အမြဲတမ်း နွေ 2 ဇာတ်သိမ်းပိုင်း
အမြဲတမ်း နွေ
အပိုင်း (၂) ဇာတ်သိမ်း
တစ်နှစ်တစ်ခေါက်တော့ အရောက်လာမယ်
မိန်းမချောလေးရယ် ×××× ပိတောက်ပွင့်တဲ့ ရက်ကိုလေ တွေး ဆွေးမိတယ် ××× အပြုံးကလေးနဲ့ မသိသလိုကွယ် လှမ်းသွားရက်တယ် ×××တစ်နှစ်တစ်ယောက်မို့ မောင့်ကိုလေ ခွဲခွာတာလား ×××
သီချင်းကြိုက်သူ နွေဦးသည် သင်္ကြန်အကြိုနေ့မနက်စောစောသာရှိသေးသော်လည်း သင်္ကြန်သီချင်းများထဖွင့်နေလေသည်။ တာဝန်အရ၊ ဆန္ဒအရ ပန်းပင်ရေလောင်းရင်းဖြင့် နွေဦးက သင်္ကြန်သီချင်းလိုက်ညဉ်းလို့ ခန္ဓာကိုယ်လေး တလှုပ်လှုပ်။
” နွေ… ”
မြူးနေသည့်နွေဦးသည် ဟိန်းထက်ကို မေးငေါ့ မျက်ခုံးပင့်၍သာ တုံ့ပြန်၏။
” မင်းကို ဘယ်သူမှရမလောင်းရသေးဘူးမလား..”
နွေဦးက ပန်းပင်ရေလောင်းနေရာမှ မော့ကြည့်သည်။ ဟိန်းထက်မှာ တစ်ဖက်မှရေပုံးလေးဆွဲ၍ လက်တစ်ဖက်တွင်ကား ရေခွက်လေးနှင့်။
” ဒီအချိန်ကြီး ဘယ်သူကများ ငါ့ကိုရေလောင်းမှာလဲ ”
” ဒါဆို ငါလောင်း…”
” ရပ် ”
ရေလောင်းရန် မြင့်တက်လာသည့်ရေခွက်ကလေးသည် လေထဲတွင်ရပ်သွား၏။
” ငါ အရင်လောင်းမယ် ”
ဟိန်းထက်လက်ထဲမှရေခွက်ကိုယူ၍ ဟိန်းထက်ပခုံးမှ ရေအရင်လောင်းချသည့်နွေဦး။ လုပ်ချင်တာလုပ်ရ၍ နွေဦးမျက်နှာသည် ပြုံးရွှင်နေလေသည်။
” ရော့ ငါ့ကို လောင်းလို့ရပြီ ”
ဟိန်းထက်မှာလည်း ကျေကျေနပ်နပ်ကြီးရေအလောင်းခံပြီးနောက် နွေဦး၏ပခုံးမှသည်ဖြည်းဖြည်းချင်းရေလောင်းလေသည်။ နှစ်စဉ်နှစ်တိုင်း နွေဦးကို သင်္ကြန်ရေဦးဆုံးလောင်းသူသည်သူဖြစ်ခဲ့သလို ယခုနှစ်လည်း သူဖြစ်ပေပြီ။
” မဏ္ဍပ်မှာ သွားဆော့အုံးမှာလား။ ”
” ဒီနေ့မသွားဘူး မနက်ဖြန်ညနေမှ ”
” ငါ့လည်းခေါ်အုံး…”
” အေး… ”
” ကြီးဆွေက အတက်နေ့ကျ မုန့်လုံးရေပေါ်ကျွေးမယ်တဲ့ ။ မင်းနဲ့ငါ မုန့်လုံးရေပေါ်အတူလုံးမယ်လေ။”
” အေး ”
ထုံးစံအတိုင်း နွေဦးရေလောင်းသည့်အနောက်သို့လိုက်၍ ရေခွက်လေးပိုက်လို့ ဟိန်းထက် စကားပြောသည်မှာ တတွတ်တွတ်။
” အန်တီသီတာ ဒီနေ့ဥပုသ်စစောင့်မှာလား ”
” မနက်ဖြန်မှသွားမယ်တဲ့ ကြီးဆွေရော ”
” ကြီးဆွေက သွားပြီလေ…”
” ဒါဆို အိမ်မှာ မင်းတစ်ယောက်တည်းလား ”
” ဟုတ်တယ် ။ ”
” ဒါဆို အိမ်မှာ ထမင်းလာစားလေ ”
” တကယ်…”
” တကယ်…”
နွေဦးက ကြည်ဖြူစွာထမင်းခေါ်ကျွေးနေ၍ ဟိန်းထက်မှာ မြူးတူးစွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်တော့သည်။ နွေဦးတို့အိမ်မှ သင်္ကြန်သီချင်းသံက ငြိမ့်ညောင်းစွာပျံ့လွင့်နေသည်။ မြေကိုရေစို၍ထွက်လာသည့်မြေသင်းနံ့ကလေးသည်လည်း သင်္ကြန်ကာလမှာ တစ်မျိုးတစ်ဖုံသင်းပျံ့နေပေ၏။ သည်နှစ်လည်း ပိတောက်ပန်းများ ခါတော်မီပွင့်ရန် မျှော်လင့်ပါ၏။
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ×××ကူးပြောင်းစ တန်ခူးလေမှာ ××××တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖျန်းပက်ကြစဉ်×××ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ××× ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ×××
~~~~~
သင်္ကြန်အကျနေ့တွင် နွေဦးရောဟိန်းထက်ပါ မနက်ပိုင်း ဘုန်းကြီးကျောင်းသို့လိုက်ရသည်။ ရှပ်အင်္ကျီအဖြူလက်ရှည်နှင့်ပုဆိုးကို သပ်ရပ်စွာဝတ်ဆင်လိုက်သည့် နွေဦးနှင့်ဟိန်းထက်သည် လူပျိုပေါက်အရွယ်ရောက်နေပြီဖြစ်သည့်အလျောက် ချောမောနေပေ၏။
ကိုယ့်အိမ်မှ ဆွမ်းချိုင့်ကိုယ်စီဆွဲ၍ ထွက်လာကြသည့် နွေဦးနှင့်ဟိန်းထက်သည် ဒေါ်သီတာနှင့်ကြီးကြီးဆွေနောက်မှလိုက်၍ ဘုန်းကြီးကျောင်းသို့လိုက်ရလေသည်။ နွေဦးသည် မလိုက်ချင်ဘဲလိုက်လာရပါသော်လည်း ဟိန်းထက်ကတော့ စိတ်ပါလက်ပါလိုက်လာခြင်းဖြစ်လေသည်။ ထို့ကြောင့် နွေဦးမျက်နှာမှာအနည်းငယ်စူပုတ်နေပေ၏။
” နွေ…”
” ဘာတုန်း…”
စိတ်မကြည်သည့်နွေဦးသည် စကားထွက်လည်းမကြည်လင်ပေ။
” ငါတို့တရားနာပြီးတာနဲ့ပြန်ကြမယ်လေ…”
” အမေက မရဘူးတဲ့ ”
” ငါပြောပေးမယ် ”
နွေဦးက သူ့ထက်ခေါင်းတစ်လုံးလောက်ပိုမြင့်သည့်ဟိန်းထက်ကို ခေါင်းလေးစောင်းကြည့်၏။
” တကယ်လား…”
” အေးပေါ့ကွ ”
အိမ်မှထွက်လာကတည်းက စူပုတ်ပုတ်ဖြစ်နေသည့်နွေဦးသည် မျက်နှာလေးဝင်းပသွားလေသည်။
ဟိန်းထက်သည် နွေဦး၏ဆန္ဒကို မဖြစ်ဖြစ်အောင်ဖြည့်ဆည်းပေးသည်။ တရားနာပြီး၍ ဘုန်းကြီးဆွမ်းကပ်ရန်ပြင်ဆင်ကူညီပေးပြီးသည့်နောက် ဟိန်းထက် ဗိုက်နာနေလို့ဟူသောအကြောင်းပြချက်ဖြင့် နှစ်ဦးသား အိမ်သို့သုတ်ခြေတင်ခဲ့ကြလေသည်။
အိမ်ရောက်သည်နှင့် စွပ်ကျယ်နှင့်ဂျေဂျေဘောင်းဘီးအားချက်ချင်းလဲဝတ်လာသည့် နွေဦးသည် လမ်းထိပ်မဏ္ဍပ်သို့အပြေးအလွှားသွားချင်နေခြင်းဖြစ်ပေသည်။
” ဟေ့ကောင် အင်္ကျီမြန်မြန်လဲ။ ရှိုးထုတ်မနေနဲ့သိလား ဒီရွာထဲကလူချည်းပဲ။ ”
တီရှပ်ဝတ်နေရင်း အိမ်ခန်းထဲမှထွက်လာသည့်ဟိန်းထက်သည် ဘာမှမဆိုပေ။ ထို့နောက် နှစ်ဦးသား လမ်းထိပ်မဏ္ဍပ်သို့ သုတ်ခြေတင်ရပြန်သည်။ ဘုန်းကြီးကျောင်းသွားသူကသွား လမ်းထိပ်မဏ္ဍပ်တွင် ရေကစားသူက,ကစားဖြစ်၍ ရွာထဲတွင်လူအတော်ရှင်းနေပေ၏။
” တော်သေးတယ်ကွ ကျန်သေးတာပဲ ”
ခပ်လှမ်းလှမ်းတွင်မြင်နေရသည့်မဏ္ဍပ်၌ မုန့်လုံးရေပေါ်များလှမ်းတွေ့နေရသေး၍ နွေဦးကမြူးသွား၏။ နွေဦးတို့နှစ်ယောက်လာနေသည်အားမြင်သည့်မဏ္ဍပ်တွင်းမှကလေးများသည် ကိုယ်စီရေခွက်လေးများအားရေအပြည့်ခပ်၍ ပြေးလောင်းကြတော့သည်။
” တော်ပြီ တော်ပြီ တော်တော့ …”
ကလေးပေါက်စများနှင့် နွေဦး၏သူငယ်ချင်းများအကုန်နီးပါးဝိုင်းလောင်း၍ နွေဦးတို့နှစ်ယောက်မှာ ရေအတော်စိုသွားလေသည်။ နွေဦးသည် ရွာထဲတွင် လူချစ်လူခင်များသလောက် ဘယ်သူ့ကိုမဆိုငေါက်တတ်၍ နွေဦး ရိုက်မည်ဟုရွယ်မှသာ ရေထပ်ခါထပ်ခါလောင်းသည့်ကလေးများမှာ မဏ္ဍပ်အတွင်းသို့ ပြန်ဝင်သွားကြတော့၏။
နွေဦးနှင့်ဟိန်းထက်သည် ရေစိုသွားသည့်ဆံပင်များကို သပ်တင်၍ မုန့်လုံးရေပေါ်ကျွေးသည့်အနားသို့လျှောက်သွားလိုက်သည်။ သည်နေရာသို့ထွက်လာလျှင် စိုမယ်မှန်းသိ၍ နွေဦးက အင်္ကျီအစုတ်ကလေးရွေးဝတ်လာခြင်းဖြစ်၏။ သင်္ကြန်တွင်း အိမ်အပြင်ထွက်လျှင် ရေခဏခဏစို၍ အင်္ကျီခဏခဏလဲရသဖြင့် ရေထွက်ဆော့ချိန်မှလွဲရင် နွေဦးက အိမ်တွင်းပုန်းလုပ်တတ်သည်။ ယခုမှာ မုန့်လုံးရေပေါ်စားချင်လွန်း၍ ထွက်လာခြင်း။
” ဟော… သားနွေတို့ပါလား လာလာ မုန့်လုံးရေပေါ်လာစား ”
” စားဖို့လာတာဗျ ဟီးဟီး ”
ဖော်ဖော်ရွေရွေနှင့်ခေါ်ကျွေးသည့်အဒေါ်ကြီးအား ပခုံးလေးတွန့်လို့ဆိုသည့် နွေဦး။ထို့နောက် မုန့်လုံးရေပေါ်နှစ်ပန်းကန်ယူလာပြီး လွတ်နေသည့်စားပွဲခုံတွင် ဟိန်းထက်နှင့်အတူထိုင်လိုက်သည်။
ဘုန်းကြီးကျောင်းမှလော်စပီကာဖြင့်ဖွင့်ထားသော သင်္ကြန်သီချင်းများမှာမြူးမြူးကြွကြွ။ သူတို့လမ်းထိပ်တွင်မဏ္ဍပ်တည်ထားခြင်းဖြစ်ပြီး ကားလမ်းမကြီးမှ သွားလာသမျှကား၊လူအကုန်လုံးကို ရေပက်လို့ရနိုင်၍ လူစည်လှပေသည်။
” နွေဦး လာဆော့ပါလား…”
ကျောင်းနေဖက်သူငယ်ချင်းတစ်သိုက်မှ လှမ်းခေါ်သော် နွေဦးမှာ မုန့်လုံးရေပေါ်ပလုတ်ပလောင်းဝါး၍ လက်ခါပြ၏။ ထို့နောက် အသည်းအသန်မျိုချကာ…
” ညနေမှလာတော့မယ် ” ဟု ပြန်အော်လေသည်။
နွေဦး၏သူငယ်ချင်းများမှာ အိုကေဟုလက်ထောင်ပြ၍ သီချင်းအတိုင်းလိုက်ကရင်း ဆက်ဆော့နေကြတော့၏။
” နင်မယ် ဖြည်းဖြည်းစား…”
နွေဦးကျောပြင်လေးကိုပွတ်ပေးပြီး ဟိန်းထက်က ရေလည်းထခပ်ပေးရှာသည်။ ရေစိုထားပြီး နေပူနေသော်လည်း ဟိန်းထက်၏မျက်နှာလေးမှာ ကြည်လင်ဝင်းပဆဲဖြစ်သည်။ အပျိုဖော်ဝင်စမိန်းကလေးများသည်ဟိန်းထက်ကို တငေးငေး။
နွေဦးမှာ ထိုအခြင်းအရာအားရိပ်မိသဖြင့် မုန့်လုံးရေပေါ်စားနေရာမှ မီးဖိုအနားသို့ထသွား၏။ ထင်းမီးဖြင့်မုန့်လုံးရေပေါ်လုပ်နေသည်ဖြစ်ရာ ဘေးတွင်ပြန့်ကျဲနေသည့်မီးသွေးခဲအား ခပ်တည်တည်ပင်ကောက်လာသည့်နွေဦးက လက်နှစ်ဖက်လုံးကို မီးသွေးခဲများခြစ်ချ၍ ဟိန်းထက်၏ပါးနှစ်ဖက်စလုံးကို ပွတ်ချလိုက်လေသည်။
နွေဦးဘာလုပ်လုပ်ငြိမ်ခံသည့်ဟိန်းထက်သည် ရယ်နေသော်လည်း ဘာလို့များသူ့မျက်နှာကိုအိုးမဲသုတ်သလဲနားမလည်။
” လက်ပေသွားလို့ မကိုင်ချင်တော့ဘူး ခွံ့ကျွေး ”
” ဟ…”
နှစ်ခွန်းမပြောရသည့်ဟိန်းထက်သည် မုန့်လုံးရေပေါ် ဂရုတစိုက်ခွံ့ကျွေး၏။ ဖြစ်ချင်တိုင်းဖြစ်ရသည့်နွေဦးသည် ခါးမတ်ရင်ကော့ခေါင်းမော့ကာဖြင့် မုန့်လုံးရေပေါ်အားရပါးရဝါးစားရင်း သူတို့နှင့်ရွယ်တူမိန်းကလေးတစ်သိုက်ရှိရာသို့ ဂုဏ်ယူစွာလှမ်းကြည့်လိုက်တော့သည်။
~~~~~
သင်္ကြန်အကြတ်နေ့ရောက်လေပြီ။
နွေဦး မျက်လုံးပွင့်ပွင့်ချင်း အိပ်ရာမှအမြန်ထ၍ အိမ်အောက်သို့ပြေးဆင်းလေသည်။ ထင်သည့်အတိုင်း ပိတောက်ရွှေဝါတွေဝေဆာစွာပွင့်နေသည့် အိမ်ရှေ့ပိတောက်ပင်အောက်၌ ဟိန်းထက်သည် ပိတောက်ပန်းတစ်ပွေ့တစ်ပိုက်နှင့်ရှိနေပေ၏။ မနေ့ညနေက ကဲထား၍ ပင်ပန်းနေသည့်နွေဦးသည် မနေ့ညက အိပ်ရာစောစောဝင်သွားခဲ့သည်။ တစ်ရေးနိုးသည့်အခါ မိုးသံတဖြောက်ဖြောက်ကြားရ၍ မနက်မိုးလင်းလျှင် ပိတောက်ပန်းများပွင့်တော့မည်မှန်း နွေဦး ရိပ်မိခဲ့သည်ပင်။
” ပိတောက်ပန်းတွေ ဘယ်သူ့ပေးဖို့တုန်း ”
ပိတောက်ပင်အောက်သို့ခပ်သွက်သွက်လျှောက်သွားသည့်နွေဦးသည် ပိတောက်ပင်ပေါ်ရှိပိတောက်ပန်းတွေကို သဘောတကျမော့ကြည့်ရင်း ဂရုမစိုက်သလိုမေးလေသည်။
” မင်းအတွက် ”
” ငါက ဘာလုပ်ဖို့လဲ။ ဒီမှာတစ်ပင်လုံးရှိတယ်လေ။ ”
ပိတောက်ပင်ကြီးကို လက်ညှိုးထိုးပြသည့်နွေဦးက ခပ်ချေချေ။ ဟိန်းထက်က တခုတ်တရပြုံး၍ နွေဦးလက်ထဲသို့ ပိတောက်ဦးပိတောက်ဖူးများထိုးထည့်ပေးလေသည်။
” ဒီအတိုင်း မင်းကို ပိတောက်ပန်းပေးချင်လို့။ ”
နွေဦးသည် ကျေနပ်နေဟန်မပြသော်လည်း ပြုံးစိစိမျက်နှာပေးကိုမနည်းထိန်းနေ၏။ ပန်းတွေကိုသဘောကျသည့်နွေဦးသည် သူကယောက်ျားလေးတစ်ယောက်ဟူသော အကြောင်းပြချက်ဖြင့် သူ့စိတ်ကို ဖော်ပြလေ့မရှိပေ။ သို့သော် ဟိန်းထက်က အသေအချာသိ၏။ ထို့ကြောင့်ပင် နှစ်တိုင်း နွေဦးကို ပိတောက်ဦးများပေးမြဲဖြစ်သည်။ ပိတောက်ပင်တစ်ပင်လုံးပိုင်ဆိုင်ထားသူဖြစ်သော်လည်း နွေဦးမှာ ဟိန်းထက်ပေးသည့်ပိတောက်ပန်းများကို ယုယုယယပွေ့၍ သဘောတကျကြည့်နေလေ၏။
” မင်းက ပိတောက်ပန်းနဲ့လိုက်တယ် ”
နွေဦးသည် သူ့လက်ထဲမှပိတောက်ပန်းတစ်ခက်ချိုး၍ ဟိန်းထက်၏ညာဘက်နားတွင်ပန်ပေးရင်းဆိုလေသည်။ နွေဦးဘာလုပ်လုပ် အလုပ်ခံသည့်ဟိန်းထက်သည်လည်း နှုတ်ခမ်းပြန်မစေ့နိုင်ဘဲရှိလေ၏။
” နွေဦးအိပ်ရေ နိုးရင်လည်းလုပ်စရာရှိတာလုပ်လေ။ အဲဒီမှာ ဘာလုပ်နေပြန်တာတုန်း။ အရင်ဘဝက ပိတောက်ပင်များစောင့်ခဲ့ရသလားမသိပါဘူးဟယ်။ မိုးလင်းမိုးချုပ် အဲဒီပိတောက်ပင်အောက်ပဲသွားသွားပြီးတော့ ဘာလုပ်မှန်းမသိဘူး…”
အိမ်ပေါ်မှ ဒေါ်သီတာလှမ်းငေါက်သည့်အခိုက် နှစ်ယောက်လုံးဇက်ကလေးတွေပုသွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လို့ရယ်မိကြသည်။
” သွားတော့ ပြီးကျ ဘုန်းကြီးကျောင်းသွားမှ တွေ့ကြတာပေါ့ ”
ဟိန်းထက်ကဆိုသော် နွေဦးက ခေါင်းတဆတ်ဆတ်ညိတ်၍ အိမ်ပေါ်သို့တက်သွားလေသည်။ ဟိန်းထက်သည်လည်း ဘုန်းကြီးကျောင်းသွားရန်အတွက်ပြင်ဆင်ရန် အိမ်သို့ပြန်ခဲ့လိုက်တော့၏။
~~~~~
နွေဦးနှင့်ဟိန်းထက်သည် မနက်ပိုင်းဆိုလျှင် ဘုန်းကြီးကျောင်းကို လူကြီးများနှင့်လိုက်သွား၍ ညနေဆိုလျှင် လမ်းထိပ်မဏ္ဍပ်၌ရေသွားဆော့ကြသည်မှာ အတက်နေ့ပင်ရောက်လေပြီ။ ယနေ့ ဘုန်းကြီးကျောင်းတွင် ကြီးကြီးဆွေတို့မှ အလှူလုပ်သည်ဖြစ်၍ နွေဦးနှင့်ဟိန်းထက် နှစ်ယောက်သားလစ်ထွက်၍မရတော့ပေ။ ဝိုင်းကူလုပ်ပေးကာ ဆွမ်းကပ်ပေးပြီး အလုံးစုံသိမ်းဆည်းပြီးမှသာ နှစ်ယောက်သား အိမ်အတူပြန်ခဲ့ကြလေသည်။
ယနေ့သည် သင်္ကြန်အတက်နေ့ဖြစ်၍ ညနေလမ်းထိပ်မဏ္ဍပ်တွင် ရေသွားဆော့အုံးမည်ဖြစ်ပြီး ကြီးဆွေကလည်း မုန့်လုံးရေပေါ်ကျွေးအုံးမည်ဖြစ်၍ နွေဦးနှင့်ဟိန်းထက်သည် အိမ်မှာအရင်ဝိုင်းကူရသေးသည်။ မဏ္ဍပ်တွင်သွားမကျွေးဘဲ အိမ်မှာသာကျွေးသည်ဖြစ်၍ ညနေအထိမကုန်လျှင် သင်္ကြန်နောက်ဆုံးရက် ရေမဆော့ရမှာကြောက်သည့် နွေဦးတို့နှစ်ယောက်မှာ မုန့်လုံးရေပေါ်အမြန်လာစားကြရန် မိုက်ဖြင့်အော်ရန်ကြံလေ၏။
ထိုအကြံမှာ နွေဦး၏အကြံဖြစ်သော်လည်း ဟိန်းထက်က အစအဆုံးကူညီပေးသည်။ အသံခပ်ဝေးဝေးအထိရောက်လေအောင် အိမ်ပေါ်မှ sound box ကို အိမ်ရှေ့အထိချလာသည့်ဟိန်းထက်သည် နွေဦး မိုက်နှင့်အော်နိုင်ရန် အစအဆုံးအကုန်လုပ်ပေး၏။ ပြောမနိုင်တော့သည့်လူကြီးများသည်လည်း သူတို့နှစ်ယောက်ကို လွှတ်ထားလိုက်ရတော့သည်။
” ဟယ်လို ဟယ်လို တက်စတင်း 1 2 3 ဟယ်လို အသံနည်းနည်းထပ်ချဲ့လိုက်အုံး ဟေ့ကောင် ”
ဟိန်းထက်က အသံကိုအဆုံးအထိချဲ့ပစ်၏။
” ဟယ်လို ဟယ်လို…. ဘုရားကြီးရွာအတွင်းမှာရှိကြတဲ့လူကြီးမိဘ ၊လူပျိိုအပျို ၊ကလေးပေါက်စများခင်ဗျာ ။ ရွယ်လယ်မှာရှိတဲ့ ဒေါ်ဆွေဆွေတို့အိမ်မှာ မုန့်လုံးရေပေါ်စတုဒီသာတွေ အကြိုက်ကျွေးနေပြီဖြစ်ကြောင်း… ကြိုက်သလောက်လာရောက်သုံးဆောင်ကြပြီး အိမ်ကိုလည်းသယ်သွားလို့ရကြောင်း ကျွန်တော်နွေဦးယံက ရွာသူရွာသားများသိစေဖို့ အပင်ပန်းခံပြီး အော်ပေးတာပါခင်ဗျာ ။ မြန်မြန်ကုန်စေချင်လို့ မြန်မြန်လာစားကြပါလို့…”
နွေဦး၏အော်သံအား လူကြီးများမှာ ပွဲကျ၍တဟားဟားအော်ရယ်ကြလေသည်။ ဟိန်းထက်သည်ကား ထုံးစံအတိုင်း ဂုဏ်ယူစွာနှင့် လက်မထောင်ပြ၏။ နွေဦး၏မျက်နှာလေးမှာလည်း ဂုဏ်ယူစွာဖြင့် ပင့်ချီလို့နေလေသည်။
ထို့နောက် သင်္ကြန်သီချင်းဖွင့်ထားလိုက်ပြီး နွေဦးနှင့်ဟိန်းထက်မှာ မုန့်လုံးရေပေါ်များ ကြိုးစားပမ်းစားလုံးတော့သည်။
~~~~~
” ဘာလိုလိုနဲ့ သင်္ကြန်ပြီးပြန်ပြီပဲ ”
မိုးချုပ်နေပြီဖြစ်သော်လည်း လရောင်နှင့်လင်းနေသည့် ပိတောက်ပင်အောက်ရှိကွပ်ပျစ်လေး၌ နွေဦးနှင့် ဟိန်းထက်သည် သက်သောင့်သက်သာ လှဲနေကြလေသည်။
” ဒါနဲ့ မင်း ဘယ်တော့ပြန်မှာလဲ ”
ဟိန်းထက်က ပက်လက်လှန်နေရာမှ နွေဦးဘက်သို့ တစောင်းလေးပြောင်းလှဲ၏။
” နောက်အပတ်ပြန်မှာ… ”
” ဪ…”
ညလေဖြူးဖြူးလေးတိုက်ခတ်သွားချိန်တွင် ပိတောက်ပန်းရနံ့များသင်းလာ၏။ မျက်လုံးမှိတ်ထားသည့်နွေဦးအား ငေးနေမိပြီးနောက် ဟိန်းထက်က သက်ပြင်းလေးချသည်။
” နွေ… ”
” အင်း…”
” ငါလေ…”
“အင်း…”
ဟိန်းထက်မှာ ပြောရ,မပြောရဝေခွဲရခက်နေသော်လည်း နွေဦးမှာ ညလေညှင်းကိုခံယူလို့ မျက်လုံးများမှိတ်ထားဆဲဖြစ်သည်။ သင်္ကြန်နောက်ဆုံးရက်ဖြစ်၍ ဟိုဟိုသည်သည်မှသည် သင်္ကြန်သီချင်းများဖွင့်နေဆဲဖြစ်၏။
” ငါ… နောက်နှစ်မလာဖြစ်လောက်ဘူး…”
နွေဦးက မျက်လုံးဆတ်ခနဲပွင့်လာပြီး ဟိန်းထက်ကိုကြည့်လေသည်။ တစ်ခဏအကြာအကြည့်ချင်းဆုံသွားပြီးနောက် နွေဦးက ခေါင်းလေးကို ဟိန်းထက်နှင့်ဆန့်ကျင်ဘက်သို့စောင်းလှဲ၏။
” မလာတော့လည်း တစ်ယောက်တည်းအေးဆေးနေရတာပေါ့…”
နွေဦးအသံကခပ်တိုးတိုး။ မှောင်နေ၍ နွေဦးမျက်ဝန်းများကို အသေအချာမမြင်လိုက်ရသော်လည်း သူနားလည်နိုင်သည့်အတိုင်းအတာတစ်ခုကိုကျော်လွန်နေသည့်အရိပ်အယောင်များကို နွေဦး၏မျက်ဝန်းထဲမှာ ဟိန်းထက်ဖတ်လိုက်မိပါ၏။
” ၉ တန်းပြီးရင်က တစ်ပတ်ပဲနားပြီး ကျူရှင်ဆက်တက်ရတော့မှာလေ အဲဒါကြောင့်…”
” မသိချင်ပါဘူး…”
နွေိဦး၏အသံမှာ အရင်လိုတက်ကြွမနေပေ။ တိုးဖျော့သည့်အသံများ၏အဓိပ္ပာယ်သည် သူထင်သလိုဖြစ်ပါစေဟု ဟိန်းထက်မျှော်လင့်မိပါ၏။
နွေဦးသည် ခံစားချက်များကိုမဖော်ပြတတ်သူ၊ စိတ်ရင်းမှန်ကိုမဖော်ပြတတ်သူဖြစ်၍။
” မင်း ငါ့ကိုသတိရနေမှာလား…”
” ဘာကိစ္စသတိရ,ရမှာတုန်း ”
ဆောင့်ဆောင့်အောင့်အောင့်အသံလေးကြောင့် ဟိန်းထက်ပြုံးလိုက်မိသည်။ နွေဦး၏ခေါင်းလေးမှာ ဟိန်းထက်ရှိရာသို့ပြန်မလှည့်ဘဲရှိနေသေး၏။
” ငါကတော့ သတိရနေမှာ…”
” မရနဲ့…”
” အဲဒါကြောင့်လေ မင်းငါ့ကိုလွမ်းရင် ဓာတ်ပုံလေးကြည့်ရအောင် MP4 လေးပေးခဲ့ချင်တာ…”
နွေဦးမှာ ဟိန်းထက်ဘက်သို့ ခေါင်းလေးသာစောင်းကြည့်လာလေ၏။
” ငါ မင်းကိုမလွမ်းပါဘူးဆိုနေ…”
” ငါတော့ လွမ်းနေမယ်ထင်တာပဲ… ”
နွေဦးက ပြောမနိုင်သည့်ပုံစံနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဟိန်းထက်ကိုကျောခိုင်းသွားလေသည်။ဟိန်းထက် တခုတ်တရပြုံးမိရင်း ဘောင်းဘီအိတ်ထဲရှိ MP4 လေးကိုထုတ်လိုက်ပြီး နွေဦးဘေးနားတွင်ချထားလိုက်သည်။
” ငါ ပြန်တော့မယ် အပြင်မှာအကြာကြီးမနေနဲ့အုံး…”
ဟိန်းထက်က ထိုမျှသာဆိုပြီး တစ်ဖက်ခြံသို့ပြန်သွားလေသည်။ အတန်ကြာမှ ခန္ဓာကိုယ်လေးပြန်လှည့်လာသည့်နွေဦးသည် နှာခေါင်းလေးရှုံ့၍ မျက်တောင်များတဖျတ်ဖျတ်ခတ်လေ၏။ ထို့နောက် MP4 လေးကိုယူလိုက်ပြီး ဟိန်းထက် သူ့ကိုမရမကသင်ပေးထားသည့်အတိုင်း လျှောက်နှိပ်ကြည့်မိသည်။
” တကယ်ပန်းနဲ့လိုက်တာပဲ…”
ရေရွတ်မိသည်က တိုးဖွဖွ။ ဟိုတစ်နေ့က သူကိုယ်တိုင်ရိုက်ပေးခဲ့သည့် ဟိန်းထက်၏ဓာတ်ပုံလေးတွင် ဟိန်းထက်မှာကံ့ကော်ပန်းနှင့်သိပ်လိုက်ဖက်နေပေ၏။
~~~~~
” ပျင်းလိုက်တာ ။ စာလည်းမကျက်ချင်တော့ဘူး…”
နွေဦးဖတ်စာအုပ်ကိုပိတ်ချလိုက်ပြီး ကွပ်ပျစ်ပေါ်လှဲချပစ်လိုက်သည်။ ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း အဝေးမှကြားနေရသည့်သင်္ကြန်သီချင်းသံက နွေဦးထံသို့ အလွမ်းဓာတ်တွေယူဆောင်လာပေးလေ၏။
××အိပ်မက်စေတမန် ညင်းသွဲ့ဝန်းရံလေသွေးပြန် ××× ဥဩတွန်သံကြားရသည်မှ နိုးထလာခဲ့ပြန်××× သြော် သင်္ကြန် အဖော်ကင်းပြန် ×××
တီးကြ ဆိုကြ ကကြရပေဦးတော့အမှန် ××× နှစ်အကူးရွှင်မြူးလေတဲ့သင်္ကြန် ×××
ကြားနေရသည့်သီချင်းသံကလည်း သူ့ကိုစောင်းဆိုနေသလိုလို။
” သင်္ကြန်က ဒီလောက်တောင်လွမ်းစရာကောင်းတာလား…”
နွေဦး ရင်ထဲမှလေးလေးပင်ပင်ခံစားချက်ကြီးအား
နာမည်တပ်လိုက်ရင်း ရေရွတ်မိသည်။ သင်္ကြန်ဟူသည် အလွမ်းဓာတ်ခံရှိသည့်အလျောက် အလွမ်းကိုလည်း နွေဦးခံစားတတ်နေလေပြီ။သည်နှစ်သင်္ကြန်က ဟိုကောင်မရှိရုံနှင့် သူ့အတွက်ပျင်းစရာကောင်းနေတာကလည်းမဖြစ်သင့်ဘူး။
” နွေဦးရေ ရေသွားဆော့ကြမယ် ”
ခြံရှေ့မှအော်ခေါ်နေသည့်သူငယ်ချင်းများအား နွေဦး ခေါင်းထောင်ကြည့်ပြီး လက်ခါပြလိုက်သည်။
သူ ဘယ်ကိုမှမသွားချင်ပေ။ သည်ပိတောက်ပင်အောက်တွင်နေ၍ ပိတောက်ပန်းပွင့်မည့်အချိန်ကိုသာထိုင်စောင့်နေချင်ပါ၏။
” မနက်ဖြန်ပဲ အတက်နေ့ရောက်ပြီကို မပွင့်သေးဘူး…”
နွေဦး သက်ပြင်းချလိုက်ပြီး ဖတ်စာအုပ်ကိုခေါင်းအုံးလိုက်သည်။ ထို့နောက် ဟိန်းထက် မနှစ်ကသင်္ကြန်တုန်းကပေးခဲ့သည့် MP4 လေးကိုဖွင့်လိုက်၏။ သူ့ပုံကို အလွမ်းပြေကြည့်ရန်ဟုဆို၍ ဟိန်းထက် ပေးထားခဲ့သော်လည်း သူ့ပုံမှာ ဆယ်ပုံလောက်သာပါပြီး ကျန်ပုံများမှာ နွေဦး၏ပုံရိပ်များသာဖြစ်လေသည်။
” ဘယ်အချိန်ပြန်ကြည့်ကြည့် ပိတောက်ပန်းနဲ့လည်းလိုက်တာပဲ … ”
မနှစ်က ဟိန်းထက်မပြန်ခင်တစ်ရက်တွင် သူအတင်းရိုက်ခိုင်းထားသည့်ဓာတ်ပုံလေး၌ ဟိန်းထက်သည် ပိတောက်ပန်းပန်ထားပေသည် ။ ပန်းပန်ရသည်အား အနေခက်လှသော်လည်း နွေဦးစကားဆိုလျှင် နာခံသည့်ဟိန်းထက်သည် ထိုပိတောက်ပန်းအား ကြည်ကြည်ဖြူဖြူပန်၍ ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်လေသည်။
” သူ့ကိုကြိုက်တဲ့သူတွေ များလောက်မှာပေါ့ ”
နွေဦး ဟိန်းထက်၏ပုံများအားကြည့်ရင်း ရေရွတ်မိသည်မှာ စိတ်ထဲမထားနိုင်လွန်း၍ဖြစ်သည်။
ထိုစဉ် မနှစ်က ဟိန်းထက် သူ့ကိုမေးဖူးသည်အား သတိရသွားလေသည်။ ” မင်း…ကျောင်းမှာ ရည်းစားစာအပေးခံရပြီလား…” ဟူသည့်မေးခွန်းသည် သူကပင် ဟိန်းထက်ကိုပြန်မေးသင့်သည့်မေးခွန်းဖြစ်ပေ၏။
” အိပ်တာပဲကောင်းတယ်…”
နွေဦး စိတ်ပေါက်ပေါက်နှင့် MP4 ကိုပိတ်လိုက်ကာ တစ်ရေးတစ်မောအိပ်ရန် မျက်လုံးများမှိတ်လိုက်တော့သည်။
~~~~~
” နွေ… ”
” နွေ…”
ဖြည်းဖြည်းအေးအေးခေါ်သံကြောင့် နွေဦးမျက်လုံးများပွင့်လာခဲ့သည်။ မျက်လုံးများစပ်နေသဖြင့် လက်နှစ်ဖက်နှင့်ပွတ်သပ်ကာ ထထိုင်မိသည့်နွေဦးသည် စိတ်နှင့်ကိုယ်မကပ်သေးပေ။
” နွေ…”
နွေဦး ခန္ဓာကိုယ်တောင့်သွားမိပြီး မျက်လုံးပါကျယ်သွား၏။ ဘေးသို့ကြည့်ခိုက်တွင် ဟိန်းထက်သည် သူ့ကိုပြုံးပြနေပေသည်။
” ဟိန်းထက် ”
ခေါင်းလေးစောင်း၍ မျက်မှောင်ကြုတ်လို့ခေါ်လာသည့်နွေဦးက ဟိန်းထက်ကိုအကြာကြီးစိုက်ကြည့်နေလေ၏။
” ဘာလာလုပ်တာလဲ ”
နွေဦးသည် ခေါင်းအုံးအိပ်ထားသည့်စာအုပ်ကိုယူလိုက်ပြီး MP4 ကိုလည်းယူလိုက်သည်။ ထို့နောက် ကွပ်ပျစ်အောက်မှာချွတ်ထားသည့်ဖိနပ်လေးကိုစီး၏။
” မင်းကိုသတိရလို့ … ”
နွေဦးက ဟိန်းထက်ကိုကြည့်၍ လုပ်ရယ်,ရယ်ပြသည်။ ထို့နောက် ” ကြက်သီးထစရာတွေ” ဟုဆိုပြီး ထိုနေရာမှ ထထွက်သွား၍ ဟိန်းထက်မှာ ခပ်ပြုံးပြုံးနှင့် အနောက်မှလိုက်ရပြန်၏။
” မင်း ရေသွားမဆော့ဘူးဆို ”
” ဘယ်သူပြောတာလဲ ”
” အန်တီသီတာပေါ့…”
နွေဦးက အိမ်ပေါ်သို့တက်သော် ဟိန်းထက်မှာ အနောက်ကလိုက်တက်ပြန်သည်။
” ဘာလို့ရေသွားမဆော့တာလဲ ။ ငါမရှိလို့လား…”
” စာကျက်မလို့လေ မမြင်ဘူးလား ။ ငါစာအုပ်ကိုင်ထားတယ်လေ…”
” ခေါင်းအုံးပြီးအိပ်နေတဲ့ဟာကို…”
နွေဦး ဆတ်ခနဲလှည့်ကြည့်ခိုက် ဟိန်းထက်ကဟီးခနဲရယ်ပြ၏။ နွေဦး၏အဲသည်ပုံစံလေးကို သူသတိရနေခဲ့ခြင်းဖြစ်သည်။
” စာကျက်ပြီး အနားယူတာလေ။ အဲဒီလောက်တောင်မသိဘူးလား… ”
စာအုပ်နှင့်ရွယ်ခိုက် ဟိန်းထက်ကမရှောင်ပေ။ ခပ်ပြုံးပြုံးနှင့် နွေဦးကိုသာ ကြည့်နေလေ၏။
” ဘာလာကြည့်နေတာလဲ ကိုယ့်အိမ်ကိုယ်ပြန် ”
စာကြည့်စားပွဲပေါ်တွင် စာအုပ်နှင့် MP4 လေးချလိုက်ပြီး နွေဦးက မီးဖိုချောင်ထဲသို့ဝင်သွားသည်။
ဟိန်းထက်က အနောက်မှ တကောက်ကောက်လိုက်ပြန်၏။
” ငါ ထမင်းမစားရသေးဘူး ကျွေးအုံး ”
” မကျွေးနိုင်ပါဘူး ။ ကိုယ့်အိမ်ကိုယ်ပြန်စားလေ။ ”
” ငါက သင်္ကြန်မှာမင်းနဲ့အတူရှိချင်လွန်းလို့ အိမ်ကို မရ,ရအောင်ပြောပြီးလာတာကို နည်းနည်းလောက်အလျှော့ပေးပါလား။ ”
အသနားခံသည့်မျက်နှာပေးလုပ်နေသည့်ဟိန်းထက်ကို နွေဦးက ဇလုံနှင့်ပိတ်ခေါက်လေသည်။ အသံမြည်သွားသော်လည်း ဖြည်းဖြည်းလေးခေါက်သည်ဖြစ်၍ ဟိန်းထက်မနာပေ။
” ကိုယ့်ဘာသာခူးစား…”
နွေဦးက ထိုမျှသာဆိုပြီး အိမ်ရှေ့စားပွဲသို့ထွက်လာခဲ့၏။ အနောက်မှ ထမင်းဟင်းခူးပြီးလိုက်လာသည့်ဟိန်းထက်သည် နွေဦးဘေးမှာဝင်ထိုင်၍ ထမင်းစားလေသည်။
” ညနေ ရေသွားဆော့ကြမလား…”
” မဆော့ဘူး ပျင်းတယ် ”
” ဒါဆို… ”
” စကားမများနဲ့ ထမင်းစား။ မင်းမရှိတာ နားကိုအေးနေတာပဲ ”
ဟိန်းထက်က ရယ်ချင်သည့်မျက်နှာအားထိန်းထားလေသည်။ နွေဦးက စိတ်ထဲမပါသည့်စကားတွေ သိပ်ပြော၏။
” မင်း စောနက MP4 ကိုဘေးနားမှာချထားတယ်လေ။ ငါ့ကိုလွမ်းလို့ ငါ့ပုံတွေကြည့်နေတာလား ”
နွေဦးက ဟိန်းထက်ကို စူးခနဲကြည့်ပြန်သည်။
ဟိန်းထက်ကတော့ နွေဦးကို စနောက်ချင်နေ၍ ပခုံးလေးသာတွန့်ပြ၏။
” ငါ့ပုံငါကြည့်တာပေါ့။ မင်းပုံကိုကြည့်စရာလား။ အဲဒီ MP4 ထဲမှာ မင်းပုံထက် ငါ့ပုံကပိုများနေတာလေ။ မင်းခိုးရိုက်ထားတာတွေ ”
ဟိန်းထက်က ပြုံးရုံသာပြုံးလေသည်။
သူခိုးရိုက်ထားတာကို သိစေချင်လို့ပေးခဲ့တာပဲဟာ။
” မင်း သင်္ကြန်ရေရောစိုပြီးပြီလား ”
” အကြတ်နေ့ပဲရောက်နေပြီဟာကို စိုပြီပေါ့။ ဟိုကောင်တွေ အိမ်ထဲဝင်ပြီး ရေအတင်းလောင်းသွားတာလေ ”
” ရေမစိုချင်လို့ အိမ်အပြင်မထွက်တာလား။ အရင်နှစ်တွေကျတော့ သွားဆော့ချင်နေပြီးတော့ ”
နွေဦးက သူ့ကိုဆောင်ကြည့်ပြန်သည်။ ထမင်းဝါးနေသည့်ပါးဖောင်းဖောင်းလေးကို သူဆွဲညစ်ချင်မိ၏။
” ပျင်းလို့မသွားတာလေ… ”
” ဪ….”
နွေဦးက သူ့ကိုမျက်စောင်းထိုးပြီးထထွက်သွားလေသည်။ သူမရှိလို့ နွေဦးရေထွက်မဆော့တာ ဟိန်းထက်သိသည်။နွေဦးနှုတ်မှ ကိုယ်တိုင်ပြောသည်အား သူကြားချင်သော်လည်း နွေဦးသည် သူ့ကိုဘယ်တော့မှ အမှန်တိုင်းပြောမလဲလေ။ ဘယ်ကိစ္စမှာသာမဆို ဆန့်ကျင်ဘက်တွေချည်းပြောတတ်သည့်နွေဦး။ တစ်ချိန်ချိန်မှာရော သူလိုချင်သည့်အဖြေကို ဆန့်ကျင်ဘက်ပေးလာဦးမည်လား။
~~~~~
သင်္ကြန်အတက်နေ့တွင် ဟိန်းထက်သည် နွေဦးတို့ပိတောက်ပင်အောက်၌ ပိတောက်ပန်းများပွေ့၍ စောင့်နေပြန်သည်။ မနက် ၈နာရီလောက်မှ အိပ်ရာနိုးလာသည့်နွေဦးသည်လည်း နိုးသည်နှင့်တစ်ပြိုင်နက် အိမ်အောက်သို့ပြေးဆင်းလာခဲ့၏။
ဝေဆာစွာဖူးပွင့်နေသည့်ပိတောက်ပင်ကြီးနှင့် ထိုပိတောက်ပင်အောက်တွင် ပိတောက်ပန်းတို့နှင့်အတူထိုင်နေသည့်ဟိန်းထက်။
နွေဦး ထိုပိတောက်ပင်အောက်သို့ ခပ်သွက်သွက်ဆိုသော်လည်း မမြန်လွန်းသည့်ခြေလှမ်းများနှင့်လျှောက်သွားလိုက်သည်။ သူ့ကိုမျှော်နေသည့်ဟိန်းထက်သည်ကား ပိတောက်ဦးများကမ်းပေးလေ၏။ သည်နှစ်သင်္ကြန်တွင် နွေဦးကို ရေဦးဆုံးလောင်းသူက သူမဖြစ်ခဲ့သော်လည်း ပိတောက်ဦးများပေးသူက သူဖြစ်ခဲ့၍ ဟိန်းထက် ကျေနပ်ပါ၏။
” ဟို… နေ့လယ်ကျ အိမ်ကလာခေါ်တော့မှာမို့လို့ ”
သူ့လက်တွင်းမှ ပိတောက်ပန်းများကိုသဘောတကျကြည့်နေရင်း နွေဦးက မျက်ဝန်းဝိုင်းများနှင့်မော့ကြည့်သည်။ ဟိန်းထက် အသက်မပါသည့်အပြုံးလေးသာပြုံးပြလိုက်မိပြီး နွေဦးကို အကြည့်လွှဲမိ၏။
” စာသေချာလုပ်နော်။ ”
” အင်း… ”
နွေဦးက ဟိန်းထက်ကိုမှာရင်း ပိတောက်တစ်ခက်ချိုးလိုက်သည်။ ထို့နောက် ဟိန်းထက်၏ညာဘက်နားရွက်ကြားတွင်ညှပ်ပေးရင်း…
” နောက်နှစ်ကျ စောစောလာခဲ့ ”
” အင်း… ”
” စောင့်နေမယ် ” ဟုမဆိုသော်လည်း နွေဦး သူ့ကိုစောင့်နေမည်ကိုသူသိပါသည်။ နွေဦးမျက်ဝန်းများထဲတွင် သူမြင်၏။
~~~~~
နောက်တစ်နှစ်ကုန်လို့ သင်္ကြန်အခါတော်ရောက်ပြန်ပေပြီ။
နွေဦးသည်လည်း ပိတောက်ပင်အောက်မှကွပ်ပျစ်လေးတွင် နေရာယူထားမြဲဖြစ်သည်။
” နွေ…”
အိပ်ပျော်နေသည့်နွေဦးသည် မလှုပ်မယှက်။ လက်မောင်းလေးကိုလှုပ်၍နှိုးသော်လည်း လှုပ်မလာပေ။
” နွေ…”
” နွေ…”
” သေချင်လို့ တနွေတည်းနွေနေတာလား…”
သူ့လက်ကိုရိုက်ထုတ်ရင်း ငေါက်လာသည့်နွေဦးသည် စိတ်ကောက်နေမှန်း ဟိန်းထက်သိသည်။
သို့သော် နွေဦး ဆူငေါက်သည်ကိုပင် သဘောကျလှသည့်သူသည် ထိုမျှနှင့်မရောင့်ရဲနိုင်သေးပေ။
” တနွေတည်းမနွေလို့ ငါက ဘာလုပ်ရမှာလဲ ”
” အိမ်ပြန်ပေါ့ ”
ဟိန်းထက် မထိန်းနိုင်စွာ ဖွီးခနဲထရယ်မိသည်။ မနှစ်က နွေဦး သူ့ကိုစောစောလာရန်မှာလိုက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိန်းထက် မနေ့ကသင်္ကြန်အကြိုနေ့ကမှရောက်လေသည်။ ညနေစောင်းအချိန်တွင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှ ယနေ့ ယခုအထိ နွေဦးသည် သူ့ကိုမျက်နှာချင်းမဆိုင်ပေ။ တွေ့တာနှင့် ပတ်ပြေးနေ၏။
” ငါက မင်းကိုသတိရလွန်းလို့လာတာကို အိမ်ပြန်ရမှာလား…”
” အေး ပြန် ”
နွေိဦးသည်ကား သူ့ကိုကျောခိုင်း၍လှဲနေဆဲဖြစ်သည်။ ဟိန်းထက် ယူလာခဲ့သည့်ပိတောက်ပန်းခက်လေးကို နွေဦး၏ညာဘက်နားလေးတွင်ညှပ်ပေးလိုက်၏။ နွေဦးက ဖယ်တော့မဖယ်ပစ်ပေ။
” ငါ မင်းကိုပြောစရာရှိတယ် ”
” ထွက်သွား…”
” ငါမင်းကိုချစ်တယ် နွေ…”
နှစ်ဦးသားကြားတွင် တစ်ခဏမျှတိတ်ဆိတ်သွား၏။
သေသေချာချာဖွင့်ပြောခဲ့ချင်သော်လည်း သင်္ကြန်တစ်တွင်းလုံး နွေဦးကိုချော့နေရင်းကုန်ဆုံးလိုက်ရလျှင် ဖွင့်မပြောနိုင်ဘဲရှိမည်ကိုစိုးရသည်။ ထို့အပြင် သူနှင့်နွေဦးကြားတွင် သည်အချိန်မှာဖွင့်ပြောလိုက်တာကလည်း သဘာဝကျသည်ပင်။
” ငါတို့ကရည်းစားထားရမဲ့အရွယ်မဟုတ်ဘူး ”
ငေါက်ခနဲထထိုင်၍ဆိုလာသည့်နွေဦး၏စကားကြောင့် ဟိန်းထက် ဟင်ခနဲကြောင်သွားရသည်။ ထို့နောက် သဘောတကျရယ်၍…
” မင်းကိုတအားချစ်တာသိလား ”
နွေဦးကို အကြင်နာရိပ်တွေသမ်းနေသည့်မျက်ဝန်းများနှင့်ကြည့်၍ဆိုလာသည့်ဟိန်းထက်။ နွေဦးမှာ ထိုမျက်ဝန်းများအား အနေရခက်၍ ရှောင်လွှဲချင်ပါသော်လည်း မရှောင်လွှဲနိုင်ဘဲရှိလေသည်။
” ငါ ဒီအချိန်ရောက်ဖို့ကို အများကြီးမျှော်လင့်ပြီး အကြာကြီးစောင့်ခဲ့ရတာ…”
” ဘာကိုလဲ…”
” မင်းကိုချစ်တယ်လို့ပြောနိုင်ဖို့လေ။ ငါတို့ကရည်းစားထားရမဲ့အရွယ်မဟုတ်ဘူးလို့ မင်းပြောမယ်မှန်းသိလို့ ငါစောင်ခဲ့ရတာ နှစ်နှစ်တောင်…”
နွေဦးက နှုတ်ခမ်းလေးတွန့်ရုံသာပြုံး၍ ခေါင်းငုံ့သွားလေသည်။
” ထပ်စောင့်လိုက်လေ…”
” စောင့်ခိုင်းအုံးမှာလား…”
နွေဦးက ဟိန်းထက်ကို မျက်ခုံးပင့်ပြ၏။
” မင်းစောင့်ဆိုလည်းစောင့်တာပေါ့။ ဘာနေနေ မင်းငါ့ကိုချစ်တယ်ဆိုတဲ့အဖြေပဲရမှာပဲဟာ…”
” သောက်ကြီးသောက်ကျယ် ”
ဟိန်းထက်၏ အပိုင်တွက်ကာဘဝင်မြင့်သည့်စကားအား နွေဦးက ခေါင်းကိုရိုက်၍တုံ့ပြန်သည်။ မနာလှသော်လည်း ‘ နာလိုက်တာ ခေါင်းမူးသွားပြီ ‘ ဟုဆို၍ နွေဦးပေါင်ပေါ်လှဲချသည့်ဟိန်းထက်သည် မူရာမာယာပိုလှပေသည်။
” မင်း အရမ်းချောလာတာသိလား ”
သူ့ပေါင်ပေါ်ခေါင်းအုံးထားရင်းမှ မော့ကြည့်လို့ဆိုလာသူဟိန်းထက်ကြောင့် နွေဦးရယ်မိသည်။
” မင်းကို ကျောင်းမှာသဘောကျတဲ့သူတွေများမှာပဲ ”
တိုးတိုးလေးဆိုလာသည့်ဟိန်းထက်မှာ သဝန်တိုသည့်ဟန်။ မတွေ့ရသည့်တစ်နှစ်အတွင်း သူ့လောက်မထွားသော်လည်း နွေဦးသည် အရပ်ရှည်လာသလို ခန္ဓာကိုယ်တောင့်လာ၏။ မျက်ခုံးတန်းတန်းလေးနှင့် နှုတ်ခမ်းဖူးဖူးလေးများကပိုထင်းလာတာ နှုတ်ခမ်းမွေးရေးရေးလေးများမြင်နေရလေပြီ။ သူချစ်ရသည့်မျက်ဝန်းလေးများမှာ ပိုလို့ပင်တောက်ပလာ၍ သူ,မရှိသည့်အရပ်၊ သူ,မရှိသည့်အချိန်တွင် လူကြိုက်များနေမည့်နွေဦးကို ဟိန်းထက် သဝန်တိုပါ၏။
” စိတ်မချတော့ဘူး…”
” ငါ မင်းရည်းစားတောင်မဖြစ်သေးတာကို ”
“မဖြစ်သေးလို့ ပိုစိတ်မချတာပေါ့ ”
” စိတ်မချရင် ဒီမှာတစ်သက်လုံးလာနေလေ ”
” မင်း နေစေချင်ရင် နေမယ်လေ ”
” အရူးကောင်…”
” အရူးကောင်ကို ပြန်ချစ်ပါ့လား အ! ”
နွေဦးလက်စာမိသွားသည့်ဟိန်းထက်သည် ခေါင်းလေးကိုပွတ်၏။ နွေဦးသည်ပိုချောလာသော်လည်း တခြားအရာများမှာမပြောင်းလဲပေ။
” ဖယ်တော့ အိပ်အုံးမယ် ။ မနေ့ညက အရူးတစ်ကောင်သီချင်းတွေအော်ဆိုနေတော့ တော်တော်နဲ့အိပ်မရဘူးလေ…”
ဟိန်းထက် ပြုံးစိစိလုပ်၍ နွေိဦးပေါင်ပေါ်လှဲနေရာမှထထိုင်သည်။ ထို့နောက်ပက်လက်လှန်လှဲလိုက်သည့်နွေဦးဘက်သို့လှည့်၍ တစောင်းလေးလှဲအိပ်လိုက်၏။ နွေဦးပြောသည့်အရူးကောင်သည် သူဖြစ်သည်။ နွေဦးစိတ်ကောက်နေမှန်းသိ၍ မနေ့ညက သူ ဂီတာတီးသီချင်းဆိုလို့ ချော့ဖြစ်၏။ ဆိုမိသည့်သီချင်းမှာလည်း ‘ ပိတောက်တစ်မျက်နှာ ‘ ။
” ဒါနဲ့ တကယ်ကြီး တစ်နှစ်ထပ်စောင့်ရမှာလား ”
နွေဦးသည် ပက်လက်လှန်နေရာမှ ဟိန်းထက်ကိုမျက်နှာမူ၍ တစောင်းလှဲလာလေသည်။
” မင်းကြားဖူးတယ်မလား။ ဟိုးအရင်တုန်းက တစ်ယောက်ကိုတစ်ယောက်ပိုးပန်းရင် သုံးနှစ်သုံးမိုးပိုးပန်းရတယ်။ စောင့်ရတယ်ဆိုတာလေ ။”
” အင်း…”
နွေဦး၏စကားများအား ဟိန်းထက်က ခပ်ပြုံးပြုံးနှင့်နားထောင်နေ၏။
” မင်းကတော့ ငါ့ကို သုံးနှစ်သုံးသင်္ကြန်စောင့်လိုက်ပေါ့ ”
ငလည်လေးနွေဦးကြောင့် ဟိန်းထက်ရယ်မိသည်မှာ သဘောတကျ။ နွေဦး၏ပါးဖောင်းဖောင်းလေးကို အသည်းယားစွာညှစ်မိသည့်အခါ လက်ကိုအရိုက်ခံရပြန်သည်။
” အိပ်အုံးမယ် ယပ်ခတ်ပေး…”
နွေဦးသည် သူ့ကိုယပ်တောင်လေးပေးပြီး မျက်လုံးတွေမှိတ်သွား၏။ အမှန်တကယ်အိပ်ချင်နေသည့်နွေဦးသည် တစ်ခဏတွင်းချင်းအိပ်ပျော်သွားလေသည်။ ချစ်စရာကောင်းလှသည့် မျက်နှာဖောင်းဖောင်းလုံးလုံးလေးကို တစိမ့်စိမ့်ကြည့်လို့ ချစ်ရသူလေးအေးမြစေလိုငှား ယပ်တောင်ခတ်ပေးရင်းဖြင့် ဟိန်းထက်နှလုံးသားထဲတွင် ချစ်စိတ်တွေတဖွားဖွားတိုးရလေသည်။
နွေဦးနှင့်အတူရှိချင်လွန်းလို့ နှစ်တိုင်းမျှော်ရသည့် နွေသင်္ကြန်။ နှစ်တိုင်းစောင့်ရသည့် နွေသင်္ကြန်။ သူသည် နွေရောက်ဖို့ကို အမြဲတမ်းစောင့်နေရသူဖြစ်၍ ဘယ်လောက်ပင်စောင့်ရပါစေ စောင့်ပါမည်။
နွေရာသီသည် ပူလောင်လှသော်လည်း နွေတိုင်းတွင် ဟိန်းထက်၏နှလုံးသားသည်အေးမြရ၏။
နွေကို မျှော်လင့်ခဲ့ရ၍။
နွေကို တမ်းတခဲ့ရ၍။
အမြဲတမ်း နွေကိုသာ ချစ်ခဲ့ရ၍။
အမြဲတမ်းလည်း နွေကိုသာ ချစ်နေပါအုံးမည်။
End
25.3.24Mon
Love ,KoKo