Chapter 11
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း- ၁၁
ဟိုတယ်က နေ့လယ်စာလာပို့တော့မှသာ ကွမ်းရှီး ကျန်းဆွေကျိုးလက်ကနေလွတ်ပြီး အိပ်ရာပေါ်က ထနိုင်ပါတော့တယ်။
အဲ့ဒီတော့မှသာ ကျန်းဆွေကျိုးလည်း ဖြည်းဖြည်းချင်းထလာကာ ထမင်းစားဖို့ စားပွဲမှာ လာထိုင်တော့လေရဲ့။
စားနေရင်းနဲ့ ကွမ်းရှီး ကျန်းဆွေကျိုးကို ချောင်းကြည့်လိုက်တယ်။ ကျန်းဆွေကျိုး ခုနက အိပ်ချင်တယ်ဆိုပြီး သူ(မ)ကိုဖက်ကာ ၁၀မိနစ်လောက် မျက်စိမှိတ်လိုက်တာနဲ့ အိပ်ရေးဝသွားတယ်ထင်ပါရဲ့၊ အခုကြည့်ရတာ စိတ်အခြေအနေကောင်းမွန်နေပုံပဲ။
<ဖုန်းတုန်ခါသံ>
ကွမ်းရှီး လှမ်းကြည့်လိုက်တဲ့အခါ ဘာလို့ မရောက်သေးတာလဲလို့ မေးထားတဲ့ သူ(မ)အဖေဆီက မက်ဆေ့ဖြစ်ကြောင်း တွေ့လိုက်ရတယ်။
ကွမ်းရှီးက ဖုန်းကိုယူပြီး အသံမက်ဆေ့ပြန်ပို့လိုက်ပါတယ်။ “သမီး ကိစ္စတစ်ခုရှိနေလို့ နောက်ကျနေတာ။ သမီးကို မစောင့်နဲ့တော့။”
စာပြန်မလာတော့ပေမဲ့ သူ(မ) ဘာဆိုလိုလဲဆိုတာ ကွမ်းရှင်းဟောင် နားလည်မှန်း ကွမ်းရှီးသိပါတယ်။
မျက်ရည်စက်လက်နဲ့ အမျိုးတွေပြန်ဆုံကြတဲ့ မြင်ကွင်းကို သူ(မ) မမြင်ချင်ဘူးလေ။
အဲ့ဒါကြောင့် ကွမ်းရှီး ဖုန်းချပြီး ဆက်စားနေလိုက်တယ်။
“ဒီနေ့ မင်းအဘိုးအိမ်သွားမယ်ဆိုတာ အဲ့ဒီ…”
“ကွမ်းယင်”
“အင်း၊ သူ့အတွက်လား။”
“ဟုတ်တယ်။”
“ဪ”
“သူပြန်လာတာ ဆွေမျိုးတွေကို အသိပေးပြီးရင် အပြင်လူတွေလည်း တဖြည်းဖြည်းနဲ့ သိလာကြမှာ။”
“မင်းကရော ခဏနေရင် သွားမှာလား။”
“သွားရမှာပေါ့။ အဲ့ဒီလိုပွဲမျိုးကို မသွားရင် ထူးဆန်းနေမှာပေါ့။”
“လိုက်ပို့မယ်။”
ကားပါတယ်လို့ ပြောမလို့ပြင်လိုက်ပေမဲ့ လူကြီးတွေရှေ့မှာ သူတို့နှစ်ယောက် အတူတွဲပြီး မျက်နှာမပြရတာ ကြာပြီဆိုတော့ အခွင့်အရေးရတုန်း ကျန်းဆွေကျိုးကို အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့… ကျန်းဆွေကျိုးက သူ(မ) အိမ်လိုက်ရတာ မကြိုက်ဘူး မဟုတ်ဘူးလား။ ဒီနေ့မှ ထူးထူးဆန်းဆန်း သူက အရင်အစဖော်နေတယ်။
သူ(မ) ဘာတွေးနေလဲဆိုတာ သိတဲ့ပုံနဲ့ ကျန်းဆွေကျိုးက “မလိုဘူးလား။ ကိုယ်က မင်း တော်တော်လေး လိုအပ်မယ်ထင်နေတာ။”
“လိုတာပေါ့။ ဘယ်သူပြောလဲ မလိုဘူးလို့။”
ကျန်းဆွေကျိုး နှုတ်ခမ်းလေးကို ကွေးတယ်ဆိုရုံလေး ပြုံးလိုက်တယ်။
ကွမ်းရှီးက လင်တိုက်ယွိအမူအရာနဲ့ “ခေါင်းနည်းနည်းကိုက်နေလို့ ကားမမောင်းချင်တာနဲ့ အတော်ပဲ။ ကိုက အရမ်းလိုက်ပို့ချင်နေမှတော့ ဖရီးဒရိုင်ဘာဖြစ်ခွင့် ပေးလိုက်ပါမယ်လေ။”
(လင်တိုက်ယွိ- The Dream of Red Mansions ထဲက ဇာတ်ကောင်ပါ။)
ကျန်းဆွေကျိုးကတော့ ကွမ်းရှီးကို လျစ်လျူရှုကာ တူကိုချထားလိုက်ပြီး “အဲ့ဒါဆို မြန်မြန်စားပြီး မြန်မြန်သွားရအောင်။ ကိုယ် နေ့လယ်မှာ ကိစ္စတစ်ခုရှိသေးတယ်။”
“အိုး။”
ကွမ်းအိမ်ဆီသွားတဲ့လမ်းမှာ ကွမ်းရှီးဖုန်းလေးဟာတော့ တတောင်တောင်နဲ့ wechat မက်ဆေ့တွေ ဆက်တိုက်ဝင်နေလေရဲ့။
ဝမ်းကွဲမောင်နှမတွေဟာလည်း ရုတ်တရက်ကြီး ကွမ်းယင်ကို တွေ့ရတာ အံ့ဩသွားကြတယ်ထင်ပါရဲ့၊ ဆက်တိုက်ပဲ သူ့ဆီ မက်ဆေ့တွေပို့ပြီး သတင်းမေးကြပါတော့တယ်။ အငယ်ဆုံးဖြစ်တဲ့ ကွမ်းကျစ်ယိဆိုရင် သူ(မ)ဆီကို ၁မိနစ်လောက်ကြာတဲ့ အသံမက်ဆေ့ကြီးတွေ ပို့လာတာကြောင့် ကွမ်းရှီးတစ်ယောက် ခေါင်းတောင်ကိုက်ချင်သွားပါတယ်။
ကြုံရာတစ်ခုကို ဖွင့်နားထောင်ကြည့်လိုက်တဲ့အခါမှာတော့
“… ဘာလို့ နောက်ထပ်အစ်မတစ်ယောက် ရောက်လာတာလဲ။ သူ့အကြောင်း တစ်ခါမှလည်း မကြားဖူးပါဘူး။ မမရော ဘယ်လိုထင်လဲ။ ညီမကိုလည်း ပြောမပြဘူး… မမ ဘာလို့မလာသေးတာလဲ။ အခု ညီမက အိမ်သာထဲကနေ ခိုးပို့နေတာ။ ခဏနေရင် ထွက်ရတော့မှာ။ အင်း… အဲ့ဒီတစ်ယောက်က တူတော့တူသားပဲ…”
ကွမ်းရှီး ပြန်လိုက်တဲ့စာကတော့ (မပို့နဲ့တော့။ ရှည်လွန်းလို့ နားမထောင်နိုင်ဘူး။)
ကွမ်းကျစ်ယိက စိတ်မကောင်းဖြစ်သွားတဲ့ အီမိုဂျီလေးပြန်ပို့လာပြန်တယ်။
ကွမ်းရှီး- (လိမ္မာတယ်။ ခဏနေဆို ရောက်ပြီ။)
*****
နာရီဝက်အကြာမှသာ သူတို့ ကွမ်းအိမ်ကို ရောက်လာခဲ့တယ်။
ကျန်းဆွေကျိုးနဲ့ ကွမ်းရှီးဟာ နှစ်ယောက်အတူ အိမ်ထဲကို ဝင်သွားလိုက်တယ်။
တံခါးပေါက်က အိမ်အကူက သူတို့ကိုတွေ့တာနဲ့ အထဲဝင်ပြီး အထဲကလူတွေကို သွားအကြောင်းကြားပါတယ်။
နေ့လယ်စာစားပြီးချိန်ဖြစ်ပြီး အမျိုးတွေ ပြန်ဆုံတဲ့အချိန်လည်း ပြီးသွားပြီဆိုတော့ ကွမ်းရှီးက အချိန်ကိုက်ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေ့မှာ ဝေ့အိမ်က လူတွေပါရောက်နေတာကြောင့် ဧည့်ခန်းအကြီးကြီးထဲမှာ အဘိုးအဘွား၊ ဦးလေးအဒေါ်တွေနဲ့ ပြည့်နေပါတော့တယ်။
“မမ ရောက်လာပြီလား။” သူ(မ)ကို မြင်တာနဲ့ ကွမ်းကျစ်ယိက ပြေးလာကာ အနားရောက်မှ ကျမ်းဆွေကျိုးကို ရိုရိုသေသေနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ကွမ်းရှီးလည်း တတ်နိုင်သမျှ စိတ်ကိုငြိမ်အောင်ထားပြီး လူကြီးတွေကို အရင်လိုက်နှုတ်ဆက်ပြီးမှ ကွမ်းကျစ်ယိဘက်လှည့်ကာ “ရှောင်ဝူ၊ ဒီရက်ပိုင်း အိမ်မှာရှိနေတာပဲ။ ရိုက်ကူးရေးရှိမယ်ထင်နေတာ။”
ကွမ်းကျစ်ယိက သူ(မ)လက်ကိုဆွဲကာ “ရှိတာက ရှိတယ်။ နှစ်ရက်နားရလို့ အတော်ပဲဖြစ်သွားတာ။”
“အဲ့ဒီလိုကိုး။”
ကွမ်းအဘိုးက ကွမ်းရှီးကို အဓိပ္ပာယ်ပါပါနဲ့ ကြည့်လိုက်ပြီးမှ ပြန်ထိန်းလိုက်ပြီး ကျန်းဆွေကျိုးဘက်လှည့်ကာ “ဆွေကျိုးလည်း လိုက်လာတာကိုး။ လာထိုင်လေ။ မင်းကို မတွေ့ရတာတောင်ကြာပေါ့။”
ကျန်းဆွေကျိုးက လူတိုင်းကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် ကွမ်းဟုန်နားသွားကာ “ဘိုးဘိုး။”
“အခုတလော ဘယ်လိုလဲ။ ကုမ္ပဏီမှာ အလုပ်များနေတာလား။”
“ဒီလိုပါပဲဗျာ။ အဘိုးရော နေကောင်းတယ်မလား။”
“ကောင်းပါ့ကွာ။”
ကျန်းဆွေကျိုး စကားပြောနေတုန်းမှာ ကွမ်းရှီးကတော့ ကွမ်းကျစ်ယိ ခေါ်တဲ့နောက်ပါသွားလေရဲ့။ လူကြီးတွေနားမှာနေနေတဲ့ ကွမ်းယင်ကလွဲရင် ကျန်တဲ့လူငယ်တွေက သူတို့ဘာသာ သက်သက်နေနေကြတာပါ။
“ကွမ်းရှီး၊ ဒီလောက်ကိစ္စအကြီးကြီးကို ဘာလို့ ငါတို့ကို ဘာမှမပြောဘဲ နေနေတာလဲ။” ကွမ်းရှီး ရောက်လာတာတွေ့တာနဲ့ ကွမ်းယွမ်ပိုင်က စကားစလာခဲ့ပါတယ်။
ကွမ်းကျစ်ယိ- “ဟုတ်ပါ့။ ဘာလို့ ညီမတို့ကို မပြောပြတာလဲ။”
ကွမ်းရှီးက ပခုံးတွန့်ပြလိုက်ကာ “အခုသိပြီပဲကို။”
ဝေ့ရှိုးယန်- “ကြိုသိတော့ နည်းနည်းတော့ပြင်ဆင်လို့ ရတာပေါ့။”
“ဘာပြင်စရာရှိလို့လဲ။” ကွမ်းရှီးက ပေါ့ပေါ့ပါးပါးပုံနဲ့ “ရှိုးယန်၊ နင့်မှာ အစ်မတစ်ယောက် တိုးလာပြန်ပြီနော်။”
“အစ်မတစ်ယောက် တိုးလာတာနဲ့ ပျော်မယ်ထင်လား။” ဝေ့ရှိုးယန်က သူ(မ)ကို မျက်စောင်းထိုးကာ “နင်နဲ့တင် တော်တော်လေး စိတ်ညစ်နေပြီ။”
“ဟဲ့၊ စကားကောင်းကောင်း မပြောတတ်ဘူးလား။”
…
အငယ်တွေ ဒီလိုစုဖြစ်တယ်ဆိုတာ ရှားတာကြောင့် လူတိုင်းက တိုးတိုး,တိုးတိုးနဲ့ စကားပြောနေကြလေရဲ့။ သူတို့ပြောတာတွေကို စိတ်မဝင်စားတာကြောင့် ကွမ်းရှီးက သောက်စရာတစ်ခုခုယူဖို့ မီးဖိုချောင်ထဲသွားလိုက်ပါတယ်။
“စိတ်မကြည်ဘူးထင်တယ်ရော်။”
ဖျော်ရည်ထည့်နေတုန်းမှာပဲ နောက်ကနေ ရင်းနှီးနေတဲ့အသံတစ်သံ ကြားလိုက်ရတယ်။
နောက်လှည့်မကြည့်ဘဲနဲ့တောင် အဲ့ဒါဝေ့ရှိုးယန်ရဲ့ အစ်မအရင်း ဝေ့ဇီဟန်မှန်း တန်းသိလိုက်ပြီး သူ(မ)ကို စကားနာထိုးဖို့ လာမှန်းလည်း ရိပ်မိလိုက်ပါတယ်။ ရိုးလည်းရိုးနေပါပြီ။ ငယ်ငယ်ကတည်းက အခုအချိန်အထိ သူတို့နှစ်ယောက်တွေ့တာနဲ့ ရန်ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် စကားနိုင်လုနေကျပဲလေ။
ကွမ်းရှီး လှည့်ကြည့်လိုက်ကာ “ဟမ်၊ ဘယ်လိုမျက်စိနဲ့များ ကြည့်ပြီးပြောလိုက်တာလဲ။”
ဝေ့ဇီဟန်က တခစ်ခစ်ရယ်ကာ “ငါပြောစရာ လိုသေးလို့လား။ နင်ဆိုတာ နင့်ကိုခြိမ်းခြောက်လာနိုင်တဲ့သူနဲ့ တစ်မိုးအောက်မှာ နေနိုင်မှာမှမဟုတ်တာ။”
ကွမ်းရှီး မျက်ခုံးပင့်ကာ “နင်က အားအားယားယား လိုက်ပူပေးနေတာပဲ။ ငါ့အစ်မက နင့်လိုမဟုတ်ဘူး။ စိတ်ထားကောင်းပြီး ပေါင်းရသင်းရလည်း လွယ်တယ်။”
ဝေ့ဇီဟန်က နှာတစ်ချက်မှုတ်လိုက်ကာ “ပေါင်းရသင်းရလွယ်တယ်ဟုတ်လား။ နင့်နေရာကို လာလုတော့မှာ။ အဲ့ဒါကို နင်က သူနဲ့ သင့်သင့်မြတ်မြတ် နေနိုင်တယ်ပေါ့။ ငါ ဘာလို့မယုံနိုင်တာပါလိမ့်။”
ကွမ်းရှီးက ဝေ့ဇီဟန်ကို အကျောမခံဘဲ တမင်ဆွပေးလိုက်ပါသေးတယ်။ “ငါ့အတွက် ပူမနေစမ်းပါနဲ့။ ငါ့ကို အိမ်က မထောက်ပံ့နိုင်ရင်တောင် ကျန်းဆွေကျိုးရှိသေးတယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။”
ဝေ့ဇီဟန် မျက်နှာပျက်သွားတော့တယ်။ သူ(မ)အိမ်က ငယ်ငယ်ကတည်းက ကွမ်းရှီးနဲ့သူ(မ)ကို ယှဉ်ယှဉ်ပြီးပြောတော့ သူ(မ)လည်း တဖြည်းဖြည်း ကွမ်းရှီးကို ခိုးခိုးပြီးပြိုင်နေမိတော့တာပေါ့။
တခြားနေရာတွေမှာ ကွမ်းရှီးကိုရှုံးတယ်လို့ ဝန်မခံရင်တောင် ကောင်လေးချင်းယှဉ်ရင်တော့ သူ(မ)နိုင်မယ်လို့ ယုံကြည်ချက်မရှိပါဘူး။
ပြီးတော့ အဲ့ဒီကျန်းဆွေကျိုး… သူတို့က အထက်တန်းမှာ အခန်းတူတူဖြစ်ခဲ့ပြီး သူ(မ)ဘက်က လိုက်ဖူးပေမဲ့ ကျန်းဆွေကျိုး ငြင်းတာခံခဲ့ရပါတယ်။
အဲ့ဒါကိုလည်း အခဲမကျေနိုင်သေးဘူး။
“ဘာတွေစိတ်ကူးယဉ်နေတာလဲ။ ကျန်းဆွေကျိုး နင့်ကို တကယ်ချစ်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ နင့်မှာ ဘာမှမရှိဘဲနေကြည့်ပါလား၊ ဟိုက နင်နဲ့တွဲဦးမယ် အောက်မေ့နေလား။ တကယ်ပဲ၊ ရယ်စရာကောင်းလိုက်တာ။”
“မစိုးရိမ်ပါနဲ့။ ငါတို့က ပျော်တာမှ ဟိုဘက်ကမ်းတောင်လွန်လို့။ ဪ ဒါနဲ့ နင့်ကောင်လေးကတော့ နင့်ကို ဖြတ်သွားပြီဆို။ နောက်ပြီး အဲ့ဒီတစ်ယောက်ကလည်း နာမည်မရှိတဲ့ သရုပ်ဆောင်ပေါက်စလေးဆိုလား။ မမရေ၊ နင်ကျတော့ ဒီလောက်ပြီးပြည့်စုံနေတာတောင် ဘာလို့ ဘယ်သူမှ မလိုချင်ကြတာပါလိမ့်။”
“နင်!”
“ငါ့အတွက် မတွေးပေးခင် ကိုယ့်အတွက်ကိုယ် အရင်ပူလိုက်ဦး။ ဘာပဲဖြစ်ဖြစ်၊ နင်က ငါ့အစ်မပဲ။ နင် အခုလိုဖြစ်နေတာတွေ့ရတော့ ငါလည်း ဘယ်စိတ်ကောင်းပါ့မလဲ။” ပြောပြီးတာနဲ့ ဖျော်ရည်ခွက်ကိုချပြီး ဝေ့ဇီဟန်ရဲ့စူပုပ်နေတဲ့ရုပ်ကြီးကို လျစ်လျူရှုကာ အပြင်ထွက်လာလိုက်ပါတယ်။
ဒါပေမဲ့ ဝေ့ဇီဟန်ကို ကျောပေးပြီးတာနဲ့ ခပ်ပြုံးပြုံးနဲ့ စိတ်ကြီးဝင်နေပုံပေါ်တဲ့ ကွမ်းရှီးမျက်နှာဟာ မျက်နှာဖုံးချွတ်လိုက်သလိုပဲ၊ အရယ်အပြုံးမရှိတဲ့ပုံ ပြောင်းသွားပါတော့တယ်။
ကွမ်းရှီး နောက်ပြန်လှည့်ကြည့်ရင်း ‘တကယ်ကျက်သရေမရှိတာပဲ။’
တစ်ဖက်မှာတော့ လူကြီးတွေက စကားကောင်းနေဆဲပါ။
ကျန်းဆွေကျိုး ရောက်လာတာနဲ့ ဝေ့အဘိုးကလည်း သူ့ကိုခေါ်ကာ သူတို့မိသားစုထဲကလူတွေနဲ့ မိတ်ဆက်ပေးပါတော့တယ်။
လူကြီးတွေဘေးမှာ တိတ်တိတ်လေးထိုင်နေတဲ့ ကွမ်းယင်က သူ(မ)ရှေ့ကလူကို ကြည့်လိုက်မိတယ်။
သူ(မ)နဲ့ယှဉ်ရင် အဲ့ဒီလူက လူကြီးတွေနဲ့ ဆက်ဆံရလည်း အေးအေးဆေးဆေးပါပဲ။
ယဉ်ကျေးပေမဲ့ မလွန်ကဲဘူး၊ အမူအရာတိုင်းက ဣန္ဒြေအပြည့်နဲ့ဖြစ်ကာ ရာထူးကြီးကြီးကလူတွေရဲ့ ဟန်ပန်မျိုးလည်းရှိပါသေးတယ်။
ဒီကိုရောက်လာပြီး နှုတ်ဆက်ခဲ့ရတဲ့ မောင်နှမတွေအကုန်လုံးက ကောင်းကြတယ်ဆိုပေမဲ့ ဒီတစ်ယောက်ကတော့ သူ(မ)အာရုံကို အလွယ်လေးနဲ့ ဖမ်းစားသွားနိုင်ခဲ့တယ်။
သူ့ရဲ့ တည်ငြိမ်ခံ့ညားတဲ့အသွင်အပြင်ကြောင့်တင် မဟုတ်ဘဲ သူနဲ့အတူဝင်လာတဲ့လူက ကွမ်းရှီးဖြစ်နေတာကြောင့်လည်း ပါပါတယ်။
လက်စသတ်တော့ ဒီလူက မိဘတွေ ဒီရက်ပိုင်းခဏခဏပြောနေတဲ့ ကျန်းဆွေကျိုးဆိုတာကိုး။
“ဆွေကျိုး၊ ဒါကွမ်းယင်။ ငါတို့မိသားစုအကြောင်းတော့ ရှီးရှီး မင်းကို ပြောပြပြီးလောက်ပါပြီ။” ကွမ်းဟုန် မိတ်ဆက်ပေးနေသံကို ကြားတဲ့အခါ ကွမ်းရှီး သူတို့ဘက်လှည့်လာကာ စူးစူးရှရှမျက်ဝန်းတွေနဲ့ လှမ်းကြည့်နေလိုက်တယ်။
ကျန်းဆွေကျိုးက ခေါင်းတစ်ချက်ညိတ်ပြတဲ့အခါ ကွမ်းယင်က ကြောင်သွားကာ ပြီးမှသာ ခေါင်းပြန်ညိတ်ပြလိုက်ပါတယ်။
“ပြောပြပြီးပါပြီ။ ဝမ်းသာပါတယ်၊ ဘိုးဘိုး။”
“အေး၊ အကုန်ဝမ်းသာနေကြတာပဲကွာ။”
*****
ပြောစရာရှိတာ ပြောပြီးတဲ့နောက် လူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ကုန်ကြပေမဲ့ လူငယ်တွေကတော့ မပြန်သေးဘဲ ဥယျာဉ်ထဲမှာ နှစ်ယောက်သုံးယောက်တစ်ဖွဲ့စုပြီး စကားပြောနေကြပါတယ်။
ကွမ်းရှင်းဟောင်နဲ့ ဝေ့ရှောက်မင်ကလည်း ကွမ်းယင်ကို ဝမ်းကွဲတွေနဲ့ ရင်းနှီးစေချင်တာကြောင့် အိမ်ပြန်ဖို့မလောသေးပါဘူး။
အဲ့ဒီအချိန်မှာ ကွမ်းယင်က ဝေ့ဇီဟန်နဲ့ စကားပြောနေပါတယ်။ အခုမှတွေ့ဖူးတဲ့သူတွေဖြစ်တာကြောင့် တခြားဝမ်းကွဲတွေနဲ့ စိမ်းနေသေးတယ်ဆိုပေမဲ့ ဝေ့ဇီဟန်ကတော့ သူနဲ့ စကားတွေလာပြောနေခဲ့တယ်။
“ဆွေကျိုး၊ မင်းက ကုမ္ပဏီပြန်မှာလား။” မနီးမဝေးကနေ ကွမ်းယွမ်ပိုင်အသံကို ကြားလိုက်ရတယ်။
“အင်း။”
“ကွမ်းရှီးကရော။”
“ညီမက သူနဲ့မလိုက်ဘူး။ အိုး၊ ညီမကားကို နန်ကျွယ်မှာထားခဲ့တာ။ ပြီးရင် တစ်ယောက်ယောက်ကို ပြန်ပို့ခိုင်းပေးဦး။”
*****
ဝေ့ဇီဟန်က အာပေါင်အာရင်းသန်သန်နဲ့ စကားတွေပြောနေတုန်း ကွမ်းယင်က တခြားတစ်နေရာကို အကြည့်ရောက်နေမှန်း သိလိုက်တဲ့အခါ သူကြည့်တဲ့နေရာကို လိုက်ကြည့်ပြီး ကွမ်းရှီးကိုတွေ့တာနဲ့ နှာမှုတ်လိုက်ကာ “အဆင်ပြေဖို့ ခက်တယ်မလား။”
ကွမ်းယင်က သူ့ဘက်ပြန်လှည့်လာကာ “ဟင်။”
“ကွမ်းရှီးလေ။ သူနဲ့ အဆင်ပြေဖို့ခက်တယ်မလား။”
ကွမ်းယင်က ခဏတိတ်သွားကာ “များသောအားဖြင့် သူက အိမ်မှာသိပ်မရှိတော့ သိပ်လည်းစကားမပြောဖြစ်ပါဘူး။”
ဝေ့ဇီဟန်က ပြုံးလိုက်ပြီး “အဲ့ဒါဆို နင်ကံကောင်းတယ်ပြောရမှာပဲ။ ငါနင့်ကို ပြောပြမယ်။ ကွမ်းရှီးက ငယ်ငယ်လေးကတည်းက လူတိုင်းအလိုလိုက်တာ ခံလာရတာ။ စိတ်ကလည်းကြီး။ သူက ဘူးဆို ဘယ်သူမှ ဖရုံမသီးရဲဘူး။ နင်က… နင်က ရုတ်တရက်ပြန်ရောက်လာတော့ သေချာတယ်၊ သူပျော်နိုင်မှာမဟုတ်ဘူး။ ဪ၊ သူ့မှာ အစ်မတစ်ယောက်ရလို့ဆိုပြီး ပျော်လိမ့်မယ်မထင်နဲ့နော်။ သူ့လိုတစ်ကိုယ်ကောင်းဆန်တဲ့သူမှာ သူများတွေနဲ့ဝေမျှပေးချင်တဲ့စိတ်ဆိုတာ မရှိဘူး။”
ကွမ်းယင်-“…”
“ငါက သူ့ကို အပုပ်ချနေတာ မဟုတ်ဘူးနော်။ နင် ဘယ်သူ့ကိုပဲခေါ်မေးမေး ဒီအဖြေပဲ ထွက်လာမှာပဲ။ ဒီနှစ်နှစ်အတွင်း ကျန်းဆွေကျိုးနဲ့တွဲပြီး ပိုတောင်ဆိုးလာသေးတယ်။ သူ့ဆို ဘယ်သူမှ မထိရဲဘူး။”
“ကျန်းဆွေကျိုးဆိုတာ။”
“သူ့ဘေးကတစ်ယောက်လေ။” ဝေ့ဇီဟန်က သူ့ကိုတစ်ချက်ကြည့်ကာ “နင်သာ အဲ့ဒီတုန်းက အိမ်မှာရှိရင် အခု အဲ့ဒီနေရာက သူရချင်မှရမှာ။”
ကွမ်းယင် လန့်သွားတာတွေ့တဲ့အခါ ဝေ့ဇီဟန်က မြန်မြန်ပြန်ပြောလိုက်တယ်။ “အိုင်းယိုး၊ ငါက ရယ်စရာပြောတာပါ။ ဒီတိုင်းပဲ ပါးစပ်ထဲရှိရာ ပြောလိုက်တာ။ ဒါပေမဲ့လေ ကျန်းအိမ်နဲ့ နင်တို့အိမ်က စီးပွားရေးကြောင့် လက်ထပ်တာဆိုတော့ ကျန်းဆွေကျိုးက သူယူရတဲ့သူ ဘယ်သူလဲဆိုတာ ဘယ်အဲ့ဒီလောက်ကြီး ဂရုစိုက်ပါ့မလဲ။”
*****
StoryGlory Swara Webnovel Translations