Chapter – 7
ဒုတိယကိုကိုလေးရဲ့ ပွဲဦးထွက်
_______________________
ကျန်ရှင်းဆွေ့ကတော့ ဖုကျင်းရှောင်းဒီနေ့လာသွားတာမသိလိုက်လေဘူး။
သူ့ရဲ့အချိန်ပိုင်းအလုပ်က ဒီနေ့နေ့လယ်ဆိုရင်ပြီးပြီ။ အနောက်ထဲသွားပြီးတော့ လစာယူတဲ့အချိန် အလုပ်တူတူလုပ်နေကြဖြစ်တဲ့ staffလေးရှောင်မီက အင်တင်တင်နဲ့ပြောလာတယ် “ဆွေ့ဆွေ့ နင်တကယ်ကြီးသွားတော့မလို့လား? နင်သွားတာနဲ့……”
ကျန်ရှင်းဆွေ့က အမူအရာကင်းမဲ့စွာပဲ “ကျွန်တော်သွားလည်း ဘယ်နှရက်မှမကြာခင် ပြန်တွေ့ရမှာပဲဟာကို…”
ရှောင်မီမထိန်းနိုင်ပဲ ရယ်မိသွားတယ်။
မမှားဘူး။ အချိန်ပိုင်းအလုပ် ဆက်ပြီးမလုပ်တော့တဲ့ ရက်တွေအတွင်း ကျန်ရှင်းဆွေ့က ‘Starlight’ရဲ့ ပထမဆုံးအပတ်အတွက် ကောင်းကောင်းပြင်ဆင်နေတယ်။ သူက တစ်ပတ်ပဲပါမှာဆိုပေမဲ့ သေချာတော့ ပြင်ဆင်ထားရမယ်။ ပထမအချက်က သူဒီပရိုဂရမ်အတွက် တာဝန်ယူပေးရမယ်။ ဒုတိယအချက်က ဘာလို့လဲဆိုတော့…… နည်းပြက ဖုကျင်းရှောင်းဖြစ်နေလို့။ ဒီလူနဲ့ဘာဇာတ်လမ်းမှ မဖြစ်နိုင်ဘူးဆိုတာ သူသေချာပေါက် သိတာပေါ့။ အမြောက်စာခံက အမြောက်စာခံပဲလေ။ ဒါပေမဲ့ သူ့ရဲ့idolရှေ့မှာတော့ မျက်နှာမပျက်ချင်ဘူး။ အဲ့တာကြောင့် သေချာပြင်ဆင်ထားရမယ်။
အေးဂျင့်ဝမ်ကောက ပြောတယ် “ငါကြားတာတော့ ရိုက်ကူးရေး မစရသေးခင်မှာတင် ကုမ္ပဏီအကြီးကြီးတွေက သူတို့လူအသစ်လေးတွေရဲ့ ပွဲဦးထွက်အဆင့်ကိုတောင် ရွေးနေကြပြီဆိုပဲ တချို့လူသစ်တွေဆိုရင် အဆင့်တောင် သတ်မှတ်ပြီးသွားကြပြီတဲ့”
ကျန်ရှင်းဆွေ့လည်း ပြန်ပြောလိုက်တယ် “အင်း… အဲ့တာကပုံမှန်ပါပဲ”
ဝမ်ကောကသက်ပြင်းချလိုက်ရင်း ဆက်ပြောလာတယ် “ဒါပေမဲ့ ဒီနှစ်တွေမှာ variety showတွေက ပျင်းစရာကောင်းတယ်လို့ ခံစားရပြီး အရမ်းမပေါက်ဘူး အဲ့တာကြောင့် ဒါရိုက်တာအဖွဲ့က နည်းနည်းကြီးကြီးမားမားလုပ်ဖို့ စီစဉ်ထားတယ်တဲ့ သူတို့ကshowကို liveလွှင့်ပြီးတော့ ပရိသတ်တွေဆီကို မတူညီတဲ့ပုံစံမျိုးနဲ့ ချပြချင်တာ”
ကျန်ရှင်းဆွေ့ကအံ့ဩစွာနဲ့ “liveလွှင့်မှာ?”
မူရင်းဝတ္ထုထဲမှာတုန်းက ရိုက်ကူးပြီးတော့မှပဲ ထုတ်လွှင့်တာပါ။ ဘာလို့ရုတ်တရက် ပြောင်းသွားရတာလဲ?
အဲ့တာကလည်း butterfly effect ကြောင့်ပဲလား? ကျန်ရှင်းဆွေ့ဘာကြောင့်မှန်း စဉ်းစားလို့မရဘူး။ သူကတစ်ပတ်နေရင် ထွက်သွားမှာပဲဆိုတော့ သက်ရောက်မှုတော့ သိပ်မရှိပါဘူး။ စိတ်ထဲလည်း ထည့်ထားမနေတော့ဘူး။
ရိုက်ကူးရေးမစခင် တစ်ရက်အလိုမှာ ပြိုင်ပွဲဝင်အားလုံးဆီကို လျှပ်စစ်သံလိုက်ကတ် တစ်ကတ်ပေးတယ်။ အဲ့တာက ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြပေးတဲ့ အထောက်အထားကတ်ဖြစ်တယ်။ အဲ့ဒီကတ်နဲ့ ရိုက်ကူးရေးနေရာကို ဝင်ထွက်ရမှာမျိုးပေါ့။ ပြီးတော့ အဆောင်ကိုလည်း ဒီကတ်နဲ့ပဲဝင်ရမှာ။ ပစ္စည်းယူတာတို့ရောပဲ။ ရိုက်ကူးရေးအဖွဲ့က ဒီကတ်ကိုထူးခြားစေချင်လို့ထင်တယ် ခပ်ကြီးကြီးလေး လုပ်ပေးထားတယ်။ အိတ်ကပ်သေးရင် ထည့်လို့မဆံ့ဘူး။
[A/N : bank cardတွေလိုမျိုးလေ]
ကျန်ရှင်းဆွေ့ ရိုက်ကူးရေးအဖွဲ့ရဲ့ အကြောင်းကြားစာကို လက်ခံရရှိလိုက်တယ်။ သူတို့ကို ရိုက်ကူးရေးမစခင် တစ်ရက်အလိုမှာ ရိုက်ကူးမဲ့နေရာနဲ့ရင်းနှီးအောင် လုပ်ထားခိုင်းတာ။
ပြိုင်ပွဲဝင်တွေအကုန် တစ်ရက်စောပြီးတွေ့ရမယ်လို့ ပြောချင်တာပေါ့။ ကိစ္စတော့မရှိပါဘူး။ ကျန်ရှင်းဆွေ့အတွက်က အန်းရန်ကလွဲလို့ ဘယ်သူနဲ့တွေ့ရတွေ့ရ အဆင်ပြေတယ်လို့ထင်မိတယ်။ လာတာအရမ်းစောသွားတော့ သူသန့်စင်ခန်း အရင်သွားလိုက်တယ်။ အနီးနားရောက်သွားတဲ့အချိန်မှာ တစ်ယောက်က သန့်စင်ခန်းရဲ့အပေါက်ဝမှာ ဖုန်းပြောနေတာ ကြားလိုက်ရတယ်။ တိတိကျကျပြောရရင်တော့ အပြစ်တင်နေတာပေါ့ “ဒီရိုက်ကူးရေးအဖွဲ့က ဘယ်လိုတောင်လဲ? ပေးတဲ့ကတ်က ဒီလောက်ကြီးနေတာ ငါ့အင်္ကျီမှာကလည်း အိတ်ကပ်မပါဘူး သန့်စင်ခန်းသွားဖို့တောင် အခက်တွေ့နေရတယ်”
သူစကားပြောနေတဲ့လေသံက အထက်စီးဆန်ပြီးတော့ တဇွတ်ထိုးနိုင်တဲ့ပုံလည်းပေါ်တယ်။
ကျန်ရှင်းဆွေ့က ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ တစ်ဖက်လူကလည်း ဖုန်းပြောပြီးသွားလို့ ဒီဘက်ကိုလှည့်ကြည့်လာတယ်။ သူ့ဆံပင်ပုံစံကတော့ ထိုးထိုးထောင်ထောင်နဲ့ဖြစ်တယ်။ ဆူးပုံစံအရာလေးတွေပါတဲ့ သားရေအင်္ကျီအမည်းရောင်ကို ဝတ်ဆင်ထားတယ်။ သူ့ပုံစံကြည့်ရတာ အေးစက်ပြီး ဆိုးသွမ်းတဲ့ပုံစံပေါက်တယ်။ ပြီးတော့ ခေတ်မစားတော့တဲ့ဝတ်စုံတွေပဲ ဝတ်ထားပေမဲ့ တစ်ကိုယ်လုံးက ပစ္စည်းတွေက ဈေးအရမ်းကြီးလှတယ်။
အဲ့ဒီဖိနပ်တစ်ရံရဲ့ logoကိုလည်း ကျန်ရှင်းဆွေ့သိတယ်။ သူလည်းတစ်ချိန်တုန်းက ကျန်မိသားစုက သခင်လေးဆိုတော့ မြင်ဖူးတာပေါ့။ ဒီbrandက အထူးVIPဧည့်သည်တွေအတွက်ပဲ ထုတ်ထားတာမျိုး။ ပြီးတော့ကိုယ်ပေါ်က အင်္ကျီတွေကအစ အထူးထုတ်ပေးထားတဲ့ ပစ္စည်းတွေချည်းပဲ။ ဈေးအနည်းဆုံးဆိုရင်တောင် ဂဏန်း8လုံးလောက်ရှိတယ်။
“ဟေး” ရှန်ရှင်းချန်က သူ့ကို လက်ဝှေ့ရမ်းပြရင်း ပြောလိုက်တယ် “ဒီကိုလာခဲ့”
ကျန်ရှင်းဆွေ့က မယုံကြည့်နိုင်စွာနဲ့ သူ့ကိုယ်သူညွှန်ပြလိုက်ပြီးတော့ “ကျွန်တော့်ကိုပြောတာလား?”
ရှန်ရှင်းချန်က ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်ပြီးတော့ “ဒီနေရာမှာ မင်းအပြင် နောက်ထပ်ဘယ်သူရှိသေးလို့လဲ? ဒီကိုလာပြီး ကတ်လေးကိုင်ပေးထားပါဦး ငါသန့်စင်ခန်းဝင်ချင်လို့ အဆင်ပြေလား?”
ကျန်ရှင်းဆွေ့က ကတ်ကိုယူလိုက်ပြီးတော့ “ပြေတယ်”
ရှန်ရှင်းချန်က လက်ကိုဝှေ့ရမ်းလိုက်ပြီး “ကျေးဇူးပဲbro”
သူဝင်သွားပြီးတဲ့နောက် ကျန်ရှင်းဆွေ့က လက်ရန်းနားမှာ စောင့်နေလေတယ်။ စောင့်နေတာ ဘယ်လောက်မှမကြာသေးခင်မှာ လူတစ်ယောက်က နောက်ကကျားလိုက်သလို ပြေးလာလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ သူခေါင်းလှည့်လိုက်တဲ့အချိန်မှာ ရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။ အန်းရန်ပဲ!
အန်းရန်က အရမ်းစိတ်ပူနေတဲ့ပုံနဲ့ဖြစ်တယ်။ ကြည့်ရတာ တစ်ခုခုပျောက်သွားပုံပဲ။ ကျန်ရှင်းဆွေ့ကိုမြင်တော့ ပြေးနေတာရပ်လိုက်ပြီးတော့ “မင်းပဲ……”
ကျန်ရှင်းဆွေ့ကပြန်ဖြေတယ် “အင်း”
“ဟိုဟာ……ငါ့ရဲ့အထောက်အထားကတ်ကို တွေ့မိသေးလား?” အန်းရန်က မေးလာတယ်။
ကျန်ရှင်းဆွေ့က ခေါင်းခါရင်း “မတွေ့မိဘူး”
အန်းရန်အစကတော့ သွားတော့မလို့ပဲ။ ဒါပေမဲ့ ကျန်ရှင်းဆွေ့ရဲ့လက်ထဲမှာ ကတ်နှစ်ကတ်ဖြစ်နေတာကို တွေ့သွားတယ်။ သူက မသင်္ကာဖြစ်သွားပြီးတော့ “အဲ့တာဆို မင်းလက်ထဲကကတ်က ဘယ်သူ့ဟာလဲ?”
ကျန်ရှင်းဆွေ့ကလည်း “မင်းဟာမဟုတ်ဘူး တခြားသူရဲ့ဟာ”
အန်းရန်က ကျန်ရှင်းဆွေ့ နာမည်စာရင်းပေးတုန်းက သူကအဖွဲ့နဲ့မဟုတ်ဘဲ သူတစ်ယောက်တည်းဆိုတာ သတိရသွားတယ်။ အဲ့ဒါဆို သူ့လက်ထဲဘာလို့ နှစ်ကတ်တောင် ရှိနေတာလဲ? သူရောက်ကတည်းက ဒီကော်ရစ်တာကနေ ဖြတ်သွားပြီးတော့ သန့်စင်ခန်းသွားတာ။ ကျန်ရှင်းဆွေ့ကလည်း ဒီမှာပဲရပ်နေတာဆိုတော့ သူ့ဟာကို ကောက်ယူထားတာ ဖြစ်နိုင်တယ်။
သူသံသယဖြစ်စွာနဲ့ မလှုပ်ပဲဒီတိုင်းပဲ ရပ်နေလိုက်မိတယ်။
သူ့အနောက်ကလိုက်လာတဲ့ ကျိုးရွှင်လည်း ရောက်လာလေပြီ။ ရောက်တာနဲ့ ကျန်ရှင်းဆွေ့နဲ့ အန်းရန်တို့ မျက်နှာချင်းဆိုင်နေတာတွေ့တော့ အမြန်ရောက်ချလာပြီးတော့ မေးလာတယ် “ရန်ရန် ဘာဖြစ်လို့လဲ?”
အန်းရန်ကသူရောက်လာတာမြင်တော့ အသံတိုးတိုးလေးနဲ့ “ဘာမှမဖြစ်ပါဘူး အားရွှင်ရဲ့ ငါ့ကတ်ကိုရှာနေတုန်းပဲ”
ကျိုးရွှင်ကသူ့ဘေးက ကျန်ရှင်းဆွေ့ကိုကြည့်လိုက်တော့ သူ့လက်ထဲမှာကတ်နှစ်ကတ်ကိုင်ထားတာကိုတွေ့သွားပြီး ချက်ချင်းပဲ “ကျန်ရှင်းဆွေ့ မင်းရန်ရန့်ရဲ့ကတ်ကိုယူထားတာလား?”
ကျန်ရှင်းဆွေ့ အံ့အားသင့်စွာပဲမျက်လုံးတွေပြူးကျယ်လာတော့တယ်။ ဒါကြီးကမယုံချင်စရာကြီး။
သူ့ရဲ့မျက်နှာပေါ်မှာ ‘အမြှောက်စာခံဇာတ်ကောင်’ဆိုပြီးတော့များရေးထားသလား။ သူဒီတိုင်းရပ်နေရင်တောင် မကောင်းတာလုပ်ထားတယ်လို့ ထင်ခံနေရတယ်ပေါ့။
အခုက အန်းရန်ကသူတစ်ယောက်ထဲလာပြိုင်တာမဟုတ်ဘဲ ကျိုးရွှင်အပြင်နောက်ထပ်အသင်းသားနှစ်ယောက်ပါသေးတယ်။ သူတို့တွေကလည်းလောနေကြပြီ။ သူတို့ပုံစံကိုတွေ့တော့ အလောတကြီးနဲ့ ဘာဖြစ်ကြတာလဲလို့ ဝင်မေးကြတယ်။
ကျိုးရွှင်က ကျန်ရှင်းဆွေ့ကို လက်ညှိုးထိုးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ “ဒါက မင်းတို့ကိုပြောဖူးတဲ့ကျန်ရှင်းဆွေ့လေ”
သူတို့က သံသယမျက်လုံးတွေနဲ့ကြည့်လာကြတယ်။
ကျိုးရွှင်က “ကျန်ရှင်းဆွေ့ ရန်ရန်ကိုထပ်ပြီးအနိုင်မကျင့်ဖို့ပြောပြီးပြီလေ သူ့ဆီကယူထားတာကိုပြန်မပေးသေးဘူးလား?”
အထောက်အထားကတ်က လျှပ်စစ်နဲ့ဖြစ်တာကြောင့် အပေါ်မှာနာမည်ရေးမထားဘူး။ အပေါ်မှာ ရိုက်ကူးရေးအဖွဲ့ရဲ့logoပဲပါတယ်။ အဲ့တာကြောင့် ဒီတိုင်းကြည့်ပြီးခွဲလို့မရဘူး။
ကျန်တဲ့ယောက်ျားလေးနှစ်ယောက်ကလည်း အန်းရန်ကိုကြည့်ပြီးတော့ “ရန်ရန် တကယ်ပဲလား?”
အန်းရန် နည်းနည်းတော့ ချီတုံချတုံဖြစ်နေတယ်။ သူလည်းမသေချာဘူး။ ဒါပေမဲ့ ကျန်ရှင်းဆွေ့က သူ့ကိုဘာကိစ္စပဲဖြစ်ဖြစ် အခက်တွေ့အောင်ပဲ လုပ်နေတာဆိုတော့ ဒီတစ်ခါလည်း သူ့ကတ်ကို ကောက်ထားပြီးတော့ တခြားသူရဲ့ဟာပါလို့ ပြောနေတာလည်း ဖြစ်နိုင်တာပဲလေ။ အဲ့တာကြောင့် ကျန်ရှင်းဆွေ့က မဟုတ်ဘူးလို့ ပြောထားတော့ သူအရင်ဆုံးမရှင်းပြဘဲနဲ့ အားနည်းနေတဲ့ပုံစံ၊ အသံဖျော့ဖျော့လေးနဲ့ ကျန်ရှင်းဆွေ့ကို ပြောလိုက်တယ် “အဲ့ဒီကတ်က ငါ့အတွက် အရမ်းအရေးကြီးတယ် ငါ့ကိုပြန်ပေးလို့ရမလား?”
………
ကျန်ရှင်းဆွေ့ ကြောင်သွားပြီးတော့မှ ပြန်ပြောလိုက်နိုင်တယ် “အဲ့တာက မင်းဟာမှမဟုတ်တာ ဘာလို့မင်းကိုပေးရမှာလဲ?”
တခြားသူတွေလည်း ဒီစကားကိုကြားတော့ မနှစ်မြို့သလို ဖြစ်သွားကြတယ်။
သူတို့အားလုံး အန်းရန်ရဲ့စိတ်ကိုသိတယ်။ မသေချာဘဲနဲ့ လူတစ်ယောက်ကို စွပ်စွဲမှာမဟုတ်ဘူး။ ပြီးတော့ ကျန်ရှင်းဆွေ့နဲ့ ကိစ္စတွေကိုလည်း ကျိုးရွှင်က သူတို့ကိုပြောပြထားပြီးသား။ ကျန်ရှင်းဆွေ့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေပြီးတော့ တရားမျှတမှုအတွက် တိုက်ခိုက်ကြတော့မဲ့အချိန်မှာ သန့်စင်ခန်းဘက်ကနေ အသံထွက်လာတယ် “မင်းတို့ဒီမှာလမ်းပိတ်ပြီး ဘာလုပ်နေကြတာလဲ?”
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားတဲ့ ရှန်ရှင်းချန်က သန့်စင်ခန်းထဲကနေ ထွက်လာပြီးတော့ အားလုံးကို သံသယဖြစ်စွာနဲ့ ကြည့်နေတယ်။
ကျန်ရှင်းဆွေ့က မမှတ်မိပေမဲ့ ကျိုးရွှင်ကတော့ သူကဘယ်သူလဲဆိုတာ မှတ်မိလိုက်ပြီ။ ဒုတိယမျိုးဆက် သခင်လေးတွေထဲမှာ ရှန်ရှင်းချန်ကို ဘယ်သူကမသိဘဲနေမှာလဲ။ သူ့ကို ဒုတိယမျိုးဆက်သခင်လေးလို့တောင် သတ်မှတ်လို့မရဘူး။ ရှန်မိသားစုက အရင်ကတည်းက ချမ်းသာတဲ့မိသားစုတစ်ခုဖြစ်တယ်။ မြို့တော်Aမှာ အချမ်းသာဆုံးက စုစုပေါင်းမိသားစုနှစ်ခုပဲရှိတယ်။ တစ်ခုက ဖုမိသားစု။ နောက်တစ်ခုက ရှန်မိသားစု။ သူ့အရှေ့က ကောင်လေးကတော့ ရှန်မိသားစုက ဒုတိယသခင်လေး ရှန်ရှင်းချန်ပဲ။
သူ့ကိုသိတဲ့သူတိုင်းက သူကဒေါသထွက်လွယ်တယ်၊ လွယ်လွယ်နဲ့ သွားရှုပ်လို့မရဘူးဆိုတာကိုလည်း သိကြတယ်။
စောနကထိ ကျိုးရွှင်က မာနကြီးတဲ့ပုံ ပေါက်နေသေးတယ်။ ရှန်ရှင်းချန်ကို မြင်တဲ့အခါကျတော့ အားနည်းဟန်နဲ့ ပြောပြန်တယ် “ရှန်သခင်လေး ကျွန်တော်တို့က အသင်းဖော်ကို သူ့ရဲ့အထောက်အထားကတ် ပြန်လာယူပေးတာပါ”
ရှန်ရှင်းချန်က သံသယမျက်လုံးနဲ့ မေးလိုက်တယ် “ဘယ်သွားပြီးယူရမှာလဲ?”
ကျိုးရွှင်ကလည်း ကျန်ရှင်းဆွေ့လက်ထဲက ကတ်ကိုပြလိုက်တယ်။
ရှန်ရှင်းချန် သူညွှန်ပြတဲ့အတိုင်းကြည့်လိုက်တော့ ကျန်ရှင်းဆွေ့လက်ထဲက သူ့ကတ်ကိုတွေ့လိုက်ရတယ်။ ကျိုးရွှင်ကိုကြည့်ကာ တစ်ချက်လှောင်လိုက်ပြီးတော့ တစ်ချက်လောက် လှမ်းကန်လိုက်တယ် “မြေနိုးလေး ငါ့ကိုစိန်ခေါ်နေတာလား?? ဟုတ်လား?? အဲ့တာငါ့ကတ်ကွ မင်းဖင်ကြီးကိုယူ!!”
………
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားတော့တယ်။
_______________
Word – 2746
Xiao Dream