Chapter 1
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၁
ပါးလွှာတဲ့ဇာပဝါတွေ လေထဲမှာ လွင့်မျောလျက်ရှိပြီး ပန်းရောင်နှင်းဆီခင်းထဲ ရောက်ရှိသွားသလို ထင်ရစေတဲ့ လက်ထပ်မင်္ဂလာပွဲတစ်ပွဲ။
ခန်းမနဲ့အပြည့် ဧည့်သည်တော်တွေဟာ သတို့သား သတို့သမီးရဲ့ အဝင်ကို စောင့်မျှော်လျက်ရှိပါတယ်။
တခြားတစ်ဖက်က အဝတ်လဲခန်းထဲမှာတော့ လူတိုင်းက မိတ်ကပ်၊ အဝတ်အစားစတာတွေကို ပြင်ဆင်ရင်းနဲ့ အလုပ်တွေရှုပ်နေကြလေရဲ့။
“ကွမ်းရှီး၊ ကွမ်းရှီး။ နင်ဘာတွေတွေးနေတာလဲ။ နင့်ကို မေးနေတာ။ ဘယ်လိုလဲ။ ငါ ကြည့်လို့ကောင်းရဲ့လား။”
မှန်ရှေ့က အမျိုးသမီးက ခေါင်းကိုလှည့်လာခဲ့တယ်။
ကွမ်းရှီးလည်း အဲ့ဒီတော့မှ အသိစိတ်ပြန်ကပ်လာပြီး သူ့ရှေ့ကမှန်ကို ကြည့်လိုက်တယ်။
ရုတ်တရက်ကြောင်သွားပေမဲ့ ခဏအကြာမှာတော့ ပြန်ဖြေလိုက်ပါတယ်။
“ကြည့်လို့ကောင်းတာပေါ့။ ငါရွေးပေးထားတာပဲ။ မလှဘဲနေပါ့မလား။”
“ဒါပေါ့၊ ဒါပေါ့။” ဟိုအမျိုးသမီးဟာ ချက်ချင်းပဲ ပျော်ရွှင်သွားကာ သူ့လည်ပင်းက တန်ဖိုးကြီးလည်ဆွဲကို ကိုင်ကြည့်ရင်း
“တော်သေးတာပေါ့။ အဲ့ဒီနေ့က နင့်ကိုခေါ်သွားလိုက်မိလို့။ နင်က အရမ်းမြင်တတ်တာပဲ။”
ကွမ်းရှီးက နှုတ်ခမ်းစွန်းလေးတွေ ကွေးနေအောင် ပြုံးလိုက်ကာ
“သေချာတာပေါ့။”
“သတို့သမီး ပြင်ဆင်လို့ပြီးပြီလား။ ပြီးရင် ထွက်လို့ရပါပြီ။”
အခန်းတံခါးပွင့်လာပြီး ဝန်ထမ်းတစ်ယောက် ဝင်လာခဲ့ပါတယ်။
“အင်း။ ပြီးပြီ။”
အဝတ်လဲခန်းထဲကနေ လူတွေ တစ်ယောက်ပြီး တစ်ယောက်ထွက်သွားကြတဲ့အခါ ကွမ်းရှီးက သတို့သမီး ကျုံးလင်ဖန်းကို ကူညီပေးနေကြတဲ့သူတွေကို ကြည့်ရင်း ဘေးကို ဖယ်နေပေးလိုက်ပါတယ်။ ကျုံးလင်ဖန်းက သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာကြတဲ့သူငယ်ချင်းလေ။ ဒီနေ့ဟာ ကျုံးလင်ဖန်းရဲ့ မင်္ဂလာပွဲနေ့ဖြစ်ပြီး သူက သတို့သမီးအရံခြောက်ယောက်ထဲက တစ်ယောက်ပေါ့။
“သွားရအောင်လေ။ ဘာတွေငိုင်နေတာလဲ။”
နောက်ထပ်သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပြီး သတို့သမီးအရံလည်းဖြစ်တဲ့ လန်နင်ယီးက သူ့ကို လာခေါ်ခဲ့တယ်။
ကွမ်းရှီးခေါင်းညိတ်ပြလိုက်တဲ့အခါ လန်နင်းယီးက သူ့လက်ကို ကိုင်လိုက်ကာ ဘယ်သူမှကြည့်မနေတဲ့အချိန်မှာ သူ့နားကိုတိုးလာပြီး တိုးတိုးလေးပြောလိုက်တယ်။
“လင်ဖန်းက အခုထိ နင့်အကြောင်းကို မသိသေးဘူးမလား။”
ကွမ်းရှီးရဲ့ မျက်လုံးအရောင်ပြောင်းသွားပြီး “ငါ နင့် တစ်ယောက်တည်းကိုပဲ ပြောပြထားတာ။ သူများတွေကို လျှောက်ပြောမနေနဲ့ဦး။”
“ပူမနေစမ်းပါနဲ့။ ဒီလောက်ကြီးတဲ့ ကိစ္စကြီးကို ဘယ်လွယ်လွယ်နဲ့ ပြောပါ့မလဲဟ။” နင်ယီးက စိုးရိမ်တကြီးနဲ့ “နင်ကရော ဘာဆက်လုပ်မှာလဲ။ နင့်မိဘတွေက အဲ့ဒီလေလွင့်နေတဲ့ သူတို့သမီးကို ပြန်ခေါ်လာမှာတဲ့လား။”
ကွမ်းရှီးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားပြီး တည်နေတဲ့ မျက်နှာပေါ်မှာလည်း ခံစားချက်တချို့ပေါ်လာကာ
“ချက်ချင်းတော့ မဟုတ်သေးဘူး။ ငါ့အဖေက ငါ့ကို နည်းနည်း အသားကျပါစေဦးတဲ့။”
“အသားကျရမယ်…။ နင် တစ်လလောက် အသားကျဖို့ ကြိုးစားပြီးပြီပဲကို…… ဒီလိုကိစ္စမျိုးကြီးနဲ့ ဘယ်သူက အသားကျနိုင်မှာတဲ့လဲ။”
ကွမ်းရှီးရဲ့ မျက်လုံးထဲက အရောင်တွေ မှေးမှိန်သွားကာ “ပွဲပြီးမှ ဆက်ပြောရအောင်။”
“ပွဲပြီးရင် နင့်ဆီ လာခဲ့မယ်။”
“အင်း။”
နှစ်ယောက်သားဟာ သတို့သမီးအရံတွေအတွက် သတ်မှတ်ထားတဲ့စားပွဲမှာ ဝင်ထိုင်လိုက်ပြီး လန်နင်ယီးကတော့ ကွမ်းရှီးကို တိတ်တိတ်လေးကြည့်နေခဲ့ပါတယ်။
တကယ်ဆို ဒီအကြောင်းကို သူ မနေ့ကမှ သိခဲ့ပြီး မနေ့ကတစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူး။
တွေးကြည့်ရင် တစ်နေ့မှာ သူဟာ မိဘမဲ့ဂေဟာက ခေါ်လာတဲ့ကလေးဖြစ်ပြီး သူ့မိဘတွေမှာ သမီးအရင်း တစ်ယောက်ရှိပြီးသားလို့သာ သူ့ကိုပြောလာခဲ့ရင် ဒီရိုက်ချက်ကို ဘယ်လိုမှတောင့်ခံနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့လည်း အဲ့ဒီလို ၈နာရီဒရမ်မာကားတွေထဲကလို ဇာတ်လမ်းမျိုးနဲ့ ကြုံလိုက်ရတဲ့ ကာယကံရှင်ဖြစ်သူ ကွမ်းမင်းသမီးလေးကတော့ ပုံမှန်အတိုင်းပဲ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကိုတောင် တက်နိုင်သေးတယ်။
ကွမ်းရှီးကတော့ တကယ့်ကို ပြိုင်စံရှားပဲ…
ကွမ်းရှီးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ သူတို့တွေ သူငယ်ချင်းဖြစ်လာတာ နှစ်တွေကြာလှပြီ ဆိုပေမဲ့ ဒီအမျိုးသမီးလေးက သူ့ကို ဆွဲဆောင်နေနိုင်တုန်းပဲ။
သူတို့ သတို့သမီးအရံစားပွဲက အရံတွေအကုန်လုံး အရောင်တူ ပုံစံတူဝတ်စုံတွေ ဝတ်ထားကြတယ်ဆိုပေမဲ့ ကွမ်းရှီးကတော့ သူတို့ကြားမှာ ထင်းထွက်နေဆဲပဲ။ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ အပြစ်အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ကွမ်းရှီးဟာ ဘယ်သူမှ အကြည့်မလွှဲနိုင်လောက်အောင် လှပလွန်းပါတယ်။
ဘာမှမလုပ်ဘဲ ထိုင်နေတာတောင်မှ တခြားဝိုင်းကလူတွေရဲ့ အကြည့်တွေက သူ့ဆီ မကြာခဏ ရောက်လာတတ်ကြတယ်လေ။
သူရဲ့တည်ရှိမှုဟာ ကောင်းကင်ယံမှာ အရောင်အဝါ တောက်ပစွာ ပျံသန်းနေတဲ့ ဇာမဏီငှက်တစ်ကောင်အလား…
မင်္ဂလာဆောင်က ချောချောမွေ့မွေ့ပဲ ပြီးစီးသွားခဲ့တယ်။ အစီအစဉ်တွေ ပြီးဆုံးသွားတဲ့အခါ ဧည့်သည်တွေက မင်္ဂလာစုံတွဲကို ဂုဏ်ပြုသေရည်နဲ့ ဆုတောင်းစကားဆိုပေးတဲ့ ဓလေ့ထုံးတမ်းရှိပြီး အဲ့ဒီအချိန်မှာ သတို့သမီးအရံတွေက သတို့သားသတို့သမီးနဲ့အတူ လိုက်ပေးရပါတယ်။
တစ်ဝိုင်းပြီးတစ်ဝိုင်း သွားပြီးတဲ့နောက် သတို့သား ကျင်းခိုင်ချန်သူငယ်ချင်းတွေရဲ့ဝိုင်းကို ရောက်လာပါတော့တယ်။
“ကျင်းခိုင်ချန်ရဲ့ သူငယ်ချင်းတွေက ချောသားပဲဟ။ ဟိုတစ်ယောက်ကိုတွေ့လား။ ချောလိုက်တာဟယ်။”
“အေးဟဲ့။”
“အေးဆို သွားလေဟာ။ နင်က လင်ဖန်းရဲ့ ဝမ်းကွဲညီမ မဟုတ်ဘူးလား။ နင့်ခဲအိုကို မိတ်ဆက်ပေးဖို့ ပြောလိုက်။”
“ဟီးဟီး၊ ခဏနေ သွားပြောလိုက်မယ်။ အိုင်းယိုး။ သူ ဆုတောင်းစကားပြောလို့ အရက်ခွက်တိုက်ရရင် ငါနဲ့ တိုက်မှာနော်။ လာမလုနဲ့။”
ဆွေမျိုးတွေရော မိတ်ဆွေတွေရောဆီက ဆုတောင်းစကား လက်ခံရတာကြောင့် မင်္ဂလာစုံတွဲက မင်္ဂလာသေရည်ကို အကုန်မသောက်နိုင်ဘူးလေ။ ဒီလိုနေ့မျိုးမှာ မူးပြီးမှောက်နေလို့လည်း အဆင်မပြေဘူးကိုး။
အဲ့ဒီအခါ သူတို့အစား အရံတွေက ကူသောက်ပေးရလေ့ရှိပါတယ်။
ခုနအရံနှစ်ယောက် ပြောနေတာကို ကြားတဲ့အခါ ကွမ်းရှီးက သူတို့ကြည့်နေတဲ့နေရာကို လိုက်ကြည့်လိုက်မိပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူကို တွေ့လိုက်ရတယ်။
အဲ့ဒီအမျိုးသားဟာ ရိုးရိုးအနောက်တိုင်းဝတ်စုံ ဝတ်ထားပြီး နေရာမှာ မလှုပ်မယှက်နဲ့ ထိုင်နေလေရဲ့။ စတိတ်စင်ပေါ်က ဆလိုက်မီးအပြာရောင်ကြောင့် သူတပ်ထားတဲ့ ငွေရောင်ကိုင်းမျက်မှန်ဟာ တစ်ချက်တစ်ချက် အရောင်လက်သွားလျက်ရှိပါတယ်။
သူဟာ အရမ်းကိုချောမောခန့်ညားပြီး အေးစက်စက်နိုင်တဲ့ပုံ ပေါက်တဲ့သူတစ်ယောက်ပေါ့။
ကွမ်းရှီးက သူ့ရှေ့က ပန်းကန်ခွက်ယောက်တွေကို ကြည့်လိုက်တယ်။ တစ်ချက်မှထိမထားတဲ့ ပန်းကန်နဲ့ တူ၊ စားပွဲပေါ်မှာပဲ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ ဝိုင်ခွက်၊ တစ်ခါမှလည်း မသောက်ထားသေးဘူးထင်ပါရဲ့။
သူ(မ)ဝင်လာလာချင်းတုန်းက သူ့ကို မတွေ့ဘူးဆိုတော့ ခုနလေးကမှ ရောက်လာတာနေမယ်။ သူဆိုတာ အရမ်းစနစ်ကျတဲ့သူတစ်ယောက်။ အချိန်နဲ့ပတ်သက်ရင်လည်း အရမ်းတိကျတယ်လေ။ ရောက်ရမယ့်အချိန်ထက် တစ်မိနစ်လေး စောရောက်နေမိရင်တောင် နေမထိ ထိုင်မသာဖြစ်နေတတ်တဲ့သူမျိုး။
သူကပဲ စိုက်ကြည့်နေမိလို့လားမသိ၊ အဲ့ဒီတစ်ယောက်က သူ့ဘက်ကို လှည့်ကြည့်လာခဲ့တယ်။
သူတို့အကြည့်တွေ ဆုံသွားကြတဲ့အခါ ကွမ်းရှီးကပဲ အရင်အကြည့်လွှဲလိုက်ပါတယ်။ အဲ့ဒီတစ်ယောက်ရဲ့ အကြည့်တွေကလည်း သူဝတ်ထားတဲ့ဝတ်စုံပေါ်မှာ ခဏ ရပ်တန့်သွားပြီးမှ အဝေးကိုလွှဲသွားလေရဲ့။
သူတို့နှစ်ယောက်ကြားမှာ ဘာတုံ့ပြန်မှုမှမရှိခဲ့ဘူး။ အချင်းချင်းမသိတဲ့ သူစိမ်းတွေလိုပေါ့။
အဲ့ဒီအချိန်မှာပဲ မင်္ဂလာစုံတွဲဟာ အဲ့ဒီဝိုင်းကို ရောက်လာပါတော့တယ်။
ကွမ်းရှီးမှာ ဘာမှတောင် ပြောချိန်မရလိုက်သေးခင်မှာပဲ ခုနက စကားတွေပြောနေကြတဲ့ အရံက အဲ့ဒီ အမျိုးသားရဲ့ဘေးကို လျှောက်သွားတာကို တွေ့လိုက်ရတယ်။
သူ့ဆီ တစ်စုံတစ်ယောက် လာနေတာကို တွေ့တဲ့အခါ အဲ့ဒီအမျိုးသားက ယဉ်ကျေးစွာပဲ မတ်တပ်ထရပ်လိုက်ပြီး ကုတ်အင်္ကျီရဲ့ ကြယ်သီးနှစ်လုံးကို သဘာဝကျကျ တပ်လိုက်ရင်း အရံကို ခေါင်းအသာညိတ်ပြီး နှုတ်ဆက်လိုက်ပါတယ်။
ကွမ်းရှီးရဲ့နေရာနဲ့ ဝေးနေတာကြောင့် သူတို့ ဘာတွေ ပြောနေလဲဆိုတာ မကြားရပါဘူး။
သူ့နားမှာကပ်ပြီး စကားပြောနေတဲ့ ကောင်မလေးကို ဘေးကအသံတွေကြောင့် ကောင်းကောင်း မကြားရတဲ့အတွက် ခေါင်းကိုစောင်းပြီး သေချာနားထောင်နေတဲ့ သူ။
တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ အမျိုးသားနဲ့ ဘေးမှာပါးလေးတွေနီပြီး ရှက်သွေးဖြာနေတဲ့ မိန်းကလေး။
သူတို့နှစ်ယောက်ဟာ ကဗျာဆန်တဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ။
ဒါပေမဲ့ ကွမ်းရှီးကတော့ အဲ့ဒီအမျိုးသားရဲ့ ယဉ်ကျေးတဲ့အမူအရာကို ကြည့်ပြီး မျက်ဖြူလှန်ပြချင်စိတ် ပေါက်မိတယ်။
“အဲ့ဒီအရံက လင်ဖန်းညီမဝမ်းကွဲ ဆိုတာလား။” လန်နင်ယီးက မျက်နှာချင်းဆိုင်ကို ကြည့်ရင်း မေးလာခဲ့တယ်။
ကွမ်းရှီး : “ဟုတ်လောက်တယ်။”
“လင်ဖန်းပြောတာ သူ့မင်္ဂလာဆောင်ကြောင့် သူ့ညီမက မြို့တော်ကို တကူးတကလာတာတဲ့။ ပုံမှန်ဆို ဒီမှာနေတာ မဟုတ်ဘူးလို့ပြောတယ်။ အဲ့ဒါကြောင့်နေမှာပေါ့…. အခု သူနဲ့စကားပြောနေတဲ့ လူက ပိုင်ရှင်ရှိပြီးသားဆိုတာ မသိသေးတာလေ။”
“သူကိုယ်တိုင်က ထုတ်မပြောမှတော့ သူများက ဘယ်သိပါ့မလဲ။” ကွမ်းရှီးက အထူးတဆန်း မဟုတ်သလို ပြုံးလိုက်ပြီး “အဲ့ဒီလူကိုက သူများတွေကို လိုက်ပြီး မြှူဆွယ်နေတာ။”
လန်နင်ယီးက မေးစေ့ကို ပွတ်ရင်း “နင် တစ်ယောက်ပဲ ကျန်းဆွေကျိုးနဲ့ မြှူဆွယ်တယ်ဆိုတဲ့ စကားလုံးကို တွဲသုံးရဲတယ် ထင်တာပဲ။”
ကွမ်းရှီးက နှာတစ်ချက်မှုတ်လိုက်တယ်။ သူပြောတာ အမှန်တွေပဲကို။
သူများတွေ မသိပေမဲ့ သူကတော့ အဲ့ဒီလူက နောက်ကွယ်မှာ ဘယ်လိုလူလဲဆိုတာကို ရှင်းရှင်းလင်းလင်းကို သိတာပေါ့။
ဒါပေမဲ့ သူက မလှမ်းမကမ်းမှာ ဖြစ်ပျက်နေတာတွေကို အာရုံစိုက်ဖို့ ပျင်းလွန်းတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုကိစ္စတွေက ခဏခဏဖြစ်နေတာပဲ။ သူ့အတွက်က မထူးဆန်းတော့ပါဘူး။
မင်္ဂလာစုံတွဲ နှုတ်ဆက်တာတွေ ပြီးသွားတဲ့အခါ သူလည်း လှည့်ထွက်လာခဲ့လိုက်တော့တယ်။
မင်္ဂလာပွဲက တော်တော်လေးကြာတာကြောင့် အကုန်ပြီးသွားတဲ့အချိန် မိုးတောင်ချုပ်နေပါပြီ။ ပွဲပြီးတဲ့အခါ ဧည့်သည်တွေလည်း အလျှိုလျှို ပြန်သွားကြပါတော့တယ်။
အဝတ်လဲခန်းထဲမှာတော့ တစ်နေကုန်ပြေးလွှားနေခဲ့ရတဲ့ သတို့သမီးအရံတွေဟာ အခုမှပဲ ထိုင်ပြီး အနားယူတာ၊ ပစ္စည်းတွေ သိမ်းတာဆည်းတာ လုပ်နိုင်ပါတော့တယ်။
ဒေါက် ဒေါက်။
တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့တယ်။
အနီးဆုံးဖြစ်တဲ့ လန်နင်ယီးက တံခါးသွားဖွင့်လိုက်တဲ့အခါ အပြင်မှာ လူတစ်ယောက်ရပ်နေကာ သူ့ကို ခေါင်းညိတ်ပြလာပြီး “သွားကြတော့မှာလား။”
“အေး။” ကျန်းဆွေကျိုး ဘယ်သူ့ဆီ လာတာလဲဆိုတာသိတဲ့ လန်နင်ယီးက ခေါင်းပြန်ညိတ်ပြလိုက်ကာ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ကွမ်းရှီးကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်တယ်။
“လာခေါ်နေတယ်။”
အဝတ်လဲခန်းထဲမှာ လူအများကြီးရှိတာကို နာမည် တပ်မခေါ်လိုက်တာကြောင့် နားလည်မှုလွဲသွားနိုင်စေပါတယ်။
ကျုံးလင်ဖန်းရဲ့ညီမလေးက မော့ကြည့်လိုက်တဲ့အချိန် ခုနက သူ wechat acc add ခဲ့တဲ့ အမျိုးသားဖြစ်တာကို တွေ့တဲ့အခါ မျက်လုံးတွေ အရောင်လက်သွားပြီး ချက်ချင်းပဲ ရှေ့ကို ထွက်သွားပါတော့တယ်။
“Mr.ကျန်း” အခန်းထဲက လူတွေရဲ့အမြင်မှာ အဲ့ဒီကောင်မလေးရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ တောက်ပနေပြီး နည်းနည်းလည်း ဂုဏ်ဆာနေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။
ခုနတုန်းက သူ့ဆီဆက်သွယ်ဖို့ ပြောထားခဲ့တာကို ဒီအမျိုးသားက ဒီလောက်မြန်မြန် လာလိမ့်မယ်လို့ သူ ထင်မထားခဲ့မိဘူး။
သူ့ဘာသာသူ မနည်းထိန်းချုပ်ပြီး အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။ “ကျွန်မကို လာရှာတာ ဘာကိစ္စများရှိလို့ပါလဲ။”
ဒါပေမဲ့ သူ့ရှေ့ကလူရဲ့ မျက်မှန်အောက်က မျက်ဝန်းတွေဟာ တည်ငြိမ်မြဲ တည်ငြိမ်ဆဲပါပဲ။ “စိတ်မရှိပါနဲ့၊ ကွမ်းရှီးကို ထွက်လာပေးဖို့ ပြောပေးနိုင်မလား။”
မိန်းကလေးရဲ့ မျက်နှာက တောင့်တင်းသွားတယ်။ သူက သူ(မ)ဆီလာတာ မဟုတ်ဘူးတဲ့လား။
ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တဲ့အခါ ကွမ်းရှီးဆိုတဲ့မိန်းကလေးက ပျင်းရိစွာနဲ့ သူတို့ကိုကြည့်နေတာကို တွေးလိုက်ရတယ်။ နောက်တော့ အိတ်ကို ကောက်ယူကာ အရံတွေအတွက်ပေးတဲ့ လက်ဆောင်ဘူးကိုယူပြီး သူတို့ဆီ လျှောက်လာပါတယ်။
သူက မြို့တော်မှာ မနေပေမဲ့လည်း ကွမ်းရှီးကိုတော့ သိပါတယ်။ ဘာလို့ဆို သူ့အစ်မဝမ်းကွဲက နတ်သမီးလေးလို့ တင်စားပြီး ခဏခဏပြောပြတတ်တဲ့သူမို့လို့လေ။
သူကိုယ်တိုင်ကလည်း ကြည့်ကောင်းတဲ့သူဖြစ်တာကြောင့် ညီမဝမ်းကွဲလေးဟာ သူ့အစ်မက ကွမ်းရှီးကို ချီးမွမ်းရင် သိပ်မကြိုက်ချင်ခဲ့ဘူး။ ဒီနေ့မင်္ဂလာဆောင်မှာ ကိုယ်တိုင်တွေ့လိုက်ရတော့မှပဲ သူ့အစ်မက ချဲ့ကားပြီးပြောတာ မဟုတ်မှန်း သိလိုက်ရပါတော့တယ်။
ရိုးရိုးနတ်သမီးတောင် မဟုတ်ဘဲ။ ရတနာတွေနဲ့ စီခြယ်ထားတဲ့ နတ်သမီးလေးပဲ။
သူ ဒီနေ့ခဏအားတုန်းကတောင် wechat gpမှာ သူငယ်ချင်းတွေနဲ့ အစ်မဝမ်းကွဲသူငယ်ချင်း ကွမ်းရှီးအကြောင်း ပြောနေခဲ့သေးတယ်။ သူ(မ)ရဲ့ အသားအရေ အကြောင်း၊ ဆံပင်အကြောင်း၊ ဈေးကြီးအိတ်ကိုင်လာပြီး အဝတ်လဲခန်းကြမ်းပြင်ပေါ်မှာ ဒီတိုင်းပဲ ချထားခဲ့ကြောင်း စသဖြင့်ပေါ့။ ဒါပေမဲ့လည်း အလုပ်များနေတာကြောင့် ဒီလိုမိန်းကလေးမျိုးရဲ့ သက်ဆိုင်သူယောက်ျားလေး အကြောင်းထိ မဆွေးနွေးလိုက်ရဘူး။
“ဘာလဲ။” ကွမ်းရှီးက ကျန်းဆွေကျိုးဆီ သွားလိုက်တယ်။
“မင်းကို အိမ်ပြန်ပို့ပေးမလို့။”
ကွမ်းရှီးက သက်ပြင်းချကာ လက်ထဲက လက်ဆောင်ဘူးနဲ့ တန်ဖိုးကြီးအိတ်ကို ပေးလိုက်ပြီး “အရမ်းလေးတာပဲ။”
ကျန်းဆွေကျိုးကလည်း ဘာမှစောဒကမတက်ဘဲ သဘာဝကျကျပဲ ယူလိုက်ပါတယ်။
အဲ့ဒါတွေကို ညီမဝမ်းကွဲလေးက ကြည့်ရင်း မျက်နှာတွေ ပူလာခဲ့တယ်။
သူတို့နှစ်ယောက် ထွက်သွားတော့မှသာ သူပြန်ပြီး အသိစိတ်ကပ်လာကာ “သူတို့က…”
လန်နင်ယီးလည်း ပြောချင်လွန်းလို့ စောင့်နေတာဆိုတော့ ပျော်ပျော်ကြီး ရှင်းပြလိုက်တယ်။
“အတွဲတွေလေ…”
ကွမ်းရှီးလည်း ကျန်းဆွေကျိုးကားပေါ်တက်ပြီး တံခါး ပိတ်လိုက်တာနဲ့ ရှေ့ခန်းက ဒရိုင်ဘာက စမောင်းလိုက်တယ်။ လမ်းမီးမှိန်မှိန်တွေဟာ လမ်းရှင်းရှင်းမှာ သွားနေတဲ့ကားကို တစ်ချက်တစ်ချက် ဆလိုက်မီးထိုးပေးနေသလိုပါပဲ။
“မင်း တစ်လလုံး ငါနဲ့လည်း လာမတွေ့ဘူး။ ဘာတွေလုပ်နေတာလဲ။”
“ခုန ကောင်မလေး wechatကို ဖျက်လိုက်။”
နှစ်ယောက်သား ပြိုင်တူပြောလိုက်မိတယ်။
ကျန်းဆွေကျိုးက သူ့ကို လှည့်ကြည့်လာကာ
“ဘယ်သူ။”
ကွမ်းရှီး : “ခုန နင်နဲ့ အရက်သောက်တဲ့ သတို့သမီးအရံလေ။”
ကျန်းဆွေကျိုး မှတ်မိသွားတဲ့ပုံပါပဲ။ wechat ထဲကို ဝင်ကာ chat page မှာပေါ်နေတဲ့ လူအသစ်ကို နှိပ်ပြီး delete ကို နှိပ်လိုက်တယ်။
ဖျက်ပြီးတဲ့အခါမှ သူက “မင်းသူငယ်ချင်းလား။”
“လင်ဖန်းညီမဝမ်းကွဲ။ နင့်ကြောင့် ဟိုက အသည်းကွဲရင် လင်ဖန်းကို ငါဘယ်လို ရှင်းပြရမှာလဲ။”
ကျန်းဆွေကျိုး နှုတ်ဆိတ်နေလိုက်တယ်။ နဂိုတည်းက ဖျက်ဖျက် မဖျက်ဖျက် ဘာမှကွာခြားသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကွမ်းရှီးက ဖျက်ဆိုတော့ ပြဿနာမတက်အောင် ဖျက်လိုက်တာပေါ့။
“မင်း ဒီတစ်လလုံး ဘာလုပ်နေတာလဲ။” ကျန်းဆွေကျိုး က ထပ်မေးလာခဲ့တယ်။
ကွမ်းရှီးက ပြတင်းပေါက်အပြင်ကို ကြည့်ရင်း ခဏ တုံ့ဆိုင်းနေခဲ့တယ်။
ဒီလဟာ သူ့အတွက်တော့ အဆိုးဝါးဆုံးလတစ်လပဲ။ သူ့ဘဝရဲ့ အမှန်တရားကို သိလိုက်ရပြီးတဲ့နောက် ကိုယ့်ဘာသာကိုယ် ပိတ်လှောင်နေခဲ့တယ်။
ဒါပေမဲ့လည်း သူ တစ်လလုံး အခန်းထဲမှာပဲ ပိတ်နေပြီး အန်ထွက်လောက်တဲ့အထိ ငိုနေပါတယ်ဆိုတဲ့အကြောင်း ကျန်းဆွေကျိုးကို ပြောပြမှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ ဒီကိစ္စက သူ့အတွက် ရှက်စရာ ကောင်းတဲ့အပြင် ကျန်ဆွေကျိုးသာ အမှန်တရားကို သိသွားရင် တစ်ခါတည်း ဟိမဝန္တာတောင်ကိုတောင် ဖြတ်ပြီး သူနဲ့ ဘယ်ရက်ဘယ်လက လမ်းခွဲဖို့ အကောင်းဆုံးလဲဆိုတာ ဗေဒင်သွားမေးနေမှာမို့လို့လေ။
“လင်ဖန်း မင်္ဂလာဆောင်ရှိတယ်လေ။ ဟိုဟာဒီဟာ လိုက်ရွေးပေးရင်း အလုပ်တွေရှုပ်နေတာ။”
ကျန်းဆွေကျိုးဟာ သူ့အဖြေကိုယုံပြီး နှုတ်ဆိတ်နေခဲ့ တယ်။
ဒါပေါ့။ သူက သူ(မ)ဘာပြောပြော ယုံတယ်လေ။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်တာမှ မဟုတ်တာ။
“ငါ့ကို အိမ်ပြန်ပို့မှာဆို။ ဒီလမ်းက နင့်အိမ်သွားတဲ့လမ်းလေ။” ကွမ်းရှီးက ပြောတဲ့အခါ ကျန်ဆွေကျိုးက ပေါ့ပေါ့ပဲ ပြောလာခဲ့တယ်။ “ငါတို့ မတွေ့ရတာ တစ်လတောင် ရှိနေပြီ။”
ကွမ်းရှီးက သူ့ကို လှည့်ကြည့်လိုက်တယ်။
ကျန်းဆွေကျိုးလည်း သူ့ကို ဘေးတိုက်ကြည့်လိုက်တယ်။ ကပ်ထိုင်နေတဲ့အခါမှာ မြင်ရတာလည်း ပိုရှင်းလင်းတယ်။ သူ့ရဲ့ သတို့သမီးအရံဝတ်စုံက အရမ်းကြီးဖော်မထားပေမဲ့ ရင်ညွန့်ရိုးရဲ့ အလယ်အောက်နားမှာတော့ အကြောင်းနည်းနည်းလေးဆိုမှ နည်းနည်းလေး ပေါ်နေလေရဲ့။ ဒီလိုကပ်ထိုင်နေမှသာ မြင်ရတာလည်း ဖြစ်နိုင်ပါတယ်။
သူငယ်ချင်းမင်္ဂလာဆောင်ဖြစ်တာကြောင့် သူ(မ)က စေတနာနဲ့ တမင်တကာ သိပ်မပေါ်လွင်အောင် ဝတ်စားထားမှန်း သူသိတာပေါ့။
“ဪ၊ တစ်လလုံး မတွေ့ရသေးဘူး… ဒါပေမဲ့ ငါဒီနေ့ အိပ်ရာပေါ် တက်ချင်စိတ်မရှိသေးဘူး။” သူ အကြည့်ပြန်လွှဲလိုက်ချိန်မှာပဲ ကွမ်းရှီးပြောတာကို ကြားလိုက်ရပါတယ်။
Semper Swara Webnovel Translations