Chapter – 9
ရုပ်ရှင်ဧကရာဇ်ဖုက လူကောင်းပါ
_____________________
ရှန်ရှင်းချန်ကို မနည်းစကားဖြတ်ပြီးသွားတော့ ကျန်ရှင်းဆွေ့ကအခန်းထဲမှာ တခြားလူနှစ်ယောက် ရှိနေသေးတယ်ဆိုတာ သတိပြုမိသွားတယ်။ တစ်ယောက်က ဆံပင်ကို ချစ်စရာကောင်းလှတဲ့ ကျောင်းသားကေ ညှပ်ထားတယ်။ ကြည့်ရတာတက်ကြွပြီး ချစ်ဖို့ကောင်းတဲ့ပုံလေး။
တခြားတစ်ယောက်ကတော့ ရိုးသားပြီးတည်တည်ငြိမ်ငြိမ်ရှိမဲ့ပုံပဲ။ သူ့ရဲ့စူးစမ်းနေတဲ့ မျက်လုံးတွေကို သတိထားမိသွားတော့ နည်းနည်းအေးစက်စက်နိုင်တဲ့သူက ခေါင်းငြိမ့်ပြီးတော့ နှုတ်ဆက်လာတယ် “မင်္ဂလာပါ! ငါကနင်ဇယ်ပါ”
ချစ်စရာကောင်းတဲ့ ကောင်လေးကလည်း ခေါင်းငြိမ့်လိုက်ပြီးတော့ နွေးထွေးစွာနှုတ်ဆက်တယ် “မင်္ဂလာပါ! ငါကဝမ်းရှန်းကောပါ”
ကျန်ရှင်းဆွေ့လည်း လက်ပြလိုက်ပြီး နှုတ်ဆက်လိုက်တယ် “မင်္ဂလာပါ! ငါကကျန်ရှင်းဆွေ့ပါ”
အဲ့ဒီအချိန်မှာ အခန်းထဲကသုံးယောက်လုံး တိတ်ဆိတ်သွားလေတယ်။ သူ့ဘေးမှာရှိတဲ့ ရှန်ရှင်းချန်ကပဲ အေးအေးဆေးဆေးနဲ့ ဘုရင်တစ်ပါးလို ကုတင်တွေဆီ လျှေက်သွားကာ ထိုင်လိုက်ပြီး ပြောလာတယ် “မင်းတို့မအိပ်ဘူးဆိုတော့လည်း ငါဒီမှာအိပ်ပြီနော်”
“……”
တကယ်တော့ မအိပ်သေးတာမဟုတ်ဘူး။ အိပ်ဖို့နေရာကို မရွေးရသေးတာ။
အရင်ကတော့ ကျန်ရှင်းဆွေ့ပဲ ဒီသခင်လေးက ဘယ်လောက်အထက်စီးဆန်ပြီး ရိုင်းတယ်ဆိုတာသိတာ။ ဒါပေမဲ့အခုတော့ ကျန်တဲ့နှစ်ယောက်လည်း မျက်မြင်တွေ့လိုက်ရပြီ။ ဝမ်းရှန်းကောကအစကတည်းက ရွေးပြီးသားလိုမျိုး တခြားကုတင်တစ်ခုကို ရွေးလိုက်တယ်။ နင်ဇယ်ကလည်း စကားပြောရတာ မကြိုက်တဲ့သူဆိုတော့ သူ့ပါသူတခြားကုတင်တစ်ခုကို ရွေးလိုက်တယ်။ တခြားသူတွေဆိုရင် ရန်ထသတ်လောက်ပေမဲ့ သူတို့ကတော့ အေးအေးချမ်းချမ်းပဲ ပြီးသွားခဲ့တယ်။
ပြိုင်ပွဲဝင်တွေအားလုံး အဆောင်ရွေးပြီးသွားကြတော့ ဝန်ထမ်းလေးက ပြောလာတယ် “အားလုံးပဲနေရာယူပြီးကြရင် ရိုက်ကူးရေးနေရာကို သွားပေးကြပါနော်”
ကျန်ရှင်းဆွေ့ ကျန်တဲ့ကုတင်တစ်လုံးကို ယူလိုက်ပြီးတဲ့အချိန်ထိ တခြားအဆောင်တွေက ကုတင်ရွေးနေကြတုန်းပဲ။ တစ်ချို့ကလည်း အချင်းချင်းမိတ်ဆက်နေကြတယ်။ ကျန်ရှင်းဆွေ့တို့အခန်းက အချင်းချင်းမိတ်ဆက်တာလိုမျိုး အခြေခံကျတာတွေ အကုန်ပြီးသွားပြီဆိုတော့ ရိုက်ကူးရေးနေရာဆီကို သူတို့ကအရင်ဆုံး ရောက်နေလေတယ်။ ရိုက်ကူးရေးအဖွဲ့ ဒီတစ်ခေါက်ပြင်ဆင်ထားတဲ့နေရာက အရမ်းကိုအကြံကောင်းလွန်းတယ်။ မီးရောင်တွေကနေရာတစ်ခုလုံးကို တဖျက်ဖျက်နဲ့လင်းနေစေတယ်။ ကျန်ရှင်းဆွေ့တို့အဖွဲ့က ပထမဆုံးဝင်လာတာြဖစ်တဲ့အတွက် သဘာဝကျစွာပဲ liveကြည့်နေကြတဲ့ပရိသတ်တွေက သူတို့ကို အရင်သတိထားမိသွားကြတယ်။
“အဲ့တာသူပဲ ကတုံးပေါက်ကေနဲ့ အချောလေးလေ”
“သူ့ဘေးမှာ သားရေအင်္ကျီဝတ်ထားတဲ့ ကြက်မောက်ကေလည်း ရှိသေးတယ်”
“ဝါး ဒီအုပ်စုကိုကြည့်ရတာ မြေအောက်ကမ္ဘာကနေ အကြွေးတောင်းဖို့ လာတဲ့သူတွေကျနေတာပဲ”
“ဟားဟားဟားဟား ရယ်သေပြီဟ”
ရှန်ရှင်းချန်က ရှေ့ဆုံးကနေ သွားနေတာဖြစ်တဲ့အတွက် ကျန်ရှင်းဆွေ့နဲ့နင်ဇယ်တို့လို ရိုးသားပုံပေါက်တဲ့တစ်သိုက်က နောက်ကနေလိုက်ကြတယ်။ အရှေ့ဆုံးက ရှန်ရှင်းချန်ရဲ့ပုံစံကတော့ မာနကြီးတဲ့ပုံအပြည့်ရှိတယ်။ အာဏာရှင်တစ်ယောက်ပုံစံနဲ့ အစ်ကိုကြီးက သူ့ရဲ့လက်အောက်ငယ်သားတွေကိုခေါ်ပြီး လမ်းပေါ်ထွက်လာတာနဲ့တောင် တူနေသေးတယ်။ ပရိတ်သတ်တွေကလည်း သဘောကျကြတာကြောင့် တချို့နာမည်တွေကို မသိစိတ်ကနေ မှတ်ထားလိုက်မိကြတယ်။
ခဏနေတော့ ပြိုင်ပွဲဝင်တွေတော်တော်များများ ရိုက်ကွင်းထဲဝင်လာကြတယ်။
ကျန်ရှင်းဆွေ့ရဲ့ ဘေးမှာထိုင်နေတဲ့ ရှန်ရှင်းချန်က ရိုက်ကွင်းထဲဝင်လာတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်နေတယ်။ သူကလူတစ်ဝက်လောက်နီးပါးကို ဘယ်သူကဘယ်ကုမ္ပဏီကဆိုတာ ပြောနိုင်လေတယ်။ ကျန်ရှင်းဆွေ့ကိုတောင်မှ အသံတိုးတိုးလေးနဲ့ ပြောလာသေးတယ်။
“ဒီတစ်ယောက်ကို ငါအရင်ကတွေ့ဖူးတယ် လွန်ခဲ့တဲ့နှစ်ပတ်ကတောင် ကောင်မလေးနဲ့ စျေးဝယ်ထွက်နေတာ တွေ့ခဲ့သေးတယ် အဲ့တာတောင် အခုထိစင်ပေါ်မှာ သူကsingleဖြစ်နေတာ နှစ်နှစ်ဆယ်ရှိပြီလို့ ပြောနေသေးတာ”
“အဲ့ဒီတစ်ယောက်ကိုတွေ့လား ငါတိုးတိုးလေးပြောပြမယ်နော် သူ့မှာစပွန်ဆာရှိတယ် ပြီးတော့ နှစ်ယောက်တောင်မှနော်”
“ဟိုတစ်ယောက်ရဲ့မျက်လုံးက ဘယ်လိုဖြစ်တာလဲ သူကပလတ်စတစ်ဆာဂျူရီ လုပ်ထားတာလို့ ငါပြောရင်ယုံလား?”
ကျန်ရှင်းဆွေ့ကသူ့ဘေးမှာ သံတွေအပ်တွေရှိနေသလိုမျိုး တောင့်တောင့်ကြီး ထိုင်နေတယ်။ သူက ကသိကအောက်ဖြစ်စွာနဲ့ပဲ ပြန်ဖြေလိုက်တယ် “ယုံပါတယ်”
ရှန်ရှင်းချန် ရယ်လိုက်တယ်။ ပြီးတော့ ရယ်သံကလည်း တိုးတိုးလေးမဟုတ်ဘူး။
သူတို့နှစ်ယောက်ထဲမှာ ရှန်ရှင်းချန်က အထူးရိုက်ချက်တွေ တော်တော်များများရဖို့ ရိုက်ကူးရေးအဖွဲ့နဲ့ စာချုပ်ချုပ်ထားတာဖြစ်တယ်။ ဒါမှနောက်ပိုင်းကျရင် ရှန်မိသားစုက ချမ်းသာပြီး အနာဂတ်ကောင်းရရှိလာမှာဖြစ်တယ်။ သူတို့နှစ်ယောက်က ပူးကပ်နေတဲ့အတွက် ရှန်ရှင်းချန်ကို ရိုက်ချက်များများပေးချင်ရင် သူ့ဘေးမှာထိုင်နေတဲ့ ကျန်ရှင်းဆွေ့ကိုလည်း ချန်ထားလို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ဒီနှစ်ယောက်က ပရိသတ်တွေကြားသွားလို့ မဖြစ်တဲ့စကားတွေကို ဆက်ပြောနေကြတုန်းပဲ။ ကင်မရာမန်းက သူတို့တိုးတိုးလေးပြောနေသမျှကို စိုးရိမ်စွာနဲ့ နားထောင်ပြီးတော့ သူတို့နဲ့ဝေးဝေးကနေပဲ ရိုက်ကူးနေတော့တယ်။ အဲ့တာကြောင့် ပရိသတ်တွေက သူတို့တိုးတိုးလေး စကားပြောနေကြတာကို မြင်နေကြပေမဲ့ ဘာပြောနေမှန်းတော့ မကြားရကြဘူး။ ရလဒ်အနေနဲ့ကတော့ အကျိုးကောင်းကောင်း ရသွားတော့တယ်။
“အမေရေ သူတို့ဘာတွေပြောနေကြတာလဲ”
“သိချင်လို့သေတော့မှာပဲ သိချင်လို့သေတော့မှာပဲ ငါလည်းကြားချင်တယ်လေဟာ”
“ကင်မရာမန်းရေ ဘာလုပ်နေတာလဲ ရှေ့လေးတိုးရိုက်ပါ ဟုတ်ပြီလား?”
“ဟားဟားဟားဟား တောင်းပန်ပါတယ် ငါအောင့်မထားနိုင်တော့ဘူး ငါသူတို့ကိုပဲ ကြည့်ချင်နေတော့တယ် ဘာတွေပြောနေကြတာလဲ သိချင်လို့လေ”
အားလုံးရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ နှစ်ယောက်ကတော့ သူတို့ပါသာ စကားပြောနေကြဆဲပဲ။ တခြားပြိုင်ပွဲဝင်တွေကတော့ ကင်မရာရိုက်ချက်ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်။ ရှန်ရှင်းချန်က လူအိုကြီးတစ်ယောက်လိုပဲ မကျေနပ်ချက်တွေကို ပြောနေတုန်းပဲ။ ကျန်ရှင်းဆွေ့ကတော့ စက်ရုပ်တစ်ရုပ်လိုမျိုး ခေါင်းငြိမ့်လျက်ရှိတယ်။
ကံကောင်းစွာပဲ နည်းပြတွေ စင်ပေါ်တက်လာမဲ့အချိန် ရောက်လာခဲ့ပြီ။ မီးရောင်တွေဟာ ထိန်လင်းလျက်နဲ့ မြူးကြွကြွသံစဉ်ကလည်း နေရာအနှံ့ ဖြန့်ကျက်လျက်ရှိတယ်။ စတိတ်စင်ဟာ မြင့်တက်လာကာ ရှိုးရဲ့နည်းပြလေးယောက်က အတူတူထွက်ပေါ်လာတော့ အားလုံးကလက်ခုပ်တီးပြီး အားပေးကြလေတယ်။ ထူရာကစင်ရဲ့အလယ်မှာ အရမ်းဟော့လွန်းတဲ့ စကတ်အတိုလေးဝတ်ထားပြီးတော့ ကနေရှိတယ်။ အေးစက်စက်နိုင်ပြီး ပန့်တစ်ထည်ဝတ်ထားတဲ့ တစ်ယောက်ကလည်း သူမနဲ့အတူလိုက်ကပေးနေတယ်။ အနီရောင် သားရေဂျက်ကတ်ဝတ်ထားတဲ့ တစ်ယောက်ကကျတော့ သူတို့နဲ့အတူပဲ သီချင်းသီဆိုလျက်ရှိတယ်။ နောက်ဆုံးတစ်ယောက်ကတော့ စင်တစ်ခုလုံးမှာ အတောက်ပဆုံးဖြစ်နေတဲ့သူပါပဲ။ ဖြူစွတ်နေတဲ့ စန္ဒယားဘေးမှာ မည်းနက်နေတဲ့ ကုတ်တစ်ထည်ဝတ်ထားတဲ့ ယောက်ျားလေးတစ်ယောက် ထိုင်နေလေတယ်။ ဖုကျင်းရှောင်းက ကျန်တဲ့သုံးယောက်နဲ့အတူ စည်းချက်လိုက်ပြီး စန္ဒယားတီးလျက်ရှိတယ်။
အားပေးသံတွေက ခေါင်မိုးတွေတောင် ပွင့်ထွက်တော့မတတ် ကျယ်လောင်လှတယ်။
ဒီအရာအားလုံးက အရင်ကဆိုရင် TVပေါ်မှာပဲတွေ့နိုင်တာ။ အထူးသဖြင့် အနုပညာလောကရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဖုကျင်းရှောင်းပဲ။ စင်ပေါ်ကသူတွေက သူတို့လုံးဝကို လက်လှမ်းမမှီနိုင်တဲ့ သူတွေပဲ။
တခြားသူတွေပဲ စိတ်လှုပ်ရှားနေကြတာမဟုတ်ဘဲ ကျန်ရှင်းဆွေ့ပါ နှလုံးခုန်ထွက်မတတ် စိတ်လှုပ်ရှားနေတာြဖစ်တယ်။ သူစင်ပေါ်ကသူဆီကနေ မျက်စိမလွှဲနိုင်ဘူးဖြစ်နေမိတယ်။ တခြားသူတွေက တလက်လက်တောက်ပနေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပေမဲ့လည်း သူကတော့ မတ်မတ်ထိုင်ပြီး စန္ဒယားကို အေးအေးဆေးဆေး တီးနေတဲ့သူပေါ်မှာပဲ အကြည့်တွေက မြဲနေလေတယ်။ အသက်ဝင်ပြီး ယောက်ယက်ခတ်နေတဲ့စင်ပေါ်မှာ သူကတော့ မင်းသားတစ်ပါးလိုမျိုး မြင့်မြတ်တဲ့အရှိန်အဝါအပြည့် ထုတ်လုပ်လျက်ရှိတယ်။ ဒါကတကယ်ကြီး ဖုကျင်းရှောင်းပဲ။ ပြီးတော့ သူ့Idolကလည်း သူနဲ့တကယ်ကို နီးနီးကပ်ကပ်ကြီးမှာ ရှိနေတယ်။
သူ့ဘေးက ရှန်ရှင်းချန်ကတော့ ဗလုံးဗထွေးနဲ့ ပြောလာတယ်။
“ဒီနေ့ ထူရာကျဲဝတ်ထားတဲ့ အင်္ကျီအတွက် သူ့အေးဂျင့်နဲ့ ရန်ဖြစ်ခဲ့ရသေးတယ်နေမှာ”
“ဝိုး ရွှောင်ကောရဲ့နားကပ်က limited editionကြီးဟ နည်းပြလေးတစ်ခါ လုပ်ရတာလည်း တကယ်မလွယ်တာပဲ”
“ယိုးယိုး လီလောင်ရှီးက ဒီအကကိုနှစ်ရက်ပဲ လေ့ကျင့်ထားတာလို့ ငါပြောရင်မင်းယုံမှာလား?”
သူ့ဘေးကရှန်ရှင်းချန်က အစကတည်းက တစ်လျှောက်လုံး စကားပြောနေခဲ့တာဖြစ်တယ်။ အထူးသဖြင့် ဝေဖန်တာပေါ့။ ပြီးတော့ တခြားသူတွေအပေါ် အပြစ်ပြုမိမှာလည်း မကြောက်ဘူးလေ။ အဲ့တာကြောင့် အမှန်အတိုင်းပဲ ပြောလေ့ရှိတယ်။ တခြားသူတွေအကုန်လုံးက ချီးကျူးတတ်ကြတယ်။ ဒါပေမဲ့သူတစ်ယောက်ပဲ အမှန်အတိုင်း ပြောရဲတာြဖစ်တယ်။ ဒါပေမဲ့ ဖုကျင်းရှောင်းကို ဝေဖန်ရမဲ့အလှည့်ရောက်တော့ သူပါးစပ်ပိတ်သွားလေတယ်။
ကျန်ရှင်းဆွေ့ နောက်ဆုံးတော့ စိတ်နဲ့လူနဲ့ ပြန်ကပ်သွားခဲ့ပြီ။ သူ့ရဲ့idolကြီးဆီကနေ အကြည့်လွှဲလိုက်ပြီးတော့ မေးလိုက်တယ် “ဘာလို့သူ့အလှည့်ကျတော့ မပြောတော့တာလဲ?”
ရှန်ရှင်းချန် နှုတ်ခမ်းဆူသွားတယ်။ ဒါကအထက်စီးဆန်တဲ့ သခင်လေးအပေါ် ကျန်ရှင်းဆွေ့စိတ်ဝင်စားတဲ့ အမူအရာပြလာတဲ့ ပထမဆုံးအကြိမ်ပဲ။ ရှန်ရှင်းချန်က အနီးနားမှာ ကင်မရာတစ်လုံးမှ မရှိတာသေချာမှ ကျန်ရှင်းဆွေ့နားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ် “ငါမင်းကိုအကြံပေးမယ်နော်!!! မင်းသေချာမှတ်ထား”
ကျန်ရှင်းဆွေ့ : “ဘာကိုလဲ?”
ရှန်ရှင်းချန်က ကြောက်နေတဲ့ပုံစံနဲ့ “ဖုကျင်းရှောင်း… အဲ့ဒီသူကို လုံးဝကိုသွားပြီး အပြစ်ပြုလို့မရဘူးနော်”
ကျန်ရှင်းဆွေ့ : “အာ?”
“မင်းသူ့ရှေ့မှာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေသင့်တယ် မဟုတ်ရင် မသေမရှင် ဖြစ်သွားနိုင်တယ်” ရှန်ရှင်းချန်ကတစ်ခုခုကို သတိရသွားသလိုမျိုးနဲ့ စကားတစ်ခွန်း ထပ်ပြောလိုက်တယ် “သူ့ပုံစံကသိမ်မွေ့ပြီး ရည်မွန်တယ်လို့မြင်ရင် မင်းတော့အလိမ်ခံလိုက်ရပြီ သူကတကယ်တော့ အရမ်းအန္တရာယ်များတယ် စိတ်ထဲမှာလည်း မကောင်းတဲ့အကြံတွေနဲ့ပဲ ပြည့်နေတာ သူ့ကိုအပြစ်ပြုမိလိုက်ရင် မင်းဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး”
စင်ပေါ်ကအသံတွေက အရမ်းကျယ်လွန်းတာကြောင့် ကျန်ရှင်းဆွေ့ သေချာမကြားရဘူး ဖြစ်နေလေတယ် “ဘာပြောလိုက်တာလဲ?”
ရှန်ရှင်းချန်က စင်ပေါ်ကို ကြည့်နေတယ်။ စန္ဒယားတီးနေတဲ့ ဖုကျင်းရှောင်းက တမင်လားဒီတိုင်းပဲလား ဝေခွဲရခက်စွာ ဒီဘက်ကိုလှည့်ကြည့်လာတယ်။ အဲ့ဒီအကြည့်တစ်ချက်နဲ့ အထက်စီးဆန်တဲ့ ကောင်ငယ်လေးဟာ ခြိမ်းခြောက်ခံလိုက်ရတော့တယ်။ ရှန်ရှင်းချန်က ခေါင်းမြန်မြန်ခါလိုက်ပြီးတော့ ပြောလိုက်တယ် “ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး”
ကျန်ရှင်းဆွေ့က ရှုပ်ထွေးသွားရတယ် “အာ?”
ရှန်ရှင်းချန် ဘာလို့လဲတော့မသိဘူး ဖုကျင်းရှောင်း သူ့ကိုကြည့်လိုက်တဲ့ အကြည့်ထဲမှာ ခြိမ်းခြောက်မှုတွေပါနေတယ်လို့ ခံစားနေရတယ်။ လူတော်တော်များများက ရုပ်ရှင်ဧကရာဇ်ဖုရဲ့ နူးညံ့ကြင်နာတဲ့မျက်လုံးတစ်စုံကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရတယ်။ လူအချို့ကပဲ အဲ့ဒီမျက်လုံးတစ်စုံက ဘုရားသခင်ဆီက ဆုလာဘ်တစ်ခုလိုမျိုး သူ့ရဲ့အေးစက်မှုတွေနဲ့ စိတ်ခံစားချက်မရှိမှုတွေကို ကောင်းကောင်းဖုံးကွယ်ထားပေးနိုင်တယ်ဆိုတာသိကြတယ်။
ကင်မရာအောက်မှာတော့ ဖုကျင်းရှောင်းက ယဉ်ကျေးစွာပြုံးလျက်ရှိတယ်။ ရှန်ရှင်းချန်တစ်ခုခုမှားနေပြီလို့ ခံစားမိလိုက်တယ်။ သူတို့ကြားကအကွာအဝေးက ဒီလောက်ဝေးနေတာကို ဘာပြောနေလဲဆိုတာ မကြားရလောက်ပေမဲ့ ဖုကျင်းရှောင်းကတော့ ကျန်ရှင်းဆွေ့ကို သူပြောနေတာတွေက ကောင်းတာတွေမဟုတ်ဘူးဆိုတာ ခန့်မှန်းမိတဲ့ပုံပဲ။
အကောင်ငယ်လေးက သဘာဝအလျောက် အန္တရာယ်ကိုခံစားမိသလိုမျိုးပဲ။ ဒီနေ့ကျန်ရှင်းဆွေ့ကို တကယ်သာ မကောင်းတာတစ်ခုခု ပြောလိုက်မိရင် နောက်ကျရင်လွယ်မှာမဟုတ်ဘူး။ ရှန်ရှင်းချန်က ပြုံးလိုက်ပြီး မြန်မြန်ပဲစကားကို ပြောင်းပြောလိုက်တယ် “ငါပြောတာက ဖုကောကတကယ်ကို လူကောင်းတစ်ယောက်ပါ နောက်ပိုင်းကျရင် မင်းသိလာမှာပါ”
စာရေးသူမှာ ပြောစရာရှိပါတယ် :
ရှန်ရှင်းချန် : “ငါဒီတစ်ဘဝလုံးမှာအဖြစ်ချင်ဆုံးဆန္ဒကတော့ ဒီအန္တရာယ်များတဲ့ မြေခွေးကြီးနဲ့ ဝေးဝေးမှာနေချင်တာပဲ”
ဖုကျင်းရှောင်းကပြုံးလျက် : “နောက်ဆိုရင် တစ်အိမ်တည်းသားချင်း ဖြစ်လာမှာပဲဟာ အဲ့လောက်ကြီး စိမ်းကားစရာမလိုပါဘူး”
____________________
Word – 2481
Xiao Dream