Chapter – 2
ကျွန်တော်ကသားအရင်းရောဟုတ်ရဲ့လား
______________________________
ကျန်ရှင်းဆွေ့ အိမ်အပေါ်ထပ်ကနေဆင်းလာခဲ့တယ်။ အစက ဒီအိမ်ကနေ အေးအေးဆေးဆေးပဲ ထွက်လာနိုင်မယ်ထင်ခဲ့တာ။ အောက်ထပ်ကိုရောက်ရုံရှိသေးတယ် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ ယောက်ျားလေးတစ်ယောက်က သူ့ဆီတည့်တည့်ကြီးလျှောက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူကတော်တော်လေးတော့ကြည့်ကောင်းတယ်။ ဒါပေမဲ့ ကျန်ရှင်းဆွေ့ ကိုမြင်လိုက်တာနဲ့ မျက်နှာပျက်သွားတယ်။ အဲ့ဒီသူကတော့ အရင်ဘဝကအန်းရန်ကိုကာကွယ်ပေးခဲ့တဲ့ သူ့အစ်ကိုကြီး’ကျန်ကု’ပါပဲ။
တကယ်ကိုပဲ
ကျန်ရှင်းဆွေ့ ဘာမှမပြောရသေးခင် ကျန်ကုက သူ့ရှေ့မှာရပ်လိုက်ပြီးတော့ “မင်း အဖေနဲ့ ဆွေးနွေးပြီးပြီလား?”
ကျန်ရှင်းဆွေ့လည်း ခေါင်းငြိမ့်လိုက်ပြီး “အင်း”
“ပြီးတော့ရော” ကျန်ကုက သူ့ကို မတူမတန်သလိုကြည့်လိုက်ပြီးတော့ အထင်သေးတဲ့လေသံနဲ့ “အဖေ့ဆီက ပိုက်ဆံဘယ်လောက်ယူခဲ့လဲ?”
“……”
ကျန်ရှင်းဆွေ့ ပြောစရာစကားရှာမရတော့ဘူး “မယူခဲ့ဘူး”
မနှစ်မြို့သလို မျက်ခုံးပင့်လိုက်ပြီးတော့ “ပေးတဲ့ပိုက်ဆံကမလောက်လို့လား”
သူ့စကားကြောင့် ကျန်ရှင်းဆွေ့ ကြောင်အသွားပြီး ဘာပြောရမှန်းမသိတော့ဘူး။ အဓိကကတော့ သူဆွံ့အသွားရတာပဲ။ အချိန်တစ်ခုလောက်အထိ ဘာလုပ်ရမှန်းမသိဖြစ်သွားလေတယ်။ ဒါပေမဲ့ ကျန်ကုရဲ့မျက်လုံးထဲမှာတော့ အဲ့ဒီတုံ့ပြန်မှုက သူ့စကားကိုအတည်ပြုလိုက်တာပဲ။
ကျန်ကုလှောင်ရယ် ရယ်လိုက်ပြီးတော့ “ကျန်ရှင်းဆွေ့ ဒီအစ်ကိုကြီးက မင်းရဲ့မျက်နှာအစစ်ကို အမှတ်မမှားဘူးပဲ။ မင်းဦးနှောက်ထဲမှာ ကြင်နာမှုနဲ့တရားမျှတမှုတွေမရှိဘဲ အကုန်လုံးက ပိုက်ဆံနဲ့ တုံးအတဲ့လှည့်ကွက်တွေနဲ့ ပြည့်နေတာပဲ”
ကျန်ရှင်းဆွေ့ နားမလည်နိုင်အောင်ကို ထပ်ပြီးအဆူခံရပြန်ပြီ။
ကျန်ကုကတော့ သူ့ယူဆချက်ကိုလုံးဝအမှန်လို့ယူဆပြီး အေးစက်စွာပြောလိုက်တယ်။ “ပြော မင်းဘယ်လောက်လိုချင်တာလဲ?”
“……”
ကျန်ရှင်းဆွေ့ရဲ့ ရင်ထဲကဝမ်းနည်းမှုလေး တစ်စွန်းတစ်စက ပျောက်ကွယ်သွားတော့တယ်။ သူဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်ကနေ ထွက်သွားတော့မှာဖြစ်ပြီး အနာဂတ်မှာလည်း ဒီမိသားစုနဲ့ ဆက်ပြီး ပတ်သက်စရာအကြောင်းမရှိတော့ဘူး။ သူစိမ်းတစ်ယောက်ရဲ့ ဒေါသကိုဘာလို့ခံနေရမှာလဲ။ သူ့မျက်ခုံးတွေမြင့်တက်သွားပြီး အသံလည်းကျယ်လာကာ “ကျွန်တော်မယူခဲ့ဘူးလို့ ပြောပြီးပြီလေ ခင်ဗျားနားကန်းနေတာလား”
ကျန်ကုရဲ့မျက်နှာအရောင် ပြောင်းသွားတော့တယ်။
ငယ်ငယ်လေးကတည်းက ဒီညီငယ်လေးက ဘယ်လောက်ပဲ ဆိုးဆိုး၊ ရိုင်းရိုင်း သူ့ရှေ့မှာတော့ ထိန်းချုပ်စမြဲပဲ။ ကျန်ရှင်းဆွေ့ ဒီလိုလေသံမျိုးနဲ့ သူ့ကို စကားပြောလာလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး။
ကျန်ရှင်းဆွေ့ သူ့ကိုတည့်တည့်ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “အစ်ကိုကြီးက ကျွန်တော့်ဦးနှောက်ထဲမှာ ကြင်နာမှုနဲ့တရားမျှတမှုတွေ မရှိပဲ အကုန်လုံးက ပိုက်ဆံနဲ့ တုံးအတဲ့လှည့်ကွက်တွေနဲ့ ပြည့်နေတယ်လို့ ပြောတယ်ပေါ့။ အဲ့ဒါဆို အစ်ကိုကြီးကရော? အစ်ကိုကြီး စကားပြောလိုက်တိုင်း ပိုက်ဆံကမပါမဖြစ်ပဲ။ အစ်ကိုကြီးရဲ့ဦးနှောက်ထဲမှာရော ဘာတွေရှိနေပြီး ကျွန်တော့်ထက်ဘယ်လောက်များ ပိုပြီးမြင့်မြတ်နေသလဲလို့ မေးပါရစေ”
ကျန်ကုမျက်ခုံးလှုပ်သွားလေတယ်။ ဒါပေမဲ့ ချက်ချင်းပဲ CEOတစ်ယောက်ရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ပြီးတော့ “ကျန်ရှင်းဆွေ့ မင်းရဲ့အစ်ကို,ကို ဘယ်လိုတွေတောင် စကားပြောရတာလဲ? မင်းကလုံးဝကို ပညာမရှိတာပဲ”
ကျန်ရှင်းဆွေ့ပြုံးလိုက်တယ်။ ဒီတစ်ခါအပြုံးက တကယ်ကို နှလုံးသားအောက်ခြေကနေလာတာဖြစ်တယ်။ သူမျက်နှာကိုမော့လိုက်ပြီး သူ့ရှေ့ကသူကို ကြည့်လိုက်တယ်။ “ခင်ဗျားက ကျွန်တော့်အစ်ကိုကြီး ဟုတ်သေးလို့လား”
ဧည့်ခန်းထဲမှာ မတ်တတ်ရပ်နေတဲ့ သူကတော့ ပြောစရာစကားရှာမရဖြစ်သွားရပြီ။
ကျန်ရှင်းဆွေ့ကတော့ ဂရုမစိုက်စွာပဲ “ကျွန်တော် ဒီနေ့ပဲ အိမ်ကနေ ကန်ထုတ်ခံလိုက်ရတာမလား?”
ကျန်ကုကလည်း မငြင်းဆိုပဲ “မင်း……”
“ဒီက…သခင်လေး” ကျန်ရှင်းဆွေ့က သူနဲ့ပတ်သက်ရမှာကိုပဲ ပျင်းနေတယ်။ “တခြားဘာမှမရှိတော့ရင် လမ်းလေးဖယ်ပေးနိုင်မလား? ကျွန်တော်အလျင်လိုနေလို့”
ကျန်ကုရဲ့ မသိစိတ်က လမ်းဖယ်ပေးလိုက်တယ်။ သူက ကုမ္ပဏီမှာဆို လူအများလေးစားရတဲ့သူ တစ်ယောက်။ ကျန်မိသားစု အပြင်ဘက်မှာဆိုလည်း လူအများချီးကျူးတာကို ခံနေရတဲ့သူ တစ်ယောက်။ ဒီနေ့ အန်းရန် မုန်းစရာကောင်းတဲ့ သူ့ညီငယ်လေးဆီက အနိုင်ကျင့်ခံရတာကို ကြားတော့ သူမြန်မြန်ပြန်လာပြီး ကျန်ရှင်းဆွေ့ကိုဆုံးမချင်ခဲ့တာ။ ဒါပေမဲ့ ကျန်ရှင်းဆွေ့က သူ့ကို ထပ်ခါထပ်ခါ ပါးလာရိုက်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ပြီးတော့ သူကလည်းပြန်ပြီး မချေပနိုင်ပြန်ဘူး။
“ကျန်ရှင်းဆွေ့!”
သူထွက်သွားတော့မှာကိုမြင်တော့ CEOကြီးက လှမ်းပြီးတားလိုက်တယ်။ သူ့မျက်နှာကို နည်းနည်းလောက် အဖတ်ပြန်ဆယ်တဲ့အနေနဲ့ပေါ့။
ကျန်ရှင်းဆွေ့ တံခါးနားမှာ ရပ်လိုက်ပြီးတော့ လှည့်ကြည့်လိုက်တယ်။ “ဘာလဲ?”
ကျန်ကု မျက်လုံးတွေဟာတစ်ချက်လက်သွားလေရဲ့။ သူဟာ အနောက်တိုင်းအင်္ကျီနဲ့ ကြည့်ရတာခက်ထန်နေတဲ့ပုံ ပေါက်နေလေတယ်။ သူ့အလုပ်သမားတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်လိုက်ပြီးတော့ “မင်းအခု ဒီတံခါးကနေထွက်သွားမယ်ဆိုရင် မင်းကဘယ်တော့မှ ကျန်မိသားစုဝင်မဟုတ်တော့ဘူး။ ငါကျန်ကုရဲ့ ညီလေးလည်း မဟုတ်တော့ဘူး။ နောက်ကျရင် အန်းရန်ကပဲ ကျန်အိမ်တော်ရဲ့ သခင်လေးပဲ။ နောက်ကျရင် မင်း ကျန်မိသားစုရဲ့ နာမည်သုံးပြီးတော့ ပေါက်ကရတွေ လျှောက်မလုပ်ဖို့ မျှော်လင့်ပါတယ်။ ကောင်းကောင်းနေပါ”
ကျန်ရှင်းဆွေ့ : “ပြောလို့ပြီးပြီလား?”
ကျန်ကု သူ့ရဲ့စကားတွေက လေထဲမှာတင်ပျောက်သွားတယ်လို့ ခံစားလိုက်ရတယ်။ သူကပုံမှန်ဆို အထက်စီးဆန်တဲ့လူစားမျိုးပါ။ ဒါပေမဲ့ ဒီအရူးကသူ့ရဲ့အတ္တနဲ့မာနတွေကို စိန်ခေါ်နေတာပဲ။ ကျန်ရှင်းဆွေ့ကို ဆုံးမလို့မပြီးသေးတဲ့အချိန်မှာတင် တော်တော်လေးစိတ်ပျက်သွားတယ်။ ဒါပေမဲ့ အဲ့တာသူနဲ့မဆိုင်ပါဘူး။ သူ နောက်ဆုံးတစ်ကြောင်းပဲ ထပ်ထည့်လိုက်တယ်။ “မင်းအဲ့ဒါကိုမှတ်မိတာအကောင်းဆုံးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အတိတ်က အကြောင်းအရာတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး”
ကျန်ရှင်းဆွေ့ လည်းပြန်ပြောလိုက်တယ် : “ခင်ဗျားအခုလည်း ဂရုစိုက်တာမှ မဟုတ်တာ”
ကျန်ကု : “……”
ကျန်ရှင်းဆွေ့ရဲ့ မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခုက ပေါ်လာပြီးတော့ သူ့ကိုလက်ရမ်းပြလိုက်တယ် “Bye Bye!!”
ကျန်မိသားစုရဲ့ ကြီးမားလှတဲ့ အိမ်တော်ကြီးထဲက ထွက်လာခဲ့တယ်။ အပြင်မှာတိုက်ခတ်နေတဲ့ လေပြည်အေးလေးက သူ့ကို အသက်ရှုရ လွတ်လပ်သွားစေတယ်။ အဲ့ဒီအိမ်ကြီးထဲမှာ ရှိတဲ့သူတိုင်းက သူ့ကိုခက်ခဲအောင်ပဲ လုပ်ချင်နေကြတာ။ ဘယ်လိုမှ လွတ်လွတ်လပ်လပ် နေလို့မရဘူး။ သူထွက်လာပြီးတဲ့ နောက်မှာတော့ ပြဿနာတစ်ခုကို ရှာတွေ့သွားပါတော့တယ်။ *သူ့မိဘအရင်းတွေက ဘယ်မှာနေတာပါလိမ့်?*
အားလုံးက သူ့ကို မိဘအရင်းတွေဆီပဲ ပြန်ခိုင်းနေတာ။ ဒါပေမဲ့ ပြဿနာက သူတို့နှစ်ယောက်က ဘယ်မှာနေတာလဲ?
အရင်ဘဝတုန်းက သူမိဘအရင်းတွေဆီ မပြန်ပဲနဲ့ အန်းရန်ကိုပဲ နှောင့်ယှက်နေတာ။ သူချက်လက်မှတ် ရပြီးတဲ့နောက်မှာ ဟိုတယ်မှာပဲ သွားနေတော့တာ။ ဟိုးအစကတည်းက သူ့ရဲ့ မိဘအရင်းတွေအကြောင်းကို တစ်ခါမှ ဂရုမစိုက်ဖူးသလို တစ်ခါမှလည်း ပြန်မသွားဖူးဘူး။ နောက်ပိုင်းမှာ သူတို့တွေ့ဖြစ်ပေမဲ့လည်း စားသောက်ဆိုင်မှာပဲ ချိန်းလိုက်တာ။ အခုကျတော့…အေးရောပဲ။ သူဘယ်လိပ်စာမှန်းမသိတော့ဘူး။
ကျန်ရှင်းဆွေ့ သတိမထားမိပဲ လက်က အိတ်ကပ်ထဲ ရောက်သွားတယ်။ သူမထင်ထားမိတဲ့ အရာတစ်ခုကို စမ်းမိသွားတယ်။
” မှတ်စုစာရွက် တစ်ရွက်လား?”
အဲ့ဒါက လိပ်စာတစ်ခုကို ရေးထားတဲ့ စာရွက်တစ်ရွက် ဖြစ်ပြီးတော့ တွန့်ကြေနေလေတယ်။ အဲ့ဒီ လိပ်စာက သူ့မိဘအရင်းတွေရဲ့ လိပ်စာဖြစ်နိုင်တယ်။ ကြည့်ရတာ တစ်ယောက်ယောက်က ပေးထားတာကို သတိလက်လွတ် ထည့်ထားလိုက်မိတာထင်တယ်။
ကျန်ရှင်းဆွေ့ သက်ပြင်းချလိုက်မိတယ် “ကံကောင်းလို့…”
ကျန်ရှင်းဆွေ့လို ပြန်လည်မွေးဖွားလာတဲ့သူ အတွက်ကတော့ တော်တော်များများ ကို နားလည်သဘောပေါက်နေပြီ။ အဲ့တာကြောင့် သူထပ်ပြီးတော့ ကြိုးစားသင့်တယ်။
ဒီဘဝမှာတော့ သူပိုက်ဆံကို လက်မခံခဲ့ဘူး။ အဲ့တာကြောင့် သဘာဝကျစွာပဲ သူသွားစရာဆိုလို့ ဒီတစ်နေရာပဲရှိတော့တယ်။ တကယ်လို့ သူသာမိဘအရင်းတွေဆီ သွားမယ်ဆိုရင် သေချာပေါက် ဇာတ်သိမ်းပြောင်းသွားမှာပဲ။
ကျန်ရှင်းဆွေ့ သုံးကီလိုမီတာလောက် ဝေးတဲ့နေရာကို ကြည့်ပြီးတော့ သက်ပြင်းချလိုက်တယ် “ဒီလိုမှန်းသိရင် ချက်လက်မှတ်ကို လက်ခံလိုက်ပါတယ် အနည်းဆုံးဒီညတော့ ဟိုတယ်မှာ တည်းလို့ရတာပေါ့”
……………
ဒါပေမဲ့ ကံကောင်းစွာပဲ ဒီခန္ဓာကိုယ်က အရင်ဘဝကလောက် မျက်တွင်းတွေကျမနေဘူးဆိုတော့ ဒီအကွာအဝေးလောက်ကို လမ်းလျှောက်ရင် အရမ်းကြီး မပင်ပန်းလောက်ပါဘူး။
သူ့ရဲ့ မိဘအရင်းတွေက ရပ်ကွက်သေးသေးလေးထဲမှာနေတာ။ ကျန်မိသားစုရှိတဲ့ ရပ်ကွက်ထဲက ထွက်လာပြီးတဲ့နောက်မှာ အိုဟောင်းနေတဲ့ မြို့ကြီးက သူ့ကိုကွဲပြားတဲ့ ခံစားချက်တစ်စုံကို ခံစားရစေတယ်။ လူတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ သွားလာနေကြပြီး လမ်းဘေးမှာလည်း ဈေးသည်တွေက ရာသီပေါ်သီးနှံတွေကို ရောင်းချနေကြတယ်။
ကျန်ရှင်းဆွေ့ အဲ့ဒါတွေကိုကြည့်ပြီးတော့ တော်တော်လေး စည်ကားတာပဲလို့ တွေးမိလိုက်တယ်။
မှတ်စုစာရွက်ပေါ်မှာပါတဲ့ လိပ်စာအရ သူဆိုင်သေးသေးလေးတစ်ဆိုင်ဆီ လျှောက်လာခဲ့လိုက်တယ်။ သူ့ရဲ့မိဘအရင်းတွေက စီးပွားရေးအသေးစားလေး လုပ်စားနေကြတာ။ ကြည့်ရတာတော့ ဆန်ကိတ်ရောင်းကြတာထင်တယ်။ ဒီနေ့တော့ အကြောင်းတစ်ခုကြောင့် သူတို့ဆိုင်မဖွင့်ကြဘူး။ အဲ့ဒီနောက်တော့ ဆိုင်ရှေ့မှာ သူတို့ကိုထိုင်စောင့်ဖို့ ထိုင်ခုံတစ်လုံးရှာလိုက်ပြီး ထိုင်စောင့်နေလိုက်တယ်။
လမ်းပေါ်ကသူတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ဘေးကနေ ဖြတ်သွားကြတယ်။ နေလုံးကြီး အနောက်ထဲဝင်တော့မဲ့ အချိန်မှာ တစ်စုံတစ်ယောက်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ သူတို့စုံတွဲဟာ လမ်းလျှောက်ရင်း စကားပြောနေကြတယ် “ရန်ရန်ကတကယ်ကို လန့်သွားရှာတာ သူ့ကိုကြည့်ရတာ သနားစရာကောင်းလိုက်တာကို”
ဘေးကအမျိုးသားကလည်း ပြောတယ် “အဲ့ဒီ ကျန်မိသားစုက ကလေးက တကယ်ကို စည်းကမ်းမရှိတာပဲ။ ရန်ရန့်ကို သူပဲ လန့်အောင်လုပ်လိုက်တာ”
အမျိုးသမီးကြီးက ဝမ်းနည်းစွာနဲ့ သက်ပြင်းချလိုက်တယ် “ငါတို့ရဲ့ ရန်ရန်လေးက တော်တော်သနားစရာကောင်းတာပဲ သူ့ကို လွမ်းရင်တောင် အိမ်မှာတွေ့ရတော့မှာမဟုတ်ဘူး သူ့ကိုတွေ့ဖို့ ခက်ခဲသွားတော့မှာ ငါ့နှလုံးသားထဲမှာ ဓားကြီးစိုက်နေသလိုပဲ နာကျင်လိုက်တာ”
ဘေးကအမျိုးသားက သူ့ကို အလျင်မြန် နှစ်သိမ့်နေလေတယ် “အရမ်းကြီးလဲ ဝမ်းနည်းမနေပါနဲ့ ရန်ရန်က ငါတို့နဲ့တူတူ နေနေ မနေနေ ငါတို့ရင်ထဲမှာတော့ အမြဲတမ်း သူကငါတို့ရဲ့ ကလေးပါပဲ ငါတို့ရဲ့ ခံစားချက်တွေက ပြောင်းသွားမှာမဟုတ်ဘူး”
အမျိုးသမီးကြီးက စိတ်သက်သာရာရသွားတဲ့ပုံနဲ့ ခေါင်းငြိမ့်ပြလေတယ်။
ဆိုင်ရှေ့မှာထိုင်နေတဲ့ ကျန်ရှင်းဆွေ့နဲ့ သူတို့နှစ်ယောက်က ဒီလိုအခြေအနေမှာ တွေ့လိုက်ရတယ်။
သူတို့စုံတွဲနှစ်ယောက် ခဏလောက် အံ့အားသင့်သွားပြီးတော့မှ ကျန်ရှင်းဆွေ့ကို မယုံကြည်နိုင်စွာ ညွှန်ပြလျက် “မင်း…မင်းက ဘာလို့ ဒီမှာရှိနေတာလဲ?”
ကျန်ရှင်းဆွေ့ နားလည်ရခက်နေတဲ့ ပုံစံနဲ့ “ကျွန်တော်က ဘာလို့ မလာရမှာလဲ?”
သဘာဝကျကျပြောရရင် သူက သူတို့ရဲ့ သားအရင်းမဟုတ်ဘူးလား? ဒီစုံတွဲနှစ်ယောက်ရဲ့ တုံ့ပြန်ပုံက နားလည်ရခက်ပြီးတော့ သူ့ကို အကူအညီမဲ့စေတယ်။ သူဒီနေရာကိုလာတာ မျှော်လင့်ချက်တွေ အများကြီးနဲ့ လာခဲ့တာ။ ဒါပေမဲ့ အခုတော့ …သူ့နှလုံးသားက အေးစက်မှုအပြင် ဘာမှ မခံစားရဘူး။
အမျိုးသမီးကြီးက တုန်လှုပ်နေဆဲပေမဲ့ ဘေးကအမျိုးသားက စပြီးစကားပြောလာခဲ့တယ် “မင်းကဆွေ့ဆွေ့လား?”
ကျန်ရှင်းဆွေ့လည်း ခေါင်းငြိမ့်ပြလိုက်တယ်။
အဲ့ဒီစုံတွဲက သူတို့သားအရင်းကို တွေ့ပေမဲ့ စိတ်လှုပ်ရှားနေတဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ မုန်းနေတယ်လို့လည်း ပြောလို့မရဘူး။ သူနဲ့ဘယ်လို ပြောဆိုဆက်ဆံ ရမလဲဆိုတာ မသိတဲ့ပုံစံနဲ့ပိုတူနေတယ်။
အမျိုးသားကြီး တံခါးသွားဖွင့်တဲ့အချိန်မှာ အမျိုးသမီးကြီးကပြောလာတယ် “ငါ့နာမည်က ‘ကျန်းရှာ’ သူ့နာမည်က ‘ကျန်းရှောင့်ယန်’ ငါတို့က ဆိုင်သေးသေးလေးဖွင့်ထားပြီး စီးပွားရေးလုပ်နေတယ် ငါတို့ရဲ့အိမ်ကဆိုင်ရဲ့အပေါ်ထပ်မှာ မင်းအဲ့တာကိုတော့ သိပြီးသားမလား?”
တကယ်တမ်းတော့ ကျန်ရှင်းဆွေ့ မသိပါဘူး။ ဒါပေမဲ့လည်း ခေါင်းငြိမ့်ဆဲပါပဲ “သိတယ်”
တံခါးဖွင့်ပြီးသွားပြီ။ ကျန်းရှာက ကို့ယို့ကားရားနိုင်စွာနဲ့ ပြောလိုက်တယ် “ဝင်လာခဲ့ပါ”
ဆိုင်မှာတကယ် ဆန်ကိတ်ရောင်းတာပဲ။ အထဲမှာ ပေါင်းဖို့နဲ့ ဆန်ကိတ်လုပ်ဖို့ ပစ္စည်းတွေ အများကြီးရှိတယ်။ အကုန်လုံးကို စနစ်တကျ စီရီထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးက သန့်ရှင်းနေတယ်။
ကျန်းရှောင့်ယန်က ရှေ့ကနေအရင် လျှောက်သွားပြီး မိတ်ဆက်ပေးတယ်။
“ငါတို့မိသားစုက ဆိုင်သေးသေးလေးပဲ ဖွင့်ထားတာ ကျန်မိသာစုက ဟာတွေလောက်တော့ မကောင်းဘူး မင်းအသားကျပါ့မလားတော့မသိဘူး”
ကျန်ရှင်းဆွေ့ပြန်ဖြေလိုက်တယ် “ကိစ္စမရှိပါဘူး ဒီမှာက သန့်ရှင်းပြီး အရမ်းကိုကောင်းနေပါပြီ”
ကျန်းရှာ အဲ့တာကိုကြားတော့ အံ့ဩသွားတယ်။ ကျန်ရှင်းဆွေ့က အရမ်းကိုစိတ်တိုလွယ်ပြီး စည်းမရှိကမ်းမရှိလို့ သူကြားထားတာ။ ကျန်ရှင်းဆွေ့က သူ့ကလေးအရင်းဖြစ်ပေမဲ့ အတူတူလည်းမနေဘူးသလို သူ့အပေါ်မှာခံစားချက်လည်းမရှိဘူး။ အဲ့တာကြောင့် သူ့အပေါ် မကြိုက်တဲ့စိတ်လေး နည်းနည်းတော့ ရှိနေသေးတယ်။ ဒါပေမဲ့ သူအိမ်အဝင်မှာ ဖိနပ်လဲလိမ့်မယ်လို့ မထင်ထားဘူး။ အခုလိုကျတော့လည်း ဒီကလေးက ယဉ်ကျေးမှုရှိတဲ့ပုံပါပဲ။
သူမက ပြုံးပြီးတော့ပြောလိုက်တယ် “ကောင်းပြီ မင်းအဆင်ပြေရင် ပြီးတာပဲ ငါတို့ရဲ့နေရာက သန့်ရှင်းတာတော့ အမှန်ပဲ ငါတို့ရဲ့အလုပ်တွေကို အမြဲကူလုပ်ပေးတဲ့ ရန်ရန်က ကြိုးလည်းကြိုးစားတယ် စဉ်းစားဉာဏ်လည်းရှိတဲ့ ကလေးတစ်ယောက်လေ”
ကျန်ရှင်းဆွေ့လည်း ခေါင်းငြိမ့်ရင်း စဉ်းစားနေတယ်။
ဇာတ်လိုက်ကတော့ ဇာတ်လိုက်ပါပဲ။ သူဘယ်နေရာပဲရောက်ရာက် အမြဲတမ်းကျော်ကြားပြီးတော့ ဂရုစိုက်မှုတွေ ရနေတာပဲ။ အရည်အချင်းလည်းရှိတယ်။ အဲ့တာကြောင့်လည်း နားမလည်စရာမရှိဘဲ သူ့ဆီကနေ သင်ယူဖို့ထိုက်တန်နေတာ။
အဲ့ဒီအချိန်မှာ ကျန်းရှောင့်ယန်က ချောင်းဟန့်လိုက်ပြီး ပြောတယ် “ကောင်းပြီ, ရှင်းဆွေ့ မင်းဒီအခန်းမှာနေလိုက်ပါလား?”
ကျန်ရှင်းဆွေ့ တံခါးဖွင့်ပြီး ကြည့်ကြည့် လိုက်တယ်။ ဒါက စာကြည့်ခန်းတစ်ခန်း ဖြစ်နိုင်တယ်။ အထဲမှာ ခုတင်တစ်လုံးရှိတယ်။ ခုတင်ရဲ့မျက်နှာချင်းဆိုင်မှာ နည်းနည်းမြင့်တဲ့စာအုပ်စင်တစ်စင် ရှိပြီးတော့ ပြတင်းပေါက်နားလေးမှာ စားပွဲတစ်လုံးလဲ ရှိသေးတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ လူနေဖို့လုပ်ထားတာ မဟုတ်မှန်းသိသာတယ်။ အခန်းက အရမ်းကျဉ်းလွန်းပြီးတော့ နေရောင်လည်းမရဘူး။ သူ့ရဲ့ကိုယ်ပိုင်အခန်းပဲဖြစ်ဖြစ် ပြန်လည်မမွေးဖွားခင်က အခန်းပဲဖြစ်ဖြစ် အကုန်လုံးက အကြီးကြီးတွေ ချည်းပဲ။
ဒါပေမဲ့ ကျန်ရှင်းဆွေ့ အဲ့တာကို စိတ်ထဲသိပ်ပြီး ထည့်မထားလိုက်ပါဘူး။ သူအခန်းထဲလှည့်ပတ်ကြည့်ပြီးတော့ “ဒီအခန်းက အဖေတို့နှစ်ယောက်ရဲ့အခန်းလား?”
ကျန်းရှောင့်ယန်က ပြန်ပြောတယ် “မဟုတ်ဘူး ဒါကရန်ရန်ရဲ့ အခန်း”
ကျန်ရှင်းဆွေ့ ကျန်းရှောင့်ယန်ကို ပေါ့ပေါ့ပါးပါးလေး တစ်ချက်ကြည့်လိုက်တယ်။ သူစကားမပြောပေမဲ့ အဲ့ဒီ့ အကြည့်လေးတစ်ချက်ကပဲ လူနှစ်ယောက်ကို အကြောင်းပြချက်မရှိပဲ အပြစ်ရှိသလို ခံစားရစေတဲ့ စိတ်ခံစားမှုတွေ အများကြီးကိုဖော်ပြသွားလေတယ်။
ကျန်းရှာက နောက်ဆုံးတော့ ပွင့်ပွင့်လင်းလင်း ပြောလာတယ် “အင်း… လွန်ခဲ့တဲ့နှစ်ရက်ကမှ ရန်ရန်က ပြောင်းသွားလို့ ပစ္စည်းတော်တော်များများက မရွှေ့ရသေးဘူး။ အဲ့တာကြောင့် မင်းနေဖို့တော့ အဆင်သင့်မဖြစ်သေးဘူး။ အချိန်တစ်ခုလောက်ကြာရင်တော့ မင်းနေလို့ရပါပြီ”
ကျန်ရှင်းဆွေ့ လှောင်ပြုံးပြုံးလိုက်ပြီးတော့ “အဲ့တာဆို အခုထုပ်ပိုးထားပြီး သူလာမှတစ်ခါတည်း ပြန်ယူသွားတာ ပိုအဆင်မပြေပေဘူးလား?”
ကျန်းရှာ နဲ့ ကျန်းရှောင့်ယန် အချင်းချင်းကြည့်လိုက်ပေမဲ့ ပြောစရာစကားပျောက်နေတုံးပဲ။
နောက်တော့ ကျန်းရှောင့်ယန် ရှင်းပြလိုက်တယ် “ရန်ရန်မှာက ပစ္စည်းတွေ အများကြီးပဲရှိတာပြီးတော့ တစ်ချို့ပစ္စည်းတွေက စျေးကြီးတယ်လေ အဲ့တာကြောင့် သူ့ပစ္စည်းတွေကို မဖွချင်လို့ပါ ငါတို့လုပ်လိုက်လို့ ပျက်စီးသွားမှာ ဆိုးရတယ်လေ ရှင်းဆွေ့ မင်းလည်းမိသားစုကြီးမှာ နေခဲ့တဲ့သူပဲဟာ အဲ့တာတွေကို ငါတို့ထက် ပိုပြီးသိသင့်တယ်မလား?”
ကျန်ရှင်းဆွေ့ ရယ်လိုက်တယ်။ သူ့မျက်လုံးထဲက အရောင်တွေကတော့ လွင့်ပျယ်သွားလေရဲ့။ သူသေးငယ်တဲ့ အခန်းလေးထဲကို ဝင်လိုက်ပြီးတော့ ပြောလိုက်တယ် “သဘောပဲ”
____________________
Word – 3238
Xiao Dream