Chapter 15
ကိုယ့်အနားမှာပဲနေပေးပါ
Author-Liu Mang Xing
Translated by Lushell
အခန်း-၁၅
အဲ့ဒီရက်တွေဆိုတာ ဘယ်ရက်တွေလဲ။ သူ(မ) ရာသီလာနေတဲ့ရက်တွေကို ပြောတာလား။
ကွမ်းရှီး မျက်ဖြူလန်ပြလိုက်တယ်။ သူနဲ့အတူရှိနေတဲ့အချိန်နဲ့ အဲ့ဒီရာသီလာလို့ ဗိုက်အောင့်နေတဲ့အချိန်နဲ့ တစ်ခါလေးပဲ ဆုံသွားဖူးတာ မဟုတ်ဘူးလား။
သူ(မ)က လတိုင်းအဲ့ဒီလိုကြီး ညည်းမနေပါဘူး။ ညည်းနေရင်တောင် သူသိတာကျလို့။ အဲ့ဒီအချိန်တွေဆိုရင် သူ့အရိပ်တောင် မမြင်ရဘူး။
ကွမ်းရှီး စိတ်တိုပြီး စားပွဲကို ခေါက်ပစ်လိုက်တယ်။ စိတ်ကောက်ပြီး ကော်ဖီမသောက်ဖို့တွေးလိုက်မိပေမဲ့ မိုခါအနံ့က အရမ်းမွှေးတာကြောင့် ခုနက သူ(မ) သောက်ထားတဲ့ ကော်ဖီခါးခါးရဲ့ အရသာကြီးက ပိုပြီးတော့ ပြင်းလာသလိုတောင် ထင်လာရပါတယ်။
နောက်ဆုံးတော့လည်း ခေါင်းဆက်မမာနိုင်တော့ဘဲ ခွက်ကိုလှမ်းယူကာ မိုခါပူပူကြီးကိုပဲ မကျေမနပ်နဲ့ သောက်လိုက်ရပါတော့တယ်။
ကွမ်းရှီးတစ်ယောက် ဒွိဟဖြစ်နေပြီးကာမှ သက်ပြင်းချကာ နှစ်လုတ်လောက် သောက်လိုက်တာတွေ၊ ပြီးတာနဲ့ နှုတ်ခမ်းလေး တွန့်သွားတာတွေ အကုန်လုံးကို ဘေးကထိုင်နေတဲ့ ကျန်းဆွေကျိုးက အကုန်မြင်နေရပါတယ်။
အစည်းအဝေးစပြီဖြစ်တာကြောင့် ကွမ်းလုပ်ငန်းစုဘက်က တာဝန်ရှိသူဖြစ်တဲ့ ကွမ်းရှီးက အရင်ထပြီး ပရောဂျက်အကြောင်း အကြမ်းဖျင်း အရင်မိတ်ဆက်ပေးပြီးကာမှ သက်ဆိုင်ရာအပိုင်းအလိုက် တာဝန်ယူထားတဲ့သူတွေ ထွက်ပြီး အသေးစိတ်ရှင်းလင်းကြပါတယ်။
အစည်းအဝေးက တစ်နာရီခွဲလောက် ကြာပါတယ်။ ကျန်းဆွေကျိုးက ပရောဂျက် ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ကြည့်ဖို့သာ လာတာဖြစ်တာကြောင့် ကြားမှာ ဘာတစ်ခွန်းမှဝင်မပြောပါဘူး။
ကွမ်းရှီးကတော့ ဂရုတစိုက်နားထောင်သလို တချို့နေရာတွေမှာ သူ(မ)အမြင်ကို ဝင်ပြောတာမျိုးလည်းရှိပါတယ်။ ကွမ်းရှီး တစ်ခါမှ အလုပ်ကို ဒီလောက်အာရုံမစိုက်ဖူးတာကြောင့် ကြည့်နေတဲ့ ကျန်းဆွေကျိုးတောင် နည်းနည်းအံ့ဩသွားခဲ့ပါသေးတယ်။
ကွမ်းငါးလေးရဲ့ ပါးစပ်က ထုတ်မပြောပေမဲ့လို့ ကွမ်းယင်ရဲ့တည်ရှိမှုက သူ(မ)ကို ဖိအားဖြစ်စေတယ်ဆိုတာကို သူ နားလည်တာပေါ့။
ညနေ၅နာရီမှာ အစည်းအဝေးပြီးသွားပြီး အကုန်ပြန်ဖို့ပြင်ကြပါတော့တယ်။
ဒီတစ်ခေါက်အစည်းအဝေးမှာ ကွမ်းယင်တစ်ယောက် ဘာမှသိပ်နားမလည်လိုက်ပါဘူး။ ပစ္စည်းတွေကို ဖြည်းဖြည်းချင်းသိမ်းနေရင်း ဘေးကိုကြည့်လိုက်မိတဲ့အခါ မိုခါခွက်အလွတ်ကို မြင်သွားခဲ့တယ်။
ကွမ်းရှီး လှည့်ကြည့်လိုက်တဲ့အချိန် ကွမ်းယင်က ခွက်ကိုစိုက်ကြည့်နေတာ တွေ့သွားပြီး “ဘာဖြစ်လို့လဲ။”
ကွမ်းယင်က ရုတ်တရက်လန့်သွားပြီး အကြည့်လွှဲလိုက်ကာ “ဘာမှမဟုတ်ပါဘူး။ နင် အိမ်ပြန်မှာလား။”
ကွမ်းရှီး- “ချိန်းထားတာရှိသေးလို့ ဒီည အိမ်မှာ ညစာမစားဖြစ်လောက်တော့ဘူး။ နင့်ကို လာကြိုမဲ့သူရှိလား။”
ကွမ်းယင်က ခေါင်းညိတ်ပြလိုက်ပြီး “ အင်း။ ဒရိုင်ဘာက ခဏနေရင် ရောက်မယ်ပြောတယ်။”
“အိုကေ။”
ကွမ်းရှီး ဘာမှသိပ်မပြောတော့ဘဲ ဖိုင်တွေနဲ့ လက်ပ်တော့ကို လက်ထောက်ယန်ချင်းကိုပေးခဲ့ပြီး အိတ်သေးသေးလေးတစ်လုံးလွယ်ကာ အခန်းထဲက ထွက်လာလိုက်ပါတော့တယ်။
အောက်ဆင်းတဲ့အခါ အကုန်လုံး ဓာတ်လှေကားတစ်စီးတည်းနဲ့ ဆင်းဖြစ်တာကြောင့် သူ(မ) ချိန်းထားတာရှိလို့ အိမ်မပြန်ဖြစ်တော့တဲ့အကြောင်း ကွမ်းရှီးပြောနေတာတွေကို ကျန်းဆွေကျိုးလည်း ကြားလိုက်ရတယ်။
ဒါပေမဲ့ သူတို့က တစ်ယောက်ကိစ္စတစ်ယောက် ဝင်စွက်ဖက်လေ့မရှိတာကြောင့် ကျန်းဆွေကျိုး ကွမ်းရှီးကို ဘာမှမမေးလိုက်တော့ပါဘူး။
လော်ဘီကနေအထွက် ရှေ့မှာကားရပ်ပြီး ကွမ်းရှီးကိုလက်ပြနေတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာတော့ ကျန်းဆွေကျိုးတစ်ယောက် မျက်မှောင်ကြုတ်မိသွားခဲ့ပါတယ်။
ကွမ်းရှီးကို လာကြိုနေတဲ့သူက သူ(မ)ဝမ်းကွဲ ဝေ့ရှိုးယန်မဟုတ်လား။
သူက ဝေ့ရှိုးယန်ကို မကြိုက်သလို ဟိုကလည်း သူ့ကို အမြင်မကြည်မှန်း ကျန်းဆွေကျိုးသိတာပေါ့။
“သွားနှင့်ပြီ။” ကွမ်းရှီးက သူ့ကိုနှုတ်ဆက်ပြီးတာနဲ့ ဝေ့ရှိုးယန်ကားထဲက ဒရိုင်ဘာဘေးခုံမှာ ဝင်ထိုင်ပြီး ဝေ့ရှိုးယန်ကလည်း ဒရိုင်ဘာခုံဆီ လျှောက်သွားတာကို ကျန်းဆွေကျိုး ခပ်ဝေးဝေးကနေ ကြည့်နေလိုက်တယ်။
သူတို့နှစ်ယောက်က တော်တော်လေးရင်းနှီးတယ်ဆိုတာ သူ မသိတာတော့လည်း မဟုတ်ပါဘူး။
*****
အပြာရောင်ပြိုင်ကားလေးဟာ လမ်းပေါ်တက်ပြီး သိပ်တောင်မမောင်းရသေးဘဲ ကားပိတ်တာနဲ့ တိုးပါတော့တယ်။ ရုံးဆင်းချိန်ဖြစ်တာကြောင့် ကားတွေအရမ်းများတဲ့ ဒီလိုမြို့ကြီးမှာ ကားမပိတ်ဖို့ဆိုတာ စိတ်ကူးတောင် ယဉ်ခွင့်မရှိတဲ့အရာတစ်ခုပါပဲ။
“ငါ စပ်တာစားချင်တယ်။” ကွမ်းရှီးက ခေါင်းကိုစောင်းပြီး ရှေ့ကရှည်လျားလှတဲ့ ကားတန်းကြီးကိုကြည့်ရင်း ပြောလိုက်တယ်။
သူတို့ကားနဲ့ ရှေ့ကကားကြားမှာ ဘယ်လောက်မှမခြားပေမဲ့ သူတို့ကားရဲ့နောက်မှာတော့ ဆယ်ဘီးကားတစ်စီးစာလောက် နေရာလွတ်နေလေရဲ့။ ဒါပေမဲ့ ဘယ်ကားမှ အဲ့ဒီနေရာကို မဝင်ရဲပါဘူး။
နောက်ကကားသမားတွေအတွက်က ဒီအပြာရောင်ကားနဲ့ နည်းနည်းလေး ပွတ်မိသွားရင်တောင် သူတို့ဘယ်နှလစာလောက်လျော်မှ ကျေမယ်မှန်းမှမသိနိုင်တာကိုး။
ဝေ့ရှိုးယန်က နောက်ကြည့်မှန်ကနေ ကြည့်လိုက်ကာ “ဘယ်လိုဟာမျိုးလဲ။”
ဝမှာစိုးတာနဲ့ စားချင်တာစားဖို့ကြားမှာ အချိန်အတော်ကြာ လွန်ဆွဲနေပြီးတဲ့နောက်မှ ကွမ်းရှီး အဖြေထွက်လာပါတော့တယ်။ “ဟော့ပေါ့စားကြတာပေါ့။ ငါလည်း မစားရတာ တော်တော်ကြာပြီ။”
အမြဲသူ(မ)စကားနားထောင်တဲ့ ဝေ့ရှိုးယန်ကတော့ ဒီတစ်ခါလည်း သူ(မ)သဘောပဲပေါ့။ “အိုကေလေ။”
တကယ်တော့ ဒီနေ့ ဝေ့ရှိုးယန်က ဒီနားလေးမှာ ဧည့်သည်တွေ့စရာရှိလို့ ရောက်နေတာ။ ကွမ်းရှီး momentကနေ သူ(မ)လည်း ဒီနားရောက်နေမှန်း သိလိုက်ရတာကြောင့် ညစာစားဖို့ ချိန်းဖြစ်သွားတာပါ။
နာရီဝက်အကြာမှာတော့ သူတို့ အနီးနားမှာရှိတဲ့ ဈေးဝယ်စင်တာထဲက ဟော့ပေါ့ဆိုင်တစ်ဆိုင်မှာပဲ ထိုင်လိုက်ကြပါတော့တယ်။ လမ်းပေါ်မှာ လိပ်လောက်လေးရွေ့နေရင်းနဲ့ အချိန်မကုန်ချင်တော့ဘူးလေ။
ဒီဆိုင်က လာချတာ တော်တော်လေးမြန်ပါတယ်။ သူတို့မှာထားတာတွေ ရောက်တာနဲ့ ဝေ့ရှိုးယန်က သူ(မ)စားဖို့ ပြင်ပေးပါတော့တယ်။
ဝေ့ရှိုးယန်- “အခုတလော ကွမ်းယင်နဲ့ အဆင်ပြေရဲ့လား။”
ကွမ်းရှီး- “အင်း… ဒီလိုပါပဲ။”
“သူက နင်နဲ့ အဆက်အဆံလုပ်ရတာ ခက်တယ်လို့ မထင်ဘူးလား။”
အသားစားဖို့လုပ်နေတဲ့ကွမ်းရှီးက မျက်စောင်းထိုးလိုက်ကာ “ဘာပြောတယ်။ သူနဲ့ ဆက်ဆံရတာ မခက်ဘူးလားလို့ ငါ့ကိုမေးသင့်တာ မဟုတ်ဘူးလား။”
“သူ ဘယ်လိုနေလဲ ငါမသိပေမဲ့ နင့်ရဲ့အကျင့်နဲ့ဆိုရင် မရင်းနှီးတဲ့သူတွေဆို နင်နဲ့ စကားပြောရဆိုရတာ အရမ်းခက်ခဲမှန်း ငါသိတယ်လေ။”
“…”
ဝေ့ရှိုးယန်က သူ(မ)မျက်နှာကြီး စူပုပ်နေတာကို မမြင်ချင်ယောင်ဆောင်ကာ သူ(မ)ပန်းကန်ထဲကို အသားထည့်ပေးပြီး “နင့်ရဲ့ဒီပုံစံကလည်း ငါ… ငါတို့ နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ပြီးမှသာ သည်းခံလာနိုင်တာကို။”
“သွားစမ်း နင်။”
ဝေ့ရှိုးယန်က ပြုံးလိုက်ကာ “ဪ၊ ဒါနဲ့ ကွမ်းယင်က အဘိုးတို့အိမ်ကို ခဏခဏသွားတယ်။ အဲ့ဒါနင်သိလား။”
သူ့ရဲ့အဘိုးအဘွားဆိုတာ ဝေ့ရှောက်မင်ရဲ့ မိဘတွေကို ပြောတာပါ။
“အိုး၊ အဲ့ဒီတော့။”
ဝေ့ရှိုးယန်- “နင်ပြော၊ မထူးဆန်းဘူးလား။ အဘိုးတို့နဲ့ နင်နဲ့ဆိုရင် အဲ့ဒီလောက်ကြီးမရင်းနှီးဘူးလေ။ တစ်နှစ်လုံးနေလို့မှ ဘယ်နှခေါက်မှ မတွေ့ဖြစ်ဘူး။ သူ့ကျမှ အဘိုးတို့က ဘာလို့အရမ်းအဖြစ်သည်းနေကြတာလဲ။”
အဖြစ်မှန်ကိုမသိတဲ့ ဝေ့ရှိုးယန်ကတော့ ဒီကိစ္စက ထူးဆန်းတယ်လို့ပဲ ထင်မိမှာပေါ့။
ဒါပေမဲ့လည်း ကွမ်းရှီးအတွက်ကတော့ နားမလည်နိုင်စရာအကြောင်းကို မရှိတာ။ အရင်ကတော့ သူ(မ)လည်း အမေဘက်ကအဘိုးအဘွားတွေက ဘာလို့ သူ(မ)ကိုဆို သိပ်မကြိုက်ကြလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့သိသွားပြီလေ။ သူ(မ)ကိုဆို သိပ်အရေးတယူမရှိကြတာဟာ သူ(မ)က မြေးအရင်းမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်ဆိုတာ။
ဒါကလည်း ဖြစ်သင့်တာပဲလေ၊ ဟုတ်တယ်မလား။
“သူက လိမ္မာလို့ လူကြီးတွေက သဘောကျကြတာနေမှာပေါ့။”
ဝေ့ရှိုးယန်က မယုံတဲ့ပုံနဲ့ “ဟုတ်လို့လား။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်ပြီလား။ အဲ့ဒီအကြောင်းဆက်မပြောနဲ့တော့။ ပုစွန်အခွံခွာဖို့လူသာ မြန်မြန်ခေါ်ပေး။”
“အိုး။”
….
နဂိုကတည်းက သိပ်မစားနိုင်တဲ့ကွမ်းရှီးက နည်းနည်းစားလိုက်တာနဲ့ ဗိုက်ပြည့်သွားတာကြောင့် ဆက်မစားတော့ဘဲ စကားပြောရင်း ဝေ့ရှိုးယန် စားပြီးအောင် စောင့်ပေးလိုက်ပါတော့တယ်။
“လူကြီးမင်းတို့၊ ဒါ ကျွန်မတို့ဆိုင်ရဲ့ ချိုမြိန်သောချစ်ခြင်းဆိုတဲ့ အချိုပွဲပါ။ သုံးဆောင်ကြပါရှင့်။” ရုတ်တရက် စားပွဲထိုးတစ်ယောက်က မုန့်တစ်ပန်းကန်လာချပေးခဲ့တယ်။
ဝေ့ရှိုးယန်က စားတာရပ်လိုက်ကာ ပန်းကန်ထဲက ကိတ်မုန့်သေးသေးလေးရယ် ဆော့စ်နဲ့ရေးထားတဲ့ LOVE ဆိုတဲ့စာလုံးရယ်ကို ကြည့်ပြီးတဲ့နောက် စားပွဲထိုးဘက်လှည့်ပြီး ပြုံးပြလိုက်ကာ “ကျွန်တော်တို့ ဒါမမှာထားဘူးဗျ။”
နဂိုကတည်းက ကြည့်ကောင်းတဲ့ ဝေ့ရှိုးယန်က ပြုံးပြလိုက်တဲ့အခါ စားပွဲထိုးလေးက မျက်နှာလေးနီသွားကာ “အာ၊ ဒါက ဆိုင်က ဝန်ဆောင်မှုပေးတာပါရှင့်။ ဒီနေ့က ဝှိုက်ဗယ်လင်တိုင်းဒေးမလို့ စုံတွဲတွေဆိုရင် ဖရီးပေးတာပါရှင့်။”
(ဝှိုက်ဗယ်လင်တိုင်း- တရုတ်ချစ်သူများနေ့)
“စုံတွဲ။” စားပွဲတစ်ဖက်မှာထိုင်နေတဲ့ ကွမ်းရှီးဆီက ရယ်သံလေးထွက်လာကာ “မင်းတို့ဆိုင်က စုံတွဲဟုတ်မဟုတ်ဆိုတာ ဘယ်လိုကြည့်ပြီး ဆုံးဖြတ်တာလဲ။ ယောက်ျားလေးနဲ့ မိန်းကလေး အတူလာစားတိုင်း စုံတွဲလို့ သတ်မှတ်လိုက်တာလား။”
စားပွဲထိုးလေးက အားနာသွားပုံပေါ်ကာ “အာ…၊ ရှင်တို့က… အတွဲမဟုတ်ဘူးလား။ တောင်းပန်ပါတယ်ရှင့်။ စိတ်မရှိပါနဲ့နော်။ အဲ့ဒါဆို ဒီဟာက…”
“ထားခဲ့လိုက်ပါ။ ကျွန်တော်တို့ကို စုံတွဲလို့ သတ်မှတ်လိုက်ရင် ရပြီမလား။” ဝေ့ရှိုးယန်က ထပ်ပြုံးပြလိုက်ပြီး “ကျေးဇူးပဲနော်။”
ဒီတစ်ခါလည်း စားပွဲထိုးမလေးက ဝေ့ရှိုးယန်အပြုံးကို မလွန်ဆန်နိုင်ဘဲ နားရွက်နီနီလေးတွေနဲ့ ထွက်သွားပါတော့တယ်။
“နည်းနည်းပါးပါးလေးလည်း ထိန်းပါဦး။ နင့်ရုပ်ကြီးက ဂုဏ်ဆာနေလိုက်တာများ၊ ‘ငါကွ စောက်ချောကြီး’လို့ နဖူးပေါ် တက်ရေးမထားရုံတစ်မည်ပဲ။”
ဝေ့ရှိုးယန်က သူ(မ)ကို လျစ်လျူရှုထားလိုက်ကာ ဟင်းပွဲကိုကြည့်ပြီး “ကောင်းမဲ့ပုံပါပဲ။”
ကွမ်းရှီး- “ငါနဲ့နင်နဲ့အတွဲလို့ သတ်မှတ်ပြီးမှ ပေးတဲ့ဟာလေ။ ဘယ်သူက နင်နဲ့စုံတွဲဖြစ်ချင်နေလို့လဲ။ ဟော့ပေါ့ဆိုင်လာပြီး အသားယူခံနေရတယ်။”
ဝေ့ရှိုးယန်- “အချိုပွဲတစ်ပွဲ အလကားရတာပဲမလား။”
ကွမ်းရှီး- “ကြည့်ရုံနဲ့တင် ချိုအီနေမဲ့ပုံကြီး။ ငါတော့မစားဘူး။”
ဝေ့ရှိုးယန်က ခက်ရင်းလေးနဲ့ ကိတ်မုန့်ကို ယူလိုက်ကာ “ငါစားမယ်။”
*****
ဒုတိယအပတ်ရဲ့စနေနေ့ဟာ ကျုံးလင်ဖန်း ဘားဖွင့်ပွဲမတိုင်ခင် ခုနစ်ရက်အလိုဖြစ်ပြီး အဲ့ဒီနေ့မှာ သူငယ်ချင်းတွေဖိတ်ပြီး ပါတီပွဲအရင်လုပ်ပါတယ်။
ကျင်းခိုင်ချန်က သူ့မိန်းမကို အရမ်းအလိုလိုက်တဲ့သူပါ။ ဘားဖွင့်ပေးတယ်ဆိုတာလည်း သူ့မိန်းမ ပျင်းနေမှာစိုးတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ သူ့မိန်းမက ပါတီလုပ်ချင်တယ်ဆိုတော့လည်း ဘားကို ပါတီအတွက် ပြင်ပေးဆင်ပေးပြီး မြို့တော်မှာ နာမည်ကြီးတဲ့သူတွေကိုတောင် ဖိတ်ပေးပါသေးတယ်။
ဘားက လူစည်တဲ့နေရာမှာ ဖြစ်ပြီး ပထမထပ်လော်ဘီကနေ လှေကားအရှည်ကြီးနဲ့ ဆင်းလိုက်ရင် အောက်မှာ နောက်ထပ်နှစ်ထပ် ရှိပါသေးတယ်။ အမြင်ဆန်းတဲ့ ကျောက်သားနံရံတွေက ဘားကိုလာတဲ့သူတွေကို စွန်းဝူခုံးကားထဲက ပင့်ကူမကောင်းဆိုးဝါးတွေရဲ့ဂူထဲကို ရောက်သွားသလို ခံစားချက်မျိုး ရစေနိုင်ပါတယ်။
ဒါပေမဲ့အခုက ပါတီပွဲအတွက် မီးတွေဘာတွေပါ ပြင်ထားတာကြောင့် ဘားနဲ့မတူတော့သလို ဂူထဲရောက်လာသလိုလည်း မထင်ရစေပါဘူး။
၉နာရီလောက်မှာတော့ ပါတီက လူများလာပြီဖြစ်ပြီး လာတဲ့သူတွေက နှစ်ယောက်သုံးယောက် တစ်အုပ်စု စကားပြောလိုက် စားလိုက်သောက်လိုက်ပေါ့။
အဲ့ဒီအချိန် ကွမ်းရှီး၊ ကျုံးလင်ဖန်းနဲ့ တခြားသူငယ်ချင်းတချို့ကလည်း စားပွဲဝိုင်းတစ်ဝိုင်းမှာ ဝိုင်းထိုင်ရင်း ရယ်ရယ်မောမောနဲ့ စကားပြောနေကြပါတယ်။
“နင့်အဲ့ဒီအစ်မက… ဘယ်တုန်းက ဝေ့ဇီဟန်နဲ့ အဲ့ဒီလောက်ရင်းနှီးသွားတာလဲ။” ကျုံးလင်ဖန်းက ဘားကောင်တာဘက်ကိုကြည့်ရင်း ပြောလာခဲ့တယ်။
ကွမ်းရှီးလည်း လှမ်းကြည့်လိုက်ကာ “ကွမ်းယင်က အခုတလော အဘိုးအဘွားအိမ်ကို ခဏခဏသွားတော့ အဲ့ဒီမှာ ဝေ့မျိုးနွယ်(ဝေ့ဇီဟန်)နဲ့ တွဲမိသွားတာနေမှာပေါ့။”
အခုရက်ပိုင်း ကွမ်းယင်အကြောင်းက လူတကာပါးစပ်မှာ ပြောစရာဖြစ်နေတော့ ကျုံးလင်ဖန်းလည်း ကြားမိတာပေါ့။ ဒါပေမဲ့ အခုမှလက်ထပ်ပြီးခါစသူကို စိတ်ညစ်စရာကိစ္စတွေ မပြောချင်တာကြောင့် ကွမ်းရှီးက သူ(မ)ကို အသေးစိတ်ပြောပြမထားသေးပါဘူး။ အဲ့ဒါကြောင့်လည်း ကျုံးလင်ဖန်းက ကွမ်းရှီး မွေးစားသမီးဖြစ်တဲ့အကြောင်းကို မသိသေးတာပေါ့။
ကျုံးလင်ဖန်း- “ရှီးရှီး၊ နင့်အစ်မက နင်နဲ့ ဝေ့ဇီဟန်က ကမ္ဘာ့ရန်ဘက်တွေဆိုတာ မသိတာလား။”
ကွမ်းရှီးက ဂရုမစိုက်တဲ့ပုံနဲ့ “သူဘယ်သူနဲ့ပေါင်းတယ်၊ ဘယ်သူနဲ့မပေါင်းဘူးဆိုတာ သူ့ရွေးချယ်ခွင့်ရှိတဲ့အရာပဲကို။ ငါ ဘာမှဝင်ပြောမနေချင်ဘူး။”
“အဲ့ဒီလိုဆိုတိုင်းလည်း ဝေ့ဇီဟန်ဘက် ပါသွားတာ မဖြစ်သင့်ဘူးလေ။ တကယ်ပါပဲ။ ငါသူ့ကို ဖိတ်မထားပါဘူး။ အဲ့ဒီကျင်းခိုင်ချန်ဆိုတဲ့ ကောင်စုတ်လေး ဝေ့အိမ်ကို ဖိတ်စာပို့လိုက်တာနေမှာပဲ။ ဦးနှောက် ခွေးစားသွားလို့ အဲ့ဒီဟာမကိုပါ ဖိတ်လာတာလား မသိပါဘူး။”
ကွမ်းရှီး လက်ခါပြလိုက်ကာ “ဘာဖြစ်ဖြစ်ပါ။ ဒီနေ့တော့ ငါ့စိတ်ကို ဆွဲဆန့်ပြီး တတ်နိုင်သလောက် သူနဲ့ရန်မဖြစ်မိအောင် နေပေးမယ်။”
မြို့တော်ရဲ့ ဒီအသိုင်းအဝိုင်းမှာ ကွမ်းရှီးက တော်တော်လေးနာမည်ကြီးတဲ့သူဖြစ်ကာ ဒီနေ့ပွဲကို လာတဲ့သူတွေထဲမှာလည်း သူ(မ)နဲ့ရင်းနှီးတဲ့သူတွေ အများကြီးပါပြီး တစ်ယောက်ပြီးတစ်ယောက် စကားလာပြောနေတာကြောင့် သူ(မ)မှာ နားရတယ်လို့ကို မရှိပါဘူး။ အကုန်လုံးနဲ့ နှုတ်ဆက်ပြီးတဲ့အခါမှာတော့ ဘားရှိရာဘက်ကို လျှိုထွက်လာပြီး ဘားကလူကို မာဂရီတာတစ်ခွက် ဖျော်ခိုင်းလိုက်ပါတာ်။
“Miss ကွမ်း။”
လှည့်ကြည့်လိုက်ပြီး သူ(မ)နဲ့ နှစ်ခုံကျော်မှာထိုင်နေတဲ့သူကို တွေ့တဲ့အခါ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါတယ်။ “Mr.ရှဲ့ပဲ၊ မတွေ့ရတာတောင်ကြာပြီနော်။”
ဒါက စုန့်လီမွေးနေ့မှာတွေ့ခဲ့တဲ့ ရှဲ့ယန်မလား။ သူ့ဖုန်းကိုဖမ်းဖို့ သူ(မ) ရေထဲတောင် ခုန်ချခဲ့သေးတယ်လေ။
စဉ်းစားကြည့်တော့မှပဲ၊ အဲ့ဒီနောက် သူတို့ ထပ်မတွေ့ဖြစ်တော့ဘူးပဲ။ နောက်ပိုင်းသူနဲ့ wechatမှာ addလိုက်ပေမဲ့ အဲ့ဒီaddတဲ့အချိန် နှုတ်ဆက်၊ နာမည်မှတ်ပြီး ဘာမှဆက်မပြောဖြစ်တော့ဘူးလေ။
ဒါပေမဲ့ သူ(မ)ဘက်ကတော့ သူ့ကို စကားသွားပြောဖို့ စဉ်းစားထားပြီးသား။ သူနဲ့ ပူးပေါင်းရမဲ့ကိစ္စလေးတွေ ရှိနေတယ်မလား။
“ဟုတ်ပါရဲ့ဗျာ။ မစ္စကွမ်းရော အခုတလော အကုန်အဆင်ပြေတယ်မလား။”
“မဆိုးပါဘူး။ ရှင်ရော အလုပ်တွေများနေမှာပေါ့။”
“ဒီလိုပါပဲ။”
“အတော်ပဲ။ ကျွန်မမှာ ကိစ္စတစ်ခုရှိတယ်။ ရှင် စိတ်ဝင်စားမလားတော့ မသိဘူး။”
ရှဲ့ယန် အစက သူ(မ) ဒီဘက်ကိုလာတာတွေ့လို့ ဒီအတိုင်းနှုတ်ဆက်လိုက်တာဖြစ်ပေမဲ့ သူ(မ)မှာ တကယ်ကြီးပြောစရာရှိနေမယ်လို့ ထင်မထားမိတာကြောင့် အံ့ဩသွားရကာ “ပြောပါ။ ဘာကိစ္စလဲဗျ။”
ကွမ်းရှီးက ခဏလောက်စဉ်းစားပြီးကာမှ “ဟိုအရင်ကတည်းက ရှင်က အိမ်အတွင်းပိုင်း အပြင်အဆင်(interior design)ဘက်မှာ နာမည်ကြီးတယ်လို့ ကြားဖူးပြီးသားပါ။ လွန်ခဲ့တဲ့၂ရက်ကပဲ ကျွန်မ ရှင့်ဒီဇိုင်းတွေ ကြည့်ဖြစ်တာ။ ရှင့်ဒီဇိုင်းရဲ့ ပုံစံအသွားအလာတွေကို ကျွန်မ တော်တော်လေးသဘောကျပါတယ်။”
ရှဲ့ယန်က ချီးကျူးခံရလို့ ဘဝင့်မြင့်တဲ့ပုံမပေါက်သလို မာနကြီးတဲ့ပုံလည်း မပေါ်ဘဲ သူ့မျက်နှာက ပုံမှန်အတိုင်း ညင်ညင်သာသာလေးပါပဲ။ “ဟုတ်လား။ မင်းကြိုက်တယ်ဆိုရင်တော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။”
“အဲ့ဒီလိုဘယ်ဟုတ်ပါ့မလဲရှင်။ တကယ်တော့ လောလောဆယ် ကျွန်မတို့ကုမ္ပဏီက အားလပ်ရက်ဗီလာပရောဂျက် လုပ်နေတာ။ အဲ့ဒီဗီလာတွေရဲ့ အတွင်းပိုင်းအပြင်အဆင်အတွက်… ရှင့်ကို အပ်ကြည့်ချင်လို့ပါ။”
ကွမ်းရှီးက ဘာမှဝေ့ဝိုက်မနေဘဲ တည့်ပဲပြောလိုက်ပါတယ်။
ရှဲ့ယန်က တန်းလက်မခံဘဲ “ကျွန်တော် အခုတလော အဲ့ဒီဘက်ကို မလှည့်ဖြစ်သေးဘူးဗျ။”
ကွမ်းရှီး နားလည်ပါတယ်။ ရှဲ့ယန်က ဒီဇိုင်းနာဆိုပေမဲ့လည်း ရှဲ့လုပ်ငန်းစုလက်အောက်မှာ အလုပ်ဝင်နေတဲ့သူဆိုတော့ ဒီဇိုင်းဆွဲတယ်ဆိုတာ သူ့ရဲ့အဆင့်မြင့်ဝါသနာတစ်ခုလို့ပဲ သတ်မှတ်ရမှာပဲ။ စိတ်ပါရင် လက်ခံမယ်၊ စိတ်မပါရင် လက်မခံဘူး။ ဘာပဲဖြစ်ဖြစ် ဒီကပိုက်ဆံရမှ ထမင်းစားရမှာမှ မဟုတ်တာကိုး။
ကွမ်းရှီး- “ရပါတယ်။ မရမကကြီး တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို စမ်းကြည့်စေချင်တာပါ။ ကျွန်မတို့ပရောဂျက်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ပို့ပေးလိုက်မယ်လေ။ ရှင် စိတ်ဝင်စားမလား ကြည့်ကြည့်ပေးပါလား။”
“ကောင်းပါပြီဗျာ။”
“တကယ်ကြီးလား။”
ရှဲ့ယန်ကလည်း စိတ်ပျော်နေပုံနဲ့ ခေါင်းညိတ်ပြကာ “ကျွန်တော့်ကို wechatကနေ ပို့ပေးလိုက်လေ။”
“အိုကေ။ မနက်ဖြန်ချက်ချင်း ပို့လိုက်မယ်။”
….
“ကွမ်းရှီး၊ နင်လာဦး။ ဒီမှာ ဝေ့ရှိုးယန် အကောင်စုတ်က သူရှုံးတာကို လက်မခံဘူး-“
သူတို့နှစ်ယောက် စကားပြောပြီး သိပ်မကြာခင်မှာပဲ လန်နင်ယီးရဲ့အော်သံကြီး ထွက်လာပါတော့တယ်။
ကွမ်းရှီး လက်လှမ်းပြလိုက်ကာ ရှဲ့ယန်ဘက်ပြန်လှည့်ပြီး “အဲ့ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်။ ပရောဂျက်အကြောင်း နောက်မှ ပြောကြတာပေါ့။”
“ဟုတ်ကဲ့ပါ။”
ရှဲ့ယန်လည်း ဒီပါတီကိုတက်မယ်လို့ မထင်ထားတဲ့ ကွမ်းရှီးဟာ အခုတစ်ခါတည်း သူနဲ့တွေ့ပြီး ဒီဇိုင်းကိစ္စလည်း အဆင်ပြေသွားတာကြောင့် အပျော်ကြီး ပျော်နေပါတော့တယ်။
မာဂရီတာခွက်ကိုယူပြီး ခုနထိုင်တဲ့နေရာဆီ ပြန်သွားလိုက်ပါတယ်။
“ရှဲ့ယန်နဲ့ စကားတွေပြောနေတာ ပျော်မှပျော်ခဲ့ရဲ့လား။”
စားပွဲတစ်ဝိုင်းနားမှာတော့ ရန်သူနဲ့ တည့်တည့်တိုးပါတော့တယ်။
ဝေ့ဇီဟန်နဲ့ ရန်မဖြစ်ပါဘူးလို့ ကျုံးလင်ဖန်းကို အာမခံထားတဲ့အတွက် ကြည့်ရုံပဲကြည့်ပြီး ပါးစပ်ပိတ်နေလိုက်တယ်။
“အင်းပေါ့။ နင် သူနဲ့ တွေ့ရတာ ဝမ်းသာမှာပေါ့။”
ဝေ့ဇီဟန်က သူ(မ)ကိုလှမ်းတားပြီး ဘေးစောင်းကြည့်ရင်း တိုးတိုးလေးပြောလာခဲ့တယ်။ “နင်တို့က ဘဝတူတွေပဲမလား။ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြမှာပေါ့လေ။”
ကွမ်းရှီး တစ်ကိုယ်လုံးတောင့်တင်းသွားကာ သူ့ကိုလှည့်ကြည့်လိုက်ပြီး “ဘာအဓိပ္ပာယ်လဲ၊ နင်။”
ဝေ့ဇီဟန်က ပြုံးလိုက်ပြီး လူတစ်ယောက်ကို သေစေနိုင်လောက်တဲ့အထိ အဆိပ်ပြင်းတဲ့အကြည့်မျိုးနဲ့ ကြည့်ကာ “နင်မှန်းကြည့်လေ၊ ငါ ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲဆိုတာ။”
*****
StoryGlory Swara Webnovel Translations