Chapter 12
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၁၂
ကွမ်းရှီးအလာက ကျန်းဆွေကျိုးကားနဲ့လာပေမဲ့ အခု ကျန်းဆွေကျိုးက အလုပ်ရှိသေးတဲ့အတွက် စောစောပြန်သွားတာကြောင့် အပြန်မှာတော့ သူ(မ) မိဘတွေနဲ့ပဲ ပြန်ရပါတော့တယ်။
ကွမ်းရှင်းဟောင်က ဒရိုင်ဘာဘေးမှာထိုင်ပြီး ကျန်တဲ့ကွမ်းရှီးတို့သုံးယောက်က နောက်မှာထိုင်ကြတယ်။
“ယင်ယင်း၊ ဒီနေ့ စိတ်လှုပ်ရှားနေသေးလား။” ဝေ့ရှောက်မင်က စကားစလာခဲ့တယ်။
ကွမ်းရှီးကတော့ ပြတင်းပေါက်ဘေးကနေရာမှာထိုင်ကာ အပြင်ကိုငေးရင်း ဘေးကဖြတ်သွားတဲ့ကားတွေကို ရေရင်း ငြိမ်ငြိမ်လေးပဲ နေနေလိုက်ပါတယ်။ တစ်စီး… နှစ်စီး… သုံးစီး…
ကွမ်းယင်က ခေါင်းခါပြရင်း “အကုန်လုံးက ကောင်းကြပါတယ်။ အဘိုးနဲ့အဘွားကလည်း နောက်တစ်ခါ အိမ်လာလည်ဖို့ ပြောလိုက်တယ်။”
ဝေ့ရှောက်မင်- “နောက်ကျရင် မကြာမကြာ သွားပေးလိုက်ပေါ့။ သူတို့က သမီးကို ဘယ်တုန်းကမှ မမေ့ကြပါဘူး။”
ဝေ့အိမ်ကလူကြီးနှစ်ယောက်က အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ အကုန်သိတဲ့အတွက် သူတို့သမီးမှာ သွေးသားအရင်းမရှိတာကိုလည်းသိပြီး စိတ်ပူနေကြတာ။
ဒါပေမဲ့ ပြောပြီးမှပဲ ဒီနေရာမှာ ဒီလိုစကားမပြောသင့်မှန်း သတိထားမိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ဝေ့အဘိုးနဲ့အဘွားက ဒီနှစ်တွေမှာ ကွမ်းရှီးနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ရဲ့သားနဲ့ ကွမ်းယင်ကိုလည်း စိတ်ထဲမှာရှိတယ်ဆိုရင်…
ရှေ့မှာထိုင်နေတဲ့ ကွမ်းရှင်းဟောင်ကလည်း ကွမ်းရှီးရှေ့မှာ ဒီလိုစကားပြောဖို့ မသင့်တော်ဘူးလို့ တွေးမိတာကြောင့် ဝေ့ရှောက်မင်ကို လှည့်ကြည့်ပြီး သတိပေးလိုက်ပါတယ်။
ဝေ့ရှောက်မင်ဟာ ဒီရက်ပိုင်းအတွင်း ကွမ်းရှီးနဲ့ သိပ်စကားမပြောဖြစ်ဘူးဆိုတာ သတိရသွားကာ ချောင်းဟန့်လိုက်ပြီး “ရှီးရှီး၊ သမီး အခုတလော ကုမ္ပဏီမှာ အဆင်ပြေရဲ့လား။”
ကားအစီး ၆၀ လောက်ထိ ရေပြီးသွားတဲ့ ကွမ်းရှီးက ရုတ်တရက်ဆိုတော့ အံ့ဩသွားပြီးနောက် ချက်ချင်းပဲ မျက်လုံးလေးတွေ အရောင်တောက်လာပါတော့တယ်။
ဝေ့ရှောက်မင်ကိုကြည့်လာတဲ့ မျက်ဝန်းတွေမှာလည်း ပျော်ရွှင်မှုအတိုင်းသားနဲ့ပေါ့။
“သမီးလား။ ကောင်းပါတယ်။ နန်ရှန်းအပန်းဖြေစခန်းပရောဂျက်ကလည်း သူ့ဟာနဲ့သူ အဆင်ပြေနေပါတယ်။”
ဝေ့ရှောက်မင်က ခေါင်းညိတ်ကာ “အင်း။ အဲ့ဒါဆို သမီး အိမ်မှာများများနေ။ အပြင်ချည်းပဲ လျှောက်သွားမနေနဲ့။”
“အွန်း။”
“သမီးတို့ညီအစ်မနှစ်ယောက် အသက်သိပ်မကွာတော့ ပြောစရာစကား မရှားလောက်ပါဘူး။ သမီးတို့အချင်းချင်း ရင်းနှီးအောင်နေသင့်တယ်။”
ကွမ်းရှီးက ကွမ်းယင်နဲ့ အကြည့်ချင်းဆုံလိုက်ပြီး ပြုံးပြကာ “ဟုတ်။”
ဝေ့ရှောက်မင်- “ယင်ယင်း၊ သမီးက ခရီးသွားလုပ်ငန်းနဲ့ သိပ်မရင်းနှီးတော့ ရှီးရှီးနဲ့အတူ ကုမ္ပဏီကိုလိုက်ပြီး လေ့လာလေ။”
ကွမ်းယင်က လန့်သွားပုံပေါ်ကာ “ဒါပေမဲ့ သမီးက ရိုးရိုးခရီးသွားဂိုက်တစ်ယောက်ဆိုတော့ ကုမ္ပဏီကိစ္စတွေကျတော့ နားမလည်ဘူး။”
“မကြောက်ပါနဲ့။ ဘာမှမခက်ဘူး။ သူတို့ဘယ်လိုလုပ်လဲကြည့်ပြီး သူတို့သင်ပေးတာ လိုက်နားထောင်ရင်ရပြီ။”
“ဟုတ်ကဲ့…”
“ကုမ္ပဏီမှာ ဌာနတွေအများကြီးရှိတော့ ရှုပ်လိမ့်မယ်။ သမီးဘက်က ကြိုးကြိုးစားစား လေ့လာမှတော့ဖြစ်မှာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဖြည်းဖြည်းပေါ့။”
“အွန်း။”
…
ဝေ့ရှောက်မင်ရဲ့အာရုံက ကွမ်းယင်ဆီ ပြန်ရောက်သွားတဲ့အခါ ကွမ်းရှီးလည်း အပြင်ကိုကြည့်ပြီး ကားတွေကိုပဲ ပြန်ရေနေလိုက်ပါတော့တယ်။
တစ်စီး…နှစ်စီး…သုံးစီး…
ဟား၊ ပျင်းစရာကောင်းလိုက်တာ။
*****
ကွမ်းယင်ရဲ့အခန်းက ကွမ်းရှီးနဲ့မျက်နှာချင်းဆိုင်မှာပါ။ အိမ်ပြန်ရောက်တဲ့အခါ နှစ်ယောက်လုံး အပေါ်တက်သွားလိုက်ကြတယ်။
ကွမ်းရှီးက သူ(မ)အခန်းထဲဝင်ဖို့ တံခါးဖွင့်တော့မဲ့အချိန်မှာပဲ နောက်ကနေ ကွမ်းယင်က လှမ်းခေါ်လာခဲ့ပါတယ်။ “ကွမ်းရှီး”
ကွမ်းရှီး အံ့ဩသွားပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်က အချင်းချင်း လေလိုပဲသဘောထားပြီး ရင်းမှမရင်းနှီးတာကိုး။
“ငါ့ကို ဘယ်လိုမြင်လဲ။” ကွမ်းယင်က ရုတ်တရက်မေးလာခဲ့တယ်။
ကွမ်းရှီးက မျက်ခုံးတစ်ချက်ပင့်လိုက်ကာ “ဘာလို့မေးတာလဲ။”
ကွမ်းယင်က ပြုံးပြလိုက်ပြီး “နင်က ငါ့ညီမလေးလေ။ နင်ငါ့ကို သဘောမကျမှာ စိုးရိမ်လို့ပါ။”
ကွမ်းရှီးက ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့သူဆိုတော့ ဒီလိုအပျော့တိုက်ကွက်တွေဆို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပါဘူး။ အခုလို ကွမ်းယင်က ညင်ညင်သာသာလေး မေးလာတဲ့အခါ ဘယ်လိုပြန်ဖြေရမလဲ မသိတော့သလိုပေါ့။
ခဏလောက် တောင့်တောင့်ကြီးရပ်နေပြီးတော့မှ ကွမ်းရှီး ပြန်ဖြေနိုင်ပါတော့တယ်။ “ဘာစိုးရိမ်စရာရှိလို့လဲ။”
ကွမ်းယင်- “ငါကတော့ နင့်ကို သဘောကျတယ်။ အင်း… နင်က လှတယ်လေ။”
၁၆၈ စင်တီမီတာရှိတဲ့အပြင် ဒေါက်ဖိနပ်ပါ စီးထားတဲ့ ကွမ်းရှီးနဲ့ယှဉ်ရင် ၁၆၃စင်တီပဲရှိတဲ့ ကွမ်းယင်က သေးသေးလေးဖြစ်နေတော့တာပေါ့။
ကွမ်းရှီးက ကွမ်းယင်ကို ငုံ့ကြည့်နေရင်း ဒီအချိန်မှာ ဘာမှပြန်မပြောရင် သူများကိုအနိုင်ကျင့်တဲ့ပုံ ပေါက်နေမှာစိုးပေမဲ့ ဘာပြောရမယ်မှန်းလဲ မသိတာကြောင့် “…ဪ။” လို့ပဲ ပြောလိုက်နိုင်ပါတယ်။
ကွမ်းယင်- “နောက်ကျ ငါတို့ ရင်းရင်းနှီးနှီးနေကြတာပေါ့။ ငါ မသိတာတွေအများကြီးရှိတော့ နင့်ကိုပဲ လာမေးရမှာ။ အဲ့ဒီကျရင် ရှုပ်လိုက်တာလို့ မတွေးရဘူးနော်။”
နေရခက်လာတာကြောင့် ကွမ်းရှီးက ကိုယ့်လက်မောင်းကိုယ် ပွတ်ရင်း “မာမားက ပြောမပြရသေးဘူးထင်တယ်။ ငါက အပျင်းကြီးတော့ ငါ့ကိုမေးလည်း ဘာမှကောင်းတာ ထွက်လာမှာမဟုတ်ဘူး။”
“အဲ့ဒါဆိုလည်း ငါတို့ အတူတူလေ့လာကြတာပေါ့။ ပြောစရာမရှိတော့ဘူးဆိုတော့ အခန်းထဲဝင်တော့မယ်နော်။”
ကွမ်းရှီး-“အင်း။”
အခန်းထဲဝင်ပြီးနောက် ကွမ်းရှီး တံခါးကို လော့ခ်ချလိုက်ကာ အဝတ်လဲခန်းထဲကို အရင်သွားလိုက်တယ်။
သူ(မ)ရဲ့ အဝတ်လဲခန်းအကြီးကြီးထဲမှာ လက်ဝတ်ရတနာတွေ အပြည့်ပါပဲ။ ဒါပေါ့၊ တစ်ဝက်ကျော်ကျော်လောက်က ကျန်းဆွေကျိုးဆီက လာတာလေ။
ကွမ်းရှီးဟာ လက်ကိုင်အိတ်ကို ပစ်ချလိုက်ကာ ဆိုဖာပေါ်ထိုင်ပြီး ဖိနပ်ကြိုးဖြေနေရင်း လန်နင်ယီးဆီ ဖုန်းဆက်လိုက်တယ်။
ဖုန်းက မြန်မြန်ဆန်ဆန်ပဲ ဝင်သွားခဲ့ပြီး လန်နင်ယီးရဲ့ ထူးထူးဆန်းဆန်းအသံကြီး ထွက်လာပါတော့တယ်။ “ဘာဖြစ်လို့လဲ၊ ရှီးရှီး။”
ကွမ်းရှီး- “ဘယ်ရောက်နေတာလဲ။”
လန်နင်ယီး- “အလှပြင်ဆိုင်မှာ။ maskကပ်နေတာ။ လာဦးမလား။”
ကွမ်းရှီး- “တော်ပြီ။ ငါနင့်ကို အရေးတကြီးပြောစရာရှိတယ်။ ကွမ်းယင် ဒီနေ့ ငါ့ကို စကားလာပြောတယ်ဟဲ့၊ သိလား။”
လန်နင်ယီး- “ဟုတ်လား။ ဘာတဲ့လဲ။”
“ငါ သူ့ကို ဘယ်လိုမြင်လဲတဲ့။ သူကတော့ ငါ့ကို သဘောကျပါတယ်တဲ့။ အံ့ဩစရာတော့ ကောင်းတယ်ဟဲ့၊ သိလား။ သူက ငါ့ကို လေသံလေးနဲ့ ညင်ညင်သာသာလေးပြောတာကို ငါက အသံအကျယ်ကြီးနဲ့ ပြန်ဖြေတော့ ငါကပဲ လူကြမ်းမကြီးကျနေတာပဲ။”
လန်နင်ယီး- “ဟိုတစ်ယောက်က ပျော့ပျော့လေးဆိုတော့ နင့်နည်းလမ်းတွေ ထုတ်သုံးလို့မရဘူးဖြစ်နေတာမလား။”
ကွမ်းရှီး- “ဟုတ်ပါတယ်ဆို။ ငါ့မှာ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး။ အခု သူ့တည်ရှိမှုက ငါ့ကို တော်တော်လေးခြိမ်းခြောက်နိုင်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သူကလည်း သနားစရာတော့ကောင်းသား။ ငယ်ငယ်လေးနဲ့ မိဘနဲ့ကွဲ-“
“ဟဲ့၊ နင်က အခု သူများကို သွားသနားနေတာလား။ ဟိုက ဇာမဏီအစစ်ဟဲ့။”
“…”
“အဟမ်း။ ဒါပေါ့။ နင်ကလည်း ဇာမဏီပါပဲ။ နင်ကမှ အတောက်ပဆုံး ဇာမဏီ-“
“ပါးစပ်ပိတ်ထားလိုက်တော့။ ရုပ်ရှင်ကြည့်တာလျှော့။”
“အို့… ဒါဆို ငါ အတည်ပြောပြမယ်။ သူ နင့်ကို သဘောကျတယ်လို့ပြောတာက နင်က သူ့ညီမအရင်းလို့ ထင်လို့နေမှာပေါ့။ နင့်အဖေကလည်း နင့်အတွက်ကြည့်ပြီး နင်က မွေးစားသမီးပါဆိုတာ သူ့ကို ပြောမပြဘူးမလား။ တကယ်လို့ တစ်နေ့မှာ နင်က ညီမအရင်းမဟုတ်ဘူးဆိုတာသာ သူသိသွားရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ။”
ကွမ်းရှီး ပြောစရာစကား ပျောက်ရှသွားခဲ့တယ်။
ကွမ်းယင် ဘယ်လိုတုံ့ပြန်လိမ့်မလဲ။ အခုလိုမျိုး သူ့ကို သဘောကျပါတယ်ဆိုပြီး လေသံလေးနဲ့ ပြောပါဦးမလား။
“နင် ကိုယ့်ဘာသာကိုယ်သာ တွေးကြည့်တော့။” လန်နင်ယီးက ခဏစဉ်းစားနေပြီးမှ ဆက်ပြောလာခဲ့တယ်။ “ရှီးရှီး၊ ဝတ္ထုအသွားအလာအရဆိုရင် သူက လူတိုင်းရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်မှာပဲ။ မိဘတို့၊ ညီအစ်ကိုမောင်နှမတို့၊ အဓိကအမျိုးသားဇာတ်ကောင်တို့… အကုန်လုံးက သူ့ကို သဘောကျကြမှာပဲ။ ပြီးတော့-“
“ဘာရယ်။ အဓိကအမျိုးသားဇာတ်ကောင် ဟုတ်လား။ ဘယ်ချောင်ကထွက်လာတဲ့ အဓိကအမျိုးသားဇာတ်ကောင်လဲ။”
“နင်တို့ ဇာတ်လမ်းမှာဆို အဓိကအမျိုးသားဇာတ်ကောင်က …ကျန်းဆွေကျိုး မဟုတ်ဘူးလား။”
“……”
“ယောက်ျားတွေဆိုတာ အားနည်းပြီး သနားစရာကောင်းတဲ့မိန်းကလေးတွေကို ပိုကြိုက်ကြတာလေ။ အဓိကအမျိုးသားဇာတ်ကောင်ကလည်း တဖြည်းဖြည်းနဲ့ အဓိကအမျိုးသမီးဇာတ်ကောင်ရဲ့ ခိုကိုးစရာမရှိ အကာအကွယ်မဲ့တဲ့ပုံစံလေးကို သနားသွားပြီး ချစ်သွားမှာလေ။ ဘဝင်မြင့်တဲ့ ဗီလိန်မကတော့ နောက်ဆုံးမှာ စွန့်ပစ်ခံရ-”
“လန်နင်ယီးရေ။”
လန်နင်ယီးက အသိစိတ်ပြန်ကပ်လာကာ “ဟမ်။ စတာ။ စတာ။ ငါပြောတာက ဟိုးပဝေသဏီက ဝတ္ထုတွေကိုပြောတာ။ နင့်ကိုပြောတာမဟုတ်ဘူးရယ်။”
“သွားလိုက်တော့ နင်။ ဒါပဲ။”
*****
နောက်နှစ်ပတ်မှာ ကွမ်းရှီး အိမ်ကိုပဲ ပြန်ပြန်လာလေ့ရှိပြီး ကုမ္ပဏီသွားရင်လည်း ကွမ်းယင်က သူ(မ)နဲ့အတူလိုက်လေ့ရှိပါတယ်။
အဲ့ဒီတော့ အသက်တစ်နှစ်တောင် မပြည့်သေးခင် ပျောက်သွားတဲ့ ကွမ်းရှင်းဟောင်ရဲ့ သမီးအကြီးက အသက်ရှင်လျက် ပြန်ရောက်လာပြီဆိုတဲ့သတင်းတွေ တဖြည်းဖြည်းနဲ့ ပျံ့လာတော့တာပေါ့။
ကွမ်းရှီး သူငယ်ချင်းတွေကလည်း အားအားရှိ ဒီအကြောင်းပဲ ပြောနေကြပြီး သူ(မ)ဆီကိုတောင် မက်ဆေ့တွေပို့ပြီး မေးကြပါသေးတယ်။တစ်ချိန်လုံး အဲ့ဒါတွေပဲ လာမေးနေကြတော့ ကွမ်းရှီး စိတ်ရှုပ်လာကာ ပြန်မဖြေတော့တဲ့အပြင် ပါတီပွဲတွေတောင် မတက်ဖြစ်တော့တဲ့အထိပါပဲ။
အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်တဲ့ ကွမ်းရှီးက သမီးအလိမ္မာလေး ဖြစ်နေလေရဲ့။
အလုပ်ပိတ်ရက်မှာတော့ သူ(မ)ဟာ မြို့ပြင်က မိကျောင်းစခန်းကို အလည်သွားခဲ့တယ်။
ကွမ်းရှီးအကြိုက်တွေက ငယ်ငယ်လေးကတည်းက သူများနဲ့မတူခဲ့ပါဘူး။ သူများတွေက ခွေးလေးတွေ၊ ကြောင်လေးတွေမွေးတဲ့အချိန်မှာ သူ(မ)ကတော့ ထူးထူးဆန်းဆန်း ဒေါင်းတွေ၊ ဆီဘားရီးယန်းကျားတွေ… မိကျောင်းတွေ မွေးနေလေရဲ့။
ကွမ်းရှီးမွေးထားတဲ့ မိကျောင်းသုံးကောင်က ရှားပါးမျိုးစိတ်တွေဖြစ်ပြီး ဒါဟာ သူ(မ) လေးကြိမ်မြောက် သွားကြည့်ခြင်းပါ။
အခုအချိန်မှာ သူ(မ)က လုံခြုံတဲ့အကွာအဝေးရှိတဲ့ ပလက်ဖောင်းကနေ အောက်မှာ သူ့ရဲ့ဝဝတုတ်တုတ် အိမ်မွေးတိရစ္ဆာန်ကြီး တွားသွားနေတာကို ကြည့်နေခဲ့တယ်။
“ကျန်းကျန်း အစားကောင်းကောင်းစားရဲ့လား။”
သူ(မ)နဲ့ အတူလိုက်လာတဲ့ ဝန်ထမ်းက ခေါင်းညိတ်ပြကာ “အရင်တစ်ခေါက်က ရောဂါက ပျောက်သွားပါပြီ။ သူ့ကို စိတ်ချလို့ရပြီ။”
“ကျန်တဲ့နှစ်ကောင်ကရော။”
“ရှောင်ဆွေနဲ့ ကျိုးကျိုးက ကျန်းကျန်းမာမာပါပဲ။ အထူးသဖြင့် ကျိုးကျိုး၊ အဲ့ဒီကောင်က အရမ်းစားနိုင်တာပဲ။”
ကွမ်းရှီးက ပြုံးသွားကာ “စားနိုင်တာ ကောင်းတာပေါ့။ နောက် ပြဿနာတစ်ခုခုရှိရင် ကျွန်မလက်ထောက်ကို ချက်ချင်း ဆက်သွယ်ပေးပါ။”
“ဟုတ်ကဲ့။”
ဝန်ထမ်းက မိကျောင်းအကြောင်း ဆက်ပြောပြတာကို ကွမ်းရှီးက သေသေချာချာ ဂရုတစိုက်နဲ့ နားထောင်နေတာများ မသိရင် အောက်ကကောင်က သူ့သားလေးကျနေတာပဲ။
တစ်ဝက်လောက်မှ ဖုန်းမြည်လာတာကြောင့် ကွမ်းရှီးက ခဏရပ်ဖို့ လက်ပြလိုက်ကာ ဖုန်းကိုင်လိုက်ပြီး “ပြောပါ။”
“မစ္စကွမ်း၊ Chanel က အင်္ကျီတွေ ရောက်လာပြီဆိုတော့ အခုအိမ်မှာရှိလားခင်ဗျ။ အခုလာပို့လို့ အဆင်ပြေလားမသိဘူး။” ကျန်းဆွေကျိုးလက်ထောက် ကျိုးဟောက်က မေးလာခဲ့တယ်။
အဲ့ဒီတော့မှ ကွမ်းရှီးက ကျန်းဆွေကျိုး အရင်တစ်ခါက ပြောထားတာကို သတိရသွားကာ “အာ၊ ရတယ်၊ ပို့လိုက်။ ငါအခုပြန်လာပြီ။”
“ဟုတ်ကဲ့။”
ကွမ်းရှီး ဖုန်းချပြီးနောက်မှာတော့ စိတ်အခြေအနေ ပိုကောင်းလာကာ “ဒီနေ့တော့ ဒီလောက်ပဲ။ ကျွန်မ အရင်ပြန်တော့မယ်။ နောက်မှ ထပ်လာခဲ့ပါမယ်။”
ဝန်ထမ်းက ရွှေသူဌေးမကြီးနောက်ကို မြန်မြန်လိုက်သွားကာ “ဟုတ်ကဲ့။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်။”
*****
ကွမ်းရှင်းဟောင်နဲ့ ဝေ့ရှောက်မင်ကလည်း ဒီနေ့ကိစ္စရှိလို့ အတူတူအပြင်သွားနေကြတာဆိုတော့ အိမ်မှာ အဒေါ်ကြီးတွေကလွဲရင် ကွမ်းယင်တစ်ယောက်ပဲ ရှိပါတယ်။
ကွမ်းယင်က အခုတလော နန်ရှန်းပရောဂျက်ကို လေ့လာနေတာဖြစ်ကာ အခုဟာက သူ(မ)အတွက် ဒီလိုကိစ္စတွေနဲ့ ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းလည်းဖြစ်ပါတယ်။
ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်မှာ စာရွက်တွေ ပြန့်ကျဲနေပြီး သူ(မ) ဒါတွေကိုကြည့်နေတာ တစ်နေ့လုံးနီးပါးရှိနေပါပြီ။
“အပေါ်ထပ်ကို ပို့ပေးရမှာ။ ဟုတ်တယ်။ မမလေးအဝတ်လဲခန်းထဲကို။”
အန်တီကျန်းအသံကြားလို့ မော့ကြည့်လိုက်တဲ့အခါ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အမျိုးသမီးနှစ်ယောက်က အိတ်တွေသယ်ကာ အပေါ်ထပ်တက်သွားတာကို တွေ့လိုက်ရပါတယ်။
“ပုံမှန်ဆို ကျိုးဟောက်လာနေကျပါ။ ဒီနေ့မှ ဘယ်လိုလုပ် သခင်လေးကိုယ်တိုင် ရောက်လာတာလဲ။”
“ကွမ်းရှီးကိုပါ ဝင်ခေါ်ရင်းနဲ့ဆိုတော့ လမ်းကြုံနေလို့ပါ။” ယောက်ျားတစ်ယောက်အသံ ထွက်လာခဲ့တယ်။
“ခုနကမှ မမလေး ဖုန်းဆက်တယ်။ ဆယ်မိနစ်လောက်နေရင် သူ ပြန်ရောက်ပါမယ်တဲ့။”
“ဘယ်သွားတာလဲ။”
“သူ့သားကို သွားကြည့်မလို့လို့ ပြောသွားတာပဲ။ သိပ်မကြာခင်ကမှ မွေးထားတဲ့ မိကျောင်းတွေလေ။ မမလေးကတော့ အဲ့ဒါ သူ့သားအရင်းတွေလိုပါပဲတဲ့။”
အဲ့ဒီအမျိုးသားက ဆွံ့အသွားရကာ “ဟုတ်ကဲ့။ ကျွန်တော်စောင့်လိုက်ပါမယ်။”
“အဲ့ဒါဆို အထဲဝင်ပြီး ထိုင်ပါဦး။”
အသံတွေ တဖြည်းဖြည်းနီးလာကာ နောက်ဆုံးတော့ ကျန်းဆွေကျိုးဝင်လာတာကို တွေ့လိုက်ရပါတယ်။ သူက ဒီနေ့ ဝတ်စုံပြည့်ဝတ်မထားတာကြောင့် အရမ်းကြီးကြီးကြီးကျယ်ကျယ်ပုံစံ ပေါက်မနေခဲ့ပါဘူး။
ဒီနေ့ ကျန်းဆွေကျိုးဟာ အဖြူရောင်လည်ဝိုင်းအင်္ကျီ၊ အနက်ရောင်ဘောင်းဘီနဲ့ trench coat အရှည်တို့ကို ဝတ်ထားတာကြောင့် ရိုးရှင်းပေမဲ့ ကြည့်ကောင်းနေခဲ့ပါတယ်။
ကွမ်းယင်က မတ်တတ်ရပ်လိုက်ကာ “မစ္စတာကျန်း။”
“မစ္စကွမ်း။” ကျန်းဆွေကျိုးက ခေါင်းတစ်ချက်ညိတ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။
အိမ်မှာဘယ်သူမှမရှိတာကြောင့် အိမ်ရှင်တာဝန်က သူ(မ)အပေါ်ကျရောက်လာတဲ့အတွက် ကွမ်းယင်က အန်တီကျန်းကို ရေနွေးကြမ်းပြင်ခိုင်းလိုက်ကာ ကျန်းဆွေကျိုးကို နှုတ်ဆက်ပြီး ထိုင်ဖို့ပြောလိုက်ပါတယ်။
ရေနွေးပြင်ပေးပြီးတဲ့အခါ အန်တီကျန်းက မုန့်ပြင်ပေးဖို့ မီးဖိုချောင်ထဲဝင်သွားတာကြောင့် ဧည့်ခန်းအကျယ်ကြီးထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။
သူတို့နှစ်ယောက်ကြားက အကွာအဝေး နည်းနည်းနီးသွားတဲ့အခါမှာတော့ ကွမ်းယင်ဟာ ခုနတုန်းက သူ(မ)အတွေးက မှားနေကြာင်း သိလိုက်ရပါတယ်။ ကျန်းဆွေကျိုးဟာ ဘယ်လိုပဲဝတ်ဝတ် သူ့အကြည့်တွေကနေ တစ်ဖက်လူကို ဖိအားတွေ ပေးနိုင်နေတုန်းပါပဲ။
ဘာပြောရမှန်းမသိတာကြောင့် ကွမ်းယင်က နေရခက်နေပေမဲ့ သူ(မ)ရှေ့က လူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရေနွေးကြမ်းသောက်နေလေရဲ့။
ကျန်းဆွေကျိုး ရေနွေးခွက်ကို ချလိုက်တဲ့အခါ ကွမ်းယင် သူ့ကိုချောင်းကြည့်လိုက်မိတယ်။ အဲ့ဒီအခါ ကျန်းဆွေကျိုးက စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကြည့်နေမှန်း တွေ့လိုက်ရပါတယ်။ ကွမ်းယင် လန့်သွားကာ ရှက်ရှက်နဲ့ပဲ ပြန့်ကျဲနေတဲ့စာရွက်တွေကို လိုက်သိမ်းရပါတော့တယ်။
“နန်ရှန်းအပန်းဖြေစခန်းပရောဂျက်လား။”
ကျန်းဆွေကျိုးက ရုတ်တရက်မေးလာတဲ့အခါ ကွမ်းယင် နှလုံးခုန်တွေမြန်သွားပြီး ခေါင်းညိတ်ပြရင်း “ဟုတ်တယ်။ အခုတလော ကျွန်မ လေ့လာနေ-”
“အဲ့ဒါ ကွမ်းရှီး တာဝန်ယူထားတဲ့ ပရောဂျက်။”
ကွမ်းယင်က မော့ကြည့်လာတဲ့အခါ အံ့ဩနေပုံပေါ်တဲ့ ကျန်းဆွေကျိုးဟာ “အဲ့ဒါ ကျွန်တော်တို့နှစ်ယောက် စခဲ့တဲ့ပရောဂျက်။”
ကွမ်းယင်- “အဲ့ဒီလိုကိုး… ကျွန်မမိဘတွေက ကျွန်မကို လေ့လာဖို့ ပြောထားလို့ အခုတော့ ကျွန်မနဲ့ကွမ်းရှီး အတူလုပ်နေတာ။”
ကျန်းဆွေကျိုးက ခေါင်းညိတ်ပြပြီး ဘာမှထပ်ပြောမလာတော့တဲ့အခါ ကွမ်းယင်က စာရွက်တွေစုပြီး စာကြည့်ခန်းထဲ သွားသိမ်းလိုက်တယ်။ ပြန်ထွက်လာတဲ့အခါမှာတော့ မျက်နှာကြက်ကနေ ကြမ်းပြင်အထိရှိတဲ့ မှန်ပြတင်းပေါက်နောက်မှာ အငွေ့တထောင်းထောင်း ရေနွေးခွက်ကိုကိုင်ပြီးရပ်နေတဲ့ ကျန်းဆွေကျိုးကို တွေ့လိုက်ရလေရဲ့။
သူ(မ) အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ကို တစ်ခုခုပြောဖို့ သွားမလို့ပြင်နေတုန်းမှာပဲ အပေါက်ဝကနေ ဝင်လာတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။
ဒေါက် ဒေါက်-
ဒေါက်ဖိနပ်သံနဲ့အတူ အဲ့ဒီပုံရိပ်ဟာ ကျန်းဆွေကျိုးဆီ ဦးတည်သွားကာ “ကျန်းဆွေကျိုး။”
ကျန်းဆွေကျိုးက လှည့်ကြည့်လာကာ “မင်းရဲ့သားကို ကြည့်လို့ဝခဲ့ပြီလား။”
“သားလို့ ဘယ်သူပြောတာလဲ။”
“မဟုတ်ဘူးလား။”
ကွမ်းရှီးက သူ့ကို အဓိပ္ပာယ်ပါပါနဲ့ ကြည့်လိုက်ကာ “ဟုတ်တယ်။ သား။”
ပြောပြီးတဲ့အခါ ကျန်းဆွေကျိုးလက်ထဲကခွက်ကိုယူပြီး ရေသောက်လိုက်ကာ “နင်က ဘယ်လိုလုပ်ရောက်လာတာလဲ။ ကျိုးဟောက်ရော။”
ကျန်းဆွေကျိုးက လက်ကို သူ(မ)ခါးပေါ်တင်ပြီး ဖက်လိုက်ကာ ခေါင်းကိုစောင်းပြီး “ဘာလို့လဲ။ ကိုယ်လာတာ ပိုမကောင်းဘူးလား။”
ခုနက တည်တံ့နေတဲ့ပုံနဲ့ ခြားနားစွာပဲ အခု သူစကားပြောတဲ့အခါ ယောင်ယောင်လေးပြုံးနေခဲ့တယ်။
အဝေးကနေကြည့်နေတဲ့ ကွမ်းယင်က ခြေတစ်လှမ်းပြန်ဆုတ်လိုက်ကာ စာကြည့်ခန်းတံခါးကို ပိတ်ပစ်လိုက်ပါတယ်။
အပြင်ဘက်ကနေ သူတို့နှစ်ယောက်ရဲ့အသံတွေကို ကြားနေရဆဲဖြစ်ကာ ကွမ်းယင်ဟာ တံခါးကိုမှီပြီး ငြိမ်ငြိမ်လေးနေနေလိုက်တယ်။
၅မိနစ် ၆မိနစ်လောက်အကြာမှာတော့ ဖုန်းတုန်ခါသံ ထွက်ပေါ်လာခဲ့ပါတယ်။
ကွမ်းယင် ငုံ့ကြည့်လိုက်ပေမဲ့ ဖုန်းကို မကိုင်လိုက်ပါဘူး။
ဒါပေမဲ့ ဖုန်းက ဆက်တိုက်မြည်နေတာကြောင့် သူလည်း ခဏလောက်တွန့်ဆုတ်နေပြီးမှ ကိုင်လိုက်ရပါတော့တယ်။
တစ်ဖက်ကလူဟာ သူဖုန်းကိုင်လိုက်တဲ့အခါ အရမ်းဝမ်းသာသွားပုံပေါ်ကာ “ယင်ယင်း၊ ယင်ယင်း။ သမီး ဘာလို့ဖုန်းမကိုင်တာလဲ။ အိမ်အသစ်မှာ အဆင်ပြေရဲ့လား။ သူတို့ကရော သမီးကို ကောင်းကောင်းဆက်ဆံရဲ့လား။ သမီး-“
“နောက်ကျ ဖုန်းထပ်မဆက်ဖို့ ပြောထားတယ်မလား။” ကွမ်းယင်က အသံကိုနှိမ့်ပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ မာမား သမီးကို သတိရ-“
“ရှင်က ကျွန်မအမေမဟုတ်ဘူး။”
[A/N:
ကျန်း- ကိုယ်က အဲ့ဒီဝတ္ထုတွေထဲက ဇာတ်ကောင်မဟုတ်ဘူး။
ကွမ်းရှီး- အင်း။ ရှင်က ကျွန်မသားလေး။ လာ ပါပါးလို့ခေါ်ပါဦး။]
(T/N: ကွမ်းရှီးက သူ့မိကျောင်းတွေကို ကျန်းဆွေကျိုးနာမည်တွေ ခိုးပေးထားတာမလို့ ကျန်းဆွေကျိုးကို သူ့သားလေးဆိုပြီး ပြောနေတာပါ။)
******
StoryGlory Swara Webnovel Translations