Chapter 14
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၁၄
ဒီတစ်ခါ ကွမ်းယင်ရော ကွမ်းရှီးရော ဇွဲရှိရှိနဲ့ ကြိုးစားနေကြတယ်။
ကွမ်းယင်က ဂရုတစိုက်လေ့လာသလို ကွမ်းရှီးကလည်း သေချာသင်ပေးပါတယ်။
အိမ်မှာပဲဖြစ်ဖြစ် ကုမ္ပဏီမှာပဲဖြစ်ဖြစ် ကွမ်းရှီးဟာ ကွမ်းယင်ကို ဒီပရောဂျက်က ဘာလို့ ဒီနေရာမှာလုပ်ရသလဲဆိုတာတို့၊ ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာတို့၊ နောက် ဒီပရောဂျက်အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတို့ စသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလေ့ရှိပါတယ်။
သာမန်အချိန်တွေမှာသာ တစ်ယောက်ယောက်က သူ(မ)ကို ဒီလိုအခြေခံမေးခွန်းတွေ လာမေးနေလို့ကတော့ အဲ့ဒီဦးနှောက်မရှိတဲ့လူကို အော်လွှတ်ရင်လွှတ်၊ မဟုတ်ရင် တစ်ခါတည်း အလုပ်ဖြုတ်ပစ်မိမှာပဲ။
ဒါပေမဲ့ အခုလာမေးနေတဲ့လူက ကွမ်းယင်လေ။ သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာရှိပြီး ‘ငါကတော့ နင့်ကို သဘောကျတယ်’လို့ ပြောထားတဲ့ အစ်မဖြစ်နေတယ်မလား။
လန်နင်ယီးပြောသလိုပဲ၊ ကွမ်းယင်က အရမ်းကိုကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဌေးနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ မိန်းကလေးတွေအကြောင်းဝတ္ထုတွေထဲက အဓိကဇာတ်ကောင်တွေလိုဖြစ်ပြီး သူ(မ)ကတော့ အဲ့ဒီဝတ္ထုထဲက အမြဲအကျင့်ယုတ်နေနဲ့ ဗီလိန်နေရာရောက်နေတာကိုး။
အဲ့ဒီတော့ သူ(မ)ဘက်က စိတ်မရှည်တဲ့အမူအရာသေးသေးလေး ပြမိရင်တောင် အဲ့ဒါအနိုင်ကျင့်တာဆိုပြီး ခေါင်းစဉ်တပ်ခံရမှာလေ။
ဒီနေ့မှာတော့ ကွမ်းရှီးတို့တစ်ဖွဲ့လုံးက Utour Travel ကိုသွားပြီး နန်ရှန်းပရောဂျက်အကြောင်း ဆွေးနွေးရမှာပါ။
Utour Travel Co., Ltd. က ကျန်းမိသားစုပိုင် ကွမ်းယိလုပ်ငန်းစုလက်အောက်ကဖြစ်ပြီး ကျန်းဆွေကျိုး တာဝန်ယူထားတဲ့ကုမ္ပဏီပါ။ နန်ရှန်းပရောဂျက်ကလည်း ကျန်းဆွေကျိုးနဲ့ ကွမ်းမိသားစုပိုင်ကုမ္ပဏီတို့ ဆက်စပ်လုပ်ကိုင်တဲ့ ပရောဂျက်တစ်ခုပါပဲ။
အစည်းအဝေးနေရာက အရင်ရက်တွေကတည်းက သတ်မှတ်ထားတာဖြစ်ပြီး ဒီနေ့မှာ Utourမှာဆုံဖို့ ဆုံးဖြတ်ထားကြတာပါ။
ကွမ်းရှီးရောက်တော့ စောသေးတာကြောင့် သူ့ဘာသာသူ အစည်းအဝေးခန်းထဲမှာထိုင်ပြီး ပြောရမဲ့အကြောင်းအရာတွေကို ဖတ်နေလိုက်တယ်။
Utourဘက်က ပရောဂျက်တာဝန်ရှိသူတွေလည်း ရောက်နေကြပြီဖြစ်ပြီး သူတို့ရှေ့မှာထိုင်နေတဲ့ ဒီကွမ်းမမလေးက သူတို့သူဌေးရဲ့ကောင်မလေးမှန်းလည်း သိကြပါတယ်။
ကြားရတဲ့သတင်းတွေအရဆိုရင်တော့ ဒီကွမ်းမမလေးက စိတ်အရမ်းကြီးပါတယ်တဲ့။
ဒါပေမဲ့လည်း ဒါက ကောလာဟလသာဖြစ်ပြီး ဒါဟာ သူ(မ)ကို အပြင်မှာ ပထမဦးဆုံးတွေ့ဖူးခြင်းပါ။ အရင်က ဓာတ်ပုံတွေထဲမှာပဲ တွေ့ဖူးတာလေ။
ဘယ်လိုလုပ်ဓာတ်ပုံထဲမှာ မြင်ဖူးလဲဆိုတာကတော့ သူ(မ)ကလည်း Utour.comက နာမည်ကြီး blogger တစ်ယောက်ကိုး။ သူ(မ)တင်တဲ့ အကြောင်းအရာတွေအကုန်လုံးက လူကြိုက်များတော့ သူတို့ဝန်ထမ်းတွေအကုန် သူ(မ)ကို သိတာပေါ့။
“မစ္စကွမ်း ဟိုတလောကတင်လိုက်တဲ့ ပြင်သစ်ခရီးသွားလမ်းညွှန်က ဝက်ဆိုဒ်မှာ ဗိုလ်စွဲသွားသေးတယ်။ မစ္စကွမ်းက တကယ်တော်တာပဲဗျ။” မီးခိုရောင်ရှပ်နဲ့ လူတစ်ယောက်က စကားစလိုက်တယ်။
သူဌေးရဲ့သူဌေးလို့ပြောလို့ရတဲ့ ကွမ်းရှီးကို တွေ့ဖို့ဆိုတာ လွယ်တာမှတ်လို့။ တွေ့တုန်းကို ဖားထားရမှာပေါ့။
ကွမ်းရှီးက ကော်ဖီတစ်ငုံသောက်ပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။ တော်တော်ခါးတာပဲ… သူ(မ) အကြိုက်မဟုတ်ဘူး။
သူ(မ) မျက်မှောင်ကြုတ်တာကို တွေ့တဲ့အခါမှာတော့ ဟိုလူက နည်းနည်းလန့်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပါတော့တယ်။
သူ့ဘေးက လုပ်ဖော်ကိုင်ဖက်က သူ့ကိုဆွဲကာ “စီအီးအိုကွမ်း၊ ကျွန်တော်က နန်ရှန်းပရောဂျက်ရဲ့ ဖျော်ဖြေရေးပိုင်းမှာ တာဝန်ယူထားတဲ့ လင်ဟောင်ပါ။ အရင်နှစ်ရက်ကပို့ထားတဲ့ ပလန်မှာ ထပ်ဖြည့်စရာများ ရှိသေးလားခင်ဗျ။”
မီးခိုရောင်အင်္ကျီနဲ့လူက ချွေးတွေပါပြန်လာကာ ခုနက ကွမ်းရှီးကို စီအီးအိုကွမ်းလို့မခေါ်ဘဲ မစ္စကွမ်းလို့ ခေါ်မိသွားတာကို သတိရလိုက်ပါတယ်။
ဒီလိုနေရာမှာ အဲ့ဒီလိုခေါ်မိတော့ သူ(မ)ကို မလေးစားသလိုများ ဖြစ်သွားတာလား။
ဒါပေမဲ့ ကော်ဖီကိုမကျေမနပ်ဖြစ်နေတဲ့ကွမ်းရှီးက သူ(မ) မျက်မှောင်ကြုတ်လိုက်လို့ သူများက အထင်လွဲသွားတာကို မသိပါဘူး။ ခဏနေမှ အသိစိတ်ပြန်ကပ်လာကာ သူတို့ကို မော့ကြည့်လာပြီး “အာ၊ အဲ့ဒါရှင်လား။ မဆိုးပါဘူး။ အသေးစိတ်အချက်အလက်တွေကို အစည်းအဝေးစမှ သေချာဆွေးနွေးလိုက်ရင် ရပါပြီ။”
“ဟုတ်ကဲ့။”
“ဒါနဲ့ ခုန ဘာပြောလိုက်တာလဲမသိဘူး။ ဘာလမ်းညွှန်ဆိုလား။”
မီးခိုရောင်ရှပ်နဲ့လူက အံ့ဩသွားကာ နောက်မှ ကွမ်းရှီးက သူ့ကိုပြောနေမှန်း သတိထားမိသွားပြီး “ဟို… အရင်တစ်ခါ ပြင်သစ်ခရီးသွားလမ်းညွှန်က တော်တော်လေး လူကြိုက်များသွားပြီး ရေးထားတာလည်း အရမ်းကောင်းပါတယ်လို့ ပြောတာပါ။”
“ဪ၊ အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။” ကွမ်းရှီးက ပြုံးလိုက်ကာ “ကျေးဇူးပါရှင်။”
ကွမ်းရှီးအပြုံးကို မြင်လိုက်ရတဲ့တစ်ယောက်က ပန်းတွေပွင့်သွားသလို ခံစားလိုက်ရကာ ကွမ်းမမလေးက စိတ်ကြီးတယ်ဆိုတာ အမှန်မဟုတ်ဘူးပဲ၊ သူ(မ) စကားပြောတာ ညင်ညင်သာသာရှိပါတယ်လို့ တွေးမိလိုက်ပါတယ်။
အဲ့ဒီလိုတွေးနေတုန်းမှာပဲ ကွမ်းရှီးရဲ့ ဒေါသတကြီးအော်သံကို ကြားလိုက်ရပါတော့တယ်။
“ကျန်းဆွေကျိုး၊ နင့်ကုမ္ပဏီက ဘယ်လိုအမှိုက်ကော်ဖီတွေ ထားထားတာလဲ။ သောက်ရဆိုးလိုက်တာ။ ဝန်ထမ်းတွေကို အနိုင်ကျင့်တာပဲ ဒါက။”
မီးခိုးရောင်ရှပ်နဲ့လူဟာ အံ့ဩလွန်းလို့ မျက်လုံးတွေပြူးသွားပြီး “ညင်သာတဲ့ကွမ်းမမလေး”ဆိုတဲ့ စကားလုံးလေးတွေကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတော့တယ်။
“……”
ဖုန်းထဲကလူကို ပြောနေတာဖြစ်ပြီး သူ့ကို ပြောတာမဟုတ်လို့ တော်သေးတယ်ပြောရမယ်။
သူ ကွမ်းရှီးကို ခိုးကြည့်လိုက်မိတယ်။ တစ်ဖက်ကလူက သူတို့သူဌေးမလား… အသစ်အဆန်းပဲ။ သူတို့ရဲ့ ရေခဲတုံးသူဌေးကို အဲ့ဒီလိုပြောရဲတဲ့သူဆိုတာ ဒါပထမဆုံးတွေ့ဖူးတာပဲ။
“ခါးတာမှ တော်တော်လေးကိုခါးတာ။ ကော်ဖီက အခါးသောက်ရတာပဲဟုတ်လား။ အဲ့ဒါတော့ ငါလည်း သိတာပေါ့။ ဒါပေမဲ့ နင့်ဟာကြီးက သောက်မရလောက်အောင်ကိုခါးတာ။” ကွမ်းရှီးက မေးထောက်ရင်း ပျင်းပျင်းရိရိပုံနဲ့ ညွှန်ကြားချက်တွေ စပေးပါတော့တယ်။ “နင်က ရောက်ခါနီးပြီမလား။ နင်တို့ကုမ္ပဏီနားမှာ ကော်ဖီဆိုင်တစ်ဆိုင်ရှိတယ်။ အလာတုန်းက တွေ့ခဲ့တာ။ အွန်း… မိုခါတစ်ခွက်ဝယ်ပေး။ အင်း၊ အအေး… မဟုတ်ဘူး၊ အဲ့ဒါမလိုချင်ဘူးလို့… မရဘူး။ မြန်မြန်သွားဝယ်ပေး… အေ… နင်က တကယ်ကို ပစိပစပ်များတာပဲ—”
ပစိပစပ်များတယ်= ကျန်းဆွေကျိုး
ဝန်ထမ်းတွေကတော့ တိတ်တိတ်လေးနဲ့ စိတ်ထဲမှာ သူတို့သူဌေးရဲ့ ပစိပစပ်များတဲ့ပုံစံကို ပုံဖော်ကြည့်နေမိလေရဲ့။
တစ်ဖက်မှာတော့ ကားနောက်ခန်းမှာထိုင်နေတဲ့ ကျန်းဆွေကျိုးဟာ ဒရိုင်ဘာကို ရပ်ခိုင်းလိုက်ပါတယ်။
နှစ်မိနစ်လောက်မောင်းရင် ကုမ္ပဏီရောက်ပြီကို ရပ်ခိုင်းလိုက်တာကြောင့် ဒရိုင်ဘာဘေးကခုံမှာ ထိုင်နေတဲ့ ကျိုးဟောက်က နောက်လှည့်ကာ “စီအီးအိုကျန်း။”
ကျန်းဆွေကျိုးဟာ ကားနဲ့မနီးမဝေးက ကော်ဖီဆိုင်ကို လှမ်းကြည့်နေရင်း “မိုခါသွားဝယ်။”
“ဗျာ။ ဟုတ်ကဲ့။”
တံခါးဖွင့်ပြီး အပြင်ထွက်တဲ့အချိန်မှာပဲ နောက်ကလူက ပြောလာခဲ့တာက “အပူဝယ်ခဲ့။”
“ဟုတ်ကဲ့။”
ကားကို လမ်းဘေးမှာ ရပ်ထားပြီး ကျန်းဆွေကျိုးကတော့ ဖုန်းကြည့်နေခဲ့တယ်။
ခဏအကြာမှာ အပေါ်မော့ကြည့်လိုက်တဲ့အချိန် ခပ်လှမ်းလှမ်းမှာ ရင်းနှီးသလိုလိုရှိတဲ့ပုံရိပ်ကို မြင်လိုက်ရပါတယ်။
သေချာကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒါ ကွမ်းယင်ဆိုတဲ့တစ်ယောက် ဖြစ်နေပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ ယောကျ်ားတစ်ယောက် ရပ်နေပါတယ်။ သူတို့နှစ်ယောက်မျက်နှာတွေက အချေအတင်ဖြစ်နေပုံပါပဲ။
ကျန်းဆွေကျိုးအနေနဲ့ ဝင်စွက်ဖက်ချင်စိတ်မရှိတာကြောင့် ခဏကြည့်ပြီး ကားပြတင်းပေါက်မှန် ပြန်တင်ဖို့လုပ်တဲ့အချိန်မှာပဲ ကွမ်းယင်က သူ့ဘက်လှည့်ကြည့်တာနဲ့ ဆုံသွားပြီး သူ(မ)က အံ့ဩသွားပုံပါပဲ။ ကျန်းဆွေကျိုးက ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ကားမှန်တင်တော့မဲ့အချိန်မှာပဲ “မစ္စတာကျန်း။”
ပြတင်းပေါက်ပိတ်သွားချိန်မှာ ကွမ်းယင်က သူ့ကားဆီကို ပြေးလာပြီး ဟိုလူကလည်း သူ့နောက်က လိုက်လာတာကိုတွေ့တဲ့အခါ ကျန်းဆွေကျိုး မျက်မှောင်ကြုတ်သွားခဲ့မိတယ်။
ကျန်းဆွေကျိုးကားနား မရောက်ခင်မှာပဲ ကွမ်းယင်က လက်မောင်းကနေ အဆွဲလိုက်ရပြီး သူ(မ)လက်ထဲက ကော်ဖီကလည်း အောက်ကိုဖိတ်ကျသွားပါတော့တယ်။
“လွှတ်။” ကွမ်းယင်က အဲ့ဒီလူကို မျက်စောင်းထိုးကာ “နင်ဘာလိုချင်တာလဲ။”
ဟိုလူရဲ့မျက်လုံးတွေက နီရဲနေကာ “ငါနဲ့လိုက်ခဲ့။”
“မလိုက်ဘူး-”
အဲ့ဒီလူက အရမ်းသန်မာတာကြောင့် သူ(မ) ရုန်းလို့မရသလို တော်တော်လေးလည်း နာပါတယ်။ လူတွေဝိုင်းကြည့်နေတာကြောင့် ကွမ်းယင် ရှက်ပြီး မျက်နှာတွေလည်း နီလာပါတော့တယ်။
“လွှတ်လိုက်။” အဲ့ဒီအချိန်မှာပဲ နောက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။
ကြည်လင်ပြီး အေးစက်စက်အသံကို ကြားလိုက်ရတဲ့အခါ ကွမ်းယင် နောက်လှည့်ကြည့်မိပြီး “မစ္စတာကျန်း၊ ကျွန်မကို ကူပါ။”
ကျန်းဆွေကျိုးဟာ သူ(မ)ကို တစ်ချက်ကြည့်ပြီးနောက် ဟိုလူကို ပြန်ကြည့်လိုက်ပြီး “သူ့ကိုလွှတ်မလား၊ ရဲစခန်းသွားမလား။ ရွေး။”
သူ့အသံက မကျယ်ပေမဲ့ မျက်ဝန်းတွေက သူတစ်ပါးကို ဖိအားအပြည့်ပေးနိုင်ပါတယ်။ အဲ့ဒီအကြည့်တွေက သူ(မ)ကို ဦးတည်တာမဟုတ်တဲ့အခါ ကွမ်းယင် လုံခြုံမှုအပြည့်အဝ ရလိုက်သလိုပါပဲ။
ဟိုလူက ကျန်းဆွေကျိုးကိုကြည့်ကာ “မင်းကဘယ်သူလဲ။”
အဲ့ဒီလူက ပြန်အော်ပေမဲ့ ကျန်းဆွေကျိုးရဲ့အကြည့်တွေနဲ့ အရှိန်အဝါကြောင့် လက်ကအားကို လျှော့လိုက်ပါတယ်။ အဲ့ဒီအခါ ကွမ်းယင်က ရုန်းထွက်ပြီး ချက်ချင်းပဲ ကျန်းဆွေကျိုးနောက်ပုန်းကာ “မစ္စတာကျန်း၊ သူက ကျွန်မ မွေးစားမိဘတွေဘက်ကလာတာ။ ကျွန်မ သူနဲ့ မရင်းနှီးဘူး။ သူ ဘာလုပ်ချင်မှန်းလဲမသိဘူး…”
“ချန်ယင်ယင်း!”
“မင်းကားထဲဝင်နှင့်။”
ကျန်းဆွေကျိုးက ပြောလိုက်တဲ့အခါ ကွမ်းယင်က စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်ပေမဲ့ သူ(မ) ရှိနေရင် ပိုဆိုးမှာသိတာကြောင့် ကားတံခါးဖွင့်ပြီး ကားပေါ်တက်လိုက်ပါတော့တယ်။
အဲ့ဒါကိုတွေ့တဲ့အခါ ဟိုလူက ပိုပြီးဒေါသထွက်လာကာ “မင်းကဘာကောင်လဲ။ ဘာလဲ။ သူ့အကောင်အသစ်လား။”
ကျန်းဆွေကျိုး မျက်မှောင်ကြုတ်လိုက်ကာ “ရူးနေလား။”
“… အဲ့ဒါဆို ဝင်မပါနဲ့။ သူ့ကို ဆင်းလာခိုင်းလိုက်။”
ကျန်းဆွေကျိုး တကယ်ကို ဝင်မပါချင်ပေမဲ့ ကွမ်းရှီးမျက်နှာကြောင့် ဝင်မပါရင်လည်း မသင့်တော်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ်။ “မင်း အတင်းအဓမ္မ လုပ်ချင်လည်း ရတယ်လေ။ ဒါပေမဲ့ ရဲစခန်းမှာ သုံးလေးရက်လောက်တော့ သွားနေလိုက်ပေါ့။”
“……”
ဟိုလူက ဘာမှပြန်မပြောတော့တဲ့အခါ သူ အဲ့ဒီလောက် သတ္တိမရှိမှန်း ကျန်းဆွေကျိုးသိသွားပြီး ဘာမှဆက်မပြောဘဲ ကားဆီပြန်သွားလိုက်ပါတော့တယ်။
အဲ့ဒီလူက ထွက်မသွားသလို ရှေ့လည်းမတိုးရဲပါဘူး။ သူ့ရှေ့ကကားက သာမန်ကားမဟုတ်မှန်း သိတာကိုး။
“ကျေးဇူးတင်ပါတယ်။” ကျန်းဆွေကျိုး ကားပေါ်ပြန်တက်လာတဲ့အခါ ကွမ်းယင်က ပြောလာခဲ့တယ်။
ကျန်းဆွေကျိုးက ခေါင်းညိတ်ကာ ဒီတိုင်းပဲမေးလိုက်ပါတယ်။ “အခုအချိန်ဆို မစ္စကွမ်းက အစည်းအဝေးခန်းထဲ ရောက်နေရမှာ မဟုတ်ဘူးလား။”
ကွမ်းလုပ်ငန်းစုဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေ အကုန်လာရမှာဆိုတော့ ကွမ်းယင်လည်း သေချာပေါက်ပါတာပဲ။
ကွမ်းယင်-“ကော်ဖီဆိုင်တွေ့တာနဲ့ ဒရိုင်ဘာကို ရပ်ခိုင်းလိုက်တာ။ စောလည်းစောသေးတာပဲဆိုတော့ လမ်းလျှောက်သွားရင်မီပါတယ်ဆိုပြီး ဒရိုင်ဘာကို အရင်ပြန်ခိုင်းလိုက်မိတာ။ အဲ့ဒီလူက ကျွန်မနောက်ကို လိုက်နေမယ်လို့ မထင်ထားဘူးလေ။ ကျွန်မ ကော်ဖီဝယ်ပြီး ထွက်လာတာနဲ့ သူက အတင်းဆွဲတော့တာပဲ။”
“မင်းမိဘတွေကို ပြောပြသင့်တယ်။”
“ကျွန်မ မပြောချင်ဘူး…”
ကျန်းဆွေကျိုးက လှည့်ကြည့်လာတဲ့အခါ ကွမ်းယင်က ခေါင်းငုံ့ပြီး အသံတိုးတိုးလေးနဲ့ “ကျွန်မ မွေးစားမိဘတွေဘက်က နည်းနည်းလွန်နေပြီ။ ကျွန်မမိဘတွေကို ထပ်ပြီးဒုက္ခမပေးချင်တော့ဘူး။ နောက်ကျ ဂရုစိုက်ပြီး သူနဲ့ထပ်မတိုးအောင် နေလိုက်ရင် ရမှာပါ။ မစ္စတာကျန်း… အင်း… ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင် ကျွန်မမိဘတွေကို ဒီအကြောင်းမပြောလို့ ရမလား။”
ကျန်းဆွေကျိုးက နဂိုကတည်းက ဝင်ပါဖို့စိတ်ကူး မရှိတာကြောင့် သူ(မ) ပြောတာကြားတဲ့အခါ “အင်း”လို့ပဲ ပြန်ပြောလိုက်ပါတယ်။
ကွမ်းယင်မျက်လုံးတွေ တောက်ပသွားကာ “ကျေးဇူးတင်ပါတယ်။”
ခဏနေတော့ ကျိုးဟောက်ပြန်လာပါတယ်။ ကားနောက်ခန်းမှာ ကွမ်းယင်ကိုတွေ့တဲ့အခါ အံ့ဩသွားပြီး ကျန်းဆွေကျိုးကို ကြည့်လိုက်ပါတယ်။
“ကုမ္ပဏီကိုသွားမယ်။”
အထက်လူကြီးက ဘာမှမပြောတာကြောင့် သူလည်း မေးမနေတော့ဘဲ “ဟုတ်ကဲ့။”
၂မိနစ်လောက်နေတော့ ကုမ္ပဏီရောက်ပြီဖြစ်တာကြောင့် သူတို့ ကားပေါ်ကဆင်းပြီး ကုမ္ပဏီလော်ဘီထဲဝင်ကာ ဓာတ်လှေကားနဲ့ အပေါ်တက်လိုက်ပါတော့တယ်။
ဓာတ်လှေကားက အတော်လေးကျယ်ကာ အထဲမှာ သူ(မ)ရယ်၊ ကျန်းဆွေကျိုးရယ်၊ သူ့လက်ထောက် ကျိုးဟောက်ရယ်ပဲ ရှိပါတယ်။
ကွမ်းယင်က အနောက်မှာရပ်ကာ သူ(မ)ရှေ့ကလူကို အတွေးများစွာနဲ့ ကြည့်နေခဲ့မိတယ်။
သူ(မ)အတွေးတွေက… သူက တော်တော်လေးအရပ်ရှည်တာပဲ။ အနည်းဆုံး ၁၈၅စင်တီလောက်ရှိမယ်… ငုံ့ကြည့်လိုက်တဲ့အခါ သူ့လက်ထဲမှာ ကော်ဖီတစ်ခွက် တွေ့လိုက်ရပါတယ်။ အဲ့ဒါ ကျိုးဟောက်ကို သွားဝယ်ခိုင်းတဲ့ဟာထင်တယ်။ သူက မိုခါသောက်ရတာ ကြိုက်တာကိုး။ သူက သူ(မ) ထင်သလို သွေးအေးတဲ့လူလည်း ဖြစ်ပုံမပေါ်ဘူး။ ခုနကပဲ သူ(မ)ကို ကူပေးပြီး ဘယ်သူ့မှ မပြောဖို့လည်း ကတိပေးခဲ့တာမဟုတ်လား…
တင်။
ဓာတ်လှေကားက ခဏလေးနဲ့ အပေါ်ရောက်သွားခဲ့တယ်။
ကွမ်းယင် အသိစိတ်ပြန်ကပ်လာတဲ့အချိန်မှာ ကျန်းဆွေကျိုးနဲ့ ကျိုးဟောက်က ထွက်တောင်ထွက်သွားပါပြီ။
အစည်းအဝေးခန်းတံခါး ဖွင့်သွားတဲ့အခါ ကွမ်းရှီး လှမ်းကြည့်လိုက်တယ်။
အနောက်တိုင်းဝတ်စုံ သားရေဖိနပ်၊ ဝတ်စုံပြည့်နဲ့။
သူလာပြီ-
ကွမ်းရှီး မေးထောက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်တယ်။ ကြည့်ရတာ သူ(မ)အတွက် ကော်ဖီဝယ်ပေးရတာတောင် သူ့ရဲ့အချိန်ကိုက်မှ လာချင်တဲ့အကျင့်နဲ့ ကွက်တိဖြစ်သွားတယ် ထင်ပါရဲ့။
စိတ်ထဲမှာ ကျိတ်ရယ်နေတုန်းမှာပဲ ကျန်းဆွေကျိုးနောက်က ကွမ်းယင်ပါ ပါလာတာကို တွေ့လိုက်ရပါတယ်။
ဟမ်။
ဒီနှစ်ယောက်က အတူတူလာတာလား။
လန်နင်ယီးစကားတွေ ကြားရတာများနေလို့ ထင်ပါရဲ့၊ သူ(မ)ခေါင်းထဲမှာ စက်ရုပ်အသံလိုအသံတစ်သံ ကြားလာရပါတော့တယ်: ဝတ္ထုထဲက အဓိကဇာတ်ကောင်တွေရဲ့ အချစ်ဇာတ်လမ်းအစ။
ကွမ်းရှီး- “……”
ဟား၊ ဘယ်က အဓိကဇာတ်ကောင်တွေလဲ။ ဒီသခင်မကြီးကမှ အဓိကဇာတ်ကောင်ကွ။
ကွမ်းရှီး ခေါင်းကိုခါကာ အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကို ထုတ်ပစ်လိုက်ပါတယ်။ တစ်လက်စတည်း လန်နင်ယီးကို လမ်းကြုံဝင်ဆဲလိုက်ပါသေးတယ်။
“စမယ်။” ကျန်းဆွေကျိုးဟာ ကွမ်းရှီးဘယ်ဘက်က ထိုင်ခုံမှာဝင်ထိုင်ရင်း အမိန့်ပေးလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ စာရွက်လှန်သံတွေ ထွက်လာတဲ့အခါ ကွမ်းရှီးလည်း မတ်မတ်ထိုင်လိုက်ပြီး လက်ပ်တော့က space bar ကို နှိပ်လိုက်တဲ့အခါ လက်ပ်တော့ ပြန်ပွင့်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ(မ)ညာဘက်ကို ကွမ်းယင်ဝင်ထိုင်လာခဲ့တယ်။
“အဟမ်း။”
ကွမ်းရှီး ကျန်းဆွေကျိုးကို စိုက်ကြည့်လိုက်တဲ့အခါ ကျန်းဆွေကျိုးက သူ(မ)ကို ပြန်ကြည့်လာကာ ဘာဖြစ်တာလဲဆိုပြီး မေးလာခဲ့ပါတယ်။
ကွမ်းရှီးသူ့ဘက်ကို လှည့်ကာ စိတ်မကြည်တဲ့ပုံနဲ့ သူတို့နှစ်ယောက်ပဲ ကြားရအောင် တိုးတိုးလေးပြောလိုက်ပါတယ်။ “တိုက်ဆိုင်သားပဲနော်၊ နှစ်ယောက်အတူရောက်လာကြတာ။”
ကျန်းဆွေကျိုးက နှာတစ်ချက်မှုတ်လိုက်ကာ “ကိုယ်ကော်ဖီဝယ်တဲ့အချိန် သူ့ကိုတွေ့လို့ ကားပေါ်တက်ခိုင်းလိုက်တာ။”
ကွမ်းရှီးအံ့ဩသွားကာ ‘ဒီခွေးလိုလူကတော့။ နင့်ဘက်က စတာပေါ့၊ ဟုတ်လား။’
ကျန်းဆွေကျိုးက သူ(မ)ရဲ့ မီးတောက်နေတဲ့အကြည့်တွေကို လျစ်လျူရှုကာ ခပ်ပေါ့ပေါ့ပဲ ပြောလာခဲ့ပါတယ်။ “သူ့မွေးစားမိဘတွေဘက်က လူတစ်ယောက်နဲ့ စကားများနေပြီးတော့ အဲ့ဒီလူကို ရှောင်ချင်လို့ ကိုယ့်ကားပေါ် တက်ပုန်းတာ။ အိုး။ မင်း ကိုယ့်ကို အဲ့ဒီလိုကြည့်စရာမလိုဘူး။ ကိုယ်လည်း တခြားနည်းလမ်း မရှိလို့သာ။ မမြင်ချင်ယောင်ဆောင်ဖို့ လုပ်သားပဲ။ မရတော့လို့။”
ကွမ်းရှီးက မျက်မှောင်ကြုတ်ကာ “သူတို့က ဘာလို့ရန်ဖြစ်နေတာလဲ။”
“ကိုယ်လည်းမသိဘူး။ သူကတော့ သူ့မိဘတွေကို မပြောပါနဲ့တဲ့။ သူများတွေကို မသိစေချင်လို့နေမှာပေါ့။”
ကျန်းဆွေကျိုးက ပြောလိုက်တာများ ဟိုက လျှို့ဝှက်ထားပေးပါဆိုတဲ့စကားကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်သွားသလား အောက်မေ့ရတယ်။
ကွမ်းရှီး တုံ့သွားကာ “အဲ့ဒါကို နင်က ပြောနေသေးတယ်။”
“သူက သူ့မိဘတွေကို မပြောနဲ့လို့ပြောတာ။ မင်းကို ထည့်မှမပြောတာ။”
“…”
ဟုတ်တော့လည်း ဟုတ်သလိုပဲ။
“တော်တော့။ အစည်းအဝေးစတော့မယ်။”
ကွမ်းရှီးလည်း ဆက်မရစ်တော့ဘဲနေလိုက်တယ်။ ကွမ်းယင်မွေးစားမိဘတွေက လက်မခံနိုင်သေးတာတော့ အမှန်ပဲ။ အင်းလေ။ အချိန်အကြာကြီး ပြုစုစောင့်ရှောက်လာပြီးမှတော့ သူတို့လည်း ဘယ်ခွဲချင်ပါ့မလဲ။
“ကွမ်းရှီး။” ကွမ်းယင်က အသံတိုးတိုးလေးနဲ့ ခေါ်လာခဲ့တယ်။
“ဘာလို့လဲ။”
“ဒီအစည်းအဝေးက အသံသွင်းထားလို့ရလား။ ငါ လိုက်လို့မမီတဲ့ဟာတွေဆို အိမ်ပြန်ရောက်ရင် ပြန်ကြည့်ချင်လို့။”
“အသံသွင်းစရာမလိုဘူး။ အရေးကြီးတဲ့အချက်တွေ လိုက်မှတ်တဲ့သူရှိတယ်။ ပြီးရင် လူတိုင်းကို ကော်ပီတစ်စောင်စီ ပို့ပေးလိမ့်မယ်။”
“အဲ့ဒီလိုလား…အိုကေလေ။”
“ခဏနေနားထောင်ရင်း နားမလည်တာရှိရင် ယန်ချင်းကို မေးလို့ရတယ်။” ကွမ်းယင်ဘေးမှာ ထိုင်နေတဲ့သူကို လက်ညှိုးထိုးပြလိုက်တယ်။ ယန်ချင်းက လက်ထောက်ဆိုပေမဲ့ တကယ်တော့ သူ(မ)ထက်တောင် ပိုသိပါသေးတယ်။
“အေ”
ကွမ်းရှီးဆီက ရုတ်တရက်အသံထွက်လာတဲ့အခါ ကွမ်းယင်က သူ(မ)ဘက်လှည့်ကာ “ဘာဖြစ်လို့လဲ။”
“ဘာမှမဟုတ်ဘူး။ သူ့ကိုပြောတာ။”
ကွမ်းရှီးက စားပွဲကိုခေါက်ကာ ဘယ်ဘက်ကလူကို ပြောလိုက်ပါတယ်။ “ကော်ဖီ။”
ကျန်းဆွေကျိုးက သူ(မ)ကို တစ်ချက်ကြည့်ပြီး ကော်ဖီခွက်ကို သူ(မ)ဘက် တွန်းပေးလိုက်တယ်။
ကွမ်းရှီး လှမ်းယူလိုက်ပြီး ခွက်ကိုထိလိုက်တာနဲ့ ကျန်းဆွေကျိုးကို ချက်ချင်းပဲ မျက်စောင်းထိုးပစ်လိုက်ကာ “အအေးလို့ မှာလိုက်တာလေ။”
ကျန်းဆွေကျိုးက ခေါင်းငုံ့ကာ လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်နေရင်း “ဟုတ်လား။ ကျိုးဟောက် မှားဝယ်လာတာထင်တယ်။”
နောက်မှာရပ်နေတဲ့ကျိုးဟောက်- “……”
ကျိုးဟောက်လောက် အသေးစိတ်ကျတဲ့သူက မှားဝယ်လာတယ်ဆိုတာ ကွမ်းရှီး ဘယ်ယုံပါ့မလဲ။ “ကျန်းဆွေကျိုး—”
“အအေးလျှော့သောက်လေ။” ကျန်းဆွေကျိုးက သဘောမကျသလိုနဲ့ သူ(မ)ကို ကြည့်လာကာ “လတိုင်းဟိုရက်တွေရောက်မှ မင်းညည်းနေတာ ကိုယ်မကြားချင်ဘူး။”
*****
StoryGlory Swara Webnovel Translations