Chapter 13
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၁၃
ဝတ်စုံပြည့်ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်ဟာ အိတ်တွေအကုန်လုံးကို ကွမ်းရှီးရဲ့ အဝတ်လဲခန်းထဲ သယ်သွားပြီးနောက် သေသေချာချာ မီးပူတိုက်ကာ အဝတ်ဗီရိုတွေထဲမှာ ချိတ်ပေးလိုက်ပါတယ်။
သူတို့ လက်စသတ်နေတဲ့အချိန်မှာပဲ ကျန်းဆွေကျိုးနဲ့ ကွမ်းရှီးတို့ အပေါ်တက်လာကြကာ ကွမ်းရှီးကတော့ အဝတ်တစ်ထည်ကို ယူပြီးကြည့်နေလေရဲ့။
“သခင်လေး၊ အကုန်လုပ်ပြီးပါပြီ။”
“အင်း။”
“အဲ့ဒါဆို ကျွန်မတို့ သွားလိုက်ပါဦးမယ်။”
“အင်း။”
ကျန်းဆွေကျိုး ခေါင်းညိတ်ပြလိုက်တာနဲ့ အဲ့ဒီနှစ်ယောက်ဟာ ကွမ်းရှီးကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားကြပါတော့တယ်။
ကျန်းဆွေကျိုးဟာ ဆိုဖာပေါ်မှာထိုင်ရင်း အဝတ်တွေတစ်တန်းလိုက်ကြီးရှေ့မှာရပ်ပြီး အင်္ကျီရွေးနေတဲ့ကွမ်းရှီးကို ကြည့်ကာ “မင်းအိမ်ကလူတွေက ကွမ်းယင်ကို နန်ရှန်းပရောဂျက်မှာ ဝင်ပါခိုင်းထားတာလား။”
ကွမ်းရှီးက သူဝတ်ထားတဲ့ကုတ်ကိုချွတ်ကာ စိတ်တိုင်းကျရွေးထားတဲ့တစ်ထည်ကို ဝတ်ကြည့်ရင်း “ဘယ်လိုလုပ်သိတာလဲ။”
“သူ ဧည့်ခန်းထဲမှာ အဲ့ဒါနဲ့ဆိုင်တဲ့ အချက်အလက်တွေ ကြည့်နေတာတွေ့တာ။”
“အိုး၊ မာမားက သူ့ကို လေ့လာစေချင်နေတာ။”
“သူ ပထမဆုံးစမ်းလုပ်တဲ့ပရောဂျက်မှာကိုပဲ ဒီဟာကိုယူသွားတာ၊ မင်းက လက်ခံနိုင်တယ်ပေါ့။”
ကွမ်းရှီး တုံ့သွားပြီး သူ့ကိုလှမ်းကြည့်လိုက်ကာ “ဘာအဓိပ္ပာယ်လဲ။”
“ဒီပရောဂျက်က ကိုယ်စခဲ့တဲ့ပရောဂျက်။ မင်းအဖေလည်း ပါချင်တယ်လို့ မင်းကပြောလို့ ကိုယ်က ခွင့်ပေးလိုက်တာ။ မင်းအဖေလည်း ဒါကိုသိလို့ ဒီပရောဂျက်ကို မင်းနာမည်အောက်မှာပဲ ထားပေးထားပြီး မင်းကိုပဲ အကုန်ဆုံးဖြတ်ခိုင်းတာ။”
ကျန်းဆွေကျိုးက ဆိုဖာလက်ရန်းပေါ်ကို လက်တစ်ဖက်တင်ကာ လက်ညှိုးနဲ့ခေါက်နေရင်း တစ်ခုခုကိုနားမလည်တဲ့ပုံစံနဲ့ “ဒါဆိုရင် သူဝင်ပါခွင့်ရှိမရှိဆိုတာ မင်းလက်ထဲမှာပဲ ရှိတာမဟုတ်ဘူးလား။”
ကျန်းဆွေကျိုးက တိကျပြတ်သားစွာ ဝေဖန်ပိုင်းခြားပြသွားခဲ့တယ်။ ကွမ်းရှီးကြောင့်သာ သူ(မ)တို့ကုမ္ပဏီက ဒီပရောဂျက်ကိုရခဲ့တာဖြစ်တဲ့အတွက် အရာအားလုံးကို ကွမ်းရှီးက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကွမ်းယင်ဝင်ပါတာကို သူ(မ) မတားခဲ့ဘူး။
သူပြောတာ နားထောင်ပြီးတဲ့နောက် ကွမ်းရှီး ချက်ချင်းပြန်မပြောနိုင်သေးဘဲ မှန်ထဲက ကိုယ့်ကိုယ်ကိုယ် ငူငူငိုင်ငိုင်ကြီးကြည့်နေရင်း “ဪ အဲ့ဒါကိုပြောတာလား။ သူက ဘာမှနားမလည်သေးဘူးလေ။ ဒီအတိုင်းလေ့လာတဲ့သဘောပဲ။ နောက်ပြီး သူတို့က ဆန္ဒရှိနေတာကို ငါက မရပါဘူးလို့ပြောလို့ မသင့်တော်ဘူးလေ။ မဟုတ်ရင် ပါပါးမာမားတို့က ငါ့ကို သဘောထားသေးသိမ်တယ်လို့ ထင်သွားမှာပေါ့။ တချို့ကိစ္စတွေက လိုက်လျောပေးရမှာပဲ။”
“အမြဲတမ်း မင်းသဘောကျမကျပဲ ကြည့်ခဲ့တာပါ။ သင့်တော်လား မသင့်တော်ဘူးလားဆိုတာ ဘယ်တုန်းကစဉ်းစားဖူးလို့လဲ။”
ကျန်းဆွေကျိုးရဲ့ ရင်တွင်းဖြစ်မှတ်ချက်ကြီးကို ကြားလိုက်ရတဲ့အခါ ကွမ်းရှီး မျက်ဖြူလန်ပြချင်စိတ်ပေါက်ကာ စင်ပေါ်က အိတ်သေးသေးလေးတစ်လုံးနဲ့ သူ့ကို လှမ်းပေါက်လိုက်ပြီး “သွား သွား သွား။”
ကျန်းဆွေကျိုးက အိတ်ကိုဖမ်းလိုက်ပြီး “ကွမ်းရှီး၊ မင်းရဲ့အဲ့ဒီအစ်မ ရောက်လာပြီးနောက်ပိုင်း မင်း အရင်ကလောက် မဆိုးတော့ဘူးနော်။”
“…….”
“ဒါပေမဲ့ မင်းစိတ်တိုင်းကျရင် ပြီးတာပါပဲ။ မင်းကိုယ်တိုင် သဘောတူတဲ့ကိစ္စဆိုရင် ကိုယ် ဘာမှဝင်ပြောမှာမဟုတ်ဘူး။”
ကျန်းဆွေကျိုးက ‘မင်းတို့ ညီအစ်မချင်း ရင်းနှီးချင်တယ်ဆိုလည်း သဘောပါ’ ဆိုတဲ့ မျက်နှာထားနဲ့ ပြောလာခဲ့တယ်။
ကွမ်းအိမ်က သူတို့ညီအစ်မနှစ်ယောက်နဲ့ယှဉ်ရင် ကျန်းအိမ်လို မိသားစုအကြီးကြီးက ညီအစ်ကိုတွေကြား ပြိုင်ဆိုင်မှုက စစ်မြေပြင်လိုပါပဲ။ အဲ့ဒါကြောင့် ကျန်းဆွေကျိုးအတွက် အပြင်လူတွေထက်စာရင် သူသတိကြီးကြီးထားရတဲ့သူတွေက သူ့ဆွေမျိုးတွေပဲလို့ ပြောလို့ရပါတယ်။
ကွမ်းရှီးအနေနဲ့ သူဘာပြောချင်လဲဆိုတာကို ရိပ်မိတဲ့အပြင် နားလည်းနားလည်တာကြောင့် စိတ်တောင်လှုပ်ရှားသွားပါသေးတယ်။
မျက်ခုံးတစ်ဖက်ပင့်ပြရင်း ပြုံးလိုက်ကာ “ဘာလဲ။ နင်က ငါ့အတွက် စိတ်ပူလို့လား။”
ကျန်းဆွေကျိုး မတ်တတ်ထရပ်လိုက်ပြီး သူ(မ)နောက်ကနေ ကိုယ်လုံးပေါ်မှန်ကို ကြည့်လိုက်တယ်။
မှန်ထဲကအမျိုးသမီးလေးဟာ ခြေတံရှည်ရှည်လေးတွေနဲ့ အချိုးအစားကျတဲ့ခါးလေးရှိကာ ဝတ်ထားတဲ့ကုတ်အင်္ကျီကလည်း သူ(မ)နဲ့ တော်တော်လေးလိုက်ဖက်နေပြီး သူ(မ)ကို ကြင်နာသနားတတ်တဲ့ပုံပေါ်စေပါတယ်။
“အင်း။ မင်းနေရာပျောက်မှာစိုးလို့။”
ကျန်းဆွေကျိုးက ခေါင်းစောင်းလိုက်ပြီး ကွမ်းရှီးရဲ့နားနောက်လေးကို နမ်းလိုက်တယ်။ ရေမွှေးနံ့လား၊ သူ(မ)ရဲ့ကိုယ်သင်းနံ့လား မခွဲခြားတတ်ပေမဲ့ သူနဲ့ရင်းနှီးနေတဲ့ အဲ့ဒီရနံ့လေးက သူ့စိတ်ကို သက်သောင့်သက်သာရှိစေနိုင်ပါတယ်။
ကွမ်းရှီးရန်ခုန်သွားကာ နောက်ကလူကို တံတောင်နဲ့တွက်လိုက်ပြီး “လျှောက်ပြောမနေနဲ့။”
“လျှောက်ပြောနေတာမဟုတ်ဘူး။ မင်းကို သတိပေးနေတာ။”
“ဟွန့်။”
ကျန်းဆွေကျိုး နှုတ်ခမ်းစွန်းလေးတွေ တွန့်သွားကာ လက်ကရှေ့ကိုရောက်သွားပြီး ကွမ်းရှီးမေးစေ့ကိုကိုင်ကာ သူ့ဘက်လှည့်စေပြီး သူ(မ)နှုတ်ခမ်းကို နမ်းလိုက်ပါတယ်။
ကျန်းဆွေကျိုးက အလုပ်တွေရှုပ်နေပြီး နားချိန်မရှိသလို ကွမ်းရှီးကလည်း အပြင်ထွက်ရမှာ ပျင်းတာရော၊ ကောလာဟလတွေကြောင့် မထွက်ချင်တာရောပေါင်းသွားပြီး သူတို့နှစ်ယောက် မတွေ့ရတာ နှစ်ပတ်လောက်တောင်ရှိပြီ ထင်ပါရဲ့။
မတွေ့ရတာကြာပြီဖြစ်တာကြောင့် သည်းခံနိုင်စွမ်းလည်း သိပ်မရှိတော့ပါဘူး။
ကျန်းဆွေကျိုးက ဖြည်းဖြည်းလေး နမ်းနေတယ်လို့ထင်ရပေမဲ့ တကယ်တော့ သူလည်း စိတ်သိပ်မထိန်းနိုင်တော့ပါဘူး။
“အွန်း—”
နှစ်ယောက်သားဟာ ပူးကပ်နေကြပြီး ကျန်းဆွေကျိုးက ကွမ်းရှီးကို မှန်တင်ခုံပေါ် ထိုင်စေလိုက်ပါတယ်။ ကွမ်းရှီးမှန်တင်ခုံပေါ်က skincare productတွေနဲ့ ပြည့်နေတာကြောင့် ကျန်းဆွေကျိုး သူ(မ)ကို ချီပြီးတင်ပေးလိုက်တာနဲ့ ပုလင်းကွဲသံတွေ ထွက်လာပါတော့တယ်။
“လျှောက်လုပ်မနေနဲ့တော့။” ကွမ်းရှီးက နောက်ဆုတ်လိုက်ကာ ကျန်းဆွေကျိုးနှုတ်ခမ်းကို လက်နဲ့ကာလိုက်တယ်။
ဒါပေမဲ့ ကျန်းဆွေကျိုးနဲ့ အကြည့်ချင်းဆုံသွားပြီး မာန်အပြည့်နဲ့ တက်ကြွနေတဲ့ သူ့ရဲ့မျက်ဝန်းတွေက သူ(မ)ကို စိုက်ကြည့်နေကာ ဒီနေရာမှာပဲ အကောင်လိုက်မျိုချတော့မဲ့အတိုင်းပါပဲ။
သူတို့နှစ်ယောက်က ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲပွင့်ပွင့်လင်းလင်းရှိခဲ့ကြတာ။ သူတို့ လိုချင်ရင် လိုချင်နေကြောင်းကို ဟန်ဆောင်ခြင်းမရှိဘဲ ဖော်ပြတတ်တာ မထူးဆန်းပေမဲ့ ဒီနေရာမှာတော့ မဟုတ်သေးဘူး။
ကျန်းဆွေကျိုးလည်း ဒါကိုနားလည်တာကြောင့် မျက်လွှာချလိုက်ပြီး စိတ်ကိုထိန်းလိုက်ကာ “ခဏနေရင် ညစာအတူတူထွက်စားရအောင်။”
“ဘာစားမှာလဲ။”
“ဘာစားချင်လဲ။”
ကွမ်းရှီးက ခြေထောက်ကိုကြွကာ ကျန်းဆွေကျိုးကို စလိုက်ပြီး “နင့်ကိုစားချင်တာ။”
ကျန်းဆွေကျိုး အံကြိတ်လိုက်ကာ “ကိုယ့်ကို ထပ်စရဲစကြည့်။”
ကွမ်းရှီး ဆက်မစတော့ဘဲ “အဲ့ဒါဆို အောက်ပေးဆင်းတော့လေ။”
ကျန်းဆွေကျိုး သူ(မ)ကိုတစ်ချက်ကြည့်ပြီး နောက်တစ်လှမ်းဆုတ်ပေးလိုက်ပါတယ်။
ကွမ်းရှီးဟာ မှန်တင်ခုံပေါ်ကနေ ခုန်ဆင်းလိုက်ကာ ကုတ်အင်္ကျီကိုချွတ်ပြီး နောက်တစ်ထည်စမ်းဝတ်ကြည့်ရင်း “နင်ယီးပြောတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ စားကောင်းတယ်တဲ့။ အဲ့ဒီသွားမယ်လေ။”
“အင်း။”
နေရာရွေးပြီးသွားတဲ့အခါ ကွမ်းရှီးက အင်္ကျီဆက်ရွေးနေပြီး “ဒီနှစ်ထည်က ရှိုးပွဲမှာတုန်းကလောက် ကြည့်မကောင်းသလိုပဲ။ ဒီတစ်ထည်ကတော့ သိပ်မဆိုးဘူး…”
<တင် တင်>
ကွမ်းရှီးဖုန်းက မက်ဆေ့ဝင်လာတာကြောင့် ယူကြည့်လိုက်တဲ့အခါ မိကျောင်းစခန်းကပို့လိုက်တဲ့ သူ(မ)သားတွေရဲ့အနီးကပ်ပုံတွေဖြစ်နေပါတယ်။ သူ(မ) ခုနတုန်းက ရပ်ကြည့်တဲ့နေရာက ဝေးနေတာကြောင့် ဓာတ်ပုံတွေက သိပ်မကြည်ဘူးဖြစ်နေတာ။ ဒါကြောင့် ဝန်ထမ်းတွေကို ဓာတ်ပုံထပ်ရိုက်ပြီး ပို့ပေးဖို့ပြောထားခဲ့တာလေ။
ကျန်းဆွေကျိုးဟာ ဖုန်းကို ပြုံးပြုံးကြီးကြည့်နေတဲ့သူ(မ)ကို မေးလာခဲ့ပါတယ်။
“ဘာတွေကြည့်နေတာလဲ။”
“ငါ့ရဲ့ချစ်စရာကလေးလေးတွေလေ။” ကွမ်းရှီးက အရမ်းကိုဂုဏ်ယူနေတဲ့မျက်နှာနဲ့ “ဩဇာအပြည့်နဲ့ အရမ်းကို ခံ့ညားနေတာ၊ ကြည့်ပါဦး။”
ကျန်းဆွေကျိုးက သူ(မ)ဖုန်းကို ယူလိုက်ကာ ပုံတွေကြည့်ရင်းနဲ့ ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်ပါတယ်။ “မဆိုးပါဘူး။”
ကြည့်ပြီးတဲ့နောက် ပုံကိုနှိပ်လိုက်တဲ့အခါ ပုံက ကျုံ့သွားပြီး စကားပြောတဲ့နေရာကို ပြန်ရောက်ပါတယ်။
ဖုန်းကိုပြန်ပေးမလို့ပြင်တုန်းမှာပဲ ဖုန်းကတုန်သွားပြီး မက်ဆေ့ထပ်ဝင်လာခဲ့တယ်။
(မစ္စကွမ်း၊ ကျန်းကျန်းနဲ့ ရှောင်ဆွေရဲ့ပုံတွေ ပို့လိုက်တယ်ဗျ။ ကျိုးကျိုးကတော့ ရေထဲရောက်နေတော့ အခုရိုက်လို့မရသေးလို့ နောက်မှပို့လိုက်ပါ့မယ်ခင်ဗျ။)
ကျန်းကျန်း၊ ရှောင်ဆွေ၊ ရေထဲရောက်နေတဲ့ကျိုးကျိုးဆိုပါ့ပဲ။
နောက် ‘သား’ဆိုတဲ့စကားလုံးကို ပြန်စဉ်းစားမိသွားကာ ကျန်းဆွေကျိုး နှုတ်ခမ်းစွန်းတွေ တွန့်ချိုးသွားပါတော့တယ်။
“ကွမ်းရှီး။”
“ဟမ်။”
“မင်းရဲ့သားနာမည်က ဘယ်လိုခေါ်တယ်။”
“ကျန်း-” ကွမ်းရှီး ချက်ချင်းရပ်လိုက်ကာ ကျန်းဆွေကျိုးလက်ထဲကဖုန်းကိုယူပြီး မက်ဆေ့တွေဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ အခြေအနေကို နားလည်သွားပါတော့တယ်။
အမှားလုပ်မိထားတဲ့ကလေးလို မျက်နှာလေးနဲ့ မျက်တောင်ကို ပေကလတ်ပေကလတ်ခတ်ရင်း ပြုံးပြကာ “နင်ကလည်း သူများဖုန်းကို လျှောက်မကြည့်ရဘူးလေ။ လူ့ကျင့်ဝတ်နဲ့ မကိုက်ညီဘူးလေနော်။”
“သတ္တိတွေအရမ်းကောင်းနေတာ၊ ဟုတ်လား။”
“အို၊ ဒါကလည်း နင့်ကို ဘယ်လောက်ချစ်လဲ ပြတဲ့နည်းပဲလေ။” ကွမ်းရှီးက မျက်နှာတစ်ချက်မှမပျက်ဘဲ ဗြောင်လိမ်ပစ်လိုက်ပါတယ်။ “နင့်ကိုချစ်လို့ ငါ့နားက အရာတွေအားလုံးကို နင်နဲ့သက်ဆိုင်စေချင်လို့၊ သဘောပေါက်ပြီလား။”
ကျန်းဆွေကျိုးဟာ ကွမ်းရှီး လျှောက်ပြောနေတာတွေကို လျစ်လျူရှုကာ လှောင်ပြုံးတစ်ချက်ပြုံးပြီး အပြင်ကိုထွက်လာလိုက်ပါတော့တယ်။
ကွမ်းရှီးလည်း အိတ်ကိုမြန်မြန်ယူကာ သူ့နောက်ပြေးလိုက်ရပါတော့တယ်။
“အေ… ဘာဖြစ်သွားတာလဲ အဲ့ဒါ။ စိတ်မဆိုးနဲ့လေ။ ဟဲ့၊ အဲ့ဒီလောက်အမြန်ကြီးမသွားနဲ့လေ။ …ဘယ်သွားမလို့လဲ။”
လှေကားပေါ်က ဒေါက်ဖိနပ်သံတွေက အနည်းငယ်မြန်နေတာကို ကျန်းဆွေကျိုး သတိထားမိလိုက်တယ်။ ကွမ်းရှီးက ဒေါက်ဖိနပ်နဲ့ အသားကျပြီးသားဆိုတာ သိပေမဲ့လည်း မတော်လို့ ချော်လဲရင် သူ့ကြောင့်ဆိုပြီးပြောမှာကြောက်တာကြောင့် ကျန်းဆွေကျိုး ရပ်ပေးခဲ့လိုက်ပါတယ်။
“အပြင်သွားမယ်။ အခုသွားစားရအောင်။”
“အစောကြီးပဲရှိသေးတာလေ။”
“စောစောစားပြီး စောစောအိမ်ပြန်မယ်။”
ကျန်းဆွေကျိုးက အေးတိအေးစက်ပုံပေါက်ပေမဲ့ သူ့အကြည့်တွေက သိသာနေတာကြောင့် ကွမ်းရှီးလည်း ပြုံးကာ ကျန်းဆွေကျိုးလက်မောင်းကို ချိတ်လိုက်ပြီး “အိုကေလေ။ နင့်အိမ်ကို စောစောသွားကြတာပေါ့။ အင်း… နောက်ဆို ငါ့ကလေးတွေကို ကျန်းကျန်းကျိုးကျိုးလို့ ခေါ်လို့ရသေးတယ်မလား။”
“……”
“ဘာမှမပြောရင် သဘောတူတယ်လို့ပဲ မှတ်လိုက်ပြီနော်။”
ကျန်းဆွေကျိုး ကွမ်းရှီးကို တစ်ချက်ကြည့်ကာ “ကိုယ့်အပေါ်ကို အသာစီးမှ မရ,ရရင် နေမထိထိုင်မသာဖြစ်နေရောလား၊ ဟုတ်လား။”
“အမှန်ပဲ။”
“အဲ့ဒီလိုစိတ်ဓာတ် ဆက်မွေးနိုင်ပါစေ။”
“ဘာခက်တာမှတ်လို့။”
*****
အောက်ထပ်မှာ ကွမ်းယင်ကို မတွေ့တာကြောင့် အန်တီကျန်းကိုပဲပြောခဲ့ပြီး ကွမ်းရှီး အပြင်ထွက်သွားလိုက်ပါတယ်။
စားပြီးတဲ့နောက် သူတို့ ကျားလင်ကျင်းယွမ်ကိုပဲ ပြန်သွားခဲ့တယ်။
စားတုန်းက ဝိုင်နှစ်ခွက်လောက် သောက်ထားတာကြောင့် အခြေအနေက အနေတော်ပဲဖြစ်နေလေရဲ့။
ကျန်းဆွေကျိုးက ကားသော့ကိုချကာ ကုတ်ကို ဆိုဖာပေါ်တင်လိုက်ပြီး “ညကျရင် မင်းကို အိမ်ပြန်ပို့ဖို့လိုလား။”
ကွမ်းရှီးဟာ သူ့နောက်ကနေ လျှောက်သွားလိုက်ပြီး ကျန်းဆွေကျိုးပခုံးပေါ် လက်တင်လိုက်ကာ “အဲ့ဒီအချိန်ကျရင် နင်က အိမ်ပြန်ပို့ပေးဖို့ အားရှိဦးမှာတဲ့လား။”
ကုတ်ကိုချွတ်လိုက်တဲ့အခါ အင်္ကျီပါးပါးလေးပဲဝတ်ထားတဲ့ ကျန်းဆွေကျိုးခန္ဓာကိုယ်ကို မြင်ရတာကြောင့် ကွမ်းရှီးက သူ့ကိုကြည့်ရင်း တစ်ဖက်ကစကာ တစ်ဖက်ကလည်း ဒီကျန်းခွေးလေးရဲ့ ဘော်ဒီက တကယ်ကိုမဆိုးဘူးပဲလို့ တွေးမိလိုက်ပါတယ်။
ကျန်းဆွေကျိုးက သူ(မ)အပြုအမူကြောင့် စိတ်ကြွသွားကာ စိတ်မရှည်လည်းဖြစ်သွားပြီး “စမ်းကြည့်လေ။”
“အိုကေ။”
သူ့ရှေ့ကအမျိုးသမီးလေးက အနည်းငယ်မူးနေပြီဖြစ်ပေမဲ့ သူ(မ)အကြည့်တွေက ညှို့ဓာတ်အပြည့်နဲ့ပါပဲ။ ကျန်းဆွေကျိုးမျက်ဝန်းတွေ မည်းနက်သွားကာ ချက်ချင်းပဲ သူ(မ)လေးကိုချီပြီး အိပ်ခန်းဆီ ဦးတည်လိုက်ပါတော့တယ်။
တစ်အိမ်လုံးမှာ သူတို့နှစ်ယောက်တည်းရှိတာကြောင့် အခန်းတံခါးလည်း ဂရုတစိုက်ပိတ်နေစရာမလိုဘဲ သူ့လက်ထဲက အမျိုးသမီးလေးကို အိပ်ရာပေါ်ချပြီး သူ(မ)လည်ပင်းနောက်ကနေ သူ့လက်ကိုလျှိုဝင်လိုက်ကာ ပြင်းရှရှအနမ်းတွေ ပေးလိုက်ပါတော့တယ်။
ကွမ်းရှီး ခေါင်းကိုကြွလိုက်ကာ လက်က ကျန်းဆွေကျိုးအင်္ကျီကို သူ့ဘောင်းဘီထဲကနေ ထုတ်ဖို့ကြိုးစားလိုက်တယ်။
သူ(မ)ရဲ့လက်အေးအေးလေးတွေက သူ့အသားကို လာထိတဲ့အခါ ကျန်းဆွေကျိုး ရပ်လိုက်ပြီး သူ(မ)လက်ကို လှမ်းကိုင်လိုက်ပါတယ်။
“အရမ်းအေးနေတာလား။”
အက်ရှရှအသံနဲ့ မေးလာခဲ့ပြီး သူရှူထုတ်လိုက်တဲ့လေပူတွေဟာ သူ(မ)မျက်နှာပေါ်ကို ရိုက်ခတ်လာခဲ့လေရဲ့။
သူအတင်းနမ်းတာ ခံထားရတဲ့ကွမ်းရှီးဟာ ခေါင်းမော့ကြည့်လာကာ တိုးတိုးလေးပြောလိုက်ပါတယ်။ “အေးတယ်… နွေးအောင်လုပ်ပေး။”
ကျန်းဆွေကျိုး အဲယားကွန်းဖွင့်ဖို့လုပ်နေတုန်း ထတောင်မထရသေးတဲ့အချိန်မှာပဲ အောက်ကလူသားလေးရဲ့ လက်တွေက အငြိမ်မနေတော့ပါဘူး။
“….” ကျန်းဆွေကျိုးဟာ သူ့လည်ပင်းကို အညှစ်ခံရသလို အသံတစ်ချက်ပြုလိုက်မိတယ်။
သူ(မ) နွေးအောင်လုပ်တဲ့နည်းလမ်းက တကယ်ကိုရဲတင်းပြီး ပြိုင်ဘက်ကင်းပဲ။
ကျန်းဆွေကျိုး အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးတွေလည်း နီလာခဲ့တယ်။ ဒီအချိန်မှာ သူ(မ) အေးတာမအေးတာ ဂရုမစိုက်နိုင်တော့ဘဲ ကြားထဲမှာခံနေတဲ့ အဝတ်တွေအကုန် ဖယ်ပစ်လိုက်ကာ လိုရင်းကိစ္စဆီရောက်အောင် တန်းသွားလိုက်ပါတော့တယ်။
ညလယ်ခေါင်ရောက်တဲ့အထိ မအိပ်ရသေးတဲ့ ကွမ်းရှီးခမျာ အမျိုးမျိုးအသနားခံခဲ့သလို၊ တခြားစကားတွေလည်း အများကြီးပြောခဲ့ရပါသေးတယ်။ နောက် သူ့ကို သားလို့မခေါ်တော့ပါဘူးတို့၊ သူ့အပေါ် အသာစီးယူဖို့ မကြိုးစားတော့ပါဘူးတို့ စသဖြင့်၊ စသဖြင့်ပေါ့။
နောက်ဆုံးမှာတော့ သူ(မ) ဘယ်လောက်ပဲငိုငို ဘာပဲလုပ်လုပ် ကျန်းဆွေကျိုးက လွှတ်မပေးခဲ့ပါဘူး။
*****
နောက်တစ်နေ့မှာတော့ ရာသီဥတုက မိုးရွာနေတဲ့အပြင် တစ်ခါတလေ လျှပ်စီးလည်းလက်တတ်ပါသေးတယ်။
ကွမ်းရှီးဟာ ထမင်းစားခန်းထဲမှာ နေ့လယ်စာစားနေရင်း ကျုံးလင်ဖန်းနဲ့ မက်ဆေ့ပို့နေခဲ့တယ်။ ကျုံးလင်ဖန်းက ကျင်းခိုင်ချန်နဲ့ လက်ထပ်ပြီးကတည်းက ဇနီးအလိမ္မာလေးလုပ်ကာ အိမ်မှာပဲနေ၊ မုန့်တွေလုပ်ပြီး moments မှာ တင်တာလောက်ပဲ ရှိပါတော့တယ်။
(T/N: moments – fbက storyလိုမျိုးကိုမှ သူက wechat ကဟာပါ)
ဒါပေမဲ့လည်း အခု ဘားဖွင့်ဖို့ပြင်နေပုံထောက်ရင် အိမ်မှာပဲ မနေနိုင်တော့လို့ အပြင်ထွက်လာတော့မယ်ထင်ပါရဲ့။
“နောက်အပတ်ကျရင် လင်ဖန်းရဲ့ ဘားဖွင့်ပွဲရှိတယ်။ သိလား။”
ကျန်းဆွေကျိုးက ခေါင်းညိတ်ပြလာကာ “ကျင်းခိုင်ချန်ပြောတယ်။”
“သွားမှာလား။”
“မသိဘူး။ အချိန်မရှိလောက်ဘူး။”
“အို့။”
စားပြီးတဲ့အခါ ကျန်းဆွေကျိုးက တူကိုချကာ “ကိုယ်သွားရတော့မှာ။ မင်းကရော။”
“ကုမ္ပဏီကို ဝင်ကြည့်မလို့။ ကိုယ့်ဘာသာကိုယ် ကားမောင်းသွားမှာ။ လိုက်ပို့စရာမလိုဘူး။”
ကွမ်းရှီး ဖုန်းကိုကိုင်ကာ ထရပ်လိုက်တဲ့အချိန်မှာပဲ ခြေထောက်က ပျော့ခွေသွားပြီး ဒူးထောက်မိတော့မလိုအထိ ဖြစ်သွားပါတော့တယ်။
စားပွဲကို အချိန်မီလှမ်းဆွဲလိုက်နိုင်လို့ တော်သေးတာပေါ့။
ကျန်းဆွေကျိုး- “…”
ကွမ်းရှီး- “…”
ကျန်းဆွေကျိုးလက်က လေထဲမှာတင် ရပ်သွားကာ “ရရဲ့လား။”
သူ(မ)ရဲ့အားမရှိတဲ့ခြေထောက်တွေကြောင့် ရှက်သွားတဲ့ ကွမ်းရှီးက မျက်နှာလေးနီရဲသွားကာ “ရမနေဘူး။ ရနေတဲ့ပုံပေါက်နေလို့လား။”
ကွမ်းရှီးဟာ ဧည့်ခန်းထဲကို စိတ်နာနာနဲ့သွားရင်း လမ်းမှာလည်း ပွစိပွစိနဲ့ပြောသွားပါသေးတယ်။ “တစ်သက်လုံးက အိပ်ရာပေါ် မတက်ဖူးတဲ့သူကျနေတာပဲ။ အဲ့ဒီလောက်ငတ်ပြတ်နေရသလား။”
ကျန်းဆွေကျိုး- “……”
*****
StoryGlory Swara Webnovel Translations