Chapter 10
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၁၀
ညဉ့်နက်လာပြီဖြစ်တာကြောင့် လမ်းမီးတိုင်မှ အလင်းရောင်များ ဖြာကျလျက်ရှိသော လမ်းမပေါ်မှာလည်း အသွားအလာ ကျဲသွားလေပြီ။
ကွမ်းရှီးတစ်ယောက် အချိန်အတော်ကြာအောင် ဦးတည်ချက်မရှိ လျှောက်မောင်းနေမိချိန်မှာ ကွမ်းရှင်းဟောင်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။
“ပါး”
“ရှီးရှီး၊ ဘယ်တွေလျှောက်သွားနေတာလဲ။”
ကွမ်းရှင်းဟောင်ရဲ့အသံဟာ အရင်တုန်းကအတိုင်း နွေးနွေးထွေးထွေးလေးပါပဲ။
ကွမ်းရှီး ငိုချင်စိတ်ပေါက်လာခဲ့တယ်။
သွေးသားအရင်း မဟုတ်တာတောင်မှ သူ့အပေါ်မှာ အရမ်းကို ကောင်းပေးတဲ့ ဒီလိုအဖေနဲ့ဆုံရတာ သူ့အတွက်တော့ တကယ့်ကို ဘုရားပေးတဲ့ဆုပါပဲ။
“ဒီနေ့က စုန့်လီရဲ့မွေးနေ့မလို့ သမီးတို့ သူ့ဆီရောက်နေကြတာ။”
“အဲ့ဒီလိုကိုး။ အဲ့ဒါဆို သမီး ညကျ အိမ်ပြန်လာမှာလား။ ပြန်လာမှာဆိုရင် ပါပါး လူလွှတ်ပြီး လာကြိုခိုင်းလိုက်မယ်လေ။”
ကွမ်းရှီးဟာ စတီယာရင်ပေါ် မှောက်ချလိုက်ကာ အသံတိုးတိုးလေးဖြင့် “သမီး ဒီည အပြင်မှာပဲ နေလိုက်တော့မယ်။”
သူ အိမ်ကိုလည်း မပြန်ချင်ဘူးလေ။
“ကောင်းပြီလေ။ အဲ့ဒါဆို ကောင်းကောင်းပျော်ခဲ့နော်။ ဆွေကျိုး သမီးကို သေချာဂရုစိုက်ပါစေ။”
“ဟုတ်။”
ကွမ်းရှင်းဟောင်ဘက်က ဖုန်းမချသေးသလို ဘာမှလည်းမပြောတာကြောင့် သူ့မှာ တစ်ခုခုပြောစရာ ရှိနေသေးမှန်း ကွမ်းရှီးသိလိုက်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါတယ်။
ခဏအကြာမှာတော့ တုံ့ဆိုင်းနေတဲ့ ကွမ်းရှင်းဟောင်က “ယင်ယင်း အိမ်ပြန်လာတာလည်း ကြာပြီလေ။ ဒါပေမဲ့ ပါပါးနဲ့မာမားက သမီးအဘိုးအဘွားတို့ကို ယင်ယင်း အသက်ရှင်နေသေးတဲ့အကြောင်းကို မပြောရသေးဘူးဆိုတော့ အခု အကုန်လုံးကို ဖွင့်ပြောဖို့ စီစဉ်နေတယ်။”
တချို့တချို့သောကိစ္စတွေက တားဆီးလို့ မရနိုင်ဘူးပဲ။ ရှေ့မှာကြုံခဲ့ရတာတွေကြောင့် ထင်ပါရဲ့၊ ဒီတစ်ခါတော့ ကွမ်းရှီး အရမ်းကြီးမခံစားရတော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သူပြောတာတွေကို နားထောင်နိုင်ခဲ့ပါတယ်။
“ဟုတ်။ ပါးတို့က ဘယ်အချိန်ပြောမယ်လို့ တွက်ထားတာလဲ။”
“မနက်ဖြန် ပါးတို့ ထမင်းအတူတူစားရင်းနဲ့ပေါ့။”
“ဟုတ်။”
ကွမ်းရှီး အလွယ်တကူ လက်ခံလိုက်တဲ့အခါ ကွမ်းရှင်းဟောင် နည်းနည်းစိတ်မကောင်းဖြစ်သွားခဲ့ရပါသေးတယ်။
သူ ကွမ်းရှီးကို အရမ်းချစ်ပါတယ်။ နောက်ပြီး ဒီသမီးလေးက သူအလိုလိုက်လွန်းလို့ ဇွတ်တရွတ်နိုင်တယ်ဆိုတာလည်း သိတာပေါ့။ အဲ့ဒါကြောင့်လည်း ကွမ်းယင်အကြောင်းသိပြီး ကွမ်းရှီး သောင်းကျန်းခဲ့ရင်တောင် အဲ့ဒါဟာ ပုံမှန်ပဲလို့ တွေးထားပြီး အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သေးတာ။
ဒါပေမဲ့လည်း ကွမ်းရှီးက ဘာမှမကန့်ကွက်ဘဲ လက်ခံပေးခဲ့လိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မတွေးဖူးဘူး။
ကွမ်းရှင်းဟောင်- “ရှီးရှီး…”
ကွမ်းရှီး- “ဘယ်နေရာမှာ စားကြမှာလဲ။”
နှစ်ယောက်လုံး တစ်ပြိုင်တည်း ပြောမိသွားတဲ့အခါ ကွမ်းရှီး ခဏကြောင်သွားပြီး “ပါး ဘာပြောမလို့လဲ။”
ကွမ်းရှင်းဟောင်တစ်ယောက် စိတ်ပြန်ငြိမ်အောင် ထိန်းလိုက်ကာ “ဘာမှမဟုတ်ပါဘူးကွယ်… နေရာက အဘိုးအိမ်မှာပဲ။ သမီး နေ့လယ်စာစားချိန်လောက် ရောက်ရင်ရပါတယ်။”
“ဟုတ်။”
“ဟုတ်ပြီ။ ဒါဆို ပါး သမီးတို့ကို မနှောင့်ယှက်တော့ဘူး။ ချလိုက်တော့မယ်နော်။”
“ဟုတ်။”
ဖုန်းချပြီးတဲ့နောက် ကွမ်းရှီး ဖုန်းကို အကြာကြီးငေးကြည့်နေခဲ့မိသေးတယ်။ ပြန်တွေးကြည့်ရရင် အခုတစ်လော ပါပါးက သူ့ဆီ ဖုန်းအမြဲဆက်ပေမဲ့ မာမားကတော့ တစ်ခါလေးတောင် ဆက်မလာခဲ့ဘူးပဲ။
ဝမ်းနည်းလာတဲ့စိတ်ကြီးကို ဖျောက်ပစ်ဖို့ ခေါင်းကို ခါယမ်းပစ်လိုက်တယ်။
ထားလိုက်ပါတော့… မာမားက သူ့သမီးအရင်းကို အခုမှ ပြန်တွေ့ရတာကို။ အဲ့ဒီသမီးကိုပဲ အာရုံရှိတာ အံ့ဩစရာမဟုတ်ပါဘူး။ သူ့ကို ခဏမေ့သွားတာပဲ နေမှာပါ။
****
ကွမ်းရှီးဆီမှာလည်း သူ့နာမည်ပေါက်နဲ့ အိမ်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေက တစ်ခါမှ လူမနေဖူးတော့ ဖုန်တွေဘယ်လောက်တောင် တက်နေမလဲ မသိနိုင်ဘူးလေ။ အဲ့ဒါကြောင့် နန်ကျွယ်ဟိုတယ်ကိုပဲ သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။
နန်ကျွယ်ဟိုတယ်ဟာ ကွမ်းမိသားစုပိုင်လုပ်ငန်းတစ်ခု ဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲ ကွမ်းယွမ်ပိုင်ရဲ့ နယ်မြေဖြစ်တာကြောင့် တခြားနေရာတွေထက် ပိုပြီးလုံခြုံတယ်လေ။
အခန်းယူပြီးတာနဲ့ ရေချိုး၊ ဖုန်းပိတ်ပြီး တစ်ချိုးတည်းအိပ်ပျော်သွားခဲ့တယ်။
နောက်နေ့နိုးလာတော့ နေ့လယ်တောင်ရောက်နေပါပြီ။ သူ့ဖုန်းထဲကို မက်ဆေ့တွေအများကြီး ဝင်နေပြီး ကျန်းဆွေကျိုးဆီက တစ်စောင်နှစ်စောင်လည်း ပါပါတယ်။
<ဟိုတယ်မှာသွားအိပ်တာလား။>
<ကိုယ်တို့စကားပြောရအောင်။>
ဘာစကားများပြောချင်သေးလို့လဲ။
မနေ့က သူတို့နှစ်ယောက် စကားများခဲ့ရတဲ့ အကြောင်းရင်းကို ပြန်တွေးကြည့်မိတိုင်း ဒေါသထွက်တယ်။
နေပါဦး… သူ ဟိုတယ်မှာ လာအိပ်တာကို အဲ့ဒီတစ်ယောက်က ဘယ်လိုလုပ်သိနေရတာလဲ။
သူ့ကိုယ်ပေါ်မှာများ ကင်မရာတပ်ထားတာလား၊ ဒါမှမဟုတ် မနေ့ညက အခန်းယူနေတုန်း တစ်ယောက်ယောက်များ မြင်သွားတာလား။
ကွမ်းရှီး စဉ်းစားရင်းနဲ့ စားပွဲပုလေးမှာ တင်ထားတဲ့ ကားသော့၊ ဘဏ်ကဒ်တွေနဲ့ တခြားပစ္စည်းတွေကို မြင်သွားခဲ့တယ်။
ကွမ်းရှီး တုံ့သွားကာ မနေ့ည အခန်းခရှင်းတုန်းက သုံးခဲ့တဲ့ကဒ်ကို ယူကြည့်လိုက်တယ်။
အိုး၊ ဒီတစ်ခုက ကျန်းဆွေကျိုးရဲ့ အရန်ကဒ်မလား။
“…”
ကွမ်းရှီး စိတ်တိုတိုနဲ့ ခုတင်ပေါ်ပစ်လှဲချလိုက်တယ်။
စားပြီးနားမလည်လုပ်တယ်ပဲပြောပြော ကျန်းဆွေကျိုး ပိုက်ဆံသုံးလိုက်ရလို့ စိတ်ဆိုးပြေမှာ မဟုတ်သလို သူ့ဘက်က စခေါ်ဖို့လည်း စိတ်ကူးမရှိပါဘူး။
ကျန်းဆွေကျိုးကို ပြန်ပြီးရွဲ့ပြောပစ်ဖို့ ပြင်နေတုန်းမှာပဲ တံခါးဘဲလ်မြည်သံ ကြားလိုက်ရပါတယ်။
ကွမ်းရှီးလည်း ဖုန်းကိုချပြီး တံခါးဆီသွားကာ ချောင်းကြည့်ပေါက်ကနေ အရင်ကြည့်လိုက်တယ်။
…ကျန်းဆွေကျိုးကြီးပဲ။
ဒီလူက မြန်လှချည်လားဟ။
ကွမ်းရှီး ချက်ချင်းပဲ ခြေတစ်လှမ်းဆုတ်လိုက်ကာ ကိုယ်လုံးပေါ်မှန်ကို တစ်ချက်ကြည့်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သပ်နေတုန်းမှာပဲ ဘဲလ်သံ ထပ်မြည်လာခဲ့တယ်။
သူ တံခါးကို ဖွင့်မပေးရင်တောင် ကျန်းဆွေကျိုးမှာ ရအောင်ဖွင့်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတာကို သိတာကြောင့် အလုပ်ရှုပ်ခံမနေဘဲ တန်းဖွင့်ပေးလိုက်ကာ တံခါးအဟလေးကြားမှာရပ်ပြီး လေသံခပ်ပြတ်ပြတ်နဲ့ “ဘာလဲ။”
ကွမ်းရှီးရဲ့ ဒီလိုပုံစံနဲ့ ကျန်းဆွေကျိုး အသားကျနေပြီးသားပါ။ ကွမ်းရှီးက သူစိတ်ဆိုးတိုင်း အခုလိုပဲ အကြည့်တွေက လူတစ်ဖက်သားကို ပြာကျသွားစေနိုင်လောက်အောင် စူးရှပြီး ဘယ်သူ့မှ လူမထင်တဲ့ရုပ်နဲ့လေ။
ဒါပေမဲ့ ဒီနေ့တော့ သူ အရင်ကလို ပြင်ပြင်ဆင်ဆင် မဟုတ်သေးတာကို သတိမထားမိတဲ့ပုံပါပဲ။
ညအိပ်ဝတ်စုံနဲ့ပဲ ရှိသေးပြီး ဆံပင်ကလည်း ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့အပြင် မိတ်ကပ်လည်း မပါသေးတဲ့ မျက်နှာပြောင်လေးနဲ့လေ။
ဒေါက်ဖိနပ်စီးမထားတော့ သူ့ထက်ပုတာ အရမ်းသိသာနေတဲ့ သူ(မ)လေးဟာ လက်သည်းမရှိတဲ့ ကြောင်လေးလိုပါပဲ။
ကျန်းဆွေကျိုး ကွမ်းရှီးကို ငုံ့ကြည့်ကာ “ကိုယ့်ကို အရင်ပေးဝင်။”
ကွမ်းရှီးက မလှုပ်မယှက်နဲ့ “ပြောစရာရှိတာပြောလေ။ အထဲက ဘာကိစ္စနဲ့ ဝင်ဦးမှာလဲ။”
ကျန်းဆွေကျိုးဟာ လက်ဆန့်လိုက်ပြီး တံခါးကိုတွန်းကာ “ကိုယ့်ကို အားသုံးစေချင်တာလား။”
ကွမ်းရှီးက မျက်စောင်းထိုးလိုက်တော့ ကျန်းဆွေကျိုးက မျက်မှောင်ကြုတ်သွားကာ “မနေ့က ဘယ်လောက်တောင် စိတ်ဆိုးသွားလို့ ဟိုတယ်ကို တန်းလာတာလဲ။”
ကျန်းဆွေကျိုး တဖြည်းဖြည်းနဲ့ အားထည့်လာတာကို ခံစားမိလာတာနဲ့အမျှ သူ ဆက်ထိန်းမထားနိုင်တော့မှန်း သိတာကြောင့် အရှက်မကွဲအောင် တံခါးကိုလွှတ်ပြီး အခန်းထဲ ဝင်ခဲ့လိုက်ပါတော့တယ်။
“ဟိုတယ်ကို လာချင်လို့လာတာ။ ဘယ်မှာစိတ်ဆိုးလို့လဲ။”
ကျန်းဆွေကျိုး တံခါးကိုပြန်ပိတ်ပြီး ကွမ်းရှီးနောက်ကနေ လိုက်သွားခဲ့တယ်။
ကွမ်းရှီးက ခုတင်စွန်းမှာထိုင်ကာ ကျန်းဆွေကျိုးကို အေးစက်စက်နဲ့ ကြည့်ပြီး “အရင်က သဲဘယ်မှာနေလဲ ကို စိတ်မဝင်စားပါဘူး။ အခုမှ ဘယ်လိုလုပ် လိုက်ပြီးဂရုစိုက်နေရတာလဲ။”
ကျန်းဆွေကျိုးက ကွမ်းရှီးရှေ့မှာ ရပ်လိုက်ကာ “မင်း ဟိုတယ်မှာနေတာကို ကိုယ်ဘာမှမပြောလိုပါဘူး။ ရှဲ့ယန်ကြောင့်နဲ့ ကိုယ့်ကို စိတ်ဆိုးသွားလို့သာ။”
“ဘယ်တုန်းက ရှဲ့ယန်ကြောင့်နဲ့ ကို့ကို စိတ်ဆိုး—”
“ကိုယ် မနေ့က ကန်းနေတယ်များ အောက်မေ့နေလား။”
ကွမ်းရှီး ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရတယ်။ သူ မနေ့က ဒေါသဖြစ်တာ ရှဲ့ယန်ဘက်က နာလို့မှမဟုတ်တာ၊ သူပြောတဲ့စကားတွေကြောင့်သာ။ ဒါပေမဲ့ အဲ့ဒါကြောင့် စိတ်ဆိုးတာလို့ပြောရင်လည်း ဘာစိတ်ဆိုးစရာရှိလို့လဲလို့ ထပ်မေးနေဦးမှာ။
ကွမ်းရှီး ဘာမှဆက်မပြောတဲ့အခါ ကျန်းဆွေကျိုးက “မင်းက ကိုယ်နဲ့ စေ့စပ်ထားတဲ့ ကိုယ့်ရဲ့သတို့သမီးလောင်း။ တခြားယောက်ျားလေးတစ်ယောက်ကြောင့်နဲ့ ကိုယ့်ကို စိတ်ဆိုးတယ်ဆိုတာ မသင့်တော်ဘူးမလား။”
ကွမ်းရှီး မျက်နှာလွှဲပြီး သူ့ကို လျစ်လျူရှုထားလိုက်တယ်။
အဲ့ဒီအခါ ကျန်းဆွေကျိုးက သူ(မ)မေးစေ့ကို အတင်းကိုင်ကာ သူ့ကိုကြည့်စေပြီး “စကားပြောလေ။”
ကွမ်းရှီးက ခေါင်းကိုပြန်လှည့်သွားကာ ဝန်မခံဘဲ “ကို့ကို စိတ်မဆိုးပါဘူး။ ကိုပြောတာကို လက်မခံတာပဲရှိတာ။ သဲအမြင်ကို ပြောပြလို့ မရဘူးလား။ ဒီကိစ္စအပေါ်မှာ ကိုလည်း ကိုယ့်အတွေးကိုယ် ပြောသလို သဲလည်း သဲထင်တာကို ပြောပြီး ဆွေးနွေးတာပဲ။ ပြီးတော့… အစကတည်းက စိတ်သိပ်မကြည်လို့ လေသံမာသွားတာပဲရှိတာ။”
ကျန်းဆွေကျိုး မျက်ခုံးတွေ တွန့်ချိုးသွားတာကို တွေ့တဲ့အခါ ကွမ်းရှီးက မေးစေ့ပေါ်က ကျန်းဆွေကျိုးလက်ကို ဖယ်လိုက်ပြီး မတ်တတ်ထရပ်ကာ “ကျန်းဆွေကျိုး၊ မွေးစားသားဆိုတဲ့ အဆင့်က သားအရင်းထက် နိမ့်ကျတာမှန်ပါတယ်။ ဒါပေမဲ့ ပွဲထုတ်လို့မရတဲ့အထိ မဟုတ်သလို အဲ့ဒီလောက် ရှက်စရာကောင်းတဲ့ကိစ္စလည်း မဟုတ်ပါဘူး။”
ကျန်းဆွေကျိုး- “ရှက်စရာကောင်းတယ်လို့ ကိုယ်မပြောမိပါဘူး။”
ကွမ်းရှီး ကြောင်သွားကာ… ဪ၊ ဟုတ်သားပဲ။ အဲ့ဒီလိုမျိုး မပြောမိသလိုပဲ။
“ဒါပေမဲ့လည်း ပွဲထုတ်လို့မရဘူးလို့ ပြောခဲ့တယ်လေ။”
ကျန်းဆွေကျိုး ပြန်စဉ်းစားကြည့်တဲ့အခါ သူ အဲ့ဒီလိုတော့ ပြောခဲ့ဖူးသလိုပဲ။ ဒါပေမဲ့ ရှဲ့ယန်ကို နှိမ်လိုတဲ့စိတ်နဲ့ပြောတာ မဟုတ်ပါဘူး။ သူ့အစွမ်းအစကို အထင်တောင်ကြီးသေးတာပဲကို။ အဲ့ဒီတုန်းက အဲ့ဒီလို ပြောမိသွားရတာက… ကွမ်းရှီးဘက်ကစပြီး အဲ့ဒီလူကို စကားသွားပြောတာကို မြင်လိုက်တဲ့အခါ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားလို့ ပါးစပ်ကို မထိန်းမိလိုက်တာ ထင်ပါရဲ့။
ကျန်းဆွေကျိုး- “အဲ့ဒါက ဒီတိုင်းပဲ လျှောက်ပြောတာ။”
ကွမ်းရှီး- “…”
ဒီမကောင်းဆိုးဝါးကောင်ကတော့။ ဘာလျှောက်ပြောတာလဲ၊ စိတ်ထဲက အဲ့ဒီလိုတွေးနေလို့ ဒီစကားထွက်တာပေါ့။
“အဲ့ဒီတော့ မနေ့ညက ကိုယ်နဲ့ စကားရည်လုတဲ့သဘောပဲပေါ့။”
“မရဘူးလား။”
“ရပါတယ်။ မင်းမှာ စကားရည်လုတဲ့အခါ ရှိသင့်တဲ့စိတ်ထားမျိုး မရှိတဲ့အပြင် စိတ်လည်းကြည်မနေဘူးဆိုတော့လည်း ထားလိုက်ပါတော့။ ရှဲ့ယန်ကြောင့် မဟုတ်ရင် ရပြီ။”
“……”
သူစိတ်ကျေနပ်လောက်တဲ့အဖြေကို ရသွားလို့ထင်ပါရဲ့၊ ကျန်းဆွေကျိုးက သိသိသာသာကို ပြောင်းလဲသွားခဲ့ပါတယ်။ သူ(မ)ခါးကို ဖက်လာခဲ့ပြီး သာသာလေးတွန်းလိုက်ကာ “ရေသွားချိုးတော့။ ပြီးရင် ထမင်းသွားစားရအောင်။”
ခွေးစုတ်ကတော့။
ဘယ်သူက သူနဲ့ ထမင်းစားမယ်ပြောလို့လဲ။
နေပါဦး… ထမင်းစားမယ်ဆိုတော့…
ကွမ်းရှီး ရုတ်တရက် အရေးကြီးတဲ့အရာတစ်ခုကို သတိရသွားပုံပေါ်ကာ “ဒီနေ့ အဘိုးအိမ်သွားရမှာ…”
နာရီကို ကြည့်လိုက်တော့ ၁၁နာရီတောင် ရှိနေပြီဖြစ်တာကြောင့် ဒီအချိန်ဆို အဘိုးအိမ်မှာ လူစုံနေလောက်ပြီပေါ့။
အဲ့ဒီဆွေမျိုးတွေနဲ့ ကွမ်းယင်ကို မိတ်ဆက်ပေးမဲ့ပုံရိပ်ကို မြင်ယောင်ကြည့်ပြီး ခေါင်းတောင် ကိုက်လာသေးရဲ့။
ကွမ်းရှီးက ကျန်းဆွေကျိုးလက်ကို ဖယ်လိုက်ကာ “အပြင်မသွားဘူး။ ဟိုတယ်မှာပဲ စားမှာ။”
ကျန်းဆွေကျိုးအတွက် ဒီနေ့ မနက်ပိုင်းအစည်းအဝေးတစ်ခု ရှိပါတယ်။ နေ့လယ်ခဏအားတုန်း ကွမ်းရှီးကို လာတွေ့ရတာ။
မနက်စောစောထထားရတော့ သူလည်း နည်းနည်းအိပ်ချင်နေဆဲပါ။ ကွမ်းရှီးက ဟိုတယ်မှာပဲစားမယ်လို့ ပြောတဲ့အခါ သူ့အတွက်လည်း အဆင်ပြေတာကြောင့် သူနဲ့အတူ ကွမ်းရှီးကိုပါဆွဲပြီး ခုတင်ပေါ်လှဲချလိုက်ကာ “ရတယ်လေ။ ကိုယ့်အတွက်ရော ပိုမှာပေး။”
ကွမ်းရှီးက ရုတ်တရက်ကြီး ခါးကနေဖက်ပြီး ခုတင်ပေါ် ဆွဲချခံလိုက်ရတာကြောင့် ကြောင်သွားကာ မျက်နှာကြီးလည်း စူပုပ်သွားပြီး “ဟင်။ သဲမလိုက်လည်း ကို ကိုယ့်ဘာသာကိုယ် သွားစားလို့ရတယ်လေ။ ဘာလုပ်နေတာလဲ။ စီအီးအိုကျန်း ကျေးဇူးပြုပြီး လက်ကလေးဖယ်ပေးနိုင်မလား။”
ကျန်းဆွေကျိုးက တုတ်တုတ်မှမလှုပ်တဲ့အပြင် သူ့လက်ကြီးတွေကလည်း သံနဲ့လုပ်ထားတာသလို လေးပင်နေတာကြောင့် ကွမ်းရှီး ခဏရုန်းပြီးတာနဲ့ လက်လျှော့လိုက်ပါတော့တယ်။
ကျန်းဆွေကျိုးက အသံတိုးတိုးလေးနဲ့ “တရုတ်အစားအစာမှာလိုက်။ ကိုယ် အနောက်တိုင်းစာတွေ မစားချင်ဘူး။”
“ကိုယ့်ဘာသာကိုယ်မှာ။”
ကျန်းဆွေကျိုးက ‘အင်း’တစ်ချက်ပြုကာ “ဖုန်းပေး။”
ကျန်းဆွေကျိုးလက်ကြားထဲကနေ ထွက်မရတာကြောင့် ကွမ်းရှီးလည်း အိပ်လျက်နဲ့ပဲ ဖုန်းကို လှမ်းယူလိုက်ကာ ဖုန်းခေါ်ပေးလိုက်ပါတယ်။ ကျန်းဆွေကျိုးက ဖုန်းကိုယူလိုက်ကာ ဟင်းနာမည်တွေကို ကျွမ်းကျင်စွာရွတ်ပြီး မှာနေလေရဲ့။
ကွမ်းရှီးဟာ သူ့နောက်ကကြားနေရတဲ့အသံကို နားထောင်ရင်း အရင်ကအကြောင်းကို သတိရသွားခဲ့တယ်။
တစ်ခါက သူတို့ ဒီမှာပဲ အခန်းယူပြီး စားဖို့ ဟင်းမှာသေးတယ်။ ရောက်လာတော့ ကိုယ်တော်ချောက ဟင်းတွေစားမရဘူးဆိုပြီးတော့ တာဝန်ရှိသူဖြစ်တဲ့ သူ(မ)အစ်ကို ကွမ်းယွမ်ပိုင်ကို လှမ်းခေါ်ပါလေရော။
နန်ကျွယ်က ဟင်းတွေက ထိပ်တန်းအဆင့်ဖြစ်ပေမဲ့ ကျန်းဆွေကျိုးလို ကြက်ဥကနေ ကြက်ရိုးရအောင် ရှာပြနိုင်လောက်တဲ့အထိ ချေးများတဲ့သူက ကွမ်းယွမ်ပိုင်ကို ဆွံ့အသွားစေခဲ့ပါတယ်။ နောက်တော့ ကွမ်းယွမ်ပိုင်လည်း ကျန်းဆွေကျိုးကို သူ့ဘာသာသူ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ နောက်တစ်ခါ သူ့ညီမခေါ်လာပြီး သူ့ဟိုတယ်မှာ အခန်းလာမယူနဲ့ဆိုပြီး အော်လွှတ်လိုက်ပါတော့တယ်။
အဲ့ဒီတုန်းက ဖုန်းထဲကနေ ကွမ်းယွမ်ပိုင် လှမ်းဆဲတာ ခံလိုက်ရတဲ့ ကျန်းဆွေကျိုးကိုကြည့်ရင်း သူ ဘေးကနေ ရယ်နေခဲ့ပါသေးတယ်။
“ဘာတွေပျော်နေတာလဲ။”
သူ့အသံကြားလိုက်တော့မှပဲ ကွမ်းရှီးဟာ သူ့ဘာသာသူ အရင်ကအကြောင်းကို ပြန်စဉ်းစားမိပြီး ရယ်နေမိတာပဲဆိုတာ သတိထားမိလိုက်ကာ ရုပ်ပြန်တည်သွားပြီး “ဘာမှမဟုတ်ပါဘူး။ ဒီကဟင်းတွေက စားမရဘူးဆို။ အခု ဘာလို့စားမှာလဲ။”
ကျန်းဆွေကျိုး- “သူတို့ သေချာပြန်ပြင်ပြီးပြီလေ။ မင်းမသိဘူးလား။”
“…ဘာရယ်။”
“အဲ့ဒီတုန်းက ကွမ်းယွမ်ပိုင်က စိတ်ဆိုးသွားပေမဲ့ ကိုယ့်ကို တိတ်တိတ်လေးလာပြောတယ်၊ သူတို့ ကောင်းအောင် သေချာလုပ်ပြီးပါပြီတဲ့။”
“…”
သူ့အစ်ကို လုပ်လောက်မဲ့ပုံမျိုးပဲ။
ကျန်းဆွေကျိုးက သက်သောင့်သက်သာရှိလောက်မဲ့ အနေအထားကို ပြောင်းလိုက်ကာ မျက်စိမှိတ်ပြီး “ဆိုတော့က မနေ့က ဘာလို့စိတ်မကြည်တာလဲ။”
ဖြစ်လာမဲ့အရာက ဖြစ်လာမှာပဲ။
ကွမ်းရှီး ခဏလောက်တိတ်နေပြီးမှ နောက်လှည့်လိုက်တယ်။
ကျန်းဆွေကျိုးက သူ့ကို နောက်ကနေဖက်ထားတာဖြစ်ပြီး သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေတာကြောင့် လှည့်လိုက်တာနဲ့ နဖူးချင်းထိသွားမတတ်ပါပဲ။
ကျန်းဆွေကျိုး ဒီနေ့မျက်မှန်တပ်မထားဘူးပဲ။ တကယ်တော့ သူက ပါဝါအဲ့ဒီလောက်မများတာကြောင့် မျက်မှန်အမြဲတပ်စရာမလိုပါဘူး။
မျက်မှန်မပါတဲ့အခါ မျက်တောင်ရှည်ရှည်စိပ်စိပ်လေးတွေကို ကောင်းကောင်းမြင်ရသလို မျက်လုံးဖွင့်လာခဲ့ရင်လည်း သူ့ရဲ့ အေးစက်ပြီး စူးရှနက်ရှိုင်းတဲ့ မျက်ဝန်းတစ်စုံကို ရှင်းရှင်းလင်းလင်း မြင်ရဦးမှာပေါ့။
ကွမ်းရှီးအနေနဲ့ သူ့မကောင်းကြောင်းတွေ ဘယ်လောက်ပဲပြောခဲ့ပြောခဲ့၊ သူ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့,တော့ ဘယ်တုန်းကမှ အပြစ်မပြောခဲ့ဖူးပါဘူး။
မဟုတ်ရင် ကန်းနေတယ်ဆိုပြီး အပြောခံရမှာပေါ့။
“ကို ကြားဖူးမှာပါ။ သဲတို့မိသားစုထဲမှာ ငယ်ငယ်လေးနဲ့ သေသွားတဲ့ကလေးတစ်ယောက် ရှိတယ်ဆိုတာ။” ကွမ်းရှီးက တည့်ပဲပြောလိုက်တယ်။ မဟုတ်လည်း နောက်နှစ်ရက်သုံးရက်ဆိုရင် သိသွားတော့မှာပဲမလား။
မွေးစားကလေးနဲ့ ပတ်သက်ပြီး သူဘာလို့ အထိမခံဖြစ်နေရလဲဆိုတာကိုတော့ ကျန်းဆွေကျိုး ဘယ်တော့မှ မသိစေရဘူး။
ပြန်တွေးကြည့်ရင် သူဒေါသထွက်တာက ကျိုးကြောင်းမဆီလျော်ဘူးပဲ။ သူတို့ တစ်ယောက်ဆီက တစ်ယောက်လိုချင်တဲ့အရာတွေက ရှင်းတယ်၊ အကျိုးအမြတ်တွေ လိုအင်ဆန္ဒတွေပဲလေ။
သူတို့ အရင်က အချင်းချင်း လိုအပ်ခဲ့ကြသလို၊ အသုံးလည်းချခဲ့ကြတယ်။ အခုလည်း အဲ့ဒီလိုပါပဲ။ သူဆို ကျန်းဆွေကျိုးကို ဒီနောက်ပိုင်း ပိုလိုလာတော့မှာ။ ကျန်းဆွေကျိုး ဘယ်လိုတွေးလဲဆိုတာကို ဂရုစိုက်ပြီး လိုက်ခံစားနေတာကြီးက မဖြစ်သင့်ဘူး။
“ကိုယ်ကြားဖူးပါတယ်။”
“သူပြန်လာပြီ။”
“ဘာဖြစ်တယ်။”
“တကယ်တော့ သူက တကယ်သေသွားတာ မဟုတ်ဘူးတဲ့။ နာနီက သူ့ကို သူများပေးပြီးမှ သတ်သေသွားတာ။ နောက် ရောင်းစားခံလိုက်ရပြီး အခုမှ မိဘအရင်းတွေကို ပြန်ရှာတွေ့သွားတာ။”
ကျန်းဆွေကျိုးက အမြဲတည်ငြိမ်နေတတ်သလို အခုလည်း အံ့ဩသွားတဲ့ပုံမပေါ်ပါဘဲ ပြန်မေးလာခဲ့တယ်။ “ဘယ်လိုပြန်ရှာတွေ့တာလဲ။”
“ကွမ်းယင်နဲ့ မာမားက ရုပ်တူတယ်။ အို့၊ ကွမ်းယင်ဆိုတာ သူ့နာမည်လေ။ ဘယ်လောက်တောင်လဲဆိုရင် သူ မာမားဘေးမှာရပ်နေရင် တစ်ချက်တည်းနဲ့ သားအမိတွေမှန်း သိနိုင်တယ်။ တစ်လောက ကွမ်းယင်က တီဗွီမှာ မာမားကို မတော်တဆတွေ့သွားတာ။ ပါပါးမာမားတို့ ရှော့ပင်းမောဖွင့်ပွဲ ဖဲကြိုးဖြတ်တုန်းကလေ။”
“သတင်းမှာပါလာတဲ့လူနဲ့ သူနဲ့ ရုပ်တူတာနဲ့တင် သိသွားရောလား။”
“ဘယ်ဟုတ်ပါ့မလဲ။ သူက ငယ်ငယ်ကတည်းက သူ့အိမ်က သမီးအရင်းမဟုတ်မှန်းသိတယ်။ သဲတို့အိမ်အကြောင်း စုံစမ်းကြည့်တော့လည်း အရင်က ကလေးပျောက်ဖူးမှန်းသိရရော။ နောက်တော့ သဲတို့အိမ်နဲ့ အဆက်အသွယ်လုပ်ပြီး ဒီအန်အေစစ်ကြည့်တော့ ကိုက်နေတယ်လေ။” ကွမ်းရှီးက ရယ်လိုက်ပြီး “အံ့ဩစရာမကောင်းဘူးလား။ ရေစက်ပဲထင်ပါရဲ့နော်။”
ကျန်းဆွေကျိုးက အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ “မင်း ပျော်မနေဘူး။”
အဲ့ဒီစကားတစ်ခွန်းက မေးတာမဟုတ်ပါဘူး၊ အတည်ပြုတဲ့သဘောမျိုး။
ကွမ်းရှီး ဆက်မပြုံးနိုင်တော့ပေမဲ့ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ “ဘာမပျော်စရာရှိလို့လဲ။ အစ်မတစ်ယောက်လုံး ပြန်ရှင်လာတာပဲ။ ပျော်တာပေါ့။”
“မင်းမိဘတွေရဲ့ အချစ်တွေခွဲပေးရမှာ၊ ပိုင်ဆိုင်မှုတွေ ခွဲပေးရမှာ မကြောက်ဘူးလား။”
ကျန်းဆွေကျိုးလို့ကို မပြောရဘူး။ ပြောတဲ့စကားတိုင်းက နားဝင်ဆိုးလိုက်တာဆိုတာများ…
ကွမ်းရှီး မျက်ဖြူလန်ပြပြီး ဆွဲဆိတ်လိုက်ကာ “မကြောက်ပါဘူး။ ပါးစပ်ပိတ်ထား။”
ကျန်းဆွေကျိုးက သူ့လက်ကို အသာလေးထိန်းလိုက်ကာ “တကယ်ကြီးလား။ ကိုယ်သိတဲ့ကွမ်းရှီးက အဲ့ဒီလိုမဟုတ်ပါဘူး။”
“ကျန်းဆွေကျိုး၊ ပါးစပ်လေးပိတ်ထားလည်း ကို့ကို အ,အလို့ ဘယ်သူမှမထင်ဘူး သိလား။”
ညအိပ်ဝတ်စုံ ဝတ်ထားဆဲဖြစ်တဲ့ ကွမ်းရှီးဟာ နည်းနည်းလေးရုန်းလိုက်တာနဲ့ အင်္ကျီက ပြေလျော့သွားပါတော့တယ်။
ကျန်းဆွေကျိုး ကြည့်လိုက်မိပေမဲ့ သူတို့အကြာကြီး တွေ့လို့မရတဲ့အပြင် နေ့အချိန်ကြီးလည်း ဖြစ်နေတာကြောင့် စိတ်ထိန်းလိုက်ရကာ လှစ်ဟနေတဲ့ ကွမ်းရှီးရဲ့ ရင်ဘတ်နေရာကို လုံအောင် ပြန်ဖုံးပေးရုံပဲ တတ်နိုင်လိုက်ပါတယ်။
ပြီးတာနဲ့ ပြောလာတဲ့စကားကတော့ “ကိုယ့်ကို လက်ဆောင် ၂၈ခု ပေးရတဲ့ အကြောင်းရင်းကို သိသွားပြီ။”
“……”
“လက်စသတ်တော့ ကိုယ်နဲ့ ဆက်ဆံရေးခိုင်မာအောင်လုပ်ဖို့ ဖောင်ဒေးရှင်းချနေတာကိုး။”
ကွမ်းရှီးကတော့ မျက်နှာပြောင်ပြောင်နဲ့ ပြန်ဟောက်ပစ်လိုက်တယ်။
“ဘာလဲ။ မရဘူးလား။ ကို့အစ်ကို ကျန်အိမ်က သမီးအကြီးနဲ့ ယူတုန်းက ကိုလည်း သဲကို မလိမ့်တပတ်နဲ့ အိမ်ခေါ်သွားပြီး ညစာစားပွဲတက်ခိုင်းတာပဲကို။”
“ဘာလို့ အတိတ်ကအကြောင်းတွေ ပြန်ဖော်နေတာလဲ။ နောက်ပြီး မရဘူးလို့လည်း ကိုယ် မပြောမိပါဘူး။ ” ကျန်းဆွေကျိုးက မျက်စိပြန်မှိတ်သွားကာ “အခုလိုလည်း ကောင်းတာပဲ။ ရှင်းသွားရော။”
“ဘာရှင်းတာလဲ။”
“အစက မင်း အဲ့ဒီလောက် ကြိုးစားပမ်းစားလုပ်နေတော့ ကြီးကြီးမားမားတစ်ခုခု လိုချင်လို့ လမ်းဖောက်နေတာများလားလို့။ အခု အကြောင်းရင်းကို သိရပြီဆိုတော့ စိတ်အေးသွားပြီ။”
[A/N: ကျန်း- ရှင်းသွားပြီ၊ ရှင်းသွားပြီ။ ပိုက်ဆံကုန်မဲ့ရန် ကင်းရှင်းသွားပြီ။]
*****
Storygloty Swara Webnovel Translations