Chapter – 6
ဒါရိုက်တာကတစ်သက်လုံး ဒီလောက်ထိအောင် မဆွံ့အဖူးဘူး
_______________________________________________
အပြင်ဘက်မှာထိုင်နေတဲ့ ကျန်ရှင်းဆွေ့က လူကိုယ်တိုင်တောင် မတွေ့ရသေးဘဲ သူတို့ကို ဘယ်လောက်ထိ ဒုက္ခပေးပြီးပြီလဲဆိုတာ မသိသေးဘူး။
လက်ထောက်ဒါရိုက်တာ ဖုန်းပြောပြီးသွားတော့ အကူအညီမဲ့နေတဲ့ပုံစံနဲ့ ထိုင်ခုံပေါ်ပုံကျသွားတော့တယ်။
ဒါရိုက်တာက ဘာဖြစ်လဲဆိုတာ မသိသေးတော့ မေးလိုက်တယ် “ဘာဖြစ်လို့လဲ?”
“ကျန်မိသားစုကတစ်ယောက် ဖုန်းဆက်ပြီးလုံးဝကိုမရွေးခိုင်းတဲ့ ကျန်ရှင်းဆွေ့ကိုမှတ်မိလား?” လက်ထောက်ဒါရိုက်တာကပြောတယ်။
ဒါရိုက်တာကမစ်တီးသောက်ရင်း ခေါင်းငြိမ့်ပြတယ် “အင်း မှတ်မိတယ်လေ ဘာလို့လဲ?”
လက်ထောက်ဒါရိုက်တာက အသက်ပြင်းပြင်းရှုလိုက်ပြီးတော့ “အခုပဲ ဖုကောရဲ့အေးဂျင့်ကဖုန်းဆက်တယ် သူတို့ရွေးလိုက်တဲ့ပြိုင်ပွဲဝင်က ကျန်ရှင်းဆွေ့တဲ့”
“အဟွတ်…အဟွတ်…အဟွတ်”
ဒါရိုက်တာ မစ်တီးသောက်ရင်း သီးသွားရတယ်။ သီးပြီးသေတော့မလို့။ သူဆက်ပြီးချောင်းဆိုးနေတယ်။ နောက်ဆုံးမျက်နှာတစ်ပြင်လုံးနီရဲသွားမှပဲ ချောင်းဆိုးရပ်တော့တယ်။ သူမယုံကြည်နိုင်စွာနဲ့ လက်ထောက်ဒါရိုက်တာကို ကြည့်လိုက်တယ် “မင်းဘာပြောလိုက်တာ?”
လက်ထောက်ဒါရိုက်တာက သူအသံသွင်းထားတဲ့ phone recordကိုဖွင့်ပြလိုက်တယ်။
ဒါရိုက်တာကနွေရာသီကြီးမှာ ထွက်လာတဲ့ချွေးစေးတွေကို သုတ်လိုက်တယ်။ သူ့လက်တွေကတုန်နေဆဲပဲ “အဲဒီကျန်ရှင်းဆွေ့ရဲ့အချက်အလက်ဖိုင်ကို ငါ့ဆီယူခဲ့ပေး ဘယ်ကဘိုးဘေးလေးလဲဆိုတာ ငါကြည့်ကြည့်ရမယ်”
တကယ်လို့ အဲ့တာကကျန်မိသားစုကပဲဖုန်းဆက်တာဆိုရင်တော့ သူတို့အဲ့လောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖုကျင်းရှောင်းက ဖုန်းဆက်တာဆိုရင်တော့ အကုန်လုံးက မတ်တပ်ထရပ်ကြလိမ့်မယ်။
လူအများရဲ့ အာရုံစိုက်ခြင်းခံရတဲ့ ဖုကျင်းရှောင်းက အနုပညာလောကမှာ ပြစ်ချက်မရှိဆုံးသူပဲ။ သူနဲ့အလုပ်တွဲပြီး မလုပ်ချင်တဲ့သူ တစ်ယောက်မှမရှိဘူး။ ဒီအမျိုးသားက သူ့စိတ်ကိုအလုပ်ထဲမှာပဲ နှစ်မြှုပ်ထားတယ်။ ပြီတော့ စီးပွားရေးလုပ်တာလည်း သေအောင်တော်သေးတယ်။ တကယ်ကိုစစ်မှန်တဲ့ဧကရာဇ်ပဲ။
သူ့ရဲ့သတင်းတွေက ဒီလိုကောင်းတဲ့အတွက် လူသစ်လေးတွေနဲ့ ကောင်မလေးတွေက မစ္စတာဖုကို အသဲအသန်တိုးဝှေ့နေကြတာ။ ဒီနှစ်တွေမှာ မစ္စတာဖုကို ဖက်တွယ်ချင်နေတဲ့သူတွေက entertainmentနားမှာ ဝိုင်းဝိုင်းလည်နေကြတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ကြဘူး။ မစ္စတာဖုကလည်း တစ်စုံတစ်ယောက်ကိုမှ မျက်နှာသာမပေးခဲ့ဘူး။ ဒီအချိန်မှာ ကျန်ရှင်းဆွေ့ကပေါ်လာခဲ့တယ်။ သူ့ကိုတကယ်ပဲ ထူးဆန်းစေလေတယ်။
လက်ထောက်ဒါရိုက်တာက အချက်အလက်ဖိုင်ကို ယူလာခဲ့ပြီးတော့ တီးတိုးပြောတယ် “သူစာချုပ်ချုပ်ထားတာက ဘယ်ကအေးဂျင့်ကုမ္ပဏီအစုတ်လဲ? ‘ဒေဝါလီခံရခြင်းentertainment’? နာမည်ကလည်းရယ်စရာကောင်းလိုက်တာ”
ဒါရိုက်တာကလည်းပြုံးလိုက်တယ် “သူ့လိုပဲ ထူးခြားပါပေတယ်”
သူတို့နှစ်ယောက်အခက်တွေ့နေရပြီ။ ရုပ်ရှင်ဧကရာဇ်ဖုဘက်ကိုလည်းလျစ်လျူရှုလို့မရဘူး။ ကျန်မိသားစုဘက်ကိုလည်း ပြောပြီးသားဖြစ်နေတယ်။ သူတို့အခုဘေးကျပ်နံကျပ်ဖြစ်နေလေပြီ။
သူတို့စိတ်ပူနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့်ပြီး ဝင်လာခဲ့တယ်။ ရွှေရောင်ဆံပင်နဲ့ ထိုင်းလူမျိုးနည်းပြလေးက ဝင်လာပြီးတော့ maskကိုချွတ်လိုက်တယ်။ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”
“ထူရာ!” ဒါရိုက်တာက သူတို့မနည်းဖိတ်လိုက်ရတဲ့ မိန်းကလေးနည်းပြကိုတွေ့တော့ ပြုံးပြလိုက်တယ် “မင်းရဲ့အေးဂျင့်ဆီကနေ မင်းကလမ်းပျောက်လွယ်တယ်ဆိုတာကြားတယ်။ ငါတို့စိတ်ပူပြီး မင်းကိုကြိုဖို့ လူလွှတ်တော့မလို့ပဲ”
ထူရာက ချစ်စရာကောင်းပြီး ချိုမြိန်တဲ့ပုံစံရှိတယ်။ သူမကအပြုံးလေးနဲ့ ပြောလိုက်တယ် “ကျွန်မလမ်းပျောက်ခဲ့သေးတယ် တရုတ်လူမျိုးပြိုင်ပွဲဝင်တစ်ယောက်က ကူပြီးလမ်းညွှန်ပေးလိုက်တာ သူ့ရဲ့ထိုင်းစကားက အရမ်းကောင်းတယ် ပြီးတော့လူလေးလည်းမဆိုးဘူး ကျွန်မအထင်တော့ သူကပြိုင်ပွဲဝင်ကောင်းတစ်ယောက် ဖြစ်လောက်တယ် ကျွန်မသူ့ရဲ့ဖျော်ဖြေမှုကို မျှော်လင့်နေမိပြီ”
ဒါရိုက်တာ အံ့အားသင့်သွားတယ်။ ပြိုင်ပွဲဝင်တစ်ယောက်က သူမမျက်လုံးထဲဝင်ဆံ့လိမ့်မယ်လို့ မထင်ထားဘူး။ သူမေးလိုက်တယ် “အဲ့တာဆိုငါတို့သူ့ကို သေချာပေါက်ရွေးရမှပေါ့ မင်းကောင်းတယ်ပြောတဲ့သူကသေချာပေါက်ဆိုးမှာမဟုတ်ဘူး သူ့နာမည်ဘယ်လိုခေါ်လဲ?”
“နာမည်က………” ထူရာကမျက်မှောင်ကြုတ်ပြီးတော့ တစ်ခဏလောက်စဉ်းစားနေတယ်။ ခဏနေတော့ သူမှမျက်လုံးကိုပင့်လိုက်ပြီးတော့ပြောတယ် “ကျန်ရှင်းဆွေ့”
……………
တစ်ခန်းလုံးတိတ်ဆိတ်သွားလေတယ်။
ထူရာက ဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကို သံသယဖြစ်စွာကြည့်လိုက်ပြီးတော့ “မင်းတို့ဘာဖြစ်သွားကြတာလဲ?”
ဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးတော့ ခါးသက်သက်ပြုံးလိုက်ကြတယ်။
သူတို့ဘာမှမဖြစ်ပါဘူး။ ခဏလောက်ဘာပြောရမှန်းမသိဖြစ်သွားယုံတင်ပါ။
အပြင်ဘက်ကကျန်ရှင်းဆွေ့က အခုထိဒါရိုက်တာအဖွဲ့ ပွက်လောရိုက်နေတာကိုမသိသေးဘူး။ auditionစတဲ့အချိန်မှာ ပြိုင်ပွဲဝင်တွေက သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလာကြတယ်။ အဆိုမှာရော အကမှာရော တော်တဲ့သူတွေလည်းရှိတယ်။ ဒီဖျော်ဖြေမှုတွေက လုံးဝကိုပဲ အသက်ဝင်လျက်ရှိတယ်။ အန်းရန်က ကျန်ရှင်းဆွေ့ရဲ့ရှေ့ကဖြစ်တယ်။ သူကဝင်သွားပြီးတော့ ရိုးရာအကတစ်ခုကိုကပြပြီး တော်တော်များများကလည်း သဘောကျကြတယ်။
ဒီရိုးရာအကက တခြားသူတွေကပြတဲ့ hip-hopတို့ ခုခေတ်အကတို့နဲ့မတူဘူး။ အန်းရန်ကငယ်ငယ်ကတည်းက အကကိုသင်ခဲ့တာ။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပျော့ပျော့ပျောင်းပျောင်းရှိတယ်။ ဒါရိုက်တာအဖွဲ့ကိုလည်း တော်တော်လည်း ကျေနပ်အားရစေတယ်။ ဇာတ်လိုက်အရှိန်အဝါကလည်း ထင်ထင်ရှားရှားကို ထွက်ပေါ်လာခဲ့တယ်။
သူထွက်လာပြီးတဲ့နောက်မှာ ကျန်ရှင်းဆွေ့အလှည့်ကို ရောက်လာခဲ့ပြီ။
သူအခန်းထဲကို ဝင်သွားတဲ့အခါမှာ အထဲမှာလူတွေအများကြီး ထိုင်နေကြတယ်။ ဒါရိုက်တာနဲ့ တခြားသူတွေက ရှေ့ဆုံးတန်းမှာ ထိုင်နေကြတယ်။ ကျန်ရှင်းဆွေ့ အထင်မှားတာပဲလားတော့မသိဘူး။ သူဝင်လာကတည်းက ဒါရိုက်တာတို့ သူ့ကိုကြည့်နေတဲ့အကြည့်တွေက နည်းနည်း…… စိုးရိမ်နေသလိုမျိုးပဲ။
ကျန်ရှင်းဆွေ့ ယဉ်ကျေးစွာဦးညွှတ်လိုက်ပြီးတော့ “လောင်ရှီးတို့မင်္ဂလာပါ ဒါရိုက်တာမင်္ဂလာပါ ကျွန်တော်ကကျန်ရှင်းဆွေ့ပါ ကျွန်တော်ပြချင်တဲ့ အရည်အချင်းကတော့ သီချင်းဆိုတာပါ”
သူသာမန်ကာလျှံကာပဲ ကျေနပ်အားရစရာကောင်းမဲ့ သီချင်းတစ်ပုဒ်ကို ရွေးလိုက်ပြီး ဆိုလိုက်တယ်။
အရမ်းကြီးကောင်းလွန်းတာတော့မဟုတ်ပေမဲ့ သူ့အသံကမဆိုးပါဘူး။ ဒါအပြင် ဒါရိုက်တာအဖွဲ့ကို ကျေနပ်စေတဲ့တစ်ချက် ရှိသေးတယ်။ လူသစ်လေးတွေရဲ့ တစ်ယောက်တစ်မျိုး ချောမောစေတဲ့ဆံပင်ပုံစံတွေကို မြင်ပြီးတဲ့အခါမှာတော့ ကျန်ရှင်းဆွေ့ရဲ့ ကတုံးပေါက်ကေက တော်တော်လေးကို……ထူးခြားနေတယ်။
အဲ့တာက ကြင်နာပြီး နူးညံ့တဲ့ပညာရှင်တစ်ယောက်က ရုတ်တရက်ထင်းခုတ်ဖို့ ထွက်လာသလိုပဲ။ ဒီလိုထူးခြားတဲ့ပုံစံက ရိုက်ကူးရေးအဖွဲ့ ဦးစားပေးအနေနဲ့ လိုချင်တဲ့ပုံစံပဲ။
သူ့ရဲအရည်အချင်းကတော့သာမာန်ပဲ။ တကယ်လို့ အရင်ကဆိုရင်တော့ ဒီလိုပြိုင်ပွဲဝင်တစ်ယောက်ကို ဒါရိုက်တာတွေနဲ့ ရိုက်ကူးရေးအဖွဲ့က သတိထားမိကြမှာမဟုတ်ဘူး။ ဒါပေမဲ့အခုတော့ သူ့ကိုbig bossကြီးနှစ်ယောက်က သိတဲ့အပြင် ထူရာကိုယ်တိုင်ကလည်း နာမည်တပ်ပြီးပြောထားဖူးတော့ ဒါရိုက်တာအဖွဲ့က အာရုံစိုက်မိသွားလေပြီ။
ဒါရိုက်တာကပြောတယ် “တကယ်လို့မင်း ငါတို့အစီအစဉ်မှာပါရမယ်ဆိုရင် ဘာတောင်းဆိုချက်တွေရှိလဲ? ဥပမာ ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းတစ်ခုခုမှာ ပါရဖို့စီစဉ်ပေးတာမျိုးပေါ့”
ကျန်ရှင်းဆွေ့ တစ်ခဏလောက် စဉ်းစားလိုက်တယ်။ သူ့အမူအရာက အရမ်းကိုလေးနက်နေတယ်။
Big bossကြီးနှစ်ယောက်နဲ့ သိတဲ့သူကို ကျေနပ်စေဖို့ခက်မယ်လို့ ဒါရိုက်တာကထင်တယ်။ ကျန်ရှင်းဆွေ့က TV showတွေများများ လိုချင်တယ် ဒါမှမဟုတ် ကျွမ်းကျင်တဲ့ဆရာတစ်ယောက်ရဲ့Trainingမျိုးလိုချင်တယ် လို့ပြောလာမှာလည်း ဖြစ်နိုင်တာပဲ။ စင်မြင့်ပေါ်ကကောင်လေးက ခေါင်းမော့လာပြီးတော့ နူးညံ့စွာမေးတယ် “ကောင်းပြီ ကျွန်တော်မေးချင်တာက ကျွန်တော်auditionအောင်သွားပြီ ပထမအပတ်ကို ဖြတ်ကျော်နိုင်သွားရင် တကယ်ပဲ ယွမ်၂သောင်းရမှာလား?”
“……………”
တစ်ခန်းလုံးတိတ်ဆိတ်သွားတယ်။
ဒါရိုက်တာကတော့ သူ့တစ်သက်လုံး တစ်ခါမှဒီလောက်မဆွံ့အ ရဖူးဘူးလို့ ခံစားနေရပြီ။
Big bossကြီးနှစ်ယောက်ဆီကနေ တစ်ချိန်တည်း နာမည်ခေါ်ခံရတဲ့သူက ဒီကိုလာတာ ယွမ်၂သောင်းလေးအတွက်?
*ငါအခုပဲ မင်းကိုယွမ်၂သောင်းပေးလိုက်မယ်။ ငါ့ကိုသာ မြန်မြန်လွှတ်ပေးပါတော့* ဒါရိုက်တာရဲ့စိတ်ထဲမှာ တော်တော်လေး ဗြောင်းဆန်နေပြီး ယောက်ယက်ခတ်နေပြီ။
ဒါရိုက်တာက မျက်ရည်ဝဲလျက် ခေါင်းငြိမ့်ပြတယ် “ဟုတ်တယ်!”
ကျန်ရှင်းဆွေ့ ဦးညွှတ်လိုက်တယ် “ကျေးဇူးပါ အဲ့တာဆို ကျွန်တော့်မှာမေးစရာမရှိတော့ပါဘူး သြော…ဒါနဲ့ နေစရိတ်၊ စားစရိတ်ရော ပေးလား?”
လက်ထောက်ဒါရိုက်တာက “……ပေးတယ်”
ကျန်ရှင်းဆွေ့က ပြုံးလိုက်ပြီးတော့ “အဲ့တာဆိုကောင်းပြီ”
ဒါရိုက်တာနှစ်ယောက်ရဲ့ စိတ်ထဲမှာတော့ ပိုပြီးရှုပ်ထွေးသွားပြီ။ ဒါပေမဲ့ စဉ်းစားကြည့်ရင်လည်း သူ့ရဲ့တောင်းဆိုချက်တွေက အရမ်းကိုရိုးရှင်းပြီးတော့ ဘာမှလည်းထပ်မတောင်းဘူး။ ဒီလိုလူမျိုးက အစီအစဉ်ထဲပါလည်း ဘာကိစ္စမှကြီးကြီးမားမား မဖြစ်လောက်ပါဘူး။ အဲ့လိုဆို ရုပ်ရှင်ဧကရာဇ်ဖုနဲ့လည်း ဆက်ဆံရေးကောင်းတစ်ခု ရရှိလာမယ်။
ဒါရိုက်တာက ပြုံးပြီးပြောလိုက်တယ် “ကောင်းတယ် မင်းအရွေးခံလိုက်ရပြီ ပြန်သွားပြီး အကြောင်းကြားလာတာကို စောင့်နေလိုက်တော့နော်”
ကျန်ရှင်းဆွေ့ အံ့အားသင့်သွားတယ်။ ဒီလောက်ရိုးရှင်းလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
သူကဦးညွှတ်လိုက်ပြီးတော့ အရှေ့ကိုသွားကာ စာရင်းပေးထားတဲ့ဖောင်ကို သွားယူလိုက်တယ်။ သူကဖောင်ကိုကိုင်ထားပြီးတော့ ဖြည့်စရာရှိတာ ဖြည့်နေတဲ့အချိန်မှာ စင်နောက်မှာအလုပ်လုပ်ရတဲ့ တစ်ယောက်က အနောက်ကနေရောက်လာပြီး ဒါရိုက်တာကိုပြောတယ် “ဒါရိုက်တာ… ကျွန်တော်တို့ လက်တိုလက်တောင်းခိုင်းတဲ့ ရှောင်ဝမ်ကအိမ်မှာကိစ္စရှိလို့တဲ့ ခွင့်ယူသွားတယ် နောက်နှစ်ရက်လောက်ထိမလာဘူးတဲ့ ဘယ်လိုလုပ်ကြမလဲ?”
ဒါရိုက်တာလည်း အရမ်းစိုးရိမ်သွားပြီး “ဘာလို့ဒီအချိန်ကျမှ ပြဿနာတက်နေရတာလဲ? ရက်အနည်းငယ်ပဲ ခွင့်ယူတာဆိုပေမဲ့ အလုပ်သမားငှားဖို့ကလည်းမလွယ်ဘူး တကယ်ကိုပဲ……”
သူစိတ်သောက ရောက်နေတဲ့အချိန်မှာပဲ သူ့ကိုအမြဲအံ့အားသင့်အောင်လုပ်နေတဲ့ ကျန်ရှင်းဆွေ့က ဖောင်ကိုကိုင်ထားရင်းနဲ့ မေးလာတယ် “ဒါရိုက်တာ ရက်အနည်းငယ်လောက် အလုပ်လုပ်ဖို့ အလုပ်သမားလိုနေတာလား?”
ဒါရိုက်တာကကြောင်သွားပြီး အံ့ဩနေတဲ့ပုံစံနဲ့ ကြည့်နေတယ်။
ဒီauditionကို ဝင်ဖြေနိုင်တဲ့သူတွေက အနည်းဆုံးမိသားစုက အလယ်အလတ်လောက်တော့ ချမ်းသာကြတယ်။ ဘယ်လိုလုပ်ပြီး ဒီလိုမေးခွန်းမျိုးမေးမှာတဲ့လဲ။ ဒါပေမဲ့လည်း သူခေါင်းငြိမ့်ပြလိုက်တုန်းပဲ “ဟုတ်တယ် ဘာဖြစ်လို့လဲ?”
ကျန်ရှင်းဆွေ့က ပြောလိုက်တယ် “ကျွန်တော်ဆိုရင် အဆင်ပြေလောက်မလား?”
“……………”
ဒါရိုက်တာကဒီနေ့တစ်နေ့လုံး ဒီကောင်လေးရဲ့လွှမ်းမိုးတာခံနေရတယ်လို့ ခံစားနေရပြီ။ သူပြန်ပြောလိုက်တယ် “ရတာတော့ရတယ် ဒါပေမဲ့လစာက တစ်နေ့ကို150ယွမ်ပဲရမှာ”
ကျန်ရှင်းဆွေ့ကြာကြာစဉ်းစားမနေပဲနဲ့ ခေါင်းငြိမ့်လိုက်တယ် “ရတယ်”
ဒါရိုက်တာရဲ့စိတ်တွေက ပိုပြီးရှုပ်ထွေးလာပြီ။ ကျန်ရှင်းဆွေ့ရဲ့ လက်လေးတွေက ဖြူနုနေတာတွေ့ရတယ်။ ပုံစံကနောက်ခံမရှိတဲ့ မိသားစုကနဲ့တော့မတူဘူး။ ပြီးတော့ Big Bossကြီးနှစ်ယောက်က သု့အတွက်နဲ့ ဖုန်းဆက်လာတာ။ တစ်ယောက်က သူ့အလုပ်ကို နှောင့်ယှက်ချင်နေတာဆိုပေမဲ့ပေါ့။ ဒါရိုက်တာက မတတ်နိုင်စွာပဲ မေးလိုက်တယ် “ပိုက်ဆံလိုနေတာလား?”
ကျန်ရှင်းဆွေ့က ခေါင်းငြိမ့်လိုက်တယ် “အင်း”
ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာနှစ်ယောက် အဲ့ဒီအချိန်မှာ ပြောစရာစကားလုံးဝရှာမတွေ့တော့ဘူး။
ဦးနှောက်ထဲမှာ တစ်ခုတည်းသော တွေးမိနေတဲ့အရာကတော့ ‘ကောင်စုတ်လေး ငါတို့အာရုံကို ဖမ်းစားသွားတာပဲ! ‘
အဲ့တာကအတွေးထဲမှာ ဘယ်လိုပဲရှုပ်နေပါစေ ကျန်ရှင်းဆွေ့ကတော့ အလုပ်ရသွားတုန်းပါပဲ။ သူဆန်ကိတ်ဆိုင်ကို မပြန်တော့ဘူးလို့ စဉ်းစားထားတယ်။ အဲ့တော့အခုလောလောဆယ် စားဖို့သောက်ဖို့အတွက် အလုပ်အရင်ရှာထားမှရမှာ။ ဝမ်ကောကသူ့ကို အေးဂျင့်ကုမ္ပဏီက အလုပ်သမားအဆောင်မှာ နေခွင့်ပြုထားပြီးပြီ။ အဲ့တာကြောင့် ဒီဘက်မှာအလုပ်လေးရှာထားနိုင်ရင် ဗိုက်ဖြည့်ဖို့က အဆင်ပြေသွားပြီ။ ပြီးတော့ လက်တိုလက်တောင်း လုပ်ပေးရတာက နည်းနည်းပင်ပန်းပေမဲ့ လုပ်ရတာလွယ်တယ်။ အတတ်လည်းမြန်တယ်။
…………………………
ရက်အနည်းငယ်ကြာပြီးနောက်
entertainment အဆောက်အအုံရဲ့အောက်ထပ်မှာ ကျန်ရှင်းဆွေ့က ဒီရက်ပိုင်းအတွင်းလာမဲ့ VIPဧည့်သည်တွေနဲ့ ယာဉ်တွေကို အစောင့်ဦးလေးကြီးကို ကူပြီးစစ်ပေးနေတယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးတစ်စုက ဖြည်းဖြည်းချင်း လျှောက်လာနေတယ်။ သူတို့လက်ထဲမှာလည်း ဆိုင်းဘုတ်တွေနဲ့ idolကိုအားပေးဖို့ ပစ္စည်းတွေကိုင်ထားတယ်။
ကျန်ရှင်းဆွေ့က အစောင့်ဦးလေးကြီးကို မေးလိုက်တယ် “သူတို့က…”
“အော ဒီနေ့က ရုပ်ရှင်ဧကရာဇ်ဖုက ဒါရိုက်တာအဖွဲ့နဲ့ လာစစ်မှာလေ” အစောင့်ဦးလေးကြီးက အဲဒီဖန်အုပ်စုကိုတစ်ချက်ကြည့်လိုက်ပြီးတော့ “အများစုက ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ခရီးစဉ်ကို ကြိုသိထားကြတဲ့သူတွေနဲ့ အမာခံဖန်တွေလေ”
ကျန်ရှင်းဆွေ့ စာရွက်ကိုကိုင်ထားတဲ့လက်ကို သတိမထားမိဘူး လက်သီးဆုပ်လိုက်မိတယ်။
အစောင့်ဦးလေးကြီးက သူ့ကိုပြောတယ် “မင်းကလည်း ရုပ်ရှင်ဧကရာဇ်ဖုရဲ့ဖန်လား?”
“ကျွန်တော်……” ကျန်ရှင်းဆွေ့က ခေါင်းကိုအနည်းငယ်ငုံ့လိုက်တော့ သူ့ရဲ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ သူဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီးတော့ပြောတယ် “မဟုတ်ပါဘူး”
အစောင့်ဦးလေးကြီးကလည်း ထပ်ပြီးမမေးတော့ဘူး။
ကျန်ရှင်းဆွေ့ကလည်း ဘာလို့မှန်းမသိ စိတ်တွေလှုပ်ရှားလာတယ်။ သူလုပ်စရာပြီးလို့ ပြန်တော့မဲ့အချိန်မှာ nannyကားတစ်စီး ဝင်လာခဲ့တယ်။ ကျန်ရှင်းဆွေ့ ဘာမှမတုံ့ပြန်ရသေးခင်မှာ ကောင်မလေးအုပ်စုကတော့ စိတ်လှုပ်ရှားနေကြပြီ။ တစ်ချို့က ပျော်ရွှင်မှုကြောင့် အော်ဟစ်နေကြတယ်။ ကားလည်းရပ်လိုက်ရော အကုန်လုံးက ကားနားကို ဝိုင်းအုံလာကြတယ်။
ဒါပေမဲ့ ကားပေါ်ကနေ ဆင်းလာတဲ့သူက ပြိုင်ပွဲအတွက်လာတဲ့ တခြားအနုပညာရှင်တစ်ယောက်ဖြစ်နေတယ်။ လက်ထောက်ကလမ်းရှင်းတော့ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ဖန်အုပ်စုက ခဏလောက်ထပ်စောင့်နေသေးတယ်။ ဒီနေ့ ရုပ်ရှင်ဧကရာဇ်ဖု မလာလောက်တော့ဘူးဆိုတော့မှ တဖြည်းဖြည်းနဲ့ ထွက်သွားကြတယ်။ သူတို့ထွက်သွားတော့ မီးဆိုင်းဘုတ်လေးတွေနဲ့ standeeလေးတွေက ကြမ်းပြင်ပေါ်ကျနေပြီးတော့ ယူမသွားကြဘူး။ သူတို့အားလုံးပြန်သွားတာကို ကျန်ရှင်းဆွေ့ စောင့်နေလိုက်တယ်။ ပြီးတော့မှ အရှေ့ကိုသွားလိုက်ပြီး စောနကနေရာမှာ သွားရပ်လိုက်တယ်။ ကြမ်းပြင်ပေါ်မှာကျနေတဲ့ ဘုတ်လေးတွေကိုကောက်လိုက်တယ်။
……………
အဲ့ဒီအချိန်မှာပဲ တစ်ခြားတစ်ဘက်မှာ nannyကားလေးကဝင်လာခဲ့တယ်။
ကားပါကင်မှာကားရပ်လိုက်တော့ လာကြိုဖို့တာဝန်ကျတဲ့ ဝန်ထမ်းလေးကရောက်လာပြီး “ဖုကော ကျွန်တော်တို့ အတွင်းဓာတ်လှေကားကိုစီးရင် လူတွေကိုရှောင်လို့ရပါတယ်”
ကားပေါ်ကဆင်းလာတဲ့သူက သာမန်punkဝတ်စုံကို ဝတ်ဆင်ထားတယ်။ အမျိုးသားကအရပ်ရှည်ပြီးတော့ သူ့ရဲ့ချောမောလှတဲ့မျက်နှာပေါ်မှာ နေကာမျက်မှန်တစ်လက်က နေရာယူထားတယ်။ ဖုကျင်းရှောင်းက နေကာမျက်မှန်ကို လက်တစ်ဖက်နဲ့ ချွတ်လိုက်ပြီး ခေါင်းငြိမ့်ကာပြောတယ် “သွားစို့”
လူတစ်စု ဓာတ်လှေကားဆီသွားတဲ့အခါမှာ စောနက ဖန်တွေရှိနေခဲ့တဲ့နေရာကို ဖြတ်သွားရတယ်။
ဖုကျင်းရှောင်း ဒီတိုင်းပဲ ခေါင်းလှည့်ပြီး ကြည့်လိုက်တဲ့အခါ အဲ့ဒီနေရာမှာရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူကခါးကိုင်းကာ အောက်ကျနေတဲ့ဘုတ်တွေကို ကောက်ယူနေတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုညင်သာလွန်းတယ်။ ပြီးတော့ဘုတ်တွေ ညစ်ပတ်နေတာတွေ့ရင်လည်း ဂရုတစိုက်သုတ်လိုက်သေးတယ်။ မသိရင် အရမ်းကိုအဖိုးတန်နေတဲ့ ပစ္စည်းကို ကောက်ယူနေသလိုမျိုးပဲ။
ဖုကျင်းရှောင်း နားမလည်နိုင်စွာပဲ နှစ်ချက်လောက် ပြန်ကြည့်လိုက်တယ်။
ဝန်ထမ်းလေးက သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ပြီးတော့မှ ရယ်ကာပြောတယ် “အဲ့တာက အသစ်ဝင်တဲ့ ယာယီအလုပ်သမားလေ အခုကနေရာရှင်းနေတာ”
ဖုကျင်းရှောင်း အသံပြုလိုက်တယ်။ ဘာလို့လဲမသိဘူး အဲ့ဒီကျောပြင်လေးကို သူရင်းနှီးနေသလိုပဲ။ အဲ့တာကြောင့် မေးလိုက်တယ် “သူ့နာမည်ဘယ်လိုခေါ်လဲ?”
“အော” ဝန်ထမ်းလေးကစဉ်းစားလိုက်ပြီးတော့ ပြန်ဖြေတယ် “……ကျန်ရှင်းဆွေ့လို့ ခေါ်တာထင်တယ်”
“……………”
ဘာကိုမှစိတ်မဝင်စားတဲ့ ရုပ်ရှင်ဧကရာဇ်က စိတ်ဝင်စားမှုကြောင့် မျက်ခုံးပင့်သွားလေတယ်။ တစ်ခဏနေတော့ ရယ်လိုက်လေတယ်။
……………
မူရင်းစာရေးသူမှာ ပြောစရာရှိပါတယ်။
ဖုကျင်းရှောင်း : “ကောင်လေး မင်းမှာငါမသိသေးတဲ့ ဘယ်လိုအံဩစရာတွေများ ရှိနေသေးတာလဲ?”
_______________
Word – 3119
Xiao Dream