ ကြောင်အမ်းသွား၏။
“အစ်…အစ်မတော်!!?”
မင်ရူဆိုသည်မှာ အရာရာကို ပြီးပြည့်စုံနေအောင် လုပ်သူဖြစ်ပြီး သူ(မ)ကို ပြုံးပြလိုက်ရင်း : “မေ့မေ့ မတွေ့တာကြာပြီနော်”
သူ(မ)တို့နှစ်ယောက် မတွေ့ဖြစ်ကြသည်မှာ အမှန်ပင် အတော်ကြာသွားပြီဖြစ်ကြောင်း မင်ကျူး မိမိဘာသာ တွေးလိုက်တော့သည်။ သို့သော် သူ(မ)ကလည်း အရူးတစ်ယောက်တော့ မဟုတ်ချေ။ သူ(မ)၏တိကျဲသည် မာရေကျောရေမျက်နှာထားဖြင့် ရောက်လာခြင်းဖြစ်ပြီး သူ(မ)နှင့် ညီအစ်မချင်း သံယောဇဉ်အကြောင်း ပြောရန် ရောက်လာခြင်းတော့ မဟုတ်တန်ရာ၏။
မင်ရူသည် ကျက်သရေရှိစွာ ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
“ငါ ဒီနေ့ရောက်လာတာ နင့်ကို ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးပြောစရာရှိနေလို့”
“ဘာကိစ္စလဲ”
“အရှင့်သားနဲ့ ငါက တစ်ယောက်အပေါ်တစ်ယောက် မေတ္တာမျှနေကြပြီမလို့ အရှင့်သားက ငါ့ကို ဆဲ့ဖေးအဖြစ် လက်ထပ်ဖို့ ရည်ရွယ်ထားတယ်”
ယခင်ဘဝက ရှန်းယန်ကျင့်ကျူ(ရှန်းယန်မင်းသမီး)သည် အိမ်ရှေ့စံမင်းသား၏ အဓိက ကြင်ရာတော်ဖြစ်ကြောင်းကိုသာ မင်ကျူး သိပြီး မင်ရူ သူ၏အရံကြင်ရာတော် ဖြစ်လာသည်ကိုတော့ သူ(မ)လုံးဝ မသိရချေ။
သူ(မ) ခေါင်းငုံ့ကာ ဘာမှမဆိုဖြစ်။
မင်ရူသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဂုဏ်ဝင့်စွာ ဆိုလာ၏။
“မင်မိသားစုက သိပ်စည်းကမ်းကြီးတာ တကယ်လို့ ညီအစ်မနှစ်ယောက်ကသာ ခင်ပွန်းတစ်ဦးတည်းကို အလုပ်အကျွေးပြုနေတယ်လို့ အပြင်ကို သတင်းတွေထွက်လာရင် မကြားဝံ့မနာသာတွေ ဖြစ်လာလိမ့်မယ်”
မင်ကျူး ရယ်ချင်မိသွားသည်။ သိပ်ကို စည်းကမ်းကြီးလှပါချည်ရဲ့ဆိုသည့် အိမ်တော်ကပဲ သူ(မ)အား တစ်စုံတစ်ယောက်ထံ ခုတင်နွေးစေသည့် အသုံးချခံပစ္စည်းတစ်ခုအဖြစ် ပေးပစ်ခဲ့လိုက်ကြသည်မဟုတ်ပါလား။
မင်ရူသည် မျက်လုံးများဝင့်ကာ သူ(မ)ကို ကြည့်လာပြီး : “နင့်အစ်မဖြစ်တဲ့ ငါက နင့်ကို လာအသိပေးတာ ကိုယ့်နေရာကိုယ်သိပြီး စောစောစီးစီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားတာ ကောင်းလိမ့်မယ်”
မင်ကျူးသည် သူ(မ)အား လာအနိုင်ကျင့်သည်ကို မခံလိုသဖြင့် အေးစက်သောမျက်နှာဖြင့် ဆိုလိုက်သည်။
“ပိယင် ဧည့်သည်ကို လိုက်ပို့ပေးလိုက်”
မင်ရူသည် လက်ဖက်ရည်ကို ကုန်အောင်သောက်ကာ မတ်တပ်ထရပ်လိုက်ပြီး မင်ကျူးကို နင့်နင့်နဲနဲ စိုက်ကြည့်လိုက်သည်။ အချိန်တွေ မည်မျှကြာသွားပါစေ သူ(မ)၏အနှီရှုမေ့တွင် ရှိနေသော မြင်သူတိုင် မရှုစိမ့်ဖြစ်ရလောက်သည့် ဤလှပသည့် မျက်နှာကို မျက်မုန်းကျိုးနေရဆဲပေ။
သူ(မ)၏စကားများက အထင်သေးမှုအပြည့်ဖြင့်။
“ကစားစရာတစ်ခုသာသာကများ နင့်ရဲ့ဒီနေရာကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ငါ စောင့်ကြည့်နေလိုက်ပါအုံးမယ်”
မင်ကျူး သူ(မ)စကားကို နည်းနည်းလေးမှ အတည်မှတ်မယူချေ။ သူက သူ(မ)ကို ဒီလိုမျိုး စော်ကားချင်သပ့ဆိုလည်း စော်ကားပါစေပေါ့၊ တစ်ခါသေဖူးပြီးသား လူတစ်ယောက်အနေဖြင့် မကြားနိုင်တဲ့စကားရယ်လို့ ရှိပါအုံးမလား။
သိပ်မကြာလိုက်ခင် မွန်းလွဲပိုင်းမှ ထိုဖြစ်ရပ်သည် အိမ်ရှေ့စံနားအထိ ရောက်သွား၏။
ပိယင်၏ပြောစကားအရ ကျောက်ရှီသည် အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် ဒေါသထွက်သွားသည်ဟူ၍ မင်ကျူး ပြန်ကြားရသည်။
ထိုအစောင့်တင်ပြလာသည့် သတင်းကို နားထောင်ပြီးသည်နှင့် သူသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားရင်း စာကြည့်ခန်းထဲရှိ လေထုသည်လည်း အေးခဲမှတ်အထိ ကျဆင်းသွား၏။ ရုတ်တရက် အနှီအမျိုးသားက လက်ဝါးကို မြှောက်လိုက်ပြီး ပြင်းထန်သည့် ရိုက်ချက်တစ်ချက်က ထိုအစောင့်ထံ ကျရောက်သွားကာ ဒေါသမာန်ဟုန်ပြည့်နေသော အသံဖြင့် : “သူ(မ)ကို အပြင်လူဘယ်သူ့ကိုမှ တွေ့ခွင့်မပေးဘူးလို့ ငါ မပြောထားဘူးလား”
အစောင့်၏ပါးစပ်ထောင့်သည် သွေးထွက်လာပြီး မျက်နှာတစ်ခြမ်းမှာ ထုံကျင်သွား၏။
အရှင့်သားသည် ညင်သာသိမ်မွေ့ဟန်ပေါက်သော်လည်း သူ့လက်ဖဝါးများထဲမှအားက နည်းနည်းလေးမှ မသေးပြီး တိကျပြတ်သားသည့် လက်တစုံက လူကို ရိုက်သည့်အခါတိုင်းတွင်လည်း တစ်ဖက်လူကို အလွန်အမင်း နာကျင်သွားစေ၏။
စာကြည့်ခန်းနှင့် မလှမ်းမကမ်းသည် ပင်မအိပ်ဆောင်ဖြစ်ပြီး ကျောက်ရှီ ရောက်လာသည့်အချိန် မင်ကျူးသည် ပြတင်းပေါက်အောက်တွင် အစေခံများဝန်းရံလျက်ဖြင့် မီးပုံးများပြုလုပ်နေ၏။
သူသည် အခြားသူများအားလုံးကို ထွက်သွားခိုင်းပြီး သူ(မ)မျက်နှာကိုသာ တိတ်တဆိတ် ငေးကြည့်နေလေ၏။
သူ(မ)မျက်နှာက နှုတ်ခမ်းသားနီနီ၊ သွားဖြူဖြူလေးများဖြင့် အလွန်အမင်း ဆွဲဆောင်မှုရှိလှခြင်း၊ သူ(မ)သည် နုနယ်ပြီး အလွန် လှပ၏။
မင်ကျူးသည် သူ အကြောင်းမကြားဘာမကြားဘဲ ရောက်လာသည်ကို မြင်လျှင် လက်ထဲမှ ပစ္စည်းများကို ချပြီး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ သူ(မ)၏ခေါင်းသေးသေးလေးထဲတွင်မူ တုန်လှုပ်စပြုကာ အတွေးနယ်လွန်မိတော့သည်။
ဘာလို့ ကျောက်ရှီရောက်လာတာလဲ? သူ့ပုံစံက ဘာလို့ စိတ်ဆိုးနေတဲ့ပုံ ပေါက်နေတာလဲ?
မင်ကျူးတွင် တောင်းဆိုစရာတစ်ခု ရှိနေသော်လည်း သူ၏စိတ်အခြေအနေက မည်သို့နေမှန်း မသိသဖြင့် ပြန်မျိုချထားလိုက်သည်။
“အရှင့်သား၊ ညနေစာ သုံးဆောင်လိုပါသလား”
“မင်း ဆာပြီလား”
“နည်းနည်းပါ”
“သူတို့ကို အစားအသောက်ပြင်ဖို့ ပြောလိုက်”
“အမ်း”
ညနေစာသုံးဆောင်ပြီး တစ်ခဏ အနားယူပြီးနောက် ရေချိုးသန့်စင်ပြီး အဝတ်အစားလဲရမည့်အချိန် ရောက်လာ၏။
မင်ကျုးသည် ရှက်ရွံ့မှုကို သည်းခံပြီး သူ အကြိုက်ဆုံးသော လျိုရှန်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားလိုက်သည်။ ထို့နောက် ရှက်အမ်းအမ်းဖြင့် ခုတင်အစွန်းတွင် ထိုင်ရင်း ရေချိုးပြီး၍ အဝတ်အစားလဲနေသည့် အနှီအမျိုးသား ရောက်လာမည်ကို စောင့်နေလိုက်သည်။
သူ(မ)သည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ ဖယောင်းတိုင်မီးရောင်ဖြင့် ရောင်ပြန်ဟပ်နေသော သူ(မ)၏မျက်နှာသည် နီမြန်းနေပြီး ထိုအမျိုးသားကို ရှက်ရွံ့စွာဖြင့် မဝံ့မရဲကြည့်ရင်း နားရွက်များက ပူပြင်းလာ၏။ မလုပ်စဖူး ပထမဆုံးအနေဖြင့် သူ(မ)သည် သူ့လက်ချောင်းများကို လက်ဦးမှုယူကာ စပ်ယှက်ကိုင်ထွေးလိုက်ပြီး : “အရှင့်သား၊ ကျွန်မ အရှင့်သားကို ပြောချင်တာလေးရှိလို့”
ကျောက်ရှီ၏လက်ချောင်းများက သူ(မ)၏နက်မှောင်သော ဆံနွယ်များထဲ ရစ်နှောင်ထားပြီး အခါခါ ရစ်ပတ်ကစားနေကာ အသံသည် တည်ငြိမ်ပျော့ပျောင်းနေ၏။
“ဟမ်”
မင်ကျူးသည် ရဲရင့်စွာဖြင့် ဆိုလိုက်သည်။
“ကျွန်တော်မျိုးမ အိမ်ကို ခဏလောက် ပြန်ချင်လို့ပါ”
သူ(မ) ဤအခွင့်အရေးကို အမိအရယူပြီး သူ(မ)၏ရတနာများကို ရောင်းချရပေမည်။
ကျောက်ရှီ၏လက်သည် ရပ်တန့်သွားပြီး သူ(မ)၏ဆံနွယ်ထဲ ရစ်နှောင်ထားသည့် သူ၏လက်ချောင်းများက ငေးတိငေးမောနှင့် သူ(မ)အား မနာကျင်စေဘဲ ဆုပ်ကိုင်ကာ မေးမြန်းလာ၏။
“မင်းက ဘယ်သူ့ကို တွေ့ချင်လို့လဲ”
ခုထိ မေ့မရနိုင်သေးတဲ့ အရင်ခင်ပွန်းလောင်းကိုလား?