အမြဲတမ်း နွေ 1
အမြဲတမ်း နွေ
အပိုင်း (၁)
” ပူလိုက်တာဟာ…”
အိမ်ရှေ့ရှိ ပိတောက်ပင်အောက်မှကွပ်ပျစ်ပေါ်ထိုင်၍ ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း နွေဦးတစ်ယောက်ညဉ်းညူနေလေသည်။ ပက်လက်လှန်လိုက် ထထိုင်လိုက်ဖြင့် တစ်ခါတရံ အကြည့်များက ပန်းပင်တန်းများသာခြားထားသည့်ခေါင်းရင်းခြံသို့ရောက်၏။
” ဒီနှစ် မလာတော့တာများလား…”
ကွပ်ပျစ်ပေါ်ပက်လက်လှန်လှဲ၍ ပိတောက်ရွက်များကိုစိုက်ကြည့်နေရင်းရေရွတ်မိတာ ခပ်တိုးတိုး။
ပိတောက်ရွက်များသည် နေတစ်စမျှမတိုးနိုင်အောင်ပင် ဝေနေပြီး အရိပ်ကောင်းကာအေးလှ၍ သည်ပိတောက်ပင်သည် နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် နွေဦး၏ကိုယ်ပိုင်နေရာလေးကဲ့သို့ဖြစ်နေလေပြီ။
ရင်ဘတ်လေးပေါ်ယပ်တောင်တင်လို့ ဖြည်းဖြည်းချင်းယပ်ခတ်နေရင်းမှ နွေဦး မျက်ခုံးတန်းတန်းလေးတွေတွန့်ချိုးသွား၏။
သူသည် ဟိန်းထက်ကို သတိရနေစရာအကြောင်းတစ်ကြောင်းမှမရှိပါပေ။ သို့သော် ဟိန်းထက်မှာ အရင်နှစ်များက မတ်လရောက်ပြီဆိုသည်နှင့်လာလည်တတ်သည်ဖြစ်ပြီး သည်နှစ်တွင်ကား မတ်လလယ်ပင်ရောက်နေလေပြီ။
သတိမရသော်လည်း ထပ်ခါတလဲလဲတွေးမိနေ၍ နွေဦး မျက်လုံးများကိုမှိတ်ချလိုက်၏။
” မောင်နွေဦးယံ…”
အသံဩဩလေးကြားရသည့်နောက် နွေဦးမျက်လုံးများဆတ်ခနဲပွင့်သွား၏။ ထို့နောက် ကွပ်ပျစ်ခေါင်းရင်းမှနေ၍ သူ့မျက်နှာအပေါ်မှအုပ်မိုးလို့ကြည့်နေသူနှင့်အကြည့်ချင်းဆုံခိုက်တွင် နွေးဦးမျက်လုံးတို့ဝန်းဝိုင်းသွားကာဖြင့် ဆတ်ခနဲအထ…
” အ !! ”
နှစ်ယောက်လုံးဆီမှတစ်ပြိုင်တည်းအသံထွက်လာပြီးနောက် အနာသက်သာလိုသက်သာငှား ကိုယ့်နဖူးကိုယ်ပွတ်မိကြရာ နွေဦးမှာ တစ်ဖက်လူကို ဆောင်ကြည့်၏။
” သေချင်လို့ အပေါ်ကနေလာကြည့်နေတာလား…”
” ငါက မင်းအိပ်နေတာထင်လို့ပါ…”
လှဲနေရာမှထထိုင်၍ မျက်နှာရှုံ့မဲ့လို့ နဖူးကိုပွတ်နေရင်းမှ နွေဦးက တန့်ခနဲရပ်သွားပြီး ဟိန်းထက်ကိုသေချာကြည့်သည်။ဒူးအတိဘောင်းဘီတိုအနက်နှင့် အပြာရောင်လက်တိုရှပ်အင်္ကျီလေးဝတ်ထားသည့်ဟိန်းထက်က ယခင်နှစ်ကထက်ပိုလို့အရပ်ရှည်လာသည်။ အသားအရေမှာလည်းပိုလို့ပင်ဖြူဝင်းလာပြီး အသံမှာလည်း ခပ်ဩဩဖြစ်လာချေပြီ။
အတိအကျပြောရပါလျှင် သည်ကောင်လူပျိုဆိုဒ်ဖမ်းနေလေပြီ။ နွေဦးက သူ့အတွေးနှင့်သူ ဟိန်းထက်ကို မျက်စောင်းထိုး၍ တစ်ဖက်သို့ချာခနဲလှည့်သွား၏။ ဟိန်းထက်က နွေဦးဘေးတွင် ဝင်ထိုင်ရင်း..
” ရောက်ရောက်ချင်း မင်းဆီတန်းလာတာ ”
” အဲဒီတော့ ဝမ်းသာလွန်းလို့ ထကပေးရမှာလား…”
” မင်း ငါ့ကိုမျှော်နေမယ်ထင်လို့…”
“ဟက်….”
နွေဦးက နှုတ်ခမ်းလေးတစ်ဖက်ရွဲ့သွားရင်း လှောင်ရယ်ရယ်၏။
” ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုက်တာ…”
” ဒါဆို မမျှော်နေဘူးပေါ့…”
” ဝေးသေးတယ် ဖယ် ဖယ် ငါနေ့ခင်းတစ်ရေးတစ်မောအိပ်မလို့…”
ဟိန်းထက်မှာ သူအိပ်မည့်နေရာတွင်ရှိမနေသော်လည်း နွေဦးက လက်တခါခါနှင့် နှင်လွှတ်နေလေသည်။ နွေဦး ကွပ်ပျစ်ပေါ်ပြန်လှဲချခိုက်တွင် ဟိန်းထက်က ဖိနပ်ကိုချွတ်၍ နွေဦးကို တစ်ဖက်သို့တွန်းလေသည်။
” ဟိုဘက်တိုး ငါလည်းအိပ်မယ်… ”
” မတိုးဘူးကွာ။ ဒါ ငါ့နေရာကွ အိမ်ကလူတွေတောင် ငါ့နေရာကိုမလုဘူး ။ ”
ပါးစပ်နှင့်ပြောမရသော် ဟိန်းထက်က အပြုံးမပျက်ပါဘဲ နွေဦးဘေးမှနေရာသေးသေးလေးမှာဝင်လှဲ၏။ ထို့နောက် နွေဦးကိုအတင်းဖက်၍ခွထားလေသည်။
” ပူတယ်ကွ ပူတယ် ဟိုဘက်တိုး…”
နွေဦးမှာ စိတ်ဆိုးမာန်ဆိုးအော်၍အတင်းရုန်းလေ ဟိန်းထက်က ပိုတိုး၍ဖက်လေဖြင့်…ကွပ်ပျစ်ပေါ်တွင် နှစ်ယောက်သားဝုန်းဒိုင်းကျဲနေလေသည့်နောက်တွင်…
” ပူတယ်လို့ ခွေးကောင်ရဲ့…”
“အ…”
မြေပေါ်သို့ လိမ့်ခနဲကျသွားသည့်ဟိန်းထက်သည် တစ်ချက်သာအော်ပြီး ထထိုင်လေသည်။ လန့်သွားသည့်နွေဦးမှာ ကွပ်ပျစ်ပေါ်မှ မျက်နှာတစ်ဝက်သာဖော်၍ မျက်နှာငယ်လေးနှင့်ကြည့်နေ၏။
” ငါ အိပ်တော့မယ်…”
တစ်ခွန်းတည်းဆိုပြီး ကွပ်ပျစ်ပေါ်ပြန်လှဲသွားသည့် နွေဦးသည် တစ်ဖက်သို့တိုး၍ ကွေးကွေးလေးသွားလှဲနေပြန်သည်။ ဟိန်းထက် မြေပေါ်မှထလိုက်ပြီး ဖုန်တွေကိုပုတ်ချလိုက်သည်။ ထို့နောက် သူ့အတွက်လိုသည်ထက်ပို၍နေရာထားပေးထားသည့် နွေဦးဘေးမှနေရာလပ်လေးတွင် ဝင်လှဲလိုက်၏။
” ဒီဘက်တိုးလေ နွေ ။ ပူတယ်ဆို ။ ဒီဘက်မှာ အကျယ်ကြီးကို…”
” ငါ အိပ်နေပြီ စကားမပြောနဲ့…”
ဟိန်းထက် လှဲနေရာမှ ခေါင်းထောင်ကြည့်မိသည်။ မျက်လုံးကို အတင်းကြိတ်မှိတ်ထားသည့်နွေဦးသည် အိပ်နေပါပြီတဲ့။အိပ်နေသူသည် အိပ်နေကြောင်း ထပြောပေသည်။ ရယ်ချင်သော်လည်း ဟိန်းထက် မရယ်ရဲပေ။ နွေဦးသည် သူ့အား မကြည်ဖြူသလိုဆက်ဆံသည့်ကောင်လေးဖြစ်သော်လည်း စိတ်ထားကောင်းသူတစ်ယောက်ပင်။
” အိပ် အိပ် ငါ ယပ်ခတ်ပေးမယ်…”
နွေဦးလက်ထဲမှ ယပ်တောင်လေးကို ဖြည်းဖြည်းချင်းယူလိုက်ပြီး နွေဦးကျောပြင်လေးကို မျက်နှာမူ၍ ဟိန်းထက်တစောင်းလှဲလိုက်သည်။
ထို့နောက် နွေဦး လေအေးအေးလေးရအောင် ယပ်တောင် ဖြည်းဖြည်းချင်းခတ်ပေးရင်း…။
ဇိမ်ခံရတာကြိုက်သည့်နွေဦးသည် ယခုလိုယပ်ခတ်ပေးလျှင် သိပ်သဘောကျပေသည်။
ခရီးအဝေးမှလာရသည့်ဟိန်းထက်သည်လည်း နွေဦးအလိုကိုသိပ်လိုက်ပေ၏။
~~~~~
” စာမေးပွဲ ဖြေနိုင်လား ”
” အေး…”
နွေဦး၏ဖြေသံက ခပ်တိုတိုပင်။
” နောက်နှစ်ဆို ငါတို့တွေ ဆယ်တန်းတောင်ရောက်ပြီ ”
” အင်း…”
နွေဦးတို့အိမ်နောက်ဖေးရှိ ကုက္ကိုပင်အောက်မှ ကုက္ကိုသီးများကောက်နေရင်း ဟိန်းထက်က တစ်ခုပြီးတစ်ခုမေးနေသော်လည်း နွေဦးက တိုတိုပင်တုံ့ပြန်လေသည်။
” ဒါနဲ့လေ…”
” မင်း တအားစကားများတာပဲ ဟိန်းထက်ရာ…ကောက်စရာရှိတာအမြန်ကောက် ပြီးရင် ကုက္ကိုသီးထုရအုံးမှာကို…”
နွေဦး လက်ထဲမှ ကုက္ကိုသီးနှင့်ရွယ်သော် ဟိန်းထက်မှာ နောက်သို့ရွံ့သွားရင်း အပြုံးအပျက် စပ်ဖြီးဖြီးလုပ်မြဲဖြစ်၏။
” တစ်ခုပဲ ထပ်မေးမယ်လေ ရလား…”
နွေဦးက မျက်ထောင့်နီကြီးနှင့်လှည့်ကြည့်သော် ဟိန်းထက်မှာ ‘ အင်း အင်း အင်းပါ တိတ်တိတ်လေးနေမယ် ‘ ဟု အသည်းအသန်ဆိုလေသည်။
နွေဦး သူ့ကိုစိတ်တိုပြီး စူပုတ်ပုတ်လေးဖြစ်နေတာကို သဘောကျပေမဲ့ ဟိန်းထက် ကုက္ကိုသီးစာတော့မမိချင်ပေ။ တအားနာသည်မဟုတ်လား။
” ဘာမေးမလို့လဲ…”
အတန်ကြာမှ စကားစလာသည့်နွေဦးကြောင့် ဟိန်းထက်က ဟီးခနဲရယ်ရင်း ကုက္ကိုသီးများကောက်ထည့်ထားသည့်ခြင်းလေးကိုမ၍ နွေဦးအနားသို့ရောက်လာလေသည်။
” မင်း…ကျောင်းမှာ ရည်းစားစာအပေးခံရပြီလား…”
သိချင်ဇောတွေပြည့်နှက်နေသည့်ဟိန်းထက်အား နွေဦးက ဆတ်ခနဲကြည့်သည်။ သူ့အဖြေကို မျှော်လင့်တကြီးစောင့်နေသည့်ဟိန်းထက်မျက်ဝန်းတွေကို သူနားမလည်။
” မင်းက ဘာလို့သိချင်တာတုန်း…”
” မင်းကိုကြိုက်တဲ့သူရှိနေလား သိချင်လို့လေ…”
တည့်တိုးဆန်သည့်ဟိန်းထက်အဖြေကြောင့် နွေဦးမျက်နှာပူခနဲဖြစ်သွားသည်။ နွေဦးသည် စာနှင့်မုန့်၊
မုန့်နှင့်စာသာသိသူဖြစ်သည်။ ရည်းစားသညှာကိစ္စတွေမသိချင်။ သူတို့အရွယ်ကလည်း ရည်းစားကိစ္စစိတ်မဝင်စားသင့်ဟု မှတ်ယူထားသူဖြစ်၏။ သို့သော် ဟိန်းထက်သည် ဘာကြောင့်များသိချင်ရသလဲ။ သူ့ကိုကြိုက်နေသူရှိနေ၍လား။ သူ့ကိုကြိုက်နေတဲ့သူရှိကြောင်းပြောပြပြီး ဟိန်းထက်က ကြွားဝါချင်နေသလား။
” စိတ်မဝင်စားဘူး အဲဒါတွေ ”
” မင်းစိတ်ဝင်မစားမှန်းငါသိတယ်လေ။ သူများကမင်းကို စိတ်ဝင်စားလာမေးတာ…”
ဟိန်းထက်က စိတ်မရှည်သလိုအသံဆွဲလို့ပြောလာ၍ နွေဦးက ဆောင်ကြည့်ပြန်သည်။ တစ်နှစ်မှတစ်ခေါက်သာတွေ့ရသည့်ကောင်က သူ့အကြောင်းကိုစပ်စုလွန်းနေသည့်အပြင် ထိုသို့လေသံနှင့်မေးနေ၍ နွေဦးစိတ်တိုလာ၏။
” မင်းအပူမှမပါဘဲ ”
မျက်နှာညှိုးသွားသည့်ဟိန်းထက်ကို နောက်တွင်ချန်ရစ်၍ ကုက္ကိုသီးများကောက်ထားသည့်ခြင်းကိုမကာ နွေဦးထွက်လာခဲ့လိုက်သည်။
ဟိန်းထက် ကလိကလိဖြစ်၍ကျန်ခဲ့ပေမည်။ ထိုအခြင်းအရာကိုတွေးမိသည့်နွေဦးသည် ဇက်ကလေးပုလို့ရယ်လိုက်မိပြီးမှ ချက်ချင်းပြန်တည်၍ အိမ်ရှေ့သို့ထွက်လာခဲ့လေသည်။
~~~~~
သူ့ဘေးနားတွင်ကုက္ကိုသီးများအပေါ် အပြစ်ပုံချ၍
အကြမ်းပတမ်းထုနေသည့်ဟိန်းထက်ကို ခိုးခိုးကြည့်ရင်း နွေဦးရယ်ချင်စိတ်များကို ထိန်းထားရသည်။
ဟိန်းထက်သည် သူတို့ခြံခေါင်းရင်းရှိ ကြီးကြီးဆွေ၏တူဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တိုင်းလာလည်လေ့ရှိပြီး သင်္ကြန်ပြီးမှသာ အိမ်ကိုပြန်တတ်သည့်ဟိန်းထက်သည် ငယ်စဉ်ကတည်းက နွေဦးကိုသာခင်သူဖြစ်၏။ သူ့အနောက်သို့သာ တကောက်ကောက်လိုက်၍ စကားတွေတတွတ်တွတ်ပြောတတ်သည့်ဟိန်းထက်ကို သူအရေးမလုပ်ချင်သော်လည်း အမေဆူမှာစိုး၍ သည်းခံပေါင်းသင်းခဲ့ရာမှ ယခုဆိုလျှင်နေသားကျနေခဲ့လေပြီ။
နွေရာသီကျောင်းပိတ်ရက်များတွင် နွေဦးသည် ရွာထဲမှ တခြားကလေးများကဲ့သို့ ရွာရိုးကိုးပေါက်လျှောက်သွားလေ့မရှိပေ။ ထိုသို့လျှောက်သွားရခြင်းကိုလည်းမကြိုက်ပေ။ အိမ်တွင် အမေအားကူလုပ်စရာရှိသည်များအားလုပ်ပေးပြီး အားလျှင်စာဖတ်၍ အိမ်ရှေ့ပိတောက်ပင်အောက်ရှိ သူ့ကိုယ်ပိုင်ကွပ်ပျစ်လေးတွင်သာအိပ်နေတတ်လေ၏။
တစ်ကိုယ်တည်းအေးအေးဆေးဆေးနေတတ်သည့် နွေဦးသည် ဟိန်းထက် နားပူနားဆာလုပ်သည်အားမကြိုက်။ တိတ်တိတ်နေလျှင်တောင်မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မြို့ကြီးသားလိုဟိတ်ဟန်ထုတ်တတ်၍ဟုဆို၏။
ဟိန်းထက် သည်ရွာသို့လာလျှင် ကိုယ်ပိုင်ကားနှင့်အိမ်မှလိုက်ပို့သည်။ အရောင်လွင်သည့်အဝတ်အစားကောင်းများဝတ်၍ အမြဲကြော့မော့နေတတ်၏ ။
တစ်နှစ်နှင့်တစ်နှစ် မတူညီသည့်ကစားစရာများပါလာတတ်သည်။ အိပ်ခြင်းနှင့်စာဖတ်ခြင်းကိုသာနှစ်သက်သည့်နွေဦးသည် ထိုကစားစရာများအား မကြိုက်ပေ။ သို့သော် ရွာထဲမှကလေးများမှာ ဟိန်းထက်နှင့်ဆော့ချင်ကြ၏။ခင်ချင်ကြ၏။
နဂိုချောမောသည့်ဟိန်းထက်သည် စွပ်ကျယ်နှင့်ဂျေဂျေဘောင်းဘီဝတ်ထားလျှင်တောင်ကြည့်ကောင်းသည်။မနှစ်က ၇ တန်းပြီးသည့်ကာလ လူပျိုပေါက်စအရွယ်ကတည်းက ရွာထဲမှမိန်းကလေးများဟာ ဟိန်းထက်ကိုတွေ့လျှင် အိနြေ္ဒမဆယ်နိုင်သည်အထိကြည့်တတ်ပေသည်။ ထို့အပြင် MP4 ဟုခေါ်သည့် ရုပ်မြင်သံကြားအသေးစားလေးနှင့် နားကြပ်ပါလာ၍ ရွာထဲတွင်နာမည်ကြီးသွား၏။
အေးအေးဆေးဆေးနေချင်သည့်နွေဦး၏နွေရက်များသည် မနှစ်က ဟိန်းထက်ကြောင့် ရှုပ်ယှက်ခတ်သွားခဲ့လေသည်။အကြောင်းပြချက်များမှာ ကလေးဆန်သည်ဟုဆိုဆို ထိုသို့သောအကြောင်းပြချက်များဖြင့် နွေဦးသည် ဟိန်းထက်ကိုသိပ်သဘောကျမနေပေ။
နိဂုံးချုပ်ပြောရပါလျှင် အကြောင်းပြချက်မရှိဘဲ သူက ဟိန်းထက်ကိုကြည့်မရခြင်းဖြစ်လေသည်။ သို့သော် သူနှင့်လာမနေနှင့်ဟုဆိုလျှင် အမေဆူမှာရိုက်မှာစိုး၍ နွေဦးက သည်းခံပေါင်းသည်။သည်းမခံနိုင်လျှင် ငေါက်ပေသည်။
” သေချာထု ဆောင့်ဆောင့်အောင့်အောင့်လုပ်မနေနဲ့ ”
” လုပ်တာပဲကို…”
” ငါကြားတယ်နော်…”
ဟိန်းထက်က ခပ်တိုးတိုးဆိုသော်လည်း နွေဦးက နားပါးရှာ၏။ ဟိန်းထက်ကို သဘောမကျလှသော်လည်း ဆရာကြီးလေသံနှင့်ငေါက်ရ၍ နွေဦးကျေနပ်ပါသည်။
~~~~~
” ရေကူလောင်းပေးမယ်လေ ”
” မလိုဘူး သွားသွား… စာသွားဖတ်နေ သွား ”
မနက်တိုင်း နေအရမ်းမပြင်းခင် ခြံပတ်ပတ်လည်ရှိပန်းပင်များအား ရေလောင်းရခြင်းသည် နွေဦး၏တာဝန်ဖြစ်သည်။ နွေဦးတို့ရွာတွင် တစ်ရွာလုံးမှာ ဆွေမျိုးအရင်းအခြာနှင့်မခြား၍ ခြံအတော်များများမှာ ခြံစည်းရိုးသိပ်ခတ်လေ့မရှိပေ။ တစ်ခြံနှင့်တစ်ခြံအား သစ်ပင်ပန်းပင်များသာစိုက်၍ခြားထားစေ၏။
” မင်းတစ်ယောက်တည်း တစ်ခြံလုံးလောင်းရတော့ မောမှာပေါ့။ ”
” ငါက အားရှိတယ်လေ ”
တစ်ဆက်တည်း စွပ်ကျယ်လက်ပြတ်လေးဝတ်ထားသည့် နွေဦးက မရှိမဲ့ရှိမဲ့လက်မောင်းဗလများကိုပါ ထုတ်ပြသေးသည်။
” ပြီးရင် ဘာလုပ်မှာလဲ ”
ရေကူမလောင်းပေးရသော်လည်း ဟိန်းထက်မှာ နွေဦးအနောက်မှ တကောက်ကောက်။
” အိပ်မှာလေ ”
” ပြီးရင်ရော.. ”
“ထမင်းထစားမယ် ”
” ပြီးရင်ရော ”
” ပြန်အိပ်မှာ ”
” အာ…”
ပြောစရာစကားပျောက်ရှသွားသည့်ဟိန်းထက်သည် ပန်းပင်များကြားမှ တစ်ဖက်ခြံသို့ပြန်ကူးသွား၏။
နွေဦးသည်ကား ပန်းပင်များကို ရေကရားနှင့်ရေလောင်းရင်း သီချင်းများအော်ဆို၍ ကျန်နေခဲ့တော့သည်။
” အတာကြူးတဲ့တန်းခူးလအချိန်ခါ နှစ်ကူးသင်္ကြန်မဟာ… သူကလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်ပါ… ဒီနှစ်တွေလည်းကြုံရမှာပဲ တမ်းတတယ် သည်အချိန်ခါ ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ…”
~~~~~
ဟိန်းထက် နွေဦးအတွက်ဝယ်လာသည့်လက်ဆောင်များထည့်ထားသည့်အိတ်အား သေချာကိုင်၍ ပန်းပင်များကြားမှ နွေဦးတို့ခြံဘက်သို့ကူးလာမိသည်။ ထုံစံအတိုင်း ပိတောက်ပင်အောက်မှကွပ်ပျစ်တွင်ရှိနေသည့်နွေဦးသည် လက်တစ်ဖက်တွင် ယပ်တောင်တဖျတ်ဖျတ်ခတ်၍ လက်တစ်ဖက်မှ ကုက္ကိုစေ့များအားခွာ၍စားနေပေသည်။
” နွေ…”
” အေး…”
နွေဦးသည် သူ့အားစိတ်မရှည်သည့်လေသံလေးနှင့် ငေါက်တတ်၊စကားပြောတတ်သော်လည်း နွေ ဟုအဖျားဆွတ်ခေါ်လျှင်တော့ ဘာမှမပြောပေ။ ဟိန်းထက် နွေဦးဘေးတွင် ဝင်ထိုင်လိုက်၏။
” မင်းအတွက် လက်ဆောင်…”
နွေဦးက ရှေ့သွားလေးနှစ်ချောင်းနှင့် ကုက္ကိုစေ့ခွာရင်း ဟိန်းထက်ကိုတစ်ချက်ကြည့်သည်။ ထို့နောက် ဟိန်းထက်ချပေးသည့်အိတ်ကလေးအား တစ်ချက်ကြည့်၏။
” အရင်နှစ်က မင်းဖတ်ချင်တယ်ဆိုတဲ့စာအုပ်တွေ…ပြီးတော့…”
ဟိန်းထက်က ထိုအိတ်ကလေးထဲမှ တစ်ခုခုကိုထုတ်နေ၏။
” ဒါ…”
ထိုအရာမှာ သူ,မနှစ်သက်သည့် MP4 ဖြစ်သည်။
” ငါက အဲဒါနဲ့ဘာလုပ်ရမှာတုန်း… ငါခွာပြီးသားကို မနှိုက်နဲ့…”
သူခွာထားသည့်ကုက္ကိုစေ့များကို လက်လှမ်းသည့်ဟိန်းထက်လက်အား ရိုက်သည်မှာ ဖျတ်ခနဲ။
” မင်းက သီချင်းနားထောင်ရတာကြိုက်တယ်လေ ။ အဲဒါကြောင့်မင်းအတွက်တစ်ခုဝယ်လာတာ…”
” ဪ… အဲဒါက ဈေးကြီးမဲ့ပုံပဲ ငါမယူချင်ပါဘူး.”
” ငါတို့နှစ်ယောက်ကြားက ဈေးကြီးတာ မကြီးတာတွေလိုလို့လား… ”
” မသိဘူးလေ ငါက သူများဆီက ဈေးကြီးတာတွေမယူချင်ဘူး ”
ဟိန်းထက် စိတ်မကောင်းစွာ သက်ပြင်းချမိသည်။ နွေဦးသည် ဖြူစင်ရိုးသား၍ပွင့်လင်းသူပီပီ သူလက်ဆောင်ပေးသမျှကို ထိုကဲ့သို့စိစစ်ယူတတ်၏။
” ငါက သူများလား ”
” ငါမဟုတ်ရင် တခြားသူပဲလေ။ တခြားသူဆိုတော့ သူများပဲပေါ့ ။ ”
ဟိန်ထက်က ခေါင်းတဆတ်ဆတ်ညိတ်၏။ နွေဦးပြောတော့လည်း ဟုတ်သလိုလိုရှိလှသည်။ သို့သော် သူသည်နွေဦးအတွက် တခြားသူဆိုလျှင်တောင် တခြားသူများနှင့်မတူသည့် တခြားသူဖြစ်ချင်မိ၏။
နွေဦးသည်ကား ကုက္ကိုစေ့ထွင်စားရင်း သူပေးသည့်စာအုပ်များကို စိတ်ဝင်တစားကြည့်နေလေသည်။ စာအုပ်တွေကိုတော့ သဘောကျပုံရသည်ဖြစ်၍ ဟိန်းထက်ကျေနပ်ပါ၏။
” ယပ်ခတ်ပေးရမလား…”
” အေး ကောင်းတာပေါ့…”
ဟိန်းထက် ရယ်လိုက်မိပြီး ဖိနပ်ချွတ်လို့ ကွပ်ပျစ်ပေါ် တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။ ထို့နောက် စာအုပ်တွေလှန်လောဖတ်ကြည့်နေသည့်နွေဦးအား ယပ်ခတ်ပေးနေလိုက်၏။
တကယ်တမ်း သည်စာအုပ်များနှင့် MP4 လေးပေး၍ နွေဦးကို ပြောစရာလေးရှိခဲ့တာဖြစ်သည်။ သို့သော် သင်္ကြန်ပြီးမှသာ ပြောတော့မည်ဟု ဟိန်းထက် ရည်ရွယ်လိုက်တော့၏။
သည်နှစ်သင်္ကြန်ကိုတော့ နွေနှင့်ကောင်းကောင်းမွန်မွန်ဖြတ်သန်းချင်သေး၍…..
~~~~~
” နွေ ဘယ်လဲ ”
မနက်စောစောကတည်းက နွေဦးတို့အိမ်ဘက်သို့ချောင်းနေသည့်ဟိန်းထက်သည် နွေဦး အိမ်ထဲမှထွက်လာသည်နှင့် အပြေးအလွှားလေးမေးလာ၏။
” မရမ်းသီးသွားခူးမလို့ ”
ခေါင်မိုးတွင်ချိတ်ထားသည့် ခါးမောက်အား ခြေဖျားထောက်ယူရင်း နွေဦးကဖြေသည်။
” ငါလည်းလိုက်မယ်လေ ”
” လိုက်ပေါ့…”
နွေဦးက ခါးမောက်လေးဆောင်းလိုက်ပြီးနောက် ဟိန်းထက်အတွက်ပါ ခါးမောက်တစ်လုံးဖြုတ်၍ ကမ်းပေးသည်။ ထို့နောက် ကုန်းထိပ်ရှိ အန်တီညိုတို့အိမ်သို့ နှစ်ဦးသားချီတက်သွားတော့သည်။
” မင်း ဘာယူမှာလဲ ”
” မရမ်းသီးယူမှာလေ…”
ဟိန်းထက်၏အစမရှိအဆုံးမရှိမေးသည့်မေးခွန်းအား နွေဦးဖြေသည်မှာ မျက်မှောင်လေးကြုတ်လို့။ ဟိန်းထက်က ရယ်၍ …
” ငါပြောတာ Eco ယူမှာလား Bio ယူမှာလားမေးတာ ”
” ဪ မစဉ်းစားရသေးဘူး။ နေအုံး ဟိုမှာဓားလှီးရေခဲချောင်းသည်ပဲ။ မင်းမှာပိုက်ဆံပါလား…”
ခပ်လှမ်းလှမ်းမှ ခေါင်းလောင်းသံတခြွင်ခြွင်နှင့်လာနေပြီဖြစ်သည့် ဓားလှီးရေခဲချောင်းသည်ကို နွေဦးက လှမ်းမြင်ရှာသည်။ ဟိန်းထက်ကလည်း ပိုက်ဆံထုတ်ပေး၏။
” မင်းရောစားမှာလား ”
” အေး စားမယ် ”
” ဦးလေးကြီး ရပ် ရပ် ”
အနားသို့မရောက်သေးသော်လည်း နွေဦးက လက်တကာကာနှင့်လှမ်းအော်သည်။ ဓားလှီးရေခဲချောင်းသည်ဦးလေးကြီးမှ စက်ဘီးဘရိတ်ကိုညှစ်၍ ကျွီခနဲရပ်သည့်အခါ နွေဦးက အနားသို့တိုးသွား၏။
” ဦးလေး ၂ ချောင်းပေး…”
” သားမို့လို့ ပိုပိုသာသာလေးလှီးပေးလိုက်တယ် ”
တွေ့တိုင်းဝယ်စားနေကျဖြစ်ပြီး သူတို့ကျောင်းရှေ့တွင်လာရောင်းတိုင်းဝယ်စားနေကျဖြစ်၍ ထိုဦးလေးကြီးနှင့်နွေဦးမှာ ဘော်ဒါတွေလိုဖြစ်နေသည်။
နွေဦးမှာ စကားကိုညင်ညင်သာသာမဆိုတတ်သော်လည်း စိတ်ဖြူ၍ လူချစ်လူခင်ပေါပေ၏။
” ကျေးဇူးပါဗျ ”
စိတ်လိုလက်ရပြုံးသည့် နွေဦးအပြုံးသည်တောက်ပနေပေသည်။ သူစိမ်းများအား လွယ်လွယ်ပြုံးရယ်ပြတတ်သည့်နွေဦးသည် သူ့အရှေ့တွင် ထိုသို့ပြုံးရယ်ခဲ၍ ဟိန်းထက် နည်းနည်းဝမ်းနည်းသွား၏။ သူကိုက နွေဦးယံကိုခင်နေတော့လည်း ဘာမှမတောင်းဆိုရဲပေ။
” စားလို့ကောင်းလိုက်တာ…”
” မင်း ငါ့ကိုကျမမေးဘူးလား…”
” ဘာမေးရမှာ…”
နွေဦးက ဓားလှီးရေခဲချောင်းကိုကိုက်ရင်း ဟိန်းထက်ကိုကြည့်၍ နားမလည်သလိုမေးလေသည်။
” ငါ Eco ယူမှာလား Bio ယူမှာလားလို့လေ ”
” ငါသိစရာမှမလိုတာ…”
” နွေကတော့…”
” ငါပြောတာမှားလို့လား မင်းဘာသာမင်း ဘာယူယူလေ ”
” မင်း… မင်းငါ့ကိုတကယ်ခင်ရောခင်ရဲ့လား နွေ…”
” ခင်တယ်လို့ရော ပြောဖူးလို့လား…”
” အေးပါ ငါနားလည်ပါပြီ။ ငါ အိမ်ပြန်တော့မယ်…”
ဟိန်းထက်က မျက်နှာအပျက်ပျက်နှင့် ချာခနဲလှည့်ထွက်သွားလေသည်။
” ဟေ့ကောင် ဘာဖြစ်သွားတာလဲ …”
အော်မေးသော်လည်း လှည့်မကြည့်။
နွေရိပ်မှာ ဓားလှီးရေခဲချောင်းစားရင်း ကြောင်တောင်တောင်လေးကျန်ခဲ့လေသည်။
တစ်ခါတလေ သူ ဟိန်းထက်ကို လုံးဝနားမလည်။
” ကြောင်တောင်တောင်နဲ့…”
~~~~~~
” နွေဦးယံ ! ”
ခြံထဲဝင်ဝင်ချင်း မာတာမိခင်၏အော်ခေါ်သံကြောင့် နွေဦးဇက်ကလေးပုသွားလေသည်။
” သားဟိန်းရော ။သွားတုန်းက အတူတူမလား…”
” ဪ မွေးမိခင်တို့များ ကိုယ့်သားကျ စိမ်းစိမ်းကားကား နွေဦးယံတဲ့။ သူများသားကျ သားဟိန်းတဲ့။ အမေ သားကို ဟိုလမ်းထိပ်က စိန်ပန်းပင်နားက မြောင်းထဲကကောက်ရတာမလား…”
ငါးခြောက်လှန်းနေသည့်ဒေါ်သီတာသည် စကားတတ်သည့်သူ့သားနွေဦးကို ငါးခြောက်နှင့်လှမ်းရွယ်သည်။ ပြီးမှ ‘ နင့်ကိုပစ်လည်း ငါ့ငါးခြောက်ပဲဆုံးမှာ ‘ ဟုဆို၍ ငါးခြောက်တွေဆက်လှန်နေလေသည်။
“နင် သားဟိန်းကို ငေါက်ထုတ်လိုက်တယ်မလား။ သွား သွားပြန်ခေါ်ခဲ့။ သူများက တစ်ခါတလေလေး လာလည်တာကို သည်းခံမှပေါ့။ နင်က နင့်စိတ်ချည်းပဲ…”
” အမေရာ သား ဘာမှလည်းမလုပ်ရပါဘူး”
” မလုပ်ဘဲနဲ့ သားဟိန်းက သူ့ဘာသာပြန်လာမလား။ နင့်ကို ဒီလောက်ခင်တာ ”
သူ့အမေပြောသည်မှာမှန်နေ၍ နွေဦး ဘာမှဆက်မပြောတော့ပေ။ ဟိန်းထက်က သူ့ကိုခင်တာတော့ အမှန်တရားဖြစ်သည်။
” ဟဲ့ သွားခေါ်လို့ဆိုနေမှ”
” လက်ဗလာနဲ့မသွားချင်လို့ဗျ မရမ်းသီးသုပ်ပြီးမှ သွားခေါ်မယ် ”
နွေဦး အိမ်ပေါ်တက်သွားသော် နွေဦး၏အမေမှာ ‘ အမယ်လေး မခင်ဘူး မခင်ဘူးနဲ့ ‘ ဟု နွေဦးကြားအောင် တမင်အော်ပြော၍ ကျန်ခဲ့လေသည်။
~~~~~
” ကြီးဆွေ ဟိန်းထက်ရော ”
နွေဦး အိမ်ရှေ့တံစက်မြိတ်သို့ဝင်သွားချိန်တွင်
ကြီးဆွေမှာ ဆန်ရွေးနေလေသည်။ နွေဦးကိုမြင်သည့်အခိုက် ခပ်ပြုံးပြုံးနှင့်…
” နောက်ဖေးမှာ စာအုပ်ဖတ်နေတယ်ထင်တယ် ”
” ဒါ ကြီးဆွေအတွက် မရမ်းသီးသုပ် ။ သား ဟိန်းထက်ဆီသွားလိုက်အုံးမယ် ”
နွေဦးက လက်တစ်ဖက်စီတွင်ကိုင်လာသည့်ပန်းကန်ထဲမှ တစ်ပန်းကန်ကို ကြီးဆွေရှေ့ရိုရိုသေသေချပေးခဲ့ပြီး နောက်ဖေးသို့ထွက်လာလိုက်သည်။
အိမ်နောက်ဖေးရှိကံ့ကော်ပင်အောက်တွင်ထိုင်ခုံတစ်လုံးနှင့်စာထိုင်ဖတ်နေသည့်ဟိန်းထက်သည် အေးအေးလူလူရှိလှသည်။
” ဟေ့ကောင် မရမ်းသီးသုပ်စားမယ် စားပွဲခုံသွားယူ ”
အနားသို့ရောက်သည်နှင့် ဟိန်းထက်ပေါင်ကို တစ်ချက်ရိုက်၍ခိုင်းသည့်နွေဦး။ နွေဦးသည် သူ့ဆီကို ယခုကဲ့သို့လာသည်မှာ ရှာမှရှားဖြစ်၍ ဟိန်းထက်မှာ ကြောင်ကြည့်နေလေ၏။
” စားပွဲသွားယူလို့ ။ ကြောင်ကြည့်မနေနဲ့ ပန်းကန်ကိုင်ထားရတာညောင်းတယ် ”
” ဪ အင်းအင်း…”
ဟိန်းထက်က စာအုပ်ကိုပိတ်၍ထိုင်ခုံပေါ်တွင်ထားခဲ့ကာ အိမ်နောက်ဖေးအမိုးအောက်တွင်ထားထားသည့် ကော်စားပွဲခုံနှင့် ကော်ထိုင်ခုံလေးတစ်ခုံအားယူလာ၏။
” ထိုင် နွေ ”
” အေး… ရေနွေးရှိလား ”
” ရှိတယ် ယူပေးမယ် ”
စားပွဲခုံနှင့်ထိုင်ခုံအားနေရာတကျထားပြီးနောက် ဟိန်းထက်က နောက်ဖေးမီးဖိုချောင်တံခါးမှသည် အထဲသို့ဝင်သွားလေသည်။ တစ်ခဏအကြာတွင် ရေနွေကြမ်းအိုးနှင့်ရေနွေးပန်းကန်လုံးလေးများတင်ထားသည့် ရေနွေးပန်း(ဗန်း)လေးအားမ၍ ပြန်ထွက်လာ၏။
” မရမ်းသီးသုပ်က ရေနွေးကြမ်းလေးနဲ့မှလိုက်တာ ”
နွေဦးက ပြောရင်းဖြင့် ရေနွေးပန်းကန်များထဲသို့ ရေနွေးများငှဲ့ပေးသည်။ ထို့နောက် ဟိန်းထက်ရှေ့သို့တစ်ပန်းကန်ချပေး၏။
” စားလေ ငါကိုယ်တိုင်သုပ်လာတာ ရှယ်ကောင်းတယ် ”
မရမ်းသီးသုပ်တစ်ဇွန်းခပ်စားရင်း လက်မထောင်၍ဆိုပုံက နွေဦးယံပီသပါပေသည်။ သူ တမင်စနောက်၍ စိတ်မကောင်းဖြစ်သွားဟန်ဆောင်ကာထွက်လာခဲ့သော်လည်း နွေဦးမှ သူ့ဆီကို ယခုကဲ့သို့လာချော့သဖြင့် ဟိန်းထက်ပြုံးစိစိဖြစ်ချင်နေ၏။ သို့သော် စိတ်ကိုထိန်း၍ မျက်နှာကိုပုံမှန်ဖြစ်အောင်ထိန်းထားလေသည်။
ဟိန်းထက် မရမ်းသီးသုပ်တစ်ဇွန်းစားခိုက်တွင် လေဖြူးဖြူးလေးတိုက်ခတ်လာပြီး ကံ့ကော်ပန်းရနံ့မှာ သင်းလာလေ၏။
” ကံ့ကော်ပင်ကြီးရှိတော့ကောင်းလိုက်တာ…”
” မင်းလိုချင်ရင် ခူးပေးမယ်လေ ”
” ဘာလုပ်ဖို့လဲ ငါက ”
” မသိဘူးလေ…”
နွေဦးက မျက်နှာလေးမဲ့၍ခေါင်းခါသည်။ ထို့နောက် ကံ့ကော်ပင်ကိုတမော့ကြည့်ကြည့်လုပ်၍…
” ခူးပေးမလား မင်း…”
ဟိန်းထက်မှာ မအောင့်နိုင်တော့ဘဲ ထရယ်၏။ မလိုချင်သလိုလိုနှင့် ပန်းကြိုက်သည့်နွေဦးအကြောင်းကို သူသိပါသည်။
ထို့နောက် မရမ်းသီးသုပ်တစ်ဇွန်းခပ်စားပြီး ကံ့ကော်ပန်းခူးရန် ထသွားလိုက်သည်။ မရမ်းသီးသုပ်ပန်းကန်ထဲ အမှုန်တွေဝင်မှာစိုး၍ ကံ့ကော်ပင်၏အခြားတစ်ဖက်သို့သွား၍ ကံ့ကော်ပန်းခူးသည့်ဟိန်းထက်။
” ရော့…”
ဟိန်းထက်က ကံ့ကော်ပန်းလေးသုံးပွင့်အား နွေဦးထံသို့ကမ်းပေးသည်။ ထို့နောက် သူ့ထိုင်ခုံလေးတွင်ဝင်ထိုင်၏။
” အဲဒီတစ်ပွင့်က ဘယ်သူ့ပေးဖို့ယူထားတာတုန်း ”
ဟိန်းထက်လက်ထဲတွင်ကျန်နေသေးသည့်ကံ့ကော်တစ်ပွင့်အား နွေဦးက လက်ညှိုးထိုး၍ မေးသည်မှာ မကျေနပ်သည့်ဟန်။
” မင်းကို ပန်ပေးမလို့ ”
အပြောနှင့်အလုပ်ညီစွာ ဟိန်းထက်က နွေဦး၏ညာဘက်နားရွက်လေးကြားသို့ ကံ့ကော်ပန်းလေးပန်ပေးလေသည်။
ရုတ်တရက်ကြောင်သွားသည့်နွေဦး ဘာမှပြန်မပြောနိုင်ဘဲရှိစဉ်တွင် ဟိန်းထက်က အခွင့်အရေးကိုအမိအရဆုပ်ကိုင်၍ ဘောင်းဘီအိတ်ထဲမှ MP4 ကိုထုတ်လို့ ဓာတ်ပုံရိုက်ပစ်လေ၏။
” ဘာလုပ်တာလဲ မင်း…”
” အမှတ်တရလေ မင်းကို အလွမ်းပြေကြည့်ဖို့…အ! ”
အပြုံးတစ်ဝက်နှင့်ဆိုသည့်ဟိန်းထက်မှာ နွေဦး၏ဇွန်းစာမိသွားလေသည်။
” ငါက ပန်းပန်စရာလား ခွေးကောင် မင်းပဲပန် ”
မကျေမနပ်ဆို၍ ဟိန်းထက်ကို နောက်တစ်ချက်ထပ်ခေါက်သည့်နွေဦးသည် သူ့ညာဘက်နားကြားမှ ကံ့ကော်ပန်းကိုယူ၍ ဟိန်းထက်၏ညာဘက်နားမှာ ပန်ပေး၏။
လုပ်ချင်ရာလုပ်ရလျှင်ပျော်သည့်နွေဦးသည် သူပန်းပန်ပေးသည်အားငြိမ်ခံသည့်ဟိန်းထက်ကို ပြုံးစိစိဖြင့်ကြည့်သည်။
” မင်းနဲ့မှ ပိုလိုက်တာသိလား ”
ဇွန်းစာထပ်မိမည်အား စိုးရိမ်သည့်ဟိန်းထက်သည် ကံ့ကော်ပန်းကိုနားရွက်မှမဖယ်ရဲပေ။ တောင့်တောင့်ကြီးနှင့် ရေနွေးကောက်သောက်၏။
နွေဦးက ကျေနပ်စွာဖြင့် ဟိန်းထက်လက်ထဲမှ MP4 ကိုယူသည်။ ထို့နောက် ပန်းပန်ထားရ၍ ရှက်နေသည့်ဟိန်းထက်ကို ကင်မရာချိန်လိုက်၏။
” ဒီကိုကြည့်…”
ခေါင်းလေးငုံ့နေသည့်ဟိန်းထက်သည် နွေဦးအလိုကိုလိုက်၍ မျက်လုံးလေးဝင့်၍သာကြည့်လေသည်။ ထိုသို့သောဟိန်းထက်၏ကံ့ကော်ပန်းပန်ထားပုံလေးကို အမိအရရိုက်လိုက်နိုင်သည့် နွေဦး၏နှုတ်ခမ်းတွင် ပီပြင်သောအပြုံးတို့ကရှိနေလေသည်။
” လှတယ်…”
နွေဦးက ရိုးရိုးသားသားနှင့် ပွင့်လင်းစွာဆိုလိုက်သော်လည်း ဟိန်းထက်မှာ ရှက်ရမ်းရမ်း၍ မရမ်းသီးသုပ်များကိုသာ တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေလေတော့သည်။
22.3.24Fri
Love,KoKo