Chapter – 1
မင်းသတ္တိရှိရင်တံခါးဖွင့်စမ်း
_____________________
“ကျန်ရှင်းဆွေ့ တံခါးဖွင့်စမ်း!”
“တံခါးဖွင့်စမ်း မင်းအထဲမှာဘာလုပ်နေတာလဲ မင်းအထဲမှာရှိမှန်းသိတယ်နော်!”
“လူရော?”
ကျန်ရှင်းဆွေ့ မျက်လုံးဖွင့်လိုက်သောအခါ မူးဝေနေ၏။ သူ့ရဲ့မှတ်ဉာဏ်တွေဟာ အတိတ်ဘဝသေဆုံးချိန်မှာ ခံစားမိလိုက်တဲ့ နာကျင်မှုတွင်မှာသာ ရပ်တန့်လျက်။ သေဆုံးပြီးတဲ့နောက် သူကချမ်းသာတဲ့မိသားစုရဲ့ အစစ်အမှန်သခင်လေးနှင့် အတုအယောင်သခင်လေးတို့အကြောင်း ရေးထားတဲ့ဝတ္ထုထဲကဖြစ်ကြောင်းကို အမှတ်မထင် သိရှိလိုက်ရလေတယ်။ သေချာတာပေါ့။ သူသည်ကျန်မိသားစု၏စည်းစိမ်တွေကို မျက်စိကျမက်မောနေသော အတုအယောင်သခင်လေးပင်။ နောက်ဆုံးတွင် သူသည် သူ၏’ကုသိုလ်’များ၏အကျိုးဆက်ကို လက်ခံရရှိကာ လောကကြီးမှ ထွက်ခွာသွားခဲ့သော ဗီလိန်တစ်ယောက် ဖြစ်လာပါတော့သည်။
“ဒုန်း ဒုန်း ဒုန်း”
အပြင်ဘက်တွင်တံခါးခေါက်သံသည် ဆက်လက်ထွက်ပေါ်လျက်ရှိ၏။
“ကျန်ရှင်းဆွေ့ အထဲမှာသေချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ထွက်လာပြီး ရှင်းအောင်ပြောစမ်း မင်းတံခါးမဖွင့်ရင် ငါကန်ပြီးဝင်လာတော့မှာနော်!!”
ကျန်ရှင်းဆွေ့ အစကတည်းက ခေါင်းကိုက်ပြီး မလှုပ်ချင်ပေမဲ့ အပြင်မှအဆက်မပြတ်အသံများကြောင့် ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး တံခါးထဖွင့်ပေးလိုက်သည်။ သူတံခါးမဖွင့်ပါက တခြားပိုဆိုးတာတွေပါ လုပ်လာမည့်ပုံပင်။
“ကလစ်” (**တံခါးဖွင့်သံ)
တံခါးပွင့်သွားပြီဖြစ်တယ်။
တံခါးအပြင်ဘက်တွင်ရပ်နေသော ‘ကျန်ခေါ့’က သူ့သား တံခါးဖွင့်တာကိုကြည့်ပြီး ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူဆူတော့မည့်ဆဲဆဲမှာ ကျန်ရှင်းဆွေ့၏ သွေးမရှိသယောင် ဖြူဆွတ်နေသော မျက်နှာနှင့် လေတိုက်လျှင်ပင် လဲကျနိုင်လောက်သောခန္ဓာကိုယ်ကို သတိထားမိသွားလေတယ်။
အရင်ကဆိုရင်တော့ သူစိုးရိမ်ပြီးဂရုစိုက်မိမှာပေမဲ့ အခုတော့ သူပိုပြီးမျက်မှောင်ကြုတ်သွားကာ “ဒီတစ်ခေါက်ကရော ဘာကိုသရုပ်ဆောင်ဦးမှာလဲ?”
……………
ကျန်ရှင်းဆွေ့ သူ့ရှေ့က သူနဲ့စိမ်းသက်နေတဲ့မျက်နှာကိုကြည့်ရင်း တစ်ခဏအတွင်း ခြောက်ခြားသွားရတယ်။
သူ့ရှေ့ကသူက သူ့ရဲ့အဖေမလား။ မဟုတ်ဘူး။ ပိုပြီးတိတိကျကျပြောရရင် သူ့ရဲ့ယခင်အဖေပဲ။ ‘အန်းရန်’ ပေါ်မလာခင်တုန်းက သူ့အဖေက သူ့ကိုနည်းနည်းလေးလောက်တော့ ချစ်သေးတယ်။ ဒါပေမဲ့ ဇာတ်လိုက်ပေါ်လာပြီးနောက်မှာတော့ အကုန်လုံးက သူတို့စိတ်ခံစားချက်တွေ ပျောက်သွားသလိုမျိုး ပြောင်းလဲသွားကြတယ်။ သူ့ကိုလည်း မုန်းလာကြပြီး ပျောက်ကွယ်သွားစေချင်လာကြတယ်။
“ဘာလို့စကားမပြောတာလဲ?” ကျန်ခေါ့က နောက်ဆုံးရာဇသံကို ချမှတ်ဖို့လာသလိုမျိုး ဝင်လာလေတယ် “ငါမင်းကိုပြောမယ် မနေ့တုန်းက မင်းအန်းရန်ကို သွားရှာပြီး အဲ့လိုရူးမိုက်တဲ့အလုပ်ကို လုပ်ခဲ့တယ်ပေါ့ ငါလာတာသာနောက်ကျရင် အန်းရန်လိုကြင်နာတတ်တဲ့ ကလေးက မင်းအနိုင်ကျင့်တာကို ဘယ်လောက်တောင် ခံနေရမလဲမသိဘူး ငါမင်းကို နှစ်တွေအကြာကြီး ပျိုးထောင်လာခဲ့တာ မင်းဒီလောက်မောက်မာပြီးအနိုင်ကျင့်လိမ့်မယ်လို့ မထင်ထားဘူး ငါ့ကိုအတော်ကို စိတ်ပျက်စေတာပဲ! ”
ပြောနေရင်းနဲ့ ကျန်ရှင်းဆွေ့ရဲ့ အမူအရာကိုလည်း အကဲခတ်လျက်ရှိတယ်။
ကျန်ရှင်းဆွေ့ ကြက်သေသေနေတာကိုမြင်တော့ ပိုစိတ်ဆိုးသွားကာ “ကြည့်ရတာမင်း ဘာမှားမှန်းမသိသေးဘူး ထင်တယ် အဲ့ဒါဆိုငါကလည်း အမှားကိုသိသွားအောင် ပြောပေးရမှာပေါ့ ဒီနေ့ မင်းဘယ်လိုပုံစံပဲဖြစ်နေပါစေ ဒီအိမ်ကနေ ထွက်ကိုထွက်သွားရမယ်”
……………
စကားပြောပြီးတဲ့နောက်မှာတော့ ကျန်ခေါ့က ကျန်ရှင်းဆွေ့ဒီတစ်ခါရော ဘယ်လိုတုံးအတဲ့ လှည့်ကွက်တွေသုံးမလဲသိချင်တော့ စောင့်ကြည့်နေလိုက်တယ်။ ဒါပေမဲ့ တစ်ခန်းလုံး အပ်ကျသံကြားရလောက်အောင်အထိကို တိတ်ဆိတ်နေလျက်ရှိတယ်။
နောက်တော့
ကျန်ရှင်းဆွေ့က ပုံမှန်အတိုင်းပဲ မသေချာသလိုမျိုး သူ့ကိုကြည့်ပြီးပြောလိုက်တယ် “မနေ့တုန်းက?”
ကျန်ခေါ့ ခဏလောက်ကြောင်သွားတယ်။ ဒါကရော ဘာတွေသရုပ်ဆောင်နေပြန်တာလဲ။ သူစိတ်မရှည်စွာ ပြန်ပြောလိုက်တယ် “မနေ့ကမဟုတ်လို့ ဘယ်နေ့ကဖြစ်ရမှာလဲ ဘာလဲ? မင်းရူးချင်ယောင်ဆောင်ပြီး မင်းလုပ်တာမဟုတ်ဘူးလို့ ပြောဦးမှာလား? ”
ကျန်ရှင်းဆွေ့ အားမရှိသလိုမျိုး နောက်ကနံရံကိုမှီလိုက်ပြီးမှ “ခင်ဗျားပြောချင်တာက အခုက19ခုနှစ်ပေါ့”
ကျန်ခေါ့ သူ့ရဲ့ မဟုတ်မဟတ်စကားတွေကိုနားထောင်ပြီး ပိုလို့တောင် စိတ်ပျက်သွားကာ “မဟုတ်ရင်ရော အဲ့ဒါကိုမေးပြီးတော့ ဘာလုပ်တာလဲ?”
ကျန်ရှင်းဆွေ့ပြန်မဖြေပဲ သူ့ခေါင်းကိုထိနေပြီးတော့မှ တိုးတိုးလေးရယ်လိုက်တယ်။
ပထမတော့ သူမယုံရဲဘူး။ ဒါပေမဲ့အခုတော့ သူ ‘ပြန်လည်မွေးဖွားလာတယ်’ ဆိုတာကို မယုံလို့မရတော့ဘူး။ ပြီးတော့ သူပြန်လည်မွေးဖွားလာတဲ့ အချိန်က ဇာတ်လိုက်shouဖြစ်တဲ့ အန်းရန် ဆေးရုံကနေပြန်လာပြီး ကျန်မိသားစုပူးပေါင်းကာ သူ့ကိုနှင်မထုတ်ခင် အချိန်မှာပဲရှိသေးတယ်။ အရာအားလုံး အချိန်မှီနေသေးတယ်။ အရှက်ရစရာတွေလည်း ဘာမှမဖြစ်သေးဘူး။
သူသေဆုံးပြီးတဲ့နောက်မှာတော့ ဒီကမ္ဘာကြီးက ဝတ္ထုစာအုပ်ဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့အပြင် သူ့ရဲ့ ဇာတ်ကောင်ကိုလည်းသိလိုက်ရတယ်။ မုန်းစရာ၊ စိတ်ရှုပ်စရာကောင်းတဲ့ သူများပုလ္လင်ကိုလုချင်နေတဲ့ အမြောက်စာခံအတုအယောင်သခင်လေးပေါ့။
အန်းရန်က ဒီကမ္ဘာကြီးရဲ့ဗဟိုချက်ဖြစ်တယ်။ အန်းရန်ပြန်လာပြီးတဲ့နောက်မှာတော့ ကျန်မိသားစုကလူတွေက အန်းရန်ကိုချစ်မြတ်နိုးကြပြီး သူ့ကိုတော့ အားလုံးက သေစေချင်နေကြတယ်။ ကျန်ရှင်းဆွေ့ အနုပညာလောကထဲ ဝင်ရောက်လိုက်တဲ့အချိန်ထိ အရာအားလုံးကချောချောမွေ့မွေ့နဲ့ သူ့ကိုလည်း လိုင်းပေါ်မှာ လူတော်တစ်ယောက်အဖြစ် အားလုံးက လက်ခံထားကြလေတယ်။ နောက်တော့ သူဇာတ်ကားတစ်ခုကြောင့် မင်းသားတစ်ယောက်နဲ့ ချစ်မိသွားခဲ့ပြီး သူကဘဝထဲဝင်လာခဲ့တယ်။ နောက်တော့သူ့မှာ ဘာမှမရှိတော့ဘူး။ ဘယ်သူမှမသိတဲ့နေရာတစ်ခုမှာ ကားaccidentကြောင့် သေသွားခဲ့ရတယ်။ အဲဒီသွေးအေးရက်စက်တဲ့ စာဖတ်သူတွေကလည်း ဒီလိုအဆုံးသတ်မျိုးကို မျှော်နေကြမှာပါပဲ။
ကျန်ရှင်းဆွေ့ သက်ပြင်းချလိုက်ပြီးတော့ သူ့အဖေကိုကြည့်ဖို့ ခေါင်းမော့လိုက်တယ် “အဲ့တော့ အခုကဘယ်အချိန်ရှိပြီလဲ ကျွန်တော့်မိဘအရင်းတွေဆီ ပြန်ရတော့မှာလား?”
ကျန်ခေါ့ရှေ့က စကားတစ်ဝက်ကို သေချာမကြားလိုက်ပဲ နောက်ကျစကား တစ်ဝက်ကိုပဲ ကြားလိုက်တယ် “ပြန်ရတော့မှာပေါ့ မင်းဒီနေ့ ပြန်ချင်ချင် မပြန်ချင်ချင် သေချာပေါက် ပြန်ကိုပြန်ရမယ် ဘာအကြောင်းပြချက်မှ မလိုချင်ဘူး”
ကျန်ခေါ့ သေချာစဉ်းစားပြီးပြီဖြစ်တယ်။ ဒီတစ်ခေါက် သူဘာလှည့်ကွက်တွေပဲသုံးသုံး စိတ်မပြောင်းတော့ဘူး။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ ဒီကလေးရဲ့ မကောင်းတဲ့ပင်ကိုစရိုက်တွေကို ပိုပြီးတွေ့လာရတယ်။ လုံးဝကို စိတ်ချလက်ချ ယုံကြည်လို့မရဘူး။
အဲ့ဒီနောက်မှာတော့…
ကျန်ရှင်းဆွေ့ မတ်တပ်ရပ်လိုက်ပြီး သူ့အဖေကို ကြည့်ပြီးတော့ပြောလိုက်တယ် “ကောင်းပြီ ကျွန်တော်ပြန်မယ်”
“မင်းဘာပြောပြောအသုံးမဝင်တော့ဘူး…. ဘာ..ဘာကြီး?” ကျန်ခေါ့ရဲ့စကားက တစ်ဝက်မရောက်ခင် ရပ်သွားလေတယ်။ သူ သူ့နားသူ မယုံရဲလေဘူး “မင်းစောနက ဘာပြောလိုက်တာ?”
ကျန်ရှင်းဆွေ့ သူပြောလိုက်တာကို နည်းမလည်တာတွေ့တော့ တစ်ခေါက်ထပ်ပြောလိုက်တယ် “မိဘတွေဆီပြန်မယ်လို့”
ကျန်ခေါ့က ဒီကောင်စုတ်လေးကို နှင်ထုတ်ဖို့အတွက် စကားတွေနဲ့အသင့်ပြင်ထားပေမဲ့ သူ့စကားတွေက လည်ချောင်းထဲမှာတင် ပျောက်သွားရလေပြီ။ အကြာကြီးနေမှ “မင်းဘာလှည့်ကွက်တွေ လုပ်နေပြန်တာလဲ?” လို့တစ်ကြောင်းပဲ ထွက်လာခဲ့တော့တယ်။
ကျန်ရှင်းဆွေ့ကလည်း ပြန်မေးလိုက်တယ် “ကျွန်တော်ဘာလှည့်ကွက်တွေများလုပ်နေလို့လဲ?”
ကျန်ခေါ့ဆွံ့အသွားလေတယ်။
အခန်းထဲမှာရပ်နေတဲ့ ကောင်လေးက ရင်းနှီးတဲ့ပုံစံ မပျောက်သေးဘူး။ ဆေးဆိုးထားတဲ့ အဝါရောင်ဆံပင်က မျက်လုံးကိုဖုံးထားဖို့လုံလောက်တဲ့အထိ ရှည်နေပြီ။ ဝတ်ထားတဲ့အင်္ကျီကလည်း အိတ်ကြီးတစ်လုံးလိုပဲ။ ဆင်ဆယ်ကောင်လောက် ဆံ့လောက်တဲ့အထိကို ကြီးမားနေပြန်တယ်။ တစ်ချိန်ထဲမှာပဲ သူဟာအခန်းထဲမှာ တိတ်ဆိတ်စွာရပ်နေတယ်။ စကားပြောတဲ့လေသံဟာလည်း မကျယ်သလို တိုးလည်းတိုးမနေဘူး။ ဒါအပြင် သူ့ကိုတောင် မေးခွန်းပြန်မေးနေသေးတယ်။ ရန်လိုနေတဲ့လေသံလည်းမပေါက်ဘူး။ အဲ့လိုအေးအေးဆေးဆေးဖြစ်နေတာကိုက ယုတ္တိမရှိဖြစ်နေတာ။
မဖြစ်နိုင်လိုက်တာ။ သူကကိုယ့်သားကိုယ် နားမလည်ပဲနေမလား?
ဒီကောင်စုတ်လေးက မကောင်းတဲ့သူဖြစ်နေပြီ။ အခုဒီပုံစံက သေချာပေါက် သရုပ်ဆောင်နေတာနေမှာ။
သူစဉ်းစားရင်း အသံကျယ်ကျယ်နဲ့ပြောလိုက်တယ် “မင်း…မင်းသေချာစဉ်းစားပြီးပြီလား?”
ကျန်ရှင်းဆွေ့လည်းခေါင်းငြိမ့်ရင်း “ကျွန်တော်အစကတည်းက ထွက်သွားမယ်လို့ ရှင်းရှင်းလင်းလင်းပြောပြီးသား”
ကျန်ခေါ့ ဒီတစ်ခါလည်းဆွံ့အသွားရပြန်ပြီ။ သူတော်တော် ဒေါသထွက်နေပြီ။ ဒါပေမဲ့ ကျန်ရှင်းဆွေ့ ရုတ်တရက်ကြီး စကားတွေနားထောင်နေတာကို ကြည့်ရင်း “မင်းသေချာစဉ်းစားရင်တော့ အကောင်းဆုံးပဲပေါ့ ဒီနှစ်တွေမှာ ငါနဲ့မင်းအမေက မင်းကို ငါတို့ရဲ့သားအရင်းလို ဆက်ဆံပေးတာ ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေက ငါ့တို့ကိုစိတ်ပျက်စေတယ် အန်းရန်က လိမ္မာတဲ့ကလေးပါ သူ့ကိုဒုက္ခမပေးပါနဲ့တော့ ဒါကနောက်ဆုံးတစ်ခေါက်ပဲ မင်းရဲ့ မိဘအရင်းတွေဆီ ပြန်သွားပြီး နောက်ပိုင်း ရန်ရန်ကိုထပ်ပြီး ရန်စရင်တော့ မင်းကိုလွှတ်ပေးမှာမဟုတ်တော့ဘူး နားလည်လား?”
ကျန်ရှင်းဆွေ့ နားထဲမှာတော့ သူ့ကိုထေ့ငေါ့နေတာပဲ။
ကျန်ခေါ့က သူနဲ့အန်းရန် ဖြစ်တဲ့ ပဋိပက္ခတွေက သူကပဲအန်းရန်ကို ရန်သွားစနေတယ်လို့ပဲ ထင်နေတာ။ ကျန်ခေါ့အပြစ်ကင်းစင်တယ်လို့ တွေးနေတဲ့ကလေးလေးက အရင်စပြီး ရန်လာရှာတာလို့ ဘယ်လိုလုပ်တွေးမိမှာလဲ။ ကျန်ခေါ့က အန်းရန်ဆေးရုံရောက်သွားတာကိုပဲ သိတာ။ ကျန်ရှင်းဆွေ့ရော ဒဏ်ရာရသွားသေးလားဆိုတာ သူမသိဘူး။
ရှပ်အင်္ကျီလက်ရှည်အောက်က ဒဏ်ရာကတဆစ်ဆစ်ကိုက်နေဆဲပဲ။ ဒါပေမဲ့ သူကတော့ နာကျင်မှု နည်းနည်းလေးတောင် မခံစားရပါဘူး။ အဲဒီဒဏ်ရာထက် နှလုံးသားထဲက နာကျည်းချက်တွေနဲ့ နာကျင်မှုတွေက အဆပေါင်းများစွာ ပိုပြီးနာကျင်ရတယ်။
ကျန်ခေါ့က သူတိတ်ဆိတ်နေတာမြင်တော့ နစ်နာကြေးကို မကျေနပ်သေးလို့တိတ်ဆိတ်နေတာလို့ ထင်တာကြောင့် “စားပွဲပေါ်မှာချက်လက်မှတ်ရှိတယ် အဲ့ဒါကိုယူပြီးသွားတော့”
ကျန်ရှင်းဆွေ့ အဲ့ဒီစကားကိုကြားတော့ တိုးတိုးလေး ရယ်လိုက်တယ်။ အရင်ဘဝတုန်းက သူသေသွားခဲ့တာတောင် နောက်ဆုံးမျှော်လင့်ချက်လေး ရှိနေသေးတယ်။ ဒါပေမဲ့ သူအခုပြန်လည်မွေးဖွားလာတော့လည်း ဒီလိုပဲထပ်ပြီးဖြစ်ရပြန်ပြီ။ သူ့နှလုံးသားထဲက မျှော်လင့်ချက်အလင်းရောင်လေးက ငြိမ်းသွားခဲ့ရပြီ။
ကျန်ခေါ့က သူ့ကို ဆွဲထုတ်မသွားပေမဲ့ သူကတော့ ထွက်ကိုသွားမှာ။
ကျန်ရှင်းဆွေ့က ပြောလိုက်တယ် “မလိုပါဘူး ဒီပိုက်ဆံကို ‘ကြောက်ရွံ့တတ်ပြီး ကျိုးပဲ့လွယ်တဲ့’ အန်းရန်ကိုပဲ သူ့ခန္ဓာကိုယ်ကို ကုသဖို့ ပေးလိုက်ပါ”
ကျန်ခေါ့ သက်ပြင်းချလိုက်တယ်။ ကျန်ရှင်းဆွေ့က ငြင်းလိမ့်မယ်လို့မထင်ထားဘူး။
ကျန်ရှင်းဆွေ့ ချက်လက်မှတ်ကို ငြင်းလိုက်ပြီးတော့ ဘာပစ္စည်းမှမယူပဲ ဒီတိုင်းထွက်သွားတာက သူ့ကိုပိုပြီးအံ့အားသင့်စေတယ်။ ကျန်ခေါ့အံ့အားသင့်စွာမေးလိုက်တယ် “မင်းပစ္စည်းတွေမယူသွားဘူးလား? ”
“ပစ္စည်းတွေ? ” ကျန်ရှင်းဆွေ့ရဲ့ အမူအရာက ပုံမှန်ပဲဖြစ်တယ်။ သူက ခမ်းခမ်းနားနားရှိလှတဲ့ အခန်းကြီးကို ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ရင်း “ဒီအိမ်ကြီးကိုကျွန်တော်မပိုင်တော့ဘူးဆိုတော့ ဒီပစ္စည်းတွေကလည်း ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူး”
သူလုံးဝနောက်ကိုလှည့်မကြည့်ပဲနဲ့ တန်းတန်းမတ်မတ်လျှောက်သွားတယ်။
လူငယ်လေးတစ်ယောက်က အခန်းထဲကနေထွက်လာပြီး ကော်ရစ်တာတစ်လျှောက် လျောက်သွားလေရဲ့။ တကယ်တော့ပြောရရင် သူနဲ့ဒီနေရာနဲ့ ခွဲခွာခဲ့ရတာ နှစ်တွေအရမ်းအကြာကြီးလဲမဟုတ်ပါဘူး။ အရင်ဘဝတုန်းက အိမ်ကနေနှင်ထုတ်ခံရပြီးနောက်ပိုင်းမှာလည်း နှစ်နှစ်လောက်ပဲ မလာဖြစ်ခဲ့တာ။ ဒီနေရာကသူနှစ်နှစ်ဆယ်လောက် ရှင်သန်ခဲ့တဲ့နေရာပဲ။ အခုကြည့်လိုက်ပြန်တော့လည်း သူနဲ့လုံးဝကို မရင်းနှီးတော့သလိုပဲ။ သူမတိုင်ခင်က ပြင်ဆင်လာခဲ့ပေမဲ့ အကြောင်းအရာတစ်ချို့ကြောင့် နှလုံးသားထဲမှာ နည်းနည်းတော့ နာကျင်နေရတုန်းပဲ။
အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ ဆက်ဆံရေးတစ်ခု။ တစ်စုံတစ်ယောက်ရဲ့ကြားဝင်မှုကြောင့် နှစ်လအတွင်းပျက်စီးခဲ့ရတယ်။ သူတစ်ချို့လူတွေရဲ့ တကယ့်မျက်နှာအစစ်ကို သေချာမြင်ပြီးသွားပြီ။ တချို့ခံစားချက်တွေက မေ့ပစ်ချင်ပေမဲ့ မေ့လို့မရတာတွေရှိနေသေးတယ်။ ဒါပေမဲ့ သေခြင်းတရားက သူ့ကိုအဲ့ဒီအရာတွေဆီကနေ နိုးထစေဖို့လုံလောက်တယ်။ ဒီအိမ်ကနေ၊ ဒီမိသားစုကနေ ထွက်သွားလိုက်တာနဲ့ သူ့ခံစားချက်တွေ ပိုကောင်းလာမှာပါ။
အနောက်ကနေ ကျန်ခေါ့ရဲ့အသံကို ကြားလိုက်ရတယ် “မင်းသေချာစဉ်းစားပြီးပြီလား?”
ကျန်ရှင်းဆွေ့ သူ့အတွေးတွေကို ပြန်ပြီးစုစည်းလိုက်တယ်။ သူလှည့်ပြီး ကျန်ခေါ့ကို ကြည့်လိုက်တယ်။ တစ်ခဏလောက်ကြည့်ပြီးတဲ့နောက်မှာ သူဦးညွတ်လိုက်တယ်။ ဒီနှစ်တွေမှာ သူ့ကိုကြင်နာပေးပြီး ပျိုးထောင်ပေးခဲ့တဲ့အတွက်ပေါ့ “ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
နေ့လည်ခင်းရဲ့နေရောင်ခြည်က နွေးထွေးပေမဲ့ ကော်ရစ်တာတစ်လျှောက်ကတော့ အေးစက်မှောင်မိုက်လျက်ရှိတယ်။
လေပြည်လေးတွေက ပြတင်းပေါက်တွေကနေဝင်လာပြီး ကောင်လေးကိုဖြတ်ပြီး တိုက်ခတ်သွားတာကြောင့် ဝတ်ရုံတွေတွေဟာ တဖြူးဖြူးလွင့်လျက်။ ဘယ်လောက်မှမကြာခင်က ကျန်ခေါ့ဒီကောင်လေးကို ထွက်သွားစေချင်ပေမဲ့ အခုချိန်မှာတော့ ဘာကြောင့်မှန်းမသိ သူ့ရင်ထဲကတစ်စုံတစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရတယ်။ အတူတူအကြာကြီးနေထိုင်ပြီးတဲ့နောက်မှာတော့ သူမထိန်းချုပ်ထားနိုင်တော့ပဲခေါ်လိုက်တော့တယ် “ဆွေ့ဆွေ့…..”
ကျန်ရှင်းဆွေ့ ကျန်ခေါ့ရဲ့ခေါ်သံကြောင့် တုန်လှုပ်မသွားပဲ နောက်တစ်ခါထပ်ပြီးဦးညွတ်ကာ စကားတစ်ခွန်းပဲပြောသွားခဲ့တယ် “နှုတ်ဆက်ပါတယ်”တဲ့။
____________________
Word – 3409
Xiao Dream