အမြဲတမ်း နွေ Special
အမြဲတမ်းနွေ Special
ရေစင်ဖြန်း၍ အေးမြစေ ၊ ပိတောက်ပန်းတို့ဖြင့် မွှေးပျံ့စေ ၊ ချစ်ခြင်းမေတ္တာဖြင့် ချမ်းမြေ့စေ
” ကျီစားသလား ! ”
Sound box မှသီချင်းသံနှင့်အတူ ထိုးထွက်လာသည့် ဟိန်းထက်၏အသံ။ နွေဦး မုန့်လုံးရေပေါ်လုံးနေရင်းမှ တစ်ဖက်ဝိုင်းသို့လှမ်းကြည့်လိုက်မိသည်။ ဟိန်းထက်သည် တီးလုံးနှင့်အတူ ခန္ဓာကိုယ်ကို တလှုပ်လှုပ်,လှုပ်နေ၏။ မူးများမူးနေသလားဟုထင်ရသည့်ဟိန်းထက်သည် ပါးလေးနှစ်ဖက်လုံးရဲတက်နေပြီး ဖွင့်သမျှသီချင်းကိုလည်း လိုက်ဆိုနေသေးသည်။
” ဒီနှစ်တော့ မင်းတို့နှစ်ယောက်ကိုခွဲထားမယ်”
သူငယ်ချင်းများ၏ကောင်းမှုဖြင့် သူနှင့်ဟိန်းထက်သည် တစ်ဝိုင်းစီထိုင်နေရ၏။ နှစ်တိုင်းပူးပူးကပ်ကပ်ရှိခဲ့သည့်သူနှင့်ဟိန်းထက်သည် တက္ကသိုလ်တက်တော့လည်း တစ်ကျောင်းတည်းတက်ရပြီး သူသည် ဟိန်းထက်တို့အိမ်တွင်နေ၍တက်ရသည်။ ထိုအခြင်းအရာအားသိသည့် ရွာမှသူငယ်ချင်းတစ်သိုက်သည် ” ခဏတော့ခွာလိုက် “ဟူ၍ ဟိန်းထက်ကို တစ်ဖက်ဝိုင်းသို့ဆွဲခေါ်သွားခဲ့ခြင်း။
” ရွှေမေတ္တာ ထားတာလားကွာ ×× ငရုတ်သီးတွေလောက်တော့ သနားတယ် ×× သေဆေးတောင်မင်းကကျွေးရင် ကိုယ်မငြင်းဘူး ယုံရဲ့လား
×× ငရုတ်သီးစပ်သွားရင်သနားပါ ×××
ချိုတဲ့အချစ်များ ထပ်ကျွေးနော် ××အိမ်ထိတောင်တို့လိုက်စားမယ် မင်းအသည်းလေး ကျက်ပြီလား×× ”
သူ့ကို ကလူကြည့်ဖြင့်လှမ်းကြည့်ရင်း ဟန်ပါပါဆိုသည့်ဟိန်းထက်သည် မူးနေသည်မှာသေချာသည်။ မျက်လုံးတစ်ဖက်ပင်မှိတ်ပြလာ၍ တော်ရုံမဟုတ်။ မနှစ်က သူနောက်ပြောင်၍ မုန့်လုံးရေပေါ်ထဲငရုတ်သီးထည့်ကျွေးလိုက်သည်ကိုလည်း သိပ်အမှတ်ရနေပုံရ၏။
ခန္ဓာကိုယ်တလှုပ်လှုပ်နှင့်ယိုင်နေသည့်ဟိန်းထက်ကို နွေဦး ကြည့်မနေနိုင်တော့။ ဆတ်ခနဲထလိုက်သည့်အခါ ဘေးမှသူငယ်ချင်းများက မော့ကြည့်ကြသည်။
” ထ ပြန်မယ် ”
တစ်ဖက်ဝိုင်းသို့လှစ်ခနဲလျှောက်သွားမိရင်း ဟိန်းထက်လက်မောင်းကိုဆွွဲမိသည့်အခါ မော့ကြည့်လာသည့်မျက်ဝန်းများမှာ ပြူးသွားပြီးမှ ဟီးခနဲရယ်ပြလာ၏။
” နွေက ငါ့ကို အချစ်တွေကျွေးမလို့ထင်တယ် အ ”
စိတ်ထက်မြန်သည့်လက်သည် ဟိန်းထက်ခေါင်းပေါ်ခွက်ခနဲရောက်သွားသည်။
” လာ ပြန်မယ် ”
သူဆွဲခေါ်သည့်နောက် တိတ်တိတ်လေးလိုက်လာသည့်ဟိန်းထက်သည် ခြေလှမ်းကတော့မငြိမ်
။
“သေဆေးတောင်မင်းကကျွေးရင် ကိုယ်မငြင်းဘူး ယုံရဲ့လား ×××ငရုတ်သီးစပ်သွားရင်သနားပါ
ချိုတဲ့အချစ်များ ထပ်ကျွေးနော် အိမ်ထိတောင်တို့လိုက်စားမယ် ×××မင်းအသည်းလေး ကျက်ပြီလား ××ကျီစားသလား ××× ”
မူးနေသော်လည်း သီချင်းတော့ကောင်းကောင်းဆိုနိုင်သေးသည်ပင်။
” နွေက ငါ့ကို အချစ်ချိုချိုးလေးတွေကျွေးမလို့လား…”
နွေဦး ဆတ်ခနဲလှည့်ကြည့်ခိုက်တွင် ဟိန်းထက် သူ့ပါးစပ်လေးသူအုပ်ရင်း တိခနဲတိတ်သွား၏။
” ထိုင် ”
သူတို့နှစ်ယောက်၏နွေရာသီရိပ်မြုံလေးဖြစ်သည့် ပိတောက်ပင်အောက်ရှိကွပ်ပျစ်လေးတွင် ထိုင်ခိုင်းသည့်အခါ ဟိန်းထက်က ကျုံ့ကျုံ့လေးဝင်ထိုင်သည်။ ရှပ်အင်္ကျီကြည်ပြာလေးကို တံတောင်ဆစ်အထိလက်ခေါက်တင်ပြီး ပုဆိုးအပြာရင့်ကွက်လေးနှင့်တွဲဝတ်ထားသည့်ဟိန်းထက်က တစ်နှစ်တခြားပိုလို့ကြည့်ကောင်းလာသည်။ ကျောင်းတွင်လည်း ဘယ်လောက်တောင် လူကြိုက်များသလဲ။
” မင်းကို သင်္ကြန်တွင်း အရက်မသောက်ရဘူးလို့ ပြောမထားဘူးလား။ ”
ဘေးနားတွင်ဝင်ထိုင်ရင်းဆိုမိသည့်အခါ ဟိန်းထက်က မျက်လုံးမပွင့်ဘဲ ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။
နွေဦး မျက်မှောင်ကြုတ်လိုက်မိပြီး ဟိန်းထက်နားကိုဆွဲလိုက်စဉ် …
” အား…. ”
” တိတ် ”
တိခနဲတိတ်သွားသည့်ဟိန်းထက်က သူ့စကားတစ်ခွန်းဆိုတစ်ခွန်းပဲ။
” အခု အရက်သောက်ထားတော့ မင်းက ငါ့စကားကိုမခန့်တာပေါ့ဟုတ်လား။ ”
” ဟာ နွေကလည်း ငါ အရက်မသောက်ဝူးလေ။ ”
မပွင့်သည့်မျက်လုံးများကိုအတင်းဖွင့်ရင်း ဆိုလာသည့်ဟိန်းထက်၏မျက်လုံးများအား နွေဦး လက်နှစ်ချောင်းနှင့်ထိုးချလိုက်ချင်၏။
” ဒါလား မသောက်ထားတဲ့ပုံစံ။ ဒီမှာ ပါးတွေရဲတက်ပြီး မင်းမျက်လုံးလည်းမပွင့်တော့ဘူးလေ။ ပြီးတော့ ယိုင်ထိုးနေတဲ့ဟာကို ”
ပြောရင်းပင် ဘေးသို့ယိုင်သွားသည့်သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်သည့်ဟိန်းထက်က မျက်လုံးကိုအတင်းပြူးထားရင်း ခါးကိုမတ်ထား၏။
” နွေ …ငါ တကယ်အရက်မသောက်ဘူး အတည်။ဟိုကောင်တွေတိုက်တဲ့အချိုရည်လေးပဲသောက်မိတာ။ ”
နွေဦးမျက်မှောင်ကြုတ်လိုက်မိ၏။ အခြေအနေကိုသုံးသပ်မိပြီထင်ပါသည်။
” ဘယ်နှခွက်သောက်တာလဲ ။”
” နှစ်ခွက် ”
ပါးနားကို လက်နှစ်ချောင်းထောင်ကပ်၍ဆိုလာသည့်ဟိန်းထက်က ရိုက်ချင်စရာ။
အချိုရည်နှင့်အရက်ရောထားသည့် အချိုရည်နှစ်ခွက်သောက်မိသည်ကိုပင် ဤမျှလောက်အထိဖြစ်နေသည့်ဟိန်းထက်သည် အရက်သောက်နိုင်ပုံမပေါ်ပေ။
” နွေ… စကားပြန်ပြောအုံးလေ။ ငါ တကယ် အရက်မသောက်ဘူးလို့။ ”
” အင်း အင်း သိပြီ ။ ခဏလေးထိုင်နေအုံး။ ”
နွေဦး အိမ်ဘက်သို့လျှောက်လာပြီးမှ နောက်ပြန်လှည့်ကြည့်ခိုက်တွင် ဟိန်းထက်သည် ကျုံ့ကျုံ့ကုပ်ကုပ်လေးထိုင်နေလေသည်။ နွေဦး ပြုံးလိုက်မိပြီး အိမ်ပေါ်ရေတစ်ခွက်တက်ခပ်၍ ပိတောက်ပင်အောက်သို့ပြန်လာခဲ့လိုက်၏။
” ရေသောက်လိုက်အုံး ”
” အင်း…”
ရေကိုတစ်ကျိုက်တည်းမော့သောက်သည့် ဟိန်းထက်က ရင်ပူနေသည့်နှယ်။
” အား… ”
အားခနဲအော်ပြီး သူ့ပေါင်ပေါ်သို့ခေါင်းအုံး၍ လှဲချလာသည့်ဟိန်းထက်သည် မျက်လုံးများမှိတ်ထားလေသည်။
” အိပ်ချင်လို့လား ”
” အင်း…”
မပီပြင်သည့်အင်းသည် သူ့မေးခွန်းကိုဖြေသည်လား ညည်းညူသည်လား နွေဦးမသိ။ ငြိမ်သွားသည့်ဟိန်းထက်က သူ့ပေါင်ပေါ်တွင်အိပ်ပျော်သွားပုံရ၍ နွေဦးငြိမ်ငြိမ်လေးနေပေးလိုက်ပါသည်။
အပေါ်မှငုံ့မိုးကြည့်နေရင်း ဟိန်းထက်၏မျက်နှာအစိတ်အပိုင်းများကို တစ်ခုချင်းတစ်ချက်ချင်းထိတွေ့နေမိသည့် နွေဦး။ နဖူးပြင်ကျဉ်းကျဉ်းလေး၊ ထို့နောက် လှပသည့်မျက်ခုံးတန်းနက်နက်များမှသည် မျက်ခွံပါးပါးလေးနှင့် မျက်တောင်ကော့ကော့တွေအထိ။ နှတံမြင့်စင်းစင်းလေးမှသည် ပန်းရောင်သန်းနေသည့်နှုတ်ခမ်းပါးလေးသည်လည်း လှပေသည်။
စိတ်ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာဖြင့် ဟိန်းထက်၏ပါးပြင်နုနုတွင် အကြင်နာခြွေချမိသည့်အခိုက် နွေဦးရင်အစုံမှာ တလှပ်လှပ်။
ကိုယ့်နှုတ်ခမ်းကိုယ် တစ်ကိုယ်တည်းရှက်သွေးဖြာကိုက်မိရင်း နွေဦး ပြုံးမိသည်။
အင်း… ကြည်နူးစရာသင်္ကြန်ပါလေ။
~~~~~
” ငါ ဒီနေ့ ဥပုသ်စောင့်မှာ ”
မနေ့မနက်ကသူပြောခဲ့သည့်စကားကြောင့် ဟိန်းထက်သည် မနေ့ကတစ်နေကုန် ကိုယ်ယောင်ဖျောက်နေ၏။
ယနေ့ နွေဦး မနက်နိုးသည်အထိတိတ်ဆိတ်နေသည့်ဟိန်းထက် ဘယ်တော့ပေါက်ချလာမလဲတော့မသိ။
ယနေ့အတက်နေ့ ပိတောက်ပန်းတွေဝေဝေဆာဆာပွင့်ပေပြီ။ဤနှစ်တော့ ဟိန်းထက်,ထက်အရင်ဦးအောင် နွေဦး အိမ်ရှေ့ပိတောက်ပင်အောက်တွင်ထိုင်စောင့်နေမိ၏။
” နွေ…”
တီရှပ်နှင့်ဘောင်းဘီတိုဝတ်ထားသည့်ဟိန်းထက်က သူ့နာမည်ကိုအော်ခေါ်ရင်း ပန်းပင်တွေကြားတိုးဝှေ့လို့။ လက်ထဲတွင်လည်း ပိတောက်ပန်းခက်တို့ကိုကိုင်ထားသေးသည်။
” မင်းမနိုးသေးဘူးထင်နေတာ ”
ဘေးနားတွင်ဝင်ထိုင်ရင်းဆိုလာသည့်ဟိန်းထက်အား နွေဦး မျက်ခုံးပင့်ပြလိုက်မိ၏။ ထို့နောက် ဟိန်းထက်ဆီသို့ ပိတောက်ပန်းများကမ်းပေးလိုက်ရင်း…
” မင်းအတွက် ”
သူ့ဆီမှပိတောက်ပန်းများယူလိုက်သော်လည်း ကြောင်ကြည့်နေသေးသည့်ဟိန်းထက်ကို နွေဦး နဖူးတောက်လိုက်သည်။
” နှစ်တိုင်း မင်းကပဲ ပိတောက်ပန်းအရင်ပေးနေလို့လေ။ ပြီးတော့….”
” အင်း ပြီးတော့ ဘာလဲ ”
ခန့်မှန်းမိပုံရသည့်ဟိန်းထက်က သူ့အနားသို့ပိုတိုးလာရင်းမေးလာသည်မှာ အသည်းအသန်။
” ငါ မင်းကိုချစ်တယ်ဆိုတာပြောပြချင်လို့။ ”
ဟိန်းထက်မျက်နှာက တဖြည်းဖြည်းဝင်းပလာပြီးပြုံးလာရင်းမှ မျက်တောင်တဖျတ်ဖျတ်ခတ်လာ၍ နွေဦး ပျာယာခတ်သွား၏။
” ဘာ ဘာဖြစ်တာလဲ ”
” ရင်ခုန်လို့ ဝမ်းသာလို့ ”
မျက်ရည်တွေကို လက်ဖမိုးနှင့်ပွတ်သုတ်ရင်း ငိုသံကြီးနှင့်ဆိုသည့်ဟိန်းထက်က ရယ်ချင့်စရာ။
” အရူးကောင် ”
” ရည်းစားလေး ”
သူ့ပခုံးပေါ်မေးတင်၍ဆိုလာသည့်ဟိန်းထက်က အပြောင်းအလဲမြန်လိုက်ပုံများ။ မျက်နှာကြီးကို ပြုံးဖြီးလို့။
” ငါ့ရည်းစားလေးရယ် ငါအခုရင်တွေအရမ်းခုန်တာပဲ။ မင်းဆီက ဒီလိုအဖြေရပြီး ဒီလောက်ပျော်ရမယ် မထင်ခဲ့ဘူး။ ငါ နှလုံးရပ်သွားရင် ဘယ်လိုလုပ်မလဲဟင်။ ”
သနားချင့်စဖွယ်မျက်နှာထားလုပ်နည်းအား ဟိန်းထက်ကို ဘယ်သူသင်ပေးလိုက်သလဲမသိပေ။
” အရူးကောင် ဖယ် ”
သူ့ပခုံးမှတွန်းဖယ်လိုက်သည့်အခါ ဟိန်းထက်က သူ့နားတွင်ပိတောက်ပန်းလေးပန်ပေးလာပါ၏။ ထို့နောက် သူ့လက်ထဲသို့ ပိတောက်ပန်းခက်များထည့်လာပေးလေသည်။
” ချစ်တယ် ”
” အင်း ”
တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်းပြုံးမိကြသည့်အပြုံးများထဲ ကြည်နူးမှုတွေပါ၏။ ဆုံမိကြသည့်မျက်ဝန်းများထဲတွင် အကြင်နာမေတ္တာတွေပါ၏။ ဆုပ်ကိုင်မိကြသည့်လက်ဖဝါးများတွင် သံယောဇဉ်နှင့်နှောင်ကြိုးတွေပါလေ၏။
” ဒါနဲ့ မင်းကို မနေ့က အချိုရည်ဘယ်သူတိုက်တာလဲ။ ”
” သက်ထွန်း ”
ဟိန်းထက် မဆိုင်းမတွပင်ဖြေသည်။
” နောက်တစ်ခါ ငါမသိအောင် ဘယ်သူဘာတိုက်တိုက်မသောက်နဲ့။ မူးချင်ရင်တောင် ငါ တစ်ယောက်တည်းရှေ့မှာပဲမူး။ ”
” ငါ အရက်မသောက်ပါဘူး နွေရာ ”
” မင်း အဲဒီနေ့က မသောက်မှန်းသိတယ်။ မင်းလို မြို့ကြီးသားက အချိုရည်နဲ့အရက်ရောထားမှန်းမသိဘဲ သောက်ရတယ်လို့။ အံ့ဩစရာနော်။ ”
” ဪ… အဲဒါကြောင့်လေ အရသာက တစ်မျိုးကြီးလို့ထင်နေတာ ”
တအံ့တဩဆိုလာသည့်ဟိန်းထက်သည် အမှန်တကယ်ပင်မသိသည့်ဟန်။
” နောက်လည်း မင်းမကြိုက်ရင် မသောက်ပါဘူး။ ”
” ငါမကြိုက်ရင်ဆိုတော့ မင်းကကြိုက်လို့လား။ ”
မျက်ခုံးပင့်၍မေးမိသည့်အခါ ဟိန်းထက်က လက်တကာကာ။
” မကြိုက်ပါဘူး မကြိုက်ပါဘူး။ ငါ အရက်တောင်မသောက်ဖူးတာကို ကြိုက်ပါ့မလားနွေရယ်။ ”
နွေဦး ဟိန်းထက်ကိုသတိပေးသလိုကြည့်လိုက်ပြီး ထိုနေရာမှထထွက်လာခဲ့လိုက်သည်။
” နွေ ဘယ်လဲ ”
” ရွာထိပ်က စတုဒီသာမဏ္ဍပ်မှာသွားကူရမှာလေ ”
” ဪ ဟုတ်သားပဲ ။ အတူတူသွားရအောင် ရည်းစားလေး ဟီးဟီး ။ ”
သူ့ဘေးမှ ယှဉ်လျှောက်ရင်း ပိတောက်ပန်းတွေကို ဂုဏ်ယူစွာပွေ့လို့ မျက်နှာကိုချီထားသည့်ဟိန်းထက်။
ဒီမျက်နှာရူးကောင်ကတော့။
အင်း… ဒီမျက်နှာရူးကောင်ကို ရှေ့လျှောက် အရက်တိုက်မည့်သူများထံမှ ကာကွယ်ရပေဦးမည်။
ဟိန်းထက် အရက်မူးနေတဲ့ပုံကို သူကလွဲလို့ ဘယ်သူမှမမြင်စေချင်ဘူး။
သည်နှစ်သင်္ကြန်မှသည် သူချစ်ရသည့်ဟိန်းထက်တစ်ယောက် ရေစင်ဖြန်း၍ အေးမြစေ ၊ ပိတောက်ပန်းတို့ဖြင့် မွှေးပျံ့စေ ၊ ချစ်ခြင်းမေတ္တာဖြင့် ချမ်းမြေ့ပါစေလေ။
14.4.24Sun [ သင်္ကြန်အကျ]
Love,KoKo